Chapter 32
Vol. 3 Ch. 32
သူမ နှဖူးပေါ်လက်တင်ရင်း မူရင်းဝတ္ထုပါ အကြောင်း အရာများကို စဥ်းစားနေမိသည်။
မူရင်းဝတ္ထုတွင် ကျုံးရှောက်က လင်းဝေ့ အကြောင်းကို ထုတ်ပြောတတ်သော်လည်း လင်းဝေ့သေဆုံးရသည့်အကြောင်းအရင်းကိုတော့ မပြောခဲ့ပါ။ ဇာတ်လိုက်အမျိုးသမီးကတော့ လင်းဝေ့၏ သေဆုံးမှုက ကျုံးရှောက်တို့ မိသားစုကို နာကျင်စေခဲ့သည်ဟု ဆိုလေသည်။
ဇာတ်လိုက်အမျိုးသားနှင့် အမျိုးသမီးက ဉာဏ်ကောင်းသူများဖြစ်၍ ကျုံးရှောက်၏ ဒဏ်ရာဆွမိမည်စိုးကာ လင်းဝေ့အကြောင်း မေးခွန်းများမမေးခဲ့ပေ။
နောက်ပိုင်း ဇာတ်ဆောင်အမျိုးသမီးသည် ယားကျိုကျွန်းရှိ သူမ အသိတစ်ယောက်နှင့် စကားပြောခဲ့သည်။သူမ အသိကလည်း လော့ယွင်နဲ့ ကျုံးရှောက်တို့အကြား ဇာတ်လမ်းကိုသိခဲ့၍ ကျုံးရှောက်တို့အကြောင်း တမင် မပြောခဲ့ပါ။
ထို့ကြောင့် လော့ယွင်ကသာ စပြီး မေးလိုက်သည်။ သူမတို့လင်မယား နှစ်ယောက် စလုံးကလည်း ကျုံးရှောက် နှင့် ဆက်ဆံရေးကောင်းရှိကြသည်ဖြစ်၍ သူမကလည်း ကျုံးရှောက်နှင့် အနေအထားတစ်ခုအတွင်းမှာသာ ပြောဆို ဆက်ဆံလေသည်။
ထို့ကြောင့် လင်းဝေ့ ဘာ့ကြောင့် သေသွားလည်း ဆိုသည့်အကြောင်းမှာလည်း မူရင်းဝတ္ထုတွင် မပါပါ။
သို့သော် သဲလွန်စများ ရှိစမြဲဖြစ်ကာ စားသောက်နေစဥ်တွင် လင်းဝေ့လည်း တစ်ခု စဥ်းစားလိုက်မိ၏။
မူရင်းဝတ္ထုတွင် အမျိုးသားဇာတ်လိုက်သည် ကုမ္ပဏီအမှုဆောင်များနှင့် ညစာစားပွဲလုပ်ရာ ကျုံးရှောက်ကို မမြင်မိ၍ မေးသောသူကို အမျိုးသားဇာတ်လိုက်က ကျုံးရှောက် ကိုယ်ရေးကိုယ်တာကိစ္စရှိ၍ မလာနိုင်ကြောင်းပြောခဲ့သည်ကို မှတ်မိလိုက်သည်။
ထိုအချိန်တွင် ဝန်ထမ်းတစ်ဦးကလည်း ကျုံးရှောက်သည် နှစ်စဥ်နှစ်တိုင်း ဤနေ့ရက်တွင် ခွင့်ယူကာ အလုပ်မလာကြောင်းကို ပြောခဲ့သည်။
ထိုစဥ် တစ်ယောက်ယောက်က ဘာလို့ကျုံးရှောက် ဒီရက်တိုင်းမှာ ခွင့်ယူတာကို မှတ်မိနေတာလဲ ဆိုပြီး စနောက်တဲ့အခါ သူက ပြန်ပြောလိုက်သည်။
ထိုနေ့သည်လည်း သူ့ဇနီး၏ မွေးနေ့ဖြစ်၍ မနက်ပိုင်း သူ့မိန်းမ မွေးနေ့ကျင်းပပြီး အလုပ်လာတိုင်း ကျုံးရှောက်ခွင့်ယူသည့် ကိစ္စကို ကြားနေမိတာကြောင့် အမှတ်ရနေမိကြောင်း ပြောပြခဲ့သည်။
"မေမေ အိပ်ပြီလား"
လင်းဝေ့လည်း မင်မင် အသံကြားလိုက်၍ မျက်လုံးဖွင့်ကြည့်ရင်း မေးလိုက်သည်။"သား ဘာဖြစ်လို့လဲ"
မင်မင်က ဖြည်းဖြည်း လေး မေးလိုက်သည်။ "သား သရက်သီး စားလို့ရလား"
" သားက သရက်သီး စားချင်လို့လား"
ကောင်လေးကလည်း ခေါင်းငြိမ့်လိုက်ပြီး ပြောခဲ့သည်။ "သားတို့က မနေ့က နည်းနည်းလေး စားရတာ ဖေဖေကျတော့ အများကြီးကို တစ်ယောက်ထဲ စားပစ်တာ"
လင်းဝေ့ကလည်း " သရက်သီးကဖြင့် လက်ဝါးလောက်လေးကို သားအဖေက အများကြီး စားလိုက်တာတဲ့လား" ဟုမေးလိုက်စဥ်
မင်မင်က "သားက ဖေဖေ စားတာနဲ့ သားတို့စားတဲ့ သရက်သီး အရွယ်အစား မတူတဲ့အကြောင်းချဲ့ကားပြောတာပါ……မေမေ ကလည်း ဒါလေးကိုတောင် နားမလည်ဘူးလား" ဟု သူအမေကို သက်ပြင်းချလိုက်ကာ ပြောခဲ့သည်။
လင်းဝေ့လည်း ရယ်ပြီး မေးလိုက်သည်။ "သားက ဘယ်လို ချဲ့ကားပြောရမလဲ သိတယ်ပေါ့။ ဘယ်ကသင်လာတာလဲ"
"အာ့တာဦးလေး ဆီကပေါ့။ ဦးလေးကို ဒေါ်လေးက ဆေးလိပ်မသောက်ခိုင်းတော့ ဦးလေးက အိပ်ရာထဲလှဲနေပြီး နေထိုင်မကောင်းဖြစ်ပြီး သေရပါတော့မယ်ဆိုပြီး ညဥ်းရော။ ဒါနဲ့ ဒေါ်လေးကလည်း သနားသွားပြီးဆေးလိပ်သောက်ခိုင်းလိုက်ရော။ ဦးလေး ဘာမှမဖြစ်တာလဲ သိရော ဒေါ်လေးက စိတ်ဆိုးပြီး ဦးလေးကို လူလိမ်လို့ပြောတယ်လေ။ ဦးလေးကလည်း သူလိမ်တာမဟုတ်ဘူး ဆေးလိပ်မသောက်ရရင် နေထိုင်မကောင်းဖြစ်ပြီး သေရတော့မလိုပဲ ဆိုတဲ့အကြောင်းချဲ့ကားပြောတာလို့ ပြန်ပြောတယ်လေ"
မင်မင်ပြောတာကို နားထောင်လိုက်ပြီး လင်းဝေ့လည်း နှုတ်ခမ်းများ တွန့်ကွေးသွားကာ မေးလိုက်သည်။
"သားက ဒီအကြောင်းတွေကို ဘယ်လိုသိတာလဲ"
"သားက မထင်မှတ်ပဲ တိတ်တိတ်လေး သိလိုက်ရတာ"
ဟုပြောရင်း လင်းဝေ့ ဆီကပ်လာကာ နားထဲ တိုးတိုးလေးပြောလိုက်သည်။
"ဦးလေးက ဒေါ်လေးရဲ့ပိုက်ဆံတွေ ခိုးတာလဲ သားတွေ့သေးတယ်"
လင်းဝေ့ - "...……!!"
လင်းဝေ့ သူမ သားကို အထိတ်တလန့်ကြည့်ကာ ထပ်မေးလိုက်သည်။"သား တစ်ခြား ဘာ တွေ ထပ်တွေ့သေးလဲ"
"ဘာကိုလဲ" မင်မင်ကလည်း အူကြောင်ကြောင်နှင့် ပြန်မေးလိုက်သည်။
ထို့မှ လင်းဝေ့လည်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။"သား နောက်ဆို ဦးလေးဆီကနေ မသင်ယူရဘူးနော်။ ဦးလေး လုပ်တဲ့အတိုင်း လိုက်မလုပ်ရဘူး"
ကလေးကလည်း ကြောင်တောင်တောင်နှင့် ဘာလို့လဲ ဟုမေးလိုက်သည်။
"ဘာလို့လဲ ဆိုတော့ သားရဲ့ ဒုတိယဦးလေး လုပ်တာတွေက မှားနေလို့ပဲ။ ပထမဆုံး သူ ဆေးလိပ်သောက်တာက အရမ်းကို မှားတယ်။ ဆေးလိပ်သောက်ရင် အဆုတ်တွေက မည်းလာလိမ့်မယ်"
မင်မင်ကလည်း သူနားမလည်၍ ကြားဖြတ်ကာမေးလိုက်သည်။"အဆုတ် ဆိုတာ ဘာလဲ မေမေ"
လင်းဝေ့ကလည်း မင်မင် ရင်ဘတ်ကို ထိလိုက်ပြီး ပြောခဲ့သည်။ "အဆုတ်ဆိုတာ သားရဲ့ ခန္ဓာကိုယ် ရင်ဘတ်ထဲမှာ ရှိတယ်။ အဆုတ်က အနီရောင်ရှိပြီးတော့ သူ့ကိုသုံးပြီး အသက်ရှုရတာ။ အဆုတ်က အမည်းရောင်ပြောင်းသွားရင် လူ က သေမှာပဲ"
ကလေးက ငယ်သေး၍ သေခြင်းတရား အကြောင်းကိုနားမလည်သေးပေ။ သူနားလည်သည်က သူ့ခန္ဓာကိုယ် မည်းနက်လာမည် ဆိုသည်သာဖြစ်သည်။
ထို့ကြောင့် "သားဆေးလိပ်မသောက်ဘူး သားခန္ဓာကိုယ် အမည်းရောင် ပြောင်းသွားမှာ မလိုချင်ဘူး" ဟု အလျင်အမြန် ပြောလိုက်သည်။
လင်းဝေ့က ဆက်ပြောလိုက်သည်။
"ပြီးတော့ သားရဲ့ဦးလေး ချဲ့ကားပြောတယ် ဆိုတာက တစ်ကယ်တော့ သူက သူကို စိုးရိမ်တဲ့မိသားစုဝင်တွေကို လိမ်လည် လှည့်စားပြီး သူလုပ်ချင်တာ လုပ်နေတာ။ အာ့တာက သူကို ချစ်တဲ့သူတွေကို စိတ်ပျက်အောင်လုပ်တာနဲ့ အတူတူပဲ။"
မင်မင်လည်း ခေါင်းငုံ့ရင်း တွေးနေရင်းမှ ရုတ်တရက် ခေါင်းမော့ရင်း စိုးရိမ်တကြီး မေးလိုက်သည်။ "မေမေ သားလည်း မေမေ့ကို အခု ညာမိသွားပြီလား"
ကလေးတွေက ဉာဏ်ကောင်းကြသော်လည်း သုံးနှစ်ခွဲသာရှိသေး၍ အမှန်အမှားကို မဆုံးဖြတ်နိုင်ကြသေးပေ။ထို့ကြောင့် သူတို့မြင်သည့်အရာကိုသာ သင်ယူကြသည်။ သူတို့ဦးလေး အမှားလုပ်နေ လိမ်နေလည်း ကလေးများက သိကြမည်မဟုတ်ပါ။
ထို့ကြောင့် လင်းဝေ့ စကားကိုကြားသောအခါ မင်မင်က စိုးရိမ်လာခြင်းဖြစ်သည်။
လင်းဝေ့လည်း သူခေါင်းလေးကိုပွတ်လိုက်ပြီး အသာအယာ ပြန်ပြောလိုက်သည်။
"သားက အခု လိမ်တာမဟုတ်သေးဘူး။ ချဲ့ကားပြီးပြောတာလေး ရှိသေးတာပါ။ တစ်ကယ်လို့သားက ဖေဖေသရက်သီးတွေ အကုန်စားလိုက်ပြီး သားတို့က နည်းနည်းမှကို မစားလိုက်ရဘူး ပြောရင်တော့ အဲဒါလိမ်တာဖြစ်သွားပြီ"
မင်မင်ကလည်း ကြားဖြတ်ပြောပြန်သည်။
"ဒါဆို ဦးလေးကလည်း တစ်ကယ် နေမကောင်းဖြစ်တာ မဟုတ်ပဲ ဆေးလိပ်သောက်ချင်လို့ နေမကောင်းဘူးပြောပြီး ဒေါ်လေးကို လိမ်နေတာပေါ့ ဟုတ်လားမေမေ"
လင်းဝေ့လည်း ခေါင်းငြိမ့်ကာ ထပ်ပြောလိုက်သည်။
"လူတွေကို လိမ်လည်း လှည့်စား တာတင် မဟုတ်သေးဘူး သားတို့စကားပြောတဲ့အခါ အမှန်ကို ပြောတတ်ရမယ်။ တစ်ခုရှိတာကို တစ်ခု၊ နှစ်ခုရှိရင် နှစ်ခုလို့ပြော တတ်ရမယ်။ တစ်ခု ရှိတာကို နှစ်ခုလို့ပြောတာတွေ နှစ်ခုရှိတာကို တစ်ခုတည်းရှိတာလို့ပြောတာတွေက လိမ်တာပဲ မလုပ်သင့်ဘူး"
မင်မင်ကလည်း သူ့အမေပြောတာကိုကြားတော့ သေချာအောင် ပြန်မေးလိုက်သည်။
"ဒါဆိုသားတို့က တစ်ခုဆို တစ်ခု၊ နှစ်ခု ရှိရင် နှစ်ခုလို့ ပြောမှ မှန်မှာပေါ့"
လင်းဝေ့ကလည်း ထပ်ခေါင်းငြိမ့်လိုက်ပြီး မှန်တယ်ဟုပြောလိုက်သည်။
မင်မင်လည်း သူ့အမေပြောသည့်အကြောင်းကို ပြန်စဥ်းစားတွေးတောရင်း ခေါင်းမှုးလာကာ သရက်သီးစားဖို့တောင် သတိမရတော့ပဲ မျက်ခွံများလေးလာပြီး ပြန်အိပ်ပျော်သွားတော့သည်။
သို့သော် ကလေးများက သူတို့စားခဲ့သော သရက်သီးအကြောင်းကို သတိရနေဆဲ ဖြစ်ကြောင်းသိရ၍ သူတို့နိုးလာသောအခါ လင်းဝေ့က သရက်သီးကို ဆေးကာ ခွဲ ပြီး ကလေးများကိုကျွေးလိုက်၏။
စျေးမှ ဝယ်လာသော သရက်သီးများက အတော်မှည့်နေပြီဖြစ်သည်။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် သရက်သီး အသားများသည် အရေပျော်သွားပြီး လည်ချောင်းမှ တစ်ဆင့် စီးဝင်သွားကာ သရက်သီး၏ ချိုမြိန်မှု ကို ခံစားရ၏။
သရက်သီးစားပြီးနောက် လင်းဝေ့လည်း အဆက်ပြတ်သွားသည့် သူမတွေးနေသည့်အရာကို ဆက်တွေးလိုက်သည်။
မူရင်းဝတ္ထုတွင် ကျုံးရှောက် အကြောင်းက ထိုမျှမကပါသေး၏။ ဇာတ်လိုက်တို့ လင်မယားအကြောင်းကို လင်းဝေ့ ပြန်စဥ်းစားလိုက်သည်။
ကျုံးရှောက်နဲ့ ဇာတ်လိုက်တို့က စိီးပွားပူးပေါင်းလုပ်ကြ၍ ဆက်ဆံရေးကောင်းရှိကြသည်။ မင်မင်၊ ရွေ့ရွေ့နှင့် ဇာတ်လိုက်တို့၏ ကလေးလည်း အချင်းချင်းခင်သွားကြလေရာ နောက်ပိုင်းတွင် ကျုံးရှောက်လည်း ဇာတ်လိုက်တို့နှင့်အတူတူ ဗီလာဧရိယာ တစ်ခုတည်း မှာပင် ဝယ်နေလိုက်ကြကာ သူတို့မိသားစု နှစ်ခုလည်း ခနခန အဆက်အဆံရှိကြသည်။
ထိုသို့တွေးနေရင်း လင်းဝေ့က ဝတ္ထုပါ အကြောင်းအရာဖြစ်သည့် တပ်မတော်နေ့ ဒုတိယနေ့တွင်ဖြစ်ခဲ့သည့်အကြောင်းအရာကို မှတ်မိလိုက်သည်။
အဖြစ်အပျက်က ဇာတ်လိုက်မ၏ သမီးက အပြင်က ပြန်လာရင်း ကျုံးရှောက်တို့ သားအဖ တစ်တွေ ဝတ်စုံအပြည့်နှင့် တစ်နေရာသွားရန် ပြင်နေသည်ကိုတွေ့လိုက်ရာ ညီအစ်ကိုနှစ်ယောက်ကို မေးလိုက်သော်လည်း အေးစက်စက် ပြန်တုန့်ပြန်ခံရ၍ သူ့အမေကို ညီအစ်ကို နှစ်ယောက်နှင့် မဆော့တော့ဟု ငိုယိုကာပြန်ပြောပြလေသည်။
ထိုအခါ သူ့အမေ လော့ယွင်က သူတို့သားအဖမှာ အရေးကြီးကိစ္စရှိ၍ဖြစ်ကြောင်း အကျိုးအကြောင်းမသိပဲ ပြသနာမရှာ စိတ်ဆိုးစိတ်ကောက် မလုပ်ရန် ပြောခဲ့သည်ကို သတိရလိုက်သည်။
သို့သော် လော့ယွင်ကလည်း သူ့သမီးကို သေချာ မရှင်းပြခဲ့ပါ။ ထို့ကြောင့် လင်းဝေ့ကလည်း ထိုရက်စွဲနှင့်ပတ်သက်ပြီး တစ်ခုခုထူးခြားလိမ့်မည်ဟု မတွေးမိလိုက်ပါ။
သို့သော် အမျိုးသားဇာတ်လိုက်နှင့် သူ့ကုမ္ပဏီ ဝန်ထမ်းတို့ပြောသော စကားနှင့်ပြန် ဆက်စပ်လိုက်တော့ ဤ ကိစ္စသည် သာမန်မဟုတ် မရိုးရှင်းဟု တွေးမိပြန်သည်။
လင်းဝေ့သည်လည်း ဝတ္ထုထဲရှိ သူမ သေရမည့်ရက်မှာ ထိုရက်တွင် ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် နှစ်တိုင်း ထိုနေ့စွဲရက်တွင် ခွင့်ယူပြီး သားအဖ သုံးယောက် ဝတ်စုံပြည့်ဝတ်ကာ အပြင်သွားကြသည်မှာ သူမ၏ အုတ်ဂူကို သန့်ရှင်းရေးသွားလုပ်တာ ဖြစ်နိုင်သည်။
တစ်ခြားလူတွေ သူတို့သေရမည့်ရက်ကို သိလျင် ဘယ်လို တုံ့ပြန်ကြမည်ကို လင်းဝေ့ မသိပါ။ လင်းဝေ့ကတော့ သူမ သေရမည့်ရက်ကို သိလိုက်သည်နှင့် စိတ်တည်ငြိမ်ရာ ရသွားတော့သည်။
သူမရဲ့ သေခြင်းတရားကို သိလ်ိုက်သည်နှင့် ဘယ်ချိန်သေရမလဲ မသိပဲ စောင့်နေရတာ ထက်စာလျင် သေမည့်အချိန်အတိအကျသိတော့ ပိုမကောင်းဘူးလား။
အနည်းဆုံးတော့ သူမမှာ ရှင်သန်ဖို့ အခွင့်အလမ်းရှိသေးတာပဲ။
လင်းဝေ့က သင်္ဘောပေါ်မှာကတည်းက တွေးလာခဲ့သည်မှာ အကယ်၍ သူမ၏ ကြိုးစားမှုက အချည်းနှီး ဖြစ်ခဲ့လျင်ရောဟုပင်။ အခုတော့ သူမတွင် အတွေးတစ်ခုသာ ရှိတော့၏။