အခန်း (၁၅၈၅-၁၅၉၀)
Vol. 100 Ch. 1585-1590
အခန်း ၁၅၈၅ သီးသန့်ဆရာတစ်ဦး
ထို့အပြင် အဘိုးအို၏ အကူအညီဖြင့် အနာဂတ်တွင် အခြားသော မည်သည့် စီနီယာကျင့်ကြံသူများနှင့်မဆို ကြုံတွေ့ရပါက လင်ရှောင်းထင်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး သူမ စိတ်ပူစရာ လိုမည်မဟုတ်ပေ။
လင်ရှောင်းထင်၏ အဆင့်က တိုးလာသောကြောင့် ညလင်းပုလဲက ကျင့်ကြံသူတစ်ယောက်လို သူ၏အနံ့ကို ထပ်ပြီး ဖုံးကွယ်မပေးနိုင်တော့ပေ။
ထို့ကြောင့် သူ့ကိုယ်သူ ကောင်းကောင်း ကာကွယ်ရန် အဆင့်များကို ဆက်တက် ရမည်ဖြစ်သည်။
"ဝိုး… မရေမတွက်နိုင်တဲ့ အရသာရှိတဲ့ စားစရာနဲ့ သောက်စရာ ကောင်းကောင်းတွေ…"
အဘိုးအိုက ကုနင်း၏ဝါကျအတိုင်း လိုက်ပြောလိုက်ပြီး ၎င်းက သူ့စိတ်ထဲကနေ မထွက်နိုင်တော့ပေ။ ထိုအရာကို ကြားရသည့်တိုင် သူမဆာခဲ့ပေ။
"ဟုတ်တယ်… မရေမတွက်နိုင်တဲ့ အရသာရှိတဲ့ စားစရာတွေနဲ့ သောက်စရာကောင်းကောင်းတွေ…" ဟု ကုနင်း ပြောလိုက်သည်။
"ကောင်းပြီ… သူ့ကို ငါ့တပည့်အနေနဲ့ လက်ခံဖို့ သဘောတူပေမယ့် အခုချက်ချင်း မင်း ငါ့ကို ကြက်ကင်ပေးဖို့တော့ ကောင်းတယ်…"
အဘိုးအိုက နှစ်လိုဖွယ်ရှိသော စားစရာများအတွက် အညံ့ခံခဲ့လေပြီ။
သူတို့နှင့်အတူ နောက်မှ ထွက်သွားဖို့ကိုလည်း သူ ဆုံးဖြတ်ချက်ချလိုက်သည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ရလဒ်ကိုကြည့်ပြီး ပျော်ရွှင်ခဲ့ကြသည်။
"နှုတ်နဲ့ပေးတဲ့ကတိက မလုံလောက်လို့ တရားဝင် အခမ်းအနား လုပ်ရမယ်…" ဟု ကုနင်းက ပြောလိုက်သည်။
"မင်း အဲ့ဒီလို လုပ်မှာလား…"
အဘိုးအိုက ကြက်ကင်ကိုစားရန် တစ်စက္ကန့်ပင် ကြာကြာ မစောင့်နိုင်တော့ပေမယ့် ၎င်းအတွက် သူ စိတ်ရှည်ရပေတော့မည်။
"ကောင်းပြီ… မင်း ဘာလုပ်ချင်လဲ…"
"လွယ်လွယ်လေးပါ… ကျေးဇူးပြုပြီး ထိုင်လိုက်ပါ…"
ကုနင်းက ပြောလိုက်ပြီး အဘိုးအိုအတွက် ထိုင်ခုံတစ်လုံးကို နေရာရွှေ့ပေးလိုက်သည်။
အဘိုးအိုက ကုနင်းစကားကို နားထောင်ပြီး ချက်ချင်း ထိုင်ချလိုက်သည်။
ထို့နောက် ကုနင်းက ဆက်ပြောလိုက်သည်။
" ရှင် အခု စိတ်မရှည်တော့ဘူးလို့ ကျွန်မ ထင်တယ်။ ဒါကြောင့် ကျွန်မတို့က ရှင့်အတွက် လက်ဆောင်အဖြစ် ကြက်ကင်ကို သုံးမယ်။ ရှင့်ကို ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ သူ့မှာ မချို့တဲ့တဲ့ တစ်ခုတည်းသောအရာက ပိုက်ဆံဖြစ်ပြီးတော့ မကုန်နိုင်တဲ့ အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို သူက ပေးနိုင်ပါတယ်။ စကားမစပ် ရှင်က သူ့ရဲ့ သီးသန့်ဆရာဖြစ်လာရင် သူ့ကိုလည်း ရှင်က လက်ဆောင်တစ်ခု ပေးသင့်တယ်လို့ ကျွန်မထင်တယ်။ ရှင်ဘယ်လိုသဘောရလဲ?"
"ကောင်းပြီ… ကောင်းပြီ။ စကားပြောပြီး အချိန်ဖြုန်းနေတာကို တော်လိုက်တော့။ အဲ့ဒါကို အခုပဲ လုပ်ကြရအောင်။"
အဘိုးအိုက စိတ်မရှည်တော့ချေ။ သူသည် လင်ရှောင်းထင်အား လက်ဆောင်ပေးရမည်ကို သိပ်ပြီး ဂရုမစိုက်ပေ။
ထို့နောက် ကုနင်းက စကားပြောတာကို ရပ်လိုက်ပြီး ကြက်ကင်ကို ထုတ်ပေးလိုက်သည်။
ထိုအခါ အဘိုးအို၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး ၎င်းကို ယူဖို့ မစောင့်နိုင်တော့ပေ။
ကုနင်းက ကြက်ကင်ကို လင်ရှောင်းထင်အား ပေးလိုက်ပြီး အဘိုးအိုအား ကြက်ကို မပေးမီ ဦးညွတ်၍ ဂါရဝပြုရန် သူ့အား ပြောလိုက်သည်။
လင်ရှောင်းထင်က သူ့ကိုယ်သူ အထင်ကြီးလွန်းသောကြောင့် ထိုသို့ပြုလုပ်ရန်က လင်ရှောင်းထင်အတွက် တကယ်မလွယ်ကူလှပေ။
လင်ရှောင်းထင်သည် ယခင်က သူ့မိဘများမှလွဲပြီး တစ်ယောက်ယောက်အား ဦးညွှတ်ခဲ့ခြင်း ရှိမရှိကို ကုနင်း မသိခဲ့ပေ။
မည်သို့ပင်ဖြစ်စေကာမူ ဤအဘိုးအိုက သူ၏ သီးသန့်ဆရာ ဖြစ်လာတော့မှာဖြစ်ပြီး သူက သူ့ဆရာကို ဂါရဝပြုခဲ့လျှင် ၎င်းက သိပ်ပြီး ရေးကြီးခွင်ကျယ် မဟုတ်လှပေ။ ထို့အပြင် ဂါရဝပြုခြင်းကသာ သူ၏ဆရာဖြစ်သူကို လေးစားမှုအား ပြသနိုင်မည်ဖြစ်သည်။
၎င်းက အရေးကြီးသော အရာတစ်ခုဟု လင်ရှောင်းထင်က မထင်ပဲ အဘိုးအိုထံမှ လျှို့ဝှက်ကွန်ဖူးကျွမ်းကျင်မှုများကို သင်ယူရန်အလို့ငှာ ၎င်းကို သူ ပြုလုပ်ရန် ဆန္ဒရှိနေခဲ့သည်။
"ဒါက ဆရာ့ရဲ့ တပည့်ဖြစ်ဖို့ ကျွန်တော့်ရဲ့ လေးစားမှုပါ။" ဟု လင်ရှောင်းထင်ကို ပြောလိုက်ပြီး သူ့လက်ထဲက ကြက်ကင်နှင့်အတူ အဘိုးအိုကို ဂါရဝပြုလိုက်သည်။
"လိမ္မာတဲ့ကောင်လေး…"
အဘိုးအိုက ကျေနပ်ကာ ပြုံးလိုက်ပြီး ချက်ချင်းပင် ကြက်ကြော်ကို လှမ်းဆွဲလိုက်တော့သည်။ နောက်မှ သူ၏လက်ကို ဝှေ့လိုက်ပြီး လင်ရှောင်းထင်၏ လက်ထဲသို့ တစ်စုံတစ်ခုကို ပစ်ပေးလိုက်သည်။
"ဒါက မင်းအတွက် ငါ့ရဲ့လက်ဆောင် ချန်ခွင်းအိတ်တစ်လုံးပဲ။ မင်း အဲ့ဒီပေါ်ကို သွေးစက်ချလိုက်ရင် မင်းက သူ့ရဲ့ပိုင်ရှင် ဖြစ်လာလိမ့်မယ်။"
အဘိုးအိုက ထိုသို့ပြောရင်း နှစ်ပေါင်းများစွာကြာအောင် အစားမစားခဲ့ရသလိုပုံစံဖြင့် ကြက်ကင်ကို အလျင်စလိုဖြည်လိုက်သည်။
ချန်ခွင်းအိတ်က ကုနင်း၏ စိတ်စွမ်းအင်အာကာပြင် လိုအရာမျိုးဖြစ်ပြီး ၎င်းက ပစ္စည်းများကို သိမ်းဆည်းနိုင်ပေမယ့် သက်မဲ့ပစ္စည်းကိုသာ သိမ်းဆည်းထားနိုင်သည်။
ချန်ခွင်း အိတ်တိုင်းက မတူသောကြောင့် ကုနင်းရော လင်ရှောင်းထင်ပါ ဤ ချန်ခွင်းအိတ်၏ အကျယ်အဝန်း မည်မျှ ကျယ်သည်ကို မသိကြပေ။ ထို့အပြင် အချို့သော ချန်ခွင်းအိတ်များက သူတို့၏ ပိုင်ရှင်များကို မှတ်မိနိုင်ပြီး အချို့က မမှတ်မိနိုင်ပေ။
ချန်ခွင်းအိတ်က ၎င်း၏ပိုင်ရှင်ကို မှတ်မိနိုင်လျှင် ထိုလူမသေမချင်း ၎င်းကို ထိုလူတစ်ယောက်ထဲကသာ ပိုင်ဆိုင်ပြီး အသုံးပြုနိုင်မှာ ဖြစ်သည်။ ချန်ခွင်းအိတ်တစ်ခုက သူတို့၏ ပိုင်ရှင်များကို မမှတ်မိနိုင်လျှင် မန္တန်အမှန်ကိုသိသူ မည်သူမဆိုက သူတို့ကို အသုံးပြုနိုင်သည်။
ကျင့်ကြံခြင်းကမ္ဘာတွင် ထိပ်တန်း စီနီယာကျင့်ကြံသူများသာ ချန်ခွင်းအိတ်ကို ပိုင်ဆိုင်နိုင်သည်ဟု ပြောကြပေမယ့် ချန်ခွင်းအိတ်က သူတို့နောက်ကို အမြဲတမ်း လိုက်မည် မဟုတ်ပေ။ သူတို့က အခြားသော ကျင့်ကြံသူများ၏ အနိုင်ယူခြင်းကို ခံရလျှင် သူတို့၏ ချန်ခွင်းအိတ်များကို ပေးလိုက်ရမှာဖြစ်သည်။
ထို့ကြောင့် ချန်ခွင်းအိတ်တစ်လုံးကို မည်သူပိုင်ဆိုင်သည်ကအရေးမကြီးပဲ သူ(သို့မဟုတ်) သူမသည် အဆုံးမရှိသော စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ သို့သော်ငြားလည်း ချန်ခွင်းအိတ်၏ ယခင်ပိုင်ရှင်က ၎င်း၏မန္တန်ကို ပြောဖို့ ငြင်းပယ်လျှင် ၎င်းက အသုံးဝင်မည် မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ်… ဆရာ။" လင်ရှောင်းထင်က ဝမ်းပန်းတသာဖြင့် ပြောလိုက်သည်။
အဘိုးအိုကတော့ ကြက်သားစားကာ အလုပ်ရှုပ်နေခဲ့ပြီး လင်ရှောင်းထင်ကို လုံးဝ လျှစ်လျူရှုထားခဲ့သည်။
ကုနင်းက လင်ရှောင်းထင်အား ဓားတစ်ချောင်းကို လှမ်းပေးလိုက်သည်။
"လာ… အဲ့ဒါကို အခုလုပ်လိုက်…"
လင်ရှောင်းထင်က ဓားကိုယူလိုက်ပြီး သူ့လက်ချောင်းကို အနည်းငယ်လှီးလိုက်ကာ သွေးအနည်းငယ်ကို ချန်ခွင်းအိတ်ပေါ်သို့ အစက်ချလိုက်သည်။
ချန်ခွင်းအိတ်ကို သွေးစက်တစ်စက် ချလိုက်သည်နှင့် အိတ်က အနီရောင်အလင်းဖြင့် လက်သွားတော့သည်။
လင်ရှောင်းထင်က အံ့အားသင့်သွားပြီးနောက် ချန်ခွင်း အိတ်ထဲတွင် နှစ်စတုရန်းမီတာနီးပါးကြီးမားကျယ်ပြန့်သော နေရာလွတ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။
ဤအချိန်၌ အဘိုးအိုက စားပြီးသွားခဲ့လေပြီ။ သူက သူ၏နှုတ်ခမ်းများကို သပ်ရင်း ပြောလိုက်သည်။
"ဒီ ချန်ခွင်း အိတ်ကို ငါ့ဟာငါလုပ်ထားတာ။ ခုထိ မသုံးရသေးလို့ အထဲမှာ ဘာမှမရှိဘူး။ မင်းရဲ့အသိနဲ့ ဒီထဲကို ဘာမဆို ထည့်နိုင်တယ်။"
သူတို့ ထိုအရာကို သိလိုက်ရချိန်တွင် ကုနင်းနှင့် လင်ရှောင်းထင်တို့ နှစ်ယောက်စလုံးမှာ အံ့အားသင့်သွားခဲ့ကြပြီး သူ၏ ယုံနိုင်စရာ မရှိသော စွမ်းရည်အတွက် အဘိုးအိုကို သူတို့ လေးစားသွားခဲ့ကြသည်။ သူက ကျင့်ကြံသူတစ်ယောက်အဖြစ် အလွန်မြင့်မားသော အဆင့်၌ ရှိပေမည်။
ကုနင်းက ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် ကျင့်ကြံသူတစ်ယောက်၏ အရည်အချင်းအစစ်အမှန်ကို မမြင်နိုင်ပေ။ အခြားတစ်ဖက်က ကြည့်ပြန်တော့လည်း လင်ရှောင်းထင်က ကျင့်ကြံသူတစ်ယာက်ဖြစ်ပေမယ့် သူ့အဆင့်က နိမ့်သောကြောင့် အဘိုးအို၏ အဆင့်ကို သူ မြင်နိုင်မည် မဟုတ်ပေ။
***
အခန်း ၁၅၈၆ ရှန့်ကွမ်ယန်
သာမန်အားဖြင့် စီနီယာကျင့်ကြံသူတစ်ယောက်ကသာ အခြားသော ကျင့်ကြံသူများကြားက ကွာခြားချက်ကို ပြောနိုင်သည်။
"ဟုတ်ကဲ့… ဒါကို ကျွန်တော်စမ်းကြည့်ပါရစေ။" ဟု လင်ရှောင်းထင်က ပြောလိုက်ပြီး သူ၏ နေရာလွတ်ထဲသို့ ဓားကို ထည့်ရန် သူ၏အသိကို အသုံးပြုလိုက်သည်။ သူသည် ပထမအကြိမ်၌ပင် အောင်မြင်ခဲ့လေသည်။
"ဝိုး… အရမ်းကောင်းတယ်… အခု ပြန်ထုတ်လိုက်။" ဟု အဘိုးအိုက ကျေနပ်သောအပြုံးဖြင့် ပြောလိုက်သည်။
တပည့်တစ်ယောက်ရှိတာက အနှောင့်အယှက်ဖြစ်သည်ဟု သူ တွေးနေကျဖြစ်ပေမယ့် ယခုတော့ လင်ရှောင်းထင်လို ပါရမီရှိသော တပည့်တစ်ယောက်ရှိတာက ဆိုးသောအရာတစ်ခုမဟုတ်ဟု သူ ခံစားခဲ့ရလေသည်။
ရှေးပဝေသဏီအချိန်က သူသည် ပါရမီရှိသော ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပေမယ့် သူ၏နေရာလွတ်ထဲသို့ တစ်ခုခုကို အောင်မြင်စွာထည့်ရန် သုံးကြိမ်တိုင်တိုင် အပင်ပန်းခံခဲ့ရသည်။ အရေးအကြီးဆုံးမှာ လင်ရှောင်းထင်က သူ့အတွက် အရသာရှိလှသော စားကောင်းသောက်ဖွယ်များကို အဆုံးမရှိ ထောက်ပံ့နိုင်မှာ ဖြစ်သည်။
လင်ရှောင်းထင်က သူ၏ အသိဖြင့် ချန်ခွင်း အိတ်ထဲမှ ဓားကို ထုတ်ယူရန် ကြိုးစားလိုက်သောအခါ သူ နောက်တစ်ကြိမ် အောင်မြင်သွားပြန်သည်။
"ကွက်တိပဲ…" အဘိုးအိုက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
အဘိုးအိုက တစ်စုံတစ်ခုကို ရုတ်တရက် စဉ်းစားမိကာ ကုနင်းအား မေးလိုက်သည်။
"သူက ငါ့တပည့် ဖြစ်ချင်တဲ့ဟာကို မင်းက ဘာလို့ ငါ့ကို တစ်ချိန်လုံး ပြောနေရတာလဲ?"
ထိုစကားကို ကြားသောအခါ လင်ရှောင်းထင်မှာ တစ်စက္ကန့်မျှ ကြက်သေသေကာ အံ့အားသင့်သွားခဲ့သည်။
"အင်း… သူက ငယ်ငယ်ထဲက အမြဲတမ်း စကား အပြောအဆို မတတ်ဘူး။ ဒါကြောင့် သူ့အတွက် ကျွန်မ ဆုံးဖြတ်ပေးတာ။" ဟု ကုနင်းက ပြောလိုက်သည်။
" ငါ နားလည်သွားပြီ…"
လင်ရှောင်းထင်က တကယ့်ကို စကားတစ်လုံး ပြောခဲလှသောကြောင့် အဘိုးအိုက ၎င်းကို တကယ် ဂရုမစိုက်တော့ပေ။
အဘိုးအိုက သဘောမကျ မဖြစ်သောကြောင့် လင်ရှောင်းထင် စိတ်သက်သာရာ ရသွားခဲ့သည်။
"မင်းတို့က ငါနဲ့ မတူတဲ့အဝတ်အစားတွေကို ဘာလို့ ဝတ်ထားရ တာလဲ။" ဟု အဘိုးအိုက ထပ်မေးလိုက်သည်။
သူတို့၏ အဝတ်အစားများက အတော်လေး ကွဲပြားသောပုံ ပေါက်နေခဲ့သည်။
"ဘာလို့လဲဆိုတော့ နှစ်ပေါင်းရာနှင့်ချီ ဖြတ်သန်းပြီးတဲ့အခါ ကမ္ဘာကြီးက ဒီနေ့မှာ လုံးဝ မတူတော့လို့ပဲ။" ဟု ကုနင်းက ပြောလိုက်သည်။
"အရမ်းကောင်းတယ်…" ဟု အဘိုးအိုက ပြောလိုက်သည်။
"ဟေး… ကလေးမ၊ မင်းရဲ့နာမည်ကို ငါ့ကို ခုထိ မပြောရသေးဘူး။" ဟု သူက ပြောလိုက်သည်။
"ကျွန်မနာမည်က ကုနင်းပါ…"
"မင်းမှာ ကိုယ်ပိုင်နေရာလွတ်ရှိတာလား။" ဟု အဘိုးအိုက မေးလိုက်သည်။
"ဟုတ်တယ်။" ဟု ကုနင်းက ပြောလိုက်ပေမယ့် သူ့ကို အသေးစိတ် အမြောက်အမြား မပြောခဲ့ပေ။
သာမန်လူတစ်ယောက်အနေနှင့် သူမကိုယ်ပိုင် နေရာလပ်တစ်ခုက ကုနင်းတွင် ဘာကြောင့် ရှိနိုင်သည်ဟူသော အကြောင်းနှင့် ပတ်သက်ပြီး သူ အတော်လေး သိချင်စိတ် ပြင်းပြခဲ့သော်လည်း အဘိုးအိုသည် ထိုအကြောင်းကို ထိုထက်ပိုပြီး မမေးခဲ့ပေ။ အခြားလူ၏ ကိုယ်ရေးကိုယ်တာကို တူးဆွခြင်းက မကောင်းသော အကျင့်ပင် ဖြစ်သည်။
အဘိုးအိုက ကြက်ကင်တစ်ကောင်လုံးကို စားပြီးနောက် ပို၍ အရသာရှိသော အစားအစာများအား တောင့်တမှုနှင့်အတူ သူ၏ လက်ချောင်းများကို လျှာဖြင့်လျက်လိုက်သည်။
"မိန်းကလေး… မင်းမှာ ပိုအရသာရှိတဲ့ စားစရာတွေ ရှိသေးလား?"
အဘိုးအိုက မျှော်လင့်ချက်ဖြင့် ကုနင်းကို ကြည့်လိုက်သည်။ သူဘာမှ မစားလျှင်တောင်မှ သူဆာမည်မဟုတ်သော်လည်း သူ့တွင် သာမန်လူထက် ပိုကြီးသော အစာအိမ်တစ်ခုက ရှိခဲ့သည်။
ကုနင်းနှင့် လင်ရှောင်းထင် နှစ်ယောက်စလုံးက ၎င်းကို သတိထားမိသောကြောင့် ထူးဆန်းသည်ဟု မခံစားခဲ့ရပေ။
"ရှိတာပေါ့… ဒါပေမယ့် ရှင့်ခဏတော့ စောင့်ဖို့လိုတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
"အံ့ဩစရာပဲ… မြန်မြန်လုပ်ပါ…"
အဘိုးအိုက သူ့တွင် စားဖို့အတွက် ပိုအရသာရှိသော အစားအစာများ ရှိနေသရွေ့ စောင့်ချင်နေမှာဖြစ်သည်။
"ရှောင်းထင်… မင်းရဲ့ ချန်ခွင်းအိတ် သုံးပုံသုံးနည်းကို ဆက်ပြီး လေ့ကျင့်နေ။ မင်း အဲ့ဒါကို အရမ်း ကျွမ်းကျင်နေရမယ်။" ဟု အဘိုးအိုက လင်ရှောင်းထင်ကို ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ…" ဟု လင်ရှောင်းထင်က တရိုတသေဖြင့် ပြောလိုက်သည်။ ထို့နောက် ကုနင်းက သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲမှ ဟင်းပွဲများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သောအခါ အဘိုးအိုက သူမကို စိုက်ကြည့်နေတုန်း သူက သူ၏လေ့ကျင့်မှုကို ဆက်လုပ်ရန် ဘေးသို့ လျှောက်သွားခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုဟင်းပွဲများက မချက်ရသေးသောကြောင့် သူစိတ်ရှည်ရမည်ဖြစ်သည်။
"ဒီမှာ ရှင်တစ်ခုခုစားချင်ရင် ဒီအသီးတွေကို စားပါ…" ဟု ကုနင်းကပြောကာ သစ်သီးအိတ်တစ်လုံးကို သူ့အား ပေးလိုက်သည်။
ထိုအခါ အဘိုးအိုက ၎င်းကို ယူလိုက်ပြီး သစ်သီးများကို ချက်ချင်း စားလိုက်သည်။ သူက ဇီဇာမကြောင်ပဲ အရသာရှိသော စားစရာကိုသာ စားချင်ခဲ့တာဖြစ်သည်။
"ကောင်မလေး… အခုခေတ်ရဲ့ ကမ္ဘာက ပျော်စရာကောင်းလား?"ဟု အဘိုးအိုက မေးလိုက်သည်။
"ဒါပေါ့… ပျော်စရာကောင်းပြီးတော့ ရက်အနည်းငယ်အတွင်းမှာ ကျွန်မတို့နဲ့အတူ တောင်ကနေ ရှင်ထွက်သွားလို့ရတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
"ငါတို့က ဘာလို့ ရက်နည်းနည်းစောင့်ရတာလဲ။"
အဘိုးအိုက ယနေ့ခေတ် ကမ္ဘာသစ်၌ သွားရောက်စားသောက်ရန် မစောင့်နိုင်တော့ပေ။
"ကျွန်မတို့ မနေ့ကမှ ဒီနေရာကိုရောက်တာ။ ပြီးတော့ ရှောင်းထင်က ထူထပ်တဲ့ မှော်စွမ်းအင်တွေနဲ့ ဒီနေရာမှာ သူ့ရဲ့ ကျင့်ကြံတာကို တိုးတက်အောင်လုပ်ဖို့ အချိန်ပိုလိုတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
"ကောင်းပြီ… ငါစောင့်နိုင်တယ်။" ဟု အဘိုးအိုက ပြောလိုက်သည်။
သူက နောက်ထပ် ရက်အနည်းငယ်ပိုစောင့်ဖို့ သဘောတူခဲ့သော်လည်း သူတို့ ဤတောင်မှ ပိုစောစောထွက်ခွာနိုင်သောကြောင့် လင်ရှောင်းထင် လေ့ကျင့်မှု အရှိန်မြင့်လာဖို့ကို ကူညီရန် သူစိတ်ပိုင်းဖြတ်လိုက်သည်။
"အင်း… ရှင့်ရဲ့နာမည်ကို မမှတ်မိဘူးဆိုရင် ရှင့်ကို ကျွန်မ ဘယ်လို ခေါ်နိုင်မလဲ?"
"ငါဂရုမစိုက်ဘူး။" ဟု အဘိုးအိုက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
နောက်ထပ်တစ်နာရီအကြာတွင် အဘိုးအိုသည် ကုနင်း ဟင်းတစ်ပွဲ ချက်ပြီးသည်နှင့် တစ်ပွဲကို စားပစ်ခဲ့သည်။ ကုနင်းက သဘောကျပေမယ့် ထိုအကြောင်းကို ဘာမှ မပြောခဲ့ပေ။ လင်ရှောင်းထင်လည်း စားစရာတချို့ကို စားခဲ့ပေမယ့် သူက သိပ်အများကြီး မစားခဲ့ပေ။
"ရှမ့်ကွမ်ယန်… ငါ့နာမည်က ရှမ့်ကွမ်ယန်ပဲ။" ဟု အဘိုးအိုက စားနေစဉ်အချိန်အတွင်း သူ့နာမည်ကို ရုတ်တရက် မှတ်မိလာခဲ့သည်။
သူက နှစ်ပေါင်းရာနှင့်ချီကြာအောင် တစ်ယောက်ထဲ နေခဲ့ပြီး မည်သူမှ သူ့နာမည်ကို အမြဲတမ်း မခေါ်ခဲ့သောကြောင့် ၎င်းကို သတိရဖို့က သူ့အတွက် ခက်ခဲလှပေသည်။
"ကျွန်မ ရှင့်ကို အဘိုးရှမ့်ကွမ်လို့ ခေါ်လို့ရမလား?" ဟု ကုနင်းက ပြောလိုက်သည်။
"ရှမ့်ကွမ်ယန်" က ယခုအခါ လင်ရှောင်းထင်၏ သီးသန့်ဆရာ ဖြစ်လာခဲ့သောကြောင့် သူတို့တွင် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိနိုင်ဖို့ကို သူမ မျှော်လင့်ထားခဲ့သည်။
"ဒါပေါ့ ခေါ်လို့ရပါတယ်။"
တကယ်တော့ ကုနင်းက ကြင်နာပြီး ယဉ်ကျေးသောကြောင့် သူ့တွင် ကောင်းသော ခံစားမှုရှိခဲ့သည်။ အရေးအကြီးဆုံးမှာ သူမက သူ့အတွက် အရသာရှိသော အစားအစာကို ချက်ပြုတ်နိုင်လေသည်။
***
အခန်း ၁၅၈၇ ထန်ပင်းစန်၏ လက်မရွံ့နောက်လိုက်
ရှန့်ကွမ်ယန်၏ မျက်လုံးများထဲတွင် အရသာရှိသော စားစရာများက မည်သည့်အရာမဆိုထက် ပိုအရေးကြီးလေသည်။
"စကားမစပ် မင်းတို့ရဲ့ ဆက်ဆံရေးကရော ဘာလဲ?" ဟု ရှန့်ကွမ်ယန်က ထပ်မေးလိုက်သည်။
"ကျွန်မတို့က စေ့စပ်ထားကြတာ။"
"ကောင်းတယ်… မင်းတို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်လို့ ငါထင်တယ်။" ဟု ရှန့်ကွမ်ယန် က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်…" ကုနင်းက ပီတိဖြစ်ကာ ပြုံးလိုက်သည်။
ရှန့်ကွမ်ယန်က ရုတ်တရက်ဆိုသလို ကုနင်း၏ နားအနီးသို့ကပ်ကာ အသံနှိမ့်၍ ပြောလိုက်သည်။
"သူက အေးတိအေးစက်နဲ့ စကားလုံးဝ မပြောဘူး။ သူနဲ့အတူရှိရတာ မင်း မငြီးငွေ့ဘူးလား?"
ရှန့်ကွမ်ယန်က သူ၏အသံကို တမင်သက်သက် နှိမ့်၍ပြောနေသော်လည်း လင်ရှောင်းထင်က သူပြောတာကို ကြားနိုင်သေးသည်။ သို့သော် သူက အခြားလူ၏ ထင်မြင်ချက်နှင့်ပတ်သက်ပြီး အရေး မလုပ်တတ်သောကြောင့် သူ စိတ်မဆိုးခဲ့ပေ။ သူက ကုနင်း၏ ခံစားချက်များနှင့်ပတ်သက်ပြီးသာ အရေးလုပ်ခဲ့သည်။
ကုနင်းက လင်ရှောင်းထင်ကို တစ်ချက်ဖျက်ကနဲကြည့်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
" ကျွန်မ သူနဲ့အတူ ရှိနေတဲ့အခါ မငြီးငွေ့ပါဘူး။ အဲ့ဒီလိုဖြစ်မယ့်အစား သူနဲ့အတူ စက္ကန့်တိုင်းကို ကျွန်မ ကုန်ဆုံးချင်ပါတယ်။ သူက အေးတိအေးစက်ပုံပေါက်နေပေမယ့် အတွင်းပိုင်းကတော့ အတော်လေးကို နွေးထွေးပြီး ဟာသဉာဏ်ရှိပါတယ်။ ပြီးတော့ သူက ကျွန်မတို့ နိုင်ငံရဲ့ အငယ်ဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက်ပါ။ သူက လူတွေရဲ့ အသက်ပေါင်းများစွာ ကို ကယ်တင်ခဲ့တာ။"
"ဗိုလ်ချုပ်ကြီးတစ်ယောက် ဟုတ်လား…" ရှန်ကွမ့်ယန်က ထိုအရာကို သိရ၍ အံ့အားသင့်သွားခဲ့သည်။
"အရမ်းကောင်းတယ်…"
ရှန့်ကွမ်ယန်က စစ်သားများသည် သူတို့နိုင်ငံကို ကာကွယ်ရန် သူတို့၏ အသက်များကို စွန့်ထားကြောင်း သိထားသဖြင့် သူက စစ်သားများကို အထင်ကြီးခဲ့သည်။
ထိုအရာကို သိပြီးနောက် ရှန့်ကွမ်ယန်သည် လင်ရှောင်းထင်ကို ပို၍သဘောကျလာခဲ့သည်။
လင်ရှောင်းထင်က အပြင်ပန်းတွင် အေးတိအေးစက်နိုင်သော်လည်း သူက ယုံကြည်အားထားရပြီး ရင့်ကျက်သော လူတစ်ဦးဖြစ်လေသည်။ အချို့လူများက ပျော်ပျော်နေတတ်ပြီး စကားများကြပေမယ့် သူတို့ကို အားကိုး၍လည်း မရနိုင်ပေ။
ရှန့်ကွမ်ယန်က ကုနင်းအား တစ်နေရာရာတွင် အနားယူရန် ပြောလိုက်ပြီး လင်ရှောင်းထင်က ရက်အနည်းငယ်အကြာ နောက်ကြောင်းပြန်လှည့်ချိန်အထိ သူနှင့်အတူ မျှော်စင်တွင် နေရမည် ဖြစ်သည်။
ကုနင်းက ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် သူတို့နှင့်အတူ အထဲသို့ မသွားနိုင်ပဲ နောက်ရက်များတွင် သူတို့အတွက် အစားအစာများကို ပြင်ဆင်ပေးဖို့သာ လိုခဲ့သည်။
ကုနင်းကလည်း လက်ခံခဲ့သည်။
သူ့ကိုယ်သူ တိုးတက်စေရန် အလို့ငှာ လင်ရှောင်းထင်က ကုနင်းကို နှစ်ရက်တာ ထားခဲ့ရမှာဖြစ်သည်။
…
မည်သူမျှ သူ့အတွက် ရပ်တည်မပေးပဲ သူ့ကိုရှာရန် ရဲများကို မတိုက်တွန်းသောကြောင့် နောက်ရက်တွင် ချီကျီယွဲ့ ပြန်ပေးဆွဲခံရခြင်းကို မည်သူမျှ သတိမရတော့ပေ။
ချန်ယွင်လင်သည် နောက်တစ်ရက်မနက်တွင် ချီကျီယွဲ့ အား ပြုစုသော သူနာပြုက သူမထံ ဖုန်းဆက်တော့မှ သတင်းကို ကြားလိုက်ရသည်။
ချီကျီယွဲ့ အဖမ်းခံရကြောင်း ကြားရသောအခါ ချန်ယွင်လင်သည် ခဏမျှ ထိတ်လန့် အံ့ဩသွားခဲ့သည်။ ၎င်းက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်သောကြောင့် သူမ၏ဖခင်ဟု ချက်ချင်း ယူဆလိုက်သည်။
ချီကျီယွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာ သူ့ဟာသူကောင်းစွာ ပုန်းနေခဲ့ပေမယ့် သူမက သူ့အား စောင့်ရှောက်နေကြောင်းကို သူမ၏မိသားစုထံ ပြောပြီးသည့်နောက်မှာတော့ သူ အဖမ်းခံလိုက်ရလေသည်။
ချီကျီယွဲ့က သူမ၏ဖခင်ကြောင့် တကယ်အဖမ်းခံလိုက်ရသည်ဆိုလျှင် ချန်ယွင်လင်က ၎င်းကို လက်ခံနိုင်မည် မဟုတ်ပေ။ သူမ၏အဖေက သူတို့မိသားစု၏ လုံခြုံရေးအတွက် ၎င်းကို ပြုလုပ်ခဲ့မှန်း သူမသိပေမယ့် ယခုအချိန်တွင် ချီကျီယွဲ့ ၌ ကြီးမားသော အန္တရာယ် ကျရောက်နေပြီဖြစ်သည်။
ကံမကောင်းစွာဖြင့် သူမသည် လတ်တလောအချိန်၌ သူ့အား ကူညီနိုင်စွမ်း မရှိခဲ့ပေ။
အချိန်မတန်သေးသောကြောင့် ထန်ပင်းစန်က ယနေ့တွင် ချီကျီယွဲ့ကို သွားမတွေ့ခဲ့ပေမယ့် ချီကျီယွဲ့သည် ညနက်ပိုင်း၌ မူးယစ်ဆေးစွဲခြင်း၏ ထိုးနှက်ချက်တစ်ခုအနေဖြင့် ယင်းထခဲ့သောကြောင့် သူ အံ့အားသင့်ခဲ့ရသည်။
ချီကျီယွဲ့ ဘယ်အချိန်က မူးယစ်ဆေးစွဲနေမှန်း သူ မသိပေမယ့် ၎င်းနှင့်ပတ်သက်ပြီး သူ ဂရုမစိုက်၍ မရနိုင်ခဲ့ပေ။
ချီကျီယွဲ့ သူ့ပါးစပ်အား ထာဝရ ပိတ်ထားဖို့ကိုသာ သူ လိုအပ်ခဲ့သည်။
ကျီယီယင်းနှင့် ထန်ယရှင်းတို့သည် သူ၏အစီအစဉ်ကို ဖျက်ဆီးနိုင်ချေရှိသောကြောင့် ချီကျီယွဲ့အား ဖမ်းထားကြောင်းကို ထန်ပင်းစန်က မပြောခဲ့ပေ။ သူက ၎င်းကို သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းရန် ဆုံးဖြတ်ထားခဲ့သည်။
အရေးအကြီးဆုံးမှာ “ထန်အိုက်နင်း” သည် ချီကျီယွဲ့ သူ့လက်ထဲတွင် ယခု ရှိနေကြောင်းကို စုံစမ်းရရှိလျှင် “ထန်အိုက်နင်း” က သူ့အား ပို၍ ပြဿနာရှာမည်ဖြစ်သည်။
သူက “ထန်အိုက်နင်း” အား ကြောက်ရွံ့နေဆဲဖြစ်သည်။
မှောင်ရီပျိုးလာသောအချိန်တွင် ချီကျီယွဲ့အား ဖမ်းထားသော မြို့ဆင်ခြေဖုံးရှိ အိမ်တစ်လုံးသို့ ထန်ပင်းစန် သွားခဲ့သည်။
ချီကျီယွဲ့အပြင် မြေအောက်ခန်းထဲတွင် နောက်ထပ်လူတစ်ယောက်ရှိနေခဲ့သည်။
ဤလူက ထန်ပင်းစန် ၏ လက်မရွံ့နောက်လိုက်ဖြစ်ပြီး သူ၏ တရားမဝင်အထောက်အပံ့မှ ဒုတိယခေါင်းဆောင်ဖြစ်သည်။ ထန်ပင်းစန်က သူတို့၏ သူဌေးအစစ်ဖြစ်ကြောင်းကို တရားမဝင်ဂိုဏ်းရှိ လူအချို့ကသာ သိထားခဲ့ကြသည်။ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် အလို့ငှာ ထန်ပင်းစန်က ဒုတိယခေါင်းဆောင်နှင့် လျှို့ဝှက် တွေ့ဆုံမှုတစ်ခု ရှိခဲ့သည်။
လျှို့ဝှက်ချက်ကို သိသူ နည်းလေလေ ထန်ပင်းစန် ပို၍ လုံခြုံလေလေဖြစ်သည်။
တကယ်တော့ တရားမဝင်ဂိုဏ်းသား အများအပြားက ထိုလျှို့ဝှက်ချက်ကို မသိခဲ့ကြသော်လည်း သူတို့၏ သူဌေးအစစ်က တခြားလူ ဆိုတာကို သူတို့အားလုံး သိထားခဲ့ကြသည်။ အချို့သော စီနီယာမန်နေဂျာများက ထိုလူက ထန်ပင်းစန် ဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် သူတို့ မကောင်းမှုများစွာကို လုပ်ခဲ့ရသောကြောင့်ဖြစ်သည်။
သူတို့က ငွေအလုံအလောက်ရနေသရွေ့ အခြားလူများအတွက် မကောင်းသော လုပ်ဆောင်ချက်များကို လုပ်ပေးခဲ့ကြပေမယ့် ထန်ပင်းစန် ကတော့ သူတို့၏ အဓိကဖောက်သည်ဖြစ်လေသည်။
သူတို့၏ခေါင်းဆောင်က သူတို့အား တားမြစ်ထားသောကြောင့် သူတို့၏ဂိုဏ်းတွင် ထန်ပင်းစန် အကြောင်းကို မည်သူမှ မပြောရဲကြပေ။
ထန်ပင်းစန်က သူတို့ခေါင်းဆောင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိတာကြောင့်လည်း ဖြစ်နိုင်သည်။ မြို့တော်သည် ထန်ပင်းစန်၏ ဩဇာလွှမ်းမိုးသော ပိုင်နက်မဟုတ်ပဲ သူ့တွင် မြို့တော်၌ လုံခြုံရေးကုမ္ပဏီတစ်ခုသာ ရှိလေသည်။
သာမန်အားဖြင့် တရားမဝင်ဂိုဏ်းတစ်ခုသည် အဓိကကျသော မြို့ကြီးများနှင့် ဝေးကွာသောနေရာတွင် ရှိကြသည်။
***
အခန်း ၁၅၈၈ ငါ့လမ်းမှာ မင်း မရပ်သင့်ဘူး…
တကယ်တော့ နိုင်ငံတိုင်းတွင် အရွယ်အစားအမျိုးမျိုးရှိသော တရားမဝင်ဂိုဏ်းများစွာ ရှိကြပြီး သူတို့က တစ်ချိန်လုံး မကောင်းသော ကိစ္စများကို လုပ်ခဲ့ကြသည်။ တစ်ခါတစ်ရံတွင် ရာဇဝတ်သားများကို နှိမ်နင်းရန် အစိုးရက သူတို့ကို လိုအပ်ခဲ့သည်။ ထို့အပြင် တရားမဝင်ဂိုဏ်းများသည် သူတို့၏နိုင်ငံကို ပုံမှန်အားဖြင့် သစ္စာဖောက်မည် မဟုတ်ပေ။
အားလုံးကိုခြုံကြည့်သော် တရားမဝင်ဂိုဏ်းများ တည်ရှိမှုက နိုင်ငံကို အန္တရာယ်ပြုဖို့ တစ်ခုထဲအတွက်သာ မဟုတ်ခဲ့ပေ။
ဤတစ်ခါတွင် ထန်ပင်းစန် က ကြေးစားနှစ်ယောက်နှင့်အတူ အိမ်သို့ ရောက်လာခဲ့သည်။ တွေ့ဆုံဖို့ကို ကောင်းစွာ စီစဉ်ထားပြီး ဖြစ်သောကြောင့် သူ၏လျှို့ဝှက်ချက် ဖော်ထုတ်ခံရနိုင်သည်ကို စိတ်မပူပဲ သူ့မိတ်ဆွေထံသို့ လည်ပတ်ရန် လွယ်လွယ်ပင် ရောက်လာခဲ့လေသည်။
ကြေးစားနှစ်ယောက်က သူ၏ ရည်ရွယ်ချက်အစစ်အမှန်နှင့် ပတ်သတ်ပြီး ဘာမှ မသိထားပဲ သူတို့က သူ့ကို ကာကွယ်ဖို့သာ လိုအပ်ခဲ့သည်။
ထန်ပင်းစန် အိမ်ပြင်ဘက်သို့ ရောက်ချိန်တွင် ကြေးစားနှစ်ယောက်ကို ကားထဲ၌ ချန်ထားကာ ဒုတိယခေါင်းဆောင်နှင့်အတူ တစ်ယောက်ထဲ အိမ်ထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် သူတို့သည် မြေအောက်ခန်းဆီသို့ တန်းသွားခဲ့ကြသည်။
တကယ်တော့ ထန်ပင်းစန် က ချက်ချင်းအမိန့်ပေးပြီး ချီကျီယွဲ့ကို သတ်ပစ်နိုင်ပေမယ့် ချီကျီယွဲ့၏ သေဆုံးမှုက အနာဂတ်တွင် သူ့အား ပို၍ ဒုက္ခဖြစ်စေမှာဖြစ်သောကြောင့် လိုရမယ်ရအနေဖြင့် သူ့အား လူကိုယ်တိုင်လာတွေ့ရန် လိုအပ်သည်ဟု သူခံစားခဲ့ရသည်။
မြေအောက်ခန်းထဲတွင် ချီကျီယွဲ့က ထိုင်ခုံပေါ်တွင် ထိုင်ကာ ဆုံးရှုံးမှု၊ ရှုံးနိမ့်မှု၊ နောင်တရမှုများဖြင့် ရောပြွန်းပြည့်နှက်နေသော ပုံစံမျိုး ပေါက်နေခဲ့သည်။
ယခုအခါ သူ့တွင် အင်အားမရှိသောကြောင့် သူ့ခန္ဓာကိုယ်အနှံ့တွင် ကြိုးမရှိတော့ပေ။ ဤနေရာမှ ထွက်ပြေးဖို့က သူ့အတွက် မဖြစ်နိုင်သောကြောင့် ရုန်းကန်လှုပ်ရှားဖို့ကို လက်လျှော့ကာ တိတ်တဆိတ်
နေခဲ့လေသည်။
တံခါးတွန်းဖွင့်လိုက်ချိန်တွင် ချီကျီယွဲ့က သူ့မျက်လုံးများကို ပင့်ကြည့်လိုကသောကြောင့် ထန်ပင်းစန် လျှောက်လာနေခြင်းကို မြင်လိုက်ရလေသည်။
ထန်ပင်းစန် သူ့မြင်ကွင်းထဲတွင် ပေါ်လာသည်နှင့် သူ့မျက်လုံး များသည် မုန်းတီးမှုများနှင့် ဒေါသများဖြင့် ပြည့်နှက်လာတော့သည်။
ထို့နောက် သူက မတ်တပ်ရပ်ကာ ထန်ပင်းစန်အား တိုက်ခိုက်ရန် ကြိုးစားခဲ့ပေမယ့် ထိုသို့ပြုလုပ်ရန်က အားနည်းလွန်းသောကြောင့် ဒုတိယခေါင်းဆောင်က သူ့အား မြေပြင်ပေါ်သို့ ကန်ချလိုက်တော့သည်။
သူက နာကျင်မှုကြောင့် ညည်းညူလိုက်ပေမယ့် ပြန်ပြီး မတိုက်ခိုက်နိုင်ခဲ့ပေ။
ဒုတိယခေါင်းဆောင်ကို ဖုံးကွယ်ထားစရာ ဘာမှမရှိသောကြောင့် ထန်ပင်းစန်က ဒုတိယခေါင်းဆောင်နှင့်အတူ အခန်းထဲသို့ လျှောက်ဝင်လာခဲ့သည်။
ချီကျီယွဲ့ကို ကိုင်တွယ်ရာ၌ သူ့အား ကူညီရန် ဒုတိယခေါင်းဆောင်ကိုလည်း သူ လိုအပ်ခဲ့သည်။
" ချီကျီယွဲ့… တိတ်တိတ်နေစမ်း။" ဟု ဒုတိယခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။
ချီကျီယွဲ့က မြေပြင်ပေါ်တွင် သူ့ခန္ဓာကိုယ်ကို လှိမ့်လိုက်ပေမယ့် ပြန်တော့ မရပ်နိုင်ခဲ့ပေ။ သူက ဘာမှမပြောပေမယ့် ထန်ပင်းစန်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
သူ၏အကြည့်က လူကိုသတ်နိုင်လျှင် ထန်ပင်းစန်သည် အကြိမ်ပေါင်းမနည်း အသတ်ခံရမှာဖြစ်သည်။
ထန်ပင်းစန်က ချီကျီယွဲ့ကို မျက်စိမှေး၍ ကြည့်လိုက်သည်။
" ချီကျီယွဲ့… ငါ့ကို မင်းရဲ့ရန်သူလို ဘာလို့ သဘောထား တာလဲဆိုတာ ငါ့ကို ပြောစမ်းပါ။ မင်းရဲ့ မိဘတွေက ဘယ်သူတွေလဲ?"
"ငါ့အဖေက ချီချီရှန်း…" ဟု ချီကျီယွဲ့က ပြောလိုက်ပြီး ဒေါသတကြီးဖြင့် အံကြိတ်လိုက်လေသည်။
ထိုစကားကို ကြားသောအခါ ထန်ပင်းစန်က မျက်မှောင်ကြုပ်လိုက်လေသည်။ ဤအမည်ကို သူမမေ့ခဲ့ပေ။
" ထန်ပင်းစန် … စီးပွားရေးလုပ်ငန်းမှာ အချင်းချင်း ယှဉ်ပြိုင်တာက စီးပွားရေးသမားတွေအတွက်တော့ သာမန်ပါပဲ။ ငါ့မိသားစုက ငါတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ပရော့ဂျက်ကို နိုင်ခဲ့တာ။ ခင်ဗျားက ဘယ်လို ယုတ်မာပြီးတော့ ငါ့မိသားစုကို ဒေဝါလီခံရအောင် လုပ်ရတာလဲ?" ဟု ချီကျီယွဲ့က အော်ပြောလိုက်သည်။
ချီမိသားစုက ထန်မိသားစုကို မယှဉ်နိုင်ခဲ့လျှင်တောင်မှ ထိုနှစ်တုန်းက လုံးဝမညံ့ခဲ့ပေ။ ထို့အပြင် ထန်မိသားစုသည် လွန်ခဲ့သော (၇)နှစ်က ကြီးမားသော ဩဇာသက်ရောက်မှု မရှိခဲ့ပေ။
"မင်း ငါ့လမ်းမှာ ရပ်မနေသင့်ဘူး။" ထန်ပင်းစန်က ချီကျီယွဲ့ကို ပြုံးပြလိုက်သည်။ မည်သည့်အမှားကိုမှ သူ လုပ်မိသည်ဟု မထင်ခဲ့ပေ။
ထန်ပင်းစန်က အရှက်မရှိ ယုတ်မာသော လူတစ်ယောက်ဖြစ်မှန်း သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသောကြောင့် ချီကျီယွဲ့က ထန်ပင်းစန်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပေမယ့် ယခုအခါမှာတော့ သူဘာမှ မလုပ်နိုင်ခဲ့ပေ။
" ချီကျီယွဲ့… မင်းရဲ့လက်ထဲမှာ ငါနဲ့ပတ်သက်ပြီး တခြားဘာရှိသေးလဲ?" ဟု ထန်ပင်းစန်က မေးလိုက်သည်။
ထိုအခါ ချီကျီယွဲ့က မနှစ်မြို့ဖွယ် ပြုံးလိုက်ပြီး ထန်ပင်းစန်ကို တည့်တည့် စိုက်ကြည့်လိုက်လေသည်။
"မှန်းကြည့်လေ.."
ထန်ပင်းစန် သူ့အား ကြောက်လာစေရန်အလို့ငှာ ချီကျီယွဲ့က ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ဤအရာက ယခုအချိန်တွင် သူ့ကိုယ်သူ ကာကွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
တကယ်တော့ ချီကျီယွဲ့တွင် ထန်ပင်းစန်ကို အမှုလုပ်ရန် ခိုင်လုံ သောကြောင်း မရှိခဲ့ပေ။ ထန်ပင်းစန်က အကြိမ်ပေါင်းများစွာ ဥပဒေကို ချိုးဖောက်ခဲ့မှန်း သူသိထားခဲ့သော်လည်း သူ့တွင် ထင်ရှားသော အထောက်အထား မရှိခဲ့ပေ။ ခိုင်လုံသောအထောက်အထား မရှိပဲ ထန်ပင်းစန်ကို သူ ထောင်ထဲသို့ ထည့်နိုင်မည် မဟုတ်ပေ။
ထန်ပင်းစန်က ချီကျီယွဲ့ကို ယုံကြည်ဖူးသောကြောင့် ထိုအရာနှင့် ပတ်သက်ပြီး သူ စိုးရိမ်မိခဲ့သည်။ သို့သော် ယခင်က သူ ယုံကြည်ခဲ့သော သူက ယခု သူ၏ ရန်သူဖြစ်လာခဲ့လေပြီ။
"အင်း… အခု မင်းက ငါ့လက်ထဲမှာမို့လို့ မင်းအသက်ဆက်ရှင်မှာလား (ဒါမှမဟုတ်) အသတ်ခံရမှာလား ဆိုတာကို ငါ ဆုံးဖြတ်နိုင်တယ်။"
" ထန်ပင်းစန် … ထူးဆန်းတဲ့အမျိုးသမီးကို ခင်ဗျား မေ့သွားပြီလား? သူကလည်း ခင်ဗျားနဲ့ ခင်ဗျားရဲ့မိသားစုကို ကလဲ့စားချေချင်နေပြီးတော့ သူက ငါ့ထက် ပိုပြီး အစွမ်းရှိတယ်။ ခင်ဗျား ကျုပ်ကို အခုချက်ချင်း သတ်လိုက်ရင် မကြာခင်မှာ ဒီသတင်းကို သူကြားမှာပဲ။ သူကမှ ခင်ဗျားရဲ့ ရန်သူအစစ်ပဲ။"
ထိုစကားကို ကြားသောအခါ ထန်ပင်းစန် ဒေါသထွက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ချီကျီယွဲ့က ချက်ကောင်းကို ထိုးနှက်လိုက်သောကြောင့်ဖြစ်သည်။
ထန်အိုက်နင်းက ထန်မိသားစုကို အပြစ်ပေးရန် ရည်ရွယ်ထားသဖြင့် သူမက သူ့ကို စောင့်ကြည့်နေမှာ ဖြစ်သည်။ ထို့ကြောင့် ယခု ချီကျီယွဲ့ သူ့လက်ထဲတွင်ရှိနေကြောင်းကို သိဖို့က သူမအတွက် မခက်ခဲလှပေ။
ထန်ပင်းစန်သည် ထန်အိုက်နင်းကို ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။
***
အခန်း ၁၅၈၉ အတူတူ ပျံသန်းကြစို့…
ထိုရက်များအတောအတွင်း သူမ၏ မယုံကြည်နိုင်စရာကောင်းသော အရည်အချင်းကို ပြသခဲ့သည့် “ထန်အိုက်နင်း” ကို သူ၏လူများက မရှာနိုင်သေးပေ။ သူမက သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေလျှင်တောင်မှ သူ သိမည်မဟုတ်ပေ။
ထိုအရာကို တွေးမိသောအခါ ထန်ပင်းစန်က ထိတ်လန့်သွားခဲ့သည်။ “ထန်အိုက်နင်း” က သူ အမှားတစ်ခု ကျူးလွန်မိဖို့ စောင့်နေတာ ဖြစ်နိုင်သည်။
ထိုသို့ဖြစ်ခဲ့လျှင် ချီကျီယွဲ့ကို သတ်ဖို့ သူ ဆုံးဖြတ်ချက် မချမီ ထန်ပင်းစန် နှစ်ခါ ပြန်၍ စဉ်းစားရပေမည်။
ချီကျီယွဲ့ကို အခုချက်ချင်း သတ်ပစ်ရန်က သူ့အတွက် မလိုအပ်ပဲ ချီကျီယွဲ့၏ ပါးစပ်ကို ပိတ်ဖို့ သူ့တွင် အခြားသော နည်းလမ်းများစွာ ရှိလေသည်။
"ကောင်းပြီလေ… ငါ မင်းကို မသတ်ပေမယ့် အသက်ရှင်ရတဲ့ နာကျင်မှုကို မင်း ခံနိုင်ရည် ရှိရဲ့လား?" ဟု ထန်ပင်းစန်က ပြောလိုက်သည်။
ချီကျီယွဲ့သည် ယင်းထသောအချိန်၌ တကယ့်ကို ကြီးမားသော ညှဉ်းပန်းမှု ဖြစ်ခဲ့သောကြောင့် သူ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
ထန်ပင်းစန်က ချီကျီယွဲ့ ကို ဘာမှမပြောတော့ဘဲ နောက်တော့ ထွက်သွားခဲ့သည်။
အမှန်တကယ်တော့ သူ၏ ရန်သူအစစ်က “ထန်အိုက်နင်း” ဖြစ်သောကြောင့် ယနေ့ည ဤနေရာသို့ လာမိတာကို သူ နောင်တရသွား ခဲ့သည်။
ချီကျီယွဲ့သည် ယခုအခါ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ပြီ ဖြစ်သောကြောင့် “ထန်အိုက်နင်း” ကို အာရုံစိုက်ရပေမည်။
“ထန်အိုက်နင်း” ကို ဘယ်မှာမှ ရှာမတွေ့သေးသောကြောင့် ထိုရက်များတွင် သူ အိပ်မပျော်နိုင်ခဲ့ပေ။
ပိုဆိုးသောအရာမှာ ကုမ္ပဏီတွင် တစ်ချိန်တည်း၌ ထန်ချင်းယန်က ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ဒါရိုက်တာများက ပိုပိုပြီး ထောက်ခံလာခဲ့ကြသည်။ သူ့တွင် ပြဿနာရှိလျှင် ထန်ချင်းယန်က သူ့နေရာကို အစားထိုးဝင်ရောက်ကာ သူ့မျက်လုံးထဲတွင် လုံးဝ လက်မခံနိုင်သော ကုမ္ပဏီ၏ ခေါင်းဆောင်အသစ် ဖြစ်လာနိုင်သည်။
သူက တရားမဝင်သားတစ်ယောက် ရှိသော်လည်း ထိုသားက အလွန်ငယ်သေးကာ လောလောဆယ်၌ သူ့မိသားစုထံ သူ့ကို ပြန်ခေါ်၍ မရနိုင်ပေ။
ထန်ပင်းစန်က ထိုပြဿနာများနှင့် ပတ်သက်ပြီး တွေးလိုက်မိသည်နှင့် စိုးရိမ်ကြောင့်ကြပြီး ဂနာမငြိမ် ဖြစ်လာခဲ့သည်။ သူက ကုမ္ပဏီ၏ နောက်ဆုံး ဆုံးဖြတ်ချက်ချသူ ဖြစ်ပေမယ့် သူ၏ ဆုံးဖြတ် ချက်များက သူတို့၏ အကျိုးအမြတ်များအတွက် မကောင်းသော အချိန်တွင် ထိုဒါရိုက်တာများက သူ၏ အမိန့်များကို နာခံမည် မဟုတ်ပေ။
ထန်ပင်းစန်က ထန်ချင်းယန်ကို ပြယုဂ်တစ်ခုမျှသာ ပြုလုပ်ချင်ပေမယ့် ထန်ချင်းယန် က သူ၏နေရာ၌ ထူးချွန်လွန်းနေခဲ့သည်။
သူက ထန်ချင်းယန်ကို တမင်သက်သက် မလိုလားခဲ့လျှင် အခြားဒါရိုက်တာများက သူ့ကို စိတ်တိုသွားနိုင်သည်။ ထို့ကြောင့် ထန်ပင်းစန်သည် အလုပ်လုပ်ရန် ထန်ချင်းယန်အား ခွင့်ပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထန်ချင်းယန်က ကုမ္ပဏီ၏ အနာဂတ်အတွက် အကောင်းဆုံး အစီအစဉ်ကို ပြုလုပ်ခဲ့သောကြောင့် သူက ပရောဂျက်ကို တာဝန် ယူမှာဖြစ်ပြီး ၎င်းက သူ့အား ကုမ္ပဏီတွင် အာဏာနှင့် အထောက်အပံ့ ပိုတိုးလာဖို့ ကူညီမှာဖြစ်သည်။ ထန်ပင်းစန် က ၎င်းကို မမြင်ချင်ခဲ့ပေ။
ကျီယီယင်းကလည်း မကြာမီက သူ့အား စိတ်အနှောင့်အယှက်ပေးနေ ခဲ့ပြီး သူတို့အမြဲတမ်း ဖုန်းဆက်ကာ စကားများခဲ့ကြသည်။
ဖုန်းချီလဲ့က ဆေးရုံတွင် လဲလျောင်းနေဆဲဖြစ်သောကြောင့် ထန်ပင်းစန်က ဖုန်းချီလဲ့၏ အခြေအနေနှင့်ပတ်သက်ပြီးလည်းစိတ်ပူခဲ့ရသည်။
…
သူတို့ မျှော်စင်ထဲသို့ ဝင်သွားသောအခါ လင်ရှောင်းထင်သည် ရှန့်ကွမ်ယန်ထံမှ စည်းကမ်းတင်းကျပ်သော လေ့ကျင့်မှုကို ရရှိခဲ့ ပေမယ့် သူဘယ်သောအခါမှ စောဒက မတက်ခဲ့ပေ။ သာမန်လူတစ်ယောက်က ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ဖို့ ရှိမရှိကို ရှန့်ကွမ်ယန်အား သူမေးကြည့်ခဲ့သည်။
"တကယ်တော့ သာမန်လူတစ်ယောက်က ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်ပေမယ့် ဒါက အရမ်းအန္တရာယ်များတယ်။ သာမန်လူ အများစုက လုပ်နေတုန်းမှာပဲ သေကြလိမ့်မယ်။ ကျင့်ကြံတဲ့ကမ္ဘာက လူအားလုံးက ကျင့်ကြံသူကောင်းတစ်ယောက် ဖြစ်လာဖို့ ပါရမီတွေနဲ့အတူ မွေးလာခဲ့ကြတာ။ ဒါပေမယ့် သာမန်လူတွေမှာတော့ ပါရမီဆိုတာ မရှိဘူး။" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
ထိုအရာကို သိသောအခါ ကျင့်ကြံသူတစ်ယောက် ဖြစ်လာစေရန် အတွက် သူမ၏ အသက်ကို စွန့်စားဖို့ဆိုတာက ကုနင်းအတွက် အကြံကောင်းတစ်ခု မဟုတ်ကြောင်းကို လင်ရှောင်းထင် တွေးမိခဲ့ သည်။ ကုနင်းက လုံးဝကို သာမန်လူတစ်ယောက်ဖြစ်ပြီး သူက သူမကို မသေစေ ချင်ခဲ့ပေ။ သူမ မရှိပဲ သူ ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လင်ရှောင်းထင်က ထိုအကြောင်းကို ယခု မစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
အစပိုင်း၌ သတင်းဆိုးက လင်ရှောင်းထင်အပေါ် သက်ရောက်ခဲ့ပြီး လေ့ကျင့်မှုအပေါ်တွင် အာရုံမစိုက်နိုင်ခဲ့ပေမယ့် ရှန့်ကွမ်ယန်က သူ့အား အကြိမ်ပေါင်းများစွာ ဝေဖန်ခဲ့သောကြောင့် သူ့ကိုယ်သူ အာရုံစိုက်ထားဖို့ကို ဖြည်းဖြည်းချင်း သူသိလာခဲ့သည်။
လင်ရှောင်းထင်က ကုနင်းအား သတင်းဆိုးကို မျှဝေဖို့ အစီအစဉ် မရှိဘဲ ကုနင်းအား ထိုသတင်းကို မပြောရန် ရှန့်ကွမ်ယန်ကိုလည်း အနူးအညွတ် တောင်းပန်ထားခဲ့လေသည်။
ရှန့်ကွမ်ယန်က လင်ရှောင်းထင်၏ ပူပန်မှုများကို နားလည်ကာလက်ခံခဲ့လေသည်။ သူတို့သည် မျှော်စင်ထဲတွင် သုံးရက်ကြာနေထိုင်ခဲ့ကြသည်။ သုံးရက်ကြာပြီးနောက် လင်ရှောင်းထင်က သူ၏ လေ့ကျင့်မှုကို အဆုံးသတ်ခဲ့သည်။ ခက်ခဲသော လေ့ကျင့်မှုကို အဆုံးသတ်ရန် သူ့အတွက် မလွယ်ကူခဲ့ပေမယ့် သူက ကြီးမားသော အောင်မြင်မှုကို ပြုလုပ်ခဲ့လေ သည်။ ဘာပဲဖြစ်ဖြစ် သူက ပါရမီရှိသော ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ကွန်ဖူးပညာ၌လည်း ထူးချွန်သူဖြစ်သည်။
သူ့အဆင့်က ချက်ချင်း မြင့်တက်မလာခဲ့သော်လည်း သူ့လို အဆင့် တူ၌ရှိသော အခြားကျင့်ကြံသူများထက် သူက များစွာ ပိုအားကောင်း ခဲ့သည်။ ရှန့်ကွမ်ယန်က သူ၏ အောင်မြင်မှုကို အလွန် ကျေနပ်နေခဲ့ သည်။
လင်ရှောင်းထင်က အနာဂတ်တွင် သူ့ထက် ပိုကောင်းသော ကျင့်ကြံသူတစ်ယောက်ဖြစ်လာနိုင်မည်ဟု သူယုံကြည်ထားခဲ့သည်။
ထို့နောက် ရှန့်ကွမ်ယန်က ဓားရှည်တစ်ချောင်းဖြစ်သော မှော်ပစ္စည်း တစ်ခုကို လင်ရှောင်းထင်အားပေးလိုက်ပေမယ့် သူက ၎င်းကို အသုံးပြု၍ ချက်ချင်း ပျံသန်းရန် မဖြစ်နိုင်သောကြောင့် ၎င်းကို သူ၏ ချန်ခွင်းအိတ်ထဲသို့ ထည့်လိုက်သည်။
သူတို့ မျှော်စင်ကနေ ထွက်လာသောအခါ ကုနင်းက သူတို့အတွက် ကောင်းမွန်သော အစားအစာကို ပြင်ဆင်ထားခဲ့သည်။ ထို့နောက် ၎င်းကို သူတို့ အတူတူစားလိုက်ကြသည်။
"ငါတို့ လမ်းလျှောက်ဖို့ မလိုဘူး။ အတူတူ ပျံကြစို့။" ဟု ရှန့်ကွမ်ယန်က ထွက်သွားခါနီးတွင် ထိုသို့ ပြောလိုက်ပြီး ခဏအကြာတွင် လေထဲ၌ ဓားတစ်ချောင်း ပေါ်လာတော့သည်။
***
အခန်း ၁၅၉၀ ဒေသခံတွေလုပ်သလိုလုပ်ပါ…
စီနီယာကျင့်ကြံသူများသည် ဓားတစ်လက်ဖြင့် ပျံသန်းနိုင်ကြောင်းကို ကုနင်းနှင့် လင်ရှောင်းထင်တို့က သိထားကြသော်လည်း ၎င်းကို သူတို့ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပေ။
သို့သော် ကုနင်းက ၎င်းကို အကြံကောင်းတစ်ခုဟု မထင်ခဲ့ပေ။
"အဘိုး ရှန့်ကွမ်… အခု ကမ္ဘာသစ်တစ်ခု ဖြစ်နေပြီမို့လို့ ဓားတွေနဲ့ သွားလို့မရတော့ဘူး။ တခြားလူတွေ လန့်ကုန်လိမ့်မယ်။"
"ဘာ?" ဟု ရှမ့်ကွမ်ယန်က အံ့အားသင့်သွားခဲ့သည်။
"အင်း… အနီးအနား ဘယ်သူမှ မရှိတဲ့အချိန်မှာ ခရီးတိုတစ်ခုကိုအဘိုးရဲ့ဓားနဲ့ပဲ ကျွန်မတို့ ပျံလို့ရပါတယ်။" ဟု ကုနင်းက ပြောလိုက်သည်။
"ကိစ္စမရှိဘူး…" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
သူ့ဓားကို ထိန်းချုပ်ဖို့က သူ့အတွက် လွယ်ကူပြီး ဓားဖြင့် ပျံသန်းခြင်းက သူတို့အား လမ်းပေါ်တွင် များစွာ အချိန်ကုန်သက်သာစေသည်။
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ရှန့်ကွမ်ယန်၏ ဓားပေါ် တက်လိုက်ကြသည်။ ရှန့်ကွမ်ယန်က ရှေ့မှ ရပ်ကာ လင်ရှောင်းထင်က နောက်မှလိုက်ပြီး ကုနင်းက သူတို့၏ နောက်တွင် ရပ်လိုက်သည်။
ရှန့်ကွမ်ယန်က ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် သူ့ပခုံးများကို ကိုင်ရလျှင် ကုနင်း ရှက်မှာဖြစ်သည်။ ကုနင်းက ကျားမ ကွာခြားမှု ဆိုင်ရာ ရိုးရာအတွေးအခေါ်များရှိသော မိန်းကလေးဖြစ်သောကြောင့် သူမသည် လင်ရှောင်းထင်၏ ပခုံးများကိုသာ ကိုင်ချင်ခဲ့သည်။
ရှန့်ကွမ်ယန်က သူမထက် ပိုမြင့်သောကြောင့် သူမ မြဲမြံစွာရပ်ချင်လျှင် သူ၏ခါးကို ကိုင်ထားရမှာဖြစ်သည်။ ၎င်းက လင်ရှောင်းထင် မြင်ချင်သောအရာ မဟုတ်ပေ။ ထို့အပြင် သူမ၏ ပခုံးများပေါ်တွင် လင်ရှောင်းထင်၏ ကိုယ်အလေးချိန်အကုန်လုံးကို တင်ထားပါက သူမ ဖိစီးနေမှာဖြစ်သည်။
ထို့ကြောင့် ကုနင်းကို နောက်ဆုံး၌ ရပ်ခိုင်းရန် သူတို့ ဆုံးဖြတ် လိုက်သောအခါ လင်ရှောင်းထင်၏ ခါးကို သူမ ဖက်နိုင်ခဲ့လေသည်။
"ငါ့ကို မှေးကိုင်ထားရင် မင်းတို့ လိမ့်ကျမှာ မဟုတ်ဘူး။" ဟု ရှန့်ကွမ်ယန်က ပြောလိုက်သည်။
လင်ရှောင်းထင်နှင့် ကုနင်းတို့ အဆင်သင့်ဖြစ်သောအခါ ရှန့်ကွမ်ယန်က ဓားကို မြေပြင်အထက် တစ်မီတာလောက်အထိ မလိုက်သည်။ ထို့နောက် နှောင့်နှေးခြင်းမရှိပဲ ဓားက ရှေ့သို့ အလျင်အမြန် ရွေ့လျားသွားတော့သည်။
၎င်းက ကျောင်းလုံထက် ပိုမမြန်သော်လည်း ကားတစ်စီး ထက်တော့ ပိုမြန်လေသည်။
အစပိုင်းတွင် လင်ရှောင်းထင်နှင့် ကုနင်းတို့သည် ဓားအပေါ် မတ်တပ်ရပ်ရတာကို အနေရခက်ပေမယ့် မကြာမီ သူတို့ ကျင့်သားရလာခဲ့ကြသည်။
သူတို့ ခွန်းလွန်တောင်ခြေ၌ ရောက်သောအခါ ရှန့်ကွမ်ယန်က အတော်လေး စိတ်မချမ်းမသာ ဖြစ်သွားခဲ့ရသည်။
"ဒီနေရာမှာ မှော်စွမ်းအင်တွေ အများကြီးကို ငါတကယ် မခံစားနိုင် တော့ဘူး။"
နောက်ဆုံးတွင် ကမ္ဘာကြီးက တကယ် ပြောင်းလဲသွားပြီဆိုတာကို သူ သဘောပေါက်သွားခဲ့လေပြီ။
ကမ္ဘာသစ်တွင် သူတွေ့ရသော အခြားလူများကို သူက စီနီယာကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သော လျှို့ဝှက်ချက်အား ထုတ်မပြောရန် ရှန့်ကွမ်ယန်အား ကုနင်းက လမ်းတွင် သတိပေးခဲ့ သည်။ သူက သူတို့နှင့် အလွန်ကွာခြားကြောင်း အခြားလူများက တွေ့ရှိပါက သူ့အား များစွာ ဒုက္ခဖြစ်စေမှာ ဖြစ်သည်။
လင်ရှောင်းထင်က ရှန့်ကွမ်ယန်ကို ကာကွယ်နိုင်ပေမယ့် သူတို့မည်သူမှ ပဋိပက္ခတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပေ။ ဖြစ်နိုင်မည်ဆိုလျှင် သူတို့သည် ပြဿနာကို ရှောင်သင့်လေသည်။
ရှန့်ကွမ်ယန်က လက်ခံခဲ့ပြီး ကမ္ဘာသစ်တွင် သူ့ဟာသူ ရိုးရှင်းစွာ ပျော်ရွှင်ချင်ခဲ့သည်။
ဤကမ္ဘာတွင် အခြားသော ကျင့်ကြံသူများရှိကြောင်းကို ကုနင်းက သူ့အား ပြောပြခဲ့ပြီး သာမန်လူသားများ၏ ကမ္ဘာအပြင် ကျင့်ကြံခြင်းကမ္ဘာတစ်ခု ရှိပေမယ့် သူတို့ကြားတွင် နယ်နိမိတ်တစ်ခု ရှိလေသည်။ ကုနင်းက ထိုအကြောင်း သူ့အား ပြောပြချိန်တွင် ရှန့်ကွမ်ယန်က စိတ်လှုပ်ရှားခဲ့ရသောကြောင့် ကျင့်ကြံခြင်းကမ္ဘာရှိသောနေရာကို သူမ သိထားခြင်း ရှိမရှိကို သူက မေးလာခဲ့သည်။ သူက ထိုနေရာသို့ သွားဖို့ စိတ်ဝင်စားခဲ့ပြီး ကုနင်းတွင်လည်း အလားတူစိတ်ကူးရှိခဲ့သည်။
သူတို့ရှေ့မှ လမ်းတွင် အခြားသူများ ရှိလာခဲ့သည်ရှိသော် လိုရမယ်ရအနေဖြင့် နောက်ပိုင်းတွင် သူတို့ လမ်းလျှောက်လာခဲ့ကြ သည်။ သို့သော်လည်း ရှန့်ကွမ်ယန်က ရှေးဟောင်းဝတ်စုံကိုသာ ဝတ်ထားဆဲဖြစ်သောကြောင့် သူ၏ အဝတ်အစားများကို လဲလှယ်ရန် လိုအပ်ခဲ့သည်။
ကုနင်းက သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲမှ လင်ရှောင်းထင်၏ ကုတ်အင်္ကျီကို ထုတ်ယူကာ ရှန့်ကွမ်ယန်ကို ပေးလိုက်သည်။
သူမ၏ စိတ်စွမ်းအင်အာကာပြင် ထဲတွင် ကွဲပြားသော ရာသီများအတွက် အဝတ်အစားမျိုးစုံ ရှိလေသည်။
ရှန့်ကွမ်ယန်က ကမ္ဘာသစ်တွင် ထူးဆန်းသောပုံစံ မဖြစ်ချင်သော ကြောင့် ၎င်းကို ချက်ချင်း ဝတ်လိုက်သည်။ ယခုမှစပြီး သူသည် ဒေသခံများ လုပ်သည့်အတိုင်း လုပ်သင့်လေသည်။
ရှန့်ကွမ်ယန်သည် တောင်ထိပ်တွင် နှစ်ပေါင်းရာနှင့်ချီပြီး နေထိုင်ခဲ့သော်လည်း တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးကြောင်းကို သူသိကာ မျှော်စင်နောက်ဘက်တွင် ရေပူစမ်းတစ်ခု ရှိခဲ့သည်။ သူက ထိုနေရာသို့ မကြာခဏ အလည်အပတ်သွားခဲ့သည်။
သူ၏အဝတ်အစားများကလည်း နှစ်ပေါင်းရာနှင့်ချီ ကြာခဲ့ပေမယ့် မှော်စွမ်းအင်၏ အာဟာရဓာတ်ကြောင့် လုံးဝ မပျက်စီးခဲ့ပေ။
သူက သူ၏ အဝတ်အစားများကို လဲခဲ့ပေမယ့် သူ၏ ဆံပင်ပုံစံကတော့ ယခင်အတိုင်း ကျန်နေသေးသည်။ အနုပညာရှင်များက သူတို့၏ဆံပင်ကို ဆံထုံးအဖြစ်ထုံးရန် သဘောကျကြသောကြောင့် ၎င်းက ကြီးမားသော ပြဿနာတစ်ခု မဟုတ်ခဲ့ပေ။ ထို့ကြောင့် ယခုအခါ ရှန့်ကွမ်ယန်၏ပုံစံက သာမန်ပုံစံ ဖြစ်နေခဲ့လေပြီ။
သူတို့ တောင်မှ ထွက်ခွာလာသောအခါ သူတို့အား မည်သူမျှ ထူးထူးခြားခြား သတိမထားမိကြချေ။
ဤအချိန်၌ အလည်အပတ်လာရောက်သူများ များပြားဆဲဖြစ်သည်။ သို့သော် မွန်မြတ်သောနတ်ဘုရားအိမ်တော်နားသို့ ကပ်လာသည်နှင့် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် လိုင်း ပြန်မိလာပြီး သူတို့၏ဖုန်းများထဲသို့ များစွာသော မက်ဆေ့(ချ်) အသစ်များ ဝင်လာတော့သည်။
ရှန့်ကွမ်ယန်သည် သူတို့၏ဖုန်းများကို တွေ့သောအခါ ခေါင်းရှုပ် သွားတော့သည်။
"ဒါကဘာတွေလဲ? ထူးဆန်းတဲ့အသံတွေ ဘာလို့ ထွက်လာတာလဲ?"
ထိုစကားကို ကြားသောအခါ ကုနင်းနှင့် လင်ရှောင်းထင်တို့ သဘောကျသွားခဲ့ကြပေမယ့် သူတို့ ရှန့်ကွမ်ယန်ကို မရယ်ခဲ့ပေ။ သူက ခေတ်သစ်လူ့အဖွဲ့အစည်းတွင် မနေခဲ့သောကြောင့် စမတ်ဖုန်း ဘာလဲဆိုတာကို သူ မသိတာက ပုံမှန်ပင် ဖြစ်လေသည်။
"ဒါက စမတ်ဖုန်းတစ်လုံးပဲ။ လိုင်းမိနေသရွေ့ တခြားသူတွေကို ဆက်သွယ်ဖို့ ကျွန်မတို့ ဒါကို သုံးနိုင်တယ်။" ဟု ကုနင်းက ပြောလိုက်သည်။