← Chapters

Chapter 63

Vol. 5 Ch. 63

Chapter 63

Vol. 5 Ch. 63

လင်းဝေ့နှင့် ကောင်းရှို့လျန်တို့က အလုပ်ချိန်အတွင်းရန်ဖြစ်ကြသည်ဖြစ်သော်လည်း အရာရှိဇနီးသည်အများအပြား ကျောက်မိသားစု အိမ်ဝန်းအတွင်းရှိနေကြ၍ ရန်ဖြစ်သည့် သတင်းသည် အလျင်အမြန် ပျံ့သွားသည်။ အလုပ်ဆင်းကြသူများပင်လျင် သူတို့အလုပ်ကပြန်လာသည်နှင့် ထိုသတင်းကို တန်းကြားကြသည်။

ကျုံးရှောက်လည်း အလုပ်ကပြန်လာသည်နှင့် မိသားစုအိမ်ရာကလူများ ပြောနေကြသည့် လင်းဝေ့နှင့် ကောင်းရှို့လျန်တို့ စကားထပ်များကြသည့်အကြောင်းကို ကြားလိုက်ရသည်။

ထို့ကြောင့် လင်းဝေ့အတွက် စိုးရိမ်သွားကာ အိမ်အမြန်ပြန်လာရာ သူ့မိန်းမ အဆက်ပြေနေသည်ကိုတွေ့၍ စိတ်သက်သာရာရသွားသည်။ ထို့နောက် စကားများရသည့်ဖြစ်စဥ်ကို မေးတော့၏။

လင်းဝေ့လည်း ကျုံးရှောက်၏ မေးမြန်းခြင်းကိုကြားတော့ " အာ့အကြောင်းကို ပြန်မပြောပါနဲ့တော့" ဟု အစပျိုးလိုက်ကာ နေ့ခင်းက ဖြစ်ပျက်ခဲ့သမျှကို ဖောက်သည်ချတော့သည်။

လင်မယားနှစ်ယောက် စကားပြောနေစဥ် ကျိုးကျန်းဟိုင်တို့လင်မယားနှင့် ချန်ပါးမေ့တို့ ရောက်လာကြသည်။သူတို့လင်မယားနှစ်ယောက်လည်း ချန်ပါးမေ့ကပြောပြ၍ နေ့လည်ကဖြစ်ခဲ့သမျှကို သိလိုက်ကြသည်။

သူတို့အလုပ်ကပြန်လာစဥ် သူများပြောပြသည်ကို ကြားခဲ့သော်လည်း သိပ်မရှင်းခဲ့ပေ။ အိမ်ပြန်ရောက်မှ ချန်ပါးမေ့ကို မေးကြည့်ရာ အကြောင်းစုံကို သိရဖြင်းဖြစ်သည်။

ထို့ကြောင့် ညစာ မစားခင် ချန်ပါးမေ့ကို ခေါ်ရင်း ကျေးဇူးတင်စကား လာပြောခြင်း ဖြစ်သည်။

လင်းဝေ့ကို ကျေးဇူးတင်စကားပြောရင်း ကျိုးကျန်းဟိုင်သည် အိမ်တန်းမပြန်ပဲ ကျောက်အိမ်ကို ဝင်လိုက်သည်။

ရှေးလူကြီးများ ပြောခဲ့သည့်အတိုင်း ဘုန်းကြီးမျက်နှာမထောက်လျင်ပင် ဗုဒ္ဓမျက်နှာကို ထောက်ရဦးမည်ဖြစ်သည်။ ချန်ပါးမေ့သည် ကျိုးကျန်းဟိုင်၏ ဝမ်းကွဲညီမမှန်း ကောင်းရှို့လျန်သိသော်လည်း ရင့်ရင့်သီးသီးစကားများကိုပြောခဲ့သည်။ ကျိုးကျန်းဟိုင်အနေဖြင့် တစ်ခုခုမှ ဝင်မပြောလျင် သူအသုံးမကျ ဖြစ်သွားပေမည်။

ကျောက်မိသားစု၏ အခြေအနေသည်လည်း သိပ်မကောင်းပေ။

ကျောက်ဖုန်းသည်လည်း အလုပ်ကပြန်လာသည်နှင့် နေ့လည်က ရန်ပွဲအကြောင်း သိလိုက်ရသည်။သူ့မိန်းမသည် လင်းဝေ့နှင့်သာမက ကျိုးကျန်းဟိုင်၏ ဝမ်းကွဲညီမကိုပါ စော်ကားခဲ့သည်ဟု သိလိုက်ရသောအခါ ပြောစရာမဲ့သွားသည်။

ကောင်းရှို့လျန်သည် သူမှားသည်ဟု မထင်ပါ။ "ဒီလင်းဝေ့ကတော့ ဘယ်လိုပြန်ပက်ရမယ်ဆိုတာတော့အတော်သိတာပဲ။ စာလေးနည်းနည်း ဖတ်တတ်ရုံနဲ့ ဘာတွေများကြီးကျယ်စရာရှိလို့လဲ။ ပြီးတော့ အာ့ဒီချန်ပါးမေ့ဆိုတဲ့ကလေးမ ရုပ်ကလေးက ရိုးသားသလိုလိုနဲ့ အမှန်တော့ဖောက်ပြန်တတ်တဲ့သူဖြစ်နေတယ်။ လူသနားအောင်တော့ပြောတတ်တယ် သူပြောတာတွေကလည်းဟုတ်မဟုတ်မှ မသေချာတာ………"

ကျောက်ဖုန်းသည် နားထောင်နေရင်းစိတ်ရှုပ်လာကာ အော်လိုက်သည်။"တော်တော့!!"

ကောင်းရှို့လျန်လည်း လန့်သွားကာ ပြောလက်စ စကားသံရပ်သွားသည်။

သို့သော် သူ့ယောကျာ်းကို ချက်ချင်းပြန်အော်လိုက်သည်။ "ရှင်က ဘာလို့ကျွန်မကို လာအော်နေရတာလဲ။ ကျွန်မပြောတာ ဘာမှားနေလို့လဲ။ ကျွန်မ ဒီအသက်အရွယ်အထိ လက်ထပ်ပွဲကို ထွက်ပြေးတဲ့မိန်းကလေးမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး။ ကျွန်မပြောတာမှားလား သူများကိုလည်း လိုက်မေးကြည့်ပါဦး"

ကောင်းရှို့လျန်သည် နေ့လည်က လင်းဝေ့၏ တစ်ပတ်ရိုက်ခြင်းကို ခံလိုက်ရကြောင်းနားလည်ခဲ့သည်။

ယနေ့ခတ်တွင်လည်း လူတော်တော်များသည် မိဘများ၏ လက်ထပ်ပွဲစီစဥ်ပေးမှုကို လိုက်နာကြသူများပါသည်။ လင်းဝေ့ပြောကြားချက်အရ ထိုသူများ၏ လက်ထပ်မှုကလည်း တရားမဝင်ဟုဆိုနိုင်သလား။ ဒါ့အပြင် ချန်ပါးမေ့ကလည်း သူ မကြိုက်ရင် အစကတည်းက ဘာလို့ထွက်မပြေးလဲ?

ချန်ပါးမေ့ အသက်မပြည့်သေးသည့် ကိစ္စကိုလည်း ပြသနာကြီးဟူ၍ ကောင်းရှို့လျန် မမြင်မိပါ။ မင်္ဂလာအရက်အရင်သောက်ထားပြီး သူအသက်ပြည့်မှ လက်ထပ်လက်မှတ်လုပ်လည်းရတာပဲကို။ ကျေးလက်ဒေသက စုံတွဲတိုင်းအာ့လိုလုပ်နေကြတာပဲ။

ချန်ပါးမေ့၏ သတို့သားလောင်းသည် အိမ်တွင်းအကြမ်းဖက်တတ်သည့်သူဖြစ်သည်ဆိုသည်ကိုတော့ တမင်သက်သက် ထည့်မစဥ်းစားပဲ မင်္ဂလာအရက်သောက်ပြီး အသက်ပြည့်မှ လက်ထပ်လက်မှတ်ယူလျင်အဆင်ပြေသည်ဟု တွေးကာ သူမ မှန်သည်ဟု တစ်ဖက်သတ်တွေးနေ၏။

ကောင်းရှို့လျန်၏ အမူအရာကိုကြည့်ကာ ကျောက်ဖုန်းသည် ခေါင်းကိုက်လုမတတ် ဒေါသထွက်လာသည်။ သူ့မိန်းမကို ပြန်ပြောမလို့လုပ်နေတုန်း ကျိုးကျန်းဟိုင်ခြံထဲဝင်လာသည်ကို တွေ့လိုက်၍ "မင်းနဲ့နောက်မှ ပြောမယ် " ဟုပြောကာ ဧည့်သည်ကို ထကြိုလိုက်သည်။

နေ့လည်ကအဖြစ်အပျက်များကြောင့် ကျောက်ဖုန်းသည် ကျိုးကျန်းဟိုင်ကို တွေ့သည်နှင့် သတိဆက်ဆံရမည်ဟု သတိကပ်လိုက်သည်။

ကျိုးကျန်းဟိုင်သည် ကျောက်ဖုန်းနှင့်တွေ့ကာ မေးလိုက်သည်။ "ကျွန်တော် ဒီကိုမေးစရာရှိလို့လာတာ တပ်မှူးကျောက်။ ကျွန်တော်အပေါ် အမြင်စောင်းတာတွေများရှိလားလို့မေးချင်လို့ပါ။"

ကျောက်ဖုန်းကလည်း တစ်ခဏ ကြောင်အသွားကာ မေးလိုက်သည်။ "ကျွန်တော် ဘာတွေများပြောလိုက်မိလို့ အာ့လိုပြောရတာလဲ"

"ကျွန်တော်လည်း အာ့တာပြောချင်တာပါ။ ကျွန်တော့်ညီမ ပါးမေ့က ကျွန်းပေါ်ရောက်ကတည်းက ရဲဘော်ကောင်းကို တစ်ခါမှ စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်ဖူးတာမရှိဘူး။ တပ်မှူးးကသာ ကျွန်တော်အပေါ် အဆိုးမမြင်ရင် တပ်မှုးရဲ့အမျိုးသမီးက ဘာလို့ကျွန်တော်ညီမ ကလေးတစ်ယောက်ကို အနိုင်ကျင့်ပြောဆိုနေရတာလဲ"

ကျောက်ဖုန်းသည် သူ့ရှေ့တွင် တိုက်ရိုက်တည့်လာမေးနေသော ကျိုးကျန်းဟိုင်ကို ကြည့်ကာ မာနဖြင့်ပြန်ရှင်းပြလိုက်သည်။

"ခင်ဗျား အထင်လွဲနေတာဖြစ်မယ်။ ကျွန်တော်ခင်ဗျားအပေါ်ကို အဆိုးမြင်တာမရှိပါဘူး။ ကျွန်တော့အမျိုးသမီး ခင်ဗျားညီမနဲ့ အချင်းများတာကလည်း ကျွန်တော့်ပရောဂ မပါပါဘူးဗျာ။ ကျွန်တော်လည်း အခုလေးတင် သူနဲ့ အာ့ကိစ္စပြောနေကြတာပါ။ ကျွန်တော်ကတိပေးပါတယ်။ သူကိုသေချာရှင်းပြပြီး ရဲဘော်ချန်းဆီ လာတောင်းပန်ခိုင်းလိုက်ပါ့မယ်။ အာ့လိုဆိုအဆင်ပြေနိုင်မလားဗျာ"

ကျိုးကျန်းဟိုင်က လက်ခံ လက်မခံ ပြန်မဖြေပေမယ့် မေးခွန်းတစ်ခု မေးလိုက်သည်။ "ရဲဘော်ကောင်းက ရဲဘော်လင်းဝေ့ကိုလည်း လာတောင်းပန်ဖူးတယ်လို့ ကျွန်တော်ကြားဖူးတယ်"

ကျောက်ဖုန်းသည် ကျိုးကျန်းဟိုင် အဘယ့်ကြောင့် ထိုကိစ္စပြောနေမှန်းမသိ၍ ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။"အာ့လိုကိစ္စလေးတွေ ရှ်ိဖူးပါတယ်"

"ကျွန်တော် ကြည့်ရသလောက်ကတော့ ရဲဘော်ကောင်းက တောင်းပန်တတ်ပေမယ့် စိတ်ထဲမှာတော့ နောင်တမရဘူးထင်တယ်"

ကျောက်ဖုန်း၏ မျက်နှာ တင်းမာလာသည်ကို မြင်သော်လည်း ကျိုးကျန်းဟိုင်က သူပြောစရာရှိတာကို ထပ်ပြောလိုက်သည်။

" ကျောက်တပ်မှူး ကျွန်တော် တည့်ပဲပြောမယ်ဗျာ။ခင်ဗျားတို့ လင်မယားနှစ်ယောက်လုံး ကျွန်တော့်အပေါ် ဘယ်လိုမြင်မြင် ပြဿနာမရှိဘူး။ ကျွန်တော့်မိသားစုအပေါ်ဆိုရင်တော့မဟုတ်ဘူး။ နောက်တစ်ခေါက်ဒီလိုမျိုးထပ်ဖြစ်လာရင် ခင်ဗျားက ကျုပ်ထက် ရာထူးမြင့်နေရင်တောင်အထက်ကို တိုင်စာတင်ပြီး အထက်လူကြီးတွေဆီက တရားမျှတမှုတောင်းဆိုမယ်။ ကျွန်တော်ဒါမျိုးလုပ်နိုင်တယ် ဆိုတာလည်း တပ်မှူးးကျောက် သိပါတယ်"

ကျိုးကျန်းဟိုင်က ထိုသို့ပြသနာကို ကြီးအောင် လုပ်လေ့ရှိသည်ကို ကျောက်ဖုန်းလဲသိပါသည်။

လော့ရှုကျီ၏ အမျိုးသားသည် နိုင်ငံရေးကော်မရှင်အဖွဲ့မှ ဖြစ်ရာ ကျိုးကျန်းဟိုင်ထက် ရာထူးမြင့်သည်ဟုပြောနိုင်သည်။ သို့သော် သူ့အမျိုးသမီးကို ထိပါးလာသည်နှင့် ရာထူးကိုပင် ဂရုမစိုက်တော့ပဲ အထက်ကို တိုင်စာ တန်းပို့သူဖြစ်သည်။

ကျိုးကျန်းဟိုင်သည် သာမန်သင်တန်းမှူးတစ်ဦးသာဖြစ်သော်လည်း သတိထားရမည့်သူဖြစ်သည်။ သူ့ကိုလာထိလျင် အရူးကဲ့သို့ပြန်လုပ်တတ်သူဖြစ်သည်။

ကျောက်ဖုန်း အသက်ရှုကြပ်လာသလိုခံစားရ၏။ ကျိုးကျန်းဟိုင်ပြန်သွားပြီး အိမ်ထဲပြန်ဝင်လာစဥ် မျက်နှာအမူအရာလည်း မကောင်းဖြစ်နေသည်။ ကောင်းရှို့လျန်သည် ဧည့်ခန်းထဲမှာပဲ ထိုင်နေသေးကာ သူ့ကိုအသုံးမကျကြောင်း သင်တန်းမှူးလေးကိုပင် တောင်းပန်နေရသေးကြောင်းပြောဆိုနေလေ၏။

ကျောက်ဖုန်းလည်း ဒေါသငယ်ထိပ်တက်လာကာ ကောင်းရှို့လျန်ကို လက်ည်ိုးထိုးကာ ပြောလိုက်သည်။

"ဟုတ်တယ် မင်းပဲလုပ်နိုင်တယ် ဒီနေ့တစ်ယောက်ကိုစိတ်အနှောက်အယှက်ပေးတယ် နောက်နေ့ တစ်ခြားတစ်ယောက်ကို ပြဿနာ သွားရှာပြန်တယ်။ အကျိုးအကြောင်းသင့်ရင် ငါလည်းမပြောပါဘူး။ ဒါပေမယ့် မင်းက အကျိုးအကြောင်းမရှိ မဆိုင်ပဲပြဿနာရှာတဲ့နေရာတော့ အရမ်းတော်တယ်။ မင်းလိုပြဿနာပဲရှာနေတဲ့သူကြောင့်ငါ့မှာ လူရှေ့သူရှေ့လည်း အားနာနေရတယ်။ တစ်ခါတစ်လေတော့ စိတ်ရှင်းရှင်းလေးနဲ့အပြင် ထွက်ပါရစေ"

ကျောက်ဖုန်း၏ ဆူဆဲသံကိုကြားကတော့ ကောင်းရှို့လျန်ဒေါသထွက်လာကာ ပြန်အော်တော့သည်။ " ကျောက်ဖုန်း ရှင်က ဘာပြောချင်တာလဲ"

ကျောက်ဖုန်းကလည်း အသံကျယ်ဖြင့် ပြန်အော်လိုက်သည်။ "ငါဘာပြောချင်တာလဲ ဟုတ်လားး မင်းနောက်ဆိုအပြင်မထွက်နဲ့တော့ ပြသနာတွေထပ်ပြီး မရှာနဲ့တော့ နားလည်လားး"

ထိုသို့အော်လိုက်ရင်း ကျောက်ဖုန်းသည် သူ၏ စစ်ယူနီဖောင်း၏ အပေါ်ကြယ်သီးကို ဆွဲကာ ဖွင့်ဟလိုက်သည်။ ဧည့်ခန်းစားပွဲပေါ်က ရေနွေးငှဲ့သောက်ကာ သူအော်လိုက်၍ ကြောက်လန့်နေသော ဇနီးသည်ကို လှမ်းကြည့်လိုက်သည်။

"ကောင်းရှို့လျန် ငါက ဘာနောက်ခံမှ မရှိတဲ့ သာမန်စစ်သားလေးပါကွာ။ ဒီအခြေအနေ ရာထူးအထိလွယ်လွယ် ရောက်လာခဲ့တာမဟုတ်ဘူး။ မင်းငါ့ကို အကူအညီပေးဖို့လဲ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ကျေးဇူးပြုပြီး ပြသနာတော့မရှာပါနဲ့။ တစ်ခြားသူတွေကို စိတ်အနှောက်အယှက် မပေးပါနဲ့။ ဒီလောက်ရိုးရှင်းတဲ့တောင်းဆိုချက်လေးက မင်းအတွက် ခက်ခဲလွန်းနေလားဟင်"

ကောင်းရှို့လျန်ကလည်း သူ့ယောကျာ်းကို မျက်နှာသုန်မှုန်ကာ ကြည့်နေ၏။ သူမဖာသာ တီးတိုးရေရွတ်နေသော်လည်း သူ့ယောကျာ်းကိုတော့ ဘာမှပြန်မပြောခဲ့ပါ။

..........

ညစာစားပြီးနောက် လျိုတန်း၊ ကျောက်လီနှင့် တစ်ခြားသူများက နေ့လည်က ကိစ္စကိုစပ်စုလို၍ ရောက်လာကြသည်။

ပြသနာအခြေအနေကလည်း အပြင်တွင် ပျံ့နေသည့်အတိုင်းဖြစ်ရာ လင်းဝေ့လည်း အများကြီး မပြောပြလိုက်ရပေ။ ကျိုးကျန်းဟ်ိုင်က ကျောက်ဖုန်းအိမ်ကို သွားခဲ့သည့်အကြောင်းသာ ထပ်ပြောပြလိုက်ရသည်။

ကျောက်လီကလည်း သိချင်၍ " သူတို့ ဘာတွေပြောကြလဲ ကြားသေးလား" ဟုမေးလိုက်သည်။

"နည်းနည်းဝေးတော့ သိပ်မကြားရဘူး" လင်းဝေ့ကလည်း ကြားရသလောက် ပြန်ပြောပြလိုက်သည်။

"နည်းပြကျိုးက တပ်မှူးကျောက်တို့ လင်မယားကို သူတို့မိသားစုကို ဘယ်လိုသဘောထားရှိရှိ အနိုင်မကျင့်ဖို့ပြောတယ် ထင်တယ်"

"တပ်မှူးကျောက်က နည်းပြကျိုးကို အမြင်မကြည်ဘူးလား။ ဒါပေမယ့် ပြဿနာရှာတာက ကောင်းရှို့လျန်မဟုတ်လား" ဟု ယန်းယီက လင်းဝေ့စကားကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။

" ကျောက်တပ်မှူးးက နည်းပြကျိုးကို အမြင်မကြည်တာ မရှ်ိဘူးဆိုရင်တောင် ကောင်းရှို့လျန်က တော့ ရှန့်ယွင်ကို ကြည့်မရမှာ အသေအချာပဲ။ ဒါ့ကြောင့် ပါးမေ့ကိုလည်း ကြည့်မရတာဖြစ်မယ်"ဟုကျောက်လီက သူ၏ ထင်မြင်ချက်ကို ပြောနေ၏။

"နည်းပြကျိုးက ဘာလို့အာ့လိုမေးတာလဲ" ဟု ယန်းယီက ပြန်မေးလိုက်သည်။

"ကျွန်မထင်တာတော့ တပ်မှူးကျောက်ကို သူ့မိန်းမ ကောင်းရှို့လျန်ကို သေချာ ထိန်းဖို့ပြောချင်တာနေမှာပေါ့" ဟု လျိုတန်းက တွေးဆကာ ပြန်ပြောလိုက်သည်။

All Chapters