Chapter 56
Vol. 5 Ch. 56
တနင်္ဂနွေနေ့မနက် ရောက်လျင် ကျိုးကျန်းဟိုင်၏ ညီမဝမ်းကွဲ ရောက်လာလေသည်။
ထိုသတင်းကို လင်းဝေ့အား ဝမ်ဖန်းလိက ပြောပြခြင်းဖြစ်သည်။ ဝမ်ဖန်းလိကတော့ အမှန်ပင် အတင်းအဖျင်းသတင်းများ ပြောရသည်ကို ကြိုက်သူဖြစ်သည်။
လင်းဝေ့တို့ မနက်စာစားပြီး ပန်းကန်ဆေးနေစဥ် ကောင်မလေး တစ်ယောက်ကို သူ့အိမ်ခြံဝန်းထဲခေါ်လာသည့် ကျိုးကျန်းဟိုင်ကို လှမ်းမြင်လိုက်ရသည်။
ထို့နောက် သူ့အိမ်ဘေးပတ်ဝန်းကျင်ရှိအိမ်နီးချင်းများကို အလည်လာသည့် သူ့ညီမဝမ်းကွဲဖြစ်ကြောင်း လိုက်ပြောပြနေ၏။
တန်းရှန့်ယွင်က သူ့အိမ်နီးချင်းများနှင့်သိပ်အဆက်အသွယ်မရှိ၍ အိမ်နီးချင်းများကလည်း ညီမဝမ်းကွဲကိစ္စနှင့် ပတ်သက်၍ စိတ်မဝင်စားကြပါ။
ဝမ်ဖန်းလိကတော့ အတင်းအဖျင်း ကြိုက်သူပီပီ လင်းဝေ့နှင့် တန်းရှန့်ယွင်တို့ ရင်းနှီးမှန်းသိ၍ အတွင်းသတင်းလေးများ သိလိုသိငြား မေးမြန်း စပ်စုရန် လင်းဝေ့ဆီရောက်လာခဲ့သည်။
ထိုအချိန် လင်းဝေ့သည် အပေါ်ထပ်မှအောက်ကို ချထားသော ပန်းအိုးများအား ဟိုရွေ့ဒီရွေ့လုပ်နေ၏။ ပန်းအိုးဟုသာ ခေါ်နေသော်လည်း အမှန်တော့ သံကြေးကိုက်နေသည့်ကြွေရည်သုတ်အိုးများသာ ဖြစ်သည်။
အရင်နေထိုင်ခဲ့သူများက လက်ကိုင်ပြုတ်နေသည့် ကြွေရည်သုတ်အိုးများကို မြေဖြည့်ကာ ပန်းအိုးအဖြစ်အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
အရင်နေထိုင်ခဲ့သူများ ရွေ့ပြောင်းသွားကြစဥ် ပန်းအိုးများကိုလည်း ဂရုစိုက်မည့်သူ မရှိသောကြောင့် ခြောက်ကပ်နေပြီ ဖြစ်သည်။
လင်းဝေ့ကလည်း ထိုပန်းအိုးများတွင် ပန်းပြန် စိုက်လိုသည်။ သို့သော် စျေးတွင်ပန်းမျိုးစေ့ ရောင်းသည့်ဆိုင်မရှိ၍ ပန်းစိုက်မည့်ကိစ္စကို ခဏမေ့ထားလိုက်တာ မနေ့ကအထိဖြစ်သည်။
မနေ့က ကျောက်လီနှင့် စကားပြောမိစဥ် သူမက "ရှင်ပန်းစိုက်ချင်တယ်လို့ အရင်က ပြောဖူးတယ်မလား။ အိမ်မှာပန်းမျိုးစုံစိုက်တဲ့ အရာရှိဇနီးသည်တစ်ယောက်နဲ့ ကျွန်မရင်းနှီးတယ်။ ရှင် ပန်းမျိုးယူချင်တယ်လို့ပြောရင် သူပေးနိုင်မလားလို့ မေး ကြည့်ပေးမယ်လေ"
လင်းဝေ့ကလည်း ကြားသည်နှင့် ချက်ချင်း ပြန်ပြောခဲ့သည်။ "ယူ မှာပေါ့အစ်မရယ် ဒါဆိုရင်လည်း ပန်းမျိုးစေ့ရောင်းပေးနိုင်မလားလို့ သူ့ကိုမေးပေးပါဦးနော်"
ကျောက်လီကလည်း မနက်ပိုင်းတွင် လင်းဝေ့ကိုကတိပေးခဲ့သည့်အတိုင်း ညနေပိုင်းတွင် သတင်းကောင်းယူလာခဲ့သည်။ စံပယ်ပန်းနှစ်ပင်ကိုတော့ အခကြေးငွေဖြင့်ရောင်းပေးမည်ဟု ပြောလာခဲ့သည်။
ထို့ကြောင့် လင်းဝေ့သည် မန်ဒရင်းဘဲပန်းပင်နှင့် စံပယ်ပန်းပင်များ ကောင်းကောင်း ကြီးထွားနိုင်ရန် ကြွေရည်သုတ်ပန်းအိုးများကို မြေဆွေးများ ပြန်ဖြည့်နေ၏။ ပန်းအိုးကို ကောင်းကောင်း ပြင်ဆင်ပြီးလျင် ပန်းပင်များသွားယူကာ ပြောင်းစိုက်နိုင်မည်ဖြစ်သည်။
ဝမ်ဖန်းလိက ကျိုးကျန်းဟိုင်သည် မိန်းကလေးငယ်တစ်ဦးအား အိမ်ခေါ်လာကြောင်း ပြောပြစဥ် ထိုမိန်းကလေးသည် အခုမှရောက်လာသည့် ကျိုးကျန်းဟိုင်၏ ဝမ်းကွဲညီမကို ဆိုလိုကြောင်း လင်းဝေ့တန်းသိလိုက်သည်။
လင်းဝေ့က ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသည်ကိုတွေ့တော့ ဝမ်ဖန်းလိက မေးလိုက်သည်။"အာ့မိန်းကလေးက ဘယ်သူလဲဆိုတာ သိလား"
ဝမ်ဖန်းလိသည် အတင်းအဖျင်း ပြောတတ်သည်ကို လင်းဝေ့သိ၏။ ထိုမိန်းကလေးသည် ကျိုးကျန်းဟိုင်၏ ဝမ်းကွဲမှန်း သိသော်လည်း အဘယ်ကိစ္စကြောင့်လာသည်ကိုမသိ၍ လင်းဝေ့လည်း မရေမရာသာပြောလိုက်သည်။
"တပ်မှုးကျိုးရဲ့ ဇာတိက ညီမငယ်လို့ကြားတာပဲ။အသက်ဘယ်လောက်ရှိပြီဆိုတာသိလား"
"ကျွန်မလဲမသိဘူး ကျစ်ဆံမြီးထူထူနှစ်ဖက်နဲ့ပဲ အရမ်းငယ်သေးတဲ့ပုံတော့ပေါက်တယ်" ဟုဝမ်ဖန်းလိကပြောလိုက်ပြီး နောက်ရုတ်တရက် တွေးမိသွားကာ ပြောလိုက်သည်။
"နေပါဦး မဟုတ်သေးပါဘူး ကျိုးတပ်မှုးက တစ်ဦးတည်းသောသားမဟုတ်လားး ဘယ်က ညီမက ပေါ်လာတာလဲ"
လင်းဝေ့ကလည်း "ဝမ်းကွဲလေ ဝမ်းကွဲ ကလည်း မောင်နှမတွေပဲ မဟုတ်လား" ဟုပြန်ပြောလိုက်သည်။
ဝမ်ဖန်းလိကလည်း ထိုသို့တွေးလိုက်သော်လည်း "ဘာလို့ ညီမဝမ်းကွဲက ရုတ်တရက် ရောက်လာရတာလဲ။ ပြီးတော့တစ်ယောက်ထဲ လာတယ်ဆိုတော့ သူ့မိသားစုက ကောင်မလေးကို စိတ်ချတယ်တဲ့လား" ဟုပြန်ပြောလေသည်။
လင်းဝေ့ကလည်း ဝမ်ဖန်းလိ တွေးသကဲ့သို့ ကျိုးကျန်းဟိုင်ဝမ်းကွဲမိသားစုကို တွေးမိသော်လည်း ဝမ်ဖန်းလိရှေ့မှာရှိနေသေး၍ ထိန်းပြောလိုက်သည်။
"ဘာစိုးရိမ်စရာရှိလို့လဲ သူ့အစ်ကိုတပ်မှုးတစ်ယောက်လုံးရှိတာကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ"
ဝမ်ဖန်းလိကလည်း ပြန်တွေးလိုက်သည်။ သူမမိဘတွေမပါပဲ သူမအစ်ကို အိမ်သွားလည်မည်ဆိုလျင်ပင် ယောင်းမ မျက်နှာကို ကြည့်ရဦးမည်ဖြစ်သည်။နောက်ပြီး ဝမ်းကွဲဆိုတော့ အရင်းမှ မဟုတ်တာ။
သို့သော် လင်းဝေ့နှင့် တန်းရှန့်ယွင်ကလည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိမှန်းသိ၍ လင်းဝေ့ဆီက အတွင်းသတင်း မရနိုင်မှန်းသိကာ ပြောလိုက်သည်။
"ဒါပေါ့ ဒါပေါ့ မှန်တာပေါ့။ ဒါပေမယ့် မိန်းကလေးက ငယ်သေးတယ်လေ။ ဒီအချိန်ကြီး ကျွန်းပေါ်ကို ဘာလာလုပ်တာလဲ။ ဖူးစာဖက် (လင်) လာရှာတာလား" ဟုပြောလိုက်သည်။
"ရှန့်ယွင်ဆီကတော့ ဘာမှ မကြားဘူး"ဟု လင်းဝေ့က လည်း သာမန်သာ ပြန်ပြောလိုက်သည်။
ဝမ်ဖန်းလိကလည်း တွေးလေလေ ထူးဆန်းလေလေဖြစ်ကာ ပြောခဲ့သည်။ "တစ်ခုခုတော့ရှိရမယ်။ ကောင်းတဲ့ကိစ္စတော့ မဟုတ်တန်ရာဘူး။ ဘာပဲဖြစ်ဖြစ်ကျွန်းပေါ်မှာလည်း လူပျိုလူလွတ်တွေကလွဲရင် အိမ်ထောင်သည် ပြဿနာအတင်းအဖျင်းတွေကြီးပဲ"
ဆန်းလင်အခြေစိုက်စခန်းတွင် အမျိုးသားစစ်သည်နှင့်အမျိုးသမီးစစ်သည်များစွာရှိပါသည်။ သို့သော် သူတို့အားလုံးက တပ်ထဲမှာပဲ တာဝန်ထမ်းဆောင်နေကြရကာ အိမ်ထောင်ပြုမည့်ကိစ္စကို တွေးရန်အချိန်မရှိကြပေ။
လင်းဝေ့အနေဖြင့်တော့ တပ်မဟာတစ်ခုတည်းကဖြစ်ကာ တစ်ဦးနှင့်တစ်ဦး အချင်းချင်း သိကြပြီးဇာတိမြို့တွေနီးစပ်ကြလျင် လက်ထပ်ဖို့သင့်သည်ဟု တွေးမိ၏။ မိဘအိမ်နှင့်နီးလျင် လက်ထပ်ပြီးနောက်လည်း မိသားစုက ကူညီပံပိုးပေးနိုင်မည်ဖြစ်သည်။
အခြေစိုက်စခန်းတွင် နိုင်ငံနေရာ အနှံ့က လာရောက်တာဝန်ထမ်းဆောင်သည့် လူပျိုအပျိုများစွာရှိသည်။ဇာတိမြို့မတူလျင်ပင် စီရင်စုနယ် တူသည့်ဖူးစာဖက်ရှာရန်ပင် ခက်လှ၏။
တပ်မှုးအဆင့်နှင့်အထက်ရှိသည့် အရာရှိများ၏ မိသားစုဝင်များသာ စစ်တပ်မိသားစုအိမ်ရာတွင် လာရောက်နေထိုင်ခွင့်ရှိ၏။
ထို့အပြင် တပ်မှုးအဆင့်ရှိသည့်စစ်သည်အများစု ကလည်း အိမ်ထောင်သည်များဖြစ်ကြလေရာ အိမ်ထောင်ဖက် ရှာမည်ဆိုလျင်ပင် တပ်မှုးအဆင့်အောက်သာ ရှိလိမ့်မည်။
ထို့ကြောင့် ထိုအဆင့်စစ်သည်နှင့် အိမ်ထောင်ပြုမည်ဆိုလျင် စစ်တပ်ထဲလိုက်နေ၍ မရသဖြင့် ယောက္ခမအိမ်တွင် ခွဲကာ လိုက်နေရပေလိမ့်မည်။ ထို့အပြင် အနာဂတ်ဆိုသည်မှာလည်း မရေရာ မသေချာပေ။
ကျွန်းပေါ်မှာ တာဝန်ထမ်းဆောင်ကာ ကျွန်းပေါ်က ဖူးစာဖက်မရှာဘူးဆိုလျင်ပင် အိမ်ထောင်ပြုရန် ဖြစ်နိုင်ချေက နည်းလှ၏။
အိမ်ထောင်ပြုခြင်း ဆိုသည်မှာလည်း ကာယကံရှင် နှစ်ဦးနှစ်ဖက်စလုံး၏ စိတ်ဆန္ဒလည်း ပါသေး၏။ နှစ်ဦးသားသဘောတူကာ ပေါင်းဖက်ကြလျင်ပင် တစ်နှစ်ခွဲခန့်အချိန်ယူမှသာ နှစ်ဦးကြားကောင်းမွန်သည့်ဆက်ဆံရေးရနိုင်မည်ဖြစ်သည်။
လင်းဝေ့သည် ဝမ်ဖန်းလိစကားကို မထောက်ခံခဲ့ပါ။ ဝမ်ဖန်းလိ၏ ခန့်မှန်းပြောဆိုမှုများက ကောလဟာလဖြစ်လာကာ ကြာလျင် အတင်းအဖျင်းအဖြစ် ပြောင်းလဲသွားမည်။
အတင်းအဖျင်း ကောလဟာလများက လူပြောများလာလျင် လူများ၏အမြင်တွင် နာမည်သမုတ်စရာဖြစ်သွားပေလိမ့်မည်။
ကျိုးကျန်းဟိုင်၏ ငယ်ရွယ်သည့်ဝမ်းကွဲညီမသည်လည်း မိုင်ပေါင်းများစွာ ကွာဝေးသည့် ကျွန်းပေါ်သို့လာ၍ ဖူးစာဖက်ရှာသည်ဟူသော ခေါင်း စဥ်တပ်ခံရမှုသည် သူမ၏ ဂုဏ်သိက္ခာအတွက်မကောင်းပေ။
ထို့ကြော်လင်းဝေ့သည် တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "အစ်မ အာ့ဒီစကားကို ကျွန်မရှေ့မှာပဲပြောပါ။ အပြင်မှာ ဒီလို အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောပါနဲ့။ ကောင်မလေးက ဒီအတိုင်းအလည်လာတာလဲဖြစ်ချင်ဖြစ်မှာ။ အထင်လွဲရင် ပြန်အဖတ်ဆည်လို့ရမှာမဟုတ်ဘူး။ အဝေးကြီးကိုလာပြီး ဖူးစာဖက်လာရှာတယ်ဆိုတာလဲ ကြားမကောင်းဘူး"
လင်းဝေ့ပြောသည်က အကျိုးအကြောင်းသင့်မှန်း ဝမ်ဖန်းလိသိသော်လည်း လင်းဝေ့ဆီမှ အပြောခံလိုက်ရ၍ ရှက်သွားကာ တီးတိုးရေရွတ်လိုက်သည်။
"ငါက ဒီအတိုင်းပဲပြောလိုက်တာကို အာ့လောက်ကြီးပြောစရာလိုလို့လား"
ဝမ်ဖန်းလိတွင် တစ်ကိုယ်ကောင်းဆန်စိတ်ရှိကာ သူတစ်ပါးအတွက် မစဥ်းစားပေးတတ်ပေ။
ဝမ်ဖန်းလိသည် တစ်ခြားအတင်းအဖျင်းများကို လင်းဝေ့ရှေ့တွင်မဟုတ်ပဲ တစ်ခြားသူများနှင့်ပြောလျင် သူမက အရေးစိုက်မည်မဟုတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အတင်းအဖျင်းသတင်းက ဝမ်ဖန်းလိအပေါ်တွင်သာ မူတည်သည်။
ထို့ကြောင့် လင်းဝေ့လည်း ဝမ်ဖန်းလိကို ဖျောင်းဖျလိုက်သည်။"အစ်မက သာမန်ပဲ ပြောလိုက်တယ် ဆိုပေမယ့် လူတွေရဲ့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကိစ္စတွေက ရှုတ်ထွေးသွားနိုင်တယ်။ ပြီးတော့ ဒီကိစ္စကလည်း သေချာတယ်လို့မှ အာမမခံနိုင်တာ မဟုတ်ဘူးလား"
ဝမ်ဖန်းလိ၏ အတန်းပညာသည် မူလတန်းအဆင့်သာရှိသည်။ သို့သော် မူလတန်းအောင် ပညာအရည်အချင်းအဆင့်သည် အရာရှိဇနီးသည်များကြားတွင် နိမ့်ကျခြင်းမရှိသော်လည်း အဆင့်ကောင်းနေသည်တော့မဟုတ်ပါ။
ထို့အပြင် ဝမ်ဖန်းလိသည် မူလတန်းအောင်ပြီးကတည်းက စာအုပ်ကို ကောက်မကိုင်တော့ချေ။ ထို့ကြောင့် စာလုံးအချို့ကိုပင် မေ့လျော့နေပြီဖြစ်သည်။
စစ်တပ်ထဲရောက်ပြီးနောက် အရာရှိဇနီးသည်များအကြား အပြိုင်အဆိုင်များလွန်း၍ အလုပ်မှာအဆင်ပြေအောင် စကားလုံးများ ပြန်မှတ်မိအောင် ကြိုးစားထားရသည်။
သို့သော် လင်းဝေ့ သုံးလိုက်သည့် စကားစုသည် ဝမ်ဖန်းလိ သိနေကျ ပုံမှန်စကားလုံးမဟုတ်လေရာ သူမသိပ်နားမလည်လိုက်ချေ။ သို့သော် မသိနားမလည်ဟူ၍ ပြန်မေးရန်လည်း ရှက်ကာ မရေမရာသာ ပြန်ပြောလိုက်သည်။
"သိပါတယ် ကျွန်မလည်း အပြင်မှာလျှောက်ပြောပါဘူး"
ထိုသို့ပြောကာ အကြောင်းပြချက်တစ်ခုပေးရင်း လင်းဝေ့အိမ်ကနေ ပြန်သွားတော့သည်။
လင်းဝေ့အိမ်က ပြန်လာပြီးသည့်နောက် ဝမ်ဖန်းလိသည် လင်းဝေ့ ပြောသည့်စကားကို ပြန်စဥ်းစားကာ အမှန်ကို နားမလည်နိုင်ဖြစ်နေ၏။
………………
ညနေပိုင်း ညနေစာစားပြီးနောက် တန်းရှန့်ယွင်သည် ရှောင်ရှီးရှီးကို ခေါ်ကာ လင်းဝေ့အိမ် အလည်လာခဲ့သည်။
လင်းဝေ့လည်း ပုံမှန်သာ လာလည်သည်ဟုထင်ကာ ကလေစများကို အပြင်ထွက်ကစားခိုင်းပြီး တန်းရှန့်ယွင်ကို လက်ဖက်ရည်အေးတစ်ခွက် ငှဲ့ပေးကာ လောကွတ်စကားဖြင့် ဧည့်ခံလိုက်သည်။
"ဘာကိစ္စတွေများရှိလို့ ရောက်လာရတာလဲ"
"ကျွန်မ အချိန်ထပ်ယူပြီး မင်မင်နဲ့ရွေ့ရွေ့တို့အတွက် ဦးထုပ်နှစ်လုံးထပ်လုပ်ခဲ့တယ်" ဟုပြောကာ သူမအိတ်ထဲမှ ဦးထုပ်နှစ်လုံးကို ထုတ်ပြီး လင်းဝေ့ကို ကမ်း ပေးလိုက်သည်။
"ဘယ်လိုလဲ အဆင်ပြေရဲ့လား"
လင်းဝေ့ကလည်း ထိုသို့ကြားကြားချင်း ပြောလိုက်သည်။ "အရင်ကလည်း ကျွန်မအတွက် ဦးထုပ် လက်ဆောင်ပေးပြီးပြီကို အခုလည်း ကလေးတွေအတွက် နောက်နှစ်လုံးဆိုတော့ လက်မခံပါရစေနဲ့ရှင်"
"ပိုက်ဆံသိပ်မကုန်ပါဘူးရှင် ဦးထုပ်သုံးလုံးအတူထိုးတော့ချည် သိပ်မသုံးရပါဘူး။ ပြီးတော့ ရှောင်ရှီးရှီးကိုလည်း ကူထိန်းပေးပြီး စာပါသင်ပေးနေတော့ ကျွန်မကပဲ အခွင့်အရေးယူနေသလိုဖြစ်နေလို့ပါ"
" ရှောင်ရှီးရှီးကိုလည်း အရမ်းဂရုစိုက်ပေးမနေရပါဘူး။ကလေးတွေက လိမ္မာကြတော့ အချင်းချင်းဂရုစိုက်တတ်ကြပါတယ်" ဟုလင်းဝေ့က လက်ကာ ပြကာပြောလိုက်သည်။