Chapter 28
Vol. 3 Ch. 28
လော့ရှုကျီက တန်းရှန့်ယွင်ကို ဝန်ထမ်းခန့်ဖို့ပြောလာလိမ့်မယ်လို့ ချန်ဝမ်ဖန်း မထင်ထားခဲ့ပေ။
တန်းရှန့်ယွင်ရဲ့ မိဘတွေက ရာထူးလျှော့ချ ခံရပြီး အခြေအနေ သိပ်မကောင်းပါ။ သူမ ပညာအရည်အချင်းကြောင့်သာ မဟုတ်လျင် တပ်ထဲတွင် ၇နှစ် ၈နှစ် ခန့် အလုပ်မရှိပဲ နေထိုင်နိုင်မည်မဟုတ်ချေ။
တစ်ယောက်ယောက်ကတော့ သူမကို လာကျပ် နေလေပြီ။
လော့ရှုကျိီက အခြေအနေ မကောင်းတဲ့ တန်းရှန့်ယွင်ကို အလုပ်ပေးလိုက်မယ့်အစား လင်းဝေ့ကို ပေးလိုက်သင့်တယ်။ သူက ကျုံးရှောက်ကိုများ ကြည့်မရလို့လား။
ချန်ဝမ်ဖန်းလည်း သူမဖာသာ တွေးကြည့်ရင်း သဘောမတူလိုသည့်ဟန် ပြောလိုက်သည်။
"ဒါတော့ မဟုတ်သေးဘူးနော် တန်းရှန့်ယွင် အခြေအနေက သိပ်ကောင်းတာမဟုတ်ဘူး"
"သူမက ဘာဖြစ်နေလို့လဲ။ သူ့မိဘတွေ ရာထူးချခံရတာမှန်ပေမယ့် သူ တပ်ရင်းမှုးကျိုးကျန်းဟိုင်နဲ့ လက်ထပ်ထားတာကို လူတိုင်းက သိတယ်လေ။ဘာလို့ သူ့ကိုအပြစ်မြင်နေရတာလဲ။"
လော့ရှုကျီ က အသံကိုမြင့်ကာ ထပ်ပြောလိုက်သည်။
"ဒါ့အပြင် ဒီနှစ်တွေ အတွင်းမှာလည်း သူမ ကောင်းကောင်း မွန်မွန် အေးအေး ဆေးဆေးနဲ့သိမ်သိမ်မွေ့မွေ့လေး နေထိုင်နေတာပဲ။ သူ့ကို အခွင့်အရေးလေးပေးသင့်တယ်လို့ မထင်ဘူးလား။"
ချန်ဝမ်ဖန်း တိတ်ဆိတ်နေသည်ကိုမြင်၍ လော့ရှုကျီက ဆက်ပြောလိုက်သည်။
"ညွှန်ကြားရေးမှုးချန် ရှင် သဘောကျတဲ့သူကို ကျွန်မ အလုပ်မခန့်ချင်တာမဟုတ်ပါဘူး။ ရဲဘော်လင်းက အခုမှ ရောက်လာတဲ့ အရာရှိဇနီးသည် ဖြစ်ပြီး နေထိုင်ခွင့်တောင် မကျသေးလို့ အလုပ်စီစဥ်ပေးဖို့ မဖြစ်နိုင်သေးဘူး။ အမှန်အတိုင်းပြောရရင် ကျွန်မက တမင် သက်သက် ရဲဘော်လင်းကို အပြစ်ရှာနေတာ မဟုတ်ပါဘူး။ တစ်ခြားအရာရှိဇနိီးသည် တစ်ယောက်က ကျွန်မဆီလာပြီး မကျေနပ်ကြောင်း လာပြောလို့ပါရှင်"
ချန်ဝမ်ဖန်းလည်း ကြောင်အသွားပြီး မေးလိုက်သည်။
"ရှင့်ကို ဘယ်သူ လာပြောတာလဲ"
"ဘယ်လိုပဲ ဖြစ်ပါစေ။ လင်းဝေ့က တစ်ယောက်ယောက်ကိုပြောပြတာကို ကြားခဲ့တယ် ထင်တယ်။ ဘယ်သူလဲ ဆိုတာကိုတော့ ကျွန်မ မပြောပြနိုင်ဘူးရှင့်"
လော့ရှုကျီက ကောင်းရှို့လျန်ကို ကာကွယ်ချင်၍ မဟုတ်ပေမယ့် အနေအထားအရ မပြောပြသင့်သောကိစ္စဖြစ်၍သာ ဖြစ်သည်။
ကောင်းရှို့လျန်က သူမကို လာပြောပြခဲ့တာကို သူမက ကောင်းရှို့လျန် လာတိုင်ကြားခဲ့သည်ဟု ကောင်းရှို့လျန်နောက်ကွယ်မှာ ပြန်ပြောခဲ့လျင် တစ်ခြား အရာရှိဇနီးသည်များက သူ့ကို ဘယ်လိုမြင်ကြမည်နည်း။
လာတိုင်ကြားသူက ကောင်းရှို့လျန်ဖြစ်နေသော်လည်း ဖြစ်ခဲ့သည့်ကိစ္စက အမှန်ဖြစ်နေ၍ လော့ရှုကျီက ထုတ်ပြော၍မရပေ။
လော့ရှုကျီက သူ့သဘောထားကိုဖော်ပြသည့်အနေဖြင့် ဆက်ပြောလိုက်သည်။
"ဒီကိစ္စကိုသာ ကောင်းကောင်း မဖြေရှင်းနိုင်ရင် နောက်ပိုင်း ကျွန်မတို့ အလုပ်အကိုင် ရှာဖွေရေးရုံးရဲ့ အဆုံးအဖြတ်ကို အရာရှိဇနီးသည်တွေက နာခံတော့မှာမဟုတ်ဘူး။ ရှင်ကလည်း ကျွန်မပြောတာကို မကျေနပ်လို့ ရှင့်သဘောအတိုင်း လုပ်ချင်တာလုပ်မယ်ဆိုရင် နောက်ပိုင်း ကျွန်မတို့ ရုံးကဘယ်လို အလုပ်လုပ်ရမှာလဲ။ရှင်လည်း အရင်တုန်းက အမျိုးသမီးရေးရာအဖွဲ့ မှာလုပ်ခဲ့ဖူးတော့ အရာရှိအမျိုးသမီးတွေအားလုံးနဲ့အဆက်အဆံရှိမှာပါ။ အာ့တော့ ကျွန်မရဲ့အခက်အခဲကိုလဲ နားလည်နိုင်မှာပါ။"
ချန်ဝမ်ဖန်းလည်း ဘာမှပြန်မဖြေတော့ပဲ ညည်းလိုက်သည်။"ဘာလို့ ဒီလိုပြဿနာတွေဖြစ်လာရတာလဲ"
…
လော့ရှုကျီနှင့် ချန်ဝမ်ဖန်းတို့ အချေအတင်ပြောနေကြစဥ် လင်းဝေ့ကတော့ ကလေးများနှင့် ရိက္ခာထောက်ပံ့ရေးပွဲရုံကိုသွားနေခဲ့သည်။
မနေ့ညက သူမတို့သားအမိတစ်တွေ သရက်သီးနှင့် တည့်မတည့်သိလို၍ အနည်းငယ်စီ စမ်းစားလိုက်ကြသည်။ ကျုံးရှောက်ကတော့ သရက်သီးနှင့် မတည့်ခြင်းမရှိ၍ ကျန်သည့်သရက်သီးအားလုံးကို စားလိုက်သည်။
စားပြီးနောက် မိသားစုအားလုံး အတူစုအိပ်ကြလေသည်။ လင်းဝေ့က ကလေးများ အိပ်ပျော်ပြီးနောက် ဓာတ်မတည့်၍ အဖုအပိန့်များ ထွက်မည်ကို စိုးရိမ်နေ၏။
သို့သော် တစ်ညတာလုံး အေးဆေး ကုန်ဆုံးသွားသည်။ကလေးနှစ်ယောက်ကတော့ သူတို့စားခဲ့သည့်သရက်သီးကို တသသဖြစ်နေ၏။ မနေ့က သူတို့စားခဲ့ရသည်မှာ အနည်းငယ်သာဖြစ်၍ အာသာမပြေနိုင်ကြပါ။
ထို့ကြောင့် ရိက္ခာထောက်ပံ့ရေးနှင့် သမဝါယမစျေးသို့ကလေးများနှင့်အတူ အသီးအရွက်ဝယ်ရန် ထပ်သွားကြသည်။ ဤတစ်ခေါက်တွင် အိမ်ရှိလူတိုင်းအတွက် သရက်သီးတစ်လုံးစီ ဝယ်လိုက်သည်။
ငှက်ပျောသီးနှင့် ကြက်မောက်သီး တစ်ချို့ကိုလည်း ထပ်ဝယ်လိုက်ကာ လိုင်ချီးသီးကတော့ ကြက်မောက်သီးနှင့်အရသာ ဆင်တူ၍ ထပ်မဝယ်တော့ပါ။
သားအမိသုံးယောက် သစ်သီးများဝယ်ပြီးနောက် ပင်လယ်စာပွဲရုံဆီ ထပ်သွားလိုက်ကြသည်။ လင်းဝေ့သည် ယနေ့အတွက် ငါးမဝယ်တော့ပဲ ကမာကောင်တစ်ချို့ဝယ်လိုက်သည်။ ထို့နောက် ကပ်လျက်ရှိ ဟင်းရွက်စျေးတန်းဆီ သွားကာ ကြက်သွန်ဖြူဥတစ်ချို့ဝယ်လိုက်သည်။
လင်းဝေ့ မနေ့က အိမ်သန့်ရှင်းရေးလုပ်ပြီးနောက် အိမ်ရှေ့က မြေကွက်လေးက်ိုလည်း သန့်ရှင်းရေး လုပ်ထားခဲ့သည်။
ကျွန်းပေါ်တွင် ဟင်းသီးဟင်းရွက် အတော်ပေါများတာကြောင့် သူတို့ကိုဝယ်ဖို့ လက်မှတ်မလိုပါ။ ထို့ကြောင့် လင်းဝေ့လည်း ခြံထဲက မြေကွက်တွင် ဟင်းသီးဟင်းရွက် မျိုးစုံစိုက်ဖို့ စိတ်မကူးထားပေ။
အပင်များပြုစုနေရသည်မှာ ကရိကထ များလှသည်။သို့သော် ကြက်သွန်မြိတ်ကဲ့သို့သော အပင်များကိုတော့ သိပ်ပြုစုစရာမလိုပေ။ စိုက်ထားပြီး အမြိတ် ထွက်လာသည်နှင့် ရိတ်စားနိုင်သည်။ ထို့ကြောင့် မြေကွက်တွင် ကြက်သွန်မြိတ်စိုက်ရန် ကြက်သွန်ဖြူ တစ်ချို့ကိုလည်း ဝယ်ခဲ့ခြင်းဖြစ်သည်။
စျေးဝယ်ပြီးနောက် လင်းဝေ့သည် ကလေးနှစ်ယောက်နှင့် ပြန်လာခဲ့သည်။
ကျိုးမိသားစုခြံဝန်းရှေ့မှ ဖြတ်လာစဥ် ရှောင်ရှီးကို မမျှော်လင့်ပဲ တွေ့လိုက်ရပြန်သည်။ ရှောင်ရှီးသည် မြေကြီးပေါ် စောင့်ကြောင့်ထိုင်ကာ ကျောက်တုံးများဖြင့်ဆော့နေသည်။
ရှောင်ရှီးက လှည့်ကြည့်လိုက်ပြီး မင်မင်တို့ကို တွေ့လျင် အတူဆော့ဖို့ လှမ်းခေါ်သည်။ ကလေးများက လင်းဝေ့ကို လှမ်းကြည့်နေသည့်အကြည့်များက သူတို့လည်း ရှောင်ရှိီးနှင့် အတူ သွားဆော့ချင်နေမှန်း သိသာသည်။
လင်းဝေ့ကလည်း သူတို့ကို မတားခဲ့ပါ။ ကလေးနှစ်ယောက် ကျွန်းပေါ်မှာ သူငယ်ချင်းအသစ်များနှင့်မိတ်ဖွဲ့နိုင်ရန်ပင် မျှော်လင့်သည်။
"သွားကစားလေ" လင်းဝေ့လည်း အိတ်ထဲက ကြက်မောက်သီးနှင့် ငှက်ပျောသီး တစ်ချို့ကို ကလေးများစားရန် ထုတ်ပေးလိုက်သည်။
ရွေ့ရွေ့နှင့်မင်မင်တို့က ပျော်ပျော်ရွှင်ရွှင် ယူစားလိုက်ကြပေမယ့် ရှောင်ရှီးကတော့ ယူဖို့ တွန့်ဆုတ်နေခဲ့သည်။တန်းရှန့်ယွင်၏ အိမ်ခန်းထဲမှ ခွင့်ပြုလိုက်သည့်အသံကြားမှသာ ပျော်ရွှင်စွာယူလိုက်ပြီး စားလိုက်၏။
ကလေးများကို ခွဲပေးပြီးနောက် အသီးတစ်ချို့ကို တန်းရှန့်ယွင်ကို ခွဲပေးလိုက်သည်။
တန်းရှန့်ယွင်က အစပိုင်းတွင် လက်မခံခဲ့ပါ။ သို့သော်လင်းဝေ့ ပြုံးကာ ပြောလိုက်သည်။
"ကျွန်မတို့စပြောင်းလာတော့မီးဖိုချောင်မှာဆီ၊ဆား၊ ရှာလကာရည် သုံးဖို့တောင် မ ရှ်ိတာကို ရှင်က ငှားပေးခဲ့လို့ ဟင်းချက်စားရအဆင်ပြေခဲ့တာပါ။ ဒီသစ်သီးတွေတော့လက်ခံပေးပါ။ မဟုတ်ရင် နောက်ဆို ကျွန်မ ရှင်တို့ အိမ်လာရဲတော့မှာမဟုတ်ဘူး"
"ဟုတ်ပါပြီရှင် "တန်းရှန့်ယွင်လည်း မတတ်သာပဲ ယူလိုက်ကာ မေးလိုက်သည်။"ရှင့် နေထိုင်ခွင့်ကျပြီလားရှင့်"
လင်းဝေ့လည်း ပြုံးကာပြောလိုက်သည်။"တပ်မတော် ပြန်လည်နေရာချထားရေးရုံးကတော့ အမြန်ဆုံးနှစ်ရက်အတွင်းရမယ် ပြောတယ်ရှင့်။ နေထိုင်ခွင့်ကျလာရင်တော့ ကျွန်မလည်း ရိက္ခာနဲ့လက်မှတ်တွေ ထုတ်ရမှာပေါ့။"
"ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ" ဟု တန်းရှန့်ယွင် က ပြုံးကာပြောလိုက်သည်။
လင်းဝေ့လည်း ခေါင်းငြိမ့်က "ဟုတ်တယ်"ဟု ပြောလိုက်ပြီး ကျောက်တုံးများဖြင့် ဆော့နေသည့် ကလေးများကို တစ်ချက်ကြည့်လိုက်သည်။
ကျုံးရှောက်နဲ့ မနေ့ညက ဆွေးနွေးခဲ့သည့်ကိစ္စကို ပြန်စဥ်းစားလိုက်သည်။ လင်းဝေ့သည် သူများကို ကလေးထိန်းခိုင်းတဲ့ ကိစ္စမေးဖို့ ပြောမထွက်ဖြစ်နေသည်။ သူမက အခုမှ ပြောင်းလာသူဖြစ်၍ မိသားစုအိမ်ရာ အတွင်းရှ်ိလူများနှင့်လည်း သိပ်မရင်းနှ်ီးသေးပေ။ ထို့ကြောင့် ကလေးနှစ်ယောက်ကို မထိန်းချင်ကြမည်ကို စိုးရိမ်သည်။
သို့သော် လင်းဝေ့သည် ယခုအချိန်တွင် တစ်ခုစဥ်းစားမိသွားသည်။ သူမ သားနှစ်ယောက်နှင့် ရှောင်ရှီးတို့သည် အလွန်ခင်မင်ကြရာ ကလေးထိန်းရန် ကိစ္စကို တန်းရှန့်ယွင်ကို အကူအညီတောင်းလျင် လက်ခံလိမ့်မည်ဟုတွေးလိုက်၏။
ထို့အပြင် လွန်ခဲ့သည့် နှစ်ရက်အတွင်း တန်းရှန့်ယွင် အပြင်ထွက်သည်ကိုလည်း မတွေ့မိ၍ သူမ အပြင်အလုပ်မလုပ်မှန်း မှန်းဆလိုက်သည်။ ထို့အပြင် လွန်ခဲ့သည့်နှစ်ရက်အတွင်း တန်းရှန့်ယွင်နှင့် ဆက်ဆံကြည့်ရာတွင် စိတ်ထားကောင်းသည့် သူမှန်းသိ၍ ကလေးများကိုလည်း စိတ်ချလက်ချ အပ်ထားနိုင်ပေမည်။
သို့သော် သူမတို့သိကျွမ်းသည်မှာလည်း အချ်ိန်မကြာသေး၍ "ကျွန်မ ကလေးတွေကို ထိန်းပေးနိုင်မလား ကျွန်မ လခ ပေးပါ့မယ်" ဟု တိုက်ရိုက်ကြီး ပြောဖို့ကလည်း သိပ်အဆင်မပြေပါ။ ထိုသို့ တွေးမိပြီးနောက် ပြောမည့်စကားများကို ပြန်မြိုချလိုက်ပြီး ညနေ ကျုံးရှောက်ပြန်လာမှ တိုင်ပင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျိုးကျန်းဟိုင်နှင့် အရင်ပြောကြည့်ပြီး သူတို့လင်မယား နှစ်ယောက်ရဲ့ သဘောထားကို အရင်မေးတာပိုကောင်းသည်။
ထိုနောက် အိမ်မှုကိစ္စများရှိသေး၍ တန်းရှန့်ယွင်နှင့်စကားအကြာကြီး မပြောပဲ ကလေး နှစ်ယောက်ကိုခေါ်ကာ အိမ်ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်လျှင် သစ်သီးများကို ဧည့်ခန်းထဲ ထားလိုက်ပြီး ဟင်းသီး ဟင်းရွက်များနှင့် ကမာ ကောင်များကို မီးဖိုဆောင်ဆီ ယူလာလိုက်သည်။
ကမာကောင်များကို မစားသေးလျင် ရေစိမ်ထားဖို့ အရောင်းဝန်ထမ်းက ပြောခဲ့သည်။ လင်းဝေ့လည်း သူတစ်ခါမှ မလုပ်ဖူး၍ ကမာကောင်များကို ရေစိမ်ကာထားရန် မပျင်းမရိ ပြင်လိုက်သည်။
ကမာကောင်များကို ရေစိမ်ကာ မီးဖိုချောင် သန့်ရှင်းရေးလုပ်နေစဥ် အိမ်ရှေ့မှ တစ်ယောက်ယောက် ခေါ်နေသံကြား၍ သွားကြည့်လိုက်ချိန် ခြံဝန်းထဲတွင်ရပ်နေသည် ချန်ဝမ်ဖန်းကိုတွေ့လိုက်ရပြီး အံ့သြသွားကာ မေးလိုက်သည်။"ညွှန်ကြားရေးမှုးချန် ဘယ်လိုလို့ ရောက်လာတာလဲရှင့် "
"ကျွန်မ ပြောစရာရှိလ်ို့ပါ"
ချန်ဝမ်ဖန်းသည် လော့ရှုကျိီကိုပဲ လင်းဝမ်၏ အလုပ်ကိစ္စ ပြောင်းသွားသည့်အကြောင်း အသိပေးခိုင်းရန် စဥ်းစားခဲ့သော်လည်း မသင့်လျော်ဟု ထင်မိသည်။
ချန်ဝမ်ဖန်းသည် အလုပ်ကိစ္စ စပြောစဥ်ကလည်း လင်းဝေ့နှင့် လူကိုယ်တိုင်ပြောခဲ့၍ တစ်ခြားတစ်ယောက်ပြောင်းခန့် သွားသည့်အကြောင်းကိုလည်း သူမကိုယ်တိုင်ပြောသင့်သည်ဟု ထင်မိသည်။
ထို့ကြောင့် ချန်ဝမ်ဖန်း ကိုယ်တိုင် လာခဲ့ခြင်းဖြစ်သည်။
လင်းဝေ့က ချန်ဝမ်ဖန်း၏ လေးနက်နေသော အမူအရာကို မြင်သောအခါ ကျုံးရှောက်ပြောသည့် ညအိပ်မပျော်ဖြစ်နိုင်သည်ဟူသော အချက်များကို သတိရလိုက်သည်။