Chapter 37
Vol. 3 Ch. 37
ကျုံးရှောက်ကလည်း ထိုသို့မတွေးမိသည်တော့မဟုတ်ပါ။ စစ်တပ်ထဲက ပြဿနာများ ဖြေရှင်းရာတွင်လည်း စည်းမျဥ်းစည်းကမ်း အတိုင်းသာ လုပ်လေ့ရှိသည်။
သို့သော် လှည့်ကွက်များတော့မပါတတ်ပါ။ လင်းဝေ့ပြောပြသည်ကို နားထောင်ပြီးနောက် ကျုံးရှောက်စဥ်းစားနေကာ မျက်နှာမှာ ပျက်လာသည်။
သို့သော် ကျုံးရှောက်တွင် ကြည့်ကောင်းသည့်မျက်ခုံးမျက်လုံးရှိသောကြောင့် ရုပ်ရည်က ခန့်ငြားနေဆဲသာဖြစ်သည်။
လင်းဝေ့လည်း ကုတင်ခေါင်းရင်းကိုမှိီရင်း ကျုံးရှောက်ကို ငေးကြည့်နေလိုက်သည်။ ထိုသို့ကြည့်နေရင်းမှ သူမရှေ့မှာရှိနေသည့် အမျိုးသားကို လက်ထပ်ပြီးကတည်းကတစ်ခါမှ သေသေချာချာ မကြည့်ခဲ့ဖူးဘူးဆိုတာ သိလိုက်ရသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ပြီးနောက်ပိုင်း မိဘဆွေမျိုးများ စီစဥ်လက်ထပ်ပေးမှုကို လက်မခံပဲ လွတ်လပ်သည့် အချစ်ရေးကို ထောက်ခံသူတွေက ဘလိုင်းဒိတ် လုပ်ကာ အိမ်ထောင်ပြုလာကြသည်။
ဘလိုင်းဒိတ်တွေ့ပြီးနောက် ချိန်းတွေ့ကြရာတွင်လည်း တစ်နှစ်ခန့် အချိန်ကြာလေ့လာကြသည့်သူများနှင့် နှစ်လ သုံးလခန့် အချိန် တိုတို အတွင်း လေ့လာသူများ ရှိကြပြီး လေ့လာကြပြီးနောက် နှစ်လ သုံးလအတွင်းလက်ထပ် ဖြစ်ကြသည်။
ကျုံးရှောက်နှင့်အတူ ရင်းနှီးမှုရယူခဲ့သည့်အချိန်ကာလက လည်း မတိုတောင်းခဲ့ပါ။ မျက်နှာချင်းဆိုင်တွေ့ခဲ့သည့်အချိန်ကတော့ တစ်ကြိမ် နှစ်ကြိမ်သာရှ်ိခဲ့သည်။ သူ့အလုပ်အကိုင် အခြေအနေကြောင့် နှစ်နှစ် သုံးနှစ်နေမှ တစ်ကြိမ်သာ ပြန်လာနိုင်ခဲ့သည်။
ထိုစဥ်အခါ သူက စာတစ်ချို့ရေးကာ ပို့ပေးခဲ့သော်လည်း သူမတို့အချင်းချင်းမှာလည်း သိပ်မသိကြသေးပေ။ ပြီးတော့ ကျုံးရှောက်ကလည်း စကားနည်းသည့်သူ မျိုးဖြစ်သည်။
ထိုကြောင့် သူစာပို့သည်အခါတိုင်းခြောက်ကပ်ကပ်စကားလုံးများသာဖြစ်၍ လင်းဝေ့မှာလဲ အံ့သြခဲ့ရသည်။
ထိုအကြောင်းတွေးမိတိုင်း သူမကိုယ် သူမ မည်မျှရဲတင်းကြောင်း သိလိုက်ရသည်။ ပထမဆုံး တစ်ခေါက်သာ တွေ့ဆုံခဲ့ဖူးသည့် လူတစ်ယောက်နှင့် စာအနည်းငယ်အပြန်အလှန် ပို့ပေးဖူးရုံနှင့် လက်ထပ်ဖို့အထိ ကတိပေးခဲ့ဖူး၍ဖြစ်သည်။
သို့သော် ပြန်စဥ်းစားလိုက်ရင်လည်းဤဖြစ်ရပ်မှာ ထူးဆန်းသည်တော့ မဟုတ်ပါ။ လင်းဝေ့နှင့် ကျုံးရှောက်တို့ အချင်းချင်းမသိကြသော်လည်း သူမတို့ မိခင်များကတော့ အချင်းချင်း ရင်းနှီးကြသည်။
ထို့အပြင် ကျုံးရှောက်ကလည်း အရပ်ရှည်ပြီး ကြည့်ကောင်းသည့်စစ်သားတစ်ဦးဖြစ်ပြီး ကိုယ်ကျင့်သိက္ခာကလည်း မဆိုးလှချေ။ ဝင်ငွေလည်း အဆင်ပြေ၍ သူ့တပ်ထဲတွင်လည်း ရာထူးအသင့်အတင့်ရှ်ိသည်။
ကျုံးရှောက်ကိုသာ လက်လွတ်လိုက်လျင် သူထက်ကောင်းသည့်သူကို ရှာတွေ့ နိုင်ရန် မလွယ်တော့မည့်ဟန်ရှိသည်။
ထိုကြောင့်သာ သူမ သူ့ကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူမတို့ လက်ထပ်ပြီး နောက်ပိုင်း ကျုံးရှောက်က ခဏခဏ ပြန်မလာပေမယ့် သူ့ လစာကိုတော့ လတိုင်းပို့ပေးခဲ့သည်။ ထို့ကြောင့် ရှီးချန်ကို စရောက်စဥ်က သူမ အလုပ်မရှ်ိသေးသော်လည်း အသုံးစရိတ်ပြတ်ခြင်း မရှိခဲ့ပါ။
ထို့အပြင် သူမယောက္ခမကလည်း စိတ်ထားကောင်း၍ သူမ အမေကဲ့သို့ပင် ခံစားရသည်။ သူမသားက အဝေးမှာဖြစ်၍ ချွေးမဖြစ်သူ လင်းဝေ့ကိုလည်း အမြဲအားနာနေရာ သူမ အသက်ရှင်စဥ်အခါက လင်းဝေ့ကိုလည်း သူ့သမီးအရင်းကဲ့သို့သာ ဆက်ဆံခဲ့သည်။
ထို့ကြောင့် လက်ထပ်ပြီး နောက်ပိုင်း သူမယောက်ျားကျုံးရှောက်နှင့် ခွဲနေရသော်လည်း သူမဘဝက မခက်ခဲခဲ့ပါ။
အမှန်ပင်လျင် လွန်ခဲ့သည့်နှစ်တွေအတွင်း သူမဘဝက အရမ်းအဆင်ပြေခဲ့သည်။
သူမ ယောက္ခမဆုံးသွားပြီးနောက် သူမ အမေက ကလေးနှစ်ယောက်ကို ထိန်းရန် ဇာတိကနေ ရှီးချန်ကို လာခဲ့သည်။ သူမ သမီးကို ကူညီရန် သူမယောကျ်ားနှင့် မိသားစုကိုထားခဲ့ကာ လာခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် လင်းဝေ့ယောင်းမက သူမ ယောက္ခမက လက်ထပ်သွားသည့် သူမယောင်းမ လင်းဝေ့ကိုသာ ကူညီပြီး သားဖြစ်သူကို မကူညီသောကြောင့် သိပ်မကျေနပ်၍ မိသားစုအတွင်း အဖုအထစ်လေးများဖြစ်ခဲ့ကြသေးသည်။
ထို့အပြင် လင်နှင့်မယား ခွဲနေသည်မှာ ကြာလာလျင် ခံစားချက်များ လျော့နည်းလာနိုင်သည်ကိုသိ၍ လင်းဝေ့လည်း အလုပ်မှ ထွက်ကာ စစ်တပ်ထဲ လိုက်နေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လင်းဝေ့ အိပ်မက်ထဲ မက်ခဲ့သည့်ဝတ္ထုထဲ ကျုံးရှောက်က သူမကိုချစ်ကာ သူမ သေဆုံးသွားသည့်တိုင်အောင် သတိရနေသည်ဆို၍ အံသြသွားမိသေးသည်။
ထိုခတ်ရှိလူများအတွက် အချစ်ဆိုသည်မှာအလှမ်းဝေးကာ ပုံရိပ်ယောင်ကဲ့သို့သာဖြစ်သည်။ လင်းဝေ့အတွက်လည်း ထိုကဲ့သို့သာဖြစ်ခဲ့သည်။
သူမ ကျုံးရှောက်ကို လက်ထပ်ခဲ့သည်က ကျုံးရှောက်သည် ရုပ်ရည်သွင်ပြင် ဝင်ငွေကောင်း၍သာမက သူ့ရဲ့ ယုံကြည်လို့ရနိုင်လောက်သည့် ပုံစံများကြောင့်ဖြစ်သည်။
ကျုံးရှောက်ကိုလည်း သူမ မုန်းခြင်း ကြည့်မရခြင်းမျိုးမရှိသည်သာမက အထင်ကြီးခြင်းပင်ဖြစ် လိုက်သေးသည်။
သူမတို့ခွဲနေသည်မှာ အလွန်ကြာသွားသောကြောင့် ကျုံးရှောက်၏ သွင်ပြင်မှာ ဝေဝါးလာသော်လည်း သူမရင်ထဲတွင်တော့ သူမအမျိုးသားအဖြစ် မှတ်ယူနေဆဲဖြစ်သည်။
ထို့ကြောင့် ကျုံးရှောက်က ဉာဏ်ကောင်းသည့် လူဖြစ်ခဲ့သော်လည်း အဘယ့်ကြောင့် ဝတ္ထုအဆုံးထိ တုံးအခဲ့လဲဆိုသည်ကိုတော့ သူမ နားမလည်ခဲ့ပါ။
ကျုံးရှောက်ကတော့ လင်းဝေ့ အလုပ်အကြောင်းတွေးနေဆဲသာဖြစ်ပြီး သူလင်းဝေ့ဘက် လှည့်လာသောအခါ သူမ မျက်လုံးများနီရဲကာ ငိုနေသည်ကို တွေ့လိုက်ရ၍ သူ့လက်ဖြင့် အလျင်အမြန် သုတ်ပေးကာ ပြောလိုက်သည်။
"မငိုနဲ့လေ။ ကိုယ် နည်းလမ်းစဥ်းစားပေးပါ့မယ်"
ကျုံးရှောက် ပျာယာခတ်နေသည့် ပုံစံကို တွေ့တော့ သူမပို ငိုနေမိကာ ခေါင်းကိုခါရင်းပြောလိုက်သည်။
"ရှင် ဘာဖြစ်လို့ အာ့လောက် တုံးအရတာလဲ"
လင်းဝေ့က ကျုံးရှောက် လည်ပင်းသိုင်းဖက်လိုက်ကာ သူ့ရင်ဘတ်ထဲ ခေါင်း နှစ်ထားလိုက်သည်။
အစပိုင်းတွင် ကျုံးရှောက် ကြောင်တောင်တောင်ဖြစ်နေမိသည်။ နောက်မှ သူ့လက်ကိုဆန့်ကာ သူမကို ဖက်ထားပေးလိုက်ကာ သူ့လက်ဖဝါးကြီးဖြင့် သူမဆံပင်ကို အသာအယာ သပ်ပေးလ်ိုက်ကာ အသံတိုးတိုးလေးဖြင့်မေးလိုက်သည်။
"ဘာလို့ ကလေးမလေးလို ငိုနေရတာလဲ"
" ကျုံးရှောက် ရှင် ကျွန်မကို ချစ်လားဟင်" ဟု လင်းဝေ့က ရုတ်တရက် မေးလိုက်သည်။
ကျုံးရှောက်ကလည်း "ရုတ်တရက်ကြီး ဘာလို့မေးရတာလဲ" ဟုပြန်မေးလိုက်ရာ လင်ဝေ့က ပြန်မဖြေခဲ့ပေ။ ထပ်လည်းမမေးတော့ပါ။ အဘယ့်ကြောင့်ဆိုသော် ကျုံးရှောက် သူမ ကိုချစ်မှန်း လင်းဝေ့သိသည်။
လင်းဝေ့ သေပြီးနောက်ပိုင်း လင်းဝေ့ကိုပဲ သတိရနေကာ နောက်အိမ်ထောင်မပြုပဲ လင်းဝေ့ကိုပဲ သတိရနေသည် ဟူသော ဝတ္ထုပါရေးသားချက် ကြောင့်တော့မဟုတ်ပါ။
သေခြင်းတရားက ကွဲကွာစေခဲ့တာတောင် အမြဲတမ်းသတိရနေခဲ့တယ် ဆိုပါလား။
အရမ်းကြီးကို ခက်ခဲခဲ့မှာပဲ။
လင်းဝေ့ ကျုံးရှောက်ဘက် လှည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်သည်။
ကျုံးရှောက် သူ့နှုတ်ခမ်းထောင့်က အပူချိန်ကို ခံစားမိလိုက်တော့ မျက်လုံး အနည်းငယ်ပြူးသွားသည်။ လင်းဝေ့ကတော့ မျက်လုံးမှိတ်ရင်း တွေးလိုက်သည်။
သူ…သူမကို အရမ်းချစ်မှတော့…သူမလည်း သူ့ကို နည်းနည်းလေးတော့ ပြန်ချစ်ရမယ်။
အကယ်၍ သူမသာ နောက်နွေရာသီမှာ ရှင်သန်နိုင်ခဲ့ရင် နည်းနည်းလေးပိုပြီး အချိန်ကြာကြာ ပြန်ချစ်နိုင်တာပေါ့။
......
"ကျုံးရှောက် ဒီနေ့ စိတ်အခြေအနေ သိပ်မကောင်းဘူးထင်တယ်နော် ငူငူငိုင်ငိုင်ဖြစ်နေတယ်"
ဤသည်မှာ ကျုံးရှောက်နှင့် တွေ့သည့်လူတိုင်း သူတို့စိတ်ထဲ တွေးနေကြသည့်အတွေးဖြစ်သည်။
ကျိုးကျန်းဟိုင်ကလည်း နေ့လည်စာစားချိန် ကျုံးရှောက်နှင့်တွေ့တော့ မေးကြည့်လိုက်သည်။
ထိုသို့ကြားသည်နှင့် ကျုံးရှောက်က မျက်နှာသေနှင့် မျက်ခုံးကိုပင့်ရင်း မေးလိုက်သည်။
"ကျွန်တော်က ဘာလို့ငူငူငိုင်ငိုင် ဖြစ်နေရမှာလဲ"
ကျိုးကျန်းဟိုင်ကလည်း "မင်းက ဒီနေ့ အာ့လိုပုံဖြစ်နေတာလေ။ လူဆိုတာ ပျော်စရာကိစ္စရှိရင် ပျော်နေရမှာလေ။ မင်းမိသားစုနဲ့ အတူနေနေရတာ မဟုတ်လား။ ပျော်နေရမှာပေါ့"
ကျုံးရှောက်က သူခံစားနေရသည်ကို ပြောပြလေ့မရှိရာ ဘာမှပြန်မပြောပဲ တစ်ဖက်သို့ လှည့်သွားသည်။ နောက်မှ ရုတ်တရက် ပြန်လှည့်လာပြီး မေးလိုက်သည်။
"မင်းကတော့ ဒီနေ့ပျော်နေတဲ့ပုံပဲ"
ကျိုးကျန်းဟိုင်က ကျုံးရှောက်ထက် ခြောက်နှစ်ခန့်ကြီးသော်လည်း ကျုံးရှောက်လို စိတ်ခံစားချက်ကို ဖုန်းကွယ်တတ်သူမဟုတ်ပဲ ပျော်ပျော်နေတတ်သူ ဖြစ်သည်။
ထို့ကြောင့် သူပျော်နေရသည့်အကြောင်းကို ဖုန်းကွယ်မထားပဲ ကျုံးရှောက်ကို ပြောပြလိုက်သည်။
"မှန်တယ် မင်းမရီး အလုပ်ရပြီမို့လို့လေ"
ကျုံးရှောက်ကလည်း တအံတသြဖြင့် "ဟာ ကောင်းတာပေါ့" ဟုပြောလိုက်သည်။
"ဟုတ်တယ် ဒါပေမယ့် ရှောင်ရှီးရှီးကိုပဲ စိုးရိမ်နေရတာ ကလေးက အခုမှ သုံးနှစ်ပဲရှိသေးလို့လေ။ ကလေးက ကျောင်းနေအရွယ်လည်း မရောက်သေးတော့ ခက်နေတာ။ အလုပ်ကို နေ့တိုင်းခေါ်သွားဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ဒါ့ကြောင့် ငါတို့ကလေး ရှောင်ရှီးရှီးကို ထိန်းပေးနိုင်မလားလို့လည်း မေးချင်လို့ပါ။ နေ့လည်စာ အတွက်လည်း စိတ်မပူပါနဲ့ နေ့လည်ကျတော့ နေ့လည်စာနဲ့ နားချိန်ပေးလို့ ပြန်လာပြီး ကျွေးလို့ရတယ်။ နေ့ခင်းပိုင်းကို ကလေးကိုကြည့်ပေးပါဦး။ ကလေး ရေထဲမဆော့အောင်လို့ပါ။"
ကျိုးကျန်းဟိုင်က ခဏရပ်လိုက်ပြီး အားနာနာ ထပ်ပြောလိုက်သေးသည်။
"ပြဿနာက မင်း မရီးက မိသားစုအိမ်ရာက လူတွေနဲ့လည်း အဆက်အဆံသိပ်မရှိတော့ ဘယ်သူကိုအကူအညီတောင်းရမှန်း မသိဘူးဖြစ်နေတာ။ မနေ့ညက မင်းအမျိုးသမီးအကြောင်း သူကပြောတော့ ငါလည်း သူ့ကိုစဥ်းစားမိသွားတာ။ ရှန့်ယွင်ကလည်း မင်းအမျိုးသမီးက စိတ်သဘောထားကောင်းတယ်။ ရှောင်ရှီးရှီးလေးကိုလည်း ဂရုစိုက်တယ်ဆိုလို့။ ဒါ့အပြင် ရှောင်ရှိီးရှီးနဲ့ မင်းကလေးနှစ်ယောက်နဲ့ကလည်း အသက်က မတိမ်းမယိမ်းဆိုတော့ အတူတူဆော့လို့ရတာပေါ့။ ဒါ့ကြောင့် မင်းအမျိုးသမီးလည်း တစ်ခြားအလုပ်မရှိသေးရင် ကလေးကိုကြည့်ပေးနိုင်မလား လို့အကူအညီတောင်းချင်လို့ပါ။ မင်းဘယ်လိုသဘောရလဲ…အခုပြောဖို့အဆင်မပြေဘူးဆိုရင်တော့……"
ကျုံးရှောက်ကတော့ တစ်ခြားဘက်အတွေးလွန်နေရင်း သတိပြန်လည်လာရာမှ လက်ကာပြလိုက်ပြီး "မဟုတ်ပါဘူး ကျွန်တော်တစ်ခြားတွေးနေလို့ပါ။ ဒါနဲ့စကားမစပ် မရီးက ဘယ်မှာ အလုပ်လုပ်မှာလဲ"
"ဆေးပေးခန်းမှာ လုပ်နေတဲ့ တစ်ယောက်က သူ့အမျိုးသားပြောင်းတော့မှာမို့လို့ သူလည်းလိုက်ပြောင်းမှာဆိုတော့ သူ့နေရာအတွက်လူလိုလို့လေ။ ဒါနဲ့အလုပ်အကိုင် နေရာချထားရေးရုံးက မင်းမရီးး……"
ကျိုးကျန်းဟိုင်က ပြောနေရာမှ ရုတ်တရက်ရပ်လိုက်ကာ သူ့လက်ကို ကျုံးရှောက်မျက်နှာရှေ့ ဝေ့ရမ်းရင်းမေးလိုက်သည်။
"မဟုတ်သေးပါဘူး မင်းမျက်လုံးတွေက တစ်မျိုးဖြစ်နေတယ်။ ဘာဖြစ်နေတာလဲ"
"တစ်ခုခု ဖြစ်နေတယ်" ကျုံးရှောက်က ထိုသို့ပြောလိုက်ပြီး ညွှန်ကြားရေးမှုးချန်က လင်းဝေ့ကို အလုပ်လာပြောပုံနှင့်ရုံးတွင် လာတိုင်သူရှိ၍ အလုပ်ပျက်သွားခြင်းတို့ကို ပြောပြလိုက်သည်။