အခန်း (၁၄၈-၁၅၀)
Vol. 10 Ch. 148-150
အခန်း(၁၄၈) ချူးယွင်ဖန်း၏ လျို့ဝှက်ချက်များ
“ဟားဟား မင်းရောက်ပြီပေါ့ ယွင်ဖန်း” လုဝေ့ကော်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချူးယွင်ဖန်း၏ ပခုံးပေါ်သို့ ပုတ်လိုက်သည်။
ချူးယွင်ဖန်းသည် ဤမျက်နှာသာပေးမှုကို လွန်ကဲနေသည်ဟုခံစားရသဖြင့် အနည်းငယ် ပဟေဠိဖြစ်သွားရ၏။ လုဝေ့ကော်၏ ယခင်ကသဘောထားသည်ခင်မင်ရင်းနှီးသည်ဟု ယူဆ၍ရသော်လည်း သူ့အားယခုကဲ့သို့ နွေးထွေးသည့်အမူအယာမျိုး တစ်ကြိမ်တစ်ခါမှမပြဖူးပေ။
“လာ၊ မိတ်ဆက်ပေးမယ်။ ဒါက မစ်စတာကျိုးပါ။ သူမိသားစုက အိမ်ခြံမြေပွဲစားတွေ” လုဝေ့ကော်က ချူးယွင်ဖန်းအား ဘေးရှိ လူလတ်ပိုင်းယောက်ျားတစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။
“မင်္ဂလာပါ။ ချူးယွင်ဖန်းမဟုတ်လား။ ကျုပ်နာမည်က ကျိုးကျီယုပါ” အသက်လတ်ပိုင်းအရွယ်လူက ချူးယွင်ဖန်းအား လက်ဆွဲနှုတ်ဆက်လိုက်သည်။ ချူးယွင်ဖန်းသည် ထိုလက်ဆွဲနှုတ်ဆက်မှုမှာ အလွန်ပြင်းထန်သန်မာနေသောကြောင့် ကျိုးကျီယုသည် သိုင်းပညာရှင်တစ်ဦးဖြစ်နိုင်မည်ဟု သူခံစားမိ၏။
“မင်္ဂလာပါ အစ်ကိုကျိုး” ချူးယွင်ဖန်သည် မနှိမ့်ချလွန်းမပိုလွန်းသော အမူအရာဖြင့်ဆိုလိုက်သည်။
“မစ်စတာကျိုး ခင်ဗျားက အရမ်း ယဥ်ကျေးလွန်းနေပါပြီ” ချူးယွင်ဖန်းသည် ဤသို့ပြောလိုက်သော်လည်း သူ့မျက်လုံးများသည်မူ ဘေးနားရှိ လုယုရှုအား အဘယ်ကြောင့် ခေါ်ရသည်ကို နားမလည်စွာဖြင့် ကြည့်လျက်ရှိသည်။
“ယွင်ဖန်း၊ နင် ငါတို့ရပ်ကွက်ထဲမှာ ရောင်းဖို့အိမ်ရှိမရှိ စစ်ခိုင်းတာလေ။ မနေ့ညက ဖေဖေက လူနည်းနည်းကိုမေးလိုက်တာ ဒီအနားမှာ အိမ်ရာတစ်ခုရောင်းဖို့ရှိတယ်တဲ့၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲဟယ်”
ချူးယွင်ဖန်းသည် ဤကျိုးကျီယုမှာ အိမ်ရာတစ်လုံးရောင်းတော့မည့်သူဖြစ်သည်ကို ချက်ချင်းနားလည်လိုက်သည်။
“ဒါဆို ခင်ဗျားက ဗီလာရောင်းချင်နေတာပေါ့ မစ်စတာကျိုး” ချူးယွင်ဖန်းက ရုတ်တရက်သဘောပေါက်ကာ ပြောလိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့လုပ်ငန်းက သုန်ဟွာမြို့ကို တဖြည်းဖြည်းပြောင်းရွှေ့နေပြီး အဲ့မှာပဲအခြေချဖို့ စီစဥ်ထားတာလေ။ ဆိုတော့ ဒီကဗီလာက အသုံးမဝင်တော့ဘူး။ ဒါ့ကြောင့် ရောင်းဖို့စီစဥ်နေပေမယ့် ဒီအကြံရရချင်းပဲ ဆရာလုက ကျုပ်ကိုလာမေးတာနဲ့ အချိန်ဆိုင်းမနေတော့ဘဲ ဒီနေ့ပဲလာတွေ့လိုက်တာ”
ချူးယွင်ဖန်း နောက်ဆုံးတွင်မှ အကြောင်းအရင်းကို နားလည်သွားသည်။ လဝိဉာဥ်ရပ်ကွက်သည် ဖွံ့ဖြိုးတိုးတက်ပြီးသားနေရာဖြစ်သဖြင့် အိမ်တစ်လုံးကို ရောင်းချခြင်းသည်ရှားပါးသည်။ ဤအိမ်များအားလုံးသည် နေထိုင်သူရှိနှင့်ပြီးဖြစ်သဖြင့် ချူးယွင်ဖန်းတွင် မျှော်လင့်ချက် မရှိခဲ့ပေ။ ရလိုရငြားမေးခဲ့ခြင်းဖြစ်သော်လည်း ပြန်လည်ဆက်သွယ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့မိခြင်းမှာ အမှန်ပင်ဖြစ်၏။
“ဒါပေမယ့် ကျုပ်အိမ်က လဝိဉာဥ်ရပ်ကွက်ရဲ့ အလယ်မှာရှိတာကြောင့် စျေးနှုန်းကတော့ မသက်သာဘူးနော်” ကျိုးကျီယုက စကားကို ခဏရပ်ကာ ချူးယွင်ဖန်းထံသို့ကြည့်လိုက်သည်။
“ဒါမင်းကို မယုံလို့မဟုတ်ပေမယ့် စီးပွားရေးလုပ်တဲ့နေရာမှာတော့ ကျုပ်ကဆိုးတဲ့အရာတွေကို အရင်ပြောတတ်တယ်”
“စိတ်မပူပါနဲ့ ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်စိတ်တိုင်းကျရင် ချက်ချင်းပိုက်ဆံချေမယ်” ချူးယွင်ဖန်းက ပြောသည်။
“ကောင်းပြီ။ ကိစ္စမရှိပါဘူး။ ယုရှုရေ၊ မစ္စတာချူးကို ငါ့အိမ်ကို ခေါ်သွားလိုက်။ အိမ်ကိုပြောထားပြီးသားမို့ သွားကြည့်လို့ရတယ်။ မင်းအဖေနဲ့ ငါ ဆွေးနွေးစရာရှိသေးတယ်”
“ကောင်းပြီ၊ ကိစ္စမရှိပါဘူး။ ယွင်ဖန်း ငါနဲ့လိုက်ခဲ့” လုယုရှုသည် ပေးလာသည့် တာဝန်ကို ချက်ချင်းပင်လက်ခံလိုက်သည်။
ချူးယွင်ဖန်းနှင့် လုယုရှုတို့ ထွက်သွားပြီးနောက်တွင် ကျိုးကျီယုစကားစ၏။
“ဒီလူငယ်လေးကို ခင်ဗျားဘာလို့ အရမ်းစိတ်ဝင်စားနေတာလဲ။ ခင်ဗျားသဘောကြောင့်သာ သူ့ကိုပြကြည့်ချင်တာ ကျုပ်မှာ အစက ဗီလာကိုရောင်းဖို့ရည်ရွယ်ချက်မရှိပါဘူး၊ ကြည့်ရသလောက်တော့ သူမတတ်နိုင်လောက်ပါဘူး”
“သူ့ကို လျှော့မတွက်ပါနဲ့” လုဝေ့ကော်က ခပ်ပြုံးပြုံးဆိုလိုက်သည်။
“ငါက လူတိုင်းကို လိုက်ကူညီနေမယ့်ပုံပေါက်လို့လား။ ဒါပေမယ့် ချူးယွင်ဖန်းက ကွဲပြားတယ်။ ငါသူ့ကို စတွေ့တုန်းက ယုရှုရဲ့ လေ့ကျင့်ရေးအဖော်တစ်ယောက်အနေနဲ့ပဲ ယွမ်ထောင်ဂဏန်းလောက်ပေးပြီးငှားထားတာ။ အဲ့အချိန်က သူ တော်တော် အရည်အချင်းရှိတယ်လို့ထင်ခဲ့ပေမယ့် စိတ်ထဲမထည့်ခဲ့ဘူး။”
“ဒါဆို အခု ခင်ဗျားဘာလို့ ဒီလောက်စိတ်အားထက်သန်နေတာလဲ” ကျိုးကျီယုသည် ဆိုဖာပေါ်တွင်ထိုင်ကာ ကော်ဖီတစ်ခွက်ကို ကောက်ယူ၍သောက်လိုက်သည်။
“ဘာလို့ဖြစ်ရမှာလဲ၊ ငါလန့်သွားရလို့ပေါ့” လုဝေ့ကော်သည်လည်း နောက်ထပ် ကော်ဖီတစ်ခွက်ကို ကောက်ယူ၍ တစ်ငုံသောက်လိုက်သည်။
“အမ်၊ ခင်ဗျား သူ့ကြောင့် လန့်သွားရလို့လား။ အဲ့တာဆိုရင် သူက သာမန်လူမဟုတ်ဘူးပေါ့”
ကျိုးကျီယုသည် လျို့ဝေ့ကော်တွင် အားသာချက်များစွာနှင့် အတွေ့အကြုံများစွာရှိသည်ကို သူသေချာသိနေသည့်အတွက် ချူးယွင်ဖန်းကြောင့် ထိတ်လန့်သွားရသည်ဆိုသော စကားကြောင့် စိတ်ဝင်တစားမေးမြန်းလိုက်မိသည်။ သူ့တွင် မည်သို့သော အရည်အချင်းများရှိနေပါသနည်း။
“မှန်တယ်။ အရင်လတွေလောက်က သူက သာမန်အထက်တန်းကျောင်းက သာမန်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့်၊ လက်တလော နောက်ဆုံးစာမေးပွဲတွေမှာ သူဘယ်နေရာရခဲ့လဲ မင်းသိလား” လုဝေ့ကော်က ပြောသည်။
“ထိပ်တန်းဆယ်ယောက်လား” ကျိုးကျီယုသည် ချူးယွင်ဖန်း၏ အဆင့်မှာ အလွန်မြင့်လောက်မည်ဟု ခံစားလိုက်မိသည်။
“ထိပ်တန်းဆယ်ယောက်ဟုတ်လား။ မင်း သူ့ကို လျှော့တွက်နေတာပဲ။ ဟိုရက်က နောက်ဆုံးစာမေးပွဲမှာတုန်း ပထမရထားကြောင်းငါကြားခဲ့ရတယ်” လုဝေ့ကော်သည် အပြုံးဖျော့ဖျော့ပြုံးလျက်ပြောလိုက်သည်။
“ပထမလား” ကျိုးကျိယုသည် ချက်ချင်းပင် အလေးအနက်ဖြစ်လာခဲ့သည်။ သူ့သည် မည်သူ့ကိုမှလျှော့တွက်တတ်သည့် အလေ့အထမရှိပေ။ အကယ်၍ ချူးယွင်ဖန်းသည် သာမန်အထက်တန်းကျောင်းတွင် ပထမဖြစ်လျှင်ပင် သူသည် လက်ရွေးစင်များအနက်မှ လက်ရွေးစင်တစ်ဦးသာဖြစ်လိမ့်မည်ဖြစ်သည်။ အရေးအကြီးဆုံးအနေဖြင့် သူသည် လုဝေ့ကော်၏ ဆိုလိုရင်းကို နားလည်၏။ အထက်တန်းကျောင်းငယ်လေးတစ်ခုမှ ပထမနေရာကိုရခြင်းသည် သူဌေးကြီးနှစ်ယောက်ထံမှ အထင်ကြီးမှုကိုရစေရန်အထိ မလုံလောက်ပေ။ လုဝေ့ကော်အဓိကဆိုလိုချင်သည်မှာ ချူးယွင်ဖန်းသည် လအနည်းငယ်အတွင်းတွင် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့ခြင်းကိုသာဖြစ်၏။
“အဲ့တာက အကုန်ပဲဆိုရင်တောင် ငါဒီလောက် သူ့ကို အထင်ကြီးနေမှာမဟုတ်ဘူး။ ကျောင်းမှာ သေချာစွမ်းဆောင်နိုင်ပြီးတော့ လောကကို ဝင်ရောက်လာရင်တောင် သူက လူသစ်တစ်ယောက်ပဲဖြစ်နေဦးမှာလေ။ အဓိကအချက်က အရင်လတွေတုန်းကမှ သူကယွမ်ထောင်ဂဏန်းလောက်နဲ့ ယုရှုရဲ့ တိုက်ခိုက်ဖော်အဖြစ်လုပ်ခဲ့တာ။ အခု လဝိဉာဥ်ရပ်ကွက်က အိမ်တစ်လုံးကို တကယ်ပဲတတ်နိုင်နေပြီ။ အဲ့တာက ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား” လျူဝေ့ကော်က ပြောသည်။
“သိုးအရေခွံခြုံတဲ့ ဝံပုလွေလို့ ခင်ဗျားပြောချင်တာလား။ အဲ့တာဆိုရင် အဲ့ဒီသူဌေးလေးက ယုရှုကို ပိုးပန်းချင်နေတာများလား။ အဲ့လိုလူတွေအများကြီးပါပဲ”
“အဲ့လိုမဟုတ်ဘူးကွ ငါ စစ်ကြည့်ပြီးသွားပြီ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက် သူက သာမန်ဆယ်ကျော်သက်တစ်ယောက်ပဲ။ သူမိဘတွေကလည်း သာမန်မြို့သူမြို့သားတွေပဲ။ သူတို့မှာ ကျောထောက်နောက်ခံအများကြီးမရှိဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့လတွေကစပြီး သူတို့ ရုတ်တရက်ကြီး အောင်မြင်လာကြတာပဲ။ ဒီလိုကိစ္စမျိုးကို အရမ်း ရင်းနှီးနေတယ်လို့ မင်းမထင်ဘူးလား”
“ခင်ဗျားက သူကံကောင်းတာတစ်ခုခုဖြစ်ခဲ့တယ်လို့ပြောချင်တာလား။ ဟေးဟေး၊ လွန်ခဲ့တဲ့နှစ်တွေမှာ အဲ့လိုဖြစ်ရပ်နဲ့ပတ်သက်ပြီး သတင်းမကြားမိဘူး။ အဲ့လို ကံကြမ္မာမျိုးရထားတဲ့လူတွေကို တကယ်မနာလိုဖြစ်မိတယ်ဗျာ။” ခင်ဗျား တချို့အချက်အလက်တွေကို ကျုပ်ဆီက ဖုံးကွယ်ထားတယ်ဆိုတာသိသားပဲ။ ဒီလို ကံကောာင်းရုံလောက်နဲ့တော့ ခင်ဗျားကို စိတ်ဝင်စားအောင်လုပ်နိုင်မှာမဟုတ်ဘူးမလား။ ဒါမယ့် ထားပါ။ ကျုပ်အဲ့တာတွေ စိတ်မဝင်စားပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်က ဒီနေရာကို အိမ်ရောင်းဖို့အတွက်ပဲရောက်နေတာဆိုတော့ ပိုက်ဆံရရင်ရပြီ။ ကျုပ်ဘာမှ စိတ်မဝင်စားတော့ဘူး”
လုဝေ့ကော်က ရယ်ရုံသာရယ်၍ ပြန်မဖြေတော့ဘဲ လက်တလောရှာဖွေတွေ့ရှိထားသည့် အချက်အလက်များကိုသာ တွေးတောလျက်ရှိသည်။ ချူးယွင်ဖန်း၏ ဘဏ်အကောင့်ကို စစ်ဆေးရန် သူ၏ အဆက်အသွယ်အချိတ်အဆက်များကို အသုံးပြုခဲ့ရာ၊ ပမာဏအတိအကျကို သူရှာမတွေ့နိုင်ခဲ့သော်လည်း သူ့ဘဏ်အကောင့်ထဲသို့ ငွေပမာဏမြောက်များစွာစီးဆင်းနေသည်မှာ ငြင်းဆို၍မရသော အချက်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ချူးယွင်ဖန်းသည် ဆေးပညာရှင်ပိုင်ဟုန်နှင့် ဆက်နွယ်လျက်ရှိသည်။ လုဝေ့ကော်သည် ကျင်ဟိုင်မြို့တွင် အာဏာအလွန်ရှိသူဖြစ်သော်လည်း ဆေးပညာရှင်ပိုင်ဟုန်နှင့် ယှဥ်လျှင် သူသည် အသေးအမွှားသာဖြစ်၏။
လုဝေ့ကော်၏ မျက်လုံးများတွင် ချူးယွင်ဖန်း၏တည်ရှိမှုမှာ ပို၍ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာသောကြောင့် သူ့အား ကူညီချင်ခြင်းပင်ဖြစ်သည်။
‘ဒီ ချူးယွင်ဖန်းမှာ အခြားဘာလျို့ဝှက်ချက်တွေရှိသေးလဲ’
အခန်း(၁၄၉) ဗီလာတစ်လုံးဝယ်ယူခြင်း
ချူးယွင်ဖန်းတွင် မည်သို့သောလျို့ဝှက်ချက်များရှိနေသည်ကို လုဝေ့ကော်မသိသော်လည်း ချူးယွင်ဖန်းတွင် သေချာပေါက်ကြီးမားသော လျှို့ဝှက်ချက်ကြီးတစ်ခုရှိမည်ဖြစ်ကာ မြင်နေရသလောက် မရိုးရှင်းကြောင်း သူသိသည်။
ချူးယွင်ဖန်းသည် ယခုအချိန်တွင်အရေးကြီးပုံမပေါ်သော်လည်း လအနည်းငယ်အတွင်းတွင် အမှတ်(၁၃) အထက်တန်းကျောင်း၏ ပထမနေရာကိုရရှိနိုင်ခဲ့၏။ ဤသည်ကပင် လုဝေ့ကော်မှ သူ့အားကကူညီချင်စိတ်ဖြစ်ပေါ်ရန် လုံလောက်၏။ တကယ်တမ်းတွင်မူ ဤသည်မှာ ကြီးမားသော ကိစ္စတစ်ခုမဟုတ်ပေ၊ အသေးအမွှားကိစ္စသာဖြစ်၏။ ဤကိစ္စကို ကိုင်တွယ်သည့်သူသည် အိမ်ခြံမြေပွဲစားသာဖြစ်ကာ၊ သူသည်မူ တစ်ထောင့်တစ်နေရာမှဝင်ပါရုံသာရှိသေး၏။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအတွက် အရေးအကြီးဆုံးအရာမှာ အဆက်အသွယ်အချိတ်အဆက်မျိုးစုံရှိရန်သာဖြစ်၏။ ထို့အပြင် အချိတ်အဆက်များသည် မုန့်အချိုပေါ် သကာရည်လောင်းခြင်းကဲ့သို့၊ သာမှန်မျှ အကူအညီပေးခြင်းဖြင့် ရနိုင်သောအရာများမဟုတ်ကြောင်း သူအခိုင်အမာယုံကြည်ထား၏။ အဓိကအချက်မှာ အချိန်နှင့်တစ်ပြေးညီ၊ အကူအညီလိုအပ်ချိန်တွင် သင့်လျော်သောအကူအညီပေးနိုင်ရန်သာဖြစ်သည်။ ဤသို့ အခိုင်အမာယုံကြည်ထားခြင်းကြောင့်သာ လက်ရှိရာထူးသို့ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် လုယုရှု၏ ဦးဆောင်မှုဖြင့် လဝိဉာဥ်ရပ်ကွက်၏ အနက်ရှိုင်းဆုံးနေရာရှိ ဗီလာတစ်ခုသို့ ရောက်ရှိခဲ့သည်။ တကယ်တမ်းတွင်မူ ယင်းကို ဗီလာဟုခေါ်ရန် အနည်းငယ်မသင့်လျော်ပေ။ ယင်းသည် လက်တွေ့အားဖြင့် အသေးစားအိမ်ကြီးရခိုင်တစ်လုံးဖြစ်သည်။ ဝိဉာဥ်စွမ်းအင်သည် ချူးယွင်ဖန်းအား ကြိုဆိုလျက်ရှိကာ လေပြင်းတိုက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ အမှန်တကယ်တွင် ၎င်းသည် လဝိဉာဥ်ရပ်ကွက်ရှိ ဝိဉာဥ်စွမ်းအင်ထက် ပို၍ သိပ်သည်းသည်။ ဤနေရာ၏ ဒီဇိုင်းအဆင်အပြင်သည် အလွန်ခေတ်မီကာ ယင်းကို အဖြူ၊ အမည်းရောယှက်ဆောက်လုပ်ထားခြင်းကြောင့် ရိုးရိုးရှင်းရှင်းနှင့် စတိုင်ကျ၏။
“ဒီအိမ်က လဝိဉာဥ်ခရိုင်မှာ စျေးအကြီးဆုံးပဲ။ တကယ်လို့ ဦးလေးကျောက်က ဒီမြို့ကမထွက်သွားဘူးသာဆိုရင် ဒီအိမ်ကို ဝယ်လို့ရမှာမဟုတ်ဘူး။ ဗီလာတစ်ခုလုံးကို ဆရာဖုန်းရွှေက အထူးဒီဇိုင်းဆွဲထားတာ။ ဒီနေရာမှာ စုစည်းထားတဲ့ ဝိဉာဥ်စွမ်းအင်ပမာဏက လဝိဉာဥ်ရပ်ကွက်ထက်တောင် ၃၀ရာခိုင်နှုန်းပိုများလို့ အပြင်ကမ္ဘာသာဆိုရင် ယှဥ်လို့တောင်ရမှာမဟုတ်ဘူး” လုယုရှုသည် ချူးယွင်ဖန်းအား စူးစမ်းလိုစိတ်ဖြင့်ကြည့်လျက် ပြောလိုက်သည်။
သူမနှင့် အသက်တူသည့် ဤကောင်လေးသည် လအနည်းငယ်အတွင်းတွင် ဤမျှထိ မည်သို့ပြောင်းလဲသွားသည်ကို သူမသိချင်နေခဲ့၏။ သူမသည် လူအားလုံး၏ မျက်နှာသာပေးခံကြရကာ ငွေကြေးမချို့တဲ့သော်လည်း သိန်း၊ သောင်းချီသောပိုက်ဆံပမာဏသည်မူ သူမထိတွေ့နိုင်သော အရာတစ်ခုမဟုတ်ကြောင်းထင်ရှားသည်။ သူမ၏ လက်အောက်တွင်ရှိခဲ့သော ချူးယွင်ဖန်းသည် ယခုမူ ဒေါလာသန်းပေါင်းများစွာကို မည်သည်နေရာတွင်သုံးရန်၊ မည်သို့သုံးရန် ဆုံးဖြတ်နိုင်ပြီပင်ဖြစ်၏။ ယခင်က ချူးယွင်ဖန်းသည် အလွန်လျို့ဝှက်ဆန်းကြယ်သည်ဟုထင်ခဲ့သော်လည်း ယခုတွင်မူ ပို၍ပင် လျို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားလာရ၏။
“အခြားအရာတွေနဲ့ ပတ်သက်ပြီးတော့ ငါမမိတ်ဆက်ပေးတော့ဘူးနော်။ ရေကူးကန်၊ ရေပူစမ်း၊ လေ့ကျင့်ရေးအခန်း၊ ဆေးဖော်ခန်းနဲ့ အခြားအခြေခံအသုံးအဆောင်တွေအကုန်ပါတယ်” လုယုရှုက ပြော၏။ သူမသည် တန်ဖိုးကြီးအိမ်ရာများရောင်းချရာတွင် ပါဝင်မည့် တန်ဖိုးကြီးပစ္စည်းပစ္စယများ၊ အသုံးအဆောင်ပစ္စည်းများကို အသေးစိတ်ရှင်းပြရန် စိတ်မဝင်စားပေ။ ၎င်းတို့အားလုံးသည် လဝိဉာဥ်ရပ်ကွက်ရှိ အခြေခံအသုံးအဆောင်များပင်ဖြစ်သည်။ ၏
ဤနေရာသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ အကောင်းဆုံးခရိုင်များထဲမှ တစ်ခုအပါအဝင်ဖြစ်သောကြောင့် ပေးထားမည့်အသုံးအဆောင်များနှင့် အထောက်အပံ့များအကြောင်း ပြောရန်မလိုအပ်ပေ။ ထို့အပြင်၊ အမှန်စင်စစ်ချမ်းသာသူများအတွက်၊ ဤအရာများသည် အဓိကအရေးအကြီးဆုံးအရာများမဟုတ်သဖြင့် ထည့်ပြောစရာပင်မလိုပေ။
“ကောင်းပြီ၊ အရေးအကြီးဆုံးကတော့ ဒီမှာလုံခြုံရေးဘယ်လိုရှိလဲ” ချူးယွင်ဖန်းက မေး၏။ ဒီနေရာမှာ လုံခြုံရေးအစောင့်တွေက ဆယ်မိနစ်ခြားတစ်ခါ အလှည့်နဲ့စောင့်နေကြတာ။ နောက်ပြီး စောင့်ကြပ်ဖို့အတွက် အီလက်ထရွန်းနစ်ကိရိယာမျိုးစုံလည်းရှိတယ်။ ဒီနေရာက လုံခြုံရေးအစောင့်တွေအားလုံးက တပ်မတော်ကအငြိမ်းစားယူထားတဲ့ အထူးတပ်ဖွဲ့ဝင်တွေပဲ။ သူတို့က အရမ်းတော်ကြပါတယ်၊ သေနတ်ပစ်ဖို့လိုင်စင်လည်းရှိကြတာမို့ လိုအပ်ရင်ပစ်လို့ရတယ်။ ချီပင်လယ်အဆင့်တို့ စွမ်းအားသန့်စင်ခြင်းအဆင့်တို့မပြောနဲ့သန့်စင်ခြင်းကဆရာတစ်ယောက်ယောက်ဝင်လာရင်လည်း သူတို့သေလိမ့်မယ်။ ကုန်ကုန်ပြောရရင် မွေးရာပါနယ်မြေအဆင့်က က ဆရာတစ်ယောက်ဝင်လာရင်တောင်မှ သူတို့ရှောင်ပြေးနိုင်မှာမဟုတ်ဘူးဟာ” လုယုရှုက ပြောသည်။
“နောက်ဆုံးတော့လည်း လူတစ်ယောက်ရဲ့ သိုင်းပညာဘယ်လောက်ကောာင်းကောင်း သူတို့က တစ်ချက်တည်းနဲ့ ပစ်သတ်နိူင်တယ်။ သိုင်းပညာဘယ်လောက်တတ်တတ်၊ ငါတို့ဘယ်လောက်သန်မာသန်မာ သေနတ်ကိုတော့ လေးစားဖို့လိုသေးတယ်ပေါ့ဟယ်။ ငါတို့စူပါပါဝါတွေကို မကျင့်ကြံနိုင်သရွေ့၊ သာမန်လက်နက်တွေနဲ့ မထိခိုက်နိုင်တဲ့ လူစွမ်းကောင်းတွေလို့ ယူဆလို့မရနိုင်သရွေ့တော့ မွေးရာပါနယ်မြေ ကျွမ်းကျင်သူတော်တော်များများက သေနတ်ပစ်ခံရတာကြောင့် သေနိုင်သေးတာပဲ”
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် တစ်ဦးတစ်ယောက်ချင်းစီ၏ ကျင့်ကြံရေးကို ထောက်ခံအားပေးကြသော်လည်း နည်းပညာမြင့်လက်နက်များတီထွင်မှုသည်မူ သာမန်ပြည်သူများ၏ စိတ်ကူးများကို ကျော်လွန်နေသေးသဖြင့် သာမန်လူများသည် ထိုလက်နက်များကို မကိုင်နိုင်ကြပေ။
အတိတွင် အားကောင်းသော သိုင်းပညာရှင်များသည် ၎င်းတို့၏ခွန်အားကို အားကိုးကာ ပြည်ထောင်စုအစိုးရအား အလေးအနက်မထားခဲ့ကြပေ။ ထိုကာလသည် အလွန်မျှောက်မိုက်သောကာလဖြစ်၍ ထိုကြီးမားသော ဘေးဆိုးကြီးအပြီးတွင် လူ့အသိုင်းအဝန်း၌ကျွမ်းကျင်ပညာရှင်များပေါ်ထွက်လာခဲ့သည်။ လူများသန်မာလာသည်နှင့် သူတို့တွင် မရှိသင့်မရှိအပ်သောရည်မှန်းချက်များစွာရှိလာခဲ့ကြသဖြင့် သူတို့အားလုံးသည် နယ်မြေဒေသတစ်ခုကို စိုးမိုးချင်ကြသည်။ နောက်ဆုံးတွင် ပြည်ထောင်စုအစိုးရသည် ၎င်းတို့အား ချေမှုန်းရန်အမိန့်ပေးခဲ့ရ၏။
မိမိတို့ကိုယ်မိမိ နတ်ဘုရားများကဲ့သို့ စွမ်းအားကြီးမားသည်ဟု ထင်ကြသောသူများသည် မျက်မှောက်ခေတ်၏ သေနတ်များကို အထင်သေးကြသည့်အပြင် လူသားနည်းပညာ မည်မျှတိုးတက်နေသည်ကိုလည်း နားမလည်ကြပေ။ ထို့ကြောင့် အဆုံးသတ်တွင် ထိုသူများသည် စုရုံးကာ အပစ်သတ်ခံလိုက်ရကြ၏။
ဤသည်မှာ လူနေမြို့များအားလုံး အေချမ်းသာယာနေရသည့်အကြောင်းအရင်းပင်ဖြစ်၏။ ကမ္ဘာပေါ်တွင် အုပ်စုများစွာရှိသော်လည်း အကြီးဆုံးနှင့် အင်အားအကြီးဆုံးအဖွဲ့မှာ ပြည်ထောင်စုအစိုးရဖြစ်သည်။ မည်သူကမှ သူတို့နှင့် မယှဥ်ပြိုင်နိုင်ကြပေ။ လူတိုင်းသည် ပြည်ထောင်စုအစိုးရမှချမှတ်ထားသော စည်းမျဥ်းများအတိုငး် နာခံလိုက်နာကြရမည်ဖြစ်၏။
သို့သော် လူသားပညာရှင်များသည်လည်း အလွန်အစွမ်းထက်ကြသည်။ ဥပမာအားဖြင့် မွေးရာပါနယ်မြေအဆင့်ကျွမ်းကျင်သူများအားသတ်ရန် အလွန်ခက်ခဲ၏။ ပြည်ထောင်စုအစိုးရသည် ၎င်းတို့အား သတ်ရလွယ်ကူစေရန် ပုန်းကွယ်ရန်နေရာမရှိသည့် ကွင်းပြင်ထဲသို့ မြှားခေါ်ရသည်။
သို့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့တွင် သိုင်းပညာကျွမ်းကျင်သူများစွာရှိ၏။ ဤသိုင်းပညာကျွမ်းကျင်သူများသည် စနိုက်ပါရိုင်ဖယ်များကို အသုံးပြုကြကာ သူတို့ချိန်ရွယ်ထားသည့်မည်သူ့ကိုမဆို သတ်နိုင်၏။ ၎င်းတို့၏ ပစ်မှတ်များကို ရှောင်လွှဲနိုင်ကြလိမ့်မည်မဟုတ်ပေ။
မွေးရာပါနယ်မြေကျွမ်းကျင်သူများသည်ပင် သူ့အား မထိခိုက်စေနိုင်ကြောင်းကြားလိုက်ရသဖြင့် ချူးယွင်ဖန်း အလွန်စိတ်သက်သာရာရသွားသည်။ လက်ရှိချူးယွင်ဖန်းသည်မူ ထိုနတ်ကျင့်စဥ်များကို ကျင့်ကြံထားသူများနှင့် ထိပ်တိုက်ရင်ဆိုင်၍ရနိုင်မည်မဟုတ်ပေ။ မကောင်းဆိုးဝါးကိုးကွယ်ဂိုဏ်းသည် သူ့ညီမအား မည်မျှပင် မက်မောနေပါစေ နတ်ကျင့်စဥ်ကျင့်ကြံထားသော ကျွမ်းကျင်သူများကို ဤရပ်ကွက်အတွင်းဝင်ရောက် လှုပ်ရှားခွင့်ပြုလိမ့်မည်မဟုတ်ပေ။ ထိုမှသာ ချူးယွင်ဖန်းပေါ့ပေါ့ပါးပါးအနားယူနိုင်မည်ဖြစ်၏။
“ဘာလို့လဲ၊ နင့်မှာ ရန်သူတွေရှိတာလား” လုယုရှုကမေးသည်။ သူမစကားကြားသောအခါ ချူးယွင်ဖန်း၏ အမူအရာပြောင်းလဲသွားသည်ကို သတိထားမိ၏။
“ထင်တာပဲ” ချူးယွင်ဖန်းသည် ဤသို့ပြောသော်လည်း များများစားစားရှင်းပြနေခြင်းမရှိတော့ပေ။ လုယုရှုသည်လည်း သူ၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်မစွက်ဖက်ချင်သည့်အတွက် ထပ်မမေးတော့ပေ။
ချူးယွင်ဖန်းအတွက်မူ အကောင်းဆုံးခုခံမှုသည် တိုက်ခိုက်ရန်သာဖြစ်သည်။ မကေင်းဆိုးဝါးကိုးကွယ်ဂိုဏ်းအား အမြစ်ဖြုတ်နိုင်ရမည်ဖြစ်သော်လည်း လက်ရှိ ယင်းသည် အိပ်မက်သာသာသာရှိသေး၏။ လုယုရှုသာ ဆက်မေးခဲ့လျှင် သူမအပေါ်တွင် သက်ရောက်မှုများစွာရှိလာလိမ့်မည်ဖြစ်ကာ ချူးယွင်ဖန်း၏ ကိစ္စထဲတွင် ပါဝင်ပက်သက်လာရမည်ဖြစ်၏။ အကယ်၍ ချူးယွင်ဖန်းသည် ရန်သူများထံမှ လွတ်မြောက်ရန် ဤသို့သော အဆင့်မြင့်လူနေရပ်ကွက်သို့ အတင်းအကြပ်ဖိအားပေးပြောင်းရွှေ့ခံရခြင်းဖြစ်လျှင် သူသည် သာမန်လူတစ်ယောက်ဖြစ်မည်မဟုတ်ပေ။ ထိုသို့ ဝင်ပါခြင်းသည် သူမအတွက် ကောင်းကျိုးမရှိနိုင်ပေ။
“ဝင်ကြည့်ရအောင်”
လုယုရှု၏ ဦးအောင်မှုဖြင့် ချူးယွင်ဖန်းသည် အိမ်ရာထဲသို့စတင်လှည့်ပတ်ကြည့်ရှု့ရာ တစ်ခန်းစီ၏ အပြင်အဆင်သည် ရိုးရှင်းကာ ခေတ်မီနေသဖြင့် ချူးယွင်ဖန်း အလွန်ကျေနပ်သွားရသည်။
ချူးယွင်ဖန်းသည် လုယုရှု၏ အိမ်သို့ချက်ချင်းပြန်ကာ ကျိုးကျီယုနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။ အဆုံးတွင် ယွမ်၉၅သန်းဖြင့် အရောင်းအဝယ်တည့်ခဲ့သည်။ အိမ်သည် ပရိဘောအပြည့်အစုံဖြင့်ဖြစ်သောကြောင့် စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် ချက်ချင်းပြောင်းရွှေ့နိုင်ပြီဖြစ်သည်။
ကျိုးကျိယန်သည် ချူးယွင်ဖန်းအား အလွယ်တကူ ချက်ချင်းပေးချေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ စျေးနှုန်းသည် ယွမ်သန်းတစ်ရာနီးပါးရှိသော်လည်း ချူးယွင်ဖန်းက ဝေ့ဝိုက်နေခြင်းမရှိဘဲ
ဤသို့ ချက်ချင်းထုတ်ပေးခဲ့သည်။ ကျိုးကျီယု၏ စိတ်ထဲတွင် ချူးယွင်ဖန်းအား ပို၍အထင်ကြီးမိသွားကာ၊ လုဝေ့ကော် သူ့အား ဤမျှတန်ဖိုးထား၍ ကိုယ်တိုင်ကိုယ်ကျကူညီပေးသည်မှာ အံ့သြစရာမရှိတော့ပေ။
အခန်း(၁၅၀) ထွက်ခွာရန် ပြင်ဆင်မှု
ဗီလာကို ဝယ်ပြီးနောက်တွင် ချူးယွင်ဖန်းသည် လုပ်ရမည်များကို အလျင်အမြန်ပင်ဆောင်ရွက်၏။ ချက်ချင်းဆိုသလိုပင် အိမ်ရွှေ့ပြောင်းကုမ္ပဏီတစ်ခုအား ဆက်သွယ်ကာ သူ့အိမ်ရှိပစ္စည်းပစ္စယများကို ဗီလာသို့ရွှေ့လိုက်သည်။ ပရိဘောဂများသည်မူ လက်ရှိမှာ ယခင်အဟောင်းများထက် ဆယ်ဆမကပိုကောင်းသောကြောင့် အဓိကပြောင်းရွှေ့ရသည်မှာ သူ့အဝတ်အစားများနှင့် အသုံးအဆောင်များသာဖြစ်သည်။
ရပ်ကွက်မှ ကျွမ်းကျင်သော ဝန်ဆောင်မှုများကို ထောက်ပံ့ပေးထားသဖြင့် အစေခံ၊ အကူများငှားရန်ပင်မလိုပေ။ လူချမ်းသာအများစုသည် ရာထူးကြီးကာ သြဇာကြီးသူများဖြစ်သည့်အလျောက် လျို့ဝှက်ချက်များစွာရှိသည့်အတွက် ရပ်ကွက်မှထောက်ပံ့ပေးသူများကို အသုံးမပြုကြပေ။ သို့သော် ချူးယွင်ဖန်းသည်မူ သူ့မိသားစုတွင် မည်သည့်လျို့ဝှက်ချက်မျှမရှိသည့်အတွက် ဤသည်ကို ဂရုမစိုက်ပေ။ ရှိလျှင်ပင် ထိုအရာအားလုံးမှာ ချူးယွင်ဖန်းနှင့်သာပတ်သက်သဖြင့် ကြောက်ရန်မလိုပေ။
အချို့သော စီးပွားရေးလုပ်ငန်းများစတင်ရန်မူ သူ့မိဘများနှင့် ညီမလေးတို့ ကျင်ဟွာမြို့မှ ပြန်လာမည်ကို စောင့်ဆိုင်ရမည်ဖြစ်သည်။ ထိုအချိန်တွင် သူသည် ကျွမ်းကျင်သောအစေခံ သို့မဟုတ်၊ စက်ရုပ်အစေခံတစ်ယောက်ကို ငှားရန်းအသုံးပြုနိုင်မည်ဖြစ်သည်။
ခေတ်သစ်လူ့အဖွဲ့အစည်းတွင် နည်းပညာသည် အလွန်တိုးတက်လျက်ရှိကာ မူလက သိပ္ပံဇာတ်ကားများတွင်သာရရှိခဲ့သော စက်ရုပ်များသည် လူချမ်းသာများ၏ အိမ်များတွင် အလုပ်လုပ်လာကြသည်။ သူတို့သည် ဉာဏ်ရည်လွန်စွာမကောင်းမွန်သော်လည်း ရိုးရှင်းသောအလုပ်များကို ကိုင်တွယ်နိုင်ကြသည်။ သန့်ရှင်းရေးနှင့် လုံခြုံရေးတွင် အထူးပြုလုပ်ဆောင်သော စက်ရုပ်များလည်းရှိကြသည်။
အရာအားလုံးအခြေကျသွားပြီနောက်တွင် ညဥ့်နက်နေပြီဖြစ်၏။ ချူးယွင်ဖန်းသည် ဤသမျှကြီးမားသော အိမ်ကြီးထဲတွင် သူတစ်ယောက်တည်းနေရခြင်းဖြင့် အသားမကျသေးသော်လည်း သူ့တွင် လုပ်စရာများရှိသေး၏။ သုံးရက်အကြာတွင် မကောင်းဆိုးဝါးအမဲလိုက်လိုင်စင်လုပ်ရန် ထန်စီယုနှင့် ဂေါင်ဟုန်ချီတို့ဖြင့်တွေ့ဆုံရန်ချိန်းထား၏။ သို့မှသာလျှင် မြို့တွင်းဝင်ရန် မြို့ပြင်ထွက်ရန် လွယ်ကူပေလိမ့်မည်ဖြစ်သဖြင့် ထိုနောက်တွင်မှ တောထဲ၌ အချိန်တစ်လကုန်ဆုံးရပေတော့မည်ဖြစ်သည်။
ပုံမှန်အားဖြင့် သူအပြင်သွားလာသည့်အခါတွင် သိုင်းယူနီဖောင်းကိုဝတ်ဆင်လေ့ရှိသော်လည်း ယခုမူ တောထဲသို့ ဝင်ရမည်ဖြစ်သဖြင့် ပြိုင်ဘက်များသည် လူသားမဟုတ်တော့ပေ။ ထို့ကြောင့် အကာအကွယ်ကိုထည့်သွင်းစဥ်းစားရမည်ဖြစ်ကာ ချပ်ဝတ်တန်စာအပြည့်အစုံကိုပြင်ဆင်မှသာ စွမ်းအားကြီးမကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရန် သင့်တော်မည်ဖြစ်၏။ ယင်းအတွက်ကြိုတင်ပြင်ဆင်ရန် ချူးယွင်ဖန်းသည် အွန်လိုင်းမှတစ်ဆင့် စစ်ဆေးကြည့်သည်။
လက်ရှိတွင် လေးလံသော သံချပ်ကာနှင့် ပေါ့ပါးသော သံချပ်ကာဟူ၍နှစ်မျိုးနှစ်စားရှိသည်။ လေးသံသောသံချပ်ကာများသည် လူအများ၏အတွေးထဲမှ သံချပ်ကာနှင့်တူကာ ခန္ဓာကိုယ်အား သံဗူးထဲတွင် ထည့်ထုပ်ထားသကဲ့သို့ထင်ရ၏။ ဤသို့ဖြင့်သာ ခုခံအား သို့မဟုတ် ကာကွယ်နိုင်နှုန်းကို မြှင့်တင်မည်ဖြစ်သောကြောင့် ခေတ်မီနည်းပညာဖြင့်ပင် ၎င်း၏ အလေးချိန်ကို လျှော့ချနိုင်ရန် ခဲယဥ်းသည်။
အများအားဖြင့် ဤပစ္စည်းကို တပ်မတော်၏လက်ရွေးစင်တပ်များတွင်သာ အသုံးပြုကြသည်။ တစ်ယောက်တည်းတိုက်ခိုက်သော အခြေအနေများတွင် ၎င်းတို့သည် အဆင်မပြေကြပေ။ စစ်တပ်သည် အဖွဲ့လိုက်တိုက်ခိုက်ခြင်းဖြစ်ကာ အန္တရာယ်အရှိဆုံးနေရာများတွင် ခံတပ်ကိုထားလေ့ရှိကြသည်။ ဥပမာအားဖြင့် မွန်းစတားအစုအဝေးများနှင့် တိုက်ခိုက်ရာတွင် စစ်သားများသည် ဤသို့သော လေးလံသည် သံချပ်ကာများကို ရှေ့တန်းတွင် ခုခံရန် အသုံးပြုကြသည်။
ဤသို့သော လေးလံသည် သံချပ်ကာများသည် သာမန်ပြည်သူများအတွက်မသင့်လျော်ပေ။ လေးလံသော သံချပ်ကာချပ်ဝတ်တန်ဆာအား အချိန်ကြာမြင့်စွာဝတ်ဆင်ထားရုံဖြင့်ပင် ကိုယ်ခံအားများစွာကုန်ဆုံးမည်ဖြစ်သည်။ တောရိုင်းထဲတွင်မူ ဤသို့သော ချပ်ဝတ်တန်ဆာမျိုးသည် များသောအားဖြင့် သေရန်အလွယ်ကူဆုံးနည်းလမ်းပင်ဖြစ်၏။ ဤလေးလံသော ချပ်ဝတ်တန်စာများ၏ ထပ်မံတိုးတက်လာသောပုံစံသည် စက်ရုပ် များဖြစ်လိမ့်မည်ဖြစ်သော်လည်း ၎င်းတို့သည် တိုက်လေယာဥ်များနှင့် ဆင်တူသည့်ကိရိယာများဖြစ်သည့်အတွက် ချပ်ဝတ်တန်ဆာဟု ယူဆ၍မရပေ။
လေးလံသော ချပ်ဝတ်တန်ဆာများအပြင် သာမန်ပြည်သူလူထုနှင့် စစ်သားများ ဝတ်ဆင်လေ့ရှိသည့် ပေါ့ပါးသော သံချပ်ကာအမျိုးအစားမျိုးလည်းရှိသေးသည်။ ၎င်းတို့၏ အလေးချိန်သည် သာမန်အားဖြင့် ၆ ကီလိုဂရမ်မှ ၁၂ ကီလိုဂရမ်အတွင်းရှိကာ ၃၀ကီလိုဂရမ်ထက်မပိုတတ်ပေ။
မျက်မှောက်ခေတ်တွင် မလေ့ကျင့်ခဲ့ဖူးသူများသည် ၃၀ ကီလိုဂရမ်ချပ်ဝတ်တန်ဆာများကို လေးလံသည်ဟု ယူဆကြသော်လည်း ကြံခိုင်မှု မြင့်မားလာသည့် ခေတ်မီ သိုင်းပညာရှင်များအတွက်မူ ယင်းသည် ပေါ့ပါးသော ချပ်ဝတ်တန်ဆာသာဖြစ်သည်။
ဤချပ်ဝတ်တန်ဆာများသည် များသောအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို မဖုံးလွှမ်းထားနိုင်ပေ။ ၎င်းတို့သည် ကာကွယ်ရန်လိုအပ်သော အရေးကြီးအစိတ်အပိုင်းနေရာများကိုသာ ဖုံးကာပေးထားခြင်းဖြစ်၏။ ဥပမာအားဖြင့် ရင်ဘက်၊ နောက်ကျော၊ လက်မောင်း၊ ခြေထောက်နှင့် အခြားအရေးကြီးသောနေရာများကိုသာ ဖုံးကာပေးထားခြင်းဖြစ်သည်။ သူ့အပိုင်းနှင့်သူဖုံးအုပ်ကာကွယ်ပေးထားသောကြောင့် လွတ်လွတ်လပ်လပ်ရွေ့လျား၍ရကာ ပို၍ ပေါ့ပေါ့ပါးပါးရွေးလျားနိုင်၏။
ပေါ့ပါးသော ချပ်ဝတ်တန်ဆာဖြင့်ပင် မကောင်းဆိုးဝါးများ၏ ချွန်ထက်သော သွားများကို အချိန်ခဏတာမျှ ခုခံကာကွယ်နိုင်စွမ်းရှိသည်။ ချပ်ဝတ်တန်ဆာဖုံးထားသော နေရာများသို့ တိုက်ရိုက်အကိုက်ခံရခြင်း သို့မဟုတ် အဖမ်းမခံရချိန်အထိ အချိန်ခဏတာမျှ ခုခံနိုင်မည်ဖြစ်သည်။ သို့သော် ယင်းသည် တကယ့်ကိုပင် အချိန်ခဏတာမျှသာ ခုခံနိုင်မည်ဖြစ်သဖြင့် လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားမှသာလျှင် ထိုကြောက်မက်ဖွယ်ကောင်းသော မွန်းစတားများကို ခုခံကာကွယ်နိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် အွန်လိုင်းတွင် စတင် ရှာဖွေလိုက်သည်နှင့် ပေါ့ပါးသော ချပ်ဝတ်တန်ဆာများစွာသည် သူ့ရှေ့တွင်ပေါ်လာ၏။
မကြာမီတွင်ပင် သူ၏ အရိပ်မဲ့ဓားထုတ်လုပ်သော ကုမ္ပဏီမှ ထုတ်လုပ်သည့် ပေါ့ပါးသော ချပ်ဝတ်တန်ဆာတစ်စုံကို ရွေးချယ်လိုက်သည်။ ၎င်းကို လရိပ်သံချပ်ကာဟုခေါ်ကာ၊ တကယ်တမ်းတွင် အရိပ်မဲ့နှင့် လရိပ်တို့သည် တစ်စုံတည်းမှဖြစ်သည်။ လူများသည် ထိုတစ်စုံလုံးအား တစ်ကြိမ်တည်းတွင် မဝယ်ယူနိုင်ကြသဖြင့် ခွဲရောင်းကြခြင်းဖြစ်သ်ည။ ဤချပ်ဝတ်တန်ဆာသည် အနက်ရောင်ဖြစ်ကာ ၁၅ကီလိုဂရမ်လေး၏။ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးကာပေးနိုင်သော်လည်း အလွန်ပင်ပေါ့ပေါ့ပါးပါးရွေ့လျားနိုင်၏။ ခန့်မှန်းချက်များအရယင်းသည် သန့်စင်ခြင်းအဆင့်မွန်းစတား၏ တိုက်ခိုက်မှုအားကိုပင် အထိအခိုက်မရှိဘဲ ခံနိုင်ရည်ရှိနိုင်၏။
မှန်သည်၊ စစ်မှန်သော ခုခံအားကိုဤနည်းလမ်းဖြင့် ဆုံးဖြတ်၍မရပေ။ အကယ်၍ ချူးယွင်ဖန်းသည်သာ ထိုအဆင့်မွန်းစတားနှင့် ရင်ဆိုင်ရလျှင် သံချပ်သည် ပျက်စီးသွားလိမ့်မည်မဟုတ်သော်လည်း သူ၏ အတွင်းအင်္ဂါများသည်မူ ပျက်ဆီးကြေမွသွားမည်ဖြစ်သည်။
မွေးရာပါအဆင့် မွန်းစတားများကိုမူ ထည့်သွင်းစဥ်းစား၍မရနိုင်ပေ။ ထိုမွန်းစတားများသည် ဒေသဘုရင်ဟူသော အခြားအမည်တစ်ခုရှိကာ ကျယ်ဝန်းသော နယ်မြေဒေသအပိုင်းအခြားတစ်ခုတိုင်းတွင် ဘုရင်များဖြစ်ကြသလို နယ်မြေဒေသငယ်တစ်ခုတွင် အများအားဖြင့် မွေးရာပါအဆင့် မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်သည်။
အရိပ်မဲ့ဓားနှင့် စျေးနှုန်းတူသောစျေးကို ကြည့်ကာ ချူးယွင်ဖန်းသည် အော်ဒါတင်ရန် တွန့်ဆုတ်မနေတော့ပေ။ လက်ရှိ သူ့လက်ထဲတွင် ဆယ့်ငါးသန်းမျှရှိရာ ငွေသုံးသန်းအကုန်အကျခံလိုက်လျှင်ပင် ဆယ့်နှစ်သန်းကျန်ဦးမည်ဖြစ်သဖြင့် ချမ်းသာမြဲချမ်းသာနေဦးမည်သာဖြစ်သည်။
ပိုင်ဟုန်ထံမှ အမြတ်ငွေသည် ဤမျှမြန်မြန်ရောက်လာလိမ့်မည်မဟုတ်ပေ။ ကိုယ်ခန္ဓာသန့်စင်ဆေးများ၏ ပုံစံအသစ်ကို ကြော်ငြာနေဆဲဖြစ်သဖြင့် သူ့အကောင့်ထဲသို့ ထိုအမြတ်ငွေများဝင်ရန် အနည်းဆုံး တစ်နှစ်ခွဲခန့်ကြာဦးမည်ပင်ဖြစ်သည်။ ကျန်ဆယ့်နှစ်သန်းမှာ ဒဏ်ရာကုသ၍ စွမ်းအင်စစ်ပြန်လည်ဖြည့်တင်းသည့် ဆေးဝါးများကို ဝယ်ယူရန်ဖြစ်၏။ ထိုဆေးများသည် ပို၍လူကြိုက်များကာ စျေးပေါသောဆေးများဖြစ်ကြ၏။ ချူးယွင်ဖန်းကိုယ်တိုင် ဆေးဖော်စပ်လျှင် ပို၍စျေးသက်သာနိုင်သော်လည်း သူသည် အလွန်ပျင်းလွန်းလှသဖြင့် ယင်းအတွက် အချိန်ကုန်မခံတော့ပေ။
ဤအခြေခံဆေးဖက်ဝင်ဆေးများအပြင် အခြား ဆေးဖက်ဝင်ဆေးတစ်မျိုးကိုလည်း ဖော်စပ်ရန် အစီအစဥ်များရှိသည်။ ယင်းမှာ ယခင်က စစ်တပ်မှ သူရခဲ့သည့် အဆင့်သုံး မူလဝိဉာဥ်ဆေးလုံးသာဖြစ်၏။
သူ့တွင် အဆင့်ကိုး မူလဝိဉာဥ်ဆေးလုံးအတွက် ပြီးပြည့်စုံသော ဆေးဖော်မျူလာရှိသော်လည်း သူ့စိတ်ထဲမှ ဆေးဧကရာဇ်သည် ဆေးပညာအား ပြီးပြည့်စုံသော အဆင့်အထိတတ်မြောက်နေပြီဖြစ်သဖြင့် အဆင့်သုံး မူလဝိဉာဥ်ဆေးလုံးအား သောက်သုံးလိုက်ပြီးသည့်နောက်တွင် ၎င်း၏ ဖော်မျူလာကို ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။
တကယ်တမ်းတွင် အဆင့်သုံး မူလဝိဉာဥ်ဆေးလုံးနှင့် နှိုင်းယှဥ်ပါက ၎င်းသည် အားပျော့ကာ ရိုးရှင်းသည်. အခြေခံအချက်အလက်များကို သူသိထားသရွေ့ ချူးယွင်ဖန်းအတွက် ဆေးဖော်မျူလာထုတ်ရန် မခက်ခဲပေ။ အဆင့်သုံး မူလဝိဉာဥ်ဆေးလုံးသည် လက်ရှိ ချူးယွင်ဖန်းအတွက် အဆင့်တက်ရာတွင်အသုံးပြုရန် အသင့်တော်ဆုံးဆေးဖြစ်သည်။ အဆင့်ကိုး မူလဝိဉာဥ်ဆေးလုံးသည် ပို၍ကောင်းမွန်သော်လည်း ယွမ်သန်းပေါင်းများစွာဟူသည့် စျေးနှုန်သည် သူ့အား ယခုအချိန်အထိတုန်လှုပ်စေဆဲဖြစ်သည့်အပြင် လက်ရှိအခြေအနေဖြင့် ဤမျှထိမလိုအပ်ပေ။
သူ၏ ယခင်ဘဝတွင် ဆေးဧကရာဇ်သည် ဆေးဖက်ဝင်ဆေးများစွာကို စုစည်းထားခဲ့သည့်အတွက် ချက်ချင်းအသတ်ခံခဲ့ရသည်။ ဤကိစ္စမှာ ချူးယွင်ဖန်းအတွက် အမြဲတမ်းမှတ်မိနေမည့် သင်ခန်းစာတစ်ခုဖြစ်သဖြင့် ဆေးဧကရာဇ်၏ အမှားများအတိုင်း ထပ်မံပြုလုပ်လိမ့်မည်မဟုတ်ပေ။