← Chapters

Chapter 46

Vol. 4 Ch. 46

Chapter 46

Vol. 4 Ch. 46

တန်းရှန့်ယွင်ကလည်း လင်းဝေ့က ငွေကိုငြင်းလျင် မငြင်းနိုင်မည့် ပိုက်ဆံမဟုတ်သည့် အရာတစ်ခုခုပေးရန် စဥ်းစားလိုက်သည်။

သူမတွေးထားသည်ကို ကျိုးကျန်းဟိုင်ကို ပြောပြလိုက်သည်။

ကျိုးကျန်းဟိုင် ဖြစ်နိုင်လောက်မည်ဟု စဥ်းစားမိလိုက်သည်။ သို့သော် ပြဿနာက ဘာပေးကြမလဲဟူသည့်ကိစ္စဖြစ်နေပြန်သည်။ သူတို့ဘာပေးရင် တစ်ဖက်က လက်ခံလောက်မလဲ။

တန်းရှန့်ယွင်လည်း အကြာကြီးစဥ်းစားကာပြောလိုက်သည်။" ကျွန်မ သူ့အတွက် ဦးထုပ်လေး လုပ်ပေးလိုက်ရင်ကော"

ကျွန်းပေါ်ရှိနေရောင်က ပြင်းလေရာ အရာရှိအမျိုးသမီးများအပြင် ထွက်ကြသည့်အခါ ဦးထုပ်ဆောင်း လေ့ရှိသည်။ လင်းဝေ့ အပြင် ထွက် တိုင်းဦးထုပ်ဆောင်းသည်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် လုပ်ပေး ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ဦးထုပ်က တစ်ခါသုံးမဟုတ်ပဲ အမြဲ အသုံးဝင်သည့်ပစ္စည်းဖြစ်သည်။

သူမကိုယ်တိုင် လုပ်ပေးမည်ဖြစ်၍ စိတ်စေတနာများလည်း ပါဝင်ပြီးဖြစ်၍ လင်းဝေ့ကလည်း သက်တောင့်သက်သာ လက်ခံပေးနိုင်မည်ဖြစ်သည်။

ကျိုးကျန်းဟိုင်ကလည်း အဆင်ပြေမည်ဟု စဥ်းစားလိုက်ပြီးပြောလိုက်သည်။

"ဒါဆိုလည်း အာ့လိုပဲ လုပ်လိုက်လေ"

…

လင်းဝေ့လည်း ကျုံးရှောက်ကို ကလေးများ၏ အတန်းချိန်အကြောင်း ပြောပြလိုက်သည်။ ကိစ္စအားလုံးက အဆင်ပြေချောမွတ်နေ၏။

ကလေးများ၏ ပထမဆုံးအချိန်ဖြစ်ရာ ခက်ခဲသည်များကို မသင်ပေးပါ။ တစ်ရုတ်စာလုံး သုံးလုံး နှင့် ဂဏန်းအက္ခရာ ၁ ကနေ ၅ အထိ သင်ပေးခဲ့သည်။

သင်ပေးသည့်အရာ များကလည်း မခက်ခဲ၍ ကလေးများက အလွယ်တကူသင်ယူနိုင်၏။ အထူးသဖြင့် ရွေ့ရွေ့သည် လင်းဝေ့ တစ်ခေါက်ပြောလိုက်သည်နှင့်မှတ်မိလေသည်။ သို့သော် လက်ချောင်းလေးများက မသန်မာသေးသောကြောင့် စာလုံးရေးရာတွင်တော့ မလှမပသေးပါ။

သို့သော် တစ်ဖြည်း ဖြည်း လေ့ကျင့်လိုက်လျင် အဆင်ပြေသွားမည် ဖြစ်သည်။

ရှောင်ရှီးရှီးကတော့ ရွေ့ရွေ့လောက် အမြန်မမှတ်နိုင်ပေမယ့် ကြိုးစားကာ မှတ်ရှာသည်။ စာသင်ချိန်နှစ်ချိန်စလုံးတွင် ကြိုးစားရှာလေသည်။

သင်ယူမှု အနှေးဆုံးလူကတော့ မင်မင်ဖြစ်သည်။ လင်းဝေ့၏ ကြပ်မတ်မှုကြောင့် စာသင်ရာတွင် လည်း မထိုင်ချင်ပဲ ထိုင်နေရကာ စိတ်ဝင်စားမှုလည်း မရှိချေ။ လင်းဝေ့က သူ့ကို အကြည့်လွတ်သွားသည်နှင့် စာ မလုပ်တော့ချေ။

စာသင်ချိန် နှစ်ခုပြီးချိန်တွင် လင်းဝေ့သည် ကလေးများကို သင်ပြီးသမျှကို တစ်ယောက်ချင်း ပြန်ဖတ်ခိုင်းလေသည်။ ဂဏန်းအက္ခရာများကိုတော့ အမြဲတမ်းမြင်နေရ၍ မှတ်မိကြသည်။

ရှီးချန်တွင် ရှိစဥ်အခါက သမဝါယမရုံးမှ သရေစာမုန့်များဝယ်ရာတွင် တစ်မှတ် နှစ်မှတ် စသည်ဖြင့် အမှတ်ဖြင့်ဝယ်ရ၍ ရင်းနှီးနေကြကာ အထစ်အငေါ့မရှိ ဖတ်နိုင်ကြသည်။

သို့သော် တရုတ်စကားလုံး သရ များကို ဖတ်သည့်အခါတွင်တော့ ခက်ခဲနေကြသည်။ မင်မင်သည် သရ အသံထွက်များရောထွေးကာအသံထွက်လေ့ရှိသည်။

လင်းဝေ့က ပြန်ပြောပြ သောအခါ ပြန်မှတ်မိသွားပြီး ဆင်ခြေလည်းပေးခဲ့သည်။ "သားက ဒီ စကားလုံးကို ဖတ်တတ်တယ်။ ဒါပေမယ့် အခုလေးတင် မေ့မေ့သွားတာ"

ထိုကဲ့သို့ စိတ်ရှုပ်စရာ ရယ်ချင်စရာကောင်လေးမှာ မင်မင်သာဖြစ်သည်။

လင်းဝေ့လည်း သူ့ကိုမနိုင်တော့ပဲ ရယ်မောကာပြောလိုက်သည်။ "မင်းက ဘယ်သူနဲ့ အကျင့်စရိုက် တူတာလဲတောင် မသိတော့ဘူးး!"

လင်းဝေ့ ငယ်စဥ်အခါက လိမ္မာကြောင်းကို လူကြီးများက ပြောကြသည်။ ရွယ်တူများကြားတွင် သူမက စကားနားထောင် ပြီး အလိုက်သိတတ်သည်။ ကျုံးရှောက်ကတော့ ရုပ်တည်တည်ဖြင့်နေတတ်ကာ မိသားစုရှေ့တွင်သာ နွေးထွေးမှုပြတတ်သည်။

မင်မင်ထက် ဆယ်မိနစ်ခန့် နောက်ကျကာ မွေးလာသည့်ရွေ့ရွေ့ကတော့ စကားနည်းကာ တိတ်တိတ်ဆိတ်ဆိတ်နေတတ်၏။ ရွယ်တူကလေးတွေထက် ပိုရင့်ကျက်ပြီး အသေးစိတ်ကိစ္စများကိုပင် သတိပြုမိတတ်သူဖြစ်သည်။

သူမတို့ ကျွန်းပေါ်ကိုလာသည့်ခရီးစဥ်တွင်လည်း သူမနေထိုင်မကောင်းဖြစ်ကာ အစား အသောက်ပျက်နေသည်ကိုလည်း ရွေ့ရွေ့က သတိထားမိခဲ့သည်။

ထို့ကြောင့်ရွေ့ရွေ့တွင် ကျုံးရှောက်နှင့် လင်းဝေ့တို့၏ အကျင့်စရိုက်များပါသည်ဟု ပြော၍ ရသည်။

မင်မင်ကတော့ မတူခြားနားစွာ အမြဲတမ်း ဂရုမစိုက်ပဲ ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး တောက်ပနေသူဖြစ်သည်။ ပြေးလွှား ကခုန်နေရသည်ကို ပိုသဘောကျသည်။

ယခုအချိန်တွင်တော့ ငယ်ရွယ်သေး၍ သူ၏ တက်ကြွဖျတ်လတ် ဆော့ကစားနေသော အမူအရာများမှာ ချစ်စရာကောင်းနေ၏။ သို့သော် ကြီးလာလျင်တော့ အဆင်မပြေနိုင်ပါ။ ထို့ကြောင့် မင်မင် ဘယ်အချိန်ရင့်ကျက်လာမလဲဟုတွေးကာ သူ့ရှေ့ရေးကို လင်းဝေ့စိုးရိမ်နေ မိသည်။

သို့သော် ထိုသို့စိုးရိမ်မှုများက အတိတ်တွင် လင်းဝေ့စိုးရိမ်ခဲ့သည်များသာဖြစ်သည်။

ဝတ္ထုစာအုပ်တွင် ရေးထားသည်က မင်မင်သည် ကြီးလာသောအခါ အတော်လေး အေးဆေး တည်ငြိမ်လာသည်။ထို့ကြောင့် အမျိုးသားဇာတ်လိုက်ပင်လျင် မင်မင်က ကျုံးရှောက်နှင့် အလွန်တူသည်။ သူကြီးလာသည့်အခါတွင်လည်း ကိစ္စကြီးများဆောင်ရွက်လိမ့်မည် ဟုပြောခဲ့ဖူးသည်။

ဝတ္ထုပါ မင်မင်၏ အကြောင်းအရာများကို ကြိုသိလိုက်သော်လည်း လင်းဝေ့သည် အနည်းငယ် စိုးရိမ်နေသေး၏။ ဇနီးတစ်ယောက်အနေနှင့် သူသားသည် ရင့်ကျက်တည်ငြိမ်သော မိသားစုကိုဂရုစိုက်သော ကျုံးရှောက်နှင့် တူသည်ဟုပြောသောအခါ ကျေနပ်မိသော်လည်း အမေတစ်ယောက်အနေဖြင့် မင်မင့်ကို လက်ရှိ ပျော်ရွှင်နေသလို အမြဲပျော်ရွှင် နေစေချင်သည်။

သို့သော် သူမ တစ်ခုစိုးရိမ်နေသည်က ရှိသေးသည်။

ကျုံးရှောက်ကတော့ သူ့သား မင်မင်သည် လင်းဝေ့၏ အစ်ကိုလတ်နှင့် အကျင့်စရိုက်တူသည် ဟုပြောလေသည်။

လင်းဝေ့လည်း ကျုံးရှောက်ပြောသည်မှာ မှန်သည်ဟုတွေးမိသည်။ သူမ အစ်ကိုလတ်တွင်လည်း သူများနှင့် မတူ တမူထူးခြားသည့်စရိုက်ရှိသည်။ သူမအစ်ကိုလတ်က ဉာဏ်ကောင်းသော်လည်း စာကိုသေချာသင်ယူခြင်းမရှိပါ။

တစ်ပတ်မှာ သုံးရက်လောက် ငါးမျှားနေပြိီး နှစ်ရက်လောက်က ငါးဖမ်းပိုက်ကွန်ကိုအခြောက်ခံနေတတ်သည်။

သို့သော် သူစာမေးပွဲဖြေတိုင်း အဆင့် ၁၀ အတွင်းဝင်လေသည်။ သူသာ စာကိုကောင်းကောင်းလေ့လာလျင် အထက်တန်းအောင် လက်မှတ်မပြောလေနှင့် တက္ကသိုလ်ကိုပင် အသာလေး ဝင်နိုင်လောက်သည်။

ပျော်ရွှင်စနောက်ကာ နေတတ်သူဖြစ်လေရာ အထက်တန်းဝင် စာမေးပွဲမဖြေခင် သူ့အတန်းဖော်များနှင့်အတန်းလစ်ကာ မြစ်တွင် ရေသွားကူးခဲ့ကြသည်။ ထိုစဥ် ကျောင်းစည်းကမ်းထိန်းသိမ်းရေးကလည်း ကျောင်းလစ်သူများကို လိုက်ဖမ်းလေရာ ဖမ်းမိသွားတော့၏။

အဖမ်းခံလိုက်ရသည့် တစ်ခြားကျောင်းသားများမှာ ပြန်တောင်းပန်လိုက်ကြပြီး ထုချေလွှာရေးလိုက်ကြသည်။လင်းဝေ့ အစ်ကိုလတ်ကတော့ သူ့အပြစ်ကို ဝန်မခံပဲ နေလေရာ လင်းဝေ့အဖေက လာရောက်တောင်းပန်လိုက်၍ ကျောင်းမှ အထုတ်မခံလိုက်ရသော်လည်း သူကတော့ကျောင်းမသွားတော့ပါ။

လင်းဝေ့အဖေလည်း မတတ်နိုင်တော့ပဲ အစ်ကိုလတ်ကို အိမ်မှာသာ အကြာကြီး အနားယူစေလိုက်သည်။ထို့နောက် လင်းဝေ့အဖေက အလယ်တန်းအောင်လက်မှတ်ရရန် အတင်းအကျပ် တိုက်တွန်းကာ အလယ်တန်း ပြန်တက်ခိုင်းခဲ့သည်။

လင်းဝေ့အစ်ကိုလတ် အလယ်တန်းအောင်လက်မှတ်ရပြီးနောက် အိမ်မှာပဲ လယ်ယာ ၂ နှစ် လုပ်ခဲ့သည်။ သူ့စိတ်သဘောထားနှင့် ဖြတ်ထိုးဉာဏ် ကောင်းမှုကြောင့် လယ်လုပ်ရာတွင် လည်း အကြံဉာဏ်ကောင်းများပေးနိုင်ခဲ့ရာ သူ့အဖေကလည်း သဘောကျလာခဲ့ကာ ဉာဏ်ကောင်းသည်ဟု အသိအမှတ်ပြုလာသည်။

ထို့နောက် ဉာဏ်ကောင်းသည့် သူ့သားကို နယ်မြို့မှာပဲနေခိုင်းသည်က မဖြစ်သင့်ဟုတွေးကာ ပြည်နယ်စက်ရုံတစ်ခုတွင် အလုပ်ရှာပေးလိုက်သည်။

အစပိုင်းတွင် လင်းဝေ့ အမေက သူ့သား စည်းကမ်းမလိုက်နာ၍ စက်ရုံမှ အလုပ်ထုတ်ခံရမည်ကို စိုးရိမ်နေ၏။သို့သော် လင်းဝေ့အစ်ကိုလတ်သည် စက်ရုံတွင် အလုပ်ကြိုးစား၍ အလုပ်သမားအဆင့်မှ စက်ရုံ ကော်မတီအဖွဲ့ ရုံးစာရေးအဖြစ်သို့ နှစ်နှစ်အတွင်း ရာထူးတိုးသွားခဲ့သည်။

ထို့ကြောင့် လွန်ခဲ့သည့်နှစ်များအတွင်း လူအများက လင်းဝေ့၏ အစ်ကိုလတ်အကြောင်း ပြောရာတွင် ရင့်ကျက်လာခဲ့ပြီ ဟု မှတ်ချက်ပြုကြ၏။

သို့သော် လင်းဝေ့ကတော့ ထိုသို့မထင်ပါ။ သူမမျက်လုံးထဲတွင် သူ့အစ်ကိုလတ်က အမြဲတမ်းမိသားစုကို အစိုးရိမ်ပိုစေခဲ့ကာ သိပ်မပြောင်းလဲဟုထင်မိသည်။

ထိုသို့နှိုင်းယှဥ်မိပြီး လင်းဝေ့သည် မင်မင်ကို ကျုံးရှောက်နှင့်သာ တူစေချင်မိသည်။

လင်းဝေ့သည် ကျုံးရှောက်အား ကလေးများကို စာသင်ပေးသည့် အခြေအနေကို ပြောပြပြီးနောက် သင်ထောက်ကူပစ္စည်း အခက်အခဲကိုလည်း ပြောပြလိုက်သည်။ကျောက်သင်ပုန်းက မရှိလျင်လည်း အဆင်ပြေသော်လည်း ကလေးများအဖို့ စာရေးစားပွဲ ထိုင်ခုံကတော့ လိုအပ်ကြောင်း ပြောပြလိုက်သည်။

ကလေးများအတွက် အဆင်ပြေသည့် စာရေးစာပွဲ ထိုင်ခုံ မရှိသည့်အတွက် ဧည့်ခန်းထဲရှိ ကော်ဖီစားပွဲပေါ်တွင်သာ စာသင်နေရသည်။

စာရှင်းပြသည်ကို နားထောင်ရာတွင် ပြဿနာမရှိသော်လည်း စားပွဲကမြင့်လွန်း၍ စာရေးရာတွင်တော့အဆင်မပြေပါ။ ကလေးများသည် ဒူးထောက်ရင်း စားပွဲပေါ် မေးထောက်ကာ စာရေးနေရ၏။

ထို့ကြောင့် လင်းဝေ့သည် ကလေးများကို စာအများကြီး မရေးခိုင်းပဲ စာရေးနည်း ခဲတံကိုင်နည်းကိုသာ သင်ပေးခဲ့သည်။

ကလေးများ စာမရေးကြလျင်ပင် သင့်တော်သည့်စာရေးစားပွဲခုံကတော့ လိုအပ်သည်။ စားပွဲထိုင်ခုံ အသစ်လုပ်ပေးရန်တော့ မစဥ်းစားခဲ့ပါ။ ကလေးများကြီးလာသည့်အခါ ထိုစားပွဲထိုင်ခုံများကို သုံးမရတော့၍ အလကားဖြစ်သွားလိမ့်မည်။

ထို့ကြောင့် လင်းဝေ့သည် အိမ်တွင် ရှိပြီးသား ထိုင်ခုံများကို စားပွဲအဖြစ် အသုံးပြုပြီး ကလေးများထိုင်ရန် ဖင်ထိုင်ခုံအသေးလေးကိုတော့ ကျုံးရှောက်ကို လုပ်ခိုင်းရန် စဥ်းစားလိုက်သည်။ ကလေးများထိုင်ရန် ထိုင်ခုံကို သိပ်မြင့်ဖို့မလိုဘဲ သူတို့စာရေးလျင် ခါးမတ်မတ်ထားကာ ရေးနိုင်လျင် အဆင်ပြေပြီဟု ကျုံးရှောက်ကို ပြောပြလိုက်သည်။

ကျုံးရှောက်ကလည်း လင်းဝေ့ပြောသည်ကို နားထောင်ပြီး "ဟုတ်ပြီ သစ်သားကလည်း ရှိနေပြီးသားဆိုတော့ မနက်ဖြန်ကိုယ် ထိုင်ခုံ အတူ လုပ်ဖို့ လက်သမားတစ်ယောက် ခေါ် လိုက်မယ်" ဟုပြောလိုက်သည်။

အစကတော့ ကျုံးရှောက်က အိမ်နောက်မှာရှိသည့် သစ်သားများကို စားပွဲအချို့နှင့် ကြောင်အိမ်ကိုယ်တိုင်လုပ်ရန် စဥ်းစားနေသည်ဖြစ်သည်။

ရှီးချန်က ပြန်လာပြီးကတည်းက တစ်ပတ်လျင် တစ်ရက် အားလပ်ရက် ယူနေကြဖြစ်သည်။ နောက်နှစ်ရက်အကြာတွင် ကျုံးရှောက်သည် တာဝန်ထမ်းဆောင်ရန်ပင်လယ်ထဲဆယ်ရက်ခန့် ထွက်ရမည်ဖြစ်ပြီး ထို့ကြောင့် လက်သမားငှားလိုက်ခြင်းဖြစ်သည်။

သူကိုယ်တိုင် လုပ်ပေးချင်သော်လည်း လွှများ ရွေ

ပေါ်စက်များကို လိုက်ငှားရမည်ဖြစ်ကာ အဆင်မပြေနိုင်ပေ။

ဒုတိယအချက်အနေနှင့် သူ့လက်ရာသည် လက်သမား များလောက် မသပ်ရပ်ပေ။ ထို့အပြင် သူငှားလိုက်သည့်လက်သမားမှာလည်း အများကြီးမပေးရဘဲ လက်ခလောက်သာ ပေးရသည်ဖြစ်သည်။ ထို့ကြောင့်လဲ မိသားစုငွေကိုင်ဖြစ်သည့် လင်းဝေ့က ပျော်ပျော်ရွှင်ရွှင် သဘောတူခဲ့ခြင်းဖြစ်သည်။

အိပ်ရာပေါ်လဲရင်း ကျုံးရှောက်အား ကလေးများကိုစာသင်ပေးသည့်အကြောင်း ပြောပြနေစဥ် ကျုံးရှောက်၏ လက်များက မူမမှန်လာတော့ချေ။

ကျုံးရှောက်က အပျော်အပါး လိုက်စားခြင်းမရှိပါ။ ဤဖော်ပြချက်က မူရင်းဝတ္ထု၌ အမျိုးသားဇာတ်လိုက်၏ ဂုဏ်ပုဒ်များထဲမှ တစ်ခုလည်းဖြစ်သည်။ အမျိုးသားဇာတ်လိုက် မည်ကဲ့သို့ပုံစံရှိမှန်း လင်းဝေ့မသိသော်လည်း သူမအမြင်တွင် ကျုံးရှောက်ကတော့ အပျော်အပါး လိုက်စားမှုမရှိ ဆိုသည့်စကားလုံးနှင့်ကိုက်ညီ၏။

ထိုစကားလုံးသည် လင်းဝေ့အရင်က သိခဲ့သည့်ကျုံးရှောက် ဆိုသည့်လူနှင့် ပိုကိုက်ညီသည်။

All Chapters