← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း(၁၄၅) တစ်လအလိုက ကျောင်းပေါင်းစုံတွေ့ဆုံပွဲ

“တာဝန်ယူရမယ်၊ ဟုတ်လား။ ကောင်းပြီ ဒါဆို တစ်ချိန်တည်းမှာပဲ သူ့ကိုလည်း တာဝန်ယူခိုင်းရမယ်” ချူးယွင်ဖန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖန်ကျိယန်အား ညွှန်ပြလျက်ဆို၏။

“ခင်ဗျားရဲ့ ကျောင်းသားက သိပ်လွန်သွားပြီနော်၊ အရမ်းရိုင်းစိုင်းနေတာပဲ။ ခင်ဗျားတို့သူ့ကို သင်ခန်းစာမပေးဘူးလို့မပြောနဲ့” အသက်လတ်ပိုင်းကျောင်းဆရာက စိတ်ဆိုးစွာပြော၏။

“ဆရာလီ၊ ဒါက ဇာတ်လမ်းအပြည့်အစုံမဟုတ်သေးဘူးမဟုတ်လား။ ယုချိုင်အထက်တန်းကျောင်းက ပြဿနာရှာဖို့ သူတို့ကို တမင်လာခိုင်းလိုက်တာပြီး၊ အခု ခင်ဗျားရဲ့ကျောင်းသားက သူထင်သလောက်မကျွမ်းကျင်နေလို့ ရှုံးသွားရတာကို ကျွန်တော့်အပြစ်လို့ ပြောချင်နေတာလား”

ချူးယွင်ဖန်းက ဖန်ကျိယန်ကို လက်ညှိုးထိုးပြကာ ပြောသည်။

“သူ့ကို ဒဏ်ရာရ‌အောင်မလုပ်ခင်မှာ ကျွန်တော်တို့ ကျောင်းနေဘက်တစ်ယောက်ကို အရင် ဒဏ်ရာရစေခဲ့တာပဲ”

“မှန်တယ်၊ အဲ့လူက ကျွန်တော်ပဲ၊ ကြည့်ပါဦး၊ သူ ကျွန်တော့်ကို ဒဏ်ရာရစေခဲ့တာ။ ခင်ဗျားက ချူးယွင်ဖန်းကို တာဝန်ယူစေချင်ရင် ဖန်ကျိယန်လည်းတာဝန်ယူသင့်တယ်လို့ ကျွန်တော်ထင်တယ်” ဂေါင်ဟုန်ချီက ချက်ချင်းပင် ရှေ့သို့ တိုးလာကာဆို၏။

ကျင်းဝူနှင့် ချင်ဖုန်းတို့သည် ဂေါင်ဟုန်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများတွေ့လိုက်သောအခါ ချူးယွင်ဖန်းပြောနေသည်မှာ မုသားမဟုတ်ကြောင်းသိလိုက်ကြသည်။ ကျင်းဝူနှင့် ချင်ဖုန်းတို့၏ အမူအယာသည် ချက်ချင်းပင် မြင်မကောင်းရှု့မကောင်းဖြစ်လာသည်။ စောစောက ဆရာလီအားလက်ခံကြိုဆိုနေကြချိန်တွင် အပြင်ဘက်၌ အလွန်စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ဟန်တူသည်။ ထပ်ရှင်းပြပေးရန် မည်သူ့ကိုမျှမလိုအပ်တော့ပေ။ မည်သို့မည်ပုံဖြစ်ပျက်သွားခဲ့သည်ကို စိတ်ကူးကြည့်နိုင်၏။ မြေပြင်ပေါ်ရှိ ဤကံဆိုးသော ကျောင်းသားသည် အမှတ်(၁၃) အထက်တန်းကျောင်းအား ကြွားဝါပြရန်နှင့် ယုချိုင်အထက်တန်းကျောင်း၏ အဆင့်အတန်းကို ထူထောင်ဖော်ညွှန်းရန် ညွှန်ကြားခံထားရခြင်းဖြစ်လိမ့်မည်ဖြစ်သည်။

ယုချိုင်အထက်တန်းကျောင်းသည် အမှတ်(၅) သို့မဟုတ် အမှတ်(၇) အထက်တန်းကျောင်းများကဲ့သို အရေးမကြီးပေ။ လူတိုင်းသည် သူတို့ထူးချွန်ကြောင်းသိကာ အမှတ်(၁၃) အထက်တန်းကျောင်း၏ ကျောင်းသားအများအပြားကို ဒဏ်ရာရစေခဲ့ဖူးကြောင်းသိကြသည်။ အကယ်၍ဂေါင်ဟုန်ချီ၏ လက်နက်သာ အနည်းငယ်စျေးပေါနေခဲ့ပါက တစ်ယောက်ယောက်ပင် သေသွားနိုင်၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းတို့၏ စောင့်ရှောက်မှုအောက်တွင် သေဆုံးသွားခဲ့ပါက ဆိုးရွားသောကိစ္စပင်ဖြစ်လိမ့်မည်ဖြစ်သည်။ ဤနေရာသည် လူ ရာချီ၊ ထောင်ချီ သေဆုံးတတ်သည့် စစ်မြေပြင်မဟုတ်ပေ။ မြို့ထဲတွင် လူတစ်ဦးဦး သေဆုံးသွားခြင်းသည်မူ ကိစ္စကြီးတစ်ခုဖြစ်၏။

မည်သူမျှ မသေခဲ့သော်လည်း ကျင်းဝူနှင့် ချင်ဖုန်းတို့၏ အမူအရာသည် အလွန်အမင်း ရုပ်ပျက်ဆင်းပျက်ဖြစ်လျက်ရှိသည်။ အထူးသဖြင့် သူတို့ကျောင်းသားသည် အပြင်လူထံတွင် အနိုင်ကျင့်ခံခဲ့ရသည်ကို သိသောအခါ အလွန်အမင်းမျက်စိပျက်မျက်နှာပျက်ဖြစ်လျက်ရှိသည်။ သို့သော် ချူးယွင်ဖန်း၏ အမူအရာကိုကြည့်ပါက၊ ဤကျောင်းသားအား သင်ခန်းစာပေးခဲ့ပြီးဖြစ်ကြောင်း ထင်ရှားနေသည်။ ချုးယွင်ဖန်းသည်လည်း ဖန်ကျိယန်အား ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သဖြင့် ဤသည်မှာ ညီမျှသည်ဟု ယူဆ၍ရ၏။

“ဆရာလီ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ” ချင်ဖုန်းက မေးသည်။ ဤအခိုက်အတန့်တွင် သူသည် ချူးယွင်ဖန်းကို ကြည့်လိုက်ကာ ဤကျောင်းသားသည် ကြည့်ရ အလွန်ကျေနပ်စရာကောင်းသည်ဟု ခံစားလိုက်မိ၏။ အတန်း(၁)မှ ကျောင်းသားတစ်ဦးကလည်း သူ့အတန်းမှ ကျောင်းသားတစ်ဦးလည်းဒဏ်ရာရရှိခဲ့ရကြောင်း တိတ်တဆိတ်ပြောခဲ့သည်။ ချူးယွင်ဖန်းသည် သူတို့နှစ်ဦးလုံးအတွက် လက်စားချေပေးခဲ့ခြင်းဖြစ်ကြောင်းကြားပြီးနောက် ချင်ဖုန်း အတော်လေး စိတ်ကျေနပ်သွားမိသည်။

ဆရာလီသည် “ဒီမေးခွန်းကို ငါဘယ်လို ချက်ချင်းပြန်ဖြေပေးရမှာလဲ” ဟု ပြန်ဖြေချင်နေသော်လည်း ယခုမူ ရှေ့မတိုးသာ၊ နောက်မဆုတ်သာအခြေအနေတွင်ရှိနေပြီဖြစ်သည်။ ဖန်ကျိယန်ကို ပြဿနာရှာရန် ညွှန်ကြားထားခဲ့စဥ်တည်းက အမှတ်(၁၃) အထက်တန်းကျောင်းဆရာများ၏ မေးမြန်းစုံစမ်းမှုကို ခံရနိုင်သည်မှန်း သူထင်ထားခဲ့သည်။ နောက်ဆုံးတွင်မူ မည်သည့်ဆရာကမှ သူတို့ကျောင်းသားများ အနိုင်ကျင့်ခံရသည်ကို စောင့်ကြည့်နေကြလိမ့်မည်မဟုတ်ပေ။ ဆရာလီသည် အခြေအနေကို ကိုင်တွယ်ဖြေရှင်းရမည့်နည်းလမ်းများစွာကို တွေးတောခဲ့သော်လည်း သူ့ခေါင်းထဲမှ စိတ်ကူးယဥ်အဖြစ်အပျက်တစ်ခုသည်မှ ဤကဲ့သို့မဟုတ်နေခဲ့ပေ။ သူ့ကျောင်းသားသည် သေသေချာချာပင် ရှုံးသွားခြင်းဖြစ်ကာ ယုချိုင်အထက်တန်းကျောင်းသည် ယုချိုင်အား နှိုးဆော်ရန်လာခဲ့ခြင်းဖြစ်သော်လည်း သင်ခန်းစာတစ်ခုသာပေးခံလိုက်ရသည်။

‘ဒီ့ထက်ပိုပြီး ရှက်ဖို့ကောင်းတာရှိနိုင်ဦးမလား’

ဆရာလီသည် မျက်နှာတည်တည်ဖြင့် တစ်ခုသာပြောနိုင်တော့သည်။

“ကျွန်တော် ဘာပြောနိုင်ဦးမှာလဲ။ လေ့ကျင့်ရေးတိုက်ပွဲမှာ ကျောင်းသားတွေကျရှုံးတာ ပုံမှန်ပါပဲ”

ကျင်းဝူက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ဂေါင်ဟုန်ချီအတွက် တရားမျှတမှုကို မရယူနိုင်ခဲ့သော်လည်း အနည်းဆုံးတော့ ဖန်ကျိယန်အား ချူးယွင်ဖန်းပြင်းထန်စွာဒဏ်ရာရစေခဲ့ခြင်းကိစ္စကိုမူ ပယ်ပျောက်အောင်လုပ်နိုင်ခဲ့သည်။ ဤကျောင်းသားသည် သူ့အဆင့်အတန်းကို အမှန်တကယ်ပင် မြှင့်တင်ပေးနေခြင်းဖြစ်သဖြင့် ကျင်းဝူအလွန်အမင်း ကျေနပ်နေမိသည်။ ယုချိုင်အထက်တန်းကျောင်းမှ ကျောင်းသားများသည် ရင်ဆိုင်ရမလွယ်ကူသော လက်ရွေးစင်များထဲမှ လက်ရွေးစင်များဖြစ်သည်ကို သူသိသည်။ ချူးယွင်ဖန်းသည် သူ့အား စိတ်မပျက်စေခဲ့ပေ။

“အဲ့တာကြောင့်မို့လို့ ဘာမှ ပြောစရာမရှိပါဘူး။ ကလေးတွေကိုဆေးကုဖို့ လွှတ်လိုက်တာပိုကောင်းလိမ့်မယ်။ ငါတို့ဆေးရုံက ဝန်ထမ်းတစ်ယောက် ဒီမှာရှိနေသေးတယ်” ချင်ဖုန်းက ပြောသည်။

ဆရာလီသည် ချူးယွင်ဖန်းအား ကြည့်ရုံမှလွဲ၍ စိန်းဝါးဝါးကြည့်ရုံသာကြည့်နိုင်၍ သဘောတူလိုက်ရတော့သည်။ ဤကိစ္စသည် အကျယ်ချဲ့၍ကောင်းသော ကိစ္စများမဟုတ်ပေ။ မဟုတ်လျှင် မိမိတို့ကျောင်းသားများကို အမှတ်(၁၃) အထက်တန်းကျောင်းအား ရန်စရန်ညွှန်ကြားထားသည်ကို ဖော်ထုတ်လိမ့်မည်မှာသေချာ၏။ အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် ယုချိုင်အထက်တန်းကျောင်း၏ ပုံရိပ်ကို ပျက်စီးစေလိမ့်မည်ဖြစ်သည်။

“ချူးယွင်ဖန်း၊ ဟုတ်တယ်နော်။ တစ်လကြာရင် ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ငါတို့ တိုက်ခိုက်ဖို့အခွင့်အရေးရှိလာဦးမှာပါ” လုရှု့ရန်က ဖန်ကျိယန်အား ကုသရန်ခေါ်သွားစဥ်တွင် ချူးယွင်ဖန်းအားပြောလိုက်သည်။

“ကောင်းပြီ၊ မင်းတို့တွေ ကျောင်းအုပ်ကြီးရုံးခန်းကို အမြန်သွားတာကောင်းလိမ့်မယ်။ ကျောင်းအုပ်က မင်းကို ပြောစရာရှိတယ်တဲ့” ကျင်းဝူက ချူးယွင်ဖန်းနှင့် သူ့သူငယ်ချင်းများထံသို့ ပြောလိုက်၏။

ဂေါင်ဟုန်ချီသည် ကုသမှုခံယူရန်သွားရသဖြင့် ချူးယွင်ဖန်းနှင့် ထန်စီယုတို့နှစ်ဦးသာ ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ အမြန်လျှောက်သွားကြသည်။ ရုံးခန်းသို့ရောက်သောအခါ ဤနှစ် ကျောင်းအဆင့်သတ်မှတ်တိုက်ပွဲမှ အခြားထိပ်တန်းကျောင်းသား အယောက်နှစ်ဆယ်သည်လည်း ရောက်ရှိနေနှင့်ပြီဖြစ်ကာ၊ ဂေါင်ဟုန်ချီနှင့် အဆင့် ၂၀ မြောက် အတန်း(၁)မှ ကျောင်းသားတစ်ဦးမှလွဲ၍ ကျန်လူများအားလုံးရှိနေ၏။ သူတို့သည် နောက်ဆုံးမှရောက်လာသည့် လူနည်းစုဖြစ်သည့်အတွက် ပြင်ပကိစ္စများကြောင့် နောက်ကျခဲ့သည်မှာ သိသာလျက်ရှိသည်။

ကျောင်းအုပ်ကြီး ဟွာချန်ရှန်က သူတို့နှစ်ဦးရောက်လာသည်ကို မြင်သောအခါ ခေါင်းညိတ်၍ ဆို၏။

“မရောက်သေးတဲ့ နှစ်ယောက် ကျန်သေးတယ်ထင်တယ်”

“ကျောင်းအုပ် ခုဏက…” ချူးယွင်ဖန်းသည် လက်ကိုမြှောက်လိုက်ကာ ခုဏကဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ပြောပြလိုက်သည်။

အခြားထိပ်တန်းကျောင်းသား အယောက်နှစ်ဆယ်သည် နာကြည်း ဒေါသဖြစ်သော အမူအယာများကို ဖော်ပြလျက်ရှိသည်။ သူတို့အားလုံးသည် အမှတ်(၁၃) အထက်တန်းကျောင်းမှ လက်ရွေးစင် ထူးချွန်ကျောင်းသားများဖြစ်ကြကာ ဖန်ကျိယန်၏ လုပ်ရပ်သည် သူတို့၏ မျက်နှာတည့်တည့်သို့ ဖြတ်ရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။ သို့သော်၊ ချူးယွင်ဖန်းသည် ဖန်ကျိယန်အား အနိုင်ယူကာ ဒဏ်ရာရစေခဲ့ကြောင်းသိလိုက်ရသောအခါ၊ ‘သူနဲ့တန်တယ်’ ဟူသော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသူတို့သည် ပြဿနာရှာရန်ရောက်လာခဲ့ကြခြင်းဖြစ်သည့်အလျောက် အနိုင်ယူခံရမည်ကိုလည်း ပြင်ဆင်ထားကြသင့်သည်ပင်ဖြစ်၏။

ကျောင်းသားအုပ်စုသည် ချူးယွင်ဖန်းအား အမြင်အသစ်တစ်ခုဖြင့် ကြည့်ရလိမ့်မည်ဟု ခံစားမိနေကြသည်။ ဖန်ကျိယန်သည် ယုချိုင်အထက်တန်းကျောင်း၏ လက်ရွေးစင်ကျောင်းသားတစ်ယောက်ဖြစ်ကာ ချူးယွင်ဖန်းနှင့်တိုက်ခိုက်ရန် မလိုက်ညီပေ။

“ဟုတ်တယ်၊ ငါ ဒီကိစ္စကို သိပြီးပြီ။ ကောင်းကောင်းလုပ်ခဲ့တယ် ယွင်ဖန်း၊ ငါတို့ကျောင်းရဲ့ ဂုဏ်သိက္ခာကို မင်းကာကွယ်ပေးခဲ့တာပဲ။ ငါတို့ရဲ့ အတန်းဖော်နှစ်ယောက် ဒဏ်ရာရနေပြီဖြစ်တာကြောင့် သူတို့အကြောင်းခဏထားလိုက်ကြရအောင်။ နောက်မှ ပြန်ခေါ်ဖို့ မင်းတို့ရဲ့ အတန်းပိုင်ဆရာတွေကို ငါခေါ်လိုက်မယ်။ ကဲ၊ အလုပ်စကြရအောင်”

အားလုံး ငြိမ်သက်ကာ ဟွာချန်ရှန်ထံသို့ ကြည့်လိုက်ကြသည်။

“ချူးယွင်ဖန်းပြောခဲ့တဲ့ ယုချိုင်အထက်တန်းကျောင်းရဲ့ ဆရာနဲ့ ကျောင်းသားတွေက ငါတို့ကို ဖိတ်စာပို့ဖို့ရောက်လာခဲ့ကြတာပဲ။ အဲ့ ဖိတ်ကြားချက်က ဒီနေရာမှာရှိနေတဲ့ မင်းတို့အားလုံးအကျုံးဝင်တယ်။ ယွင်နင်ခရိုင်က အထက်တန်းကျောင်းတိုင်းက နှစ်စဥ်တွေ့ဆုံပွဲလုပ်ဖို့ ဖိတ်ကြားခံရတယ်။ ဒီပွဲမှာ ပါဝင်ရမယ့်သူတွေကတော့ မင်းတို့အားလုံးပါပဲ။ ကျောင်းတစ်ခုစိရဲ့ ထိပ်တန်းကျောင်းသားအယောက် နှစ်ဆယ်ပဲ ဒီတွေ့ဆုံပွဲမှာ ပါဝင်ဖို့ အရည်အချင်းပြည့်မီတယ်။ ငါတို့ ကျောင်းက ဒီတွေ့ဆုံပွဲအတွက် ထိပ်တန်းကျောင်းသားအယောက် နှစ်ဆယ်ကို အထူးရွေးချယ်လိုက်ရတာပဲ”

လူအုပ်ထဲမှ လူတစ်ချို့သည် ဤအကြောင်းကို အခုမှ စတင်သိလာခဲ့ကြသည်။ ထိုအချိုက်အတန့်တွင်မူ သူတို့၏ မျက်နှာထက်တွင် အဆင့်သတ်မှတ်တိုက်ပွဲ၏ အကြောင်းပြချက်ကို သိရှိသွားသည့် အရိပ်အယောင်များ ထင်ဟပ်လျက်ရှိ၏။

“တွေ့ဆုံပွဲကို စာသင်နှစ်အသစ်ရဲ့အစ၊ နောက်လမှာကျင်းပလိမ့်မယ်။ မင်းတို့မှာ ပြင်ဆင်ဖို့အချိန်တစ်လရှိပါတယ်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ မင်းတို့အားလုံး ကျောင်းရဲ့ ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြဖို့ မျှော်လင့်ပါတယ္။ တစ်ချိန်တည်းမှာပဲ၊ မင်းတို့ကိုယ်တိုင်ရဲ့ ဂုဏ်ကိုလည်း မြှင့်တင်လိုက်ကြပါ။ ဒီကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ပါဝင်တဲ့သူတွေကို ကျောင်းက ယွမ်နှစ်သိန်းစီချီးမြှင့်ပေးမယ်”

အခန်း(၁၄၆) သူတို့ ချန်ပီယံရှင်ကို မနိင်ရင်အဓိပ္ပါယ်မရှိဘူး

ကျောင်းသားအချို့၏ မျက်နှာထက်တွင် ပျော်ရွှင်မြူးတူးသောအကြည့်များရှိနေ၏။ ယွမ်နှစ်သိန်းသည် ငွေရှာနိုင်စွမ်းမရှိသေးသော ကျောင်းသားများအတွက် အလွန်များပြားသော ပမာဏဖြစ်သည်။

လူနှစ်ဆယ်သည် ၄သန်းနှင့် ညီမျှသဖြင့် ဤသည်မှာ နည်းပါးသော ပမာဏမဟုတ်ပေ။ အမှတ်(၁၃) အထက်တန်းကျောင်းသည် ဤနေရာတွင် ကြီးများသော ခြားနားချက်တစ်ခုကို အများနှင့် မတူအောင် ပြုလုပ်ချင်နေခြင်းဖြစ်၏။

“နောက်လက ဆောင်းရာသီကျောင်းပိတ်ရက်ပဲ။ အားလပ်ချိန်မှာ အားလုံးမနားကြသေးဘဲ ဆက်လက်လေ့ကျင့်နေကြမယ်လို့ ငါမျှော်လင့်ပါတယ်။ အရေးကြီးဆုံးကတော့ လာမယ့် ကောလိပ်ဝင်ခွင့်စာမေးပွဲတွေပါပဲ။ မင်းတို့အားလုံး ပြည်ထောင်စုအစိုးရရဲ့ ထိပ်တန်းကျောင်းဆယ်ကျောင်းကို တက်ရောက်ခွင့်ရနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ပြည်ထောင်စုတက္ကသိုလ်ကိုတောင် မင်းတို့ ဝင်ခွင့်ရနိုင်မယ်လို့ ငါထင်တယ်”

“အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်။ ကျောင်းအုပ်ကြီး” လူတိုင်းသည် ပြိုင်တူပြောလိုက်၏။

“ကောင်းပြီ။ မင်းတို့ရဲ့ ဆောင်းရာသီအားလပ်ရက်ကို ငါမနှောက်ယှက်တော့ဘူး။ အခု ပြန်လို့ရပြီ။ အားလုံးပဲ နောက်နှစ်ပြန်တွေ့ကြမယ်” ဟွာချန်ရှန်က သူတို့အားလုံးအားပြန်ခွင့်ပေးလိုက်သည်။

ထွက်လာသောအခါတွင် လူတိုင်းသည် တစ်ဦးနှစ်တစ်ဦး စကားပြောကာ ဆွေးနွေးလျက်ရှိကြသည်။

“မင်း အဲ့ယုချိုင်အထက်တန်းကျောင်းက ကောင်ကို သင်ခန်းစာပေးလိုက်တာလား” ကျောင်းအုပ်ကြီးရုံးခန်းထဲမှ အားလုံးထွက်လာသောအချိန်တွင် အို့ယန်က ချက်ချင်းရှေ့ထွက်ကာမေးလိုက်သည်။

သူသည် ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ စောစီးစွာရောက်ရှိနေခဲ့သဖြင့် ထိုပွဲကြီးပွဲကောင်းကို မမှီခဲ့ပေ။

“ဟုတ်တယ်။ ငါသူ့ကို သင်ခန်းစာပေးခဲ့တယ်” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

“သူ့ခွန်အားက ဘယ်လိုနေလဲ”

ဤမေးခွန်းကို အို့ယန်မေးလိုက်သောအခါတွင် အားလုံးသည် အရှိန်လျှော့လိုက်ကြသည်။ ယုချိုင်အထက်တန်းကျောင်း၏ခွန်အားကို သူတို့အားလုံးက သိချင်ကြသည်။ အမှတ်(၁၃) အထက်တန်းကျောင်းသည် ယုချိုင်အထက်တန်းကျောင်းနှင့် မယှဥ်နိုင်သော်လည်း အမှတ်(၅) နှင့် အမှတ်(၇) အထက်တန်းကျောင်းများသည်မူ ယှဥ်နိုင်၏။ သို့သော် အမှတ်(၁၃) အထက်တန်းကျောင်းမှ လက်ရွေးစင်ကျောင်းသားများအတွက်မူ တစ်မြို့လုံးရှိ လူသားမျိုးနွယ်၏ စာဖြေသူများအားလုံးသည် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် ပြိုင်ဘက်များဖြစ်ကြ၏။ ယုချိုင်အထက်တန်းကျောင်းသည် ခရိုင်၏ အဓိကအချက်အခြာနေရာဖြစ်သည်သာမက မြို့၏ အချက်အခြာကျောင်းလည်းဖြစ်သည်။ ထို့ကြောင့် သူတို့တွင် မည်သို့သောခွန်အားမျိုးရှိသည်ကို သိချင်ကြ၏။

“ခွန်အားလား။ ဒီကောင်က ငါတို့ထက်အများကြီး သန်မာတယ်။ ငါ့ကြောင့် ဒဏ်ရာရသွားတဲ့ကောင်က သူတို့ကျောင်းရဲ့ အဆင့်နှစ်ဆယ်မြောက်ပဲ။ ဒါပေမယ့် ခွန်အားကတော့ ကျန်းထန်ထက် နည်းနည်းလေးပဲအားနည်းတယ်။ နောက်ပြီး လုရှု့ရန်လို့ခေါ်တဲ့ နောက်တစ်ယောက်လည်းရှိသေးတယ်။ သူ့ခွန်အားက မင်းနဲ့အတူတူလောက်ပဲ။ ဆိုရရင် မင်းအားကုန်ထုတ်သုံးလိုက်တဲ့ ပမာဏနဲ့ အတူတူလောက်ပဲ အို့ယန်” ချူးဘွင်ဖန်းသည် အချက်အလက်များကို ဖော်ပြရုံသာဖြစ်ကာ ချဲ့ကားနေခြင်းမဟုတ်ပေ။

ချူးယွင်ဖန်း ဤသို့ပြောသည်ကို ကြားသောအခါ သူတို့၏ အမူအယာများသည် ချက်ချင်းလေးနက်လာခဲ့သည်။ သူတို့အားလုံးသည် ထိပ်တန်း အယောက်နှစ်ဆယ်စာရင်းတွင်ပါဝင်သော်လည်း ယုချိုင်အထက်တန်းကျောင်းမှ ဖန်ကျိယန်သည် ချီပင်လယ်ဆဠမအဆင့်တွင်ရှိကာ သူတို့သည်မူ ချီပင်လယ် ပဥ္စမအဆင့်တွင်သာရှိသေးသည်။

“လုရှု့ရန် ဟုတ်လား” အို့ယန်က မျက်မှောင်ကြုတ်လျက်ပြောသည်။

“လုရှု့ရန်ကလည်း လူကောင်းတစ်ယောက်မဟုတ်ဘူး။ သူကအခု ယုချိုင်အထက်တန်းကျောင်းရဲ့ ထိပ်တန်းဆယ်ယောက်ထဲက တစ်ယောက်ပဲ” ကျောင်းသားတစ်ယောက်က ချက်ချင်းဝင်ပြောလိုက်သည်။ လုရှု့ရန်အကြောင်းကို အင်တာနက်တွင် စစ်ဆေးကြည့်ပြီးနောက် ခံစားချက်များ ရှုပ်ထွေးသွားသကဲ့သို့ခံစားလိုက်ရသည်။

လုရှု့ရန်သည် ယုချိုင်အထက်တန်းကျောင်း၏ ထိပ်တန်းကျောင်းသားဆယ်ယောက်အနက် တစ်ဦးဖြစ်သော်လည်း အို့ယန်နှင့် တန်းတူဖြစ်နေပြီဖြစ်သည်။ ဤသို့ဆိုလျှင် ယုချိုင်အထက်တန်းကျောင်း၏ ထိပ်တန်းကျောင်းသားသုံးယောက်တွင် မည်သို့သော ကျင့်ကြံရေးအဆင့်မျိုးရှိနေနိုင်သနည်း။

လူတိုင်းသည် ကျိုးတုံးကြီးတစ်တုံးကို ပခုံးပေါ်သို့ တင်ထားရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ယုချိုင်အထက်တန်းကျောင်းမှ တစ်ယောက်တည်းကပင် သူတို့ထက် များစွာသန်မာနေပြီဖြစ်သည်။ အမှတ်(၇) နှင့် အမှတ်(၅) အထက်တန်းကျောင်းများမှ ပါဝင်သူများလည်းရှိဦးမည်ကို တွေးမိသောအခါ ပါရမီရှင်များစွာရှိသေးသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းထန်၏ အမူအရာသည် အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်လျက်ရှိသည်။ သူသည် အမှတ်(၁၃) အထက်တန်းကျောင်း ထိပ်တန်းလေးယောက်ထဲမှ တစ်ယောက်ဖြစ်သော်လည်း ခွန်အားအရ ယုချိုင်အထက်တန်းကျောင်း၏ အဆင့်နှစ်ဆယ်နှင့် အတူတူပင်ဖြစ်နေသည်။ ဤပြင်းထန်သော ခြားနားမှုက သူ့အား အလွန် စိတ်မသက်မသာဖြစ်စေ၏။ ဘဝတစ်လျှောက်လုံးတွင် သူသည် ကောင်းကင်ဘုံမှ ပါရမီရှင်တစ်ပါးဟု ကိုယ်ကိုယ်ကိုယ်သတ်မှတ်ကာ အမြဲတမ်းဂုဏ်ယူနေခဲ့သည်။ သူတို့ကျောင်းတွင် သူနှင့်ယှဥ်နိုင်သောသူ အို့ယန်တစ်ယောက်သာရှိသော်လည်း ယခုမူ သူသည် သာမန်မျှသာဖြစ်သည်ဟု ပြောခံနေရခြင်းဖြစ်၏။

ဤသည်က သူ၏ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုအပေါ် ကြီးမားသော ထိုးနှက်ချက်ကြီးတစ်ခုဖြစ်နေ၏။

အို့ယန်အား ကြည့်လိုက်သောအခါ အို့ယန်သည် သူ့အား အလေးအနက်မထားဟုခံစားမိခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ အို့ယန်သည် သူ့အား သတိပင်မထားမိပေ။ ယခုထိုအကြောင်းတွေးမိသောအခါ အို့ယန်၏ အကြည့်သည် မြို့၏ ပါရမီရှင်ကျောင်းသားများပေါ်တွင်သာ ကျိန်းသေရှိနေလိမ့်မည်ဖြစ်သည်။

“အားလုံး၊ စိတ်မပူကြပါနဲ့။ ယုချိုင်အထက်တန်းကျောင်းက လူတွေက ခေါင်းသုံးလုံး၊ လက်ခြောက်ချောင်းပါတဲ့လူတွေမဟုတ်ဘူး။ ဘာကြောက်စရာရှိလို့လဲ။ ဒါ့အပြင် သူတို့ရဲ့ အယောက်နှစ်ဆယ်မြောက်က ချူးယွင်ဖန်းဆီမှာ လွယ်လွယ်ကူကူရှုံးသွားခဲ့တာပဲ။ ငါတို့အားလုံး အပြင်းအထန် လေ့ကျင့်နေသရွေ့ သူတို့ကို အမီလိုက်ဖို့ အခွင့်အရေးရလာမှာပါ” အို့ယန်က ပြောသည်။

“ဟုတ်တယ်။ သူတို့အားလုံးကပခုံးနှစ်ဖက်နဲ့ ခေါင်းတစ်လုံးပါတဲ့လူတွေပဲ။ ဘာကြောက်စရာရှိလဲ” ကျောင်းသားတစ်ဦးက အော်ဟစ်လိုက်သည်။

“ဒါ့အပြင် အထူးကျောင်းတွေရဲ့ ဒီကျောင်းသားတွေရဲ့ ပစ်မှတ်က သေချာပေါက် ထိပ်တန်း ကျောင်းဆယ်ကျော်းပဲ။ သူတို့ ပြည်ထောင်စုတက္ကသိုလ်ကို‌တောင် ချိန်ရင်ချိန်နေကြမှာ။ သူတို့နဲ့ ငါတို့နဲ့ မတိုက်ခိုက်ရလောက်ဘူး”

“ယုချိုင်အထက်တန်းကျောင်းရဲ့ ပစ်မှတ်တွေက အမှတ်(၅) နဲ့ အမှတ်(၇) အထက်တန်းကျောင်းတွေပဲ။ ငါတို့ က ချန်ပီယံကို အနိုင်ရမှာမှမဟုတ်တာ။ ငါတို့နဲ့ သိပ်မဆိုင်ဘူးမလား”

ကျောင်းသားအများသည် ပျာယာခတ်နေသောအသံများဖြင့် ပြောလျက်ရှိကြသည်။ အို့ယန်ယွဲ့သည် ယင်းကို ကြည့်နေရင်းဖြင့် မျက်ခုံးများ ပို၍ ကြုတ်လာခဲ့သည်။ ကျောင်းသားအများအပြားသည် ကြောက်နေကြပြီဖြစ်ကာ တကယ်တမ်းတွင် ယုချိုင်အထက်တန်းကျောင်းသည် သူတို့နှင့် ဝေးကွာလွန်း၏။

“ချန်ပီယံဆု မယူဘူး၊ ဟုတ်လား။ ငါတို့ ချန်ပီယံဆုရဖို့မကြိုးစားရင် အဓိပ္ပါယ်မရှိတော့ဘူး” ချူးယွင်ဖန်းက ရှေ့သို့တစ်လှမ်းတိုးက ပြောလိုက်သည်။ “ချန်ပီယံဆုကို ဘာလို့ အမှတ်(၅)၊ အမှတ်(၇) နဲ့ ယုချိုင်ကပဲ ယူနိုင်ရမှာလဲ။ မင်းတို့အားလုံးက အောက်ခြေမှာရှိဖို့ကို အဆင်သင့်ဖြစ်နေကြပြီလား။ ငါတော့မဖြစ်ဘူးကွ”

ဤသို့ပြောကာ ချူးယွင်ဖန်းသည် လူအုပ်ထဲမှ လှည့်ထွက်လာခဲ့သည်။

“နင်တို့ ဒီကိုရောက်နေပြီဆိုတည်းက ကောင်းကောင်းလုပ်နိုင်လို့လေ။ အခုမှ ဘာကိစ္စနဲ့နောက်ဆုတ်ရမှာလဲ”

တန်စီယုသည် ထိုသို့ပြောခဲ့ပြီးနောက် သူ့နောက်သို့လိုက်လာ၏။ ကျောင်းသားအများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လျက်ကာ၊ တစ်ဖက်လူ၏ အလွန်အမင်းတွက်ဆချက်ကို လှောင်ရယ်ချင်ကြသော်လည်း တစ်ဖက်လူသည် ချန်ပီယံချူးယွင်ဖန်းဖြစ်၏။ တတိယနေရာမှ ထန်စီယုကိုပင် သူတို့ မလှောင်ရယ်နိုင်ကြပေ။ လူအများ၏ အတွေးသည် တူညီသောအကြောင်းအရာတစ်ခုသာရှိနေ၏။

ချူးယွင်ဖန်းသာဆိုလျှင် လုပ်နိုင်လိမ့်မည်ဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် ချူးယွင်ဖန်းသည် အံ့ဖွယ်တစ်ခုပြီးတစ်ခုလုပ်ဆောင်ခဲ့ကာ လူတိုင်းသည် သူ့အပေါ် မသိလိုက်ဘဲ ယုံကြည်မှုများ ပေါက်ဖွားလာခဲ့ကြသည်။ တန်စီယုသည်လည်း ကိုယ့်တက်လမ်းကိုယ်ဖောက်သည့် မြင်းနက်တစ်ကောင်ဖြစ်သည်။ သူမသည် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်သော်လည်း ဒုတိယသာဖြစ်သည်။

“ချူးယွင်ဖန်းပြောတာမှန်တယ်။ သူတို့က ဒီလောက် ကိစ္စကြီးမဟုတ်ပါဘူး။ တိုက်ပွဲတစ်ခုပါပဲ” အို့ယန်သည် လူအုပ်ကို တစ်ချက်ကြည့်၍ပြောပြီးနောက် အမြန်ထွက်သွားခဲ့သည်။ လူအများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ကျန်ခဲ့၏။ ထိုအချိန်တွင် ကျန်းထန်သည် ရှေ့သို့တိုးလာခဲ့သည်။ သူသည် ချူးယွင်ဖန်း၊ အို့ယန်နှင့် တန်စီယုတို့ကို သဘောမကျသော်လည်း သူတို့မှန်သည်ဟု ခံစားမိသည်။

“ကိုယ့်ကိုယ်ကိုယ်မရှက်ကြဘူးလား၊ ပွဲမရောက်ခင် မြှားကုန်နေကြပြီမင်းတို့က။ အဲ့လိုစိတ်ဓာတ်မျိုးတွေနဲ့ သူတို့ကို အနိုင်ယူဖို့ဖြစ်နိုင်ပါ့မလား။ သူတို့က ဒီနေ့ ငါတို့ကျောင်းမှာ မိုက်မိုက်မဲမဲ လုပ်ခဲ့တာ၊ ငါတို့မျက်နှာကို ပါးရိုက်သွားသလိုပဲ။ မင်းတို့ မျက်နှာ မပူဘူးလား။ ငါတော့ ပူတယ်။ ငါ သေချာပေါက် ဒီအကြွေးကို ပြန်တောင်းရမယ်”

ဤသို့ပြောကာ ကျန်းထန်သည် ထွက်သွား၏။ လူတိုင်းသည် မည်သို့ပြောရမည်ကို မသိဘဲ တစ်ယောက်နှင့်တစ်ယောက်ကြည့်လျက်ရှိကြသော်လည်း သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များ တိုးမြင့်လာသည်ကို ခံစားနိုင်၏။

ချူးယွင်ဖန်းသည် သင်ကြားရေးအဆောက်အအုံထဲမှ ထွက်လာကာ ရပ်လိုက်ပြီးနောက် တန်စီယုအားကြည့်၍ ပြောသည်။

“နင့်မှာ ဆောင်းရာသီအားလပ်ရက်အတွက် အစီအစဥ်တွေဘာတွေများရှိလား”

“ငါ မကောင်းဆိုးဝါးတွေ အမဲလိုက်မလို့။ တိုက်ပွဲစစ်ကသာ တိုးတက်ဖို့အမြန်ဆုံးနည်းလမ်းပဲ” တန်စီယုက မထူးဆန်းသော ကိစ္စတစ်ခုကဲ့သို့ဆို၏။ သူမကဲ့သို့ မိန်းကလေးတစ်ယောက်သည် အဘယ်ကြောင့် ဤမျှပြင်းထန်သော တိုက်ခိုက်ရေးစိတ်ဓာတ်ရှိနေသည်မှာ ခန့်မှန်းရခက်၏။

အခန်း(၁၄၇) မကောင်းဆိုးဝါးအမဲလိုက်လိုင်စင်

“နင့်မှာ အပြင်ထွက်ဖို့နည်းလမ်းရှိလား” ချူးယွင်ဖန်းက မေးလိုက်သည်။

လူ့အစိုးရတွင် သာမန်လူအများ၏ စွမ်းဆောင်မှုများနှင့် ပတ်သက်၍ ကန့်သတ်ထားသောစည်းမျဥ်းများရှိသည်။ ကမ္ဘာမြေပေါ်နှင့် ခွန်းလွန်နယ်ပယ်၏ လက်ရှိအခြေအနေအရ၊ မြို့မှထွက်ခွာခြင်းသည် မကောင်းဆိုးဝါးများ၏ နယ်မြေထဲသို့ဝင်ရောက်သွားခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် ကိုယ်ကိုယ်ကိုယ်သတ်သေခြင်းသာဖြစ်ကာ သာမန်ပြည်သူလူထုသည် သူတို့နေထိုင်ရာမြို့ကို မစွန့်ခွာကြပေ။

ယနေ့ခေတ် လူသားများ၏ ဘဝသည် ယခင်ကထက် လွန်စွာသာလွန်ကောင်းမွန်လာခဲ့သော်လည်း မိမိတို့ဘဝကို ကိုယ်တိုင် သရော်နေကြသော သူများလည်းရှိသေးသည်။ ယခုခေတ်လူများ၏ ဘဝသည် လှောင်အိမ်ထဲတွင် မွေးမြူထားသော ဝက်များနှင့် မည်သည့်နေရာတွင် ကွာခြားချက်ရှိတော့မည်နည်း။

“ငါ မကောင်းဆိုးဝါးအမဲလိုက်လိုင်စင်ကို ရက်အနည်းငယ်အတွင်းရဖို့ စီစဥ်ထားတယ်။ အစောပိုင်း အခြေခံအဆင့်လိုင်စင်က မြို့ပြင်အဝေးကြီးကို သွားခွင့်မပေးပေမယ့် အဲ့တာက လုံ‌လောက်ပြီလို့ ငါထင်တယ်” တန်စီယုက ပြောသည်။ ချူးယွင်ဖန်းသည် တန်စီယုကို ကြည့်လိုက်သည် အတွေးတစ်ခုကို တွေးမိ၏။ သူ သူမကိုသိခဲ့စဥ်တည်းက သူမသည် မည်သည့်အချိန်တွင်မှ ရပ်နေခြင်းမရှိခဲ့ပေ။ သူမ၏ နောက်တွင် တစ်စုံတစ်ယောက်က ရှေ့ဆက်လျှောက်လှမ်းရန် တွန်းအားပေးနေသကဲ့သို့ပင်။ ပို၍သန်မာလာချင်ခြင်းသည် သူမ၏ ကိုယ်ပိုင်ဆန္ဒမဟုတ်ကြောင်း ကြီးကြီးမားမားခံစားမိ၏။

ထို့အပြင် သူမပြောခဲ့သည့် မကောင်းဆိုးဝါးအမဲလိုက်လိုင်စင်သည် အမှန်တကယ်ကိုပင် အဆင်အပြေဆုံးဖြစ်သည်။ မကောင်းဆိုးဝါးများစွာ၏ ခန္ဓာကိုယ်များသည် ရတနာများဖြင့် ပြည့်နှက်နေသည်။ ဆိုရလျှင် ထိုသတ္တဝါကြီးများ၏ အသားသည် လူချမ်းသာများ၏ ထမင်းစားပွဲအတွက် မရှိမဖြစ်လိုအပ်သောဟင်းတစ်ခွက်ဖြစ်၏။ ၎င်းတို့၏ အကြေးခွံများကို သံချပ်ကာအဖြစ်ပြုလုပ်နိုင်ကာ၊ ခြေသည်းနှင့် သွားများကိုမူ လက်နက်များအဖြစ်ပြုလုပ်နိုင်၏။ ထို့ကြောင့် ပြည်ထောင်စုအစိုးရသည် ပြည်သူများကို မကောင်းဆိုးဝါးများကို အမဲလိုက်ရန် တွန်းအားပေးလျက်ရှိသည်။

သို့ရာတွင် မကောင်းဆိုးဝါးအမဲလိုက်လိုင်စင်ကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် တန်းမြင့်အဆင့်နှင့် ကျွမ်းကျင်သူအဆင့်ဟူ၍ အဆင့်များစွာဖြင့် ခွဲခြားထားကာ၊ စုစုပေါင်း‌ လေးမျိုးရှိ၏။ စွမ်းအားမြင့်လေ ပိုဿ ခပ်ဝေးဝေးသို့ စွန့်စားအမဲလိုက်နိုင်လေဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းကာ ပို၍စွမ်းအားကြီးသော မကောင်းဆိုးဝါးများကို ရင်ဆိုင်ရနိုင်လေဖြစ်သည်။ ဥပမာအားဖြင့်၊ ချူးယွင်ဖန်းနှင့် တန်စီယုကဲ့သို့ ချီပင်လယ်အဆင့် သိုင်းပညာရှင်များသည် အလွန်ဝေးသောနေရာများသို့ စွန့်စားသွားလာပါက သေခြင်းတရားနှင့်သာ ရင်ဆိုင်ရမည်ဟု တွေးထားကြရမည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရသည် မတူညီသော လိုင်စင်များ၏ လုပ်ငန်းဆောင်တာများကို ကန့်သတ်ထားသည်။ ယင်းသည် အဆင့်နိမ့်မုဆိုးများ၏ သားကောင်များကို အဆင့်မြင့်မကောင်းဆိုးဝါးများဖမ်းစားလုယူခြင်းမှ ကာကွယ်ရန်ဖြစ်သည့်အပြင် အဆင့်နိမ့် မကောင်းဆိုးဝါးမုဆိုးများကိုလည်း ကာကွယ်ပေးရန်ဖြစ်၏။ ထို့အပြင် မကောင်းဆိုးဝါးနယ်မြေထဲသို့ အလွန်နက်ရှိုင်းစွာသွားလာခြင်းနှင့် သင်္ချိုင်းမရှိဘဲ သေဆုံးခြင်းမှကာကွယ်တားဆီးရန်လည်းဖြစ်၏။

“မှန်တယ်။ ဒါကအမြန်ဆုံးနည်းလမ်းပဲ။” ချူးယွင်ဖန်းက သဘောတူကာ ခေါင်းညိတ်သည်။

“နင်ရောဘာလုပ်မှာလဲ”

“ငါက အစက ကျင်ဟွာမြို့ကို သွားမလို့ပေမယ့်၊ အခုတော့ စိတ်ပြောင်းသွားပြီ၊ မသွားတော့ဘူး”

မူလအစက သူသည် မိဘများနှင့်အတူ နွေဦးပွဲတော်ကျင်းပရန် ကျင်ဟွာမြို့သို့ ပြန်မည်ဟုစီစဥ်ထားခဲ့သော်လည်း ကျောင်းပေါင်းစုံတွေ့ဆုံပွဲကြောင့် သူ့စိတ်ထဲတွင် အရေးကြီးမှုတစ်ခုပေါ်ပေါက်လာခဲ့ပြန်သည်။ လုရှု့ရန်သည် ယခုအချိန်တည်းကပင် ကိုင်တွယ်ရန် အလွန်ခက်နှင့်ပြီဖြစ်ကာ ယုချိုင်အထက်တန်းကျောင်း၏ ထိပ်တန်းဆယ်ယောက်စာရင်းဝင်သာဖြစ်သော်လည်း အို့ယန်နှင့်၏ အဆင့်တူညီနေသည့်အပြင်း အို့ယန်၏ ခွန်အားနှင့် နှိုင်းယှဥ်၍ရ၏။ ယင်းကြောင့် ချူးယွင်ဖန်းသည် သူ့ခွန်အားမှာ ယွင်နင်ခရိုင်တစ်ခုလုံးကို အုပ်စိုးရန် လွန်စွာဝေးကွာနေသေးကြောင်း သတိထားမိခဲ့သည်။

သူမည်သို့တွေးနေသည်ကို အခြားသူများသာ သိလျှင် သူ့အား ကြောက်ပင်ကြောက်ကြလိမ့်မည်ဖြစ်သည်။ ကျောင်း၏ အမြဲအဆင့်တစ်ဖြစ်ခဲ့သော အို့ယန်ပင်လျှင် ယွင်နင်ခရိုင်အားစိုးမိုးရန် မည်သည့်အချိန်တုန်းကမှ မတွေးခဲ့ဖူးပေ။ အံ့ဖွယ်တစ်ခုခုဖြစ်လာမှသာ ဤသို့ဖြစ်နိုင်လိမ့်မည်ဖြစ်၏။ သို့သော် ချူးယွင်ဖန်း၏ ရည်မှန်းချက်များသည်မူ အို့ယန်ထက် များစွာပို၏။

“နောက်လအတွက် ပြင်းပြင်းထန်ထန်လေ့ကျင့်ရမယ်။ ချန်ပီယံဆုရဖို့အတွက်လောက်ကို ပြောနေတာမဟုတ်ဘူး”

တန်စီယုက အနည်းငယ်ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“ငါနင့်ကို ယုံတယ်။ ဘာလို့ ငါနဲ့ အဖွဲ့တစ်ဖွဲ့မဖွဲ့တာလဲ”

“အဖွဲ့ဖွဲ့ရမယ်”

“အေးလေ၊ တစ်ယောက်တည်းအပြင်ထွက်ရတာ အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ငါတို့ သတိမထားမိရင် သေသွားနိုင်တယ်။ ဒါပေမယ့် ငါတို့သာ အဖွဲ့လိုက်တိုက်ခိုက်ရင် ပိုပြီးလုံခြုံလိမ့်မယ်ထင်တယ်။ ငါတို့ လေ့ကျင့်ပြီး ခွန်အားကို မြှင့်ကြမယ်လေ၊ ဒီလိုဆိုရင် အချည်းအနှီးဖြစ်ပြီးမသေရဘူးပေါ့” တန်စီယုက ဆို၏။

“ဒီ ဆောင်းရာသီကျောင်းပိတ်ရက်မှာ ငါတို့တင်မဟုတ်ဘူး။ အို့ယန်နဲ့ အခြားသူတွေလည်း အပြင်ထွက်ဖို့နည်းလမ်းကို စဥ်းစားကြလိမ့်မယ်။ ဖန်လုံအိမ်ထဲမှာ ပျိုးထားတဲ့ပန်းတွေက အဆုံးသတ်ကျရင် ဘာယှဥ်ပြိုင်နိုင်တဲ့ စွမ်းအင်မှရှိမှာမဟုတ်သလို တကယ့်တိုက်ပွဲကို မကြုံဖူးတဲ့သူတွေကလည်း ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရမှာမဟုတ်ဘူး”

“ကောင်းပြီလေ။ ငါတို့ အဖွဲ့ဖွဲ့တော့မှာဆိုတော့ ဂေါင်ဟုန်ချီကိုပါခေါ်လာခဲ့မယ်။ သူက ငါတို့လောက် မသန်မာပေမယ့် အတားအဆီးတော့ဖြစ်မှာမဟုတ်ဘူး။ ဘယ်လိုလဲ”

တန်စီယုသည် ခဏတာစဥ်းစားပြီးနောက် ခေါင်းညိတ်ကာဆို၏။

“သေချာပေါက်ရတာပေါ့”

“ဒါဆိုရင် အချိန်မီ သဘောတူလိုက်ကြရအောင်။ သုံးရက်အကြာကျရင် ငါတို့ မကောင်းဆိုးဝါးအမဲလိုက် လိုင်စင်ဖြေဖို့ သွားကြမယ်၊ အဲ့ကျတွေ့ကြတာပေါ့။ ဟုတ်ပြီလား” ချူးယွင်ဖန်းကပြောသည်။

“ကောင်းပြီ။ ငါ့အတွက်တော့ ကိစ္စမရှိပါဘူး။ ဒါဆို ငါလုပ်စရာရှိသေးလို့ အရင်ပြန်တော့မယ်။ သုံးရက်နေရင်တွေ့မယ်”

ချူးယွင်ဖန်းသည် တန်စီယုပြန်သွားပြီးနောက်မှဆေးကုသဆောင်သို့ အမြန်ပြေးသွားခဲ့သည်။ ယုချိုင်အထက်တန်းကျောင်းမှသူများ ပြန်သွားခဲ့ပြီဖြစ်ကာ အခုမှ ဆေးကုသမှုခံယူပြီးသော ဂေါင်ဟုန်ချီတစ်ဦးတည်းသာ အနားယူနေ၏။

“အခုကောင်းပြီလား” ချူးယွင်ဖန်းကမေးလိုက်သည်။

“ကောင်းပါတယ္။ ဆရာဝင်က ငါ့ရဲ့ အဓိကမရီးဒျန်တွေနဲ့ အရိုးတွေကို မထိသွားဘူးလို့ပြောတယ်။ နှစ်ရက်လောက်နေရင် ငါလုံးဝပြန်ကောင်းလာမှာပါ” ဂေါင်ဟုန်ချီက ပြုံးလျက်ပြောသည်။

“ဒီတစ်ခါတော့ မင်းငါ့ ဒေါသကို ဖြေလျှော့ပေးခဲ့တာပဲ။ ဒီကောင် အရမ်း စိတ်ကြီးဝင်လွန်းတယ်”

“မင်းအစား လက်စားချေပေးတာ ကိစ္စကြီးမဟုတ်ပါဘူး။ ကိုယ့်ဘာသာကိုယ် လက်စားချေနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ နောက်နှစ်စာသင်နှစ်မှာ ကျောင်းပေါင်းစုံတွေ့ဆုံပွဲရှိတယ်မလား။ အဲ့အချိန်ကျရင် မင်းတို့ သေချာပေါက်ပြန်ဆုံရမှာပဲ။ ကိုယ့်ဘာသာကိုယ်လက်စားမချေချင်ဘူးလား” ချူးယွင်ဖန်းကမေးသည်။

“အေးကွ သေချာပေါက်ပေါ့။ ငါကိုယ်တိုင်လက်စားချေချင်တာပေါ့” ဂေါင်ဟုန်ချီက အလျင်အမြန်ခေါင်းညိတ်ကာဆို၏။

“ဒါပေမယ့် ငါ သူ့ကို အနိုင်ယူနိုင်မယ်လို့မထင်ဘူး”

“မင်းအခု သူ့ကို အနိုင်မယူနိုင်သေးပေမယ့် အဲ့တာက အနာဂတ်မှာ အနိုင်မယူနိုင်ဘူးလို့ မဆိုလိုဘူးကွ။ တန်စီယုနဲ့ ငါနဲ့ ဆောင်းရာသီအားလပ်ရက်မှာ ကိုယ်တိုင်လေ့ကျင့်ရအောင် မကောင်းဆိုးဝါးတွေကို အမဲလိုက်ဖို့ အဖွဲ့တစ်ဖွဲ့ဖွဲ့ဖို့ စီစဥ်ထားတယ်။ မင်း ငါတို့နဲ့တွဲချင်လား”

“ငါ့ကို ထည့်တွက်လိုက်။ ဒီနေ့ကိစ္စနဲ့တင် တော်တော်လေးရှုံ့ချစရာကောင်းနေပြီ။ ငါ့ဂုဏ် ငါ ပြန်ဆယ်ရမှာပေါ့” ဂေါင်ဟုန်ချီကဆို၏။ ယနေ့ကိစ္စသည် သူ့အား အံ့ကြိတ်ကာ မုန်းတီးသွားစေလောက်ရန် လုံ‌လောက်၏။

“အဆိုးဆုံးကတော့ ငါတို့ ဒီနှစ် နွေဦးပွဲတော် ကျင်းပနိုင်တော့ဘူး” ဂေါင်ဟုန်ချီကပြောလိုက်သည်။

“ကောင်းပြီ။ နောက်သုံးရက်နေရင် ဆုံကြမယ်။ လိုင်စင်အရင်သွားလုပ်ရမယ်တဲ့ မဟုတ်ရင် ငါတို့ မြို့ထဲက ထွက်လို့ရမှာမဟုတ်ဘူး”

ချူးယွင်ဖန်းက စကားဆက်ပြောချင်သေးသော်လည်း လုယုရှုထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ယမန်နေ့က သူမအားမေးထားသည့်ကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားခြင်းဖြစ်ကာ လဝိဉာဥ်အသိုင်းအဝိုင်းမှ အိမ်ရာများအကြောင်းပင်ဖြစ်၏။

ဂေါင်ဟုန်ချီအား အလျင်အမြန်နှုတ်ဆတ်ပြီးနောက် လဝိဉာဥ်လူနေရပ်ကွက်သို့ အမြန်သွားခဲ့သည်။ ထိုထဲသို့ ဝင်လိုက်သည်နှင့် လုအိမ်ရာသို့ တန်းတန်းမတ်မတ်လျှောက်သွား၏။

လုယုရှုအား အိမ်တွင် တစ်ယောက်တည်းမရှိနောက်လောက်ဟု မမျှော်လင့်ထားသော်လည်း အလုပ်များသူဟု ယူဆ၍ရမည့် လုဝေ့ကော်သည် အိမ်တွင်ရှိနေ၏။

လုဝေ့ကော်၏ ဘေးတွင် အနည်းငယ်ထွားကျိုင်းဝဖောင်းသော အသက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးရပ်နေ၏။ ဤလူသည် သာမန်အသွင်အပြင်ရှိသော်လည်း မျက်လုံးများသည်မူ အလွန်တောက်ပလျက်ရှိကာ အထက်လူကြီးတစ်ဦး၏ အရောင်အဝါမျိူးကို သယ်ဆောင်ထား၏။

All Chapters