← Chapters

Chapter 53

Vol. 4 Ch. 53

Chapter 53

Vol. 4 Ch. 53

လင်းဝေ့က ကျောက်လီ လက်ထဲက ရွှေဝါရောင် ဒူးရင်းသီးကို ကြည့်ပြီး မေးလိုက်သည်။

"ဒီအတိုင်းစားရမှာလား"

"ဟုတ်တယ် ဒီအတိုင်းစားကြည့်လိုက်" ဟုပြောပြီး ကျောက်လီကိုယ်တိုင် ဒူးရင်းသီးတစ်မွှာယူကာ စားပြလိုက်သည်။

လင်းဝေ့လည်း တစ်မွှာကောက်ယူလိုက်ပြီး အားထည့်ကာ ဝါး စားကြည့်လိုက်သည်။

စားကြည့်လိုက်မှ ဒူးရင်းသီးက အသားနူးညံ့၍ အားထည့် ဝါးစရာမလိုမှန်း သိလိုက်ပြီး အရသာကလည်း လျှာမှာ ပျော်ဝင်သွားသည်။ စားကြည့်ပြီးနောက် အနံ့အရသာကလည်း သူမမျှော်လင့် ထားသလို အနံ့အရသာမျိုးမဟုတ်ပေ။ ပိန္နဲသီး သရက်သီးများထက်လည်း ပိုချို၏။

လင်းဝေ့၏ မျက်နှာအနေအထားကိုကြည့်ကာ ကျောက်လီက ပြုံးကာမေးလိုက်သည်။

"ဘယ်လိုလဲ အရသာရှိရဲ့လား"

"အင်းးး အရသာ ရှိပါတယ်"

လင်းဝေ့လည်း ခေါင်းငြိမ့်ကာပြောရင်း ကလေးနှစ်ယောက်ဘက်လှည့်ကာ ပြောလိုက်သည်။

"မင်မင် ရွေ့ရွေ့ မြည်းကြည့်မလား"

မင်မင်ကတော့ နှာခေါင်းပိတ်ကာ ခေါင်းကို ခါရမ်းလိုက်သည်။ ရွေ့ရွေ့က တော့ "သားးနည်းနည်း မြည်းကြည့်မယ် " ဟုပြောလာ၏။

လင်းဝေ့လည်း ရွေ့ရွေ့မြည်းနိုင်ရန် သူမလက်ထဲမှ သူမ မြည်းထားသည့် ဒူးရင်းတစ်မွှာမှ အနည်းငယ် ကို ဖဲ့ကာ ပေးလိုက်သည်။

ရွေ့ရွေ့လည်း စားကြည့်ပြီးသည်နှင့် "အရမ်းစားကောင်းတာပဲ"ဟု ပြောပြီး သူ့အမေ လက်ထဲက ကျန်နေသေးသည့် ဒူးရင်းသီး တစ်မွှာကို ထပ်စားချင်သည့်ဟန်ဖြင့်ကြည့်နေသည်။

လင်းဝေ့လည်း ရွေ့ရွေ့ကိုထပ်ပေးလိုက်ပြီး မင်မင်ကို ထပ်မေးလိုက်သည်။

"မင်မင် သား မမြည်းကြည့်တော့ဘူးလား"

မင်မင်ကလည်း ခေါင်းကို ခါရမ်းလိုက်ပြီး အသေအချာထပ်ပြောလိုက်သည်။

"သားမစားဘူး အရမ်းနံတယ် "

"ဟုတ်ပြီလေ" လင်းဝေ့လည်း စိတ်ပျက်သွားပေမယ့် အတင်းအကျပ်တော့မစားခိုင်းပါ။ထို့နောက် ကျောက်လီ ဘက်လှည့်ကာ မေးလိုက်သည်။

"အစ်မ ဒီဒူးရင်းသီးက ဘယ်လောက်လဲ ကျွန်မ ပိုက်ဆံပေးလိုက်ပါ့မယ်"

"ပေးစရာ မလိုပါဘူး" ကျောက်လီက လက်ခါကာပြောလိုက်သည်။

"ကျွန်မက အမြည်းလာကျွေးတာပါ"

"အာ့လိုတော့မလုပ်ပါနဲ့ရှင် အသီးကလည်း လေးမွှာပဲ ပါတာမဟုတ်လား" ဟုလင်းဝေ့က ပြောရင်း တစ်ခုခုကို သတိရသွားကာ မေးလိုက်သည်။

"အစ်မ မိသားစုလည်း ဒူးရင်းသီးစားရတာကြိုက်တယ်မလား"

ကျောက်လီကလည်း "ကျွန်မ သမီးပဲ စားတာပါ ကျန်တဲ့သူတွေ မကြိုက်ကြဘူးး ဘာဖြစ်လို့လဲဟင်" ဟု ပြန်မေးလိုက်သည်။

"အခု နှစ်မွှာပဲ ကျန်တော့တာဆိုတော့ အစ်မတို့သားအမိ နှစ်ယောက် စားလို့ဝပါ့မလား။ စားလို့ဝတယ် ဆိုရင် ကျွန်မတို့ ခွဲယူကြမယ်လေ။ မနက်ဖြန် ကျွန်မ ဒူးရင်းသီး ထပ်ဝယ်တဲ့အခါကျရင် လည်းတစ်ဝက်စီ ယူကြမယ်လေ "

ကျောက်လီက တစ်ခါတည်း နှစ်မွှာခန့်စားနိုင်သော်လည်း အများကြီးစားလျင် ရိုးအီသွားနိုင်၍ လင်းဝေ့ ပြောသည့်အကြံကို လက်ခံလိုက်သည်။

"ကောင်းပြီလေ" ဟုပြောကာ ဒူးရင်း နောက်တစ်မွှာကိုလင်းဝေ့ကို ပေးလိုက်သည်။

ဒူးရင်းသီးကို တစ်ဝက်စီ ခွဲယူကြပြီး ကျောက်လီက လင်းဝေ့အိမ်မှာ ထပ်မနေတော့ပဲ သူမ ခွဲတမ်းဒူးရင်းသီးကိုယူကာ အိမ်ပြန်သွားတော့သည်။

ကျောက်လီပြန်သွားသည်နှင့် ရေချိုးပြီးခါစ ကျုံးရှောက်က အိမ်တံခါးဝနားရောက်လာပြီး မျက်မှောင်ကြုံ့ကာမေးလိုက်သည်။

"သူ မင်းကို ဒူးရင်းသီး လာပေးသွားတာလား"

"ဟုတ်တယ် ရှင်ကော စားမလား" ဟု ပြောကာ လင်းဝေ့က ဒူးရင်းသိီးကို ကျုံးရှောက်အားပေးလိုက်သည်။

ကျုံးရှောက်က ခြေနှစ်လှမ်းခန့်နောက်ဆုတ်ကာ ခေါင်းခါရင်း ပြောလိုက်သည်။

"ကိုယ်မစားဘူး"

လင်းဝေ့လည်း စားစရာကို ရန်သူလိုမြင်နေသည့် ကျုံးရှောက်၏ ပုံစံကို ပထမဆုံးမြင်ဖူး၍ စနောက်ချင်မိသည်။ ထို့ကြောင့် အရှေ့ကို နှစ်လှမ်းခန့်တိုးသွားကာ မေးလိုက်သည်။

"ရှင်တစ်ကယ် မစားဘူးလားး ဒူးရင်းသီးက အရမ်းအရသာရှိတာနော် အရမ်းလည်း ချိုတယ်။ ရွေ့ရွေ့ ဟုတ်တယ်မလား"

ရွေ့ရွေ့လည်း သူရထားသည့် ဒူးရင်းသီးတစ်မွှာစားရင်းအလုပ်ရှုပ်နေရာမှ ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

"အင်းးးး"

ထိုစဥ် မင်မင်က ကျယ်လောင်စွာ အော်ပြောလေသည်။

"ဖေဖေ! ! မေမေ နဲ့ ညီလေးပြောတာ မယုံနဲ့။ ဒူးရင်းသီးက အရမ်းနံတာပဲ"

ကျုံးရှောက်ကလည်း နောက်ကို နှစ်လှမ်းခန့်ဆုတ်ကာ ပြောလိုက်သည်။

" မင်းတို့ပဲ စားကြပါ"

"ဒါဆိုလည်း ရှင်တို့ကံဆိုးတာပဲ" ဟု လင်းဝေ့ကပြုံးကာပြောလိုက်ပြီး သူမလက်ထဲမှ ဒူးရင်းသီးတစ်မွှာကို ဆက်စားလိုက်သည်။

လင်းဝေ့နှင့် ရွေ့ရွေ့တို့နှစ်ယောက်လုံး လက်ထဲတွင် ဒူးရင်းသီးကို အစေ့သာ ကျန်အောင် စားလိုက်ကြသည်။

လင်းဝေ့လည်း ဒူးရင်းသီးအစေ့ကို မလွင့်ပစ်ချင်၍ အပင်ပေါက်လာစေရန် ဒူးရင်းပင် စိုက်နည်းကိုမသိသော်လည်း သည်အတိုင်းမြေကြီးထဲ ထည့်စိုက်လိုက်သည်။

ဒူးရင်းသီးအပင်ပေါက် မပေါက် ကတော့ ကံတရားအရ သာဖြစ်သည်။

ရွေ့ရွေ့လည်း သူ့အမေလိုမျိုး အစေ့ကို မြေကြီးထဲထည့်လိုက်သည်။ ထို့နောက် သူတို့သားအမိနှစ်ယောက် သွားတိုက်မျက်နှာသစ်လိုက်ကာ အပေါ်ထပ်သို့ အိပ်ရန် တက်သွားတော့သည်။

သို့သော် အပေါ်ထပ်ရောက်တော့ ပြဿနာက စလာလေသည်။ မင်မင်သည် ဒူးရင်းသီးစားထား၍ ဒူးရင်းသီး အနံ့နံနေသည့် သူ့ညီလေးနှင့် အတူ မအိပ်ချင်တော့ပေ။

သူ့အမေနှင့်လည်း အတူမအိပ်ချင်ပေ။ သူ့အမေနှင့် ညီလေး နှစ်ယောက်စလုံးက ဒူးရင်းသီးစားထား၍ နံနေသောကြောင့်ဖြစ်သည်။

လင်းဝေ့ကလည်း "ဒါဆိုသားက ဘယ်သူနဲ့အိပ်ချင်တာလဲ" ဟုမေးလိုက်သည်။

မင်မင်က တုံ့ဆိုင်းမနေပဲ ပြောလိုက်သည်။

"ဖေဖေနဲ့! ! သားဖေဖေ နဲ့အိပ်မှာ"

လင်းဝေ့လည်း ကျုံးရှောက်ဘက်လှည့်ကာ ပြောလိုက်သည်။

"ဒါဆိုလည်း ရှင် မင်မင်နဲ့အတူ အိပ်လိုက်လေ"

ကျုံးရှောက် - "...ဟုတ်ပြီ"

လင်းဝေ့က စမေးသောကြောင့် ကျုံးရှောက်ကလည်း ခဏ တုံ့ဆိုင်းသွားကာ ခေါင်းငြိမ့်လိုက်သည်။ သို့သော် လင်းဝေ့က နှာခေါင်းရှုံ့လိုက်သည်။

"ယောကျာ်းတွေများး"

လင်းဝေ့က မနက်ဖြန်သာမက နောက်တစ်နေ့ပါ ဒူးရင်းသီး စားရန်ဆုံးဖြတ်လိုက်သည်။ နောက်တစ်ပတ်လုံးသူမရဲ့ အိပ်ရာဝင်စားစရာက ဒူးရင်းသီးပဲဖြစ်ရမယ်။

သူမအကြံအစည်က ပြီးပြည့်စုံနေသော်လည်း သမဝါယမအသင်း ဒူးရင်းသီးရောင်းသည်က သုံးရက်မြောက်နေ့တွင် ရောင်းကုန်သွားတော့သည်။ နောက်တစ်ခေါက်ရောင်းရန်လည်း ဘယ်အချိန် ဘယ်အခါမှန်း မသေချာတော့ပေ။

နှစ်ရက်ဥပုသ်စောင့်ခဲ့ရသည့် ယောကျာ်းသား ကျားကြီး ကျုံးရှောက်ကတော့ ဒူးရင်းသီးကုန်သွားသည့်သတင်းကြားရတော့ စိတ်သက်သာရာ ရသွားကာ ယနေ့ည အသားစားရန် စိတ်ကူးလိုက်သည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း ကျုံးရှောက်သည် လင်းဝေ့ထပ်မဝယ်စားနိုင်ရန် သမဝါယမအသင်းကို ဒူးရင်းသီးမရောင်းဖို့ စာပင် တင်မိတော့မည်။ လင်းဝေ့က ဒူးရင်းသီးကြိုက်၍သာ သည်းခံနေရခြင်းဖြစ်သည်။

နောက်တစ်နေ့ကလည်း တနင်္ဂနွေနေ့ဖြစ်၍ အသားမစားရတာကြာပြီဖြစ်သည့် ကျားသား ကျုံးရှောက်က တစ်ညလုံးကြမ်းတော့၏။ လင်းဝေ့လည်း ညနက်သည်အထိအိပ်မရတော့ပေ။

နောက်တစ်နေ့မနက်နိုးလာတော့ လင်းဝေ့ သမ်းဝေကာ အပေါ်ထပ်မှ ဆင်းလာစဥ် ဘီဒိုအသေးလေးနှစ်လုံး ကို ဧည့်ခန်းထဲတွင်တွေ့လိုက်သည်။

လင်းဝေ့ကြောင်ကြည့်နေစဥ် ကျုံးရှောက်နှင့် ကျိုးကျန်းဟိုင်က စာအုပ်စင်ကိုင်ပြီး ဝင်လာကြသည်။ လင်းဝေ့ ဧည့်ခန်းအလယ်တွင် ကြောင်ရပ်နေသည်ကိုတွေ့၍ ကျုံးရှောက်က မေးလိုက်သည်။

"နိုးပြီလားး"

လင်းဝေ့ အသက်မျဥ်းမျဥ်းလေးရှုလိုက်ကာပြောလိုက်သည်။

"စာအုပ်နဲ့ ဘီဒိုလုပ်တာက မြန်လိုက်တာ လဝက်လောက်ပဲ ရှိတာကို"

"လုပ်ပြီးတာကတော့ကြာပြီ ဆေးသုတ်ပြီး အခြောက်ခံတာက ရက် နည်းနည်းကြာနေတာ" ဟုကျုံးရှောက်က ပြန်ဖြေလိုက်သည်။

လင်းဝေ့လည်း ဘီဒိုလေးနားလျှောက်လာလိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။

"ပရော်ဖက်ရှင်နယ် လက်သမားတွေဆိုတော့ မြန်တယ်နော်"

အတွေ့အကြုံနုသေးသည့် လက်သမားလေး ကျုံးရှောက် - "……မိန်းမပြောတာ မှန်တယ်"

သစ်သားရှားပါး၍ ပရိဘောဂပစ္စည်းများကလည်း ရှားသည်။ ထို့ကြောင့် ကျုံးရှောက်သည် သူ့အသိများထံမှ လိုအပ်သည့် သစ်သားများ အကူအညီ တောင်းခဲ့ရသည်။

ထို့နောက် ဤကဲ့သ်ို့စာအုပ်စင်နှင့် ဘီဒ်ိုလေးနှစ်လုံး၊ အံဆင့်ဘီဒိုတစ်လုံးနှင့် ထမင်းစားစားပွဲတစ်လုံး၊ ခွေးခြေခုံ လေးလုံး လုပ်နိုင်ခဲ့၏။

ပရ်ိဘောဂပစ္စည်း အများကြီး လုပ်နိုင်သည်ဟု ထင်ရသော်လည်း စာအုပ်စင်တစ်ခုသာ အကြီးကြီးရသည်။စာအုပ်စင်သည် လူတစ်ယောက်အရပ်ခန့်မြင့်ကာ သုံးပေအကျာ်ခန့်ရှိ၏။

စာအုပ်အပြင် တစ်ခြား ပစ္စည်းအတိုအထွာလေးများလည်း တင်ထားနိုင်သည်။ စာအုပ်စင်အပေါ်လွှာတွင် အကျယ်တူ အကန့်လေးကန့်ပါ၍ စာအုပ်အများအပြားထည့်စီထား၍ ရနိုင်သည်။

လင်းဝေ့၏ ဒူးအမြင့်ခန့်သာရှိသည့် ဘီဒိုအသေးလေး ကိုတော့ ကုတင်ခေါင်းရင်းတွင် ထားရမည်မှာ အသေအချာပင် ဖြစ်သည်။ အံဆွဲသေးသေးလေး နှစ်ခုပါ၍ တိုလီမုတ်စများထည့်သိမ်းရန် အဆင်ပြေသည်။

အံဆင့်ဘီဒို အသစ်လေး၏ အရွယ်အစားအကျယ်က မူလရှိပြီးသားအံဆင့်ဘီဒို၏ ထက်ဝက်ခန့်သာရှိသည်။သို့သော် ပိုမြင့်သည်။

လင်းဝေ့၏ ရင်ဘတ်ခန့်အမြင့်ရှိကာ အောက်အဆင့်တွင် အံဆွဲသုံးခုပါသည်။ အံဆင့်ဘီဒို အပေါ်ဆုံးအဆင့်တွင်တော့ အဖွင့်အပိတ်လုပ်ရန် တံခါးရွက်မပါပေ။

တစ်ဝက်ခန့်သာ ဖွင့်နိုင်ရန် လုပ်ထားပြီး ထိုနေရာတွင် အလှဆင်ပစ္စည်းများ တင်ထားနိုင်သည်။ သို့သော် လောလောဆယ်တွင် အိမ်မှာ အလှပြထားရန် ပစ္စည်းများလည်း မရှိပါ။ နောက်ပိုင်း အလှပြရန်ပစ္စည်းများရှိလာမှ တင်ထားရမည်။

ထမင်းစား စားပွဲကတော့ လေးထောင့်ပုံစံဖြစ်ကာ လင်းဝေ့တို့အိမ်ရှိ မူလစားပွဲ၏ အရွယ်အစား တစ်ဝက်ခန့်သာရှိသည်။ သိပ်မမြင့်ပဲ လင်းဝေ့၏ ပေါင်အထိသာရှိသည်။

စားပွဲ၏ အပေါ်ပိုင်းကလည်း အသားပါး၍ သိပ်မလေးပါ။ ထို့ကြောင့် လင်းဝေ့ပင် တစ်ယောက်တည်း မ နိုင်သည်။ မူလရှိနေသည့်စားပွဲက ဝန်ကျယ်ကာ အလေးချိန်များ၍ လင်းဝေ့ပင်လျင် နေရာရွေ့ချင်လျင် ဆွဲကာပြုနေရသည်။

ထမင်းစားစားပွဲ၏ အမြင့်ကလည်း မူလစားပွဲနှင့်မတူတော့၍ ထိုင်ခုံများကိုလည်း ပြန်လည်ပြုလုပ်ရသည်။ အနိမ့်အမြင့်မတူသည့်ထိုင်ခုံ ခုနှစ်လုံး ရှစ်လုံးခန့်ရှိနေပြီးဖြစ်၍ ထိုင်ခုံအသစ်လေးခုကိုသာ ထပ်လုပ်လိုက်သည်။

ပရိဘောဂပစ္စည်းများက အကြီးကြီးမဟုတ်သော်လည်း တိုလီမုတ်စက များသည်။ ထို့ကြောင့်ပစ္စည်းများအထဲရွေ့ပြီးသည်နှင့် အိမ်အောက်ထပ်မှာ ခြေချစရာနေရာပင်မရှိတော့ချေ။

ကျုံးရှောက်နှင့် ကျိုးကျန်းဟိုင်က စာအုပ်စင်ကို အိမ်ထဲသယ်လာပြီးသည်နှင့် အနားမယူကြတော့ပဲ ဘီဒိုအသေးလေးကို အပေါ်ထပ်ရွေ့လိုက်ကြ၏။

ဘီဒိုအသေးလေးပြီးတော့ စာအုပ်စင်ရွေ့လိုက်ကြသည်။ ဧည့်ခန်းထဲ ရှိပြီးသားစားပွဲကိုတော့ သစ်သားထိုင်ခုံနားရွေ့လိုက်ပြီး သူ့နေရာမှာ အံဆင့် အသစ်ကို ထားလိုက်သည်။

ထိုသို့နေရာချပြီး မူလထမင်းစားစားပွဲကိုတံခါးမကြီး၏ ဘယ်ဘက်ရှိ ပြတင်းပေါက်နား ရွေ့လိုက်သည်။ မူလရှိပြီးသား ထိုင်ခုံရှည်များကိုတော့ နံရံဘေးတွင် ကပ်ထားလိုက်ကာ လေးထောင့် စားပွဲခုံအသစ်ကို ထမင်းစားခန်း အလယ်မှာထားလိုက်သည်။

ထိုကဲ့သို့နေရာရွေ့ပြီးနောက် ဧည့်ခန်းနှင့် ထမင်းစားခန်းသည် ကြပ်ညှပ်မနေတော့ပဲ ကျယ်ကျယ်ဝန်းဝန်းလေးဖြစ်သွားသည်။

ကျုံးရှောက်နှင့် ကျိုးကျန်းဟိုင်တို့ အလုပ်ရှုပ်နေကြစဥ် လင်းဝေ့က သူတို့နှစ်ဦးအတွက် ရေအေးတစ်ခွက်စီ ခပ်ပေးထားလိုက်သည်။

ကျိုးကျန်းဟိုင်က ရေအေးသောက်ရင်းကျုံးရှောက်ကိုမေးလိုက်သည်။"အကုန်အဆင်ပြေပြီလား"

"လိုသေးတယ်"ဟု ကျုံးရှောက်က ပြန်ဖြေလိုက်သည်။

"ရှင်တို့တွေ မနက်စာ မစားရသေးဘူးမလားး မနက်စာ စားးပြီးမှ ဆက်လုပ်ကြလေ" ဟု လင်းဝေ့က မေးလိုက်သံကို ကျိုးကျန်းဟိုင်က ကြားလိုက်လျင် အပြင်ဘက်ကနေကို လှန်းကြည့်ပြီး ပြောလိုက်သည်။

"အမ် အခုက နေ့လည်စာစားချိန် ထင်တယ်နော်"

လင်းဝေ့လည်း ထိုသို့မေးပြီးမှ မျက်နှာပူလာမိသည်။အိပ်ရာထ နောက်ကျတာကို သတိမထားမိချေ။ မျက်နှာပူပူနှင့် ကျုံးရှောက်ကိုသာ လှမ်းကြည့်လိုက်သည်။

ကျုံးရှောက်က ချောင်းအနည်းငယ် ဟန့်ကာ ပြောလိုက်သည်။ "သူက မနက်စာ စားလာပြီးပြီ။ သူ့အတွက် မစိုးရိမ်နဲ့" ဟုပြောပြီး ကျိုးကျန်းဟိုင်ကို အမြန်လှုပ်ရှားရန် လောဆော်လိုက်သည်။

All Chapters