Chapter 31
Vol. 3 Ch. 31
တန်းရှန့်ယွင်လည်း ဤကိစ္စကိုမဆုံးဖြတ်နိုင်ဖြစ်နေရင်း ချင့်ချိန်စဥ်းစားကာ ပြောလိုက်သည်။
"ရဲဘော်ဝူ ကျွန်မ ဒီကိစ္စကို ထပ်စဥ်းစားလို့ရမလား"
အမျိုးသမီးဝူလည်း တန်းရှန့်ယွင် ဤအလုပ်ကို မဖြစ်မနေ လက်ခံအောင် လုပ်ရန် လာခဲ့သည်ဖြစ်၍ သူမကိုစဥ်းစားခိုင်းနေ၍ မရမှန်းသိသည်။ ထိုကြောင့် ထပ်ပြောလိုက်သည်။
"ကျွန်မက ရှင့်ကိုစဥ်းစားဖို့ အချိန်ပေးနေတာမဟုတ်ဘူး။ ညွှန်ကြားရေးမှုးချန်ကလည်း ဝန်ထမ်းအမြန်လိုနေတာဆိုတော့ ရှင် ဒီနေ့ ဆုံးဖြတ်လိုက်မှရမှာ။ မဟုတ်ရင် ညွန်ကြားရေးမှုးချန်က ပြည်နယ်ကို ဆက်သွယ်သွားလိမ့်မယ်။ ထပ်ပြောရရင် ကျွန်မတို့ ပြည်နယ်မှာ ပြည်နယ်ပိုင်စက်ရုံ အရည်အတွက်က နည်းပေမယ့် တစ်နှစ်တစ်နှစ် အထက်တန်းကျောင်းဆင်းတွေက အရမ်းများတာနော်။ ညွှန်ကြားရေးမှုးချန်သာ ပြည်နယ်ကျောင်းဆင်းဝန်ထမ်းကို ခန့်လိုက်ရင် ဖြစ်လာမယ့် အကြောင်းကိစ္စတွေကို ရှင်သိပါတယ်။ ရှင်က ဘာတွေ တွေဝေနေတာလဲ"
တန်းရှန့်ယွင် လည်း နှုတ်ခမ်းကို သပ်လိုက်ပြီး ပြောခဲ့သည်။ "ကျွန်မ……"
သူမပြော၍ မပြီးသေးခင် အမျိုးသမီးဝူက ဖြန်ပြောလိုက်ပြန်သည်။
"ရှင် အနာဂတ်မှာ အပြင် အလုပ်မလုပ်တော့ဘူးဆိုရင်တော့ ကျွန်မ မပြောလိုပါဘူး။ ဒါပေမယ့် နောက်ပိုင်း အလုပ်လုပ်ချင်သေးတယ် ဆိုရင်တော့ ကျွန်မပေးတဲ့အကြံကို လက်ခံလိုက်တာ ရှင့်အတွက် ကောင်းမယ်။ ဒီလို အခွင့်အရေးက ရှားတယ်။ ဒီတစ်ခေါက် လွဲသွားရင် နောက်ပိုင်းအလုပ်ရဖို့ ခက်သွားလိမ့်မယ်။"
အမျိုးသမီးဝူက စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းဖြစ်သည်။ အကယ်၍ သူမ ငြင်းလိုက်၍ ညွှန်ကြားရေးမှုးချန်က ပြည်နယ် ကျောင်းဆင်းခန့်လိုက်သည်ဖြစ်စေ၊ လင်းဝေ့ကိုပဲ အလုပ်ခန့်လိုက်သည်ဖြစ်စေ တန်းရှန့်ယွင် အနေနှင့် နောက်ပိုင်းတွင် ညွှန်ကြားရေးမှုးလော့ အလုပ်ရှာပေးဖို့ကို မမျှော်လင့်နိုင်တော့ပါ။
ထို့အပြင် တန်းရှန့်ယွင်ကလည်း လင်းဝေ့ကိစ္စကို မသိလိုက်၍ ဤသည်မှာ သူမ၏ တစ်ခုတည်းသော အခွင့်အရေးဟု ယူဆလိုက်သည်။
ထို့ကြောင့် လက်ခံမလား ငြင်းမှာလား
တုန့်ဆိုင်းမနေတော့ပဲ တန့်ရှန်းယွင်က ခိုင်မာစွာပြောလိုက်သည်။"ကျွန်မ ဆေးပေးခန်းမှာ လုပ်ပါ့မယ်။"
…………………
တန်းရှန့်ယွင်က ဆေးပေးခန်း အလုပ်ကို လက်ခံလိုက်စဥ်တွင် လင်းဝေ့က ညွှန်ကြားရေးမှုးချန် သောက်သွားသည့် ကြွေရည်သုတ်ခွက်ကို ဆေးနေခဲ့သည်။ ဆေးပြီးနောက် ဧည့်ခန်းထဲရှိ ဘီဒိုတွင် သိမ်းလိုက်ပြီး အပေါ်ထပ်က သူမအခန်းထဲ တက်သွားခဲ့သည်။
အခန်းထဲရောက်သည်နှင့် လင်းဝေ့က စိတ်ပျက်လက်ပျက်နှင့် အိပ်ရာထဲ လှဲမနေပဲ စတိုခန်းငယ်ထဲရှိ သူမဇာတိမြို့မှယူလာသည့် ဒိုင်ယာရီစာအုပ်နှင့် ဘောပင်ကို ထုတ်လိုက်ကာ စာရေးရန်အတွက် နောက်ဆုံးစာမျက်နှာက်ို လှန်လိုက်သည်။
အကြောင်းအရာကတော့ ဘာမျှမဟုတ်ပဲ မူရင်းဝတ္ထုရှိ သူမနှင့် ဆက်စပ်သည့် အကြောင်းအရာများသာဖြစ်သည်။
မူရင်း ဝတ္ထုထဲတွင် လင်းဝေ့သေပြီးနောက် ကျုံးရှောက်လည်း ရှိီးချန်သို့ ပြန်သွားခဲ့သည်။
ကလေးများကို စောင့်ရှောက်မည့်သူ မရှိတာကြောင့် ကျုံးရှောက်ကလည်း တပ်ထဲမှ ထွက်လာကာ သူ့ဇာတိက ပြည်နယ်ပိုင် စက်ရုံလေးတစ်ခုတွင် ဒုညွှန်ကြားရေးမှုးအဖြစ် အလုပ်ဝင်လုပ်ခဲ့သည်။
ကျုံးရှောက်တွင် စွမ်းဆောင်ရည် ရှိ၍ ဒုညွှန်ကြားရေးမှုးအဖြစ်မှ ညွှန်ကြားရေးမှုး အဆင့်သို့ နှစ်အနည်းငယ် အတွင်း ရာထူးတိုးခံရသည်။ ပြည်နယ်စက်ရုံလေးက တစ်ဖြည်းဖြည်းနှင့် တိုးတက်လာပြီး စိီရင်စုနယ်မြေတွင် ထိပ်ပိုင်းတွင် ပါဝင်လာသည်။
ကိစ္စတိုင်း၌ ပြဿနာက ပေါ်လာစမြဲဖြစ်သည်။ ကျုံးရှောက်က အရည်အချင်းရှိကာ ရည်မှန်းချက်ကြီးသည့်အတွက် စက်ရုံကို ထပ်မံချဲ့လိုသည်။
သို့သော် အထက်မှ အရာရှိများက ရှေးရိုးစွဲ ဖြစ်ကာ တိုးချဲ့ဖို့ စိတ်မကူးပဲ ကျုံးရှောက်၏ လုပ်ဆောင်ချက်များက စက်ရုံကို ထိခိုက်မည်ကို စိုးရိမ်နေသည်။ ဤသဘောထားမတိုက်ဆိုင်မှုများက နောက်ပိုင်းတွင် ပိုပြင်းထန်လာခဲ့သည်။
၁၉၈၀ နှစ်လယ်လောက်တွင် ကျုံးရှောက်က ပြည်နယ် စက်ရုံမှ ထွက်လိုက်ပြီး တောင်ဘက်ရှိ ရှန်းကျန်းစျေးတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စတင်တည်ထောင်ခဲ့သည်။
ထိုနေရာမှာပင် ဇာတ်လိုက် အမျိုးသားနှင့် အမျိုးသမီးကို တွေ့ခဲ့ခြင်းဖြစ်သည်။
အမှန်တော့ ဇာတ်လိုက်အမျိုးသားနှင့် စတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်အခါက ဇာတ်လိုက်အမျိုးသားကလည်း စစ်တပ်မှ ထွက်ကာ ကိုယ်ပိုင်လုပ်ငန်းစတင်ရန် ကြိုးစားနေသည့် အချိန်ဖြစ်သည်။ သူတို့နှစ်ဦးကလည်း မထင်မှတ်ပဲ ဆုံမိပြီး ပင်ကိုယ်စရိုက်လဲ တူကြ၍ လုပ်ငန်းစပ်တူလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
နောက်တော့ အမျိုးသားဇာတ်လိုက်ကာ ကျုံးရှောက်ကို အိမ်မှာ ညစာ ဖိတ်ကျွေးခဲ့သည်။ အမျိုးသမီးဇာတ်လိုက်က ကျုံးရှောက်ကို တွေ့တော့ စိတ်လွတ်သွားခဲ့သည်။
တစ်ချိန်ထဲမှာပင် အမျိုးသားဇာတ်လိုက်နှင့် ကျုံးရှောက်တို့၏ ပူးပေါင်းရေးမှာလဲ ပျက်တော့မည့်ပုံပေါ်နေ၏။
ကံကောင်းစွာပင် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့လည်း ဤကိစ္စကိုသေချာဆွေးနွေးပြီးနောက် ကျုံးရှောက်နှင့် အလုပ်စပ်တူလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့ကြောင့် ကျုံးရှောက်၏ အကြောင်းသည်လည်း ဝတ္ထုနောက်ပိုင်းတွင် ပိုပါလာခဲ့သည်။ ကျုံးရှောက်၏ လုပ်ငန်း အဆင်ပြေလာပြီးနောက် မင်မင်နှင့်ရွေ့ရွေ့ကိုလည်း ရှန်းကျန်းစျေးကို ခေါ်သွားပြီး အတူနေကြလေရာ ကလေးများအကြောင်းကလည်း ဝတ္ထုတွင် အများကြီး ထပ်ပါလာခဲ့သည်။
ထို့ကြောင့် လင်းဝေ့က သေဆုံးသွား၍ ဝတ္ထုထဲတွင် ပေါ်မလာရသော်လည်း သူမအကြောင်းကတော့ ခဏခဏ ပါလာတက်သည်။
သို့သော် ဝတ္ထုထဲ တွင်ပါလာသည့် သူမအကြောင်း များကလည်း မရေမရာသည့် အကြောင်းများသာဖြစ်သည်။ကျုံးရှောက်၏ လုပ်ငန်းအောင်မြင်လာတော့ လူတစ်ချို့က သူနှင့် ချိတ်ဆက်လိုကြကာ အောင်သွယ်ချင်ကြသည်။
သို့သော်လည်း ကျုံးရှောက်က သူတို့အားလုံးကိုငြင်းပစ်သည်။ ထို့ကြောင့် လူတစ်ချို့က လင်းဝေ့ကို သတိရလိုက်ကြပြီး သူမက အိမ်ထောင်ဖက်ရ ကံကောင်းသော်လည်း အသက်ရှည်သည့် ကံမကောင်းသည့်အကြောင်းကို ပူဆွေးကာပြောကြသည်။
ထို့ကြောင့် ယခု လင်းဝေ့လုပ်ရမည့်အရာမှာ ဝတ္ထုထဲရှိ တစ်ပိုင်းတစ်စဖြစ်နေသည့် သူမ အကြောင်းအရာများကို စုစည်းပြီး သူမ၏ နောက်ဆုံးအချိန်ကို သိနိုင်ရန်ဖြစ်သည်။
လုပ်ရမည့်အရာက ရှုပ်ထွေးမည့်ပုံပေါ်သော်လည်း လင်းဝေ့ အတွက်တော့ မခက်ခဲပါ။
သူမက ဉာဏ်ကောင်းသူဖြစ်သည်။ ထို့ကြောင့် အိပ်မက်မက်သည်မှာ တစ်ပတ်ခန့်ကြာခဲ့ပြီဖြစ်သော်လည်း မူလဝတ္ထုရှိ အကြောင်းအရာ ဇာတ်လမ်းဇာတ်ကွက်များကို ယခုအထိမှတ်မိနေသေးသည်။
သူမအိပ်မက်မက်ပြီး နိုးလာကတည်းက ထို အကြောင်းကို စဥ်းစားနေလေရာ စာအုပ်ထဲ ချရေးထားရန် စဥ်းစားခဲ့သော်လည်း ရထားပေါ်တွင် ခရီးသွားနေသည်ဖြစ်၍ သူမရေးထားသည့် စာအုပ် ပျောက်ဆုံးသွားမည်ကို စိုးရိမ်ရ၏။
ထို့ကြောင့် လင်းဝေ့က အိမ်အသစ်ရောက်မှသာ ဒိုင်ယာရီစာအုပ်ဖွင့်ကာ ထုတ်ရေးရခြင်းဖြစ်သည်။
သို့သော် အစပိုင်းတွင်သာ လက်ရေးလက်သား သွက်ခဲ့သော်လည်း စာမျက်နှာ သုံးမျက်နှာရောက်စဥ် နှေးလာခဲ့သည်။ စတုတ္ထစာမျက်နှာရောက်တော့ အချိန်အကြာကြီးစဥ်းစားနေရကာ မရေးနိုင်သေးချေ။
နောက်ဆုံးတော့ သူမ အသေးစိတ်အချက်အလက်များကိုမစဥ်းစားနိုင်တော့ပဲ ဘောပင်ကို ချကာ နာရီဝက်ခန့်စဥ်းစားနေလိုက်သည်။ ထို့နောက် စာအုပ်ကို ပြန်ဖွင့်ကာ ရေးခဲ့သည့် အကြောင်းအရာများ၏ အချိန်ကိုပြန်စုစည်းလိုက်သည်။
သူမကိုယ်တိုင် မက်ခဲ့သည့် အိပ်မက်ဖြစ်ရာ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို စုစည်းရသည်က လွယ်ကူသည်။ အနည်းငယ် စုစည်းပြီးနောက် သူမ ဤကျွန်းတွင် သေဆုံးရမည်မှန်း သိလိုက်သည်။
သူမ အဖြစ်အပျက်အချိန်များကို စုစည်းပြီးနောက် နောက်နှစ်နွေရာသီတွင် ဖြစ်မည့် တိုင်ဖွန်းမုန်တိုင်းတွင် သူမ သေရမည် ဖြစ်ကြောင်း ထပ်သိလိုက်သည်။ အဓိကပြဿနာက ဘယ်အချိန် ဘယ်ရက်လဲဆိုသည့် အကြောင်းအရာကိုတော့ ဝတ္ထုက မဖော်ပြထားပေ။
အချိန်ရက်စွဲ အတိအကျ မသိပဲနဲ့တော့ သူမကံကြမ္မာကို ပြောင်းလဲဖို့က မဖြစ်နိုင်လောက်ပေ။
လင်းဝေ့လည်း ဘောပင်ကို ချကာ ထိုအကြောင်းကိုထပ် စဥ်းစားနေစဥ် အောက်ထပ်မှ အော်ခေါ်သံကြားလိုက်သည်။ လင်းဝေ့လည်း စာအုပ်နှင့် ဘောပင်ကို စတိုခန်း၏ အတွင်းဆုံးအထိ သိမ်းလိုက်ပြီး အခန်းထဲမှထွက်ကာ အောက်ထပ်ကို ဆင်းရင်းမေးလိုက်သည်။
"သား ဘာဖြစ်တာလဲ"
မင်မင်ကလည်း လင်းဝေ့ကို တအံ့တသြကြည့်ရင်းမေးလိုက်သည်။
"မေမေ နေ့လည်စာ စားချိန်ရောက်ပြီလေ။ မေမေ ခုမှ အိပ်ရာက ထလာတာလား"
လင်းဝေ့လည်း နာရီကိုကြည့်လိုက်ချိန် ၁၁ နာရီ ၃၀မိနစ်ပင်ရှိချေပြီ။ သူမ မျက်နှာကို ပွတ်လိုက်ပြီး ကလေးများကိုမေးလိုက်သည်။
"သားတို့ဗိုက်ဆာပြီလား မေမေ သွားချက်လိုက်မယ်နော်"
မင်မင်လည်း ခေါင်းခါလိုက်ကာ ပြောခဲ့သည်။
"သားတို့က သိမ်မဆာသေးပါဘူး။ ဒါပေမယ့် ရှောင်ရှီးရှီး ရဲ့အမေက နေ့လည်စာစားဖို့ခေါ်နေတာ။ သားတို့ကိုလည်း အတူစားဖို့ခေါ်ပေမယ့် ရွေ့ရွေ့က မေမေက သူများအိမ်မှာ မစားခိုင်းဘူးပြောလို့ သားတို့လည်း ပြန်လာခဲ့လိုက်တာ"
ထိုသို့ပြောပြီး မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်နှင့် လင်းဝေ့က ချီးကျူးစကားပြောတာ စောင့်နေခဲ့သည်။
ရွေ့ရွေ့ကတော့ ရှက်ကာ သူ့အစ်ကို နောက်မှာ ရပ်နေခဲ့သည်။
လင်းဝေ့လည်း မနေနိုင်ပဲ ရယ်လိုက်ပြီး ပြောခဲ့သည်။
"သားတို့က အရမ်းတော်တာပဲ တစ်ယောက်ကို ငှက်ပျောသီး တစ်လုံးစီ ဆုချရမယ်ထင်တယ်"
မင်မင်လည်း မျက်လုံးအရောင်တောက်သွားပြီး တက်တက်ကြွကြွ ပြောလိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်"
ရွေ့ရွေ့ကလည်း ရှက်ကြောက်မနေတော့ပဲ သူ့အစ်ကိုဘေးနားရပ်ကာ သူ့အမေကို မျှော်လင့်တကြီး ကြည့်ခဲ့သည်။
လင်းဝေ့က ကလေးနှစ်ယောက်ကို ငှက်ပျောသီး တစ်ယောက် တစ်လုံးစီပေးပြီး မီးဖိုးချောင်ထဲ နေ့လည်စာချက်ဖို့ ဝင်သွားခဲ့သည်။
နေ့လည်စာကလည်း အတော်လေးရိုးရှင်းသည်။ဟင်းသီးဟင်းရွက် ဟင်းရည်တစ်အိုးနှင့် အာလူးချောင်းကြော်၊ ပင်လယ်ရေညှိသုတ် တစ်ပွဲသာဖြစ်၏။
ပင်လယ်ရေညှိကိုလည်း ပင်လယ်စာ စျေးပွဲရုံမှ ဝယ်လာခြင်းဖြစ်သည်။ သို့သော် ဟင်းရွက်ဖြစ်တာကြောင့် ဝယ်ယူရန် လက်မှတ်မလိုပေ။ စျေးလည်းသက်သာ၍ ငွေအနည်းငယ်ဖြင့် အများကြီးရသည်။
သို့သော် လင်းဝေ့တို့လည်း ပင်လယ်ရေညှိကို အရင်က မစားဖူး၍ အရသာ ကောင်း မကောင်း မသိသောကြောင့် အများကြီး မသုတ်ပဲ ပန်းကန် တစ်ဝက်သာ သုတ်လိုက်သည်။
သုတ်ပြီး မြည်းကြည့်လိုက်သောအခါ တကျွတ်ကျွတ်နှင့် အလွန်စားကောင်းကာ ထပ်ခါထပ်ခါ စားချင်လာစေ၏။
ကလေး နှစ်ယောက်ကလည်း အလွန်ကြိုက်ကာ အလုအယက်စားကြသည်။ ကလေးတွေက ပင်လယ် ရေညှိသုတ်ကို စားရခက်သယောင် ပုံစံဖြင့် တမင်ဝါးစားကာ အသံတစ်ကျွတ်ကျွတ်မြည်အောင် လုပ်ရင်းစားလေသည်။
ရွေ့ရွေ့ကလည်း လောဘ တစ်ကြီး သူ့ပန်းကန်ထဲ ရေညှိသုတ် ခပ်ထည့်နေတာ သူ့ပန်းကန်တစ်ဝက်လောက်က ရေညှိသုတ်ချည်း ဖြစ်နေခဲ့သည်။
ထို့ကြောင့် ညီအစ်ကိုနှစ်ယောက်စလုံးက သူ့ထက်ငါအပြိုင် အသားကုန် လုစားကြတော့သည်။
ကလေးနှစ်ယောက်ရဲ့ နေ့လည်စာစားပွဲက စစ်ပွဲ ဖြစ်နေသည့်နှယ်ပင်။ လင်းဝေ့ စားပွဲကို ထုလိုက်တော့မှငြိမ်သွားတော့သည်။
…
နေ့လည်စာစားပြီး နောက် ကလေးနှစ်ယောက်ကို.ခေါ်ကာ တစ်ရေး အိပ်လိုက်သည်။
ကလေး နှစ်ယောက်ကတော့ ဆော့ထားကြ၍ ပင်ပန်းပြီး အိပ်သွားကြပေမယ့် သူမကတော့ အိပ်မရပဲ ဖြစ်နေခဲ့သည်။