အခန်း (၁၃၃-၁၃၅)
Vol. 9 Ch. 133-135
အခန်း (၁၃၃) ချန်ပီယံဆုကို အနိုင်ရခြင်း
နှစ်ဦးကြားတိုက်ပွဲသည် စာပေကျောင်းသားများ မတွေးထားနိုင်လောက်သည်အထိ အလွန်ပြင်းထန်လာသည်။ ဤသို့ပေသာ မြင်ကွင်းမျိုးကို အင်တာနက်ပေါ်တွင် မမြင်ဖူးသကဲ့သို့မဟုတ်သော်လည်း ပုံရိပ်ယောင်lတိုက်ပွဲ သည်ပင် သူတို့မျက်စိရှေ့တွင် မြင်နေရသည့် တိုက်ပွဲနှင့် နှိုင်းယှဥ်၍ရနိုင်မည်မဟုတ်ပေ။ ဤပြင်းထန်ကာ စိတ်လှုပ်ရှားဖွယ်ကောင်းသော အငွေ့အသက်မျိုးသည် ပုံရိပ်ယောင် ဗီဒီယိုတွင် မရှိနိုင်သောအရာဖြစ်သည်။
ထို့အပြင် နှစ်ဘက်အကြားတိုက်ခိုက်မှုနှင့် ခုခံမှုသည် အလွန်လျင်မြန်လျက်ရှိကာ ချူးယွင်ဖန်းဘက်မှ ပထမတစ်စက္ကန့်တွင် တိုက်ခိုက်နေလျှင် နောက်ထပ် တစ်စက္ကန့်တွင် ခုခံနေပြန်၏။ ထို့အပြင် ဓားချက်များသည် သတိပေးချက်မရှိဘဲပေါ်လာတတ်ကာ သူတို့အား ရုတ်တရက် လွှမ်းမိုးသွားစေသည်။ တစ်ဦးနှင့် တစ်ဦး စူးစမ်းနေကြသည့်အဆင့်တွင်သာရှိသည့် တန်စီယုနှင့် အို့ယန်အကြားတိုက်ပွဲနှင့်မတူဘဲ၊ ချူးယွင်ဖန်းနှင့် အို့ယန်အကြားတိုက်ပွဲသည် အလွန်ပြင်းထန်၏။ နှစ်ဖက်လုံးသည် အလွန်လျင်မြန်ကြကာ သူတို့၏ အင်အားသည်ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏။ တိုက်ပွဲ၏ အဟုန်သည်လည်း အလွန်ပင် ကြောက်ခမန်းလိလိဖြစ်လျက်ရှိကာ တိုက်ပွဲ၏ အသံများကို နားထောင်ရုံဖြင့် သာမန်မဟုတ်သည်ကို ပြော၍ရနိုင်သည်။
ဤအခိုက်အတန့်တွင် ဆရာအများစုသည် စတင်၍ အသက်ပင်မရှုတော့ဘဲ အာရုံစူးစိုက်လာကြသည်။ ကျောင်းသားနှစ်ဦးကြားမှ တိုက်ပွဲတစ်ခုသာဖြစ်လိမ့်မည်ဟု ထင်ကြကာ မည်မျှပင် ပြင်းထန်နေပါစေ၊ သူတို့ မည်သို့မျှ လုပ်နိုင်ကြလိမ့်မည်မဟုတ်လောက်ဟု ထင်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် သူတို့နှစ်ဦး တိုက်ခိုက်သောအခါ၌ ဆရာများသည် သူတို့အတွေးများလွဲပြီကို ချက်ချင်းနားလည်လိုက်ကြသည်။ ကျောင်းသားများကြား တိုက်ပွဲတစ်ခုကပင် သူတို့အား တုန်လှုပ်သွားစေနိုင်သည်။ ပို၍ ရှက်ဖွယ်ကောင်းသည်မှာ နှစ်ဦးကြားတိုက်ပွဲအား ခွဲခြမ်းစိတ်ဖြာရန် ကြေညာထားသော ဆရာများသည် တိုက်ပွဲကို နားလည်ရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ နှစ်ဦးကြားတိုက်ပွဲကို ကြည့်လျှင် သရေကျနေသကဲ့သို့ထင်ရကာ၊ အနိုင်ယူသူအား ဆုံးဖြတ်ရန် ခက်ခဲ၏။
“အို့ယန်က အရမ်းသန်မာတာငါသိပါတယ်။ ဒါပေမယ့် ချူးယွင်ဖန်းက ဘယ်လိုလုပ် သန်မာနေရတာလဲ။ ဘယ်လောက်သန်မာလဲ။ ချီပင်လယ်ဆဠမအဆင့် အထွဋ်အထိပ်ကို ရောက်နေတဲ့ အို့ယန်ကို တကယ်နဲ့ တကယ်ပဲယှဥ်ပြိုင်နိုင်တာလား” ဆရာအများအပြားသည် သူတို့၏ ရှု့ထောင့်များ ပြောင်းလဲသွားသကဲ့သို့ မျက်လုံးများကိုပြူးကျယ်နေအောင် ဖွင့်ထားကြသည်။
“ဒီမြင်ကွင်းကကြည့်ရင်တော့ ရလဒ်ကို ခန့်မှန်းဖို့ခက်တယ်။ ကျွန်တော့်အမြင်အရ အို့ယန်က နိုင်ဖို့အခွင့်အလမ်းပိုများတယ်။ ချီပင်လယ် ဆဠမအဆင့်ရောက်နေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ခံအားက ပိုကောင်းပါတယ်။ ခွန်အားပိုင်းမှာ အားသာချက်မရှိရင်တောင် စွမ်းအင်ပြန်ဖြည့်တာနဲ့ ကိုယ်ခံအားပိုင်းမှာတော့ ပဥ္စမအဆင့်ထက် ပိုသာတဲ့အဆင့်ပဲ။ အချိန်ကျရင် ရလဒ်ကို သဘာဝအတိုင်း အဆုံးအဖြတ်ပေးလို့ရမှာပါ”
“ကျုပ်တော့ အဲ့လိုမထင်ပါဘူး။ မူလက အို့ယန်ကို အရမ်းယုံကြည်ခဲ့ပေမယ့် အခုတော့ ချူးယွင်ဖန်းကလည်း မရိုးရှင်းဘူးထင်ရပါတယ်။ နှစ်ယောက်ကြားစွမ်းအင်ကွာဟချက်ကာ အရမ်းနည်းတယ်။ ကွင်းထဲက တိုက်ပွဲစီးကြောင်းက အရမ်းအပြောင်းအလဲမြန်တယ်။ ဘာမဆိုဖြစ်သွားနိုင်တယ်”
“ကျွန်တော်လည်း ထင်တယ်။ အို့ယန် ခုဏတုန်းက တန်စီယုကို ရှုံးလုနီးပါးဖြစ်နေပြီမဟုတ်လား၊ အိုးယန် အခုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဆရာများသည် မည်သူအနိုင်ရနိုင်ခြေပိုများသည်ကို မမြင်နိုင်သဖြင့် ဆရာများသည် တစ်ညီတစ်ညွတ်တည်း ထင်မြင်ချက်ချရန် ခက်ခဲသွား၏။ ဤသို့အခြေအနေမျိုးတွင် အနိုင်သူကို ဆုံးဖြတ်ရန်ခက်ခဲသည်။ အတန်း (၂) ၏ အတန်းပိုင် ကျင်းဝူအတွက်ပင် ဝေဖန်အဆုံးအဖြတ်ပေးရန် ခက်ခဲလျက်ရှိ၏။ နှစ်ဦးသားလုံး၏ စွမ်းဆောင်ရည်သည် လွန်စွာကောင်းမွန်သဖြင့် အကဲဖြတ်ရခက်ခဲခြင်းဖြစ်သည်။
ဤအချိန်တွင် နှစ်ဦးကြားတိုက်ပွဲသည် ပို၍ပြင်းထန်လာကာ မည်သည့်ရှု့ထောင့်မှကြည့်ပါစေ၊ အောင်နိုင်သူကို အဆုံးအဖြတ်ပေးရန် ခက်ခဲ၏။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွင် မုသား၍မရှိပေ။ အစပိုင်းတွင် အိုးယန်သည် အလျင်စလိုပြုမူခြင်း၊ လောခြင်းမရှိ၊ ချူးယွင်ဖန်းထက် အဆင့်တစ်ဆင့်ပိုမြင့်သောကြောင့် ကိုယ်ခံအား ပြန်လည်ဖြည့်တင်းသည့်အရှိန်သည် ချူးယွင်ဖန်းထက်များစွာမြန်၏။
ချူးယွင်ဖန်းသည်မူ အပြင်းအထန်တိုက်ခိုက်လျက်ရှိသဖြင့် ဒီ့ထက်ကြာကြာ အချိန်ဆွဲမထားသင့်ပေ။ ကိုယ်ခံအားသည် ပုံသေဖြစ်ကာ တိုက်ပွဲတစ်ခုတွင် ကိုယ်ခံအားအသုံးပြုမှုသည် တိုက်ပွဲရလဒ်အတွက် အရေးပါသောကိစ္စတစ်ခုလည်းဖြစ်၏။ ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ခိုက်ရေးပုံစံသည် အခြေခံအားဖြင့် သူသာ တိုက်ပွဲ၏ အရှေ့ပိုင်းမိနစ်များကို တောင့်ခံနိုင်သရွေ့ ပြိုင်ဘက်၏ ကျရှုံးမှုကို ထိုင်ကြည့်နေရုံသာလိုအပ်သည်။
သို့သော် ထိုသို့ဖြစ်မလာခဲ့ဘဲ၊ အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက်တွင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးပုံစံသည် ပို၍ ပြင်းထန်လာကာ အနည်းငယ်လေးပင် ကိုယ်ခံအားကျဆင်းမှုကို မခံစားရပေ။ ထို့အပြင် သူ၏ လှုပ်ရှားမှုများသည် ပို၍ပင် ချောမွေ့နေခဲ့သည်။ တိုက်ပွဲတစ်ဝက်တွင် ကိုယ်ခံအားသိသိသာသာဆုံးရှုံးခဲ့ရသော တန်စီယု ုနှင့် မတူဘဲ ချူးယွင်ဖန်း၏ ကိုယ်ခံအားသည် အဆုံးမရှိဟုထင်ရသည်။ ဤသည်က အို့ယန်ခန့်မှန်းထားသည်နှင့် ကွဲပြား၏။
နောက်ထပ်အပြင်းအထန်တိုက်ခိုက်မှုအပြီးတွင် ခံနိုင်ရည်အား ကျရှုံးမှုကို စတင်ခံစားမိရသူမှာ ချူးယွင်ဖန်းမဟုတ်ဘဲ သူဖြစ်နေသည်ကို အို့ယန်သိရှိလိုက်ရကာ ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရ၏။ ချူးယွင်ဖန်း၏ ခံနိုင်ရည်သည် သူထင်ထားသည်ထက် ပိုမိုများပြားနေသည်မှာ ထင်ရှားသည်။
တကယ်ပဲ အထုံပါရမီပါတာဖြစ်နိုင်သလား။
အို့ယန်၏ ကိုယ်ခံအားကျဆင်းလာမှုကို ခံစားသိရှိပြီးနောက် ချူးယွင်ဖန်းသည် သူ့တိုက်ခိုက်မှုများကို ပိုမို အရှိန်မြှင့် ပြင်းထန်စေကာ အို့ယန့်အား ပိုမိုအားထုတ်၍တိုက်ခိုက်ရန် တွန်းအားပေးလိုက်သည်။ သူ့အဆင့်သည် အို့ယန်ထက် အနည်းငယ်နိမ့်သော်လည်း၊ အထူးသဖြင့် သူကျင့်ထားသော စစ်နတ်ဘုရားကျင့်စဥ်ကြောင့် သူ့ကိုယ်ခံအားသည်မူ အဘက်ဘက်မှ နိမ့်ကျနေခြင်းမရှိပေ။
သူတိုက်ခိုက်သည်နှင့် ထိုကျင့်စဥ်ကို ဖြန့်ကျန်လည်ပတ်စေလျက်ရှိကာ၊ သူ၏ စွမ်းအင်ပြန်လည်ဖြည့်နှုန်းပင်ဖြစ်စေ၊ ကိုယ်ခံအားပြန်လည်ဖြည့်တင်းနှုန်းပင်ဖြစ်စေ၊ သာမန်လူများထက် များစွာပိုမြန်၏။ ချူးယွင်ဖန်း၏ ခံနိုင်ရည်အား ပြန်လည်ဖြည့်တင်းနှုန်းသည် သူ့ထက် အဆင့်တစ်ဆင့်မြင့်သော အို့ယန်ထက်ပင် ပိုမြန်ကာ နည်းဗျူဟာများစွာကို ရွေးချယ်အသုံးပြုနိုင်၏။
တိုက်ပွဲအခြေအနေသည် ဟန်ချက်မညီတော့ကာ ယခင်ကကဲ့သို့ အညီအမျှတိုက်ခိုက်နိုင်ရန် နည်းလမ်းမရှိတော့ပေ။ အကြောင်းမှာ ချူးယွင်ဖန်း၏တိုက်ခိုက်မှုသည် ယခင်ကကဲ့သို့ ပို၍ ကြောက်မက်ဖွယ်ကောင်းလာသော်လည်း အို့ယန်သည်မူ ကိုယ်ခံအားကျဆင်းလာခဲ့ပြီဖြစ်သည်။ ဤအချိန်တွင် ချူးယွင်ဖန်းသည် တဖြည်းဖြည်းနှင့် အသာစီးရလာ၏။
ဆရာအတော်များများက နားမလည်နိုင်ဘဲလျက်ရှိကာ နှစ်ဘက်ကြားအပြန်အလှန်တိုက်ခိုက်မှုသည် အကြိမ်ရေ သုံးရာကျော်ခဲ့ပြီဖြစ်၏။ သိုင်းကွက်များပြင်းထန်လာသောအခါ ကိုယ်ခံအား ကျဆင်းလာသည်မှာ သာမန်ပင်ဖြစ်သည်။ ကိုယ်ခံအားသုံးဆွဲမှုသည် ပုံမှန်ထက် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းပိုများ၏။ အို့ယန်၏ အခြေအနေမှာ အလွန်သာမန်ကျသော်လည်း တကယ်စင်စစ်ပုံမှန်မဟုတ်သူမှာ ချူးယွင်ဖန်းဖြစ်သည်။ ယခုထိတိုင်အောင်ပင် သူသည် မောပန်းနွမ်းနယ်သော လက္ခဏာတစ်ခုတစ်လေကိုမျှပြသခြင်းမရှိသေးပေ။
“ချူးယွင်ဖန်းတကယ်ပဲအနိုင်ယူနိုင်ပါ့မလား” ဆရာတစ်ယောက်သည် မယုံကြည်နိုင်ဖြစ်စွာဆို၏။ ကျောင်း၏ ဒဏ္ဍာရီတစ်ခု ဖျက်ဆီးခံလိုက်ရသည်ကို ကြည့်နေရသကဲ့သို့ဖြစ်လျက်ရှိသည်။
ယခုအချိန်တွင် ဆယ်ကြိမ်မြောက်အချီ အကဲဖြတ်ခြင်းပြီးဆုံးသွားသော သိုင်းပညာတန်းမှ ကျောင်းသားအများအပြားသည် ကွင်းဘေးသို့ စုရုံးလာကြသည်။ ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားကြ၏။ အို့ယန်အကြောင်းကြားခဲ့ကြဖူးစဥ်တည်းက သူသည် ကျောင်း၏ထိပ်ဆုံးတွင်သာရှိနေခဲ့ကာ ယခုမူ အို့ယန်သည် ချူးယွင်ဖန်းကြောင့် ဤအတိုင်းအတာထိရောက်အောင် တိုက်ခိုက်နေရပြီဖြစ်သည်။
သူတို့၏ လောကအမြင်များပြောင်းလဲသွားသကဲ့သို့ဖြစ်၏။ အောင်မြင်မှုနှင့် နီးကပ်လာသည်ကို မြင်ရသောအခါ ချူးယွင်ဖန်းက သိသာစွာပင် သူ့တိုက်ခိုက်မှုများကို ပြင်းထန်စွာတိုးမြင့်လိုက်ကာ အို့ယန်အား အသက်ရှုရန်အခွင့်အရေး အနည်းငယ်မျှပင် မပေးပေ။ ဤအတိုင်းထိ တွန်းအားပေးတိုက်ခိုက်ခံနေရသော အို့ယန်တွင် စတင်၍ ဒေါသအရိပ်အရောင်များပေါ်ထွက်လာ၏။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်စစ်များ ရုတ်တရက်တိုးမြင့်လာကာ ကိုယ်ရောင်ကိုယ်ဝါများလည်း ချက်ချင်းပင် ပေါက်ထွက်လာ၏။
“အဲ့တာ ချီပင်လယ် သတ္တမအဆင့်ပဲ။ အို့ယန်က တကယ့်ကို သတ္တမအဆင့်ကို ခြေချလိုက်နိုင်ပြီ”
ဆရာတစ်ဦးသည် သူထိုင်နေရာခုံမှ ရုတ်တရက်ထရပ်ကာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြုးကျယ်သွားသည်။ အို့ယန်သည် အထက်တန်းကျောင်းတတိယနှစ်တွင်သာရှိသေးသော်လည်း ချီပင်လယ် သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် အထူးတက္ကသိုလ်သို့တက်ရောက်ရန် ပြဿနာမရှိတော့ပေ။ အကယ်၍သူသာ လအနည်းငယ်အချိန်ပိုရလျှင် ထိပ်တန်းတက္ကသိုလ်ဆယ်ခုထဲမှ တစ်ခုသို့ပင် ဝင်ရောက်ရန် အခွင့်အရေးရှိနိုင်မည်ဖြစ်၏။
“ပါရမီရှင်ပဲ။ ငါတို့ကျောင်းက ဒီလိုမျိုး ကျောင်းသားနဲ့မကြုံရတာ နှစ်အတော်ကြာခဲ့ပြီ”
“ချူးယွင်ဖန်း မင်းကျရှုံးရမယ့်အချိန်ရောက်ပြီ” အို့ယန်က ကျယ်လောင်စွာအော်လိုက်ကာ လက်ထဲမှ လှံရှည် အား ဝှေ့ယမ်းလိုက်သည်။
“အခုမှ ပေါက်ကွဲတာ အရမ်းနောက်ကျနေပြီ” ချူးယွင်ဖန်းသည် ခွန်အားများပေါက်ကွဲတိုးမြင့်လာသည့် အို့ယန်အား အနည်းငယ်လေးပင် ကြောက်ရွံလာခြင်းမရှိသည့်အပြင် သူသည်လည်း ခြေတစ်လှမ်းထပ်တိုးလိုက်၏။
“စီးေမြာမှုကို ခုတ်ပိုင်းခြင်း’
ဓားချက်နှင့်အတူ ချူးယွင်ဖန်း၏ ကိုယ်ရောင်ကိုယ်ဝါသည် ရုတ်တရက် မြင့်တက်လာသည်။ ဓား၏ အလင်းသည် မြစ်အား ဖြတ်ခုတ်နိုင်သည်အထိ သန်မာသည်ထင်ရ၏။
ဘမ်း
ဓားသွား၏အလင်းသည် လှံရှည် ပေါ်သို့ တိုက်ရိုက်ကျလာကာ ချက်ချင်းပင် သူ့ထံသို့ ကြီးမားသော ခွန်အားတစ်ခု ဖြတ်ဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ့လက်ထဲတွင်ရှိသည့် လှံရှည် အား ဆက်လက်ကိုင်ထားနိုင်ခြင်းမရှိတော့ဘဲ ယင်းသည် ကွင်းထဲမှလွင့်ပျံသွား၏။ ယင်းလှံရှည် အား ကွင်းဘေးမှဆရာတစ်ယောက် ဖမ်းမိကာ တကယ်ကိုပင် မထိန်းနိုင်လောက်သည်ကို ခံစားလိုက်ရကာ မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို တွေးကြည့်၍ရနိုင်သည်။
အိုးယန်ပြန်လည် မတုန့်ပြန်နိုင်ခင်တွင်ပင် အရိပ်မဲ့ဓားသည် သူ့လည်ပင်းပေါ်သို့ ကျရောက်နေပြီဖြစ်သဖြင့် သူရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
“ဒီအချီ၊ အဆင့် (၃) အတန်း(၂) ချူးယွင်ဖန်း အနိုင်ရ”
အခန်း(၁၃၄)
ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရသော ဆရာ၏ စကားဆုံးသည့်နောက်တွင် ချန်ပီယံဆုအတွက် နောက်ဆုံးတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ကာ လူတိုင်း၏ မျှော်လင့်ချက်များကို ကျော်လွန်သွား၏။
နောက်ဆုံးအနိုင်ရသူသည် အို့ယန်မဟုတ်ဘဲ ချူးယွင်ဖန်းသာဖြစ်သည်။ ဤအချက်သည် ကျောင်းသားအများစုအား တုန်လှုပ်ခြောက်ခြားစေ၏။ တိုက်ပွဲတစ်လျှောက်လုံးတွင် ချူးယွင်ဖန်းသည် ကံကောင်း၍အနိုင်ရခဲ့ခြင်းမဟုတ်ပေ။ အစမှအဆုံးထိ ချူးယွင်ဖန်းသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကာ တစ်ကျောင်းလုံးပထမရထားသည့် အို့ယန်နှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် အရှုံးမပေးခဲ့ပေ။ အဆုံးတွင် ကျောင်းသားများသာမက ဆရာများကိုယ်တိုင်ပင် မည်သူနိုင်၍ မည်သူရှုံးမည်ကို မဆုံးဖြတ်နိုင်ခဲ့ပေ။
အို့ယန်သည် အစောပိုင်းတွင် ချီပင်လယ်ဆဠမအဆင့်ဟုထင်ရသော်လည်း တတယ်တမ်းတွင် ချီပင်လယ်သတ္တမအဆင့်ထိရောက်နေပြီဖြစ်ကြောင်း ပြသခဲ့သည်။ ထိုသို့သော သူကို ချီပင်လယ်ပဥ္စမအဆင့် ကျင့်ကြံအားဖြင့် ချူးယွင်ဖန်းတစ်ယောက် တိုက်ခိုက်ခဲ့ကာ နောက်ဆုံးတွင် အနိုင်ပင်ယူနိုင်ခဲ့သေး၏။ ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်ကို လူတိုင်းရှင်းလင်းစွာမြင်နိုင်ခဲ့သဖြင့် ၎င်းသည် အို့ယန်အပေါ်ထားခဲ့ကြသော် အထင်ကြီးမှုများကို ကျော်လွန်သွားခဲ့သည်။ အနှိုင်းမဲ့ရင်သက်ရှု့မောဖွယ်ကောင်းလှသည်ဟုပင် သူ့အား ဆို၍ရနိုင်မည်ပင်ဖြစ်သည်။
“အဲ့တာကို စီးမြောမှုကို ခုတ်ပိုင်းခြင်း လို့ခေါ်တာလား” အို့ယန်က အလွန်မောဟိုက်စွာဖြင့် ချူးယွင်ဖန်းအားကြည့်ကာ မေးလိုက်သည်။
သူ၏လက်နှစ်ဖက်လုံးသည် တုန်ယင်လျက်ရှိကာ လက်မနှင့် လက်ညှိုးကြားတွင်ပင် ကွဲအက်သွားခဲ့သဖြင့် သွေးခြေဥအနည်းငယ်အား မြင်နိုင်၏။ ယခုလေးတင်ပင် စီးမြောမှုကို ခုတ်ပိုင်းခြင်းကြောင့် သူ၏ လှံရှည် သည် အဝေးလို့ လွင့်ပျံသွားခဲ့ပြီဖြစ်သည်။ ရုတ်တရက် လွင့်ထွက်သွားသဖြင့် လှံရှည် ကို မထိန်းနိုင်လိုက်ခြင်းဖြစ်ကာ ဆရာတစ်ဦးသာ ပျံတက်၍ ထိုလှံရှည် ကို ဖမ်းယူခြင်းမရှိခဲ့လျှင် တစ်စုံတစ်ယောက်အား ရိုက်မိသွားနိုင်၏။ ဤစွမ်းအင်အားလုံး၏ အရင်းအမြစ်သည် ချူးယွင်ဖန်း၏ နောက်ဆုံးသိုင်းကွက်ဖြစ်သောစီးမြောမှုကို ခုတ်ပိုင်းခြင်း မှ ဖြစ်တည်လာခြင်းဖြစ်သည်။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည်လည်း ထူးမခြားနားပေ၊ အလွန်မောဟိုက်နေ၏။ မူလအစတွင် အေးဆေးတည်ငြိမ်နေသော ချူးယွင်ဖန်းမှာ သမုဒ္ဒရာထဲသို့ ချက်ချင်းကူးခတ်လိုက်ရသည့်အလား သူ့တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေ၏။
“ဟုတ်တယ်၊ ဒီသိုင်းကွက်ကို စီးမြောမှုကို ခုတ်ပိုင်းခြင်းလို့ခေါ်တယ်” ချူးယွင်ဖန်းက အသက်ကို မောဟိုက်စွာပြင်းပြင်းထန်ထန် ရှုနေရင်းဖြင့် ပြောလိုက်သ်ည။
စီးမြောမှုကို ခုတ်ပိုင်းခြင်း၏ စွမ်းအင် သုံးစွဲမှုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ မူလက စွမ်းအင်ပြည့်ဝလျက်ရှိသော ချူးယွင်ဖန်းသည် ချက်ချင်းပင် အို့ယန်နှင့် အတူတူကဲ့သို့ဖြစ်သွား၏။ တကယ်တမ်းတွင် သူသည် အို့ယန်ထက်ပင် ပို၍မောဟိုက်လျက်ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် တိုက်ပွဲ၏ အစောပိုင်းများတွင် စွမ်းအင်အမြောက်အမြားအသုံးမပြုခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ဤသိုင်းကွက်တစ်ခုတည်းကပင် သူ့အား လုံးလုံးမောပန်းသွားစေနိုင်၏။
ဤနည်းလမ်းသည် တစ်ချက်တည်းနှင့် နှစ်ဖက်လုံးထိခိုက်ဒဏ်ရာရစေနိုင်မည့်နည်းလမ်းတစ်ခုဖြစ်သည်။ အို့ယန်က ခါးသက်စွာပြုံးလိုက်သည်။ ချူးယွင်ဖန်းတွင် ဝှက်ဖဲတစ်ချပ်ရှိလိမ့်မည်ဟု သူမထင်ထားခဲ့သည့်အပြင် ဤအတိုင်းအတာထိရောက်အောင် အချိန်ဆွဲခဲ့သေးသည်။ အို့ယန်တစ်ယောက် အရိုးကြေကြေအရည်ခမ်းခမ်းတိုက်ခိုက်ကာ ချီပင်လယ် သတ္တမအဆင့်၏ အင်အားအစစ်အမှန်များကို ထုတ်သုံးခဲ့သည်။ အဆုံးထိတိုင် ချူးယွင်ဖန်းသည် သူ့အားအခွေင့်အရေးလုံးဝမပေးခဲ့ပေ။ သူ့ထိုသို့ အားကုန်သုံးကာ စတင်တိုက်ခိုက်သောအခါတွင်မူ သူ့လှံရှည် သည် လွှင့်ထုတ်ခံလိုက်ရသည်။ ဤအချက်က နှစ်ဘက်စလုံးတွင်ဝှက်ဖဲများရှိကြောင်းသက်သေပြခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူသာ သူ့ခွန်အားများအားလုံးကို အသုံးပြုနိုင်ခဲ့လျှင် ချူးယွင်ဖန်းသည် သူနှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် သူ့အား သိုင်းကွက်တစ်ခုပြုလုပ်ခွင့်ပင် မပေးခဲ့ပေ။
ဆရာတော်တော်များများသည် ဤသည်ကို နှမျောစရာကောင်းသည်ဟု ခံစားရသည်။ အို့ယန်သာ အစပိုင်းတည်းက အကောင်းဆုံးကြိုးစားခဲ့လျှင် ရလဒ်သည် လုံးဝပြောင်းလဲသွားနိုင်၏။ တကယ်တမ်းတော့လည်း အို့ယန်သည် ချီပင်လယ် သတ္တမအဆင့်တွင်ရှိနေသည်ဖြစ်ကာ ဤသို့သော ကျင့်ကြံအားဖြင့် အလွယ်တကူလေးပင် အနိုင်ရနိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ချီပင်လယ် ဆဠမအဆင့်တွင်ကာ ဆဠမအဆင့် အထွဋ်အထိပ်သို့ရောက်နေသူကိုညီတူမျှတူတိုက်ခိုက်နိုင်လောက်မည့်တိုင် သတ္တမအဆင့် အို့ယန်ကိုမူ အနိုင်ယူနိုင်ရန် အခွင့်အလမ်းမရှိပေ။
နှမျောစရာကောင်းလွန်းသည်။
သို့သော် နောင်တရခြင်းအပြင် အလွန်လည်း အံ့အားထိတ်လန့်တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းပြုခဲ့သော ဓားချက်သည် အလွန်ကြောက်စရာကောင်းလွန်းကာ အို့ယန်၏လှံရှည် ပင် လွင့်ထွက်သွားအောင်လုပ်နိုင်ခဲ့သည်။ မျှမျှတတဆိုရလျှင် ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်သည် မှတ်သားဖွယ်ကောင်းသည်ဟု ဆို၍ရသည်။ သူသည် ဤတိုက်ပွဲတွင် ချန်ပီယံဖြစ်ရန် သေချာပေါက်ထိုက်တန်သည်မှန်သော်လည်း နှမျောစရာကောင်းနေသေးသည်ဟု ခံစားနေမိကြသည်။
“ဘယ်လောက်တောင်ကောင်းလိုက်တဲ့ သိုင်းကွက်လဲ” အို့ယန်သည် အသက်ကို ခက်ခက်ခဲခဲရှုကာ ဆို၏။
“ငါ ဒီတိုက်ပွဲမှာ ရှုံးတယ်”
“ငါ့ကိုအနိုင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ နည်းနည်းကံကောင်းသွားတာလည်းပါပါတယ်” ချူးယွင်ဖန်းက ဆိုသည်။
“ငါမင်းကို အနိုင်မပေးလိုက်ဘူး” အို့ယန်ကချက်ချင်းပင် ပြတ်ပြတ်သားသားဆိုကာ “အစပိုင်းမှာ ငါ့ခွန်အားကို ဖုံးကွယ်ထားပေမယ့် အဲ့တာက ငါ အရမ်းမာနကြီးလွန်းခဲ့တာလည်းပါတယ်။ ချီပင်လယ် ဆဠမအဆင့်ခွန်အားနဲ့ တိုက်ရင် မင်းကို အေးဆေးအနိုင်ယူနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ။ အဲ့တာ ငါ့ရဲ့ ဗျူဟာအမှားတစ်ခုပါပဲ၊ မင်းဒီတိုက်ပွဲကို ကံကောင်းလို့အနိုင်ရတယ်လို့ ယူဆလို့မရဘူး။ တကယ်ကို လှလှပပအနိုင်ယူသွားခဲ့တာပါ။ နောင်မှာ အဲ့လိုစကားမျိုးထပ်မပြောနဲ့၊ ငါဆိုတဲ့ အို့ယန်က တိုက်ပွဲကို ကံကြောင့် ရှုံးမယ့်သူမျိုးမဟုတ်ဘူး”
အို့ယန်သည် ရှုံးသွားရသည့်တိုင် သူ့နှလုံးသားထဲမှ မာနသည် လျော့မသွားခဲ့ပေ။ ချူးယွင်ဖန်းအနိုင်ရခဲ့ခြင်းမှာ ကံကောင်း၍ဟု မဝန်ခံခဲ့ပေ။
အနိုင်ရခြင်းသည် အနိုင်ရခြင်းသာဖြစ်ကာ အရှုံးသည်လည်း အရှုံးသာဖြစ်သည်။ တ
ကွင်းဆင်းတိုက်ပွဲများသည် စာရွက်ပေါ်ရှိ စစ်တုရင်ဂိမ်းများကဲ့သို့ မဟုတ်ပေ။ ပိုကောင်းသည့်၊ ပိုသန်မာသည့်ဘက်သည် အနိုင်ရမည်မှာ သေချာ၏။ ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ
“မင်းလည်းအရမ်းသန်မာတယ်။ ငါ စီးမြောမှုကို ခုတ်ပိုင်းခြင်းကို ထုတ်သုံးရလောက်အောင် မင်းက တွန်းအားပေးနိုင်မယ်လို့မမျှော်လင့်ထားဘူး။ ဒီသိုင်းကွက်က အသက်ရှင်လမ်းရှာဖို့အတွက် ရည်ရွယ်ပြီးပြင်ဆင်ထားတာ မင်းအတွက်ပြင်ဆင်ထားတာမဟုတ်ဘူး”
အို့ယန်၏ မျက်စံများ အနည်းငယ်ကျုံသွားသည်။ ချူးယွင်ဖန်း၏ စကားလုံးများတွင် ပြတ်သားမှုများပါဝင်နေသည်ကို သူသိနိုင်၏။ ဤသည်မှာ ကောက်နှုတ်ချက်တစ်ခုမဟုတ်ဘဲ၊ အမှန်တရားသာဖြစ်သည်။ အကယ်၍အို့ယန်၏ အင်အားသည် ချီပင်လယ်ဆဠမအဆင့်တွင်သာရှိနေခဲ့လျှင် ချူးယွင်ဖန်းသည် ယနေ့ ထိုကြီးမားသောသိုင်းကွက်ဖြစ်သည့် စီးမြောမှုကို ခုတ်ပိုင်းခြင်းကို အသုံးပြုခဲ့မည်မဟုတ်ဘဲ ချူးယွင်ဖန်းထံတွင် သေချာပေါက်ရှုံးနိမ့်သွားမည်ဖြစ်သည်။
ဤသည်က သူ့အား ချက်ချင်းပင် အရေးကြီးမှုတစ်ခုကို ခံစားမိစေလိုက်ကာ သူအစပိုင်းတွင် ကိုယ်ပိုင်ကစားကွင်းအဖြစ်သတ်မှတ်ထားခဲ့သော ကျောင်းသည် သူ့အား အနိုင်ယူနိုင်မည့်သူတစ်ဦးကို မွေးထုတ်ပေးခဲ့ပြီဖြစ်သည်။
“ငါ ဒီတစ်ကြိမ်ရှုံးတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ထပ်မရှုံးစေရဘူး” အို့ယန်က ပြတ်ပြတ်သားသားပြောကာ လှည့်ထွက်သွားသည်။ သူပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်၍ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။ ချူးယွင်ဖန်းသည် သူ့ထံသို့ ပျံသန်းလာသော ကြီးမားသည့်အရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာကြီးရောက်လာခါနီးတွင် လက်ကို မြှောက်ကာ အရိပ်မဲ့ဓားဖြင့် ကာလိုက်သည်။ ခုန်အုပ်တော့မည့်ပုံစံဖြင့် ပျံသန်းလာသောအရာသည် ချက်ချင်းပင်ရပ်တန့်သွား၏။
သို့သော် ၎င်းမှာ ဂေါင်ဟုန်ချီမှလွဲ၍ မည်သူဖြစ်နိုင်လိမ့်မည်နည်း။
“ဟီးဟီး” ဂေါင်ဟုန်ချီက ရှက်ရွံစွာပြုံးလိုက်သ်ည။
ထို့နောက်ပို၍ အပိုလုပ်သော အမူအယာသို့ပြောင်းလိုက်ကာ ကျယ်လောင်စွာအော်လိုက်သည်။
“မင်းအနိုင်ရတယ်၊ မင်းအို့ယန်ကို အနိုင်ရခဲ့တယ်ကွ ဟားဟား ဟား”
“ငါသိနေတယ်၊ ငါအချစ်ဆုံးသူငယ်ချင်းက ဘယ်လိုလုပ်ရှုံးရမှာလဲ”
ဂေါင်ဟုန်ချီ ၏ အမူအယာသည် ချူးယွင်ဖန်းထက်ပင် ချဲ့ကားလျက်ရှိသည်။ လူအများက မသိလျှင် ဂေါင်ဟုန်ချီ အနိုင်ရခဲ့သည်ဟုပင် ထင်ကြပေလိမ့်မည်။ ချူးယွင်ဖန်းအနိုင်ရသည့်အတွက် ဂေါင်ဟုန်ချီ မှာ သူ့အချစ်ဆုံးသူငယ်ချင်းအတွက်ပျော်ရွှင်နေခြင်းဖြစ်သည်။ ချူးယွင်ဖန်းတစ်ယောက် ရယ်ရခက်၊ ငိုရခက်ဖြစ်သွားကာ မကြာချင်တွင်ပင်၊ ဒဿမအချီနှင့် အခြား ထင်ရှားသော တိုက်ပွဲတစ်ခုလည်းရှိသေးကြောင်း ဂေါင်ဟုန်ချီ ထံမှ သိလိုက်ရသည်။
တန်စီယု နှင့် ကျန်းထန်တို့အကြား တတိယနေရာတိုက်ပွဲသည် ချူးယွင်ဖန်းနှင့် အို့ယန်ထက် အနည်းငယ်စော၍ပြီးဆီးသွားခဲ့သည်။ အံ့သြစရာကောင်းသည်မှာ ကျန်းထန်သည့် တန်စီယု ထံတွင်ရှုံးနိမ့်ခဲ့ခြင်းပင်ဖြစ်၏။
တစ်ကျောင်းလုံးတွင် အဆင့်နှစ်ပုဂ္ဂိုလ်အဖြစ်ရပ်တည်နေခဲ့သော ကျန်းထန်သည် အဆင့်သတ်မှတ်တိုက်ပွဲတွင် ချူးယွင်ဖန်းနှင့် တန်စီယု တို့၏လက်တွင်အရှုံးပေးခဲ့ကာ၊ အဆင့်လေးနေရာသို့ ကျဆင်းသွားရ၏။
မည်သူကမျှ ဤသို့မျှော်လင့်မထားကြပေ။
တိုက်ပွဲနှစ်ခု၏ရလဒ်ကြောင့် လူတိုင်းသည် အုတ်အော်သောင်းတင်းဖြစ်လျက်ရှိသည်။
အခန်း(၁၃၅) ကျောင်းရဲ့ မျှော်လင့်ချက်
ဆယ်ကြိမ်မြောက်အချီ၏ ရလဒ်များကို ယခုလေးတင်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တွင် ကျောင်းသားအများအပြားသည် အဆင့်သတ်မှတ်ချက်တိုက်ပွဲ၏ ရလဒ်များကို ကြည့်ကာ ရုတ်ရုတ်သဲသဲဖြစ်လျက်ရှိကြသည်။ ပထမနေရာသည် သူတို့ရင်းနှီးနေကြသော အိုးယန်မဟုတ်ဘဲ၊ ချူးယွင်ဖန်းသာဖြစ်ကြသည်။ အဆင့်သတ်မှတ်ချက်၏ ထိပ်တန်းစာရင်းများတွင် သူ့နာမည်ပေါ်လာခြင်းသည် အထူးအဆန်းမဟုတ်သော်လည်း ပထမနေရာတွင် ပေါ်လာခြင်းကာ အံ့သြထိတ်လန့်ဖွယ်ဖြစ်နေဆြဖြစ်သည်။
‘အဲ့တာ အို့ယန်မဟုတ်ဘူးလား’
လူအများသည် စုစည်းကာ ထိုတိုက်ပွဲကို ကြည့်ခဲ့ကြသော်လည်း အများစုသည်မူ ဒသမမြောက်အချီအကဲဖြတ်ခြင်း တိုက်ပွဲတွင်သာရှိနေခဲ့ကြသေးသည်။ ဤစိတ်ကိုနှိုးဆော်နိုင်သော တိုက်ပွဲအား မမြင်ဖူးသကဲ့သို့ ချူးယွင်ဖန်းတစ်ယောက် အို့ယန်အား မည်သို့အနိုင်ယူခဲ့သည်ကိုလည်း မမြင်ခဲ့ကြပေ။
“ချီး၊ နတ်ဘုရားအို့ယန် တကယ်ပဲ ရှုံးသွားတာလား”
“တကယ့်ကို အံ့ဖွယ်တစ်ခုပဲ၊ ချူးယွင်ဖန်းဘယ်လိုလုပ်လိုက်တာလဲ”
“သူစောက်ရမ်း ကံကောင်းသွားတယ်လို့ ငါကြားတယ်။ နတ်ဘုရားက သူ့ခွန်အားအစစ်အမှန်ကို ထုတ်မပြခဲ့လို့သာ သူအနိုင်ရခဲ့တာဖြစ်မှာပေါ့”
ဤသည်မှာ အို့ယန်အား ထောက်ခံသူဖြစ်ကြောင်းထင်ရှား၏။
“ကျစ်… မင်းတကယ်ပဲ ငတုံးလား။ နတ်ဘုရားအို့ယန်ဆိုတာ ဘာလဲ။ သူက ကံကောင်းရုံနဲ့ အနိုင်ယူလို့ရလောက်မယ့်လူလား။ အဲ့ဒီ ကြီးမြတ်လှတဲ့ နတ်ဘုရားအို့ယန်ကရဲ့ အတုမရှိစွမ်းရည်တွေ မရှိတော့တာ ကြာပြီဆိုတာရော မဖြစ်နိုင်ဘူးလား”
အချိန်ခဏအကြာလောက်ထိ အမျိုးမျိုးသော ဆွေးနွေးမှုများပေါ်ထွက်လာသည်။ လူတိုင်း၏ မေးရိုးများကို ပြုတ်ကျသွားလောက်စေသည့် ချူးယွင်ဖန်းနှင့် အို့ယန်အကြားတိုက်ပွဲအပြင် တန်စီယု ုနှင့် ကျန်းထန်အကြားတိုက်ပွဲသည်လည်း လူအတော်များများကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ချူးယွင်ဖန်းသည် ကျန်းထန်အား အနိုင်ယူခဲ့ကာ ယခု အို့ယန်အား အနိုင်ယူနိုင်ခဲ့သည်။ မည်သည့် လှည့်ဖျားမှုဗျူဟာများရရှိနေပါစေ၊ ဤသည်က သူ့လုပ်နိုင်စွမ်းကို သက်သေပြလိုက်ခြင်းဖြစ်သဖြင့် လူအများက လက်ခံနိုင်ခဲ့သည်။
သို့သော် တန်စီယု၏ ရုတ်တရက်ပေါက်ကွဲမှုကိုမှု လူတိုင်း၊ အထူးသဖြင့် ကျန်းထန်က အလွန်အံ့အားသင့်သွားခဲ့သည်။ သူသည် တစ်ကျောင်းလုံးတွင် အို့ယန်ပြီးလျှင် ဒုတိယခွန်အားအကြီးဆုံးသူဟုပင် ယူဆကြသူဖြစ်ကာ၊ အို့ယန်နှင့်ပင် တန်းတူရှိခဲ့သော်လည်း ယခု တန်စီယုလက်ထဲတွင် ဤသို့ပင်ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
“တန်စီယုက အရမ်းသန်မာတယ်၊ ငါတိုက်ပွဲတစ်ခုလုံးကိုကြည့်လိုက်ရတယ်။ ကျန်းထန်က အခွင့်အရေးတစ်ခုတောင်မရလိုက်ဘူး။ တစ်ချိန်လုံးသူ အချေမှုန်းခံလိုက်ရတာ”
“ငါ ငါ့နတ်ဘုရားမလေးအပေါ် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့စတင်မှုက နောက်ကျခဲ့တယ်ဆိုပေမယ် တိုးတက်နှုန်းက အရမ်း တုန်လှုပ်စရာကောင်းတယ်”
“ဒီလူနှစ်ယောက်က ဆက်ပြီးမြင်းနက်တွေမဟုတ်တော့ဘူး။ သူတို့က တကယ့်ကို ထိပ်တန်းကျွမ်းကျင်သူတွေပဲ”
သို့သော် ဤအဆင့်သတ်မှတ်တိုက်ပွဲ၏ ထိပ်ဆုံးသုံးနေရာကို အတန်းနှစ်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းကိုလည်း လူများစွာက တွေ့ရှိခဲ့ကြသည်။ အခန်း(၁) မှမူ ကျန်းထန်တစ်ယောက်သာ စတုတ္ထအဆင့်ကိုယူနိုင်ခဲ့ကာ ကာဗာအဖြစ်အသုံးပြုနိုင်သည်။ အတန်းနှစ်ခု၏ ခွန်အားသည် ယခင်ကကဲ့သို့ တူညီလုနီးပါးရှိကာ အချင်းချင်းယှဥ်ပြိုင်ခဲ့ကြသည့် အခြေအနေနှင့် တူတော့မည်မဟုတ်ပေ။ အခန်း(၂)သည် အခန်း(၁)အား ချေမှုန်းလိုက်သကဲ့သို့ပင်ဖြစ်နေ၏။ အခြားအဆင့်များသည် အဆင်ပြေသေးသော်လည်း ထိပ်တန်း သုံးနေရာကိုမူ အတန်း(၂)က အပြည့်အဝသိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကျန်းထန်ကြောင့်သာမဟုတ်လျှင် အခန်း(၁)မှလူများသည် မျက်နှာထားစရာနေရာပင်ရှိကြလိမ့်မည်မဟုတ်ပေ။
“ဒါကဘယ်လိုဖြစ်ရတာလဲ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ချင်ဖုန်း၏မျက်နှာတွင် မယုံကြည်နိုင်သော အငွေ့အသက်များစွာကိန်းအောင်းလျက်ရှိသည်။
အတန်း(၂)၏ ရှေ့တွင် အတန်း(၁)၏ စာရင်းသည် ပြိုကျသွာသည်။ သူအလွန်မျှော်လင့်ထားခဲ့သော ကျန်းထန်သည် အို့ယန်ကိုအနိုင်မယူနိုင်သည့်အပြင် ချူးယွင်ဖန်းနှင့် တန်စီယု၏လက်တွင်ပင် ရှုံးနိမ့်ခဲ့ရသည်။ ဤသည်ကို လက်ခံနိုင်ရန် သူ့အတွက် အလွန်ခက်ခဲ၏။
သို့သော် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ဤသည်မှာ အမှန်တရားပင်ဖြစ်နေပြီဖြစ်သည်။
“ဆရာချင်၊ စိတ်ဓာတ်ကျမနေပါနဲ့။ ဒီအခြေအနေက မဆိုးဘူးလို့ မထင်ဘူးလား။ ကျွန်တော်တို့ကျောင်းက ထူးချွန်ထက်မြတ်တဲ့ ဉာဏ်ကြီးရှင်တွေအများကြီးကို မမွေးထုတ်ပေးနိုင်ခဲ့တာ အတော်ကြာပါပြီ။ အပြင်ထွက်ပြီး အခြားကျောင်းက ဆရာတွေတဲ့ ဆက်ဆံထိတွေ့ရတဲ့ခါ ဂုဏ်မယူရဘူးလား” ကျင်းဝူက ဆိုသည်။ “အခု အို့ယန်က ချီပင်လယ် သတ္တမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် သူက အရမ်းထက်မြက်နေပြီလို့ပြောလို့ရတယ်။ ပြီးတော့ ငါတို့အတန်းထဲမှာ နောက်ထက် ဉာဏ်ကြီးရှင်နှစ်ယောက်ပေါ်လာပြီ။ နောက်စာသင်နှစ် ယွင်နင်ခရိုင် ကျောင်းမျိုးစုံတွေ့ဆုံပွဲကျရင် အရမ်းစိတ်ဝင်စားဖို့ကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်။ မဟုတ်ဘူးလား”
ချင်ဖုန်းက တိတ်တဆိတ်ကျိန်ဆဲလိုက်မိသည်။ ဤသို့သော ဉာဏ်ကြီးရှင်များသာ သူအခန်းတွင်ပေါ်လာခဲ့လျှင် သူ ကျင်းဝူကဲ့သို့ အေးအေးဆေးဆေးမတ်တပ်ရပ်ကာ စိတ်ထိခိုက်စရာမလိုဘဲပြောနိုင်သည်။ သို့သော် ယခုမူ ထိုသူများသည် အခန်း(၂)မှပေါ်ပေါက်လာခဲ့ခြင်းဖြစ်သဖြင့် ဤနှစ်တော့ ကျင်းဝူလက်ထဲတွင် ဖိနှိပ်ခံရမည့် ကံပါလာပြီဖြစ်သည်။
သို့သော် ဤစိတ်ဓာတ်ကျခြင်းသည် ခပ်ကြာကြာမခံလိုက်ပါ။ ကျင်းဝူနှင့် သူယှဥ်ပြိုင်ခဲ့ကြသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ အချင်းချင်းကြားတွင်၊ အောင်ပွဲ၊ ရှုံးပွဲများစွာရှိခဲ့ကြသဖြင့် တစ်ဘက်မှ လုံးဝဖိနှိပ်ကျော်တက်သွားပြီဟုပြော၍မရပေ။
သူတို့သည် ဤနှစ်များအတွင်းတွင် ထူးချွန်သော ကျောင်းသားများစွာကိုသင်ကြားပေးခဲ့ရသော်လည်း ဤအရာသည်မူ ကံတရားပေါ်တွင် မူတည်နေသေးသည်။ ကျောင်းသည် ကျောင်းသားများ၏ ခွန်အားကို စဥ်းစားကာ တူညီသောသန်မာမှု အညီအမျှရှိစွာဖြင့် အတန်းများခွဲပေးခဲ့ကြခြင်းဖြစ်သည်။ သို့သော်ကား၊ ထိုအခြေအနေအောက်တွင် မူလက သိပ်အထင်မကြီးခဲ့ကြသော ချူးယွင်ဖန်းနှင့် တန်စီယု ုတို့သည် ရုတ်တရက် တိုးတက်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။ သူတို့သည် မူလက သာမန်လက်ရွေးစင်ကျောင်းသားများဖြစ်ကြသော်လည်း စာသင်နှစ်တစ်ခုအပြီးတွင် ကျောင်းရှိကျောင်းသားများထဲမှ အကောင်းတကာ့အကောင်းဆုံးများဖြစ်လာခဲ့သည်။ ဤသို့သောအရာမျိုးသည် ကြိုတင်ခန့်မှန်း၍ရနိုင်မည်မဟုတ်ဘဲ၊ ကံအပေါ်ကိုသာ ပုံချနိုင်တော့မည်ဖြစ်၏။
သို့သော် ချင်ဖုန်းသည် ကျင်းဝူပြောခဲ့သည့်အတိုင်း ကျောင်းချိန်းတွေ့ဆုံမှုအကြောင်း ရုတ်တရတ်တွေးလိုက်မိသည်။ အမှတ် ၁၃ အထက်တန်းကျောင်းသည် တည်ငြိမ်သမုဒ္ဒရာမြို့တော်ရှိ ယွင်နင်ခရိုင်တွင်ဖြစ်သည်။ ဤတွေ့ဆုံမှုသည် ကျောင်းသားများအကြားရင်းနှီးမှုတိုးပွားစေရန် နှီးနှော ဖလှယ်ပွဲတစ်ခုကဲ့သို့ဖြစ်သည်။
သို့သော် ဤသည်မှာ အကြောင်းမဟုတ်ပေ။ အခြေခံအားဖြင့် ယင်းည် ကျောင်းများအကြားရှိ ပွင့်လင်းမြင်သာသော၊ လျှို့ဝှက်သော အစရှိသည့်ရုန်းကန်မှုများကို ပြသနေခြင်းဖြစ်၏။ ယွင်နင်ခရိုင်တွင် အထက်တန်းကျောင်း ၁၅ ကျောင်းရှိသည့်အတွက်ကြောင့် ကျောင်းများအကြား သဟဇာတဖြစ်ရန် မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်ပြောရလျှင် ကျောင်းများတည်ထောင်ပြီးစဥ်တည်းက ကျောင်းများအကြားတွင်ပြိုင်ဆိုင်မှုရပ်တန့်သွားခြင်းမရှိပေ။
ကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာရေးဆိုင်ရာ ပစ္စည်းများခွဲဝေမှု၊ အရင်းအမြစ်များ၊ ရန်ပုံငွေများနှင့် ကျောင်းသားများအကြားပြိုင်ဆိုင်မှုများနှင့် ပတ်သက်၏။ ဤအရာများဖြင့် ယှဥ်ပြိုင်ရာတွင် အမှတ် ၁၃ အထက်တန်းကျောင်းသည် အမြဲတစေ အောက်ဆုံးတွင်ရှိနေခဲ့ရာ သူတို့သည်အမြဲတစေ ပထမ၊ ဒုတိယရနေသော်လည်း ယင်းသည် နောက်ဆုံးမှ ရေတွက်လျှင်သာဖြစ်သည်။
အတိတ်တွင် သူတို့၌ရွေးချယ်စရာမရှိပေ။ အမှတ် ၁၃ အထက်တန်းကျောင်းတွင် ထူးချွန်သည်ဟု ယူဆနိုင်သော ကျောင်းသားများစွာရှိသော်လည်း အခြားကျောင်းများ၏ ထူးချွန်ထက်မြက်သူများနှင့် နှိုင်းယှဥ်ပါက သိသိသာသာ ကွာဟချက်ရှိနေသေးသည်။ ထို့ကြောင့် ဤကျောင်းမျိုးစုံတွေ့ဆုံပွဲတွင် ကောင်းမွန်စွာစွမ်းဆောင်ရန်မှာ အလွန်ခက်ခဲလှသည်။ ယင်းကြောင့် ၎င်းတို့သည် နှစ်ကြာလာသည်နှင့်အမျှ အရင်းအမြစ်များရရှိမှု နည်းပါးလာကာ ကျောင်းအပ်ချင်သော အရည်အချင်းရှိကျောင်းသားများ၏ မိဘများ အရေအတွက်သည်ပင် အလွန်နည်းပါးလာ၏။ ဤသည်မှာ အလွန်ဆိုးဝါးသော ကွင်းစက်တစ်ခုဖြစ်လာခဲ့သည်။
လက်တွေ့ရင်ဆိုင်ရသည့်တိုက်ပွဲတွင် ဆရာများကိုယ်တိုင်ကိုယ်ကျပါခွင့်ပြုရန် မဖြစ်နိုင်သည့်အတွက် ဤသည်ကို သိကြသော်လည်း ပြောင်းလဲရန် နည်းလမ်းမရှိခဲ့ကြပေ။ အတိတ်တွင် ထွက်လမ်းမရှိခဲ့သော်လည်း ယခုနှစ်တွင်မူ မျှော်လင့်ချက်များရှိလာနိုင်၏။
“ထားပါတော့၊ ငါမင်းနဲ့မငြင်းတော့ပါဘူး။ ကျန်းထန်ရဲ့ စွမ်းဆောင်ရည်က မဆိုးပေမယ့်၊ သူက ကျောင်းကိုပဲ စိုးမိုးနိုင်ခဲ့တယ်။ ဒါပေမယ့် ယွင်နင်ခရိုင်က ဉာဏ်ကြီးရှင်တွေကြားမှာတော့ သူက အောက်ခြေမှာပဲရှိနေဦးမှာပဲ။ အို့ယန်ကတော့ သူနဲ့မတူဘူးနော်၊ အရင်က ဘူ့ခွန်အားအရဆိုရင် အလယ်အလတ်အဆင့်လောက်ရှိပေမယ့်၊ အားနည်းတဲ့ အုပ်စုမှာဆိုရင် သူ့ကို ပထမအဆင့်သတ်မှတ်နိုင်လိမ့်မယ်” ချင်ဖုန်းသည် ချူးယွင်ဖန်းအကြောင်းထည့်မပြောခဲ့ပေ။ ချူးယွင်ဖန်းသည် အိုးယန်အား မည်သို့ အနိုင်ယူခဲ့သည်ကို ရှင်းလင်းစွာမြင်ခဲ့ရသည့်တိုင် ဤသည်မှာ အို့ယန် သတိလက်လွတ်ဖြစ်ချိန်နှင့် ချူးယွင်ဖန်း အခွင့်အရေးဆုတ်ကိုင်လိုက်ချိန် တိုက်ဆိုင်သွားသောကြောင့်သာ ဖြစ်ကာ အခြားလူများသည်လည်း သတိလက်လွတ်ဖြစ်မည်ဟု ပြော၍မရပေ။
ထို့အပြင် အို့ယန်သည်လည်း ဤမျှသတိလက်လွတ်ဖြစ်တော့မည်မဟုတ်ပေ။ ဤအဆင့်သတ်မှတ်ချက်သည် ယာယီသာဖြစ်သဖြင့် အဆင့်နှစ်ဆင့်နောက်ကျကျန်နေသည့် ချူးယွင်ဖန်းသည် မည်သို့ ဤကွာဟချက်ကို ဖြည့်တင်းနိုင်လိမ့်မည်နည်း။
“မသေချာသေးပါဘူး၊ နောက်ဆုံးတော့လည်း ဒီအရာတွေအားလုံးက နောက်စာသင်နှစ်ပေါ်ပဲမူတည်ပါတယ်။ ဆောင်းရာသီကျောင်းပိတ်ရက်အတွက် အားလပ်ရက်က တစ်လတောင်ရှိသေးတယ်လေ။ ဒါပေမယ့် ချူးယွင်ဖန်းနဲ့ တန်စီယု အတွက် ငါအများကြီးမျှော်လင့်ထားပါသေးတယ်” ကျင်းဝူက ခပ်အေးအေးဆိုလိုက်သည်။ သူ့အကြည့်များသည် အတန်း(၂)၏ ကျောင်းသားများထံသို့ရောက်လျက်ရှိကာ မျက်လုံးများတွင် တောက်ပမှုအနည်းငယ်တဖျပ်ဖျပ်ခတ်နေ၏။ သူမည်သည်ကိုတွေးနေမှန်း မည်သူမျှသိကြလိမ့်မည်မဟုတ်ပေ။