← Chapters

Chapter 57

Vol. 5 Ch. 57

Chapter 57

Vol. 5 Ch. 57

"စာသင်ပေးတဲ့ကိစ္စကတော့ ထည့်ပြောမနေပါနဲ့။ ကျွန်မလည်း ကလေးတွေကို ဗျည်းအက္ခရာတွေပဲ သင်ပေးတာပါ။ ဒီထက်ပိုကောင်းအောင် သင်ပေးနိုင်တဲ့ဆရာမကိုပဲ ကျုရှင်လခပေးသင့်ပါတယ်"

"ရှင်က ဘာမှ မလုပ်ပေးဘူးလို့တွေးရင်လည်း ကျွန်မလည်း ဒီဦးထုပ်လေးထိုးတာက ပိုက်ဆံသိပ်မကုန်ပါဘူးရှင်။ အားနာမနေပါနဲ့။" ဟုပြောကာ ဦးထုပ်များကို လင်းဝေ့လက်ထဲထည့်ပေးလိုက်ကာ ထပ်ပြောလိုက်သည်။

"ဦးထုပ်လေးတွေကိုကြည့်လိုက်ပါဦး မကြိုက်ဘူးဆိုရင် ကျွန်မ ပြန်ပြင်ပေးပါ့မယ်"

တန်းရှန့်ယွင်၏ စကားကိုကြားတော့ လင်းဝေ့လည်း သူမလက်ထဲက ဦးထုပ်ကိုကြည့်လိုက်ကာ ပြုံးရင်း ပြောလိုက်သည်။"ရှင်ကတော့လေ ဘာလို့အာ့လိုပြောရတာလဲ…"

တန်းရှန့်ယွင် လုပ်ပေးသည့် ဦးထုပ်နှစ်လုံးမှာ လင်းဝေ့ကိုလုပ်ပေးသည့် ဦးထုပ်နှင့် ဒီဇိုင်း တူသည်။ သို့သော် ကလေးများအတွက် ဖြစ်၍ အရောင်တောက်သည့် ဘဲအမွှေးအဝါရောင် ချည်ဖြင့် ထိုးထားသည်။ ထို့နောက် မျက်လုံးနှင့် လိမ္မော်ရောင် နှုတ်သီးပုံ များကပ်ပေးထားရာ ဦးထုပ်နှစ်လုံးမှာ ဘဲကလေးများနှင့် တူနေသည်။

ကလေးတွေ အကြိုက်ပုံစံပဲ။

လင်းဝေ့လည်း ဦးထုပ်လေးကိုကြည့်ကာ သဘောကျမိသည်။ ဘဲမျက်လုံးနှင့် နှုတ်သီးများကို ကိုင်ကြည့်ကာ "ချစ်စရာကောင်းလိုက်တာ" ဟုပြောလိုက်သည်။

လင်းဝေ့က ဦးထုပ်ကို သဘောကျနေသည်ကိုမြင်လျင် တန်းရှန့်ယွင်လည်း ချက်ချင်း "ဒါဆိုလည်း မင်မင်နဲ့ ရွေ့ရွေ့ကို ခေါ်လိုက်မယ်နော် သူတို့ စမ်းပြီး ဝတ်ကြည့်ခိုင်းရအောင်" ဟုပြောကာ အိမ်အပြင်ဘက်မှာ ဆော့နေသည့် ကလေးတွေကို လှမ်းခေါ်လိုက်သည်။

ကလေးတွေက နေပူထဲဆော့တာ မကြာသေးပေမယ့် မျက်နှာမှာ ချွေးတွေရွဲနေပြီး လက်တွေလည်း ပေပွနေပြိီဖြစ်သည်။

ထို့ကြောင့် ကလေးများ ဝင်လာသည်နှင့် ခြေလက်မျက်နှာ အရင်ဆေးရန် ပြောလိုက်သည်။ ပြီးမှ ဦးထုပ်ကို စမ်းဝတ်စေလိုက်သည်။

တန်းရှန့်ယွင် လုပ်ပေးသည့်ဦးထုပ်မှာ ကလေးများ၏ အာရုံကို အလွန်ဆွဲဆောင်နိုင်ပေသည်။ ဦးထုပ်ကို တွေ့သည်နှင့် မင်မင်နှင့် ရွေ့ရွေ့မှာ ဝမ်းသာအားရအော်ဟစ်ကာ ဆောင်းကြည့်ချင်ကြသည်။

လင်းဝေ့လည်း ဦးထုပ်ကို ကလေးနှစ်ယောက်၏ ခေါင်းမှာ စွပ်ကြည့်ရာ ဦးထုပ်အဝက ကျယ်နေပြီး အရှည်မှာလည်း မျက်ခုံးမျက်လုံးဖုံးနိုင်ရုံ ကွက်တိဖြစ်နေသည်။

ထို့ပြင် ဦးထုပ်အနားစွန်းကိုလည်း နန်းကြိုးထည့်ထားရာ လမ်းလျှောက်လျင်လည်း ဦးထုပ်ပုံပျက်မည်ကို စိုးရိမ်ရန်မလိုပါ။

မင်မင်ကတော့ အပြောင်အပြက်လုပ်ရသည်ကို သဘောကျသည့် ကလေးဖြစ်ရာ ဦးထုပ်ဆောင်းပြီး သူ့လက်နှစ်ဖက်ကို အတောင်သဖွယ်ပြုလုပ်ရင်း ပြောလိုက်သည်။"ကွက် ကွက် ကွက် သားက ဘဲကလေးတစ်ကောင်ပါ"

ရွေ့ရွေ့ကတော့ မင်မင်ကဲ့သို့ အပြောင်အပြက် မလုပ်သော်လည်း သူ့ခေါင်းပေါ်က ဘဲကလေးဦးထုပ်ကို ကိုင်ကြည့်ကာ သူ့အမေ လင်းဝေ့ကို မေးလိုက်သည်။

"မေမေ ဒီဦးထုပ်က တစ်ကယ် သားအတွက်လား"

"ဒါပေါ့ ဒီဦးထုပ်နှစ်လုံးကို သားတို့အတွက် ဆိုပြီး အန်တီ တန်းရှန့်ယွင်က လက်ဆောင်ပေးတာလေ" ဟု လင်းဝေ့က ပြောပြကာ ထပ်မေးလိုက်သည်။

"ဒီလိုအချိန် ဆို သားတို့ ဘယ်လိုစကားမျိုးပြောသင့်လဲ"

" ကျေးဇူးတင်ပါတယ် အန်တီ တန်း"

ကလေးနှစ်ယောက်ကလည်း တစ်ချိန်တည်း ညီညီညာညာ ကျေးဇူးတင်စကားပြောလိုက်ကြသည်။

"ရပါတယ်ကွယ် သားတို့ဦးထုပ်ဆောင်းရတာ အဆင်မပြေရင် ပြောနော် အန်တီ ပြန်ပြင်ပေးမယ်" ဟု တန်းရှန့်ယွင်ကလည်း ပြုံးကာပြောလိုက်သည်။

မင်မင်ကလည်း ခေါင်းကို ခါကာ "သားတို့ဆောင်းရတာ အရမ်းအဆင်ပြေပါတယ် ပြန်ပြင်စရာ မလိုပါဘူး" ဟုပြောလိုက်သည်။

ရွေ့ရွေ့က ရှောင်ရှီးရှီးကို လှည့်ကာ မေးလိုက်သည်။

"မင်းရော ဦးထုပ်မတောင်းဘူးလား"

ရှောင်ရှီးရှီးကတော့ ဘာမှ ပြန်မပြောပဲ နှုတ်ခမ်းလေးကိုက်ကာ သူ့အမေကို ကြည့်လိုက်သည်။

တန်းရှန့်ယွင်က သူ့သားခေါင်းကို အသာအယာကိုင်လိုက်ကာ ပြောလိုက်သည်။"သားဦးထုပ်လည်း မေမေ လုပ်ပေးနေတယ်နော် မပြီးသေးလို့နော် ပြီးသွားရင် သားတို့အတူတူ ဆောင်းကြနော် "

ရွေ့ရွေ့ကလည်း ပါးစပ်ကလေး ဟကာ မေးလိုက်သည်။

" ရှောင်ရှီးရှီးရဲ့ ဦးထုပ်က ဘယ်အချိန်ပြီးမှာလဲ"

တန်းရှန့်ယွင်ကလည်း တစ်ခဏ စဥ်းစားကာ ပြောလိုက်သည်။" သုံးလေး ရက်အတွင်း ပေါ့"

ရွေ့ရွေ့ကလည်း သက်ပြင်းရှည်လေးချကာ ဦးထုပ်ချွတ်ရင်းပြောလိုက်သည်။"ဒါဆိုရင် သားလည်း အခုမဆောင်းသေးပါဘူး ရှောင်ရှီးရှီးရဲ့ ဦးထုပ်ရမှ အတူတူ ဆောင်းတော့မယ်"

ရွေ့ရွေ့ရဲ့စကားကိုတော့ မင်မင်က လည်း သူ့ဦးထုပ်ကို ချွတ်လိုက်သည်။"ဒါဆို သားလည်း အခု မဆောင်းသေးဘူး။ နောက်မှ အတူတူဆောင်းကြမယ်။ ဒါဆိုရင် သားတို့က ဘဲကလေး သုံးကောင် ဖြစ်သွားမယ် ကွက် ကွက် ကွက်"

မင်မင်၏ ရယ်ချင်စရာ ဘဲကလေးပုံစံ လမ်းလျှောက်နေသည်ကိုကြည့်ကာ ရှောင်ရှီးရှီးကလည်း မနေနိုင်ပဲ အော်ရီလိုက်ကာခေါင်းငြိမ့်ရင်းပြောလိုက်သည်။

"ဟုတ်တယ် အတူတူဆောင်းရအောင်"

ကလေးသုံးယောက် သဘောတူညီမှု ယူကာ ဦးထုပ်ကို လူကြီးများအား ပြန်ကမ်းပေးလိုက်ရင်း လက်ချင်းချိတ်ကာ ပြန်ထွက်သွားကြသည်။

တန်းရှန့်ယွင်က လက်ထဲမှာ ဦးထုပ်ကို ကိုင်ထားရင်း ကလေးများ၏ နောက်ကျောကိုကြည့်ကာ ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။

" ရွေ့ရွေ့က သူများကိုအရမ်းဂရုစိုက်တတ်တာပဲ ပြီးတော့ စဥ်းစားဆင်ခြင် တတ်တယ်နော်"

" ရှောင်ရှီးရှီးလေးကလည်း စဥ်းစားဆင်ခြင်တတ်ပါတယ် အစ်မရယ်"

ကလေးအများစုက ဝေမျှလိုစိတ်မရှိပဲ မောင်ပိုင်စီးလိုစိတ်ရှိကြသည်။ ထိုကိစ္စကြောင့်လည်း မောင်နှမ များအကြား ရန်ဖြစ်လေ့ရှိသည်။

ရွေ့ရွေ့နှင့်မင်မင်တို့ ဦးထုပ်ဆောင်းကြည့်နေသည့်အချိန်တွင် ရှောင်ရှီးရှီးသည်လည်း အနည်းငယ် စိတ်မကောင်းဖြစ်နေပုံပေါ်သည်။

သို့သော် စိတ်ဆိုးစိတ်ကောက်လုံးဝမလုပ်ပဲ သူ့အမေက သူ့အတွက်လည်း ဦးထုပ်လုပ်ပေးမည် ဆိုသည်နှင့်တစ်ပြိုင်နက် ဝမ်းနည်းမှုလည်း ချက်ချင်းပျောက်သွားသည်။

တန်းရှန့်ယွင်လည်း လင်းဝေ့၏ စကားကြောင့် အနည်းငယ် ကြောင်အသွားသည်။ ထို့နောက် စောနက ကလေးများအကြား ဖြစ်ပျက်သွားသည့် ကိစ္စကိုပြန်တွေးလိုက်ကာ သူ့အမှားကိုစဥ်းစားမိလိုက်ပြီး ဝန်ခံလိုက်သည်။

"ကျွန်မလည်း သေချာ မတွေးမိလိုက်တာပါ"

သူမ ကလေးကို ကြည့်ရှုပေးသည့်အတွက် လင်းဝေ့ကို အကြွေးတင်နေသကဲ့သို့ ခံစားနေရသည်။ ထို့ကြောင့် ဦးထုပ်နှစ်လုံးလုပ်ကာ ပေးလိုက်သည်။ သို့သော် သူမသားအပါအဝင် ကလေးသုံးယောက်ရှိသည်ကိုတော့ ထည့်မတွက်ခဲ့ပေ။

"ဒီတစ်ခေါက် မစဥ်းစားမိပေမယ့် နောက်ကျရင်တော့ အာ့လိုဖြစ်မှာ မဟုတ်တော့ဘူးလေ" ဟုလင်းဝေ့က နှစ်သိမ့်လိုက်ကာ ဦးထုပ်ကိုကြည့်ကာပြောလိုက်သည်။

"ကျွန်မတို့ ကလေးတွေ ဦးထုပ်ဆောင်းပြီးအပြင်ထွက်ရင် ဘယ်လိုဖြစ်မလဲ မသိဘူးနော်"

တန်းရှန့်ယွင်ပြန်မဖြေခင် လင်းဝေ့က ပြန် ပြောလိုက်သည်။"မိသားစုအိမ်ရာမှာရှိတဲ့ တစ်ခြားကလေးတွေက ဘဲကလေးဦးထုပ်ဆောင်းထားတဲ့ ကျွန်မတို့ကလေးတွေကို မနာလိုကြတော့မှာပဲ"

တန်းရှန့်ယွင်ကလည်း ပြုံးကာ ပြောလိုက်သည်။ "အာ့လောက်တော့ မဟုတ်လောက်ပါဘူးရှင်"

"ဘာလို့မဟုတ်ရမှာလဲ ရှင် ကျွန်မ အတွက် လုပ်ပေးတဲ့ ဦးထုပ်ကိုလည်း သူများတွေ အရမ်းကြိုက်ကြတာ။ အစ်မလျိုနဲ့ တစ်ခြားသူတွေဆို ဘယ်မှာ ဝယ်တာလဲတောင်မေးနေကြတာ။ ကျွန်မလည်း အစ်မတန်းလုပ်ပေးတာလို့ပြောတော့ သူတို့အတွက်လည်း လုပ်ပြီး ရောင်းပေးနိုင်မလားမေးနေကြတာ"

လောလောဆယ် ဦးထုပ်လုပ် မရောင်းဖြစ်ရင်တောင် နောက်ပိုင်း တန်းရှန့်ယွင် စဥ်းစားနိုင်အောင် လင်းဝေ့က ပြောပြခြင်းဖြစ်သည်။

"ကျွန်မက အခု အလုပ်နဲ့ဆိုတော့ ဦးထုပ်လုပ်ဖို့အချိန်မရှိတော့ဘူးလေ ဒါပေမယ့် သူတို့ကြိုက်တယ် ဆိုရင်တော့ ဦးထုပ် ဘယ်လိုလုပ်ရမလဲ ပြောပြပေးလို့ရပါတယ်" ဟု တန်းရှန့်ယွင်က နှိမ့်ချစွာပြောလိုက်သည်။

"အာ့လိုဆိုရင် မကောင်းလောက်ဘူးထင်တယ်နော် ဦးထုပ်ဒိီဇိုင်းတွေက အစ်မတန်းရဲ့ ဒီဇိုင်းတွေလေ"

တန်းရှန့်ယွင်၏ ဦးထုပ်ဒီဇိုင်းသည် ဆယ်စုနှစ်တစ်ခုအကြာတွင်တော့ ဘာမျှ မဟုတ်ဟု ထင်ရသော်လည်း ယခုလက်ရှိတွင်တော့ တရုတ်ပြည်မကြီးတွင် လူကြိုက်များနိုင်သည့်ဦးထုပ်ဒီဇိုင်းဖြစ်သည်။

နှစ်အနည်းငယ်ကြာလျင် တန်းရှန့်ယွင်သည် ဦးထုပ်လုပ်ရောင်းကာ စီးပွားရှာနိုင်လိမ့်မည်ဟုပင် လင်းဝေ့ ယုံကြည်သည်။ သို့သော် သူမ၏ လက်မှုပညာကို ဖွက်ထားလျင်မူ ငွေရှာနိုင်မည်မဟုတ်ချေ။

တစ်ဖက်ကကြည့်လျင် တန်းရှန့်ယွင်က အခြားအရာရှိဇနီးသည်များကို ဦးထုပ်လုပ်နည်း သင်ပေးလိုက်ပါက မိသားစုအိမ်ရာရှိ လူတိုင်း ဦးထုပ်ဒီဇိုင်းကို လုပ်နိုင်သွားမည်။

ထို့အပြင် တပ်အပြင်ကို ရွေ့ပြောင်းသွားသော အရာရှိဇနီးသည်များပါ ရှိလာလျင် တန်းရှန့်ယွင်၏ ဦးထုပ်ဒီဇိုင်းမှာ လူတိုင်းလုပ်နိုင်သည့် ဒီဇိုင်းဖြစ်သွား၍ အထူးဒီဇိုင်းဦးထုပ်ဖြစ်တော့မည်မဟုတ်ပါ။

ထို့ကြောင့် တစ်ချိန်ချိန်တွင် အစိုးရက တစ်နိုင်တစ်ပိုင်စီးပွားရေးကို ခွင့်ပြုပေးခဲ့လျင် တန်းရှန့်ယွင်သည် ဦးထုပ်ပြုလုပ်ကာ စီးပွားရှာနိုင်ဖို့ အခွင့်အရေး ရလိမ့်မည်။

သူများကို ဒီဇိုင်းပြောပြလိုက်ပါက စီးပွားရေးလုပ်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် တန်းရှန့်ယွင်ကို ပြန်လည် စဥ်းစားစေချင်သည်။

လင်းဝေ့၏စကားကိုကြားလျင် တန်းရှန့်ယွင်က ရီမောကာပြောလိုက်သည်။ "အစ်မက အစိုးရအဖွဲ့အစည်းအကြောင်း တွေပါ ပြောနေပြီပေါ့။ အစိုးရက ဘယ်လိုလုပ် လုပ်ခွင့်ပေးမှာလဲ။ လုပ်ခွင့်ပေးလာရင်တောင်ကျွန်မတော့ လုပ်နိုင်လိမ့်မယ် မထင်ဘူး"

"အခွင့်အရေးရလို့ လုပ်ငန်းလုပ်ပြီး အောင်မြင်လာနိုင်ရင်ကော" လင်းဝေ့က ထပ်မေးလိုက်သည်။

"စီးပွားဖြစ်လာမယ် ဆိုရင်တောင် ကျွန်မက အခုဆုံးဖြတ်ချက်ကို နောင်တမရပါဘူးရှင်။ အစ်မလည်း သူများတွေပြောနေတဲ့ ကျွန်မ အကြောင်းကို ကြားဖူးမှာပါ ကျွန်မက……"

တန်းရှန့်ယွင်က ပြောလက်စ စကားကို ရပ်လိုက်ကာ မျက်နှာညိုးငယ်သွားသည်။"အခွင့်အရေးရလာရင်တောင် ကျွန်မ မလုပ်ချင်ပါဘူး အခုလည်း ကျွန်မ မိသားစုလေးက ငြိမ်းချမ်းနေတာပဲ ကျွန်မအတွက် ဒီလိုလေးပဲ အဆင်ပြေပါတယ်"

လင်းဝေ့လည်း တိတ်ဆိတ်သွားသည်။ တန်းရှန့်ယွင် အဘယ့်ကြောင့် ဤသို့တွေးနေမှန်းလည်း လင်းဝေ့သိသည်။

အမှန်တော့ တန်းရှန့်ယွင် ကိုယ်တိုင်လည်း အရင်က လင်းဝေ့ တွေးသကဲ့သို့ တွေးခဲ့သည်။ အလုပ်အကိုင်လည်းရှိကာ ခင်ပွန်းနှင့်သားနှင့် ပျော်ရွှင်စွာနေထိုင်ရန် စိတ်ကူးအိပ်မက်လေးရှိခဲ့ဖူးသည်။

သူမအိပ်မက်သို့ ကြိုးစားလျှောက်လှမ်းရာတွင် သူမ၏ တည်ငြိမ်နေသော ဘဝလေးကို အဖျက်ဆီးခံလိုက်ရသည်။ နောက်ပိုင်း လောကကြီးအကြောင်းကို ပိုသိလာခဲ့ရသည်။

သုံးနှစ်အကြာတွင် ကောလိပ်များပြန်ဖွင့်ကာ ဝင်ခွင့်လက်ခံတော့မည်။

လေးနှစ်အကြာတွင် လုပ်ငန်းခွင်ထဲဝင်ရမည်။

သူမတို့ခတ်က လူငယ်များသည် အခွင့်အလမ်းများစွာရရှိခဲ့သည်။ ရွေးချယ်စရာ အခွင့်အရေးများစွာလည်းရရှိခဲ့သည်။

သို့သော် တန်းရှန့်ယွင်သည် ထိုအရာများကိုစိတ်မဝင်စားတော့ပါ။ သူမလိုချင်ခဲ့သည်က တည်ငြိမ်တဲ့ဘဝနေထိုင်မှုပုံစံပင် ဖြစ်သည်။ လင်းဝေ့လည်း သူမ၏ အရင်ဘဝကို ပြန်စဥ်းစားမိသည်။

သူမလည်း အရင်ဘဝက ရည်မှန်းချက်များရှိခဲ့ကာ တည်ငြိမ်သည့် ဘဝကို လိုချင်ခဲ့သည်။ သူမသာ ရှင်သန်နိုင်ခဲ့လျင် ကောလိပ်ဆက်တက်ကာ ပိုကောင်းသည့်အလုပ်လုပ်ရင်း ငွေအများကြီး ရှာနိုင်မည်ဖြစ်သည်။

လင်းဝေ့လည်း သူမဘဝကိုတွေးရင်း တန်းရှန့်ယွင်၏ ဦးထုပ်ကိုကြည့်ကာ စီးပွားရေးလုပ်နိုင်မည့်အလားအလာကို တွေ့မိခြင်းဖြစ်သည်။ တန်းရှန့်ယွင်၏ လက်ရှိ ဆုံးဖြတ်ချက်ကြောင့် နောက်ပိုင်းနောင်တရမည်ကို စိုးရိမ်နေမိသည်။

သို့သော် လင်းဝေ့သည် နောက်နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်လာမည့် အကြောင်းအရာများကိုတော့ မပြောပြခဲ့ပါ။ ထို့ကြောင့် သတိပေးသည့်အနေဖြင့်သာ "နောက်နှစ်တွေကျရင်ကော စိတ်ပြောင်းနိုင်လောက်လား" ဟုမေးလိုက်သည်။

"ကျွန်မ စိတ်ပြောင်းသွားရင်တောင် အခုဆုံးဖြတ်ချက်ကြောင့်တော့ နောင်တမရပါဘူး"

All Chapters