Chapter 62
Vol. 5 Ch. 62
သူ့သိက္ခာကို ထိခိုက်လာ၍ မင်မင်သည် ဆုံးဖြတ်လိုက်သည်။ ယခု သူနှင့်အတူ မကစားချင်ခဲ့သည့် ကလေးများနှင့် နောက်ပိုင်း သူတို့လာကစားချင်လျင်ပင် အတူ မကစားတော့ဟု ဆုံးဖြတ်လိုက်သည်။
ရွေ့ရွေ့ကတော့ သိက္ခာထိပါးသည်ဟုတော့ မခံစားရပါ။ သို့သော် ထိုကလေးများ၏ သူ့အပေါ် အထူးအဆန်းသတ္တဝါသဖွယ် ဝိုင်းဖွဲ့ကြည့်နေသည်ကို စိတ်ရှုပ်၍ဖြစ်သည်။
ဘယ်လို အကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် လက်ရှိအချိန်တွင်တော့ မင်မင်ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးတို့ သုံးယောက်က သူငယ်ချင်းတစ်ဖွဲ့ဖြစ်သွားလေ၏။
ရှောင်ရှီးရှီးသည် ချန်ပါးမေ့ အကြည့်အောက် လစ်သည်နှင့် လင်းဝေ့အိမ်ကို ရောက်လာကာ လင်းဝေ့တို့ အိမ်ဘက်က ညီအစ်ကို နှစ်ယောက်ကလည်း ထိုအတိုင်းပင်ဖြစ်သည်။
ထိုကလေးသုံးဦးကြောင့် လင်းဝေ့နှင့် ချန်ပါးမေ့လည်း ပိုရင်းနှီးလာကြသည်။
သူတို့နှစ်ဦးသားသိကျွမ်းပြီးနောက် ချန်ပါးမေ့သည် လူကောင်းတစ်ဦးဖြစ်ကြောင်း လင်းဝေ့သိလာခဲ့သည်။ချန်ပါးမေ့က ညဏ်ရည် မထက်မြတ်သော်လည်း သူမ၏စိတ်နှလုံးကတော့ ဖြောင့်မတ်မှန်ကန်သူဖြစ်သည်။
သူမမိဘများ၏ စွန့်ပစ်ခြင်းခံရ၍ ဇာတိမြို့မှထွက်ကာ ဆွေမျိုးအိမ် လာကပ်နေရသော်လည်း ညည်းငြူစိတ်ပျက်နေခြင်းမရှိပါ။ လက်ရှိသူမဘဝက်ို အကောင်းဆုံး ဖြစ်ရန်ကြိုးစားနေရှာသည်။
တန်းရှန့်ယွင်၏ လမ်းညွှန်မှုကြောင့်ဟုဆိုနိုင်သော်လည်း သူမ၏ စိတ်နေသဘောထားအပေါ်လည်း မူတည်ပါ၏။
သူမ၏ ယခုစိတ်နေစိတ်ထားကို ကောင်းကောင်းထိန်းထားလျင် အနာဂတ်တွင် ကောင်းမွန်သည့်ဘဝရှိလာလိမ့်မည်ဟု လင်းဝေ့တွေးမိသည်။
ထိုသို့တွေးနေစဥ် ကောင်းရှို့လျန်သည် တစ်ဖက်ခြံတွင် တစ်ခြားသူများနှင့် ပြောနေသည့်စကားကိုကြားလိုက်ရသည်။
"တစ်ချို့တွေများနော် ငယ်ငယ်ရွယ်ရွယ်နဲ့ အရှက်မရှိကြတော့ဘူး မိဘတွေက စီစဥ်ပေးတယ်ဆိုလည်း အစကတည်းက မကြိုက်ရင် သတ္တိရှိရှိ ငြင်းလိုက်ပါလား"
အသက်ဆယ်ခုနှစ်နှစ်သာရှ်ိသေးသော ချန်ပါးမေ့သည် ကောင်းရှို့လျန်၏ စကားကိုကြားလျင် မျက်ရည်များဝိုင်းလာသည်။
တစ်ဖက်ခြံတွင် အတူတူထိုင်နေကြသည့် တစ်ခြားအရာရှိဇနီးသည်များသည်လည်း ကြောင်အသွားကြသည်။ ကောင်းရှို့လျန် ဤကဲ့သို့ ပေါ်တင်ပြောရဲလိမ့်မည်မထင်ကြပါ။
အရာရှိမိသားစုအိမ်ရာတွင် နေထိုင်သူများသည် ပတ်ဝန်းကျင်ကို အထင်သေး အမြင်သေးဖြင့် ပေါ်တင် မဆက်ဆံကြပါ။ စကားပြောသည့်အခါတွင်လည်း သိက္ခာကို ထိန်းကာပြောကြသည်။
ချန်ပါးမေ့သည် အရာရှိဇနီးသည်တစ်ယောက်မဟုတ်သော်လည်း ကျိုးကျန်းဟိုင်၏ ဝမ်းကွဲညီမဖြစ်သည်။ ဘုန်းကြီးကို အားမနာရင်တောင် ဗုဒ္ဓမျက်နှာကို ကြည့်ရသေးသည်။
ချန်ပါးမေ့မျက်လုံးများနိီနေသည်ကိုတွေ့တော့ ကောင်းရှို့လျန်၏ နှုတ်ခမ်းထောင့်က ကော့တက်သွားကာ အသံကိုမြှင့်ရင်း ဆက်ပြောလိုက်သည်။
"စေ့စပ်ပြိီးပြီ ဆိုမှတော့ တစ်ဖက်လူက ဘာပဲဖြစ်ဖြစ် လက်ထပ်ရမှာပဲလေ။ ခေတ်တွေပြောင်းလာတော့ လူတွေလဲမကောင်းကြတော့ဘူး။ အရင်ကဆို ဒီလို လက်ထပ်ပွဲကို ရှောင်ပြေးတဲ့သူဆိုရင် ဝက်ခြံထဲမှာ တံတွေးခွက်ထဲ နှစ်သေသွားအောင်ကို အပြောခံရမှာ"
လင်းဝေ့လည်း သည်းမခံနိုင်တော့၍ နှုတ်ခမ်းကိုက်ကာငိုလုမတတ်ဖြစ်နေသော ချန်ပါးမေ့ပခုံးကို ပွတ်သပ်ပေးလိုက်ပြီး မတ်တပ်ထကာ ပြောလိုက်သည်။
" ဦးနှောက်ထဲမှာ ဆယ့်ရှစ်လွှာလောက်ရှိတဲ့ ခြေသုတ်အဝတ်တွေနဲ့ပဲ ပြည့်နေတဲ့ဆရာသခင်ကြီးတွေရှိတယ် တစ်ချို့တစ်ချို့တွေလဲ သူ့လိုဆရာသခင်ကြီးဖြစ်အောင် ကြိုးစားချင်နေကြတယ်"
ကောင်းရှို့လျန် မျက်နှာမဲမှောင် သွားသည်။
"ကျွန်မ ရှင့်ကိုပြောနေလို့လား။ ကိုယ့်ဖာသာတစ်ခြားလူတွေနဲ့ပြောနေတာကို ရှင်ကဘာဖြစ်နေရတာလဲ"
"ဘာလို့မဆိုင်ရမှာလဲ။ ရှင်အခုပဲ ပြောလိုက်တာကိုကြည့်လေ။ ဝက်ခြံထဲက တံတွေးခွက်ထဲမှာ နှစ်သေရမယ်ဟုတ်လား။ ကျွန်မတို့နိုင်ငံက ဥပဒေက အလကားရှိနေတယ်လို့များ ရှင်ထင်နေတာလား။ လူသတ်ချင်တယ်ဆိုတိုင်း သတ်လို့ရတာမဟုတ်ဘူး။ သူများကို ပြောချင်တိုင်းလည်း လျှောက်မပြောရဘူး။ ရှင့်လို လူက အရာရှိမိန်းမဖြစ်ပြီတော့ အဓိပ္ပါယ်မရှိတာတွေပြောဆိုနေတာ ရှက်ဖို့ကောင်းလိုက်တာ။ ရှင့်ကြောင့် အရာရှိဇနီးသည်တွေ သိက္ခာကျမှာကို စိုးရိမ်ရတယ်ရှင့်"ဟုလင်းဝေ့က ရွဲ့ကာပြောလိုက်သည်။
ကောင်းရှို့လျန်လည်း ဒေါသငယ်ထိပ်တက်လာကာ ဟန်ပင်မဆောင်နိုင်တော့ဘဲ ချန်ပါးမေ့ကို လက်ညိုးထိုးကာပြောလိုက်သည်။
"သူကမှ လက်မထပ်ချင်ပဲ ထွက်ပြေးလာပြီး အရှုပ်ထုပ်တွေလုပ်နေတာ။ ဒါကိုကျွန်မက အရာရှိဇနီးသည်တွေရဲ့သိက္ခာချတယ်လို့ ဘယ်လိုပြောရဲရတာလဲ"
ကောင်းရှို့လျန်၏ ပြန်ပက်သည့်စကားကြောင့် လင်းဝေ့ မျက်နှာ မှောင်မည်းသွားသည်။
"ရှင်က ညီမပါးမေ့ရဲ့ စေ့စပ်ပြီး လက်ထပ်ဖို့ ရှောင်ပြေးတဲ့အကြောင်းပဲပြောနေတာ။ ဒါဆိုကျွန်မမေးပါရစေဦး။မင်္ဂလာဆောင် လက်ထပ်တယ်ဆိုတာ ဘာလဲဆိုတာကော သိရဲ့လား"
ကောင်းရှို့လျန်က သူမသိတာပေါ့ဟူသည့်သဘောဖြင့် မျက်လုံးကိုလှိိမ့်လိုက်ကာ ပြောလိုက်သည်။
"ကျွန်မက ဘာလို့ မင်္ဂလာဆောင် လက်ထပ်တယ် ဆိုတာကိုမသိရမှာလဲ။ လက်ထပ်လက်မှတ်ယူမယ်၊ ဂုဏ်ပြုစားသောက်ပွဲလုပ်မယ် ပြီးရင် လင်နဲ့မယား အတူတူနေသွားကြမယ်။ အာ့တာ မင်္ဂလာဆောင်လက်ထပ်တာပဲမဟုတ်လား"
လင်းဝေ့လည်း ကောင်းရှို့လျန်၏ အကြည့်ကို လျစ်လျူရှုကာ ထပ်မေးလိုက်သည်။
"ဒါဆိုလည်း လက်ထပ်စာချုပ်ထဲမှာ မိမိသဘောဆန္ဒအရလက်ထပ်ထိမ်းမြားခြင်း ဆိုတဲ့စကားလုံးပါတာကို တော့သိမှာပေါ့။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေပြဌာန်းချက်တွေနဲ့ ကိုက်ညီမှပဲ လက်ထပ်စာချုပ်ထုတ်ပေးတယ်ဆိုတာကောသိရဲ့လား။ ပြီးတော့ အစ်မက လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကိုရောသိရဲ့လား။ လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေရှိတယ်ဆိုတာရော သိရဲ့လား "
ကောင်းရှို့လျန်သည် ထိုအကြောင်းအရာများကိုမသိနိုင်ပါ။ သူမလက်ထပ်ခဲ့သည်မှာလည်း လွန်ခဲ့သည့်ဆယ်နှစ်ဖြစ်ရာ လက်ထပ်စာချုပ်ကိုလည်း နှစ်ကြိမ်ခန့်သာ ထုတ်ကြည့်ဖူးသည်။
ပထမတစ်ခေါက်သည် လက်ထပ်စာချုပ်ယူခဲ့စဥ်ကဖြစ်ရာ နောက်တစ်ခေါက်က တပ်ထဲမပြောင်းလာခင် လက်ထပ်စာချုပ်ပြရန် ထုတ်သုံးခဲ့ခြင်းသာရှိကာ နောက်ပိုင်း ထုတ်မကြည့်တော့ပေ။ ထို့ကြောင့် စာချုပ်ပါ အကြောင်းအရာများကိုလည်း သေသေချာချာ ဖတ်ရှုခြင်းမရှိခဲ့ပါ။
သူမသည် ဆန္ဒအရလက်ထပ်ထိမ်းမြားခြင်းဆိုသည့်စကားလုံးကိုတော့ သဘောကျပါသည်။ သို့သော် သူမသည် လက်ထပ်ထိမ်းမြားခြင်းနှင့်ဆိုင်သည့် စည်းမျဥ်းစည်းကမ်းများကိုတော့ အမှန်ပင် မသိပါ။
လင်းဝေ့က သူမ၏ ဗဟုသုတ မရှိမှုအပေါ် လှောင်ပြောင်သည်ဟု ထင်မိကာ ပြုံးရင်းပြောလိုက်သည်။
"ကျွန်မကို အာ့တာတွေလာပြောမနေနဲ့ ဥပဒေအကြောင်းတွေကျွန်မလည်း မသိဘူး။ ဒါပေမယ့် စေ့စပ်ပြီးမှ လက်မထပ်ချင်လို့ ထွက်ပြေးတာလည်း မှန်နေတာ မဟုတ်ဘူးနော်"
"အစ်မ မသိရင် ကျွန်မပြောပြမယ်"
"ပထမဆုံးအနေနဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေရဲ့ အပိုဒ်ခွဲ ၁ မှာ အမျိုးသမီးတွေက်ိုအတင်းအကျပ် လက်ထပ်ပေးတဲ့ ပဒေသရာဇ်ခတ်အိမ်ထောင်ရေးစနစ်ကို ဖျက်သိမ်းကြောင်း ကြေညာထားတယ်။ အမျိုးသမီးနဲ့ အမျိုးသားအကြား တန်းတူညီမျှမှုနဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးပြီး အမျိုးသမီးနဲ့မွေးလာတဲ့ ကလေးတွေကို ကာကွယ်ပေးထားတဲ့ လက်ထပ်ထိမ်းမြားခြင်းစနစ်ဖြစ်တယ်"
" ဒုတိယအနေနဲ့ လက်ထပ်ထိမ်းမြားခြင်းဥပဒေမှာ ထပ်ပြဌာန်းထားတာက အမျိုးသားတွေက အသက်၂၀ နဲ့ အမျိုးသမီးတွေက အသက်၁၈နှစ်ရောက်မှ လက်ထပ်လို့ရမယ်လို့ပြဌာန်းထားတယ်။"
"ချန်ပါးမေ့ရဲ့မင်္ဂလာပွဲကလည်း သူ့မိဘတွေစီစဥ်ပေးတဲ့ပဲဲဖြစ်ပြီး သူတို့ကလေးရဲ့အကျိုးစီးပွားအတွက် မဟုတ်သလို ပါးမေ့ရဲ့ သဘောဆန္ဒလဲမပါဘူး။ ဒါ့အပြင် ပါးမေ့က အခုမှ ၁၇နှစ်ပြည့်တာ။ ဒါ့ကြောင့်ဒီလက်ထပ်ပွဲက ချန်ပါးမေ့ရဲ့သဘောဆန္ဒမပါသလို လပ်ထက်ထိမ်းမြားခြင်းဥပဒေနဲ့လည်းမညီဘူး။ အကျိုးအကြောင်းမတီလျော်သလို တရားလည်းမဝင်ဘူး ဒီလိုလက်ထပ်ပွဲမျိုးကို ပါးမေ့က ဘာလို့လက်ခံပေးရမှာလဲ"
ဤကိစ္စတွင် ချန်ပါးမေ့သည် သူမ၏ မိဘအယောင်ဆောင်မိသားစု၏ သားကောင်ဖြစ်ခဲ့ခြင်းသာဖြစ်သည်။ တစ်ဖက်လူသည် အကြမ်းဖက်တတ်ကာ ဇနီးဟောင်းကို သေစေသည့်သူဖြစ်မှန်း သိသော်လည်း သူတို့သားရတနာလေး၏ မိန်းမ မဖြစ်မနေယူရမည့်ပြသနာကြောင့် ချန်ပါးမေ့ကို ပစ္စည်းကဲ့သို့သဘောထားကာ ရောင်းစားခဲ့ခြင်းဖြစ်သည်။ ချန်ပါးမေ့ ဤလက်ထပ်ပွဲမှ ရှောင်ပြေးသည်ပင် အကောင်းဆုံးဟုထင်မိသည်။
လင်းဝေ့၏အသံသည် ကောင်းရှို့လျန်လောက်မကျယ်သော်လည်း သူမ၏ အရှိန်အဝါသည် အားလုံးထက်မနှိမ့်ကျပေ။ ကောင်းရှို့လျန်သည် လင်းဝေ့ရွတ်ပြသည့် လက်ထပ်ထိမ်းမြားခြင်း ဥပဒေကိုလည်း နားမလည်၍ အဘယ်သို့ပြန်ချေပရမှန်းမသိဖြစ်နေ၏။
ကောင်းရှို့လျန်သည် အကျိုးအကြောင်းမဆင်မခြင် ပြန်ပြောတတ်သော်လည်း ဥပဒေကိုတော့ လေးစားသူဖြစ်သည်။ သို့သော် သူမစကားမှားသွားကာ လင်းဝေ့စကားကြောင့်တိုင်ပတ်ပြီး ပတ်ဝန်းကျင်တွင် မျက်နှာမရ အရှက်ရမည်ကို စိုးရိမ်၏။
ထို့အပြင် ကောင်းရှို့လျန်သည် သဘောထား သေးသိမ်ကာ အလျော့ပေးတတ်သူမဟုတ်ပေ။
"သူဆန္ဒမရှိဘူးဆိုရင်တောင် သူ့မိဘတွေက လက်ထပ်ပေးချင်နေတာလေ ဟုတ်တယ်မလား။ လူရှေ့မှာတော့ သူတို့သမီးဆန္ဒကို လျစ်လျူရှုပြီး ငွေကြောင့် လက်ထပ်ခိုင်းလိုက်ပြီး နောက်မှ နောင်တရပြီး သူတို့သမီးကို အဝေးကို ပို့လိုက်တယ်ဆိုတာ ရယ်စရာဖြစ်မနေဘူးလား။ ကျွန်မအထင်တော့ သူ့မိဘတွေကသာ အတွေးအခေါ်မှာ ပြဿနာရှိနေတာထင်တယ်"
ကောင်းရှို့လျန်က ချန်ပါးမေ့မိဘတွေဘက် မျှားဦးလှည့်လိုက်သည်။ တစ်ဖက်တွင် မနိုင်လျင် တစ်ခြားတစ်ဖက်ကနေပြန်ပြောကာ သူမ မှန်ကြောင်းပြောမည်ဖြစ်သည်။ သို့မှသာ လင်းဝေ့ကို စကားနိုင်လုနိုင်မည်ဟုတွေးနေ၏။
ကောင်းရှို့လျန် ထိုသ်ို့ပြောပြီးသည်နှင့် လင်းဝေ့က လက်ခုပ်တီးကာ ထောက်ခံလိုက်သည်။
"ရဲဘော်ကောင်း ကျွန်မလည်း အာ့လိုပဲထင်တယ်။ သူတို့သမီးဆန္ဒမပါပဲ လက်ထပ်ပွဲ စီစဥ်ပေးတာက လက်မခံနိုင်စရာပဲ။ ဒါပေမယ့် အစ်မ ဒီလိုပြောနေတာ အကျိုးမရှ်ိဘူးဖြစ်နေတယ်။ သူ့မိဘတွေကို သွားပြောပြီး အမှန်ကိုသင်ပြပေးရမှာ။ ဒါမှ သူတို့လည်း အမှန်ကိုပြုပြင်နိုင်မှာပေါ့"
ကောင်းရှို့လျန် လင်းဝေ့စကားကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။ " သူတို့က ကျွန်းပေါ်မှာမှ မရှိတာ"
" သူတို့ကျွန်းပေါ်မရှိလဲ ဘာအရေးလဲ။ ပါးမေ့ရဲ့ဇာတိက လင်းနန်မှာလေ။ ခရီးစရိတ်ကလည်း ယွမ်၂၀ လောက်ပဲကုန်မှာပါ။ ဒါမှမဟုတ် ပိုသက်သာတဲ့ နည်းဆိုရင် ဖုန်းခေါ်လို့လဲရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကျစရိတ်ကိုကျွန်မ ခံပေးပါ့မယ်"
လင်းဝေ့လည်း မူရင်းဝတ္ထုမှ ဝေါဟာရအချို့ကိုဖတ်ရှုဘူးရာ ကောင်းရှို့လျန်သည် ကီးဘုတ်ဖိုက်တာ ဆိုသည့်နာမည်ဖြင့် အလွန်လိုက်ဖက်နေသည်။
ယနေ့ခတ်တွင် ကွန်ပျူတာ ခေတ်မစားသေးသော်လည်း ကောင်းရှို့လျန်၏ သူတစ်ပါးကို ရမ်းသမ်းပြောဆိုသည့် အပြုအမူများသည် ထိုနာမည်နှင့်လိုက်ဖက်ပါသည်။
ထို့အပြင် ကီးဘုတ်ဖိုက်တာများသည် အားနည်းသူကိုအနိုင်ကျင့်တတ်ကာ အနိုင်ကျင့်ရန် မလွယ်သူများကိုတော့ မလုပ်ရဲပေ။ သူတို့သည် အနိုင်ကျင့်လွယ်သူများကို ပိုအနိုင်ကျင့်တတ်သည်။
ကောင်းရှို့လျန်လည်း ထိုကဲ့သို့လူမျိုးဖြစ်သည်။ စောနကတော့ ချန်ပါးမေ့ကို တစ်မျိုးပြီး တစ်မျိုးပြောဆိုနေသော်လည်း လင်းဝေ့က ချန်ပါးမေ့မိဘများမှာသာ လိုအပ်ချက်ရှိကြောင်း သီအိုရီထုတ်ပြကာ မိဘများကို သွားပြောရန် လမ်းစရိတ်ထုတ်ပေးမည်ဟုပြောသောအခါ ကောင်းရှို့လျန်၏ ပါးစပ်ပိတ်သွားတော့သည်။
"ချန်ပါးမေ့ရဲ့မိဘတွေကို နားလည်အောင် သွားပြောပေးနိုင်ရင် ကျွန်မက လမ်းစရိတ်ထုတ်ပေးရုံတင်မကဘူး ကိစ္စတွေပြီးသွားရင် အစ်မကိုကျွန်မက ခေါင်းစည်း စာတန်းကြီးတွေနဲ့တောင်ကြိုဆိုပေးဦးမှာ။ တစ်ဖက်မှာ [သူရဲကောင်းဟူသည် လမ်းခရီးကြမ်းတမ်းသော်ငြား မညဉ်းငြူပဲ ဓားလက်ဆွဲကာ ကူညီသည်] ဆိုပြီး ရေးထားမယ်။ စာတန်းနောက်တစ်ဖက်မှာလည်း [ ပြောရဲတွေးရဲရမယ်၊ တွေးရဲလုပ်ရဲရမယ် မျိုးဆက်သစ်၏စံပြပုဂ္ဂိုလ် ရဲဘော်ကောင်း ] အာ့လိုစာတန်းတွေနဲ့ကို ကြိုဆိုမှာ။ ဒါနဲ့အစ်မ ဘယ်အချိန်လောက်သွားမှာလဲ"
လင်းဝေ့သည် အပြုံးမျက်နှာလေးဖြင့် ကောင်းရှို့လျန်ကို ခေါင်းစည်းစာတန်းများဖြင့်ကြိုဆိုမည်ဟုပြောနေ သော်လည်း ကောင်းရှို့လျန်လည်းတုံးအနေသည်တော့မဟုတ်ပါ။ လင်းဝေ့သည် သူမကို ရွဲ့နေမှန်းတော့နားလည်ပါသည်။ ထို့ကြောင့် နှာခေါင်းမှုတ်ကာပြောလိုက်သည်။
"ကျွန်မကို လာနောက်မနေနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အာ့တာသူတို့မိသားစုကိစ္စလေ။ ကျွန်မက အပြင်လူပဲ။ ဘာလို့ဝင်ပါရမှာလဲ"
"ရဲဘော်ကောင်း အစ်မက အပြင်လူမှန်း ကိုယ့်ကိုယ်ကို သိသေးတယ်ပေါ့။ အစ်မ စောနက ပါးမေ့ကိုပြောနေပုံက အစ်မ အသိတစ်ယောက်ယောက်က အိမ်တွင်းအကြမ်းဖက်မှုကြုံနေရတဲ့အတိုင်းပဲ"
လင်းဝေ့လည်း အံသြချင်ယောင်ဆောင်ပြီး သက်ပြင်းချကာ စုပ်သပ်လိုက်သည်။
"ကျွတ် ကျွတ် ကျွတ်"