Chapter 60
Vol. 5 Ch. 60
နေ့ခင်းပိုင်းရောက်တော့ လင်းဝေ့သည် လျိုတန်း ယန်းယီ နှင့်ကျောက်လီတို့ အိမ်ကိုသွားလိုက်ကာ တန်းရှန့်ယွင်က သူတို့စိတ်ဝင်စားလျင် ဦးထုပ်လုပ်နည်း သင်ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။
သူတို့သုံးယောက်လည်း တန်းရှန့်ယွင်က သင်ပေးမည့်အကြောင်းကြားတော့ ဝမ်းသာသွားကာ ချက်ချင်း လက်ခံလိုက်ကြသည်။
"ကျွန်မတို့ ရဲဘော်တန်းဆီ အခုသွားသင်ကြမလား" ဟု ယန်းယီက မေးလိုက်သည်။
"ညီမတန်းအိမ်မှာ ဧည့်သည် ရောက်နေတယ်ကြားတယ်။ သူ ဒီနေ့ အားပါ့မလား" ဟု ကျောက်လီက သူကြားထားသည့်သတင်းကို ပြောပြလိုက်သည်။
"ဒါဆိုလည်း ကျွန်မတို့ ချည်လုံးနဲ့ အပ်တွေ အရင်ပြင်ဆင်ထားရမယ်ထင်တယ်"ဟု လျိုတန်းက ပြောလိုက်သည်။
"အစ်မတန်းကတော့ အစ်မတို့သင်ချင်တဲ့ ဦးထုပ်ဒီဇိုင်းကို အရင်လာကြည့်ပြီးမှ လိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်ခိုင်းလိုက်တယ်။ ပြီးမှ သင်ပေးလိုက်ပြီး ချည်ထိုးနေတုန်း အခက်အခဲရှိရင် မေးမြန်းတာမျိုး လုပ်ရင်ကောင်းမယ်လို့ပြောတယ်" ဟု လင်းဝေ့က ပြန်ပြောလိုက်သည်။
လင်းဝေ့ပြောသည်ကိုနားထောင်ပြီး သူတို့သုံးဦးသည် "ဒါဆိုလည်း အခုသွားကြတာပေါ့" ဟု ပြောလိုက်သည်။
"အခုသွားပြီးနောက်မှ အစ်မတန်း အားမယ့်ရက်ကို ပြန်ချိန်းလိုက်ကြလေ" ဟု လင်းဝေ့ကလည်း အကြံပေးလိုက်သည်။
တန်းရှန့်ယွင်က မေတ္တာဖြင့် အခမဲ့သင်ပေးမည်ဖြစ်သော်လည်း လျိုတန်းတို့ သုံးယောက်ကတော့ တန်းရှန့်ယွင်အိမ်သို့ လက်ဗလာဖြင့် မသွားကြပါ။ ထို့ကြောင့် စျေးသွားကာ သစ်သီးများ သယ်သွားကြသည်။
ကျွန်းပေါ်တွင် သစ်သီးဝလံက စျေးသက်သာပြီး အမြင်လည်း လှကာ လက်ဆောင်အဖြစ်ပေးရန် သင့်တော်ပါသည်။
လျိုတန်းတို့ဆီ သွားတွေ့ကြောင်း တန်းရှန့်ယွင်ကို လင်းဝေ့ပြောထား၍ သူမတို့လေးဦး ရောက်လာတော့ တန်းရှန့်ယွင်က သိပ်မအံ့သြပေ။သို့သော် လက်ဗလာ ဖြင့်မလာပဲ လက်ဆောင်များပါလာ၍ အံသြနေ၏။
တန်းရှန့်ယွင်လည်း အကြာကြီးအံ့သြမနေပဲ သူမဆီလာသည့်ဧည့်သည်များကို အိမ်ထဲ ဖိတ်လိုက်သည်။
"ဒီအတိုင်းလာရင် ရတာကို ဘာလို့ လက်ဆောင်တွေယူလာရတာလဲရှင် "
သူတို့သုံးဦးထဲတွင် လျိုတန်းက တန်းရှန့်ယွင် နှင့်ရင်းနှီးသူဖြစ်၍ ပြုံးကာပြန်ပြောလိုက်သည်။
"လမ်းကြုံလို့ ဝင်ဝယ်လာကြတာပါ ဝန်မပိုပါဘူးရှင် "
ထိုစကားကိုကြားသည်နှင့် ကျောက်လီက အသံထွက် ရီလုမတတ်ဖြစ်သွားသည်။ မိသားစုအိမ်ရာကနေ စျေးအထိ တမင်သက်သက် သွားဝယ်ပြီး တန်းရှန့်ယွင်အိမ်အထိလာရတာကို လမ်းကြုံလို့တဲ့လား။
သို့သော် ထိုစကားကို ထုတ်မပြောပဲ ပြေပြစ်မည့် စကားသာပြောလိုက်သည်။
" ရှေးတုန်းက လူကြီးတွေက ပညာတစ်ခုခုသင်ယူကြရင် ဆရာကို လက်ဖက်ရည်နဲ့ အရိုအသေပေးပြီး အဝတ်အစား ဖိနပ်တွေလက်ဆောင်ပေးကြတယ်လေ။ ကျွန်မတို့လည်း ရှေးလူတွေရဲ့ ထုံးအတိုင်းတော့မဟုတ်ပေမယ့်လည်း တစ်ခုခုသင်ယူဖို့လာတာဆိုတော့ လက်ဗလာနဲ့လာလို့ဘယ်ရမလဲရှင်"
"မှန် တယ် ညီမက အခု ကျွန်မတို့ရဲ့ ဦးထုပ်လုပ်နည်းသင်ပေးတဲ့ဆရာပဲ" ဟု လျိုတန်းကလည်း ပြုံးကာပြောလိုက်သည်။
ဧည့်သည်တွေအတွက် လက်ဖက်ရည်ငှဲ့ပေးနေသည့်တန်းရှန့်ယွင်က အလျင်အမြန် ခေါင်းကိုခါလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ မလုပ်ရဲပါဘူးရှင်။ အခုလို အစ်မတို့နဲ့ စကားလက်ဆုံကျနိုင်တာကို ဝမ်းသာလှပါပြီ။ ကျွန်မက ဆရာလည်း မဟုတ်ရပါဘူးရှင်"
"ဟုတ်ပါပြီ အာ့လောက်လည်း မနှိမ့်ချနေပါနဲ့ အစ်မရယ်။ အစ်မက အရမ်းအားနာတတ်နေတာနဲ့ သူများကို ဘယ်လို ဦးထုပ်လုပ်နည်း သင်ပေးမလဲ" ဟု လင်းဝေ့က ရေနွေးတစ်ငုံသောက်ကာ ဘေးဘီဝေ့ကြည့်ရင်း မေးလိုက်သည်။
"ဒါနဲ့ ပါးမေ့ ကအိမ်မှာမရှ်ိဘူးလား"
" ရှောင်ရှီးရှီးနဲ့သူငယ်ချင်းတွေ ကမ်းခြေသွားဆော့ မယ် ဆိုလို့ စိတ်မချတာနဲ့ လိုက်သွားခိုင်းလိုက်တာ" ဟု တန်းရှန့်ယွင်က ရှင်းပြလိုက်သည်။
"ပါးမေ့ဆိုတာ ညီမတို့ အမျိုးဧည့်သည် မိန်းကလေးလား" ဟု ကျောက်လီက သိချင်စိတ်ဖြင့်စပ်စုလိုက်သည်။
"သူက တစ်ယောက်တည်း လာလည်တာလား"
"ဟုတ်ပါတယ်ရှင် သူက အားဟိုင် အဒေါ်ရဲ့ သမီးပါ။ ရှစ်ယောက်မြောက်သမီး ဆိုတော့ ချန်ပါးမေ့လို့ ခေါ်ကြတာလေ" ဟု တန်းရှန့်ယွင်က မိတ်ဆက်ပေးလိုက်ကာ သက်ပြင်းချလိုက်သည်။
"ကလေးမလေး ဘဝက မလွယ်ပါဘူးရှင်"
တန်းရှန့်ယွင်သည် ဧည့်သည်များကို အကုန်လုံး မပြောပြပဲ သိသင့်ရုံသာ ပြောပြလိုက်သည်။ ချန်ပါးမေ့၏ မိဘများသည် သေချာစုံစမ်းမှုမပြုပဲ အကျင့်မကောင်းသည့်အိမ်ထောင်ဖက်နှင့် လက်ထပ်ပွဲစီစဥ်ခဲ့ကြောင်း ထိုအိမ်ထောင်ဖက်၏ အရင်ဇနီးဟောင်းမှာ သူ၏အကြမ်းဖက်မှုကြောင့် သေဆုံးသွားရကြောင်း စသည့်အကြောင်းအရာများကိုသာ ပြောပြလိုက်သည်။
ချန်ပါးမေ့မိဘများသည် မူလက တင်တောင်းငွေကြောင့်လက်ခံခဲ့သော်လည်း တစ်ဖက်လူ၏ အကြောင်းစုံစမ်းသိရှိပြီးနောက် သူတို့သမီးကိုသနားကာ လက်ထပ်ပွဲကိုရုတ်သိမ်းချင်ခဲ့သည်။ သို့သော် တစ်ဖက်မိသားစုက စစ်တပ်မိသားစုဖြစ်ကာ အာဏာရှိသည်။
လက်ထပ်ပွဲပျက်သွားပါက သူတို့အသက်ကို ရန်ရှာလာမည်စိုးကာ ပြသနာမရှာနိုင်ရန် ဝေးလံသည့် ဆန်းလင်အခြေစိုက်စခန်းမှ ကျိုးမိသားစုထံသို့ ချန်ပါးမေ့ကို ထောက်ခံစာနှင့် ပို့လိုက်ခြင်းဖြစ်ကြောင်း ပြောလိုက်သည်။
တန်းရှန့်ယွင်သည် ထိုအကြောင်းပြောပြစဥ် ချန်ပါးမေ့မိဘများကိုလည်း အလွတ်မပေးခဲ့ပါ။ ချန်ပါးမေ့မိဘများက အကျင့်မကောင်းကြကာ သူတို့သမီးကို ခေါ်သွားသည့်အတွက် သွေးဆောင်ဖျားယောင်းမှုဖြင့် သူတို့က်ို တရားစွဲလာနိုင်ကာ လူထု၏အကောင်းမြင်မှုကို ရယူသွားနိုင်သည်။
အဆုံးမှာတော့ လူရှေ့တွင် သူတို့သမီးကို လာအပ်ထားခဲ့ပြီး ကွယ်ရာတွင် သမီးကိုပြန်ပေးစွဲသွားသည်ဟု အမှုပြန်လာပတ်နိုင်သည်။
ထိုကဲ့သို့ ချန်ပါးမေ့မိဘများ လျှောက်ပြောမည်ကိုတော့စိုးရိမ်ရန်မလိုပေ။ သူမလက်ထဲတွင် ချန်ပါးမေ့၏ ဆွေမျိုးထံ အလည်သွားခွင့်ခရီးသွားထောက်ခံစာလည်း ရှိသည်။
တပ်မဟာထောက်ခံစာ ရေးပေးသည့်ရုံးကလည်း လက်မထပ်ရသေးသည့် မိန်းကလေးငယ်ကို မိဘခွင့်ပြုချက်မပါပဲ ဆွေမျိုးထံ အလည်အပတ်ထောက်ခံစာရေးပေးသည်ဆိုသည့်ကိစ္စမှာ မည်သူမျှယုံကြမည်မဟုတ်ပါ။
ပြသနာတက်လာလျင်လည်း ထောက်ခံစာလုပ်ပေးသည့်ဌာနချုပ်ကို မေးလိုက်လျင် အဖြေသည် မိဘများကခွင့်ပြုပေးလိုက်သည်ဟုသာ အဖြေပေးမည်ဖြစ်သည်။
သမီးများကို ချစ်ဟန်ဆောင်ကာ အမှန်တော့သမီးများအပေါ် မကောင်းသည့် ချန်ပါးမေ့၏ မိဘများသည်လည်း ဤကိစ္စကိုသိသွားလျင် ထောက်ခံစာဘယ်လိုလုပ်လိုက်ကြလဲမသိ၍ ထိတ်လန့်အံ့သြသွားကြမည်ဖြစ်သည်ဟု တန်းရှန့်ယွင် တွေးမိသည်။
ဤကိစ္စတွင် နှစ်ဦးနှစ်ဖက်စလုံး ကောင်းကျိုးရအောင် လုပ်နိုင်မည် မဟုတ်ပေ။ မိမိအပေါ် မကောင်းသည့်မိသားစုမှာ ရွံ့နွံအိုင်ကဲ့သို့ဖြစ်ကာ ရုန်းလေ နစ်လေဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့မိသားစုမျိုးနှင့်ကြုံလျင် လွတ်အောင်ပြေးနိုင်မှဖြစ်မည်။ မိမိဘဝ ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ရန်ထက် အရေးကြီးသည့်အရာမရှိချေ။
ချန်ပါးမေ့မိဘများသည် လူအများကြား ဂုဏ်သိက္ခာကောင်းရလိုလျင် ချန်ပါးမေ့ကို ဤလက်ထပ်ပွဲမှ လွှတ်ပေးရလိမ့်မည်။
ချန်ပါးမေ့ကို အလွတ်မပေးပါက သူတို့၏ ရှိရင်းဂုဏ်သိက္ခာများလည်း ပျက်စီးသွားမည်ဖြစ်သည်။တစ်ဖက်က ကြည့်လျင်လည်း ချန်ပါးမေ့ကတော့ သူ့မိဘများအတွက် မိမိကိုယ်ကိုအရောင်းစားခံကာအနစ်နာခံခဲ့သည်ဟု လူအများက မြင်ပြီး သူမအပေါ် သနားဂရုဏာ သက်ကြမည်ဖြစ်သည်။ ထိုအခါ လက်ထပ်ပွဲကို ဖျက်ပေးကြလိမ့်မည်။ ဤကဲ့သို့ဖြစ်လာလျင် ပိုလွယ်ကူသွားမည်။
လောလောဆယ်တော့ ချန်ပါးမေ့၏ မိဘများအတွက် နာမည်ကောင်းရမည်ဖြစ်သော်လည်း ကြာလာလျင် ချန်ပါးမေ့အတွက် ကောင်းမွန်သည့် လမ်းကြောင်းကို ဖောက်ပေးသွားမည်ဖြစ်သည်။
ပြသနာများ ဤကဲ့သို့ဖြစ်သွားလျင် တန်ပါသည်။
ထို့အပြင် တန်းရှန့်ယွင်သည် ချန်ပါးမေ့ မိဘများ ကောင်းကြောင်း ပြောရုံသာမက သူတို့သည် တင်တောင်းငွေကြောင့် သားယောကျာ်းလေးကို သမီးမိန်းကလေးထက် ပိုဦးစားပေးကြောင်းကိုပါ ပိုပိုသာသာလေးပြောပေးလိုက်သည်။
ထိုအကြောင်းကိုကြားသိရသည့် လျိုတန်းတို့သုံးယောက်မှာလည်း ချန်ပါးမေ့မိဘများက အနည်းငယ်ရှုပ်ထွေးသည်ဟု တွေးလိုက်ကြသည်။
သူတို့သမီးအတွက် တွေးတယ်ဆိုလည်း ဘာလို့ တင်တောင်းငွေကိုမက်နေသေးလဲ။ သူတို့သာ ငွေမမက်လျင် သူတို့သမီးလည်း ယားကျိုကျွန်းအထိ ထွက်ပြေးလာရမည်မဟုတ်ချေ။
အားလုံးက ချန်ပါးမေ့ကို သနားစရာကောင်းသည်ဟု ခံစားလိုက်ကြရသည်။
အမျိုးသမီးများ စကားပြောနေတုန်း ချန်ပါးမေ့သည် ကလေးများနှင့်အတူ ပြန်လာခဲ့သည်။
ချန်ပါးမေ့သည် အရပ်မရှည်ပါ။ ၄ပေ၁၁လက်မခန့်သာရှိသည်။ အဟာရမပြည့်ဝ၍ ပိန်ပါးနေကာ ၁၇နှစ်အရွယ်ဟုပင် မထင်ရပဲ ၁၄ ၁၅နှစ်အရွယ် ဟုသာ ထင်ရ၏။
သို့သော် သူမတွင် နူးညံ့သိမ်မွေ့သော မျက်နှာထားရှိသည်။ ချန်ပါးမေ့အိမ်ပြန်ရောက်လာတော့ လူစိမ်းများကိုတွေ့လိုက်ရ၍ အနည်းငယ် လန့်သွားသည်။ ဧည့်သည်များ၏ နာမည်မသိ၍ အားလုံးကိုခြုံကာပြုံးပြရင်းခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။
ကျောက်လီက သူမကိုတွေ့သည်နှင့် အလျင်အမြန် ပြုံးကာ နှုတ်ဆက်လိုက်သည်။"ညီမက ပါးမေ့ဖြစ်မယ်။ အရမ်းတက်ကြွတဲ့ ပုံစံလေးပဲနော်"
ကမ်းခြေမှ ပြန်လာကြသည့်ကလေးများကို တန်းရှန့်ယွင်က ရေချိုးခန်းထဲသွားကာ ခြေလက်အရင်ဆေးခိုင်းလိုက်သည်။ ပြီးမှ ဧည့်သည်များနှင့်တစ်ယောက်ချင်း မိတ်ဆက်ပေးလိုက်သည်။ ချန်ပါးမေ့လည်း တစ်ယောက်ချင်းဆီကို ပြန်နှုတ်ဆက်လိုက်သည်။
တောင်ပိုင်းဒေသန္တရစကားက ပြည်မကြီးစကားနှင့် လေယူလေသိမ်း အတော်ကွာသည်။ နေရာဒေသအမျိုးမျိုးရှိ ဒေသန္တရစကားများ ပြောပုံလေယူလေသိမ်းမှာ မန်ဒရင်းတရုတ်စကားနှင့် အတော်လေးကွဲ ပြားပါသည်။
ပြည်မကြီးရှိလူများသည် နေ့စဥ် မန်ဒရင်းစကားပြောနေသော်လည်း နယ်ဘက်ရှိလူများက သူတို့တစ်ဘဝလုံး မန်ဒရင်းပြောထွက်သည့် အကြိမ်ရေမှာနည်းလှ၏။ သူတို့ပြောသည့်အခါတွင်လည်း မပီမသ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေပြန်၏။
ချန်ပါးမေ့လည်း ထိုကဲ့သို့ မန်ဒရင်းစကားပြောရာတွင် မချောမမွေ့ဖြစ်နေ၏။
သို့သော် သူမစကားပြောရာတွင် လူများနှင့် မျက်လုံးချင်းမရှောင်ပဲ ပြုံးရင်း မျက်နှာကြည့်ကာ ပြောနေသဖြင့် စိတ်ရင်းကောင်းသည့်ဟန် ပေါ်နေသည်။
လင်းဝေ့သည်လည်း စိတ်သဘောထားကောင်းမွန်ကာ တစ်ခြားလူများသည်လည်း လင်းဝေ့ကဲ့သို့ဖြစ်သည်။လျိုတန်း၏ စိတ်နေသဘောထားကလည်း ထူးခြားကာ တစ်ခြားသူများနှင့် ခင်မင်လွယ်၏။
ထို့ကြောင့် သူတို့အားလုံးသည် မန်ဒရင်းစကားမပီသည့် ချန်ပါးမေ့ကို အထင်မသေးကြပါ။ ထို့ပြင် သူမ၏ ပြောပုံဆိုပုံကိုပင် သဘောကျကာ ပြုံးကာ ပြန်နှုတ်ဆက်ကြရင်း ခုံမှာထိုင်ခိုင်းလိုက်ကြသည်။
ချန်ပါးမေ့ထိုင်ပြီးနောက်လည်း သူမအတိတ်ကို မမေးမြန်းကြဘဲ ကျွန်းပေါ်နေရတာ အဆင်ပြေရဲ့လား ဟုသာ ဂရုတစိုက်မေးကြ၏။
ယားကျိုကျွန်းသည် လင်းနန်ဒေသ ဧရိယာဖြစ်ပြီး ချန်ပါးမေ့ဇာတိမှာ ယားကျိုကျွန်းနှင့် ပင်လယ်ခြားကာ ဆန့်ကျင်ဘက်အရပ် တွင်ဖြစ်သည်။ ထို့ကြောင့် ရာသီဥတုမှာလည်း ဆင်တူ၏။
ချန်ပါးမေ့၏ ဇာတိမြို့သည်လည်း ပင်လယ်အနီးတွင်ဖြစ်သော်လည်း မြို့၏တပ်မဟာကတော့ ပင်လယ်နှင့်အတန်ငယ်ဝေးကာ စိုက်ပျိုးရေး အဓိကလုပ်သည့် တပ်ဖွဲ့ဖြစ်၏။
ထို့ကြောင့် သူမသည် အရင်က တစ်ခါမှ သင်္ဘောမစီးဖူးပါ။ ယန်းချန်းမှ သင်္ဘောစီးလာစဥ် လှိုင်းမူးလာသေး၏။မနက်ခင်း သင်္ဘောပေါ်မှဆင်းပြီး ခဏအိပ်လိုက်မှသာ အနည်းငယ် သက်သာသွား၏။