Chapter 38
Vol. 3 Ch. 38
ကျိုးကျန်းဟိုင်ကလည်း မျက်မှောင်ကြုံ့လိုက်ပြီး အဘယ့်ကြောင့် ရုတ်တရက်ကြီး အလုပ်အကိုင်နေရာချထားရေးရုံးက သူ့အမျိုးသမီးကို အလုပ်ပေးရသလဲဟု တွေးနေလေရာ ကြားထဲတွင် ဤကဲ့သို့ ကိစ္စမျိုးဖြစ်ခဲ့ခြင်းကြောင့်ဟု စဥ်းစားလိုက်မိတော့သည်။
ထိုသို့ဆင်ခြင်မိပြီး ပြောလိုက်သည်။
"ညနေအိမ်ပြန်ရောက်တဲ့အခါကျရင် မင်းမရီးကိုမေးကြည့်လိုက်ပါ့မယ်။ ဒါပေမယ့် ရုံးကိုသွားတိုင်တာတော့ မင်း မရီး မဟုတ်တာတော့ သေချာတယ်" ထို့နောက်ကျိုးကျန်းဟိုင်က ကျုံးရှောက်အနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"မင်း မရီး အကြောင်းကိုလည်း မင်းသိသားပဲ။ ပြီးတော့ ညွှန်ကြားရေးမှူးလော့ကို ငါလည်း ပြသနာရှာထားတော့ မင်းမရီးသွားတိုင်ပြောခဲ့မယ်ဆိုရင်တောင် ဒီအလုပ်ကိုသူရမှာမဟုတ်ဘူး"
ထိုခတ်အချိန်အခါက လူတစ်ဦး၏ အဆင့်အတန်းအရေးပါမှုက ထိုသူ၏ ပုံရိပ်ပင်ဖြစ်သည်။
နောက်ခံမိသားစုကောင်းသည့် လူက ရုံးတော်ကို လာတိုင်လျင် သူတို့တိုင်သည့်ကိစ္စရပ်မှာလည်း သူတို့ဘက်က မှန်ကန်ခဲ့လျင် မည်သူမျှ အပြစ်တင်မည်မဟုတ်ချေ။
သို့သော် နောက်ခံမကောင်းသည်လူက တိုင်ကြားခဲ့မည်ဆိုပါက သူတို့မှန်နေသော်လည်း အမှန်အတိုင်းဆောင်ရွက်ပေးခံရမည် မဟုတ်ပါ။
ထို့ကြောင့် တန်းရှန့်ယွင်မှာလည်း စစ်တပ်ထဲ နေထိုင်ရာတွင် အနေအထိုင် အပြောအဆို အလွန်ဆင်ခြင်ခဲ့ရ၏။
ကျုံးရှောက်ကလည်း "ကျွန်တော် မရီးကို လုံးဝ သံသယ မဝင်ပါဘူး"
တန်းရှန့်ယွင်ကို သံသယမဝင်မိသည်မှာတော့သေချာပါသည်။ မလုပ်လောက်ဘူးဟုလည်း သိသည်။
အစက သူတွေးခဲ့သည်က လင်းဝေ့ရဲ့အလုပ်ပယ်ဖျက်ခံရခြင်းမှာ အလုပ်အကိုင်နေရာချထားရေးရုံးက ဘက်မလိုက်ပဲ ဆုံးဖြတ်ခဲ့ခြင်းဟု ထင်ခဲ့သော်လည်း တန်းရှန့်ယွင်ကို အလုပ်ခန့်လိုက်သည်ဟု သိလိုက်ရသောအခါ လင်းဝေ့ကို တမင် လုပ်ခြင်းဖြစ်မည်ဟု ယူဆလိုက်သည်။
အကြောင်းပြချက်ကတော့ သူ့အမျိုးသမီးဖြစ်နေလို့ပေါ့။
ပြီးတော့ ကိစ္စအားလုံးရဲ့တရားခံ ပြဿနာအစ ရုံးကိုသွားတိုင်တဲ့သူက ဘယ်သူလဲ။
…………
လင်းဝေ့က တော့ ရုံးကို သွားတိုင်သူကို သိပြီးဖြစ်သည်။
တစ်မြန်နေ့က တပ်မတော် ပြန်လည်နေရာချထားရေးရုံးကိုသွားကာ စာရင်းသွင်းတော့ အစ်မလျိုတန်းက နှစ်ရက်အတွင်း ရမည်ပြော၍ လင်းဝေ့လည်း မနက်စာစားပြီးချိန်တွင် ကလေးများကိုခေါ်ကာ တပ်မတော်ပြန်လည်နေရာ ချထားရေးရုံးဆီ ထပ်သွားလိုက်သည်။
အိမ်ထောင်စု စာရင်းသွင်းစာရွက်စာတမ်းကိစ္စများ အဆင်ပြေချောမွေ့စွာပြီးသွား၍ နေထိုင်ခွင့်ရပြီဖြစ်ရာ အိမ်ထောင်စုစာအုပ်လည်းရခဲ့သည်။
လင်းဝေ့လည်း ထိုစာရင်းစာအုပ်ကို ဖွင့်ကြည့်ရင်း သူမနှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ မသိလိုက်ပဲ ပြုံးမိသွားသည်။ အောင်မြင်သွားတဲ့အနေနဲ့ ပင်လယ်စာ ညနေစာစားရမယ်။
သိုသော် သူမဘေးရှိ ရှန်းချင်းက လင်းဝေ့ပြုံးနေသောအခါ နားမလည်နိုင်ဖြစ်သွားသည်။ သူ့အလုပ်ကိစ္စပျက်သွားတာ မသိဘူးထင်တယ်။ ဘာမှမဖြစ်သလိုပဲ ဟုတွေးမိကာ မနေနိုင်ပဲ မေးလိုက်သည်။
"ရှင့်အလုပ်အကြောင်း သိပြီးပြီမလား"
ရှန်းချင်းကလည်း သိချင်စိတ်များ၍သာ အားနာပါးနာနှင့် မေးလိုက်သည်။ လင်းဝေ့ စိတ်ကွက်သွားမည်ကိုလည်း စိုးရိမ်မိသေးသည်။
လင်းဝေ့ကတော့ အေးအေးဆေးဆေး ခေါင်းငြိမ့်လိုက်ကာ "သိပြီးပါပြီ "ဟုပြန်ဖြေလိုက်သည်။
တည်ငြိမ်နေသည့် လင်းဝေ့ကို ကြည့်ရင်း ရှန်းချင်းက မယုံနိုင်စွာ ထပ်မေးလိုက်သည်။
"ရှင် စိတ်ထဲမှာ ဘယ်လိုမှ မနေဘူးလား"
လင်းဝေ့ကလည်း စဥ်းစားကာ ပြောလိုက်သည်။
"ကျွန်မလည်း စိတ်ထဲတော့ နေရခက်ပါတယ်။ ဒါပေမယ့် ကျွန်မက အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာပါ။"
လင်းဝေ့က ထိုသို့ပြောနေစဥ် ရှန်းချင်းက သူမကိုငေးကြည့်မိရာ လင်းဝေ့မျက်နှာတွင် ချီတုန်ချတုန် အမူအရာများမတွေ့ရချေ။ ထို့ကြောင့် လင်းဝေ့ကို စိတ်သဘောထားပြည့်ဝသည့်သူဟု မှတ်ယူလိုက်သည်။
"အာ့လို တွေးလိုက်တာကောင်းပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ရှင်ကလည်း ပညာရေးမြင့်တော့ အလုပ်ကောင်းရဖို့ တွေးပူနေစရာမလိုပါဘူး"
အခြေစိုက်စခန်းအတွင်းရှိ အလုပ်များသည် အလုပ်ချိန် တစ်သတ်မှတ်ထဲရှိကာ အလွန်အဆင်ပြေသည်။ ထို့အပြင် လုပ်နေကြသည့် အရာ ရှိအမျိုးသမီးများမှာလည်း ပညာအရည်အချင်း မမြင့်မားကြပါ။ ပညာအရည်အချင်းမြင့်သည့်သူတွေကိုတော့ ဌာနတိုင်းတွင် အလိုရှ်ိကြ၏။
ထို့ကြောင့် ဆေးပေးခန်းရှိအလုပ်ကောင်းကို လော့ရှုကျီက မိသားစုအိမ်ရာအတွင်းနေ အရာရှိအမျိုးသမီးသာ ရရန် မဖြစ်မနေ စီစဥ်နေရခြင်းဖြစ်သည်။ အရာရှိ အမျိုးသမီး အများစုမှာ အလုပ်လိုအပ်ချက်နှင့် မကိုက်ညီ၍ အခြေစိုက်စခန်း အပြင်ရှိ အလုပ်များ လုပ်နေရ၍ ဖြစ်သည်။
လင်းဝေ့က ဒီနေ့ နေထိုင်ခွင့်လည်း ကျပြီဆိုတော့ ဘေးရှိ အလုပ်အကိုင်ရုံးတွင် လျှောင်လွှာတင်ထားလိုက်ရုံပင်။ လစ်လပ်နေရာရှိသောအခါ သူမတွင် ပညာအရည်အချင်းလည်း မြင့်သည့်အတွက် ဦးစားပေးရွေးချယ်မှု ဖြစ်လာနိုင်သည်။
လင်းဝေ့တွင် အလုပ်ကောင်းရလာချိန်တွင်လည်း လော့ရှုကျီအဖို့ အကြောင်းပြချက် ပေးစရာမရှိတော့သည့်အတွက် လုပ်ငန်းစဥ်အတိုင်း လုပ်ရုံသာရှိတော့သည်။
ထိုသို့စဥ်းစားမိရင်း ရှန်းချင်းသည် လင်းဝေ့ကို ပြန်သနားလာမိပြီး တီးတိုးရေရွတ်လိုက်သည်။
"ရှင်ကလည်း အရမ်းဂရုမစိုက်လွန်းတာက်ိုးး။ ကောင်းရှို့လျန်က ဘယ်လိုလူမျိုးလည်း ဆိုတာ မသိတာလဲ မဟုတ်ပဲနဲ့ ဘာလို့ အလုပ်ကောင်းရတဲ့အကြောင်းကိုသူ့ကိုသွားပြောရတာလဲ"
လင်းဝေ့လည်း ကြောင်အသွားပြီး " ကောင်းရှို့လျန်??? သူက ရုံးကို တိုင်လိုက်တာလား" ဟုမေးလိုက်သည်။
ထိုသို့မေးလိုက်သော်လည်း လင်းဝေ့သည် စိတ်ထဲတွင် ထင်ပြီးသားဖြစ်နေသည့်အတွက် အရမ်းကြီး မအံ့သြပေ။ ကောင်းရှို့လျန်သာ ဤကဲ့သို့ လုပ်နိုင်လိမ့်မည်။
"သူ တိုင်တာမှန်း ရှင်မသိလိုက်ဘူးပေါ့" လင်းဝေ့၏ မှန်းဆချက်ကို ကြားသောအခါ ရှန်းချင်းလည်း အံ့သြ သွားသည်။
လင်းဝေ့လည်း ခေါင်းခါလိုက်ပြီး "ကျွန်မ မသိဘူး။ ကျွန်မ သူ့ကိုလည်း အလုပ်အကြောင်းမပြောပြဖူးဘူး" ဟုပြန်ပြောလိုက်သည်။
"ရှင်သူ့ကို မပြောပြဖူးဘူး။ ဒါဆို သူက ရှင် ဆေးပေးခန်း အလုပ်ရတဲ့အကြောင်း ဘယ်လိုသိသွားလဲ" ရှန်းချင်းသာမက စာရွက်စာတမ်းများ အကြီးအကဲဆီ လက်မှတ်ထိုးခိုင်းရာမှပြန်လာသော လျိုတန်းကလည်း မေးလိုက်သည်။
လင်းဝေ့လည်း ခေါင်းခါလိုက်ကာ
" အစ်မ လျိုတန်းနဲ့ ပြောပြီးနောက် ကျုံးရှောက်ကိုပဲ ပြောပြခဲ့တာ။ အာ့အချိန်တုန်းက သူလည်း အပြင်မှာမရှိတာ အစ်မလျိုတန်းလည်း တွေ့တာပဲ" ဟုပြောလိုက်သည်။
လျိုတန်းကလည်း ခဏစဥ်းစားကာ
"ဟုတ်တယ်နော် ကျုံးရှောက်ရယ် ကလေးနှစ်ယောက်ရယ်အပြင် ဘေးမှာ တစ်ခြားလူမှမရှိတာ" ဟုပြောလိုက်သည်။
ရှန်းချင်းကလည်း တွေးလိုက်ကာ "ရှင်တို့ ဘယ်အချိန်က ပြောခဲ့ကြတာလဲ" ဟုမေးလိုက်သည်။
"တစ်မြန်နေ့ ညနေခင်းက ပြောဖြစ်ကြတာ" ဟု လင်းဝေ့က အတိုချုပ်ပြောပြခဲ့ကာ ကောင်းရှို့လျန် ဘယ်တုန်းကကြားလိုက်မှန်း တွေးမရ ဖြစ်နေသည်။
ရှန်းချင်းက နားထောင်ပြီးနောက် တစ်ခုခုကို သတိထားမိပြီး မေးလိုက်သည်။"ဒါဆိုရှင်တို့က ကောင်းရှို့လျန်ရဲ့ခြံဘေးမှာပြောနေကြတာပေါ့"
လျိုတန်းကလည်း ခေါင်းငြိမ့်ကာ "ဒါပေမယ့် ကျွန်မတို့အသံကလည်း အရမ်းမကျယ်ပါဘူး" ဟုပြောလိုက်သည်။
"ရှင်တို့အသံ သိပ်မကျယ်ဘူးဆိုပေမယ့် အိမ် နှစ်အိမ်က နီးတဲ့အကြောင်း ထည့်တွက်ရဦးမယ်လေ။ ရှင်တို့သတိမထားမိဘူးလား။ ကျောက်အိမ်ရဲ့မီးဖိုချောင်က ခြံစည်းရိုးနားမှာပဲလေ။ ကောင်းရှို့လျန်သာ မီးဖိုချောင်ထဲရှိနေရင် ရှင်တို့ခြံထဲပြောသမျှ အကုန်ကြားရမှာပဲ" ဟု ရှန်းချင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
လျိုတန်းကလည်း ကြောင်အသွားကာ "ဒါဆို သူက ခိုးနားထောင်နေခဲ့တာပေါ့" ဟုပြောလိုက်သည်။
"အာ့လိုမှ မဟုတ်ရင် ဘယ်လိုလို့ဖြစ်နိုင်မှာလဲ" ဟု ရှန်းချင်းက ပုခုံးတွန့်လိုက်ပြီး
"ကောင်းရှိူ့လျန်မနေ့က ပြသနာရှာဖို့ လာတုန်းကတော့ ရှင်ပြောတာလို့မပြောပဲ အိမ်နီးချင်းတစ်ယောက်ပြောတာကြားခဲ့တယ်လို့ပဲ ပြောတော့ ဖြစ်နိုင်တာက ခိုးနားထောင်ခဲ့တာပဲ" ဟုပြောလိုက်သည်။
လျိုတန်းကလည်း ဆွံ့အသွားပြီး "နံရံတွေမှာ နားရှိတယ်လို့ပြောတာ အမှန်ပဲကိုးး" ဟုပြောပြီး လင်းဝေ့ကို တောင်းပန်စကားဆိုလိုက်သည်။
"ကျွန်မကြောင့်ပါ။ ရှင့်ကို အလုပ်ကိစ္စ မမေးခဲ့လိုက်သင့်ဘူး…"
"အစ်မလျို အာ့လိုမပြောပါနဲ့။ အိမ်နီးချင်းတွေက ဆွေမျိုးတွေထက် ပိုကောင်းတယ်လို့ ပြောကြတယ်။ကျွန်မတို့ အားလုံးက မိသားစုအိမ်ရာထဲ နေကြတာဆိုတော့ တစ်ခြံနဲ့တစ်ခြံကြား ကြားလမ်းလေးပဲ ခြားကြတာလေ။ဒီကိစ္စမှ မဖြစ်ခဲ့ရင် သူဘယ်လို လူမျိုးမှန်း သိလိုက်ရမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း အဆင်ပြေပါတယ်။ သူ့အကြောင်းလဲသိသွားပြီဆိုတော့ နောက်ပိုင်းကျရင်သူ့ကို ရှောင်ရှားပြီး ဆက်ဆံရမှာပေါ့"
ကောင်းရှိူ့လျန်က သူ့အလုပ်ကို လာလုယူချင်သည့်အကြောင်းသိလိုက်ရ၍ ပြန်မေးလိုက်သည်။
"ဒါနဲ့ ဆေးပေးခန်းအလုပ်က နောက်ဆုံး သူရသွားတာလား"
"သူ မဟုတ်ဘူး။ တန်းရှန့်ယွင်ကို ခန့်လိုက်ကြတာ။ သူ့ကိုသိတယ်မလား။ ရှင့် အနောက်ဘက်က အိမ်ပဲလေ။ သူလည်း ဒီတစ်ခေါက်တော့ အလုပ်ကောင်းရသွားပါပြီ" ဟု လျိုတန်းက အလျင်အမြန် ရှင်းပြလိုက်သည်။
တန်းရှန့်ယွင်၏ နောက်ခံ က မကောင်းမှန်း လင်းဝေ့လည်း မသိ၍ လျိုတန်းပြောသည်ကို နားမလည်ပါ။သို့သော် ထပ်မမေးပဲ ပြုံးကာသာပြောလိုက်သည်။
"ကျွန်မသိပါတယ်။ သူ့သား ရှောင်ရှီးရှီးနဲ့ ကျွန်မသားတို့က အရမ်းခင်ကြတာလေ"
လင်းဝေ့က ပြုံးနေသည်ကိုမြင်တော့ ရှန်းချင်းကမနေနိုင်ပဲ မေးလိုက်သည်။
"ရှင့်အလုပ်ကို ယူသွားလို့ သူ့ကိုစိတ်မတိုဘူးလား"
"စိတ်ဆိုးစရာလားရှင် အစ်မရှန်းရယ် အစ်မ မျက်လုံးထဲမှာ ကျွန်မက အာ့လောက်တောင် သဘောထား မကြီး နိုင်တော့ဘူးလား" ဟု လင်းဝေ့က စနောက်ကာ မေးလိုက်ရင်း ထပ်ပြောလိုက်သည်။
" သေချာ စဥ်းစားကြည့်ရင် ကောင်းရှို့လျန်လိုလူကိုတော့ သဘောထားမကြီးနိုင်ဘူး။ သူကြိုးစားခဲ့ပေမယ့် အလုပ်ကို သူမရသွားတာတော့ ဝမ်းသာပါတယ်။"
ထိုသို့ပြောနေရင်း လင်းဝေ့ မျက်နှာက အတည်ပြောနေသည့်ပုံပေါက်လာကာ "ဒါပေမယ့် တန်းရှန့်ယွင်လို အပြင် လူက မဆိုင်ပဲ ဒီကိစ္စထဲပါလာရတာလေ။ တန်းရှန့်ယွင် မဟုတ်ဘူး ဆိုရင်တောင် တစ်ခြားတစ်ယောက်ယောက်ကို အလုပ်မှာ အစားထိုးဦးမှာပဲ"ဟုပြောလိုက်သည်။
လင်းဝေ့ ပြောနေသည်အထဲ မည်သူက်ိုမျှ ပြစ်တင်မနေပဲ အမှန်များသာ ပြောနေခြင်းဖြစ်သည်။ ကောင်းရှို့လျန် တစ်ယောက် ခံလိုက်ရသည်ကိုတော့ ရှန်းချင်းလည်း ဝမ်းသာမိသည်။ သူမနှင့် ထိုက်တန်သည်ဟု ထင်မိသည်။
"ရှင် ပြောတာကို နားလည်ပါတယ်။ ကောင်းရှို့လျန်လည်း ဒီတစ်ခေါက်တော့ အကြီးအကျယ် ခံလိုက်ရတာပဲ"ဟုပြုံးကာ ပြောလိုက်သည်။