Chapter 59
Vol. 5 Ch. 59
စက်ရုံကို အလုပ်ပြောင်းရွေ့ပြီးနောက် သူ၏ဒေါသကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။ အချိန်ကြာလာတော့ သူ့အတိတ်အကြောင်းကိုလည်း မေ့မေ့လျော့လျော့ ဖြစ်လာကာ နောက်အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။
သူတို့နှစ်ဦးသည် အစပထမတွင်တော့ ဆက်ဆံရေး အဆင်ပြေကြသည်။ သို့သော် လူဟူသည်မှာ မိမိ၏အကျင့်စရိုက်ကို ကြာကြာမဖုံးကွယ် ထားနိုင်ပါ။ ထိုစုံတွဲမှာ စကားများရန်ဖြစ်ကြပြီး အမျိုးသမီးအပေါ်ကို လက်ပါလာခဲ့သည်။
အမျိုးသမီးမှာလည်း အရိုက်အနှက်ခံရ၍ ဤယောကျာ်း မကောင်းမှန်းသိကာ လမ်းခွဲချင်ခဲ့သော်လည်း ရလဒ်အနေဖြင့် ထိုအမျိုးသားမှာ သူမအပေါ် ပိုမိုဆိုးရွားစွာ ဆက်ဆံလာခဲ့သည်။ နောက်ဆုံးတွင် အမြဲ တစ်ဖက်သတ်ရိုက်နှက်နှိပ်စက်သည့်အခြေအနေဖြစ်လာခဲ့သည်။
အမျိုးသမီးမှာ အရိုးကျိုးသည်အထိ ရိုက်နှက်ခံရကာ သူမမိသားစုမှာလည်း သူ့ကိုတရားစွဲသည်အထိဖြစ်ခဲ့သည်။ သို့နှင့် သူ၏ ဖုံးကွယ်ထားသော အတိတ် အကြောင်းအရာများမှာ ပြန်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် အမျိုးသား၏ မိဘများလာရောက်ကာ ပြသနာများကို ဖြေရှင်းပေးခဲ့ရသည်။
ပြသနာများဖြေရှင်းပြီးနောက် အကြမ်းဖက်တတ်သည့်သူတို့သားအနာဂတ်အတွက် စိုးရိမ်လာကြသည်။ထို့နောက် အိမ်ထောင်ထပ်ပြုပေးရန် စဥ်းစားလိုက်ကြသည်။
သူတို့တွေးထင်ကြသည်က သူတို့သားသည် ယခင်က လိမ္မာရေးခြားရှိပြီး သေဆုံးသွားသည့် ဇနီးအဟောင်းက စရိုက်မကောင်း၍ သူတို့သားလည်း စရိုက်ဆိုးရွားလာသည်ဟု ထင်နေကြသည်။
ဇနီးကောင်း တစ်ယောက်နှင့် လက်ထပ်ပေးလိုက်လျင် သူတို့သားလည်း ပြန်လိမ္မာလာမည်ဟု တွေးထင်နေကြသည်။
သို့သော် အရင်မိန်းကလေးများကို ရိုက်နှက်သည့်ကိစ္စများကြောင့် သူ၏ ဂုဏ်သတင်းမှာလည်း မကောင်းတော့ချေ။ သမီးမိန်းကလေးအိမ်များသို့ သူတို့မိသားစုမှ လွှတ်လိုက်သည့် အောင်သွယ်တော်များကိုပင်လျင် အိမ်ထဲဝင်လာသည်ကိုတွေ့သည်နှင့် နှင်ထုတ်လိုက်ကြသည်အထိဖြစ်လာသည်။
ထိုကဲ့သို့အကြိမ်ကြိမ်ဖြစ်ပြီးနောက် သူတို့လည်း အခြားနယ်ဘက်မှ မိန်းကလေးကိုသာ လိုက်ရှာတော့သည်။
ထိုသို့ လိုက်ရှာရင်း ချန်ပါးမေ့ကို တွေ့ခဲ့ခြင်းဖြစ်သည်။
ပထမတော့ ချန်ပါးမေ့သည် သူမမိဘများမှာ သတို့သား၏ မကောင်းသတင်းများကို မသိ၍ သူမနှင့်စီစဥ်ပေးခဲ့သည်ဟု ထင်နေကာ ထိုကိစ္စပြောပြလိုက်လျင် လက်ထပ်ပွဲဖျက်ပေးလိမ့်မည်ဟု ထင်နေသည်။
မိဘကိုပြောပြရန် တွေးနေသည်ကို သူမ၏အစ်မ"လေး" သိလျင် သူမကို ဆူပူတော့သည်။ သူမမိဘများကို ထိုကိစ္စပြောပြလိုက်သည်နှင့် သေသည်အထိ အရိုက်မခံရအောင်သာ အမွှေးတိုင်ထွန်းဆုတောင်းပေတော့ ဟု ပြောလိုက်သည်။
တန်းရှန့်ယွင်ပြောပြသည်ကိုနားထောင်ရင်း လင်းဝေ့လည်း "အစ်မ 'လေး'က အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ" ဟု မနေနိုင်ပဲ ပြောမိသွားသည်။
တန်းရှန့်ယွင်ကလည်း ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ် ကျွန်မကြားဖူးတာတော့ သူက ငယ်ငယ်လေးကတည်းက ညဏ်ကောင်းတာတဲ့။ ဒါပေမယ့် သူတို့မိသားစုက သားကိုပဲထောက်ပံ့ပေးပြီး သူ့ကိုကျောင်းမထားပေးကြဘူး။"
" ကျောင်းမတက်ခဲ့တာတောင် ဒီလောက်ဖြတ်ထိုးညဏ်ကောင်းတာနော် သူ့ဘဝကတော့ အဆိုးဆုံးတွေကြုံရလျင်လည်း ရင်ဆိုင်နိုင်လောက်တယ် ဒါနဲ့ အစ်မတို့ဆီ ညီမ ချန်ပါးမေ့က ဘယ်လိုရောက်လာတာလဲ"
"ပြောရရင်တော့ ဒီအကြံကလည်း နံပါတ်လေး အစ်မ ပေးတဲ့အကြံပဲ"
အစ်မ"လေး" ၏ နာမည်မှာ ချန်နဥ်တိဖြစ်သည်။ သူမသည် သူမ၏ညီမ ပါးမေ့ကိုဆူပြီးမှ ပြန်သနားသွားကာ သေချာပြောပြလိုက်သည်။
" အဖေနဲ့အမေက အကြမ်းဖက်တဲ့ကိစ္စကို သိထားမသိထား ညီမ သိချင်ရင် မသိမသာ တီးခေါက်ကြည့် အဖေတို့ကိုသာ ညိီမသိတဲ့ အကြောင်း သွားမပြောလိုက်နဲ့" ဟု အကြံညဏ်ပေးကာ ကိုယ့်ကိုယ်ကို ရောင်းစားလိုက်ဖို့ထိ မ'အ ရန် ပြောလိုက်သည်။
ချန်ပါးမေ့သည် သူ့အစ်မ"လေး" လောက် ညဏ်မပြေးသော်လည်း သူ့အစ်မ စကားနားထောင်သည့်နေရာမှာတော့တော်ပါသည်။ ထို့ကြောင့်အိမ်ပြန်နေကာ သူမ မိဘများကို တီးခေါက်ကြည့်ပြီးနောက် မိဘများကို ယုံကြည်ရန်မသင့်တော့ကြောင်း နားလည်လာခဲ့သည်။
သူမမိဘနှစ်ပါးစလုံးသည် သတို့သားလောင်း နှိပ်စက်၍ ဇနီးဟောင်း မိမိကိုယ်ကို သတ်သေသွားမှန်းလဲသိသည်။ ထို့ကြောင့် တင်တောင်းငွေကိုလည်း ပိုပိုသာသာ ထပ်တောင်းလိုက်သေးသည်။
ထို့ကြောင့် ချန်ပါးမေ့မှ လက်ထပ်ပွဲကို ဖျက်ချင်သည်ဟုပြောလိုက်ပါက သူမမိဘများက လုံးဝလက်ခံမည်မဟုတ်ချေ။
ထို့ကြောင့် ချန်ပါးမေ့သည် ကြံရာမရဖြစ်လာသည်။
သူမ၏ ကံကြမ္မာဟူ၍လည်း လက်မခံလိုက်ချင်ပါ။သူမလည်း မကြံတတ်တော့ကာ အစ်မ"လေး" ဆီ ပြန်သွားကာ ကူညီရန် အကြံညဏ်တောင်းလိုက်သည်။
"ဒါနဲ့အစ်မ"လေး"ရဲ့အကြံက ချန်ပါးမေ့ကို အစ်မတို့ဆီ ပို့လိုက်ဖို့လား" ဟု လင်းဝေ့က နားမလည်နိုင်ပဲ မေးလိုက်သည်။
"ခရီးသွားဖို့ တည်းခိုခန်းမှာတည်းဖို့ ထောက်ခံစာတွေမလိုဘူးလား မိန်းကလေးတစ်ယောက်ထဲ ခရီးထွက်ဖို့ ထောက်ခံသွားလုပ်တော့ သူတို့အဖွဲ့အစည်းခေါင်းဆောင်က မိဘကို အကြောင်းမကြားနိုင်ဘူးလား ဒါဆို မိဘတွေက လက်ထပ်ပွဲရှောင်ပြေးတာသိသွားနိုင်ပြီး သွားခွင့်မပြုတာမျိုးဖြစ်မလာနိုင်ဘူးလား"
တန်းရှန့်ယွင်ကလည်း ခေါင်းငြိမ့်လိုက်သည်။
"အစ်မ"လေး" ကလည်း သူ့ယောကျာ်းကို အကူအညီအတောင်းပြီး ချန်ပါးမေ့ရဲ့ ခရီးသွား ထောက်ခံစာကို လုပ်ပေးလိုက်တာ။ အဖွဲ့အစည်းခေါင်းဆောင်ကို အားဟိုင်ဆီ အလည်အပတ်ဆိုပြီး ထောက်ခံစာလုပ်ခိုင်းလိုက်တာ။ ကျွန်းကိုလာဖို့က ညီမ ပါးမေ့ရဲ့အကြံပါ။ သူ့မိဘတွေရဲ့ရန်ကိုကြောက်လို့ ပိုဝေးတဲ့နေရာကို လာခဲ့တာ"
"အဖွဲ့အစည်းခေါင်းဆောင်က ဘာမှမစုံစမ်းတော့ပဲ အစ်မ"လေး" တို့ပြောတာကို ယုံပြီး ထောက်ခံပေးလိုက်တယ်ပေါ့" ဟု လင်းဝေ့က မယုံကြည်နိုင်စွာမေးလိုက်သည်။
"ချန်အစ်မ'လေး'ရဲ့ အမျိုးသားက အားဟိုင်တို့မိသားစုနဲ့ တပ်မဟာ အတူတူပဲလေ။ ပြီးတော့ သူမ ယောက္ခမကြီးကလည်း တပ်မဟာရဲ့ အတွင်းရေးမှုးလေ" ဟု တန်းရှန့်ယွင်က ရှင်းပြလိုက်သည်။
"ချန်အစ်မ 'လေး'ရဲ့အမျိုးသားကလည်း သူ့မိသားစုမှာ အကြီးဆုံးသားပြီးတော့ သူက တပ်ထဲမှာ အဖွဲ့ခေါင်းဆောင်ဆိုတော့ ကိစ္စတွေက ပိုလွယ်ကူသွားတာပေါ့"
ချန်အစ်မ'လေး'၏ ယောက္ခမကြီးဖြစ်သော တပ်မဟာအတွင်းရေးမှုးက လုပ်ပေးပါဆိုလျင် အဖွဲ့အစည်းခေါင်းဆောင်က ချက်ချင်းပင် လုပ်ပေးမည်ဖြစ်သည်။ ထို့အပြင် သူမအမျိုးသား၏ ထောာက်ခံပေးမှုပါ ပါလျင် အခြေအနေက ပြောင်းလဲသွားနိုင်၏။
တစ်ဦးက တပ်ဖွဲ့ခေါင်းဆောင်ဖြစ်ပြီး တစ်ဦးက တပ်မဟာအတွင်းရေးမှုး ဖြစ်နေရာ အဖွဲ့အစည်းခေါင်းဆောင်အနေဖြင့် မည်သည်က ပိုအရေးကြီးလဲ မေးကြည့်စရာပင်မလိုချေ။
"အစ်မ'လေး'ကတော့ ပြသနာကို ဘယ်လိုကိုင်တွယ်ရမလဲတစ်ကယ်သိတဲ့ လူပဲနော်" ဟု လင်းဝေ့က သက်ပြင်းချကာ ပြောလိုက်သည်။
လင်းဝေ့လည်း သက်ပြင်း ထပ် ချကာ ထပ်မေးလိုက်သည်။"ချန်အစ်မ'လေး'က ချန်ညီမ'ရှစ်'အတွက် ဖူးစာဖက်ရှာပေးဖို့ ဒီပို့လိုက်တာလား"
လင်းဝေ့လည်း ချန်ပါးမေ့က ဘာလို့သူမဇာတိမြို့မှာ ဖူးစာဖက်မရှာနိုင်ရတာလဲဟု မမေးလိုက်ပါ။ ဖြစ်ပျက်နေသည့်အကြောင်းအရာများက မေးနေစရာပင်မလိုပါ။
အရင်အိမ်ထောင်ရှိဖူးပြီး အကြမ်းဖက်တတ်သည့်လူက လာရောက် တောင်းရမ်းခြင်းခံရသည်။ ပုံမှန်မိသားစုများက ထိုသူမျိုးနှင့် သူတို့သမီးကို ပေးစားမည်မဟုတ်ချေ။ သာမန်မိသားစုနှင့်မတူပဲ ချန်ပါးမေ့က အဘယ့်ကြောင့် လက်ဆက်ပေးခံရသနည်း။
တင်တောင်းငွေ ပမာဏသာကြည့်သော သူမ၏ သွေးအေးအေး မိဘနှစ်ပါးကြောင့်သာ ဤလက်ထပ်ပွဲကို စီစဥ်ခြင်းခံခဲ့ရသည်။
ချန်ပါးမေ့အတွက် လုံးဝလက်ခံနိုင်စရာမရှိပါ။ သို့သော် သူမသည် ဇာတိမြို့မှလွဲ၍ ဘယ်ကိုမှလဲ မသွားတတ်ခဲ့သည့်ကျေးလက်တောသူလေးဖြစ်နေ၏။
"အာ့လိုဖြစ်သွားတယ်" တန်းရှန့်ယွင်က ခေါင်းငြိမ့်ကာပြောလိုက်သည်။
"မနက်ခင်းတုန်းက အားဟိုင်က သူ့အစ်မ 'လေး'ကိုဖုန်းဆက်လိုက်သေးတယ်။ သူ့အစ်မက အဆင်ပြေမယ်ဆိုရင် ချန်ပါးမေ့အတွက် ကျွန်းပေါ်မှာ အဆင်ပြေနိုင်မယ့် အိမ်ထောင်ဖက်ရှာပေးဖို့ ပြောလိုက်သေးတယ်"
ချန်အစ်မ'လေး'က ဤသို့ပြောလိုက်သေးသည်။
"အိမ်ထောင်ဖက်အခြေအနေက ငွေကြေးချမ်းသာဖို့မလိုဘူး။ ရိုးသားကြိုးစားရင်ရပြီ။ မိဘမဲ့ဆိုလည်း ကိစ္စမရှိဘူး။ အကြမ်းဖက်တတ်တဲ့သူနဲ့ လက်ထပ်ပြီး သေတာထက်စာရင် အခြေအနေ ပိုကောင်းတယ်"
သူ့ ဝမ်းကွဲ အစ်မ'လေး'၏ မိဘမဲ့လည်း ရတယ် ဟုပြောလိုက်သောစကားတွင် ကျိုးကျန်းဟိုင်ပင် ကြောင်အသွားသည်။
လင်းဝေ့လည်း ခဏငြိမ်သက်သွားသည်။ ထို့နောက် တစ်ချက်ပြန်စဥ်းစားမိကာမေးလိုက်သည်။
"သူက မင်္ဂလာပွဲက ထွက်ပြေးလာတော့ တစ်ဖက်မိသားစု က လက်မခံပဲ ပြန်လိုက်ရှာရင်ကော။ တပ်မှုးကျိုးအတွက် ပြသနာတက်မလာနိုင်ဘူးလား"
"အာ့ဒီမိသားစုအတွက် မစိုးရိမ်ပါနဲ့။ သူတို့သားလည်း အပြစ်ကင်းတာ မဟုတ်တော့ အကျယ်ချဲ့ချင်မှာမဟုတ်ဘူး။ ချန်ညီမ "ရှစ်" ရဲ့မိဘတွေလည်း သူတို့တစ်ဘဝလုံး ဇာတိခရိုင်ကနေ အပြင်ကိုတစ်ခါမှ မထွက်ဖူးတော့ သူတို့သမီးကို လိုက်ရှာဖို့ဆိုတာမဖြစ်နိုင်ဘူး။ လာရှာတွေ့ ခဲ့ရင်တောင် ဆွေမျိုးတွေဆီ အလည်လာတယ်ဆိုတဲ့ထောက်ခံစာရှိလို့ ပြသနာမရှိပါဘူး"
ချန်ပါးမေ့သည် အဖွဲ့အစည်းခေါင်းဆောင်ဆီမှ ထောက်ခံစာလည်းပါပြီး ကျိုးကျန်းဟိုင်တို့ မိသားစုကလည်း သူမအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံကြကာ သူမမိဘများလည်း ပြသနာရှာရန်မဖြစ်နိုင်ပါ။
ချန်ပါးမေ့ ကိုယ်တိုင်လည်း စိုးရိမ်စရာတော့မလိုပါ။သူမမိဘတွေ ရောက်လာလျင်ပင် ချန်ပါးမေ့သည် အသက်မပြည့်သေး၍ လက်ထပ်ပွဲကို ရုတ်သိမ်းပေးရန် ကူပြောပေးလို့ရသည်။
ချန်ပါးမေ့ အသက်ပြည့်သွားခဲ့လျင်လည်း သူမဘဝကို သူမကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့် ရှ်ိလာမည်။မျက်မှောက်ခေတ် အဖွဲ့အစည်းသည်လည်း လွတ်လပ်စွာကြိုက်နှစ်သက်သူကို လက်ထပ်ခွင့်ရှိရာ မကြိုက်လျင်ငြင်းဆိုခွင့်ရှိလာသည်။
ချန်ပါးမေ့ နေထိုင်ခဲ့သည့်နေရာသည် တောရွာငယ်လေးဖြစ်ရာ လွတ်လပ်စွာ လက်ထပ်ခွင့်ကို မည်သူမျှ အရေးမထားကြသော်လည်း ဆန်းလင် အခြေစိုက်စခန်းကဲ့သို့ စစ်တပ်ထဲရှိ လူများကြားတွင် တော့မတူတော့ချေ။
တန်းရှန့်ယွင်၏ ဆိုလိုရင်းကို နားထောင်ကာ လင်းဝေ့က မေးလိုက်သည်။"ဒါဆို အစ်မတန်းက ညီမ ချန်ပါးမေ့ကို ခေါ်ထားဖို့ဆုံးဖြတ်လိုက်ပြီပေါ့"
"ကျွန်မလည်း အားဟိုင်နဲ့ ဆွေးနွေးပြီးပြီ။ လောလောဆယ်တော့ ကျွန်မတို့နဲ့ အတူနေခိုင်းလိုက်မယ်။ မဟုတ်လည်း ဆွေမျိုးတွေဆီ အလည်လာတယ်ဆိုတဲ့ထောက်ခံစာလည်း ရှိတယ်ဆိုတော့ သူမ အသက်ပြည့် အရွယ်ရောက်လာမှပဲ သူမ သဘောကျတဲ့သူနဲ့ လက်ထပ်တာဖြစ်ဖြစ် အလုပ်ဝင်ပြီး အလုပ်အမှတ် ယူတာဖြစ်ဖြစ် လုပ်နိုင်အောင် စီစဥ်ပေးရမှာပဲ"
ချန်ပါးမေ့သည် စစ်တပ်မိသားစုဝင်မဟုတ်၍ စစ်တပ်ခွဲတမ်းရ်ိက္ခာရာရှင် ရမည်မဟုတ်ပေ။ ထို့ကြောင့် အနီးအနားရှိ တပ်ဖွဲ့များတွင် အလုပ်အမှတ်အတွက် အလုပ်ဝင်လုပ်ကာ အစားအသောက်လှဲလှယ်စားသောက်ရမည်ဖြစ်သည်။
သို့သော် သူမသည် အသက်မပြည့်သေးသည့်မိန်းကလေး ဖြစ်ရုံသာမက အတန်းပညာအရည်အချင်းလည်းမရှိသည့် ကျေးလက်တောသူလေးဖြစ်နေသည်။
သူမအစ်ကိုဝမ်းကွဲက တပ်မှုးဖြစ်နေသော်လည်း အလုပ်ရနိုင်ရန် မလွယ်ကူပေ။ အသက်လည်း ငယ်သေး၍ လက်ထပ်ဖို့လည်းမဖြစ်နိုင်သေးပေ။
တန်းရှန့်ယွင်သည်လည်း ချန်ပါးမေ့ကို လက်ထပ်ဖို့ အကြံမပေးပါ။ အချိန်တန်လျင် ဖြစ်လာမည့်ကိစ္စများဖြစ်၍ နောက်နှစ်လောက်မှ ဆွေးနွေးကြည့်မည်ဟု ဆုံးဖြတ်ထား၏။