Chapter 51
Vol. 4 Ch. 51
မင်မင်ကတော့ သည်နေ့ခရီးစဥ်အတွက် တက်ကြွနေလေရာ ရေချိုးခန်းကနေ မီးဖိုချောင်အထိ လင်းဝေ့နောက် တစ်ကောက်ကောက် လိုက်ကာ
"မေမေ ပင်လယ်ခရုကောက်တာ ပျော်စရာကောင်းလား ဂဏန်းကော ဖမ်းလို့ရလား" ဟု မေးနေရာ "သားရောက်ရင်သိလိမ့်မယ်" ဟု လင်းဝေ့ကလည်း ပြန်ဖြေလိုက်သည်။
မနက်စာကို ရိုးရိုးရှင်းရှင်း ဆန်ပြုတ်နှင့် မုန်ညှင်းချဥ် ရယ် ကန်စွန်းဥ တစ်ယောက် တစ်လုံးစီ စားလိုက်ကြ၏။
သူမတို့ အစောကြီးထကာ မနက်စာ စားကြသည်ဟုထင်သော်လည်း ၆နာရီခွဲ မနက်စာ စားနေချိန်တွင် လျိုတန်းက သူမတို့အိမ်ရောက်လာ၏။
သူမက အဖာအထေးများပါသော ရှပ်အင်္ကျီနှင့်ဘောင်းဘီရှည်ဝတ်ထားကာ ရာဘာဖိနပ်လည်း စီးထားပြီး လက်အိတ်လည်းဝတ်ထား၏။ လက်မောင်းတွင်လည်း သံပုံးတစ်ခုချိတ်ဆွဲလာသော လျိုတန်းသည် ခရုကောက်သွားရန် အဆင်သင့်ဖြစ်နေ၏။
လျိုတန်းကိုတွေ့တော့ လင်းဝေ့လည်း ခုံတစ်ခုအမြန်ယူကာ ပေးလိုက်ပြီး မေးလိုက်သည်။
"မနက်စာစားပြီးပြီလား စားပါဦး"
"ကျွန်မလည်း ဆန်ပြုတ်သောက်ပြီးမှ လာတာပါရှင်" ဟု လျိုတန်းက လက်ကာပြကာ ပြန်ဖြေလိုက်ပြီး ကလေးများကိုပြုံးကာမေးလိုက်သည်။
"သားတို့ ဒီနေ့ ခရုကောက်သွားမှာပျော်ရဲ့လား"
မင်မင်ကလည်း ကျယ်လောင်စွာပြောလိုက်သည်။
" ပျော်ပါတယ် အန်တီလျို!! သားတို့ ဒီနေ့ ဂဏန်းကြီးကြီးတွေကော ကောက်မှာလား"
"သားက ဂဏန်းကြီးကြီးတွေ ဖမ်းချင်လို့လား" ဟု လျိုတန်းက ပြုံးကာမေးလိုက်သည်။
မင်မင်ကလည်း အားမာန်အပြည့်နှင့်ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
"သားဖမ်းချင်တယ်!!"
"ဖမ်းရမှာပေါ့" လျိုတန်းကလည်း သေချာစွာပြောလိုက်သည်။
"ဒါဆိုရင်ဒီနေ့ ဂဏန်းကြီးတွေ ဖမ်းကြတာပေါ့"
မင်မင်က ယေးးး ဟု ပျော်ရွှင်စွာမအော်ဟစ်ခင် လင်းဝေ့က ပြောလိုက်သည်။
"အစ်မလျို ကလေးတွေအတွက် မပူပါနဲ့ ဟိုရောက်ရင် ကျွန်မ ကလေးတွေကို ကြည့်လိုက်ပါ့မယ် အစ်မ အလုပ် အပျက်မခံပါနဲ့"
"ရပါတယ်ရှင် ကျွန်မလည်း တစ်ခါတစ်လေ ဂဏန်းဖမ်းနေကြပါ"ဟု လျိုတန်းက ပြုံးကာပြောလိုက်၏။
သူ့အန်တီ လျိုတန်း၏ ပြောသံကိုကြားတော့ မင်မင်က ပိုမြောက်ကြွလာပြီး သူ့အမေကို မျက်လုံးမှိတ်ပြလိုက်ရာ လင်းဝေ့ကလည်း စိတ်တိုသွားပြီး "မြန်မြန်စားး မေမေတို့ သွားတော့မှာ" ဟုပြောလိုက်သည်။
"ရပါတယ်မေမေ "ဟု မင်မင်က ချက်ချင်း သဘောတူလိုက်ပြီး ဆန်းပြုတ်ကို အမြန်စားတော့၏။
…
မနက်စာ စားပြီးနောက် လင်းဝေ့က ပန်းကန်မဆေးတော့ပဲ မီးဖိုချောင်ထဲ ထားခဲ့ကာ ရာဘာဖိနပ်ဝတ် ဦးထုပ်ဆောင်း ကာ သံပုံး တစ်ခုဆွဲပြီး ထွက်လာလိုက်သည်။
ဦးထုပ်ကတော့ တန်းရှန့်ယွင် ပေးထားသည့်ဦးထုပ်ဖြစ်သည်။ ဦးထုပ်ပုံစံက ကျေးလက်မှာ ခတ်စားသည့် ကောက်ရိုး ဦးထုပ်ပုံဖြစ်သည်။ သို့သော် ပြုလုပ်သည့်ပစ္စည်းက ချည်အဝတ်နှင့်ဖြစ်ပြီး ဝိုင်ယာကြိုးထည့်ရက်ထားရာ အလွယ် တကူပုံမပျက်နိုင်ပေ။
အလွန်ဆန်းသစ်ကာ စျေးကြီးမှန်း တစ်ခါကြည့်လိုက်ရုံနှင့်သိသာသည်။
ပထမတော့ လင်းဝေ့က ငြင်းခဲ့သော်လည်း တန်းရှန့်ယွင်က ဤဦးထုပ်ကို သူမကိုယ်တိုင် လုပ်ထားကာ ပိုက်ဆံဖြင့်ဝယ်ထားခြင်း မဟုတ်သည့်အကြောင်း ရှောင်ရှီးရှီးကို ကြည့်ရှုပေး၍ ကျေးဇူးတင်ခြင်းလက်ဆောင်ဖြစ်ကြောင်း ပြောပြသည်။
ဦးထုပ်က အလွန်ကြည့်ကောင်းပြီး နေရောင်က်ိုလည်း ကာနိုင်၏။
လင်းဝေ့ကလည်း မနက်ခင်းစျေးသွားသည်ကလွဲ၍ အပြင်သိပ်မထွက်ဖြစ်ပါ။ ညနေပိုင်းဆိုလည်း နေမပြင်း၍ တစ်ခါတစ်လေမှ ကမ်းခြေတွင် လမ်းလျှောက်လေ့ရှိရာ ဦးထုပ်မလိုအပ်ပေ။
ယနေ့ တော့ လင်းဝေ့တို့ စောစောထွက်လာသော်လည်း ဘယ်အချိန်ပြန်ရောက်မလဲ မသေချာတာကြောင့် ဦးထုပ်ဆောင်းသွားရ၏။
"ဒီဦးထုပ်လေးက ကောင်းတယ်နော် အရိပ်ရတယ်!"
လျိုတန်းက ဦးထုပ်ကိုချီးကျူးခန်းဖွင့်ပြီးသည်နှင့် တစ်ခါတည်းမေးလိုက်သည်က
"ဒီဦးထုပ်ဘယ်က ဝယ်လာတာလဲ" ဟုမေးလိုက်၏။
လင်းဝေ့အိမ်က ထွက်လာကတည်းက သူမခေါင်းပေါ်က ဦးထုပ်ကိုမြင်မိခြင်းဖြစ်သည်။
လင်းဝေ့လည်း ကျောက်လီပြောသည့်စကားများကို ကြားဖူးသည်ဟု တွေးနေစဥ် လွန်ခဲ့သောရက်ကလည်း ထိုကဲ့သို့မေးဖူးမှန်း သိသွားကာ မတတ်သာပဲ ရယ်လိုက်မိသည်။
လျိုတန်းကလည်း နားမလည်နိုင်ပဲ "ဘာလို့ရယ်နေတာလဲ " ဟုမေးလိုက်သည်။
လင်းဝေ့ကလည်း သူမ၏ ဖိနပ်အကြောင်း မေးတုန်းကအကြောင်းကို ပြောပြလိုက်တော့မှ လျိုတန်းကလည်း လင်းဝေ့ကို သေချာကြည့်ကာ ပြောခဲ့သည်။
"အာလိုမပြောပါနဲ့။ ရှင် အခုဝတ်စားထားပုံကလည်း တစ်ကယ်ကြည့်ကောင်းတယ်။ ကျွန်မကတော့ အလုပ်လုပ်မယ့်ပုံ ပေါက်နေပေမယ့် ရှင်ကတော့ ဘဝအတွေ့အကြုံကို ပျော်ပျော််ကြီး သွားယူမယ့်ပုံပေါက်နေတယ်"
"ကျွန်မကို အရမ်းမမြှောက်နဲ့နော် "ဟု လင်းဝေ့က ပြုံးကာပြောလိုက်ပြီး အိမ်တံခါး သော့ခတ်လိုက်ကာ ကလေးနှစ်ယောက်ကို လက်ယက်ခေါ်ပြီး ထွက်လာလိုက်၏။
လျိုတန်းလည်း လမ်းလျှောက်သွားရင်း လင်းဝေ့ကိုပြန်ပြောလိုက်သည်။
"ဘယ်လိုလုပ်မြှောက်ပြောတာ ဖြစ်မလဲ။ အရာရှိကတော် တော်တော်များများက ရှင့်ဝတ်ပုံစားပုံတွေကိုအတုယူနေကြတာ သတိထားမိရဲ့လား။ အရင်က တော်တော်များများက ဘောင်းဘီရှည်တွေ အဝတ်များကြပေမယ့် အခုစကပ်ဝတ်တဲ့သူတွေ များလာတယ်။ကျွန်မတောင် အသက်ကြီးလာလို့ မဟုတ်ရင် စကပ်နှစ်ထည်လောက်ဝယ်ဝတ်လိုက်တယ်"
လင်းဝေ့ကလည်း ရယ်မောကာ "အစ်မက သုံးဆယ် မရှိသေးဘူးမလား။ အသက်ဘယ်လောက်မို့လို့လဲ" ဟုမေးလိုက်၏။
"ဒီ နှစ်ထဲမှာကို ၃၂ ကျော်ပြီလေ။ အိုနေပြီမလား?"
" သုံးဆယ်ဆိုတာက မအိုသေးပါဘူးရှင်။ အရေးကြီးတာက စိတ်ပဲ။ ငယ်ငယ်ရွယ်ရွယ် တက်တက်ကြွကြွနေရင်လူကလည်း ငယ်နေမှာပဲ။"
လင်းဝေ့တို့ စကားပြောကာ ကျိုးကျန်းဟိုင်တို့အိမ်ရှေ့က ဖြတ်လာကြသည်။ တန်းရှန့်ယွင်က ယနေ့အလုပ်မသွားပဲ အိမ်ရှေ့ခြံဝန်းထဲမှာပဲထိုင်ကာ အဝတ်လျှော်နေ၏။ လင်းဝေ့တို့လေးယောက်ကို မြင်သောအခါ တန်းရှန့်ယွင်က ထလာပြီး နှုတ်ဆက်လိုက်သည်။
"အစောကြီး သွားကြမလို့လား"
"ဟုတ်တယ် စောစောသွားပြီး စောစောပြန်လာမလို့" ဟုလင်းဝေ့က ပြန်ပြောလိုက်သည်။
"ရှင်လည်း ကျွန်မတို့နဲ့ လိုက်မလ်ို့လား" ဟု လျိုတန်းက မေးလိုက်ရာ တန်းရှန့်ယွင်က ခေါင်းခါလိုက်ပြီး "မလိုက်တော့ပါဘူးရှင် အိမ်မှာလည်း လုပ်စရာတွေ ရှိသေးလို့ပါ" ဟုပြုံးကာပြန်ပြောလိုက်သည်။
တန်းရှန့်ယွင်က စကားလုံးများကို သေချာ သတိထားကာ ပြန်ပြောလိုက်သည်။ သူမသည် လူအများကို ဂရုစိုက်ပြုမူနေရသောကြောင့် မိသားစုအိမ်ရာရှိလူအများလုပ်ဖူးကြသည့် ခရုကောက်သည့် ကိစ္စမျိုးကိုပင် မလုပ်ခဲ့ဖူးပါ။
ထို့ကြောင့် လျိုတန်းကလည်း သူမ၏ စကားကိုကြားသောအခါ ထူးထူးခြားခြားပြုမူမနေတော့ပဲ တန်းရှန့်ယွင်ကို လက်ပြနှုတ်ဆက်လိုက်ပြီး "ဒာဆိုလည်း ကျွန်မတို့သွားကြစို့" ဟုပြောလိုက်၏။
လင်းဝေ့လည်း ကလေးနှစ်ယောက်နှင့် နှုတ်ဆက်ကာ ထွက်သွားလိုက်၏။
………………
လင်းဝေ့ စိတ်ကူးထဲတွင် တွေးထင်ထားသည့်နှင့် လက်တွေ့ ပင်လယ်ကမ်းစပ်တွင် ခရုကောက်သည်က ကွာခြားမှုရှိသည်ဟု ပြောနိုင်သည်။
လင်းဝေ့ကျွန်းပေါ် ရောက်စက ပင်လယ်ခရုကောက်ခြင်းကို နေရောင်အောက်က ကမ်းခြေပေါ်တွင် လှိုင်းပြန်ဆုတ်၍ တင်ကျန်ခဲ့သော ခရုများကို လိုက်ကောက်ခြင်းဟု ထင်ခဲ့သည်။ သို့သော် သူမမြင်ရသည်က နေရောင်အောက်တွင် ဒီရေလွမ်းနေသည့် သဲသောင်ပြင်ရယ် သာဖြစ်သည်။
ရှုခင်းကတော့ ရင်သက်ရှုမောဖွယ်ရာဖြစ်နေ၏။
လှိုင်းလုံးများက ဒီရေသဲသောင်ပြင် ပေါ်တွင် ပြန့်ကြဲနေသည်။ ပင်လယ်ရေများက ကြည်လင်နေ၍ ဒီရေ သဲသောင်ပြင်ကို သေချာမြင်နေရသည်။
သူတို့ထွက်လာသည်က အနည်းငယ် နောက်ကျ၍ ကမ်းခြေအနီးအနားရှိ ဒီရေသဲသောင်ပြင်များတွင် တစ်ခြား လူများကောက်လိုက်၍ ခရုကမာကောင်အကြီးများမရှိတော့ပေ။ လက်သည်းခွံအရွယ် များသာ ရှိတော့သည်။
လျိုတန်းနှင့် ကျောက်လီလည်း ကမ်းခြေအနီးတွင်ပတ်ရှာပြီး ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်ကာ လင်းဝေ့ကို လိုက်မလား ဟုလှမ်းခေါ်လိုက်သည်။
လင်းဝေ့လည်း ပင်လယ်ထဲ ဆင်းရန်တကဲကဲလုပ်နေသည့်ကလေး နှစ်ယောက်ကို ထိန်းနေရ၍ ခေါင်းခါကာပြောလိုက်သည်။
"အစ်မတို့သွားလိုက်ပါ။ ကျွန်မကလေးတွေနဲ့ ဟိုနားမှာပဲ ကောက်နေလိုက်ပါ့မယ်"
လင်းဝေ့က ထိုသို့အော်ပြောပြီး လူနည်းသည့် သဲသောင်ပြင်တစ်နေရာကို လက်ညိုးထိုးပြလိုက်သည်။
"ဟုတ်ပြီလေ ဒါဆိုသွားကြစို့ " လျိုတန်းကလည်း ကျောက်လီ တို့ကိုပြောပြီး ရှေ့ဆက်သွားလိုက်သည်။
လင်းဝေ့လည်း ကလေးနှစ်ယောက်နှင့် ကမ်းရိုးတန်းတစ်လျှောက် လူနည်းသည့်နေရာများတွင် ဂေါ်ပြားလေးနှင့် လိုက်ထိုးဆွနေ၏။
လင်းဝေ့ ရွေးလိုက်သည့်နေရာမှန်သည်ဟုပြောနိုင်သည်။ သူမတို့ အနည်းငယ် လျှောက်လာပြီးနောက် ခရုကမာကောင် များစွာကောက်ရသည်။ ခရုကမာကောင်များသာ ဖြစ်သော်လည်း ကလေးများက အလွန်ပျော်ကြကာ တက်ကြွနေကြသည်။
မင်မင်က ရုတ်တရက် ထအော်လိုက်သည်။
"မေမေ! မေမေ! ကျောက်ပုစွန်ကြီးးး"
လင်းဝေ့လည်း အလျင်အမြန်သွားကြည့်ရာကျောက် ပုစွန်တစ်ကောင် တွားသွားရင်း သဲနွံထဲအလျင်အမြန် တူးဝင်သွားသည်ကို မြင်လိုက်ရသည်။ ထိုအခါ မင်မင်က ထအော်တော့သည်။
"မေမေ မြန်မြန် သူ ပြေးတော့မှာ"
လင်းဝေ့ကလည်း ဟုတ်ပြီ ဟုပြောပြီး ဂေါ်ပြားကိုညာလက်ဖြင့်ကိုင်ပြီး သဲနှုန်းကို တူးဆွလိုက်သည်။
ပထမဂေါ် တစ်ချက်မှာတော့ ဘာမှ မတွေ့သေးပါ။ ဒုတိယဂေါ်တစ်ချက်မှာတော့ကျောက် ပုစွန်၏ အမြီးကိုမြင်လိုက်ရ၍ ဂေါ်ဖြင့် အလျင်အမြန် ထပ်တူးလိုက်သည်။
မင်မင်ကတော့ သေချာ မမြင်ရ၍ လည်ပင်းကိုဆန့်ကာ သူ့အမေကိုမေးလိုက်သည်။
"ဖမ်းမိပြိီလား မေမေ"
လင်းဝေ့လည်း ဂေါ်မှာ ကပ်ပါလာသည့်ကျောက် ပုစွန်ဘေးမှ သဲများကို လက်အိတ်စွပ်ထားသည့်လက် ဖြင့်ဖယ်ပြီးကျောက်ပုစွန်ကို ဖမ်းလိုက်ကာ ပင်လယ်ရေဖြင့်ဆေးလိုက်ပြီး မင်မင် ကိုပြလိုက်သည်။
"မေမေ ဖမ်းမိပြီ"
"မေမေ မိုက်လိုက်တာ" ဟု မင်မင်က တက်ကြွစွာပြောလိုက်ပြီး ကျောက် ပုစွန်ကို ကိုင်ကြည့်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
လင်းဝေ့က ကျောက် ပုစွန်ကို သံပုံးထဲ အမြန် ပစ်ထည့်လိုက်ပြီး မင်မင်ကိုပြောလိုက်သည်။
" ကျောက်ပုစွန်ရဲ့ အခွံတွေက ဆူးတယ် လက်ရှ လိမ့်မယ်"
မင်မင်ကလည်း သံပုံးထဲက ခရုကမာကောင်တွေအပေါ်တွားသွားနေသည့် ကျောက်ပုစွန်ကိုပဲ တောက်ပသည့်မျက်လုံးများနှင့်ကြည့်နေကာ သူ့ညီလေးကိုအော်ပြောလိုက်သည်။
" ငါကျောက်ပုစွန်တွေ့ထားတယ် ရွေ့ရွေ့"
ရွေ့ရွေ့လည်း သူ့အစ်ကို၏ ကြွားနေသည့်အသံကို စိတ်ဝင်စားပြီး သံပုံးထဲ ငုံ့ကြည့်ကာပြောလိုက်သည်။
"ငါလည်း ကျောက်ပုစွန် ရှာနိုင်သားပဲ"
"ဒါဆိုလည်း ရှာလေ" မင်မင်ကပြုံးကာ ထပ်ပြောလိုက်သည်။
"ငါကတော့ ကျောက်ပုစွန် ရှာတွေ့ပြီဆိုတော့ နောက်ထပ်ဘာရှာရမလဲ။ ဂဏန်းအကြီးကြီး ရှာရမယ် "
ရွေ့ရွေ့လည်း ဘဝင်ခိုက်နေသည့် သူ့အစ်ကိုနှင့် ဆက်မပြောချင်တော့ပေ။