အခန်း(၁၅၆၁-၁၅၆၆)
Vol. 99 Ch. 1561-1566
အပိုင်း၁၅၆၁ သခင်ကြီးလင် အမှန်တရားကို စုံစမ်းရရှိသည်…
သခင်ကြီးလင်က လူနာဆောင်တံခါးကို ရုတ်တရက် ကန်ဖွင့်လိုက်သည်။
"ငါသိရင် ဘာဖြစ်မှာလဲ?" ဟု သခင်ကြီးလင်က ကျယ်လောင်စွာအော်လိုက်သည်။
ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့ နှစ်ဦးစလုံး သခင်ကြီးလင်ကို တွေ့လိုက်ရချိန်တွင် လန့်သွားကာ မင်သက်သွားခဲ့ကြသည်။ သခင်ကြီးလင်က မမျှော်လင့်ပဲ ရောက်လာခဲ့သည့်အတွက် သူတို့ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။
"အ.. အဖေ… ဒီနေရာကို ဘယ်အချိန်က ရောက်နေခဲ့တာလဲ…" ဟု ကျန်းရှူးယွမ်က မေးလိုက်သည်။
"ငါဒီနေ့ ဒီကိုမလာခဲ့ရင် လင်ရှောက်ကျား လုပ်ခဲ့တဲ့ဟာတွေကို ငါသိရမှာမဟုတ်ဘူး…"
ထို့နောက် သူက လင်ရှောက်ကျားကို လှည့်မေးလိုက်သည်။
"ပြော… ငါ့နောက်ကွယ်မှာ ကုနင်းကို မင်း ဘာလုပ်ခဲ့လဲ?”
"သမီး… သမီး…"
လင်ရှောက်ကျားက ပြောရန် လုပ်လိုက်ပေမယ့် ရုတ်တရက် ဘာပြောရမှန်း မသိခဲ့ပေ။
"အဖေ… အဖေ မှားပြီး ကြားခဲ့တာ… ဒါက နားလည်မှုလွဲနေတာပါ…" ဟု ကျန်းရှူးယွမ်က ဝင် ပြောလိုက်ပြီး ၎င်းကို ငြင်းဆိုရန် ကြိုးစားခဲ့သည်။
သခင်ကြီးလင်ကို အရူးလုပ်ဖို့ မလွယ်ကြောင်း သူမ သိပေမယ့် ၎င်းကိုဝန်ခံရန် သူမ တွန့်ဆုတ်နေခဲ့သည်။
"ငါနားမလေးဘူး… ပြီးတော့ သူတို့လဲ နားလေးမနေဘူး…" သခင်ကြီးလင်က ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ ယနေ့တွင် သူက လုံခြုံရေးအစောင့်များနှင့်အတူ လာခဲ့ခြင်းဖြစ်ပြီး သူတို့က အလွန်ကောင်းသော အထူးအဖွဲ့များ ဖြစ်ကြသည်။
"အင်း…"
ကျန်းရှူးယွမ် မှာ ယခု ဘာပြောရမည်မှန်း မသိတော့ပေ။
သခင်ကြီးလင်က လူကြီးတစ်ယောက်ဖြစ်ပေမယ့် သူက နားမဝေးပေ။
" လင်ရှောက်ကျားက ကုနင်းကို ဘာလုပ်ခဲ့တာလဲ။ ရိုးရိုးသားသားပြောစမ်း၊ ငါမင်းကို သက်သက်သာသာ အပြစ်ပေးမယ်။ မဟုတ်ရင် နင်းနင်းနဲ့ ရှောင်းထင်ကို ငါကိုယ်တိုင် သွားမေးမယ်။" ဟု သခင်ကြီးလင်က ပြောလိုက်သည်။
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့။" သခင်ကြီးလင်က လင်ရှောင်းထင်အား မေးချင်ကြောင်းကို သူမ ကြားရသောအခါ ကျန်းရှူးယွမ်မှာ ကြောက်ရွံ့သွားတော့သည်။ သို့သော် သူမသည် ဇာတ်လမ်းကို မည်သို့ပြောပြရမည်မှန်း ရိုးသားစွာ မသိခဲ့ပေ။
သခင်ကြီးလင်က သူမကို အတင်းအကျပ် မတိုက်တွန်းခဲ့ပေမယ့် သူမ၏အဖြေကို စောင်းဆိုင်းရင်း အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
ကျန်းရှူးယွမ်မှာ ၎င်းကို ထပ်ပြီး ခံနိုင်ရည်မရှိသောကြောင့် သူမက ပြောလိုက်သည်။
"ရှောက်ကျားက သိပ်မကြာခင်အချိန်က ကုနင်းနဲ့ သဘောထား ကွဲလွဲခဲ့လို့ ကုနင်းကို သင်ခန်းစာပေးဖို့ တစ်ယောက်ယောက်ကို ငှားလိုက်ပေမယ့် အဲ့ဒါက မအောင်မြင်ခဲ့ဘူး။ တကယ်တော့ ကုနင်းက အားမနည်းခဲ့ဘူး… နောက်တော့ ရှောက်ကျားက အပြင်းအထန် ရိုက်ခံလိုက်ရတယ်။ ဒါက ကုနင်း လုပ်တယ်ဆိုတာကို ကျွန်မ ယုံတယ်။"
သခင်ကြီးလင်က လင်ရှောက်ကျားကို ဒေါသထွက်နေသောကြောင့် ကျန်းရှူးယွမ်က အကုန်လုံး ပြောပြလိုက်တော့သည်။
သို့သော် ကံမကောင်းစွာဖြင့် သခင်ကြီးလင်က ကျန်းရှူးယွမ်ကို ရိပ်စားမိခဲ့ပြီး သူမက အလေးအနက်ရှိသောအသံဖြင့် မဟုတ်ပဲ တမင်သက်သက် လုပ်ပြောနေမှန်း သူ သိလိုက်သည်။ ထို့အပြင် သခင်ကြီးလင်က ကုနင်းအကြောင်းကို ကောင်းကောင်းသိပြီး လင်ရှောက်ကျားက သူမအား ထိခိုက်နာကျင်စေရန် ပြင်းထန်သော အရာတစ်ခုခုကိုသာ မလုပ်ခဲ့လျှင် ကုနင်းက လင်ရှောက်ကျားကို ရိုက်မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် လင်ရှောက်ကျားက ကုနင်းအား ဆိုးဝါးသောအရာတစ်ခုခုကို လုပ်ခဲ့မှာဖြစ်ပြီး ကုနင်းက ကျော်လွှားခဲ့ခြင်းဖြစ်သည်။
"သူ လုပ်ခဲ့တာက ဘာလဲ…" ဟု သခင်ကြီးလင် က စိတ်မရှည်စွာဖြင့်မေးလိုက်သည်။
"ကျွန်မ…"
ကျန်းရှူးယွမ် အထိတ်တလန့် ဖြစ်သွားခဲ့သည်။
"ငါ့ကို အခုပြောစမ်း… ငါမင်းကို စိတ်မရှည်တော့ဘူး…" ဟု သခင်ကြီးလင်က ပြောလိုက်သည်။
"အဖေ… ရှောက်ကျားက ကုနင်းကို သင်ခန်းစာတစ်ခု သင်ပေးချင်ခဲ့တာပါ။ ကုနင်းကို ဆိုးဆိုးဝါးဝါးထိခိုက်ဖို့ မရည်ရွယ်ပေမယ့် သူငှားခဲ့တဲ့လူကတော့ လက်မခံခဲ့ဘူး။ အဲ့ဒီလူက ကျွန်မတို့ရဲ့ခွင့်ပြုချက်မရပဲ ကားနဲ့ ကုနင်းကို တည့်တည့် တိုက်ပစ် ပေမယ့် ကုနင်းဘာမှမဖြစ်ဘူးဆိုတာကိုတော့ အာမခံပါတယ်။"
"ဘာ၊ သူက နင်းနင်းကို ကားနဲ့တိုက်တာလား။" ဟု သခင်ကြီးလင်က ထိတ်လန့်အံ့ဩကာပြောရင်း ဒေါသထွက်သွားတော့သည်။ ၎င်းကို သူ့မျက်လုံးများထဲတွင် လုံးဝ လက်မခံနိုင်ပေ။ သခင်ကြီးလင်မှာ ဒေါသထွက်လွန်း၍ နှလုံးဖောက်လုမတတ် ဖြစ်သွားတော့သည်။
"ဒါက ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ဖြစ်ခဲ့တာလဲ။" သခင်ကြီးလင်ကထပ်မေးလိုက်သည်။
"အဖေ B မြို့ကိုသွားတဲ့အချိန်က လေဆိပ်ကနေ ထွက်တဲ့လမ်းပေါ် မှာပါ။"
"ဘာ…"
ထိုအခါ သခင်ကြီးလင်မှာ ကြက်သေသေသွားတော့သည်။ ထိုအချိန်၌ ဖြစ်ခဲ့သော ယာဉ်မတော်တဆမှုက ဘယ်လောက်အန္တရာယ်ရှိမှန်း သူ မမေ့ခဲ့ပေ။ အဆုံးတွင် သူတို့ လွတ်မြောက်ခဲ့သော်လည်း ၎င်းက ကြောက်စရာကောင်းလွန်းခဲ့သည်။
" လင်ရှောက်ကျား၊ မင်းက ငါတို့အားလုံးကို သတ်ပစ်ချင်ခဲ့တာလား။" သခင်ကြီးလင်က လင်ရှောက်ကျားကို အော်လိုက်သည်။
"မဟုတ်ပါဘူး… မဟုတ်ပါဘူး… လုံးဝ မဟုတ်ရပါဘူး။"
လင်ရှောက်ကျားက ချက်ချင်း ငြင်းဆိုလိုက်သည်။
"အဲ့ဒီအချိန်က သူဒီလိုလုပ်မယ်ဆိုတာကို သမီး မသိခဲ့ပါဘူး။"
"မင်းမသိခဲ့ဘူးလား၊ မင်းက သူ့ကို ငှားထားတဲ့အတွက် ဒီအကြောင်းကို မင်းဘာလို့ ဘာမှ မသိရတာလဲ။" သခင်ကြီးလင်က သူမအား အသံမာမာဖြင့် ပြောလိုက်သည်။
သခင်ကြီးလင် အံ့ဩတာက သူ၏ မြေးမက ဥပဒေကို ချိုးဖောက်ရဲပြီး သူ၏ အခြားမြေးမအား သတ်ရန်ပင် ကြိုးစားခဲ့သည်ဆိုသော အရာ ပင် ဖြစ်သည်။
လင်မိသားစုဝင်အများစုက ကြင်နာတတ်ကြပေမယ့် လင်ရှောက်ကျား ကတော့ ခြွင်းချက်တစ်ခုပင် ဖြစ်လေသည်။ သူမ၏မိခင်ဖြစ်သူ ကျန်းရှူးယွမ်ကလည်း လူကောင်းတစ်ယောက် မဟုတ်ခဲ့ပေ။
လင်ရှောက်ကျားက ရိုးရိုးတန်းတန်း ကလေးဆိုးတစ်ယောက်ဟုသာ သခင်ကြီးလင် အမြဲတမ်း တွေးထားခဲ့ပေမယ့် ယခုအခါ သူ၏စိတ်က ပြောင်းသွားခဲ့လေပြီ။ လင်ရှောက်ကျားက ကုနင်းအား ဥပဒေနှင့်ဆန့်ကျင်သော အရာကို လုပ်ခဲ့ပေမယ့် ကျန်းရှူးယွမ်က သူမအား မတားခဲ့ပေ။
***
အခန်း ၁၅၆၂ သူမ ဒါကို လက်ခံပြီးပြီ…
ကျန်းရှူးယွမ်က လင်ရှောက်ကျား၏ မသင့်လျော်သော အပြုအမူကို ကန့်သတ်ခြင်းမရှိပဲ သူမလုပ်ချင်သော ဘယ်ဟာကိုမဆိုလုပ်ခွင့်ပေးလျှင် လင်ရှောက်ကျားက လုံးဝ ဆိုးသွမ်းလာပေလိမ့်မည်။
ကျန်းရှူးယွမ်က သခင်ကြီးလင်၏ ဝေဖန်ချက်ကြောင့် ကြောက်ရွံ့သွားပြီး နောက်ထပ် ထပ်မပြောရဲတော့ပေ။
ထိုစဉ် လင်ရှောက်ကျားသည် ကုတင်ပေါ်မှ ထလာပြီး သခင်ကြီးလင် ၏ရှေ့တွင် ဒူးထောက်လိုက်လေသည်။
"အဖိုး… သမီး တောင်းပန်ပါတယ်… သမီး တောင်းပန်ပါတယ်၊ ဒါက သမီးအမှားဆိုတာကို သိပါတယ်… ပြီးတော့ ဒါမျိုး သမီး မလုပ်သင့်ပါဘူး။ ကျေးဇူးပြုပြီး သမီးကို ခွင့်လွှတ်ပေးပါ၊ ဒါမျိုး ထပ်ဖြစ်မှာမဟုတ်ဘူးဆိုတာကို သမီး ကတိပေးပါတယ်။"
သခင်ကြီးလင်က သူမ၏ အပြုအမူကို လက်ခံမည်မဟုတ်မှန်း သူမ သိပေမယ့် တကယ်တော့ သူမက သူ၏ မြေးဖြစ်ပြီး ဤတစ်ခါတော့ သူမကို သူခွင့်လွှတ်နိုင်မည်ဟု သူမ မျှော်လင့်ထားခဲ့သည်။
"အဖေ… ရှောက်ကျားက ဒါကို ဝန်ခံနေပြီပဲ။ အဲ့ဒီကနေလဲ သူ အများကြီး သင်ယူခဲ့ပါတယ်။ ကုနင်းက ရှောက်ကျားကို တိတ်တဆိတ်အပြစ်ပေးကတည်းက သူက ပြဿနာကြီးကြီးမားမား မဖြစ်စေချင် ဘူးဆိုတာ ရှင်းနေတာပဲ။ ဒါကြောင့် ကျေးဇူးပြုပြီး ရှောက်ကျား ကို ဒီတစ်ခါလောက် ခွင့်လွှတ်ပေးလိုက်ပါ။" ဟု ကျန်းရှူးယွမ်က ပြောပြီး လင်ရှောက်ကျားအတွက် တောင်းပန်ခဲ့သည်။
"မင်းတို့ရဲ့ ပါးစပ်ကို ပိတ်ထားကြစမ်း၊ မင်းတို့မှာ အပြစ်မရှိဘူးလို့ ထင်ကြလား?"
ထိုစကားကိုကြားသောအခါ ကျန်းရှူးယွမ်မှာ ထပ်၍ လန့်သွားတော့သည်။ လင်ရှောက်ကျား ထိုသို့လုပ်ခြင်းကို သူမ တားခဲ့သင့်မှန်း သူမ သိပေမယ့် သူမ မတားခဲ့ပေ။
"အဖိုး… တကယ်တော့ သမီးက အဖိုးရဲ့ မြေးပါ။ သမီးတို့က မိသားစုတွေလေ။ သမီးကို အဖိုးက အခွင့်အရေးတစ်ခု မပေးနိုင်ဘူးလား။" ဟု လင်ရှောက်ကျားက ပြောလိုက်သည်။
"အတိအကျပြောရရင် မင်းက ငါ့မြေးမို့လို့ကို မင်းကြောင့် ငါ့နှလုံးသားက လုံးဝ ကြေကွဲနေရတာ။"
တစ်ယောက်ယောက်က ထိုအရာကို လုပ်ခဲ့လျှင် သူဒေါသထွက်မှာ ဖြစ်ပေမယ့် ယခုလောက်တော့ ပြင်းထန်မည် မဟုတ်ပေ။ သို့သော် လင်ရှောက်ကျားက သူ့မြေးဖြစ်နေပြီး သူတို့က သွေးသားရင်းချာများ ဖြစ်သောကြောင့် သူမအား ဥပဒေအရ အပြစ်ပေးရန် သူ့အတွက် ခက်ခဲတော့သည်။
သို့သော် သူမကို သူလွှတ်ပေးလိုက်ပြန်လျှင်လည်း ကုနင်းအတွက် မတရားရာ ကျပေလိမ့်မည်။
ကုနင်းက လင်ရှောက်ကျားအား တိတ်တဆိတ် အပြစ်ပေးခဲ့ပြီး သူ မသိအောင် ၎င်းကို လျှို့ဝှက်ထားခဲ့ပေမယ့် အမှန်တရားကို သူ သိပြီးနောက်တွင် ယခု သူ အတော်လေး အပြစ်ရှိသလို ခံစားခဲ့ရသည်။ ကုနင်းက သူ နှင့် လင်ရှောင်းထင်ကို အလွန်ကောင်းစွာ ပြုမူခဲ့သောကြောင့် ၎င်းကို မသိသလို ဟန်ဆောင်ဖို့က သူ့အတွက် မဖြစ်နိုင်ပေ။
"မင်းလုပ်ခဲ့တဲ့ဟာကို မင်း အလေးအနက် စဉ်းစားသင့်တယ်…" ဟု သခင်ကြီးလင်က မျက်နှာရှစ်ခေါက်ချိုးဖြင့် ပြောလိုက်ပြီးနောက် သူတို့ကိုထားခဲ့ကာ အပြင်သို့ ထွက်သွားတော့သည်။
လင်ရှောက်ကျားနှင့် ကျန်းရှူးယွမ်တို့မှာ သခင်ကြီးလင် ဘာလုပ်မည်မှန်း မသိကြသောကြောင့် လူနာဆောင်ထဲတွင် ကြောက်လန့်စွာဖြင့် နေခဲ့လေတော့သည်။
လင်ရှောင်းထင် ပြန်ရောက်လျှင်ရောက်ချင်း ထိုအကြောင်းကို သူနှင့် ပြောသင့်သည်ဟု သခင်ကြီးလင် တွေးခဲ့သည်။ ထို့ကြောင့် သခင်ကြီးလင်မှာ ထိုနှစ်ရက်လုံး စားမဝင် အိပ်မပျော် ဖြစ်ခဲ့ရပြီး မျက်တွင်းများချောင်ကျလာတော့သည်။
လင်ရှောင်းထင်သည် လင်မိသားစုအိမ်သို့ ပြန်ရောက်လာ သောအခါ စိုးရိမ်ပြီး မေးလိုက်သည်။
"အဖိုး… အဆင်ပြေရဲ့လား?"
"ငါအဆင်ပြေပါတယ်၊ " ဟု သခင်ကြီးလင်က ပြောလိုက်ပေမယ့် ၎င်းက မုသားတစ်ခုဖြစ်မှန်း သိသာတော့သည်။
"ကျွန်တော့်ကို အ,အတစ်ယောက်လို့ အဖိုးက ထင်တာလား။" လင်ရှောင်းထင်က ပြောလိုက်သည်။
လင်ရှောင်းထင်က အလွယ်တကူ လှည့်စား၍ ရမည်မဟုတ်မှန်းကို သခင်ကြီးလင် သိပေမယ့် လင်ရှောင်းထင်အား ဖြစ်ကြောင်းကုန်စင်ကို ပြောပြရန်အတွက် သူ၏ သတ္တိကို လှုံ့ဆော်ရန် လိုအပ်ခဲ့သည်။
"အင်း… နောက်ဆုံးတစ်ခါ B မြို့မှာ ဖြစ်ခဲ့တဲ့ ကားမတော်တဆမှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာကို မင်းသိလား?" ဟု သခင်ကြီးလင် က ချီတုံချတုံဖြင့် မေးလိုက်လေသည်။
သူက ၎င်းကို သတိရပြီး သာမန်ကာလျှံကာ မေးလိုက်သလို အသံမျိုးပါပဲ။ သို့သော် လင်ရှောင်းထင်က ကားမတော်တဆမှုကြောင့် သခင်ကြီးလင် စိတ်မသက်မသာ ဖြစ်နေခဲ့သည်ဆိုခြင်းကို သဘောပေါက်သွားခဲ့သည်။
"အဖိုး တစ်ခုခုရှာတွေ့သွားတာ ဖြစ်ရမယ်။ " ဟု လင်ရှောင်းထင်က ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းက သူ့ကို အချိန်ကြာမြင့်စွာ ဒုက္ခပေးခဲ့သောကြောင့် လေးနက်သော အမူအရာတစ်ခု ဖြစ်လာခဲ့သည်။
သူ၏တုန့်ပြန်မှုကြောင့် လင်ရှောင်းထင်က ကားမတော်တဆမှု၏ အမှန်တရားကို သိထားကြောင်း သခင်ကြီးလင် သဘောပေါက်သွားတော့သည်။
"မင်းရဲ့အဖြေကို ငါအရင် သိချင်တယ်။" ဟု သခင်ကြီးလင် က ပြောလိုက်သည်။
"တရားခံ ဘယ်သူလဲဆိုတာကို ကျွန်တော်တို့နှစ်ယောက်လုံး သိထားကြတယ်လို့ ကျွန်တော်ထင်ပေမယ့် တရားခံကို အပြစ်ပေးပြီးပြီမို့လို့ အခု အဲ့ဒါက အရေးမကြီးတော့ဘူး။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ သခင်ကြီးလင် က ခေါင်းညိတ်လိုက်သည်။
"နင်းနင်းကရော…"
သခင်ကြီးလင် က ကုနင်း၏ ခံစားချက်နှင့်ပတ်သက်ပြီး စိုးရိမ်နေသေးသည်။
"သူက ဒါကို လက်ခံပြီးသားမို့ မေ့ပစ်လိုက်ဖို့ ကျွန်တော့်ကို ပြောခဲ့တယ်။" ဟု လင်ရှောင်းထင်က ပြောလိုက်သည်။ တကယ်တော့ သူက လင်ရှောက်ကျားကို စိတ်ဆိုးနေဆဲဖြစ်သည်။
လင်ရှောင်းထင်က ကုနင်းအတွက် လင်ရှောက်ကျားအား အပြစ်ပေးခဲ့လျှင် ၎င်းကို မှားသည်ဟု သခင်ကြီးလင် မထင်ပေ။ သူတို့က မောင်နှမတစ်ဝမ်းကွဲများဖြစ်သော်လည်း ကုနင်းက သူ၏ ချစ်သူဖြစ်ပြီး အနာဂတ်တွင် သူတို့ လက်ထပ်ကြမှာဖြစ်သည်။ ထို့အပြင် လင်ရှောင်းထင် က လင်ရှောက်ကျားနှင့် ဘယ်သောအခါမှ အဆင်ပြေခဲ့ကြသည် မဟုတ်ပေ။ လင်ရှောင်းထင်နှင့် ကုနင်း နှစ်ယောက်စလုံးက ဘာမှမလုပ်ရန် ဆုံးဖြတ်ခဲ့ကြသဖြင့် သခင်ကြီးလင်က ၎င်းကို ထပ်မပြောတော့ပေ။ သို့သော် လင်ရှောက်ကျားအား ဥပဒေအရမဟုတ်ပဲ သူတို့မိသားစု၏စည်းကမ်းအရ အပြစ်ပေးရန် အတွက်တော့ သူ ကြံစည်နေဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ၎င်းက မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ ဖြစ်သောကြောင့် သူက လူအများကို မသိစေချင်ခဲ့ပေ။
လင်ရှောက်ကျား လုံးဝ ပြန်ကောင်းလာရန် အချိန်မည်မျှ ကြာမည်မှန်း သခင်ကြီးလင် မသိခဲ့ပေမယ့် သူမသည် တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာခဲ့သည်။ ကုနင်းက လင်ရှောက်ကျားအား သတ်မည်(သို့မဟုတ်) ဒုက္ခိတဖြစ်အောင်လုပ်မည် မဟုတ်မှန်းကိုလည်း သူယုံကြည်ခဲ့သည်။
"နင်းနင်းရဲ့ ခံစားချက်နဲ့ပတ်သက်ပြီး အဖိုး စိတ်ပူဖို့မလိုပါဘူး။ အခု သူ အဆင်ပြေပါတယ်။ ပြီးတော့ ဒါကို သူ စိတ်မဝင်စား တော့ပါဘူး။" ဟု လင်ရှောင်းထင်က သခင်ကြီးလင်အား နှစ်သိမ့်သည့်အနေဖြင့် ပြောလိုက်သည်။
ထိုအခါ သခင်ကြီးလင်က ခေါင်းညိတ်လိုက်လေသည်။
လင်ရှောင်းထင်က နောက်ပိုင်း ကုနင်းနှင့်အတူ ခွန်းလွန်တောင်သို့ သွားမည်ဟု သခင်ကြီးလင်အား မပြောခဲ့ပေ။ တကယ်တော့ ဖြစ်နိုင်မည်ဆိုလျှင် ထိုအကြောင်းကို သခင်ကြီးလင် ဘယ်သောအခါမှ မသိရန် လင်ရှောင်းထင် မျှော်လင့်ထားခဲ့သည်။
လင်ရှောင်းထင် အိပ်ယာမဝင်မီ သူက ကုနင်းထံ ဖုန်းခေါ်ကာ B မြို့တွင် ဖြစ်ခဲ့သော ကားမတော်ဆမှုနှင့် ပတ်သက်သည့် အမှန်တရားကို သခင်ကြီးလင် သိသွားပြီဖြစ်ကြောင်း သူမ ကို ပြောပြခဲ့သည်။
***
အခန်း၁၅၆၃ တိုက်ဆိုင်မှုတစ်ခုလား…
လင်ရှောင်းထင်က သခင်ကြီးလင်အား တားမြစ်လိုက်ပြီး သူတို့ ထိုအကြောင်းကို ဆက်မပြောတော့ကြောင်းကို ကုနင်းအား ပြောပြခဲ့သည်။
ထိုအခါ ကုနင်းက ပခုံးတွန့်လိုက်သည်။ သခင်ကြီးလင် ဘယ်လို သိသွားလဲဆိုတာကို သူမ မသိပေမယ့် လင်ရှောက်ကျားက ၎င်းကို ရှေ့နောက်မစဉ်းစားဘဲ ပြောချမိသည်ဟုသာ သူမ တွေးခဲ့သည်။
သူမသည် ၎င်းကို လက်ခံပြီးသားဖြစ်ပြီး လင်ရှောက်ကျားအား ထပ်၍ အပြစ်ပေးရန် ဘာကိုမှ လုပ်မည်မဟုတ်တော့ပေ။ လင်ရှောက်ကျား သူမနှင့် ဝေးဝေးနေသရွေ့ သူမလည်း နေမှာဖြစ်သည်။
…
ကုနင်းသည် မနက်(၇)နာရီခွဲ၌ လေဆိပ်သို့ ထွက်လာခဲ့ပြီး ထန်ကျားခိုင်က သူမကို လိုက်ပို့ခဲ့သည်။
သူမ လေဆိပ်သို့ ရောက်ပြီးခဏအကြာတွင် ကျင့်ကြံသူတစ်ယောက်၏ အနံ့ကို သူမ ခံစားမိလိုက်ပြီး သုန်းဖန်းကျီယွီကို သူမ သတိပြုမိသွားခဲ့သည်။
ကုနင်းသည် မျက်မှောင်ကြုတ်သွားပြီး သုန်းဖန်းကျီယွီ ဘာကြောင့် ဤနေရာတွင် ပေါ်လာမှန်းကို သူမ နားမလည်ခဲ့ပေ။ ၎င်းက တိုက်ဆိုင်မှုတစ်ခု ဟုတ်မဟုတ်ဆိုခြင်းကို သူမ မသေချာခဲ့ပေ။
သူမ ထွက်လာသောအချိန်တွင် ကုနင်းကို မတွေ့ရသောကြောင့် သုန်းဖန်းကျီယွီသည် စိတ်ထဲ၌ သံသယဖြစ်မိခဲ့သည်။ သို့သော် ကုနင်းက သုန်းဖန်းကျီယွီကို သိပ်ဂရုမစိုက်ပဲ လေဆိပ် ဧည့်ခန်းထဲသို့ တန်းဝင် သွားတော့သည်။
သုန်းဖန်းကျီယွီလည်း ဧည့်ခန်းထဲမဝင်မီ သူမ၏ လေယာဉ်လက်မှတ်ကို သွားယူလိုက်သည်။
အချိန်(၁၀)မိနစ်ဝန်းကျင်မျှ ကြာပြီးနောက် သုန်းဖန်းကျီယွီက ကုနင်းကို တွေ့လိုက်ပြီး သူမရှိရာသို့ လျှောက်သွားလိုက်သည်။
"ဟိုင်း… မစ္စကု၊ တိုက်ဆိုင်လိုက်တာ။"
သုန်းဖန်းကျီယွီက အနှေးနဲ့အမြန်ဆိုသလို ကုနင်းနှင့် တွေ့ရမည်ဆိုခြင်းကို တွေးထားခဲ့သောကြောင့် သူမကို ချက်ချင်း နှုတ်ဆက်နိုင်ခဲ့သည်။ ထိုအပြုအမူက ကုနင်းနှင့် ပိုရင်းနှီးရန် သူမအတွက် အခွင့်ကောင်းတစ်ခု ဖြစ်နိုင်သည်။
သုန်းဖန်းကျီယွီ၏ ပြုမူပုံက တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်သည်ဟု ကုနင်းကို ယုံကြည်အောင် ပြုလုပ်ခဲ့သည်။
"ဟိုင်း… တွေ့ရတာဝမ်းသာပါတယ်၊ မစ္စသုန်းဖန်း၊" ကုနင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။
"ရှင့်ဘေးနားမှာ ကျွန်မ ထိုင်လို့ရနိုင်မလား…" သုန်းဖန်းကျီယွီက မေးလိုက်သည်။
"ရတာပေါ့…"
ထို့နောက် သုန်းဖန်းကျီယွီသည် ကုနင်းဘေးတွင် ထိုင်လိုက်ပေမယ့် သူမသည် ကုနင်းနှင့် စကားဆက်မပြောခဲ့ပေ။
ကုနင်းကလည်း နှုတ်ဆိတ်နေခဲ့ပြီး သူတို့နှစ်ယောက်စလုံး မည်သူမျှ စိတ်ကသိကအောက် မဖြစ်ခဲ့ကြပေ။
အချိန်အတော်ကြာ တိတ်ဆိတ်စွာထိုင်နေခဲ့ကြသည်။ ခဏအကြာတွင် သူတို့ တစ်ယောက်နှင့်တစ်ယောက် စကားပြောရန် ပြင်လိုက်သောကြောင့် သုန်းဖန်းကျီယွီက စကားစပြော လာခဲ့သည်။
ခရီးသည်များ ထွက်ခွာချိန်သို့ရောက်သောအခါ ကုနင်းက အလယ်တန်းတွင်ထိုင်ပြီး သုန်းဖန်းကျီယွီက နောက်တန်းတွင် ထိုင်ခဲ့သည်။
သူတို့က တစ်ချိန်တည်းနီးပါး လေယာဉ်လက်မှတ်များကို ကြိုတင်ဝယ်ယူခဲ့ကြပေမယ့် သူတို့၏ ထိုင်ခုံများက တစ်ခုံနှင့်တစ်ခုံ ဝေးလွန်းလှပေသည်။
သို့သော် ကုနင်း သူမ၏ မျက်စိရှေ့မှောက်တွင် ရှိနေသရွေ့ သုန်းဖန်းကျီယွီက ၎င်းကို စိတ်မဝင်စားပေ။
မြို့တော် လေဆိပ်၌ မဆင်းသက်မီ လေယာဉ်ပျံသန်းမှုက (၂)နာရီနှင့်(၁၅)မိနစ် ကြာခဲ့သည်။
သုန်းဖန်းကျီယွီက ကုနင်းအနီးသို့ မသွားခဲ့ပေမယ့် သူတို့ လေယာဉ်ပေါ်မှဆင်းပြီးနောက် သူမနောက်မှ လိုက်လာခဲ့သည်။
ထို့နောက် ကုနင်းသည် လေဆိပ်မှ ထွက်ခွာရမည့်အစား လေဆိပ် တာမနယ် ရှိရာသို့ လျှောက်သွားခဲ့သည်။
တကယ်တော့ လင်ရှောင်းထင်က သူမအား ဆိုက်ရောက်ခန်းမ၌ စောင့်ဆိုင်းနေသင့်ပေမယ့် ကုနင်းက သုန်းဖန်းကျီယွီနှင့် လမ်းခုလပ်တွင် မမျှော်လင့်ပဲဆုံမိသောကြောင့် လင်ရှောင်းထင်အား လက်မှတ်အရင်ဝယ်ထားရန် ပြောထားလိုက်သည်။
လင်ရှောင်းထင်က ကုနင်း ပြောသည့်အတိုင်း နားထောင်ခဲ့ပြီး လုံခြုံရေးစစ်ဆေးမှုကို သူမထက် စော၍ စစ်ဆေးခံထားခဲ့သည်။ ထို့နောက် သူက အဝေးသို့ လျှောက်မသွားပဲ လေဆိပ်ဧည့်ခန်းထဲတွင် ကုနင်းကို စောင့်နေခဲ့သည်။
သုန်းဖန်းကျီယွီက ကုနင်းကို စိုက်ကြည့်မနေခဲ့ပေမယ့် သူမ၏ အကြည့်က ကုနင်းနောက်သို့ လိုက်သွားခဲ့သောကြောင့် ကုနင်း လေဆိပ်မှ ထွက်မသွားသောအချိန်တွင် သူမ အံ့အားသင့်ခဲ့ရသည်။ ထို့နောက် နှောင့်နှေးခြင်းမရှိပဲ သုန်းဖန်းကျီယွီသည် သူမနောက်မှလိုက်လာခဲ့တော့သည်။ ကုနင်းက ထိုအရာကို သတိပြုမိခဲ့သော်လည်း သူမက ၎င်းကို အလေးအနက်မထားပဲ လုံခြုံရေးအရ စစ်ဆေးခံရန်အတွက် သွားတန်းစီလိုက်သည်။
လင်ရှောင်းထင်က ဤအချိန်တွင် ပထမတန်းစား လေယာဉ် လက်မှတ်များကို ကြိုတင်ဝယ်ယူထားသောကြောင့် တန်းစီနေသော နေရာတွင် လူများစွာမရှိပဲ ကုနင်းသည် မကြာမီ လုံခြုံရေး စစ်ဆေးမှုကို ဖြတ်ကျော်သွားတော့သည်။
ထိုအရာကို တွေ့သောအခါ ကုနင်းကို မျက်ခြည်ပြတ်ခါနီးပြီ ဖြစ်သောကြောင့် သုန်းဖန်းကျီယွီ ဒေါသထွက်သွားတော့သည်။
ထို့ကြောင့် သူမက ချက်ချင်း ဖုန်းခေါ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
" ကုနင်း ဘယ်သွားတာလဲဆိုတာကို အခုချက်ချင်း ငါ့ကိုပြော…"
စက္ကန့်အနည်းငယ်အကြာတွင် လူတစ်ယောက်က ဖုန်းဆက်ကာ ပြောလာခဲ့သည်။
"စိတ်မကောင်းပါဘူး… ငါမသိနိုင်ဘူး။"
"ဘာလို့လဲ?"
သုန်းဖန်းကျီယွီ ဒေါသထွက်သွားတော့သည်။
"သူ့ရဲ့ နောက်ထပ်လေကြောင်းခရီးရဲ့ အချက်အလက်တွေကို စနစ်ထဲမှာ လျှို့ဝှက်ထားလို့ ခွင့်ပြုချက်မရပဲ အဲ့ဒါကို ငါရှာလိုက်ရင် စနစ်က သတိပေးချက်တစ်ခု ပို့လိမ့်မယ်…" ဟု ထိုလူက ပြောလိုက်သည်။
ကုနင်း၏ အစီအစဉ်ကို သူမ မရနိုင်သောအခါသုန်းဖန်းကျီယွီ မှာ သည်းမခံနိုင်တော့ပေ။
…
ကုနင်း လုံခြုံရေးစစ်ဆေးမှုကို ဖြတ်ပြီးသည်နှင့်တပြိုင်နက် လင်ရှောင်းထင်ကို သူမ တွေ့လိုက်ရပြီး သူတို့ အတူတူ တစ်ခုခုစားရန် ထွက်လာခဲ့ကြသည်။
သူတို့နှစ်ယောက်စလုံးက အတော်လေး ကြည့်ကောင်းသောကြောင့် လမ်းတလျှောက်တွင် အာရုံစိုက်မှုများစွာကို ဆွဲဆောင်ခဲ့ကြသည်။ ၎င်းကို သူတို့ ကျင့်သားရပြီးဖြစ်သောကြောင့် သူတို့ ဘယ်လိုမှ မနေခဲ့ကြပေ။
စားသောက်ဆိုင်မှ စားပွဲထိုးအမျိုးသမီးတစ်ယောက်က ကုနင်းကို မှတ်မိသွားခဲ့ပြီး ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။
"ရှင်… ရှင်က ကုနတ်ဘုရားမ မဟုတ်လား…" ဟု သူမက မေးလိုက်သည်။
" အင်း…" ကုနင်းကပြုံး၍ ပြန်ဖြေလိုက်သည်။
"အိုး… ကုနတ်ဘုရားမ… ကျွန်မက ဖန်အကြီးစားတစ်ယောက်ပါ… ကျွန်မတို့ ဓာတ်ပုံတစ်ပုံလောက် အတူတူ ရိုက်လို့ ရနိုင်မလား…"
စားပွဲထိုးအမျိုးသမီးက သူမ၏ အိုင်ဒေါနှင့်အတူ ဓာတ်ပုံရိုက်နိုင်သော ဤအခွင့်အရေးကြီးကို လက်လွတ်မခံချင်ခဲ့ပေ။
"ရတာပေါ့…" ဟု ကုနင်းက လက်ခံလိုက်သည်။
သူမသည် သူမကိုယ်သူမ ကျော်ကြားသော ကြယ်ပွင့်တစ်ယောက်အဖြစ် သဘောမထားပဲ သူမ၏ ဖန်များနှင့် အလွန်ရင်းနှီးစွာ နေခဲ့သည်။
***
အခန်း ၁၅၆၄ ရှင်က 'နားလေး' လား…
ကုနင်း၏ သဘောတူညီမှုကြောင့် အမျိုးသမီးစားပွဲထိုးက သူမ၏ဖုန်းကိုထုတ်ယူကာ ကုနင်းနှင့်အတူ ဓာတ်ပုံပေါင်းများစွာကို ရိုက်ခဲ့လေသည်။
စားသောက်ဆိုင်က ကြီးမားပြီး စားသောက်သူက အနည်းငယ်သာရှိသောကြောင့် သူတို့ကို သတိထားမိသောသူက အများကြီး မရှိပေ။
ထို့နောက် ကုနင်းက သူတို့၏နေ့လည်စာကို အေးအေးဆေးဆေး စားချင်သောကြောင့် သူမ ဤနေရာတွင်ရှိနေကြောင်းကို အခြားသူ များအား မပြောရန် စားပွဲထိုးအမျိုးသမီးအား ပြောလိုက်လေသည်။
တကယ်တော့ ကုနင်းတွင် သစ္စာရှိသော ဖန်များစွာရှိ၍ သူတို့ အနှောင့်အယှက်ပေးမည်ကို သူမ စိုးရိမ်မိခဲ့သည်။
ကုနင်း၏ ဖန်များက အနီးနားရှိ နေရာအနှံ့တွင် ရှိကြောင်းကို သူမ သိသောကြောင့် စားပွဲထိုးအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
နောက်တော့ အခြားစားပွဲထိုးများက သူမ၏ ပျော်ရွှင်နေသော အမူအရာကို တွေ့သောအခါ သူတို့က သူမအား အကြောင်းရင်းကို မေးခဲ့ကြသည်။
စားသောက်ဆိုင်ထဲတွင် ကုနင်း ယခု ရှိနေကြောင်းကို အခြားသူများအား မပြောရန် ကတိပေးထားသောကြောင့် စားပွဲထိုးအမျိုးသမီးက လက်ဆောင်ကောင်းကောင်းတစ်ခု ရရှိထားခြင်းကြောင့်ဟု ညာပြော လိုက်လေသည်။
ကုနင်းနှင့်အတူ ရိုက်ထားသော သူမ၏ဓာတ်ပုံများက ဤနှစ်တွင် သူမရရှိခဲ့သော အကောင်းဆုံး လက်ဆောင်ပင် ဖြစ်တော့သည်။
အခြားသောစားပွဲထိုးများက ထိုအကြောင်းကို ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ပဲ ထပ်မမေးကြတော့ချေ။ ထို့ကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့သည် သူတို့၏နေ့လည်စာကို အေးဆေးစွာ စားနိုင်ခဲ့ကြသည်။
ထို့နောက် သူတို့သည် စားသောက်ဆိုင်တွင် နားနေခဲ့ကြပြီး လေယာဉ်ပေါ်သို့ တက်ရန် မလိုမချင်း မသွားခဲ့ကြပေ။
…
ချန်စန်းယိသည် ဈေးအလွန်နည်းသောကြောင့် ကံမကောင်းသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို အောင်မြင်စွာ ဝယ်ယူခဲ့သည်။
မြေယာလုပ်ငန်းရှင်နှင့် သဘောတူစာချုပ်ကို သူ လက်မှတ်ရေးထိုးပြီးသောအခါ ထိုလူက အတော်လေး ရိုးသားပြီး ဤနေရာက ကံမကောင်းကြောင်း သူ့ကို ပြောခဲ့သည်။
ထိုအခါ ချန်စန်းယိက သူဂရုမစိုက်ကြောင်းပြောပြီး ၎င်းကို ဝယ်ယူဖို့ မရအရ တောင်းဆိုခဲ့သည်။ ထို့အပြင် ဤနေရာက ကံဆိုး သည်ဟူသောအကြောင်းပြဖြင့် မြေယာလုပ်ငန်းရှင်အား လျှော့ဈေးအတွက် သူ မေးလိုက်သည်။
ကုနင်းက အလွန်ချမ်းသာသူဖြစ်သော်လည်း ဖြစ်နိုင်မည်ဆိုလျှင် ပိုက်ဆံချွေတာဖို့ကို သူတို့ ငြင်းပယ်မည် မဟုတ်ပေ။
အဆုံးတွင် ချန်စန်းယိသည် ယွမ် သန်း(၃၀) သက်သာ သွားတော့သည်။
ချန်စန်းယိသည် လျှော့ဈေးရခဲ့သော ဟိုတယ်ကို အောင်မြင်စွာ ဝယ်ယူခဲ့ပေမယ့် ၎င်း၏အနောက်ဘက်မှ လူနေအဆောက်အဦ ဟောင်းက သူ့ကို အချိန်ပိုကြာစေခဲ့သည်။
ချန်စန်းယိက သူတို့အား အလွန်ရက်ရောသော အပေးအယူဖြင့် ကမ်းလှမ်းခဲ့သောကြောင့် နေထိုင်သူအများစုက သူတို့၏ တိုက်ခန်းများကို ရောင်းချင်နေခဲ့ကြသည်။ သို့သော် အခြားသော အိမ်ငှားများကတော့ ပြောင်းရွှေ့ရန် ဆန္ဒမရှိခဲ့ကြပေ။
ဤအရာက အဆောက်အဦဟောင်းတစ်ခုဖြစ်သောကြောင့် အိမ်လခက သိသိသာသာ နည်းပါးပြီး အချိန်တိုအတွင်း ပိုကောင်းသောနေရာကို သူတို့မရှာနိုင်သောကြောင့် ဖြစ်သည်။
ကံအားလျော်စွာဖြင့် သူတို့က တစ်နှစ်တစ်ခါ အိမ်ငှားစာချုပ်ချုပ် ဆိုခဲ့ကြခြင်းဖြစ်ပြီး အိမ်ခန်းပိုင်ရှင်များက စာချုပ်သက်တမ်းကုန်သွားသောအခါ တိုက်ခန်းများကို သူတို့အား မငှားချင်ကြတော့ပေ။ ထို့ကြောင့် အိမ်ငှားများက ပြောင်းရွှေ့ရန် အင်တင်တင်ဖြစ်နေခဲ့လျှင် တောင်မှ စည်းမျဉ်းကိုတော့ သူတို့ လိုက်နာရမည်ဖြစ်သည်။
သို့သော် ချန်စန်းယိက မစောင့်ချင်သောကြောင့် သူတို့ စာချုပ် သက်တမ်း၏ ကျန်သောလများအတွက် ငှားရမ်းခကို နှစ်ဆပေးရန် ဆုံးဖြတ်လိုက်သည်။
သူတို့ ချက်ချင်း ပြောင်းသွားလျှင် ကျန်သောလများအတွက် ငှားရမ်းခ နှစ်ဆကို သူတို့ လျော်ကြေးရနိုင်သောကြောင့် တစ်နည်းအားဖြင့် သူတို့ ငွေများများ ရနိုင်မည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူတို့ ပြောင်းပေးရမှာဖြစ်သောကြောင့် လျော်ကြေး ယူပြီးပြောင်းရခြင်းက သူတို့အတွက် ပိုကောင်းတော့သည်။ သို့သော်ငြားလည်း နောက်ထပ်နေရာရှာရန် သူတို့အတွက် အချိန်လိုအပ်သေးသည်။
ချန်စန်းယိက သူတို့အား ပေးရန် ကတိပေးလိုက်ပြီး ထိုသို့ ပြုလုပ်ရန်အတွက် ရက်အနည်းငယ် အချိန်ပေးလိုက်သည်။
တတိယမြေကွက်ကို အခြားမြေယာလုပ်ငန်းရှင်ကလည်း လိုချင်သောကြောင့် ၎င်းကိုရရှိဖို့က သိပ်ပြီး ချောချောမွေ့မွေ့ မရှိလှပေ။ မြေရောင်းချသူကတော့ ချန်စန်းယိထံ ၎င်းကို ရောင်းချရန် သဘောတူခဲ့သော်လည်း သဘောတူညီချက်ကို သူတို့ လက်မှတ်မထိုးရသေးပေ။ ရလဒ်အနေနှင့်ကတော့ လေလံတွင် ဈေးများများပေးသူ သာ ၎င်းကို ရရှိနိုင်မည်ဖြစ်သည်။
…
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လူအများ၏ အာရုံစိုက်ခံရခြင်းကြားမှ လေယာဉ်ပေါ်သို့ တက်လာခဲ့ကြသည်။ သူတို့က ဆွဲဆောင်မှု ရှိလွန်းလှသောကြောင့် သူတို့၏ ထိုင်ခုံများရှိရာသို့ လျှောက်လာ သောအခါ ခရီးသည်များက သူတို့အား ကြည့်နေခဲ့ကြသည်။
ဤကမ္ဘာတွင် မရေမတွက်နိုင်အောင် လှပသော အမျိုးသားနှင့် အမျိုးသမီးများရှိပေမယ့် ကုနင်းနှင့် လင်ရှောင်းထင်တို့မှာ အလွန်ကျော့ရှင်းသော ပုံပန်းသဏ္ဍာန်များရှိကြသည်။
ကုနင်းက ပြတင်းပေါက်ဘေးတွင်ထိုင်ခဲ့ပြီး လင်ရှောင်းထင်က လမ်းနှင့်ကပ်လျှက်ခုံတွင် ထိုင်လိုက်သည်။ သူ၏ ထူးခြားသော အသွင်အပြင်ကြောင့် အမျိုးသမီးတစ်ယောက်က သူနှင့် မိတ်ဖွဲ့ရန် ကြိုးစားလာခဲ့သည်။
"ဟိုင်း… ရှင်က တကယ့်ကို ကြည့်ကောင်းတာပဲ… ရှင်က စတားတစ်ယောက်လား…" ဟု အနုပညာရှင်နှင့် ဆုံတွေ့ရ၍ ပျော်ရွှင် နေသူတစ်ယောက်လို အသံဖြင့် မေးလိုက်သည်။
သို့သော် လင်ရှောင်းထင်က သူမကို ချက်ချင်း လျှစ်လျှူရှုခဲ့သည်။
ကုနင်းက အမျိုးသမီးအား တစ်ချက်မျှဝေ့ကြည့်လိုက်ပေမယ့် ဘာမှမပြောခဲ့ပေ။
"ဟေး… ကျွန်မ ရှင့်ကိုပြောနေတာ…"
အမျိုးသမီးကို အနည်းငယ် မကျေမနပ် ဖြစ်စေခဲ့သည်။
လင်ရှောင်းထင်က သူမအား အရေးမလုပ်သေးသောကြောင့် အမျိုးသမီးမှာ သူ့အား ရုတ်တရက် အော်ပြောလိုက်တော့သည်။
"ဟေး… ရှင်က ‘နားလေး’ လား…"
သူမက အသံကို ရုတ်တရက် မြှင့်လိုက်ပြီး ၎င်းကို အနီးနားတွင် ထိုင်နေသော ခရီးသည်များက ကြားခဲ့ရသည်။ အမျိုးသမီး၏ ရိုင်းစိုင်း သော သဘောထားကို မည်သူမျှ သဘောမကျပေမယ့် အမျိုးသမီးက လူမြင်ကွင်းတွင် သူမ အတော်လေးရိုင်းစိုင်းမိနေပြီဆိုခြင်းကို အသိတရားရဖို့က မဖြစ်နိုင်ပဲ လုပ်ချင်ရာလုပ်ကာ တစ်ကိုယ်ကောင်းဆန် လွန်းစွာ ပြုမူနေတော့သည်။
ထိုအခါ ကုနင်းက ဒေါသထွက်လာပြီး အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။
"မစ္စ… ရှင့်ရဲ့အပြုအမူတွေကို ကျေးဇူးပြုပြီး မေ့မထားနဲ့ ကျွန်မရဲ့ချစ်သူနဲ့ ရှင် မိတ်ဖွဲ့ဖို့ ကြိုးစားနေတဲ့အချိန်မှာ ရှင်ပုံစံက ကြည့်ရဆိုး နေတယ်"
"အဲ့ဒီတော့ ဘာဖြစ်လဲ… သူက မင်းရဲ့လူဟုတ်မဟုတ်ဆိုတာကို ငါဂရုမစိုက်ဘူး…"
အမျိုးသမီးမှာ အရှက်ရသွားပြီး ကုနင်း၏ အသက်ရှူမှားလောက် သော မျက်နှာကို သူမ တွေ့လိုက်ရချိန်တွင် သူမက ကုနင်းကိုလည်း မနာလို ဖြစ်သွားတော့သည်။
ထိုအချိန်တွင် လင်ရှောင်းထင်မှာ ဒေါသထွက်ကာ အမျိုးသမီးကို စိန်းစိန်းဝါးဝါး ကြည့်နေခဲ့သောကြောင့် အမျိုးသမီးမှာ အလွန် ထိတ်လန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
"ရှင်က ကျွန်မရဲ့ စေ့စပ်ထားတဲ့သူနဲ့ မိတ်ဖွဲ့ဖို့ ကြိုးစားခဲ့တာပဲ…" ဟု ကုနင်းက ပြောလိုက်သည်။
***
အခန်း ၁၅၆၅ ငါမင်းကို ကျည်ဆံတစ်တောင့်နဲ့ သတ်ပစ်လို့ရတယ်…
"မင်း…" အမျိုးသမီး ဒေါသထွက်သွားခဲ့သည်။
"ငါက သူ့ကို ချီးကျူးပြီး ရုပ်ဖြောင့်တယ်လို့ပဲပြောခဲ့တာပါ။ ငါက သူ့ကို စတားတစ်ယောက် ဟုတ်မဟုတ်ဆိုတာကို ဒီတိုင်း သိချင်ခဲ့တာ။ သူက ငါမေးတာကို ဘာလို့ ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်မဖြေတာလဲ?"
၎င်းက လင်ရှောင်းထင်၏အမှားဟု သဘောရသည်။
"သူက ရှင်နဲ့ စကားမပြောချင်လို့ပေါ့… တခြားလူတွေကို ရှင်နဲ့ စကားပြောဖို့ အတင်းအကြပ်လုပ်ယူလို့ မရဘူး။"
"ရိုင်းလိုက်တာ…" ဟု ကုနင်းက ပြောလိုက်သည်။
တကယ်တော့ လင်ရှောင်းထင်က အမျိုးသမီးအား ချက်ချင်း အရေးမလုပ်ခဲ့ခြင်းက အနည်းငယ် ရိုင်းပျခဲ့တာမှန်သော်လည်း သူမနှင့် တကယ့်ကို သူ စကားမပြောချင်ခဲ့ခြင်းဖြစ်သည်။
ခရီးသည်များက ကုနင်းကို ထောက်ခံပြီး အမျိုးသမီးအား ပြဿနာရှာသူတစ်ယောက်ဟု တွေးခဲ့ကြသည်။
"မင်း…"
အမျိုးသမီးမှာ စက္ကန့်ပိုင်းမျှ ပြန်ပြောခံခဲ့ရပေမယ့် ယခုအခါ ဘာပြောရမည်မှန်း မသိတော့ပေ။
"မစ္စ… ရှင် ကျွန်မတို့ကို ဆက်ပြီး စိတ်အနှောင့်အယှက်ပေးမယ်ဆိုရင် လေယာဉ်မယ်ကို အကြောင်းကြားရတော့မှာပဲ။" ဟု ကုနင်းက ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ အမျိုးသမီးက ဒေါသထွက်ကာ ချက်ချင်းထရပ်လိုက်သည်။ ထို့နောက် သူမက ကုနင်းကို လက်ညှိုးထိုးပြီး အော်လိုက်သည်။
"မင်းက ငါ့အကြောင်းကို တိုင်ချင်တာလား? ငါဘယ်သူလဲဆိုတာကို မင်းသိရဲ့လား? ငါ့အဖေက ဒီလေကြောင်းလိုင်းရဲ့ အဓိက ရှယ်ယာရှင်ပဲ။ ငါမင်းကို ဒီလေယာဉ်ကနေ မောင်းထုတ်ပစ်လိုက် လို့ရတယ်။"
ထိုအချိန်တွင် လေယာဉ်မယ်နှစ်ယောက်က အလျင်စလိုပြေးလာပြီး မေးလိုက်သည်။
"ဘာဖြစ်တာလဲ?"
"ဒီမိန်းမက ကျွန်မရဲ့ချစ်သူနဲ့ မိတ်ဖွဲ့ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်မရဲ့ချစ်သူက သူနဲ့ စကားမပြောချင်ခဲ့ဘူး။ ဒါကြောင့် သူက အရှက်ကွဲပြီး ရုတ်တရက် ဒေါသထွက်သွားတာ။ ကျွန်မတို့ကို မနှောင့်ယှက်ဖို့ သူ့ကို ပြောပေမယ့် ကျွန်မကို မောင်းထုတ် ချင်နေတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
သူမက ဤအမျိုးသမီးကို လုံးဝ မစိုးရိမ်ခဲ့ပေ။
သူတို့က လူမြင်ကွင်းတွင်ရှိနေကြပြီး အမှန်တရားကို ဖုံးကွယ်ရန်မှာ ခက်ခဲသောကြောင့် လေယာဉ်မယ်နှစ်ယောက်က လေးနက်သော အမူအရာများဖြစ်သွားကြပြီး ကုနင်း၏ စကားများကို သံသယ မဖြစ်ခဲ့ကြပေ။ ထို့အပြင် အမျိုးသမီး၏အပြုအမူက အရှက်မရှိခဲ့ပေ။
"မစ္စ…"
လေယာဉ်မယ်က အမျိုးသမီးဘက်ကို လှည့်သွားပြီး လေယာဉ်ပေါ်တွင် ပြဿနာဖြစ်ခြင်းမှ သူမကို တားချင်ခဲ့ပေမယ့် ထိုအမျိုးသမီးက သူမအား ကြားဖြတ်ပြောလိုက်သည်။
"ဒီလေကြောင်းလိုင်းရဲ့ ရှယ်ယာရှင်ဖြစ်တဲ့ ဖန်ရှို့ပင်းက ငါ့အဖေပဲ။ ဒီတော့ မင်းတို့နှစ်ယောက် သူတို့ကို အခုချက်ချင်း လေယာဉ်ပေါ်ကနေ မောင်းထုတ်ပစ်သင့်တယ်။"
ထိုစကားကိုကြားလိုက်ရသောအခါ လေယာဉ်မယ်နှစ်ယောက်မှာ အံ့အားသင့်သွားခဲ့ပေမယ့် အလျှော့မပေးခဲ့ကြပေ။
"မစ္စဖန်… ရှင်က ကျွန်မတို့ လေကြောင်းလိုင်း ရှယ်ယာရှင်တစ်ယောက်ရဲ့ သမီး ဖြစ်နေရင်တောင်မှ ကျွန်မတို့ရဲ့ ခရီးသည်တွေကို လေယာဉ်ပေါ်ကနေ မောင်းထုတ်ဖို့အတွက် ရှင့်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး။ သူတို့ ဘာအမှားမှ မလုပ်ထားဘူး။" ဟု လေယာဉ်မယ်တစ်ယောက်က ပြောလိုက်သည်။
"မင်း…" မစ္စဖန်မှာ ဒေါသထွက်သွားတော့သည်။
ဤအချိန်၌ လင်ရှောင်းထင်က သူ၏အရာရှိလက်မှတ်ကို ထုတ်ကာ မစ္စဖန်ကို ပြလိုက်သည်။
"ဒါက ငါ့ရဲ့ အရာရှိလက်မှတ်ပဲ။ ငါမစ်ရှင်တစ်ခုကို အခုချက်ချင်း ပြီးအောင်လုပ်ဖို့လိုတယ်။ မင်းက ငါ့ကို အခက်တွေ့အောင် လုပ်ရဲရင် ငါချက်ချင်း မင်းကို ပစ်လိုက်လို့ရတယ်။ မင်းအဖေက ဘယ်သူဆိုတာကို ငါဂရုမစိုက်ဘူး။"
မစ္စဖန်က လင်ရှောင်းထင်၏ အရာရှိလက်မှတ်ကို တွေ့လိုက်ရသောအခါ သူမ ပြန်မပြောနိုင်တော့ပေ။ လင်ရှောင်းထင်က အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်နေခဲ့ခြင်းကို သူမ မယုံကြည်နိုင်ခဲ့ပေ။ ထိုရာထူးက စစ်တပ်တွင် အလွန်အရေးကြီးသော ရာထူးတစ်ခုဖြစ်ကြောင်း သူမ သိခဲ့သည်။
သူမ၏ မျက်လုံးထဲတွင် လင်ရှောင်းထင်က ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ရန် ငယ်လွန်းလှပေမယ့် ဘာပဲဖြစ်ဖြစ် သူမကို သတ်ရန် သူ့တွင် တကယ်လုပ်ပိုင်ခွင့်ရှိသည်။
ထို့အပြင် အရာရှိတစ်ယောက် အထူးသဖြင့် အကြီးတန်းအရာရှိ တစ်ယာက်ကို သူမ တိုက်ခိုက်ဝံ့သည်ဆိုလျှင် သူမသည်သာ ဥပဒေအရ ထောင်ကျသွားနိုင်သည်။
သူမက လင်ရှောင်းထင်ကို ပြန်မပြောရဲလျှင်တောင်မှ သူ မစ်ရှင်တစ်ခုပြီးမြောက်ရန်အတွက် လိုအပ်နေသောအချိန်တွင် သူ့ကို လေယာဉ်ပေါ်မှ နှင်ထုတ်တာက ဥပဒေနှင့် ဆန့်ကျင်နေတုန်းပါပဲ။
တကယ်တော့ လင်ရှောင်းထင်က စစ်တပ်မှ အကြီးတန်းအရာရှိတစ်ယောက်ဖြစ်မှန်းသာ သူမသိခဲ့လျှင် သူ့ကို သူမ မိတ်ဖွဲ့ရဲမည်ပင် မဟုတ်ချေ။
မစ္စဖန်သာမက လေယာဉ်မယ်နှစ်ယောက်လုံးလည်း လင်ရှောင်းထင်၏ ဂုဏ်ပုဒ်ကြောင့် လန့်သွားခဲ့ကြသည်။
အခြားသော ခရီးသည်များက သူ၏ အရာရှိလက်မှတ်ကို မတွေ့ခဲ့ကြပေမယ့် သူပြောလိုက်သောစကားကို သူတို့ ကြားခဲ့ကြသောကြောင့် သူက သာမန်စစ်သားတစ်ယောက် မဖြစ်နိုင်မှန်းကို သူတို့ သိခဲ့ကြသည်။
စစ်သားများက သူတို့အား ကာကွယ်ပေးပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကြသောကြောင့် ဤနိုင်ငံတွင် စစ်သားများကို လူအများက လေးစားခဲ့ကြသည်။ ထို့အပြင် သူတို့၏အလုပ်က အမြဲတမ်း အန္တရာယ်ရှိပြီး လူအများက သူတို့၏အလုပ်တွင် သူတို့၏အသက်ကို အရဲစွန့်ရန် ဆန္ဒရှိမနေကြပေ။
မည်သို့ပင်ဖြစ်စေကာမူ ဤတစ်ခါက မစ္စဖန်၏ အမှားဖြစ်သည်။
လင်ရှောင်းထင်က လေယာဉ်မယ်များအား မစ္စဖန်ကို အခုချက်ချင်း လေယာဉ်ပေါ်က မောင်းထုတ်စေချင်ရင်တောင်မှ သူမ လုပ်ခဲ့၊ ပြောခဲ့သော အရာကို လက်မခံနိုင်တာကြောင့်ဟု နားလည်နိုင်ပေသည်။
မစ္စဖန်၏ ဖခင်က ဤလေကြောင်းလိုင်း၏ ရှယ်ယာရှင် ဖြစ်ပေမယ့် ၎င်းက သူမ လုပ်ချင်တာလုပ်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
ထို့အပြင် လင်ရှောင်းထင်က အကြီးတန်းအရာရှိဖြစ်သောကြောင့် အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်နေချိန်တွင် သူ့ကို အနှောင့်အယှက်ဖြစ်အောင် လုပ်ခြင်းဖြင့် မစ္စဖန်က ဥပဒေကို ချိုးဖောက်ခဲ့သည်။
တကယ်တော့ ၎င်းက အစပိုင်း၌ သိပ်ပြီး အရေးမကြီးလှပေမယ့် မစ္စဖန်က နောက်ပိုင်းတွင် ၎င်းကို ပြင်းထန်အောင် ပြုလုပ်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် လင်ရှောင်းထင်က သူမနှင့် အချိန်မဖြုန်းချင်သောကြောင့် သူက ရိုးရှင်းစွာဖြင့် သတိသာပေးခဲ့သည်။
"မင်း ပြဿနာမဖြစ်ချင်ရင် ငြိမ်ငြိမ်နေပါ။" ထို့နောက် သူ၏အရာရှိလက်မှတ်ကို ပြန်သိမ်းကာ မစ္စဖန်ကို ထပ်ပြီး အရေးမလုပ်တော့ပေ။
မစ္စဖန်က သူနှင့် အတိုက်အခံမဖြစ်ရဲတော့ပဲ သူမ၏ ထိုင်ခုံတွင် ထိုင်ရန်ပင် ယခုအခါ အလွန်အမင်း ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။
ထို့နောက် တုန့်ဆိုင်းခြင်းမရှိပဲ သူမ၏လက်ဆွဲအိတ်ကို ကောက်ယူကာ ရိုရိုးတန်းရှိရာသို့ လျှောက်သွားခဲ့သည်။ လေယာဉ်တွင် ထိုနေရာ၌ ခုံလွတ်များစွာရှိသောကြောင့် သူမထိုင်ရန် လွတ်နေသော အခြားထိုင်ခုံကို အလွယ်တကူ ရှာတွေ့ခဲ့သည်။
လင်ရှောင်းထင်က သူမအား သွားခွင့်ပြုလိုက်သောကြောင့် လေယာဉ်မယ်များက ထိုအကြောင်းကို ဘာမှ မပြောတော့ပေ။ လေယာဉ်က ထွက်ခါနီးဖြစ်ပြီး မည်သူမျှ မနှောင့်နှေးစေချင်ခဲ့ကြပေ။
မိနစ်အနည်းငယ်ကြာသောအခါ နောက်ဆုံး၌ လေယာဉ်က ထွက်ခွာလာတော့သည်။
လေယာဉ်ပျံသန်းနေစဉ်အတောအတွင်း သူတို့နှစ်ယောက်စလုံးက စာအုပ်ဖတ်နေကြသောကြောင့် ကုနင်းက လင်းရှောင်းထင်နှင့် စကားသိပ်မပြောဖြစ်ခဲ့ပေ။
ကုနင်းက မှတ်ဉာဏ်အလွန်ကောင်းပြီး သူမ ဖတ်သမျှကို မှတ်မိနိုင်သည်။
လင်ရှောင်းထင်က ယွင်ယောင် သူမအခန်းထဲတွင် ထားခဲ့သော စာအုပ်နှစ်အုပ်အနက်မှ တစ်အုပ်ကို ဖတ်နေခဲ့ပေမယ့် သူက ကုနင်းလောက် မှတ်ဉာဏ်မကောင်းသောကြောင့် ဖြည်းဖြည်းချင်း ဖတ်နေခဲ့သည်။
***
အခန်း ၁၅၆၆ ကားတစ်စီးအတွက် ယှဉ်ပြိုင်သည်…
မစ္စဖန်က ရိုးရိုးတန်းသို့ သွားခဲ့တာတောင်မှ သူက တကယ့်ကို ကြောက်ရွံ့နေဆဲဖြစ်ပြီး စိတ်အေးလက်အေး မဖြစ်နိုင်ခဲ့ပေ။
ချင်မြို့၏ လေဆိပ်၌ လေယာဉ်ဆိုက်ရောက်ပြီး ကုနင်းနှင့် လင်ရှောင်းထင်တို့ မထွက်သွားမချင်း သူမ စိတ်အေးရမည် မဟုတ်ပေ။
သူမက သူတို့ကို ဒေါသထွက်ပေမယ့် ယခု ဘာမှ မလုပ်နိုင်တော့ပေ။
…
ချင်မြို့က ချင်စီရင်စု၏ မြို့တော်ဖြစ်သည်။
သို့သော် ချင်မြို့ က သူတို့၏ ခရီးပန်းတိုင် မဟုတ်ပေ။ သူတို့သည် ကောမြို့ကိုဖြတ်ပြီး ငရဲတံခါးဝဆီသို့ ဦးတည်နေခဲ့ကြခြင်းဖြစ်သည်။
ကောမြို့က ခွန်းလွန် တောင်အနီးတွင်ရှိပေမယ့် သူတို့ ၎င်းကိုရောက်ဖို့ နှစ်နာရီနီးပါး ကားစီးရန် လိုအပ်သေးသည်။
ခွန်းလွန်တောင်က တောင်တစ်လုံးထဲမဟုတ်ပေ။ ၎င်းက တောင်တန်းကြီးတစ်ခုဖြစ်ပြီး စီရင်စုသုံးခုကို လွှမ်းခြုံထားကာ ငရဲတံခါးဝတွင် ကြီးမားသော ဧရိယာကိုလည်း နေရာယူထားခဲ့သည်။
လင်ရှောင်းထင်သည် ထိုနှစ်က သူ၏မိဘများ မတော်တဆဖြစ်ခဲ့သော နေရာကို မရောက်ဖူးခဲ့သောကြောင့် ဤနေရာသို့မလာမီ သူ့ဖခင်၏ ယခင်လက်အောက်ငယ်သားများထဲမှ တစ်ယောက်ကို အသေးစိတ်အချက်အလက်များစွာအား မေးခဲ့ရသည်။ နေရာကို သူတို့ကိုယ်တိုင်ရှာဖို့က မဖြစ်နိုင်ပေ။
သူ့ဖခင်၏ သစ္စာရှိသော လက်အောက်ငယ်သားများက ယခုအခါ လင်မိသားစု၏ ထောက်ခံအားပေးသူများ ဖြစ်လာခဲ့ကြပြီး သူတို့အားလုံးက စစ်တပ်တွင် အရေးကြီးသောရာထူးများ ရှိကြသည်။
သူတို့က လင်ရှောင်းထင်၏ အမိန့်များကို နာခံခဲ့ကြပြီး အခြားသော လင်မိသားစုဝင်များကိုလည်း လေးစားခဲ့ကြသည်။
သူတို့ထဲမှ အချို့က လင်ရှောင်းထင်ထက် ရာထူးပိုမြင့်ပေမယ့် သူက သူတို့ထက် များစွာငယ်ရွယ်သော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သောကြောင့် မည်သူမျှ သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ကြပေ။
ထို့အပြင် စစ်တပ်ထဲတွင် သူတို့၏ရာထူးများကို ထိန်းသိမ်းရန် လင်ရှောင်းထင်၏ အရှိန်အဝါကို အားကိုးခဲ့ရသည်။
လင်ရှောင်းထင်က အမြဲတမ်း တစ်ယောက်ထဲ နေခဲ့ပေမယ့် ယခင်က လူအများအပြားကို သူ ကူညီခဲ့သောကြောင့် ယခုအခါ သူ့တွင် အဆက်အသွယ်ကောင်းများ ရှိခဲ့သည်။ လင်ရှောင်းထင်၏မိသားစု နောက်ခံကြောင့် မရေမတွက်နိုင်သော လူများက သူ၏အသိုင်းအဝိုင်းတွင် ပူးပေါင်းချင်ခဲ့ကြသည်။
ကောမြို့သို့ မြို့တော်မှ တိုက်ရိုက်လေကြောင်းလိုင်း မရှိသောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ချင်မြို့သို့ ဦးစွာသွားရမှာဖြစ်ပြီး ချင်မြို့မှ ကောမြို့သို့ ပြန်သွားရမှာ ဖြစ်သည်။
ချင်မြို့သို့ သူတို့ရောက်သောအချိန်က ညနေ (၄)နာရီခွဲခါနီးဖြစ်သည်။ (၆)နာရီဝန်းကျင်တွင် ကောမြို့သို့ သူတို့ လေယာဉ်စီးသွားရမည်ဖြစ်သည်။ သူတို့သည် ယနေ့တွင် လေယာဉ်ပေါ်၌သာ အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။
သူတို့သည် လေယာဉ်ပေါ်တွင် စားထားသောကြောင့် ယခု မဆာကြပဲ ကားရောင်းချသောကုမ္ပဏီတွင် ကားတစ်စီးသွားကြည့်ရန် ထွက်လာခဲ့ကြသည်။ ခွန်းလွန်တောင်သို့ သူတို့ဟာသူတို့ ကားမောင်းသွားရတာက ပိုအဆင်ပြေလေသည်။
လမ်းကြမ်းတွင်မောင်းနိုင်သော ကားမှသာ သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သောကြောင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကားငှားမည့်အစား ကားဝယ်ယူရန် ဆုံးဖြတ်လိုက်ကြသည်။ ပုံမှန်အားဖြင့် သာမန်ကားများကိုသာ ငှား၍ရနိုင်သောကြောင့် ကားတစ်စီး ချက်ချင်းဝယ်ယူရန် သူတို့ စိတ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
သူတို့၏ ကိုယ်ပိုင်ကားကို မောင်းပါက ၎င်းသည် သူတို့အား များစွာကာကွယ်နိုင်မည်ဖြစ်သည်။
ကုနင်း၏ စိတ်စွမ်းအင်အာကာပြင်တွင် ကားတစ်စီးရှိပေမယ့် ၎င်းက သီးသန့်ကားဖြစ်ပြီး တောင်တက်လမ်းများအတွက် မသင့်တော်ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် မနက်ဖြန်တွင် ကားတစ်စီးလိုအပ်သောကြောင့် သူတို့သည် ယခုချက်ချင်းပင် ကားတစ်စီးကို ရွေးချယ်ခဲ့ကြသည်။ အဆုံးတွင် သူတို့သည် ယွမ်တစ်သန်းတန်သော ဟမ်းမားကားတစ်စီးကို ရွေးချယ်လိုက်ကြပြီး ငွေအကြေချေရန် ဝန်လေးခြင်း မရှိခဲ့ကြပေ။ သို့သော် ကုနင်းနှင့် လင်ရှောင်းထင်တို့ ကားမောင်းထွက်ခါနီးအချိန်တွင် လူငယ်တစ်ယောက်က အထဲသို့ ရုတ်တရက် ဝင်လာပြီး သူတို့အား တားဆီးလိုက်လေသည်။
"ဒီကားက ငါ့ကားမို့လို့ ခင်ဗျားတို့ ဝယ်လို့မရဘူး။" ဟု လူငယ်က ပြောလိုက်သည်။
ထိုအခါ ကုနင်းနှင့် လင်ရှောင်းထင်တို့က စိတ်ရှုပ်ထွေးစွာဖြင့် မန်နေဂျာကို လှည့်ကြည့်လိုက်သည်။ မန်နေဂျာက လူငယ်ကို တွေ့လိုက်ရချိန်တွင် အလွန် အံ့အားသင့်သွားပုံပေါ်ခဲ့သည်။ ၎င်းက လူငယ်၏စကားမှန်ကန်ကြောင်း ထင်ရှားတော့သည်။
ကုနင်းက ဒေါသထွက်သွားခဲ့သည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ?"
"ဒီကားကို သူ့အတွက် ကြိုမှာခဲ့ပေမယ့် ကားရောက်လာတဲ့အချိန်မှာ သူမလိုချင်တော့လို့ သူ့ရဲ့စရန်ငွေကို ကျွန်တော် ပြန်ပေးပြီးသားပါ။" ဟု မန်နေဂျာက ပြောလိုက်သည်။
တကယ်တော့ လူငယ်သည် သူ ကြိုတင်မှာထားသော ကားက ရောက်လာခဲ့လျှင် သူ၏ စရန်ငွေကို ပြန်မရနိုင်ပေမယ့် သူက ဩဇာအာဏာရှိသော မိသားစုမှ ဖြစ်သောကြောင့် မန်နေဂျာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဲခဲ့ပေ။
ကုနင်းနှင့် လင်ရှောင်းထင်တို့ကလည်း ဤကားကို တိုက်တိုက်ဆိုင်ဆိုင်ပင် သဘောကျခဲ့သည်။
သို့သော်ငြားလည်း လူငယ်က မောက်မာပြီး တစ်ကိုယ်ကောင်းဆန်ကာ ကုနင်းနှင့် လင်ရှောင်းထင်တို့၏ ခံစားချက်များနှင့် ပတ်သက်ပြီး လုံးဝ ဂရုမစိုက်ခဲ့ပေ။
"ကျွန်မတို့က ငွေအကြေချေပြီးသွားလို့ အခု ရှင်ပြန်မလာသင့်တော့ဘူး ထင်တယ်။ ဒီကားက ကျွန်မတို့ကားပဲ။" ဟု ကုနင်းက ပြောလိုက်သည်။
"ငါ စိတ်ပြောင်းသွားပြီ။ အခု ဒါကို ငါလိုချင်တယ်။" ဟု လူငယ်က ပြောလိုက်သည်။
"ဒီလိုလား… ရှင့်ကို ကျွန်မ ပွင့်ပွင့်လင်းလင်းပြောပါရစေ။ ဒါဘယ်လိုမှ မဖြစ်နိုင်ပါဘူး။" ဟု ကုနင်းက ပြောလိုက်သည်။
"မင်း…"
လူငယ်က မန်နေဂျာအား ခြိမ်းခြောက်ရန် ချက်ချင်း လှည့်သွားတော့ သည်။
"မန်နေဂျာဟူ ဒီကားကို ငါ့အတွက် ပြန်ယူပေးပါ။ မဟုတ်ရင် ခင်ဗျားရဲ့ လုပ်ငန်း ပိတ်သွားရလိမ့်မယ်။"
မန်နေဂျာက ဤကားအရောင်းကုမ္ပဏီ၏ ပိုင်ရှင်မဟုတ်သောကြောင့် သူ လန့်သွားခဲ့သည်။ ထို့ကြောင့် သူက ကုနင်းကို ပြောလိုက်သည်။
"မစ္စကု… ကျွန်တော် အရမ်းစိတ်မကောင်းပါဘူး၊ ကျေးဇူးပြုပြီး တခြားကားကို ဝယ်နိုင်မလား။ ကျွန်တော်တို့ ဆိုင်ထဲမှာ တခြားကောင်းတဲ့ကားတွေ အများကြီး ရှိပါတယ်။"
"မရဘူး… ကျွန်မ ဒီကားကိုပဲ လိုချင်တယ်။" ဟု ကုနင်းက ပြောလိုက်သည်။
ကုနင်းရော လင်ရှောင်းထင်ပါ အလျှော့ပေးရန် ဆန္ဒမရှိကြချေ။ သူတို့သည် ကားကို ချက်ချင်းလိုအပ်ခဲ့ကြပြီး ငွေလည်း ရှင်းပြီးသား ဖြစ်သည်။