← Chapters

Chapter 65

Vol. 5 Ch. 65

Chapter 65

Vol. 5 Ch. 65

ကလေးထိန်းခိုင်းတာတော့ ကျုံးရှောက်အတွက်ပြသနာကြီးမဟုတ်ပါ။ ဒါပေမယ့် သူပြောချင်တာက တခြားပင်။ "ကိုယ်တို့တစ်ခါမှ ရုပ်ရှင်အတူ မကြည့်ဖူးသေးဘူးမလား"

လင်းဝေ့ ကျွန်းပေါ်ရောက်ခါစက သူတို့ရုပ်ရှင်အတူသွားကြည့်ကြမည်ဟု ပြောခဲ့ဖူးသည်။ ကျုံးရှောက်တို့ ခရိုင်မြို့စျေးသွားကာ ပန်ကာသွားဝယ်စဥ်က ကံမကောင်းစွာ ရုပ်ရှင်ရုံက စက်ပျက်နေ၍ ပြမည့်ရုပ်ရှင်များကို ရက်ရွေ့ခဲ့၍ မကြည့်ခဲ့ရပါ။

နောက်ရုံးပိတ်ရက် ရောက်လာတိုင်း လင်မယားနှစ်ယောက်လုံး မအားကြကာ ကျုံးရှောက်သည်လည်း လဝက်ခန့် ပင်လယ်သို့ တာဝန်ထမ်းဆောင်ရန် ထွက်ခဲ့ရပြီး ရုပ်ရှင်ကြည့်မည့် အစီအစဥ်အကောင်အထည်မဖော်ခဲ့ရပေ။

ကျုံးရှောက်၏ မျက်နှာက တည်တံံ့နေကာ အသံကလည်း တစ်ညီတည်းဖြစ်နေ၏။ လင်းဝေ့သည် သူ့ယောကျာ်းတစ်ခုခုမှားနေမှန်း အစက မသိခဲ့ပါ။ ထို့ကြောင့်ပုံမှန်အတိုင်း

"ဒီအပတ်ကတော့ အချိန်တိုက်နေတော့ ရှင်ကြည့်ချင်ရင် နောက်အပတ် သွားကြည့်ကြမယ်လေ" ဟုပြောပြီး ကျုံးရှောက်ကို လှည့်ကြည့်လိုက်သည်။

"မဟုတ်မှလွဲရော ရှင် မနာလိုဖြစ်နေတာတော့ မဟုတ်ဘူးမလား"

" မဟုတ်ပါဘူး"

ကျုံးရှောက်က အတင်းငြင်းပြီး ဆက်ပြောလိုက်သည်။

"မင်းတို့အမျိုးသမီးတွေသွားပြီး ပျော်ခဲ့ကြ။ မင်မင်နဲ့ရွေ့ရွေ့ကို ကိုယ်ကြည့်ထားလိုက်မယ်"

"တစ်ကယ်ကြီး မဟုတ်ဘူးပေါ့?" လင်းဝေ့က သံသယဖြင့်ထပ်မေးလိုက်သည်။

ကျုံးရှောက်လည်း ခေါင်းကို ထပ်ခါပြကာ "တစ်ကယ်မဟုတ်ဘူး" ဟု ငြင်းလိုက်သည်။

"မဟုတ်ဆိုရင်လည်း ကောင်းပါပြီ။ ရှင်မနာလိုဖြစ်နေတယ်ဆိုရင် ကျွန်မက နှစ်သိမ့်ပေးမလို့ပါ"ဟု လင်းဝေ့က စိတ်ပျက်သွားသည့်ပုံစံဖြင့် ပြောကာ သူမအဝတ်အစားများ ကောက်ယူကာ ရေချိုးရန်ထွက်သွားသည်။

သို့သော် သူမခြေနှစ်လှမ်းခန့်သာ လှမ်းရသေးသည် ကျုံးရှောက်က ပြန်ဆွဲထားလိုက်သည်။ "ကိုယ့်ကို ဘယ်လိုနှစ်သိမ့်ပေးမှာလဲ"

"ရှင် မနာလို မဖြစ်ဘူးလား" လင်းဝေ့က ထပ်မေးလိုက်သည်။

ကျုံးရှောက်က မူလက သူ့လေသံအတိုင်းပြန်ပြောလိုက်သည်။ "စောနကတော့ မနာလိုမဖြစ်ပါဘူး။ ဒါပေမယ့်အခုပြန်စဥ်းစားကြည့်လိုက်တော့ နည်းနည်းလေး မနာလိုဖြစ်လာသလိုပဲ။ ကျွန်းပေါ်ရောက်ပြီး ပထမဆုံးကြည့်တဲ့ရုပ်ရှင်က ကိုယ်နဲ့အတူမဟုတ်လို့ မနာလိုမိတယ်"

"ဒါပဲလေ" လင်းဝေ့သည် လက်ကိုဆန့်လိုက်ကာကျုံးရှောက်၏ခေါင်းကို ပွတ်သပ်ပေးကာပြောလိုက်သည်။

"အားဟိုင်ရေ နောက်တစ်ခေါက်မှ ဝေ့ဝေ့နဲ့ အတူတူ ရုပ်ရှင်ကြည့်ကြမယ်နော်"

"မ လုံလောက်သေးဘူး"

လင်းဝေ့ ကြောင်သွားသည်။ သူမလက်ကို ကျုံးရှောက်ခေါင်းပေါ်မှ ပြန်မရုတ်သေးခင် သူမ အဖက်ခံလိုက်ရသည်။"မင်းကိုယ့်ကို အလျော်ပေးရမယ်"

သူ၏ယောကျာ်းပီသသည့် အသံအဆုံး နွေးထွေးသည့်နှုတ်ခမ်းက သူမအပေါ်သို့ ကျရောက်လာခဲ့သည်။

"တံခါးဖွင့်ထားတယ်"လင်းဝေ့က ချက်ချင်းနောက်ဆုတ်ပြီးပြောလိုက်သည်။

ကျုံးရှောက်ကတော့ ဂရုမစိုက်ပဲ ရှေ့တိုးလာကာ လင်းဝေ့ကို ဘီဒိုနှင့် သူ့အကြားထားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။"ရပါတယ် ဒီအချိန် ဘယ်သူမှ မလာဘူး"

လင်းဝေ့တို့အိမ်သည် မိသားစုအိမ်ရာ၏ အစွန်ပိုင်းတွင်ရှိရာ ညပိုင်းအချိန်တွင် သူမတို့အိမ်ရှေ့မှ ဖြတ်သွားဖြတ်လာများလည်း မရှိပါ။ ညကြီးမိုးချုပ် လင်းဝေ့နှင့်ကျုံးရှောက်ကို လာရှာမည့်သူလည်း မရှိပါ။ ထို့အပြင် အချိန်ကလည်း လူတိုင်း ခြေလက်မျက်နှာသစ်ကာ အိပ်ရာဝင်ကြသည့်အချိန်ဖြစ်ရာ မည်သူမျှရောက်လာမည်မဟုတ်ပါ။

ထိုသို့တွေးမိရင်း လင်းဝေ့သည် ကျုံးရှောက်ပြောသလို ကိစ္စမရှိဟု တွေးလိုက်သည်။

လင်းဝေ့လည်း ခေါင်းလေးမော့ကာ သူ့ယောကျာ်း၏ အနမ်းကို လက်ခံနေစဥ် အလန့်တကြား အော်သံကြားလိုက်ရသည်။"အာ!"

လင်းဝေ့လည်း ကျုံးရှောက်ကို အမြန်တွန်းထုတ်လိုက်ပြီး အသံလာရာကိုကြည့်လိုက်ရာ မင်မင်သည် လှေကားနားမှာ သူ့လက်ချောင်းများ ချဲထားသည့်လက်ကို မျက်လုံးမှာကာထားရင်း ရပ်နေသည်ကို တွေ့လိုက်ရသည်။

လင်းဝေ့ - "………" လက်ကို ကာချင်ရင်လည်း အပြည့်ကာလေ ဘာလို့ လက်ချောင်းတွေက ချဲထားရတာလဲ?

သူ့အမေ ရုပ်ရှင်သွားကြည့်မည်ဟုကြားသည်နှင့် ရွေ့ရွေကြလည်း အတူတူလိုက်ချင်နေ၏။

မိသားစုအိမ်ရာမှ ခရိုင်မြို့အထိ လူကြိးတစ်ယောက်ပင်လျင် နာရီဝက်ကျော်ခန့် လမ်းလျှောက်ရသည်။ ကလေးနှစ်ယောက်သည်လည်း ငယ်သေးပြီးခြေလှမ်းနှေးကွေးရာ သူတို့အကြာကြီးလျှောက်နိုင်ကြမည်မဟုတ်ပေ။

တစ်ခြားသူများကို အကူအညီတောင်းရန်လည်း အားနာမိကာ သူတို့အဖေနှင့်သာ ထားခဲ့ရပေမည်။ ထို့ကြောင့် နောက်တစ်ပတ် ကျုံးရှောက်အချိန်ရလျင် မိသားစုလိုက် ခရိုင်မြို့ထပ်သွားကာရုပ်ရှင်ကြည့်ကြမည်ဟု ပြော ထား၏။

ကျုံးရှောက်သည် တစ်ပတ်လျင် တစ်ရက်ရုံးပိတ်ရက် ရသည်ဟု ဆိုနိုင်သော်လည်း အရေးပေါ်ကိစ္စများ ရှိလာလျင် ချက်ချင်း တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့်ကလေးများရှေ့တွင်လည်း အသေအချာမပြောရဲသေးပါ။

မင်မင်နှင့် ရွေ့ရွေ့ကတော့ ထိုကိစ္စများကိုမစဥ်းစားပဲ နောက်အပတ် ရုပ်ရှင်သွားကြည့်ရမည်ဟူ၍ ပျော်နေကြ၏။

အမှန်တော့ ကလေးများက ရုပ်ရှင်ကြည့်ရတာကိုမကြိုက်ကြပါ။ထိုခတ်အခါက ကာတွန်းများလည်း မပြသေး၍ လူကြီးကြိုက်ရုပ်ရှင်များသာ ပြလေ့ရှိသည်။ ထိုရုပ်ရှင်များကိုလည်း ကလေးများက နားမလည်ကြကာ သူတို့အတွက် ပျင်းစရာကောင်းနေသည်။

ထို့ကြောင့် သူတို့ရုပ်ရှင်လိုက်ကြည့်ချင်ကြသည်က ပျော်ချင်၍ဖြစ်သည်။

အရင်က ချည်မျှင်စက်ရုံတွင် နေခဲ့စဥ် စစ်တပ်က ချည်မျှင်စက်ရုံ ဝန်ထမ်းမိသားစုများအား ပိတ်ကားရုပ်ရှင်အမြဲပြလေ့ရှိသည်။ ရုပ်ရှင်ပြသည့်ညတိုင်း တစ်ချို့က စားစရာများ လုပ်လာကာ လာကြည့်သူများကို ရောင်းပေးတတ်ကြသည်။

ကိုယ်ပိုင်စီးပွားရေး ရောင်းဝယ်လုပ်ခြင်းကို ယနေ့ခတ်တွင် အစိုးရက တားမြစ်ထားသည်။ သို့သော်အမြတ်ကြီးစားခြင်းမျိုးမရှိကာ အမြဲရောင်းဝယ်နေသည်မဟုတ်လျင် ခြွင်းချက်အနေဖြင့် လုပ်ခွင့်ပေးထား၏။

ထို့အပြင် မကြာသေးခင် နှစ်များအတွင်း စီမံခန့်ခွဲရေးဌာနက မတင်းကြပ်ထားရာ တစ်ချို့နေရာဒေသများတွင် လယ်သမားများ၏ဘဝ သက်သာချောင်ချိစေရန် မိမိတို့လယ်ယာမှ ပိုလျှံသည့်ဆန်စပါးနှင့်ခေါက်ဆွဲများရောင်းသည့်စျေးများပင် ပြန်ဖွင့်ကာ ရောင်းဝယ်နေကြပြီဖြစ်သည်။ ထို့ကြောင့် မုန်ပဲသရေစာများ ခဏတာ လာရောင်းသည်ကို ဘယ်သူမျှလည်း မတိုင်ကြားတော့ပါ။

စားသောက်စရာ မုန့်များနှင့် ရွယ်တူသူငယ်ချင်းအများအပြားလည်း ရှိရာ ညီအစ်ကို နှစ်ယောက်သည် ရုပ်ရှင်ပြသည့်ညရောက်လျင် အလွန်ပျော်လေ့ရှိသည်။ ထိုပျော်စရာအချိန်များကိုလည်း သတိရနေကြကာ သူတို့အမေနှင့်အတူ ရုပ်ရှင်ကြည့်လိုက်ချင်နေကြ၏။

လင်းဝေ့ကတော့ ရုပ်ရှင်ရုံရောက်လျင် သူတို့တို့စိတ်ပျက်သွားကြမည်ဟု ထင်သည်။

ရုပ်ရှင်လာကြည့်သည့် လူအများစုမှာ လူကြီးပိုင်းများဖြစ်ကြပြီး သူတို့က ကလေးများဆူညံသည်ကိုလည်း မကြိုက်ကြပါ။

ရုပ်ရှင်ကြည့်နေတုန်း တစ်ယောက်ယောက် စကားပြောသံထွက်လာလျင်ပင် ပါးစပ်ပိတ်ခိုင်းကြမည့်သူများဖြစ်သည်။ ရုပ်ရှင်လာကြည့်သူများက ငွေပေးကာ ရုပ်ရှင်ကောင်းကောင်း ကြည့်နိုင်ရန်လာကြခြင်းဖြစ်သည်။

ထို့ကြောင့် ညီအစ်ကိုနှစ်ယောက် ရုပ်ရှင်ရုံရောက်လာပါက သက်တူရွယ်တူ သူငယ်ချင်းများ မတွေ့ရရုံသာမက ရုပ်ရှင်ရုံထဲလည်း ပြေးလွှား ဆော့မကစားရကာစိတ်ညစ်ကြမည်ဖြစ်သည်။ ရုပ်ရှင်ရုံထဲ စားစရာ ယူလာကာ စား၍ ရသော်လည်း ရုံထဲတွင်တော့ စားစရာ မရောင်းပါ။

မည်ကဲ့သို့ပင်ဖြစ်စေ ကလေးများ ခရိုင်ရုပ်ရှင်ရုံလာခြင်းက မိသားစုအိမ်ရာရှိ သူငယ်ချင်းများနှင့် ရုပ်ရှင်ကြည့်ခဲ့ရသည်လောက် ပျော်စရာကောင်းမည်မထင်ပါ။

သို့သော် လင်းဝေ့သည် ကလေးနှစ်ယောက်ကို အရင်နှစ်သိမ့်လိုက်သည်။ လင်းဝေ့ ပြောပြသည်ထက်ကလေးတွေ ကိုယ်တိုင်ကြုံရသည်က ပိုကောင်းသည်။

ထို့ကြောင့် ကလေးနှစ်ယောက်ကို နောက်အပတ် ရုပ်ရှင်ခေါ်သွားကြည့်မည်ဟု ကတိပေးလိုက်၏။ "မေမေက အန်တီတို့နဲ့ အရင် သွားကြည့်လိုက်ဦးမယ်နော် ပြီးမှ သားတို့နဲ့ အတူသွားကြည့်ကြမယ်နော်"

ကလေးတွေကလည်း အန်တီများနှင့် ရုပ်ရှင်ကြည့်ပြီးလျင် သူတို့ကိုမေ့သွားမည်ကို စိုးရိမ်နေ၏။

အမေဖြစ်သည့် လင်းဝေ့ကလည်း သူ့သားနှစ်ယောက်၏ စဥ်စားဉာဏ်ရှိမှုကို သိရှိပြီး ပြုံးကာ "မစိုးရိမ်ပါနဲ့ မေမေက သားတို့ကို သေချာပေါက် ရုပ်ရှင်ကြည့်ဖို့ခေါ်သွားမှာပါ" ဟုပြောလိုက်၏။

ကလေးနှစ်ယောက်ကို ကတိပေးခဲ့ပြီး ဦးထုပ်ဆောင်းကာ အိတ်ယူခဲ့ပြီး ထွက်လာလိုက်သည်။

အိတ်ဟုပြောသော်လည်း အမှန်မှာ ပစ္စည်းထည့်ရန် အဝတ်အိတ်သာဖြစ်သည်။ ဒီဇိုင်းက သာမန်သာဖြစ်ကာ လက်ပိုင်းကို ကြိုးနှစ်ချောင်းကျစ်ထား၍ ဆယ်ကီလိုပင် ထည့်နိုင်၏။ လင်းဝေ့ သစ်သီးဝယ်တိုင်း ဤအိတ်ဖြင့်ထည့်ကာ သယ်လာလေ့ရှိသည်။

မူလက လင်းဝေ့သည် ထိုအိတ်ကိုကြီးသည်ဟု ထင်ကာ ကိုင်ရန် စိတ်မကူးပါ။ သူမ စကပ်တွင် အိတ်များလည်းပါကာ ပိုက်ဆံအိတ်လည်းပါ၍ ထိုအိတ်များတွင် ထည့်သည်က ပို အဆင်ပြေမည်ဟု ထင်မိ၏။

သို့သော် အပြင်မထွက်ခင်မှာပဲ စိတ်ပြောင်းသွားသည်။ ခရိုင်စျေးမှာ ပတ်နေရင်း အရသာရှိသည့် စားစရာများတွေ့လျင် သယ်လာနိုင်အောင် အဝတ်အိတ်အကြီးကိုပါသယ်သွားလိုက်တော့သည်။

လင်းဝေ့အိမ်ကထွက်လာပြီး ကျိုးအိမ်ကို အရင်ဝင်ကာ တန်းရှန့်ယွင်နှင့် ပါးမေ့ကို ခေါ်လိုက်သည်။

သူတို့နှစ်ယောက်ကလည်း ပြင်ဆင်ပြီးဖြစ်ရာ လင်းဝေ့၏ အော်ခေါ်သံကြားသည်နှင့် အိမ်ထဲမှထွက်လာ မိသားစုအိမ်ရာ ဂိတ်ပေါက်သို့ အတူသွား ကြသည်။

သူတို့သုံးယောက် အတူလျှောက်လာကြရာ မိသားစုအိမ်ရာဝင်းဂိတ်ပေါက်တွင် လျိုတန်းတို့ သုံးယောက်စောင့်နေသည်ကို မြင်လိုက်ရသည်။

"အစ်မတို့ စောင့်နေတာကြာပြီလား" ဟု လင်းဝေ့က မေးလိုက်သည်။

လျိုတန်းက ကျောက်လီကို ညွှန်ပြကာပြောလိုက်သည်။ "သူအရင်ရောက်နေတာ ကျွန်မတို့ နှစ်ယောက်ကတော့ ညီမတို့နဲ့ မိနစ်ပိုင်းလေးပဲကွာတယ်"

ကျောက်လီက ပြုံးကာ "ကျွန်မ သမဝါယမရုံးမှာ ကိစ္စလေးရှိလို့ အစောကြီးရောက်နေတာပါ" ဟုပြောလိုက်သည်။

ကျောက်လီသည် သမဝါယမရုံးကိစ္စများပြီးသည့်နောက် အိမ်ပြန်မသွားချင်တော့၍ မိသားစုအိမ်ရာဂိတ်ဝမှာ ပဲ စောင့်နေခြင်းဖြစ်သည်။ သူမ စောင့်နေသည်မှာ ဆယ်မိနစ်ခန့်သာရှိသေး၏။

နှုတ်ဆက်ကြပြီးနောက် လင်းဝေ့တို့သည် မိသားစုအိမ်ရာဝင်းမှ လမ်းလျှောက်ထွက်လာလိုက်ကြသည်။

ထွက်လာသည့် လမ်းမှာ အဖြောင့်အတိုင်းဖြစ်၍ လမ်းဘေးတစ်လျှောက်တွင်လည်း အုတ်ကြွပ်နီအဆောက်အဦများဖြင့်ပြည့်နေ၏။

စစ်တပ်၏ သမဝါယမရုံးနှင့်စျေးသည် ဤနေရာတွင်ဖြစ်၏။ အုတ်ကြွတ်နီ အဆောက်အအုံများလွန်ပြီးနောက် လမ်းဘေးနှစ်ဖက်ရှုခင်းမှာ လူမနေသည့် ခြုံနွယ်ပိတ်ပေါင်းများပိတ်နေ၏။

ခုမိနစ် ရှစ်မိနစ်ခန့်လမ်းလျှောက်ပြီးနောက် လမ်းဆုံလမ်းခွသို့ ရောက်လာ၏။ ဘယ်ဘက်တွင် ပင်လယ်ငါးများဖမ်းသည့် ငါးဖမ်းတပ်ဖွဲ့ဆီ သွားရာလမ်းဖြစ်ပြီး ညာဘက်ကတော့ စစ်စခန်းနှင့် စစ်ဆေးရုံသို့သွားရာလမ်းဖြစ်၏။

ထို့ကြောင့် လင်းဝေ့တို့လည်း တန်းတန်းဆက်သွားခဲ့ကြသည်။

စစ်တပ်မိသားစုအိမ်ရာနှင့် ခရိုင်မြို့မှာ လေးငါးမိုင်ခန့်ဝေးသည်။ သိပ်မဝေးသော်လည်း တစ်ယောက်တည်း လမ်းလျှောက်ရရင် အလွန်ပျင်းဖို့ကောင်းပါ၏။ သို့သော် မိတ်ဆွေအပေါင်းအပါများနှင့် ရယ်မောကာ စကားပြောရင်း လမ်းလျှောက်ပါက မပျင်းရတော့ပါ။

ခရိုင်မြို့ကတော့ လင်းဝေ့တို့ နောက်ဆုံးသွားခဲ့စဥ်ကအတိုင်းဖြစ်၏။ လမ်းတစ်လျှောက် လူရှိသော်လည်း သိပ်မစည်ကားပါ။

........

စာရေးသူ - " မင်မင်ရေ!"

မင်မင် - ကျွန်တော် တွေ့ခဲ့လို့လား? ကျွန်တော်ဘာမှ မတွေ့ပါဘူး!

All Chapters