← Chapters

Chapter 64

Vol. 5 Ch. 64

Chapter 64

Vol. 5 Ch. 64

အမှန်တော့ မိသားစုအိမ်ရာရှိ လူများက ကောင်းရှို့လျန်အပေါ် အဆိုးအကောင်းဟူ၍ မမြင်ကြပေ။ နေထိုင်သည့်အိမ်ချင်းလည်း နီးစပ်မနေကာ အချင်းချင်း ပြောဆိုဆက်ဆံမှုလည်း နည်း၍ဖြစ်သည်။ ထို့အပြင် ကောင်းရှို့လျန်သည် အရာရှိဇနီးသည်များအကြားတွင်တော့ ယဥ်ကျေးစွာ ပြောဆိုတတ်သူဖြစ်သည်။

သို့သော် သူမသည် သူတို့နောက်ကွယ်တွင် အတင်းတုတ်တတ်သူဖြစ်မှန်း သိသွားကြသော် သူမကို အထင်သေးသွားကြသည်။

အိမ်နီးချင်းများသည် ကတောက်ကဆ စကားများကြသည်က ရှိစမြဲသာဖြစ်သည်။ သို့သော် ပြန်လည် ပြေလည်သွားကြသည်သာ ဖြစ်သည်။ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာကိစ္စများကိုလည်း နောက်ကွယ်တွင်ပြန်ပြောမနေကြပါ။ အိမ်နီးချင်းဖြစ်နေ၍ အမြဲတွေ့နေရမည့်သူများဖြစ်သောကြောင့် ဖြစ်သည်။

ကောင်းရှို့လျန်သည် ဆိုးသွမ်းနေသည့်သူတော့မဟုတ်ပါ။ သို့သော် ကွယ်ရာတွင် အတင်းအဖျင်းပြန်ပြောတတ်ကာ စိတ်ကြီးဝင်နေသူဖြစ်သည်။

ဤကိစ္စတွင်လည်း လင်းဝေ့နှင့် ကောင်းရှို့လျန်စကားများကြသည်ဟု ဆိုသော်လည်း အကြောင်းအရင်းက ချန်ပါးမေ့ကြောင့်ဖြစ်သည်။ ကောင်းရှို့လျန်၏ တန်းရှန့်ယွင်အပေါ် အမြင်မကြည်မှုကြောင့် သူမပါ အမုန်းခံလိုက်ရသည်ဖြစ်သည်။

ချန်ပါးမေ့သည့် တပ်မိသားစုဝင် မဟုတ်သော်လည်း ကောင်းရှို့လျန် အနိုင်ကျင့်ရလွယ်မည့်သူတော့မဟုတ်ပါ။ သူ့မိသားစုကို ကာကွယ်ဖို့ အိမ်ထောင်ဦးစီးကျိုးကျန်းဟိုင်က အမျိုးသမီးများအကြား ဖြစ်ပျက်ခဲ့သည့်ပဋိပက္ခကို သူနှင့် ကျောက်ဖုန်းအကြား ပဋိပက္ခအဖြစ်ပြောင်းလိုက်မည်ဖြစ်သည်။

တစ်နည်းအနေဖြင့်ပြောရလျင် ကောင်းရှို့လျန်က သူ့မိန်းမနှင့် ညီမဝမ်းကွဲကို ပြသနာလာရှာတိုင်း ကျိုးကျန်းဟိုင်သည်လည်း ကျောက်ဖုန်းကို စိတ်အနှောက်အယှက်လားပေးမည်ဖြစ်သည်။

ကျောက်ဖုန်း၏ ရာထူးသည် ကျိုးကျန်းဟိုင်ထက်မြင့်သော်လည်း ကျိုးကျန်းဟိုင်ကတော့ သူလုပ်နိုင်သမျှ ကျောက်ဖုန်း၏ အရေခွံက်ိုခွာသကဲ့သို့ တစ်ဖြည်းဖြည်း စိတ်ဒုက္ခပေးမည်ဖြစ်သည်။

ထို့ကြောင့် ကျောက်ဖုန်းတစ်ယောက် အနာဂတ်တွင် အုပ်ချုပ်ရေးပိုင်းမှာ ပိုမိုကြီးမားသည့်အဆင့်အထိရောက်လိုပါက သူ့အနေဖြင့် ကောင်းရှို့လျန်ကို သေချာ ထိန်းကျောင်းရမည်ဖြစ်သည်။

ကျောက်ဖုန်းမှာ အာ့လို ရာထူးတက်လိုတဲ့ ရည်မှန်းချက်ရှိပါ့မလား။

ကျောက်ဖုန်းတွင် ရာထူးတက်လိုသည့် ရည်မှန်းချက်ရှိလောက်မည်ဖြစ်သည်။ နောက်ခံမရှိသည့် သာမန်စစ်သားဘဝမှကြိုးစားလာခဲ့ရာ လက်ရှိရာထူးဖြင့် ကျေနပ်နေမည်မဟုတ်ပါ။

လျိုတန်းနှင့် ကျောက်လီ၏ ရှင်းပြချက်ကိုနားထောင်ကာ ယန်းယီက မသေချာသည့်ဟန်ဖြင့် မေးလိုက်သည်။

"တပ်မှူးကျောက်က ကောင်းရှို့လျန်ကို ထိန်းနိုင်ပါမလား"

"ခဏတော့ရမှာပေါ့။ လောလောဆယ် တစ်ခဏတော့ကောင်းရှို့လျန် ငြိမ်နေရမှာပဲ"

ကျောက်လီက လင်းဝေ့ဘက်လှည့်ကာ ထပ်ပြော လိုက်သည်။"ရှင့်အိမ်က ကျောက်အိမ်နဲ့ လမ်းပဲ ခြားတာဆိုတော့ ပုံမှန်အချိန်ဆိုလည်း သတိနဲ့နေဦးနော်"

လင်းဝေ့ကလည်း ပြုံးကာ ပြောလိုက်သည်။ "ကျွန်မ သူ့ကို ဂရုမစိုက်တော့ပါဘူး။ ကျွန်မလည်း မှန်မှန်ကန်ကန်နေတယ် ဆိုတော့ သူနဲ့ စကားများရမှာလည်း မကြောက်ပါဘူး"

"မှန်တယ် ညီမလင်းက စကားပြောတဲ့နေရာမှာ အရမ်းမိုက်တာ " ကျောက်လီသည် ဟန်ဆောင် သက်ပြင်းလေးချပြကာ ပြောခဲ့သည်။

"ဟင်းးး ကံမကောင်းစွာနဲ့ပဲ ကျွန်မတို့က အသ်ိနောက်ကျသွားလို့ မဟုတ်ရင် အပြေးလာပြီး ညီမလင်းရဲ့အံ့အားသင့်ဖွယ် အဖြစ်အပျက်လေးကို ကြည့်လိုက်ရမှာ"

လင်းဝေ့လည်း ကျောက်လီ၏ စနောက်မှုကို ရီလိုက်သည်။"တော်ပါတော့အစ်မရယ်"

ကလေးနှစ်ယောက်ကို ရေချိုးပေးနေသည့် ကျုံးရှောက်က လင်းဝေ့ပြောစကားကိုကြားလိုက်၍ ဧည့်ခန်းထဲဝင်လာကာ လာမေး၏။"ဘာကိုတော်တာလဲ"

"ဘာမှ မဟုတ်ပါဘူး ကလေးတွေကိုသာ ဂရုစိုက်လိုက်ပါ ကျွန်မတို့ကို မစိုးရိမ်ပါနဲ့" ဟုလင်းဝေ့ကလည်း ချက်ချင်း ပြန်ဖြေလိုက်သည်။

ကျုံးရှောက်ကလည်း အော ဟုအသံပြုက ကလေးများကို အဝတ်အစားဝတ်ပေးရန် အပါ်ထပ်ကို ခေါ်သွားလိုက်သည်။

ကျောက်လိီသည် ဘေးကနေကြည့်ရင်း တစ်ခစ်ခစ်ရီနေ၏။ ကျောက်လီသာမက လျိုတန်းနှင့်ယန်းယီတို့လည်း မရီမိရန် နှုတ်ခမ်းစိထားကြ၏။ လင်းဝေ့က နားမလည်နိုင်ဖြစ်နေ၍ မေးလိုက်သည်။"အစ်မတို့ ဘာလို့ရီနေကြတာလဲ"

လင်းဝေ့၏ မေးခွန်းကြားလိုက်မှ သုံးယောက်သားရီသံများထွက်လာကြသည်။ ကျောက်လီကတော့ အသံကျယ်ကြီးဖြင့် အော်ရီလာ၏။

လင်းဝေ့လည်း ကြောင်တောင်တောင်ဖြင့်ပြန်မေးလိုက်သည်။"အစ်မတို့တော်သင့်ပြီနော် ပြောစရာရှိရင်ပြော ကျွန်မကို ပဟေဌိလုပ်မနေနဲ့"

"ဟုတ်ပြီ ဟုတ်ပြီ ကျွန်မပြောမယ်" ဟု ကျောက်လီက အရယ်ရပ်ပြီး ပြုံးကာပြန်ပြောလာသည်။

"ကျွန်မတို့ တွေးနေတာက ကောင်းရှို့လျန်နဲ့စကားများနေတဲ့ညီမရဲ့ ပုံစံကို မမြင်လိုက်ရပေမယ့် ဒုတပ်မှူးကျုံးရဲ့ရှေ့မှာ မြင်လိုက်ရတဲ့ညီမပုံစံက မိုက်လွန်းလို့ပါ" ဟုပြောကာ စောနက လင်းဝေ့နှင့်ကျုံးရှောက်တို့ ပြောသည့်အတိုင်း တုပပြောလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး ကလေးတွေကိုသာ ဂရုစိုက်လိုက်ပါ ကျွန်မတို့ကို မစိုးရိမ်ပါနဲ့"

"အော"

ကျောက်လီ၏ တုပပြောပြီးနောက်မနေနိုင်ပဲ ပြန်ရီလိုက်ကာ စလိုက်သည်။"ညီမလင်းရဲ့ အမျိုးသားက အရမ်းကျွမ်းတာပဲ"

"အစ်မတို့ ရယ်ရတဲ့အကြောင်းအရင်းကလည်း မဟုတ်သေးပါဘူး"လင်းဝေ့ပြောစရာမဲ့သွားသည်။

"သူပြောချင်တာက ဒီလိုပါ"ဟု လျိုတန်းက ရှင်းပြသည်။

"ညီမ မလာခင်က ဒုတပ်မှူးကျုံးကို ကြည့်လိုက်ရင် ရုပ်ချောပေမယ့် မျက်နှာကြီး အမြဲတည်တံ့နေတာပဲ၊ အာ့အချိန် ကျွန်မတောင်တွေးနေသေးတယ် သူ့မိန်းမတော့ စိတ်ဖိစီးမှုတွေ ခံစားရမှာပဲလို့ အခုတော့ ဒုတပ်မှူးကျုံးလည်း အပြင်မှာ တည်နေပေမယ့်မိန်းမကိုတော့ အရှုံးပေးရတာပဲ။ အပြင်မှာတစ်မျိုး မိန်းမနဲ့ကျတစ်မျိုးမို့လို့ ကျွမ်းတယ်ပြောတာပါ"

"အစ်မတို့ကလည်း ဘာလို့အာ့လောက် ချဲ့ကားပြောနေရတာလဲ" လင်းဝေ့လည်း မရီပဲမနေနိုင်တော့ပါ။

"အခုညီမကိုကြည့်ပြီး မစိုးရိမ်တော့ဘူး။ ကောင်းရှို့လျန်လိုလူကိုတောင် ပါးစပ်ပိတ်သွားအောင်ပြောနိုင်တာ။အလွယ်လေး အနိုင်ကျင့်လို့ရမယ့်သူမဟုတ်ဘူးလို့။" ဟူ၍ ကျောက်လီကလည်း ထပ်အရွှန်းဖောက်လိုက်သည်။

"မနောက်ပါနဲ့ဆို အစ်မကလည်း" လင်းဝေ့ကလည်း စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်သည်။

"ကဲပါ ကဲပါ တစ်ခြားအကြောင်းပြောရအောင်ဟု ကျောက်လီက ကျန်သည့်လူများကို နားချလိုက်ပြီး အတည်ရုပ်ဖြင့် စကားပြောလာသည်။

"ဒါနဲ့ကျွန်မတို့မျက်စိနဲ့ ကိုယ်တိုင်မြင်ရတာမဟုတ်ရင် ညီမအမျိုးသားက ညီမရှေ့မှာ ဒီလိုဆိုတာ ယုံနိုင်မှာ မဟုတ်ဘူး"

"ညီမတို့ပဲ အာ့လိုကွဲပြားနေတာတော့မဟုတ်ပါဘူး။အစ်မ အမျိုးသားလောင်မုန့်လည်းအပြင်နဲ့ အစ်မရှေ့နဲ့ မျက်နှာအမူအရာ အတူတူမဟုတ်ဘူးမလား" ဟုလင်းဝေ့က ပြောလိုက်ရာ ကျောက်လီလည်းပြန်စဥ်းစားကာ ခေါင်းခါလိုက်သည်။

"ဟုတ်တယ် မတူဘူး"

"အာ့လိုမဟုတ်သေးဘူး"

ကျောက်လီ၏စကားက အဆုံးမသတ်သေးပဲ အံကြိတ်ပြောလိုက်သည်ကို လင်းဝေ့ ကြားလိုက်သည်။ "အပြင်မှာ ထက် ကျွန်မနဲ့ ရန်ပွဲပိုများသလိုပဲ"

……………

ညမှောင်လာကာ နောက်ကျနေပြိီဖြစ်၍ လျိုတန်းတို့လည်း ပြန်လိုက်ကြသည်။ သူတို့အိမ်အသီးသီးမှာလည်း လုပ်စရာ အလုပ်ကျန်သေးကာ အိမ်ပြန်လမ်းခွဲလိုက်ကြသည်။

လမ်းခွဲကာ မသွားခင် လျိုတန်းသည် သန်ဘက်ခါ ခရိုင်စျေးတွင် ချည်ပစ္စည်း သွားဝယ်ရမည်ဖြစ်ကြောင်းသတိပေးလိုက်သည်။

"သန်ဘက်ခါကျရင် မနက်ပိုင်းသွားမလား နေ့လည်ပိုင်းသွားကြမလား"

"ကျွန်မကတော့ ဘယ်အချိန်ဖြစ်ဖြစ် အားပါတယ် အစ်မတို့ပဲ အချိန် ညှိလိုက်ကြပါ" လင်းဝေ့က ပြောလိုက်သည်။

"ကျွန်မလည်း ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်မတို့စျေးမှာ ဝယ်စားကြမလား ပြန်လာမှပဲ စားကြမလား" ဟု ယန်းယိီက မေးလိုက်သည်။

ဦးထုပ်လုပ်မည့်ပစ္စည်းများ ဝယ်မည်ဟုပဲစဥ်းစားနေကြ၍ အစားအသောက်အကြောင်း မည်သူမျှ မတွေးမိကြပါ။ ထို့ကြောင့်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ်ချင်လဲဟူသည့်သဘောဖြင့် ကြည့်လိုက်ကြသည်။

"ခရိုင်စျေးမှာစားလဲ အဆင်ပြေပါတယ်။ ခရိုင်ရုပ်ရှင်ရုံမှာ ရုပ်ရှင်အသစ် ပြနေတယ်လို့လည်းကြားတယ်။အချိန်ရရင် ရုပ်ရှင်ကြည့်ပြီးမှ ပြန်ရအောင်လေ"ဟု အပျော်အပါးကြိုက်သည့် ကျောက်လိီက အကြံပေးလိုက်သည်။

လျိုတန်းကတော့ အဆင်မပြေဟု ထင်နေ၏။"ခရိုင်စျေးမှာ စားသောက်ပြိီး ရုပ်ရှင်ကြည့်မယ်ဆိုရင် ကျွန်မတို့ကလေးတွေကို ဘယ်လိုလုပ်ကြမလဲ"

"အမျိုးသားကိုပဲ လုပ်ခိုင်းလိုက်ပေါ့။ ဟင်းတွေမချက်တတ်ဘူးဆိုရင်တောင် ခေါက်ဆွဲတော့ချက်တတ်မှာပါ ဘာလို့စိုးရိမ်နေရတာလဲ" ဟု ကျောက်လီက ပြောလိုက်သည်။

"ကျွန်မကတော့ပြသနာမရှိဘူး "ဟု လင်းဝေ့ကပြောလိုက်သည်။ ကျုံးရှောက်သည် လင်းဝေ့ရှိလည်း ရုံးပိတ်ရက်တိုင်း ဟင်းချက်လေ့ရှိရာ ကလေးများက ကျင့်သားရနေပြိီဖြစ်သည်။

"ကျွန်မလည်း အာ့ကိစ္စအတွက် စိုးရိမ်စရာမရှိပါဘူး" ဟု ယန်းယီကလည်း ဖြေလိုက်သည်။

အားလုံးက ခရိုင်စျေးမှာပဲ စားသောက်ရန် ပြောနေကြ၍ လျိုတန်းလည်း ခေါင်းငြိမ့်ကာပြောလိုက်သည်။

"ဒါဆိုလည်း အာ့လိုပဲ လုပ်ကြတာပေါ့။ ဒါပေမယ့်ကျွန်မတို့ ရှန့်ယွင်နဲ့ ပါးမေ့ကိုလည်း မေးကြည့်ရဦးမယ် ထင်တယ်"

"လွယ်ပါတယ် ကျွန်မတို့ပြန်ရင်း ဝင်မေးလိုက်ကြတာပေါ့" ဟု ကျောက်လီက ပြောလိုက်သည်။

"ဒါဆိုကျွန်မတို့ သန်ဘက်ခါကျ ရုပ်ရှင်ကြည့်ပြီး စျေးမှာ ဝယ်စားကြမယ်နော်"

"အရေးအကြီးဆုံးက ချည်ပစ္စည်းတွေဝယ်ဖို့နော်။ သမဝါယမစျေးက စက်ရုံထုတ်ပစ္စည်းဌာနကို အရင်သွားကြမယ်နော်"ဟု လင်းဝေ့က ထပ်ပြောလိုက်သည်။

"ဟုတ်တယ် အာ့တာ အဓိကပဲ။ ဒါနဲ့ကျွန်မတို့ ရုပ်ရှင်ကြည့်ပြီးမှ စားသောက်ကြမှာလား စားသောက်ပြီးမှ ရုပ်ရှင်ကြည့်ကြမှာလား"ဟု ယန်းယီက ထပ်မေးလိုက်သည်။

စားသောက်တာနဲ့ ရုပ်ရှင်ကြည့်တာ ဘယ်ဟာ အရင်လုပ်မလဲဆိုသည်ကလည်း သန်ဘက်ခါခရီးစဥ်အတွက် အရေးပါပါသည်။ စားသောက်တာ အရင်ဆိုလျင် စောစောသွားကာ မွန်းလွဲတစ်နာရီနှစ်နာရီခန့်ပြန်လာနိုင်မည်ဖြစ်သည်။

နေ့လည်ပိုင်းမှ စားသောက်မည်ဆိုလျင် နေဖင်ထိုးသည့်အထိအိပ်ပြီး အေးဆေးသွားကာ နောက်ကျမှ ပြန်လာနိုင်မည်ဖြစ်သည်။

ကျောက်လီကလည်း တစ်ခဏစဥ်းစားလိုက်သည်။

"ရှန့်ယွင်နဲ့ကျန်တဲ့သူတွေရဲ့ သဘောထားကိုလည်း မေးကြည့်ရအောင်။ ကြားထဲမှာ အချိန်တစ်ရက်လည်း ကျန်သေးတယ်လေ။ ခရီးစဥ်အသေးစိတ်ပြောဖို့လည်း နောက်ကျနေပြီဆိုတော့ မနက်ဖြန်မှ ဆက်စီစဥ်ရအောင်"

အားလုံးက သဘောတူကာ ခေါင်းငြိမ့်လိုက်ကြသည်။

"ဟုတ်ပြီလေ မနက်ဖြန်ညကျမှ ဆက်ပြောကြတာပေါ့"

ထိုကဲ့သို့ပြောပြီး ပြန်သွားကြသည်။ ဧည့်သည်များကိုပြန်သွားပြီးနောက် လင်းဝေ့သည် အိမ်ထဲပြန်ဝင်လာကာ ဧည့်သည်များ သောက်ထားသည့် ကြွေရည်သုတ်ခွက်ကို ဆေးရန် အပြင်ဘက်ရှိ ဘေစင်ဆီ ယူသွားလိုက်သည်။

ကြွေရည်သုတ်ခွက်များ ဆေးပြီးအိမ်ထဲပြန်ဝင်လာစဥ် ကျုံးရှောက်လည်း ရေချိုးပြီးကာ ရေချိုးခန်းထဲက ပြန်ထွက်လာသည်။ ခေါင်းလည်းလျှော်ထား၍ ဆံသားများက စိုဆွတ်နေရာ တံဘတ်ဖြင့်ခေါင်းသုတ်ရင်းထွက်လာသည်။

လင်းဝေ့လက်ထဲက ခွက်များကိုတွေ့၍ ခေါင်းသုတ်နေသည်ကိုရပ်ရင်း မေးလိုက်သည်။"ဧည့်သည်တွေပြန်သွားပြီလား"

"ပြန်သွားကြပြီ"လင်းဝေ့သည် ခွက်များကို ဘီဒိုထဲ တစ်ခုချင်းစီထည့်ကာ သိမ်းလိုက်သည်။

"ဒါနဲ့ ကျွန်မတို့တစ်တွေ တနင်္ဂနွေနေ့ ခရိုင်မြို့ကိုသွားဖို့ပြောထားကြတယ်"

"အဲ့ကိစ္စက ကိုယ့်ကိုပြောပြီးပြီ မဟုတ်လား"

"ကျွန်မ အရင်ကပြောခဲ့တာက ဦးထုပ်လုပ်ဖို့ပစ္စည်းတွေသွားဝယ်မှာလေ။ ဝယ်ပြီးပြန်လာတာက တစ်နာရီ နှစ်နာရီလောက်ပဲကြာတာ"

"အဲ့တော့ အခုပြောတာက" ကျုံးရှောက်က မျက်ခုံးပင့်ကာပြောလိုက်သည်။

"ကျွန်မတို့က ခရိုင်မြို့မှာ နေ့လည်စာစားပြီး ရုပ်ရှင်ကြည့်ကြမှာ။ အာ့တော့ တစ်နေကုန်လောက်ကြာမှာ" ဟု လင်းဝေ့က ကျုံးရှောက်ဘက် ခေါင်းလှည့်ကြည့်ကာ အတည်ပေါက်ရုပ်ဖြင့် ပြောလိုက်သည်။

"ဆိုတော့ တနင်္ဂနွေနေ့ကျ မင်မင်နဲ့ရွေ့ရွေ့ကို ရှင့်လက်ထဲအပ်ခဲ့ပြီနော်"

All Chapters