Chapter 54
Vol. 5 Ch. 54
အစကတော့ ကျိုးကျန်းဟိုင်က ကျုံးရှောက်တို့ နေ့လည်စာစားဖို့ ပြောလျင်အိမ်ပြန်ကာ သူ့မိန်းမကို သူ့အဖို့ထမင်းမချက်ဖို့ ပြန်ပြောရမည်ဟု တွေးနေသော်လည်း အခုအနေအထားအရ ကျုံးရှောက်က သူ့ကိုပင် နှင်လွတ်နေချေပြီ။
မိတ်ဆွေကောင်း မပီသဘူး။
ကျိုးကျန်းဟိုင်လည်း အိမ်ပြန်လာကာ သူ့ရင်တွင်းခံစားချက်များကို မိန်းမဖြစ်သူ တန်းရှန့်ယွင်ကို ပြောပြသော်လည်း သူ့မိန်းမက သူ့ကိုနှစ်သိမ့်ပေးဖို့မဆိုနှင့် အပြုံးလေးနှင့် ပြောလိုက်သေးသည်။
"ဟုတ်တယ်လေ ရှင့်ကိုချက်ကျွေးဖို့သူတို့မှာ တာဝန်မရှိတာ"
ကျိုးကျန်းဟိုင် - "………..." အိုခေပါမိန်းမရေ
……………
လင်းဝေ့ မျက်နှာသစ်သွားတိုက်နေစဥ် ကျုံးရှောက်က မီးဖိုချောင်ဝင်ကာ ချက်ပြုတ်နေခဲ့သည်။
ကျုံးရှောက်ကလည်း ချက်ပြုတ်တတ်သည်။ သူ့လက်ရာက မချီးကျူးထိုက်သော်လည်း စား၍ရသည့် သာမန်လက်ရာမျိုး သာဖြစ်သည်။ ထို့ကြောင့် အစားမရွေးသည့်သူတိုင်းက ကျုံးရှောက်လက်ရာကို စားနိုင်သည်။
အမှန်တော့ လင်းဝေ့လည်း အစားအသောက်ရွေးသူမဟုတ်ပါ။အလယ်တန်းနှင့် အထက်တန်းတက်စဥ်က ပေါက်စီနှင့် အသီးအရွက်ချဥ်ဖတ်များကိုသာ နှစ်အတော်အကြာစားခဲ့ရ၍ အစားအသောက် ချေးမများတတ်ပါ။
သို့သော် လင်းဝေ့ ကလေးနှစ်ယောက်ကတော့ သူတို့အဖွားနှင့် အမေ၏ ဟင်းချက်လက်ရာကောင်းကို စားခဲ့ရ၍ သူတို့အဖေလက်ရာကို သိပ်မကြိုက်ကြပါ။
သို့သော် အစားအသောက်ကိုတော့ မဖြုန်းတီးပဲ စားသောက်ကြကာ နောက်တစ်ခေါက် ဘယ်သူချက်မှာလဲ ဟု မေးနေကြသည်။ သူတို့အဖေသာ နောက်တစ်နပ် ထပ်ချက်မည် ဆိုပါက သူတို့ ငိုယိုကြမည်ဖြစ်သည်။
အကယ်၍ နောက်တစ်နပ်ကို သူတို့အမေ ချက်မည်ဆိုပါက ဤတစ်နပ်ကို လျှော့စားပြီးနောက်တစ်နပ်အတွက် သူတို့အစာအိမ်ကို နေရာချန်ထားမည်ဖြစ်သည်။
ကလေးနှစ်ယောက်၏ အတွေးကိုသိသော ကျုံးရှောက်ကလည်း နောက်တစ်နပ်စာအတွက်ပါ ချက်ပြုတ်ဖို့လေလံစွဲလိုက်တော့သည်။
ကလေးတွေကို သူတို့စားချင်တာစားဖို့ အလိုလိုက်လို့မရဘူး သေချာသင်ကြားပြသရမယ် ဟုပင် တွေးနေသေး၏။
ဤကဲ့သို့သာ ဆက်ဖြစ်နေမည်ဆိုပါက သူတို့အဖေချက်သည့် ထမင်းဟင်းစားတိုင်း တိတ်တိတ်လေးသာ စားသည်က အကောင်းဆုံးဖြစ်မည်ဟု ကလေးနှစ်ယောက်လုံး သင်ခန်းစာရလိုက်သည်။
မနက်ခင်းစာ အနေနဲ့ ကျုံးရှောက်က ခေါက်ဆွဲချက်သည်။ ခေါက်ဆွဲချက်ရသည့် ပထဆုံးအကြောင်းအရင်းက အမြန်ကျက်လွယ်၍ ဖြစ်သည်။ ဒုတိယအနေနှင့် ဗိုက်အရမ်းဆာနေပြိီဖြစ်၍ မနက်စာလည်း မဟုတ် နေ့လည်စာလည်း မဟုတ်သည့်အချိန်အတွက် ခေါက်ဆွဲက အသင့်တော်ဆုံးဖြစ်သည်။
ထို့အပြင် ကျုံးရှောက် အကောင်းဆုံးချက်ပြုတ်တတ်သည့် ဟင်းလျာများတွင် မွှေးကြိုင်သည့် ကြက်ဥကြော်အပြင် နောက်တစ်မျိုးမှာ ခေါက်ဆွဲဖြစ် သောကြောင့်ဖြစ်သည်။
လင်းဝေ့လည်း ပုံမှန်ရက်ထက်စာလျင် မနက်စာကို ပိုစားလိုက်မိသည်။ ကလေးနှစ်ယောက်ကလည်း ဗိုက်ဆာဆာနှင့် ရှယ်ကြိတ်လိုက်ကြသည်။ မင်မင်ကလည်း ပါးစပ်အပြည့် ခေါက်ဆွဲသွပ်ထည့်ကာ "သားတော့ ဒီနေ့နွားတစ်ကောင်တောင်စားနိုင်လောက်တယ်" ဟုရွီးရှောင်ပြောတော့သည်။
"မေမေတို့ဆီမှာ သားစားဖို့ ဘာ နွားမှ မရှိဘူးလေ" ဟု လင်းဝေ့ကလည်း ပြုံးကာပြန်စလိုက်သည်။
ကလေးတစ်ယောက်ဖြစ်သည့် မင်မင်က သူ့အမေစနောက် နေသည်ကို နားမလည်သေးပေ။
"ဘာပဲဖြစ်ဖြစ် သားတော့ ဒီနေ့အများကြီးစား နိုင်တယ်" ဟုပြန်ပြောကာ ခေါက်ဆွဲပန်းကန်တစ်လုံးကို အမြန်စားလိုက်ပြီး လိုက်ပွဲ ထပ်တောင်းနေ၏။
ခေါက်ဆွဲထည့်စားသည့်ပန်ကန်လုံးက ကြည့်လိုက်လျင် သေးသည်ဟု ထင်ရသော်လည်း စောက် နက်လေရာ အများကြိီးဝင်ဆံ့သည်။ လင်းဝေ့ကဲ့သ်ို့ လူကြီးတစ်ယောက်ပင်လျင် နှစ်ပန်းကန်လောက်စားလိုက်လျင် ဗိုက်ပြည့်သွားမည်ဖြစ်သည်။
ထို့ကြောင့် မင်မင်အား လိုက်ပွဲ ထပ်ထည့်ပေးလ်ိုက်လျင် ဗိုက်တင်းကားသွားကာ အစာမကြေဖြစ်မည်စိုး၍ ပန်းကန်တစ်ဝက်သာ ထပ်ထည့်ပေးလိုက်ကာ ပြောလိုက်သည်။
"ခေါက်ဆွဲ သိပ်မကျန်တော့ဘူးနော် သား ဖေဖေကော စားရဦးမှာ"
မင်မင်ကလည်း ခေါက်ဆွဲပန်းကန်တစ်ဝက်လောက်ဆိုလျင် သူ့ ဗိုက်မဝ မှန်းသိသော်လည်း သူ့အဖေ၏ ခန္ဓာကိုယ် အရွယ်အစားကိုကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါက်ဆွဲမရှိတော့ဘူးဆိုတော့လည်း ရှိသလောက်ပဲစားရုံပေါ့"
"ဟုတ်တယ် အာ့လောက်စားရင် သားဗိုက်ပြည့်ပြီနော်" ဟုလင်းဝေ့ကလည်း ပြန်ပြောကာ ခေါက်ဆွဲပန်းကန်ဝက်ကို သူ့သားကို ကမ်းပေးလိုက်သည်။ ထို့နောက် စားပြီးတော့မည့် ကျုံးရှောက်ကို လှမ်းပြော လိုက်သည်။
"ရှင့်အတွက် လိုက်ပွဲကျန်သေးတယ်နော်"
တစ်ပန်းကန်သာ ဝင်သေးသော ကျုံးရှောက်လည်း သူ့မိန်းမနှင့် သားကို လှည့်ကြည့်ကာ အင်းး ဟုသာ ပြောလိုက်သည်။
………………
ခေါက်ဆွဲသုံးပန်းကန် စားထားသည့် ကျုံးရှောက်သည် နေ့လည်စာ အလွတ်စားထားလိုက်ပြီဟု တွေးနေခဲ့သည်။ တစ်ခဏကြာတော့ သူပိုတွေးနေမိမှန်း သိလိုက်သည်။ အစာအိမ်ချက်အားကောင်း၍ ပိုစားနိုင်ခြင်း တော့မဟုတ်ပါ။
စားသောက်ပြီးသည့်နောက် မနားမနေ သန့်ရှင်းရေးဆက်လုပ်ရ၍ စားထားသည့်စွမ်းအင်များကုန်ခမ်းကာ ထပ်စားရမည့် အခြေအနေ ဖြစ်နေသောကြောင့်ဖြစ်သည်။
အမှန်တော့ လင်းဝေ့တို့ ပြောင်းလာကတည်းက တစ်အိမ်လုံး သန့်ရှင်းရေးကို ခြုံကာ ယေဘူယျသာလုပ်ထားခဲ့သည်။ ထို့အပြင် နေ့စဥ် ကြမ်းတိုက်ခြင်းနှင့် ဘီဒိုများကိုလည်း နှစ်ရက်သုံးရက်တစ်ခါ ဖုန်သုတ်ခြင်းများလည်း လုပ်ခဲ့သောကြောင့် အိမ်သည် အတော်လေးသန့်ရှင်းသပ်ရပ်သည်ဟု မြင်ရသည်။
သို့သော် လင်းဝေ့သည် သန့်ရှင်းကျန်းမာရေးကို အထူးဂရုစိုက်သူဖြစ်သည်။ ထို့အပြင် အိမ်ထောင့်စေ့ပါ မကျန်သန့်ရှင်းရေး လုပ်ခဲ့သည်မှာလည်း လွန်ခဲ့သည့်လကဖြစ်သည်။
ထို့ကြောင့် တနင်္ဂနွေနေ့ ရုံးပိတ်ရက်လည်းဖြစ်၊ပရိဘောဂ အသစ်များနေရာချ သည့်နေ့တွင် အိမ်ရှိမိသားစုဝင်များ (အထူးသဖြင့်အိမ်ထောင်ဦးစီးကျုံးရှောက်)တို့ကိုစုစည်းကာ အိမ်သန့်ရှင်းရေးလုပ်ကြခြင်းဖြစ်သည်။
လင်းဝေ့တို့ လင်မယားနှစ်ယောက် ပြတင်းပေါက်များနှင့်ကြမ်းခင်းကို သန့်ရှင်းရေးလုပ်နေကြစဥ် ကလေးနှစ်ယောက်ကလည်း မခိုကပ်ပဲ သူတို့မိဘများကို ကူညီကြပါသည်။ အဝတ်စုတ်လေးများကိုင်ကာ သူတို့မှီသည့်နေရာများကို လိုက်သုတ်ကြသည်။
ဘီဒိုများကို သူတို့မှီသည့်အောက်ပိုင်းကိုသာ သုတ်ကူကြသည်။ ထို့ကြောင့် လင်းဝေ့တို့က အပေါ်ပိုင်းကို ပြန်သုတ်ကြရသည်။
ကလေးများကလည်း သူတို့လုပ်နိုင်သည်ကို ကူညီပေးသောကြောင့် ချီးကျူးသည့်အနေဖြင့် လင်းဝေ့သည် သန့်ရှင်းရေး လုပ်ပြီးသည့်အခါ ကလေးနှစ်ယောက်ကိုခေါ်ပြီး လုပ်အားခဟူ၍ မုန့်ဖိုးပေးလိုက်၏။
ညီအစ်ကိုနှစ်ယောက်ကလည်း အံ့သြဝမ်းသာသွားကြသည်။"သားတို့က လုပ်အားခ ရတယ်လား"
အရင်က လင်းဝေ့ လုပ်အားခရသည့်အခါတိုင်း သူမလုပ်အားခပိုက်ဆံကို ကလေးများရှေ့တွင် ရေတွက်လေ့ရှိသောကြောင့် ကလေးများကလည်း လုပ်အားခပိုက်ဆံဆိုသည့်အရာကို နားလည်ကြသည်။ ထို့ကြောင့် မျက်လုံးအရောင်များ လက်သွားကြသည်။
လင်းဝေ့ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။"ဒါပေါ့"
ဤနည်းလမ်းကို လင်းဝေ့သည် သူမဖတ်ခဲ့ဖူးသည့် ဝတ္ထုမှ သိလာခဲ့ခြင်းဖြစ်သည်။ ကလေးများကို အလုပ်လုပ်ချင်စိတ်ဖြစ်ပေါ်အောင် လုပ်ပေးနိုင်ရုံသာမက ပိုက်ဆံ၏ တန်ဖိုးကိုပါ နားလည်အောင် သင်ပြပေးနိုင်၍ ဤနည်းလမ်းကို မဆိုးဟု လင်းဝေ့ ထင်မိသည်။
ပုံမှန်လည်း ကလေးများကို မုန့်ဖိုးပေးလေ့သည်။ ထို့အပြင် လင်းဝေ့သည် အိပ်မက်မက်ပြီးနောက် ကလေးများကို ပိုမိုကောင်းမွန်စွာ သွန်သင်လမ်းပြနိုင်ရန်တွေးနေလေရာ အဘယ်သို့ သင်ပြပေးရမှန်း မသိသေးချေ။
ဒီနေ့တော့ ကလေးတွေ တက်တက်ကြွကြွ အလုပ်လုပ်နေတာကို တွေ့လိုက်တော့ လုပ်အားခပေးကာ ငွေကြေးတန်ဖိုးနားလည်အောင် သင်ပြပေးရန် စဥ်းစားလိုက်မိခြင်းဖြစ်သည်။
လင်းဝေ့သည် ပျော်ရွှင်စွာအော်ဟစ်နေသည့်ကလေးများကို ငြိမ်ရန် လက်ပြလိုက်ပြီး လုပ်အားခကို တွက်ချက်ပြ၏။
"သား မင်မင်က ထိုင်ခုံခြောက်လုံးရယ် ဘီဒိုနှစ်လုံး ရယ် ဖုန်သုတ်တယ်။ ထိုင်ခုံ တစ်လုံးကို တစ်ပြား ဘီဒိုတစ်လုံးကိုနှစ်ပြားဆိုတော့ အားလုံးပေါင်း တစ်ယွမ်၊ ရွေ့ရွေ့သားက ဆိုဖာခုံနဲ့ ကော်ဖီ စားပွဲ ဖုန် သုတ်ခဲ့တယ်။ ဆိုဖာခုံရှည်အတွက်က လေးပြား ဆိုဖာ ခုံအတိုအတွက်က နှစ်ပြား၊ သား ကော်ဖီစားပွဲကော ဖုန် သုတ်ခဲ့တယ်နော့်"
ရွေ့ရွေ့ကလည်း ချက်ချင်း ပြန်ဖြေလိုက်သည်။"သား သုတ်တယ်"
"ကော်ဖီစားပွဲ အတွက်လည်း လေးပြားဆိုတော့ သားအစ်ကိုနဲ့ အတူတူပဲ တစ်ယွမ်ရမယ်နော်"
ထိုကဲ့သို့တွက်ချက်ပြီးနောက် လင်းဝေ့သည် ကလေးနှစ်ယောက်ကို တစ်ယွမ်စီ သူမပိုက်ဆံအိတ်ထဲမှ ထုတ်ပေးလိုက်သည်။
"နောက်ပိုင်းသားတို့ အလုပ်လုပ်ရင် မေမေက လုပ်အားခတွေကို တွက်ချက်ပေးမယ်။ ဒါပေမယ့် မနက်တိုင်းထိုင်ခုံတွေ ဖုန်သုတ်တာမျိုးတော့ ထည့်မတွက်ပေးဘူးနော် နားလည်လား"
"သိပါပြီ"ဟု ကလေးနှစ်ယောက်က တစ်ပြိုင်နက်ပြန်ဖြေကြသည်။
"ပိုက်ဆံတွေရတော့ သားတို့က ဘာလုပ်ကြမှာလဲ" လင်းဝေ့က ကလေးတွေကို မေးလိုက်သည်။
မင်မင်က ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည် - "မုန့်ဝယ်စားမယ်!!!"
ရွေ့ရွေ့ကတော့ "သားကတော့ စု ထားမယ်" ဟုပြောလိုက်သည်။
ရွေ့ရွေ့၏ အဖြေက်ိုကြားသော် မင်မင်က သူ့ညီလေးကိုမေးလိုက်သည်။ "ရွေ့ရွေ့ မင်းက ငါနဲ့အတူ မုန့်မဝယ်စားတော့ဘူးလား"
မင်မင်က ရွေ့ရွေ့ကိုလည်း သူ့လိုမျိုး မုန့်ဝယ်စားစေချင်သည်။ ဒါမှ သူမုန့်ဝယ်လာ၍ စားသည့်အခါ သူ့ညီလေးကို မုန့်ခွဲကျွေးစရာမလိုမည်ဖြစ်သည်။
သူ့အစ်ကိုပြောသည်ကိုကြားသောအခါ ရွေ့ရွေ့က ခဏစဥ်းစားလိုက်သည်။
"ဒါက ပထဆုံး အလုပ်လုပ်ပြီးရတဲ့ပိုက်ဆံလေ"
ထို့ကြောင့် အမှတ်တရအဖြစ် စုထားသင့်သည်ဟု တွေးနေသည်။
သို့သော် ရွေ့ရွေ့က အမှတ်တရ ဟူသည့်အဓိပ္ပယ်ကိုသေချာမသိသေး၍ ထိုအကြောင်းကိုတော့ သူ့အစ်ကို ကိုမပြောလိုက်ပါ။ မင်မင်ကလည်း သူ့လက်ထဲက ပိုက်ဆံကို ကြည့်ကာ နာကျင်မှုများဖြင့် ပြောလိုက်သည်။
"ဒါဆို ငါလည်း မုန့်ဝယ်မစားတော့ပါဘူး" သို့နှင့် မင်မင်လည်း ပိုက်ဆံစုလိုက်ရတော့၏။
ထို့ကြောင့် ဤနှစ်နွေရာသီတွင် မင်မင်နှင့် ရွေ့ရွေ့တို့သည် ရရှိလာသော သူတို့လုပ်အားခကို ပိုက်ဆံအကြွေများသာ ဖြစ်သော်လည်း ပထမဆုံးစုငွေ အနေဖြင့် စုဖြစ်လိုက်သည်။
…………
ဂျူလိုင်လကုန်လောက်တွင် လင်းဝေ့သည် သူမမိသားစုထံမှ ပြန်စာကို ရရှိခဲ့သည်။ ပြန်စာနှင့်အတူ မှိုခြောက်အထုပ်ကြီး တစ်ထုပ်ပါ ပါလာသည်။
အထုပ်ကြီးကိုဖြည်သောအခါ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသည့် အထုပ်ငယ်လေးများကို တွေ့လိုက်ရသည်။ မှိုခြောက်အပြင် ဍရင်ကောက်အပင်ခြောက်၊ သစ်အယ်သီးနှင့် ထင်းရှုးစေ့များပါ ထည့်ပေးလိုက်သည်။ အမျိုးအမည်စုံ၍ အထုပ်ကြီးဖြစ်သော်လည်း အလေးချိန်ကတော့ပေါ့ပါး၏။
သစ်အယ်စေ့နှင့် ထင်းရှုးစေ့များက ပစ္စည်းကောင်းများဖြစ်သည်။ သစ်အယ်စေ့ကို စွပ်ပြုတ်ထဲ ထည့်ပြုတ်စားလျင် အရသာချိုပြီး ထင်းရှုးစေ့ကိုတော့ ပြုတ်ကာ အဆာပြေ စားစရာအဖြစ် စား၍ရသည်။
ကော်ဖီစားပွဲပေါ် အပြည့်ဖြစ်နေသော တောင်ပေါ်ထွက်ပစ္စည်းများကို ကြည့်ပြီး ချက်ချင်းမသိမ်းဆည်းပဲ တောင်ပေါ်ထွက် ပစ္စည်းအချို့ကို တန်းရှန့်ယွင်၊ လျိုတန်းနှင့် အခြားသူများကို လက်ဆောင်ပေးရန် အံဆွဲထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးလိုက်သည်။
လင်းဝေ့ အမေပေးလိုက်သည့် တောင်ပေါ်ထွက်ပစ္စည်းများသည် တန်ဖိုးမများသော်လည်း စေတနာပါသောကြောင့် သူတစ်ပါးလက်ခံဖို့လည်း ဝန်မလေးလောက်သည့်လက်ဆောင်မျိုးဖြစ်သည်။