Chapter 41
Vol. 4 Ch. 41
"သူ့မိန်းမ အလုပ်သွားတဲ့အခါ ကလေးကိုကြည့်ပေးမယ့်သူ မရှိလို့ မင်းက ကလေးကို ထိန်းပေးနိုင်မလားလို့အကူအညီလာတောင်းတယ်လေ။ ကလေးအတွက် အစားအသောက် သုံးနပ်စလုံးကိုတော့ သူတို့ပဲ တာဝန်ယူတယ်တဲ့။ မင်းက သူအလုပ်သွားနေတဲ့ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းပဲ ကြည့်ပေးရုံတဲ့။ တစ်လ ငါးယွမ်ပေးမယ်လို့ပြောတယ်"
"ရှင် လုပ်မယ်လို့ပြောခဲ့တာလားး???"
"မပြောခဲ့ပါဘူး။ မနေ့က မင်းအလုပ်က မလုပ်ရတော့ဘူးပြောတယ်။ ဒီနေ့ကျ သူက ကိုယ့် ဆီလာပြီး သူ့မိန်းမ ဆေးပေးခန်းအလုပ်ရတဲ့အကြောင်းပြောတော့ ကိုယ်လည်း တစ်ခုခု မှားနေတယ်လို့ခံစားမိလို့။ ပြန်အကြောင်းပြန်မယ် ပြောခဲ့လိုက်တယ်"
တန်းရှန့်ယွင်က ရုံးကိုသွားတိုင်သည့်သူ မဟုတ်မှန်း ကျုံးရှောက် သိသော်လည်း လင်းဝေ့ဘက်က အမြင်ကို မသိသေး၍ ချက်ချင်းသဘောမတူခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လင်းဝေ့ကို အရင် အကြောင်းအရင်းရှင်းပြ အခြေအနေမေးကြည့်ပြီးမှ လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကျုံးရှောက်ကလည်း "မင်းဒုက္ခ မများချင်ဘူးဆိုလည်း ကိုယ် မနက်ဖြန်ကျရင် သူ့ကို ငြင်းလိုက်မယ်လေ" ဟုပြောလိုက်၏။
လင်းဝေ့ကလည်း ခေါင်းခါလိုက်ကာ" ကျွန်မ ကြည့်ပေးလို့ရပါတယ်။ ကလေးကလည်း လိမ္မာပါတော့ မင်မင်ရွေ့ရွေ့တို့နဲ့လည်း ခင်ခင်မင်မင်ပါပဲ။ ပိုက်ဆံကတော့မလိုပါဘူး။ ရှောင်ရှီးရှီးရဲ့ ထမင်းသုံးနပ်အတွက်လည်း စိတ်ပူဖို့မလိုပါဘူး။ မင်မင်ရွေ့ရွေ့ တို့အတွက် ကစားဖော်ရရင်ကို တော်ပါပြီ" ဟုပြောလိုက်၏။
လင်းဝေ့သည် အလုပ်လုပ်ကြသည့် အရာရှိအမျိုးသမီးများ နေ့ခင်းပိုင်း ကလေးထိန်းပေးဖို့ သူများက်ိုငှားသည်ကို စုံစမ်းခဲ့ဖူးသည်။ တစ်လကို ငါးယွမ် ခြောက်ယွမ် လောက် ရကြကာ ကလေးအတွက် နေ့လည်စာလဲ လုပ်ပေးရ၏။
ကလေး မိဘများက ရိက္ခာလက်မှတ်များပေးရသော်လည်း ကျန်သည့်အစားအသောက်အတွက် တော့ ကိုယ်က ပိုက်ဆံ ထုတ်ရလေသည်။ ထို့ကြောင့် ဤ အလုပ်ကလည်း မလွယ်ပေ။
ကလေးကူထိန်းပေးကြသည့် အရာရှိအမျိုးသမီးများ၏ နေ့စဥ်အလုပ်ကလည်း ချက်ပြုတ်ဖို့သာဖြစ်လေရာ အရမ်းကြီး မခက်ခဲ မပင်ပန်းကြပေ။
သုံးလေးငါးနှစ်ကလေးများကတော့ ပြေးလွှားဆော့ကစားတတ်ကြရာ ကလေး အမေအရင်းပင်လျင် ထိန်းဖို့ မလွယ်ချေ။
ထို့ကြောင့် ကလေးထိန်းကူကြသည့် အရာရှိအမျိုးသမီးများမှာ ကလေးကို အန္တရာယ်ရှိသည့် ကစားနည်းများနှင့် ရေအနီးတွင် မကစားရန် ကြည့်ပေးကာ အိမ်သာသွားသည့်အခါ လိုက်ဂရုစိုက်ပေးရန်သာဖြစ်သည်။
ထို့ကြောင့် မိသားစုအိမ်ရာရှိ အရာရှိအမျိုးသမီးများက ငွေပိုရနိုင်ရန် ကလေး ၇ ယောက် ၈ယောက်ခန့်ထိန်းကြ၏။
လင်းဝေ့လည်း အရင်က သူမကလေးများကို ဤကဲ့သို့လုပ်ခဲ့သည်။ သို့သော် သူမကျွန်းပေါ်ရောက်သည့်အချိန်မှ စ၍ ကလေးများကို သူမသာ ထိန်းကာ မျက်စ်ိအောက်က အပျောက်မခံတော့ချေ။
လင်းဝေ့က ကလေးထိန်းနေရသော်လည်း သူမအလုပ်များ ပျက်စရာမလိုပဲ ခန်းစီးချုပ်လုပ်ခြင်း၊ အပင်စိုက်ခြင်း စသည့်အလုပ်များလည်း လုပ်နိုင်၏။
လင်းဝေ့အတွက် သူမသားများနှင့်အတူ ကလေးထိန်းရသည်က အားသိပ်စိုက်စရာမလို၍ တန်းရှန့်ယွင်ဆီက ပိုက်ဆံမယူလိုခြင်းဖြစ်သည်။
ငွေမယူပဲ ရှောင်ရှီးရှီးကို ကြည့်ပေးသည်က သူမအတွက်ပိုအဆင်ပြေနိုင်ပြီး ငွေယူလိုက်ပါက အလုပ်တာဝန်လို့ဖြစ်သွားမည်ဖြစ်သည်။
အလုပ်တာဝန်ဖြစ်လာသည့်အခါ ရှောင်ရှီးရှီး၏ ပြဿနာများကို သူမက တာဝန်ယူဆုံးဖြတ်ပေးရလိမ့်မည်။ ထို့ကြောင့် သူမကလေးတွေနှင့်အဆင်ပြေနေသ၍ ပိုက်ဆံမယူပဲ ရှောင်ရှီးရှီးကို ကြည့်ပေးမည်ဖြစ်ကာ ကလေးတွေ အချင်းချင်း အဆင်မပြေ ဖြစ်ကြလျင်တော့ မထိန်းတော့ရုံသာဖြစ်သည်။
"ကလေး သုံးယောက်စလုံးကျတော့ မင်းထိန်းနိုင်ပါ့မလား"
" ရပါတယ် ဒါပေမယ့် နောက်ပိုင်း ကျွန်မ အလုပ်များလာရင်တော့ မထိန်းပေးနိုင်တော့ဘူးပေါ့."
ကျုံးရှောက်ကလည်း တွေးလိုက်ကာ "ဟုတ်ပြီ ဒါဆိုလည်း ကိုယ်မနက်ဖြန် ကျိုးကျန်းဟိုင်နဲ့ ပြောလိုက်မယ်" ဟုပြောလိုက်သည်။
…
ကျိုးကျန်းဟိုင်ကို မနက်မှပြောမည်ဟု ကျုံးရှောက်က စဥ်းစားထားသော်လည်း သူတို့ညနေစာစားပြီးသည့်အခါ တန်းရှန့်ယွင်က ကျိုးကျန်းဟိုင်ကို အမွှာနှစ်ယောက်နှင့်ကစားချင်နေသည့် ရှောင်ရှီးရှီးကို အလည်ခေါ်သွားခိုင်း၍ ကျုံးရှောက် အိမ်ရောက်လာခဲ့သည်။
ကလေးသုံးယောက်ဆော့နေစဥ် လင်းဝေ့ ကလည်း ကလေးများနောက် လိုက်သွားသည့်အတွက် ကျိုးကျန်းဟိုင်က ကျုံးရှောက်အိမ်အလည်လာရသည့် အဓိကအကြောင်းပြချက်ကို ပြောတော့သည်။
"ညနေစာစားတော့ ငါ့မိန်းမကို လင်းဝေ့အကြောင်းပြောခဲ့တယ်"
ကျိုးကျန်းဟိုင် စကားစလိုက်သည်နှင့် သူဘာပြောချင်သည်ကို ကျုံးရှောက်သိလိုက်ကာ တစ်ခါတည်းပြောလိုက်၏။
"ကျွန်တော်လည်း အခုလေးတင် ဝေ့ဝေ့နဲ့ ပြောပြီးတာ။ ဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်ကိုလည်း သူသိပါတယ်" ဟုပြောလိုက်ကာ အခြေအနေအားလုံးကို အတိုချုပ်ရှင်းပြလိုက်သည်။
ကျိုးကျန်းဟိုင်နှင့် ကျုံးရှောက်တို့က တပ်ရင်းတစ်ခုတည်းမှဖြစ်ကြသည်။ ကျိုးကျန်းဟိုင်က တပ်ရင်းလေ့ကျင့်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ပြီး ကျုံးရှောက်က ဒုတပ်ရင်းမှုးဖြစ်ကြရာ သူတို့နှစ်ဦးမှာ နေ့တိုင်းတွေ့ကြ၍ နှစ်ဦးကြားရင်းနှီးမှုမှာလည်း သာမန် ရဲဘော်များထက်ပိုသည်။
ဤပြဿနာလေးကြောင့် သူတို့နှစ်ယောက်၏ နှစ်ပေါင်းကြာရှည်စွာ ခင်မင်လာမှု မပျက်စီးချင်၍ အိမ်ပြန်ရောက်သည်နှင့် ဖြစ်ကြောင်းကုန်စင်ကို သူ့မိန်းမကိုမေးတော့သည်။ သူ့မိန်းမကလည်း ဖြစ်ခဲ့သည့် ပြဿနာကိုအမှန်ပင် မသိကြောင်းပြော၍ ကျုံးရှောက်ကို ရှင်းပြရန်လာခဲ့ခြင်းဖြစ်သည်။
အကြောင်းစုံကိုသိလိုက်ရ၍ ကျိုးကျန်းဟိုင်လည်း စိတ်သက်သာရာရသွားသည်။ တစ်ချိန်ထဲမှာပင် မယုံကြည်နိုင်ဖြစ်၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဘာလို့ကောင်းရှို့လျန်က ရုံးကို သွားပြီး ပြဿနာရှာရတာလဲ"
"ကျွန်တော်လည်း မသိဘူး" ကျုံးရှောက်လည်း ခေါင်းခါကာပြောလိုက်သည်။
ကျိုးကျန်းဟိုင်ကလည်း "ဒီကိစ္စကို ကျောက်ဖုန်း သိရဲ့လား" ဟုထပ် မေးလိုက်သည်။
"အာ့တာတော့ မသိဘူး။ ကျွန်တော့လည်း မနေ့ညကမှ သိတာ။ ဒီနေ့လည်း သူနဲ့ မတွေ့မိဘူး"
ထိုသို့ပြောကာ ကျုံးရှောက်က ခေါင်းရမ်းလိုက်ပြီး သဲသောင်ပြင်တွင် ကလေးများနှင့် သဲအိမ်ဆောက်နေသော လင်းဝေ့ကို ငေးကြည့်လိုက်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ကျွန်တော် နောက် ကျောက်ဖုန်းနဲ့တွေ့ရင် ဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြောပြပြီး သူ ဘယ်လိုပြောမလဲ ကြည့်ကြည့်တာပေါ့"
ကျောက်ဖုန်းက ဤက်ိစ္စကို မသိခဲ့ဘူးဆိုရင် တော့သူတို့တစ်တွေ မျက်နှာထောက်ထားစရာ ကိစ္စများကိုငဲ့ရဦးမည်ဖြစ်သည်။ သို့သော် ကျောက်ဖုန်း သိသည်ဆိုပါက နောက်ပိုင်းတွင် ကျုံးရှောက်က ငဲ့ညာ နေမည်မဟုတ်ပါ။
ကျိုးကျန်းဟိုင်လည်း ကျုံးရှောက်ဆိုလိုသည်ကိုနားလည်ကာ ပြောလိုက်သည်။
"ရှင်းရှင်းလင်းလင်း မေးကြည့်ရအောင်လေ…ဒါနဲ့ငါမနက်က ပြောထားတဲ့ ရှောင်ရှိီးရှီးကို ကြည့်ပေးဖို့ကိစ္စ မင်းမိန်းမကို မေးလိုက်သေးလား"
"မေးပြီးပါပြီ ရှောင်ရှီးရှီးကို ကြည့်ပေးပါမယ်တဲ့"
ကျိုးကျန်းဟိုင်ကလည်း တအံတသြမေးလိုက်သည်။
"တစ်ကယ်ကြည့်ပေးမှာတဲ့လား။ ငါနဲ့ မင်း မရီးက ခယ်မလေးမှ ကြည့်ပေးပါ့မလားလို့ စိုးရိမ်နေကြတာ။ ငါက မစိုးရိမ်ပါနဲ့ ကြည့်ပေးမှာ သေချာပါတယ် ဆိုပြီး ပြောနေတာ။ အခုကြည့်စမ်းပါဦး ငါပြောတာ မှန်တယ်မလား ငါခန့်မှန်းတာတော်တယ်မလား "
ကျိုးကျန်းဟိုင်၏ ကြံဖန်ဂုဏ်ယူနေသည့်စကားကိုကြားတော့ ကျုံးရှောက် ပြောစရာစကားမဲ့သွားကာ ဖြတ်ပြောလိုက်သည်။
"ဝေ့ဝေ့ကပြောတယ် ရှောင်ရှီးရှီးရဲ့ ထမင်းသုံးနပ်ကိုတာဝန်ယူစရာမလိုဘူးဆိုရင် မင်မင် ရွေ့ရွေ့တို့နဲ့လည်း ကစားဖော်သူငယ်ချင်းဖြစ်တော့ လစာပေးစရာမလိုပါဘူးတဲ့။ ဒါပေမယ့် ကြိုတော့ပြောထားပါရစေ။ ရှောင်ရှီးရှီးက ပစားပေးခံရမှာတော့ မဟုတ်ဘူးနော်။ ကလေးသုံးယောက် ရန်ဖြစ်တဲ့အခါကျရင်လည်း လင်းဝေ့က ရှောင်ရှီးရှီးဘက်ကို လိုက်ပေးမှာမဟုတ်ဘူး"
"နားလည်ပါတယ်ကွာ"ကျိုးကျန်းဟိုင်လည်း သူ့ကလေး ဦးစားပေးခံရဖို့ မတွေးခဲ့ပါဘူး။
"ခယ်မ လင်းဝေ့ကို ထိန်းခိုင်းတာ အခကြေးငွေမယူဘူး ဆိုတော့အဆင်ပြေပါ့မလား"
" ငွေယူရင်ကျတော့ တာဝန်ကြီး တစ်ရပ်လိုဖြစ်နေမှာစိုးလို့ပါ။ ကလေးကိုလည်း အကြာကြီး ကြည့်ပေးနိုင်မှာ မဟုတ်လို့လေ။ တစ်ကယ်လို့ သင့်တော်တဲ့ အလုပ်ရရင်လည်း ကူထိန်းပေးနိုင်မှာ မဟုတ်တော့လို့ပါ" ဟု ကျုံးရှောက်ကလည်း နောက်ပိုင်း ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်ကြို ပြောထားခဲ့သည်။
ကျိုးကျန်းဟိုင်နဲ့ တန်းရှန့်ယွင်ကလည်း လင်းဝေ့ ဘယ်အချိန်ထိ ကူညီပေးနိုင်မည်မှန်းမသိပါ။ သို့သော် တစ်ခြားယုံကြည်ရမည့်လူလည်း မတွေ့သေး၍ လင်းဝေ့ကိုသာ အကူအညီတောင်းရခြင်းဖြစ်သည်။
ထို့ကြောင့် ကျုံးရှောက်ဆီက အဖြေကြားရပြီးနောက် ကျိိုးကျန်းဟိုင်က ပြုံးကာပြောခဲ့သည်။
"နားလည်ပါတယ် ရှန်းယွင်နဲ့ငါလည်း ကြားထဲမှာ ကလေးထိန်းဖို့ ယုံကြည်ရမယ့်သူကို ရှာထားလိုက်ပါ့မယ်။ ဒါမှ ခယ်မလေး အလုပ်ဝင်တဲ့အခါလည်း ငါတို့ကလေးတွေကို အတူထားလို့ရတာပေါ့"
"ငါပြောပါတယ်။ ခယ်မလေး လင်းဝေ့က ကြင်နာတတ်ပါတယ်လို့"
ကျုံးရှောက်ကလည်း ရယ်လိုက်ပြီး "ကျွန်တော်တို့ချင်းလည်း ဆက်ဆံရေးကောင်းပါတယ်" ဟုပြောလိုက်သည်။
ကျိုးကျန်းဟိုင် - ???
...........
ယန်ရှန်းမြို့က သိပ်မကြီးပဲ လမ်းဆုံတစ်ခုသာရှိသည်။ ပိုကျယ်သည့်လမ်းက ကျယ်ဖန်းလမ်းဖြစ်ပြီးလမ်တစ်ဖက်တစ်ချက်စီတွင် အနိမ့်အမြင့် မတူသည့်အိမ်များရှိရာ နှစ်ထပ်သုံးထပ်အိမ်များ အပြင် လေးထပ်အိမ် အနည်းငယ်လည်း ရှိသည်။
ရိက္ခာထောက်ပံ့ရေးနှင့် သမဝါယမရုံးက သုံးထပ်အဆောက်အအုံဖြစ်ပြီး အတော်လေးကြီးသည်။ အပေါ်ဆုံးထပ်ကို ပစ္စည်းသိုလှောင်ခန်းနှင့် ရုံးခန်းများအဖြစ်သုံးထား၍ နှစ်ထပ်သာ နေရာကျန်တော့၏။
ကျန်နှစ်ထပ်သည်လည်း မိသားစုအိမ်ရာဝန်းက အိမ်ထက် နေရာကျယ်ရာ ဘီဒို ကုတင် စသည့်ပစ္စည်းမျိုးစုံရောင်းချထားသည်။
စက်ဘီး အပ်ချုပ်စက်နှင့်ပန်ကာ စသည့်ပစ္စည်းများကို အောက်ထပ်တွင် ဝယ်ယူနိုင်သော်လည်း ပစ္စည်းပြတ်လပ်နေတတ်သည်။ ထို့ကြောင့် ထိုပစ္စည်းများဝယ်လိုလျင် အရင်စာရင်းသွင်းထားရပေမည်။
ကံကောင်းလျင် နှစ်လ သုံးလဖြင့် ရနိုင်ကာ ကံဆိုးလျင်တော့တစ်နှစ် သို့မဟုတ် နှစ်ဝက်ခန့်စောင့်ရတတ်သည်။ ဝယ်လိုလျင် ခရိုင်ရုံးကိုသာ လာဝယ်ရသည်။
ယနေ့သည် ပိတ်ရက် ဖြစ်၍ ရိက္ခာထောက်ပံ့ရေး သမဝါယမရုံးတွင် လူများနေ၏။ သို့သော် လူများ စီတန်းနေကြသည့်အတွက် ကောင်တာတွင်တော့ လူကြိတ်ကြိတ်တိုးမနေပါ။
လင်းဝေ့တို့ ဝင်လာသောအခါ အဖြူရောင်ရေတပ်ယူနီဖောင်းနှင့် လူငယ်များ စီတန်းနေကြသည်ကို သတိထားမိလိုက်သည်။ သူတို့ကစိီတန်းနေသည်သာမဟုတ် ကြားဖြတ်ဝင်သည့်လူများကိုပါ သတိလိုက်ပေးနေ၏။