Chapter 66
Vol. 5 Ch. 66
ရုပ်ရှင်ရုံကတော့ ရုပ်ရှင်အသစ်ပြနေ၍ လက်မှတ်ဝယ်သည့်လူများဖြင့်သည်ကားနေ၏။ လင်းဝေ့တို့လည်း လက်မှတ်ဝယ်လို၍ ကျောက်လီက ရုပ်ရှင် အချိန်ဇယားပြေးကြည့်လိုက်သည်။"နောက်တစ်ကားက ၁၁နာရီမှာ ပြပြီး ၁နာရီကျပြီးမှာ ကြည့်ကြမလား"
"တစ်ခြားရုပ်ရှင်ကားမရှ်ိဘူးလား?" ဟု လင်းဝေ့ကမေးလိုက်သည်။
ကျောက်လီက သူကြည့်လာသည့် ကြော်ညာဘုတ်ကို ပြန်စဥ်းစားလိုက်သည်။ "ဒီနေ့ ရုပ်ရှင်လေးကားပြမှာ။ ပထမကားက ၉နာရီကနေ ၁၀နာရီ ၄၀မိနစ်အထိ ဆိုတော့ ပြနေတာ နာရီဝက်တောင်ကြာလောက်ပြီ ခုဝင်သွားလည်း တစ်ဝက်ပဲကြည့်ရမှာ။နောက်တစ်ကားက ၁နာရီခွဲလောက်မှာ ပြပြီး ၃နာရီမှာပြီးမယ်။ နောက်ဆုံးကားက ၃ခွဲကနေ ငါးနာရီအထိပြမှာ"
ကျောက်လီပြောပြီးတော့လျိုတန်းက "နောက်ဆုံးရုပ်ရှင်တော့ အဆင်မပြေလောက်ဘူး။ အိမ်ပြန်ရဦးမှာဆိုတော့ နောက်ကျလိမ့်မယ်"ဟု တန်းပြောလိုက်သည်။
"ခဏနေ ၁၁နာရီ ပြမယ့် ရုပ်ရှင်ကြည့်မယ်ဆိုရင် ပြည်နယ်စားသောက်ဆိုင်မှာ စားစရာကျန်ပါဦးတော့မလား" ဟုယန်းယီက မေးလိုက်သည်။
ယန်ရှန်းခရိုင်မြို့ရှိ ပြည်နယ်စားသောက်ဆိုင်မှာ နေ့လည် ၁၂နာရီမှ ၆နာရီအထိသာ ရောင်းချပေး၏။ အပြင်ထွက်စားသည့် လူသိပ်မရှိကြ၍ စားသောက်ဆိုင်က နေရာထိုင်ခင်း အများအပြား မပြင်ဆင်ထားပါ။ ပုံမှန်ရက်များတွင် ကိစ္စမရှိသော်လည်း ရုံးပိတ်ရက်များတွင်မူ စားပွဲများလူပြည့်ကုန်ကာ ဟင်းပွဲများကုန်သွားတတ်သည်။
"ဒါဆိုလည်း ၁နာရီခွဲပြတဲ့ ရုပ်ရှင်ကြည့်ကြမယ်လေ။လက်မှတ်တွေဝယ်ပြီး သမဝါယမစျေးက စက်ရုံထုတ်ကုန်ပစ္စည်းဌာနကို ဆက်သွားရအောင်။ လိုအပ်တာတွေဝယ်ပြီး အချိန်ထပ်ရရင် ဟိုဒီပတ်ကြည့်ရအောင်။၁၂နာရီထိုးရင် နေ့လည်စာစားပြီးမှ ရုပ်ရှင်ကြည့်ကြမယ်လေ။"ဟု လင်းဝေ့က အကြံပေးလိုက်၏။
ကလေးတွေကို ထားခဲ့ကာ အမြဲတမ်း အပြင်ထွက်နိုင်ဖို့အခွင့်အလမ်းသိပ်မရှိ၍ နေ့လည်စာမစားပဲ ဆာဆာလောင်လောင်နှင့် ပြန်မသွားချင်သော ကျောက်လီကတော့ အလျင်အမြန် သဘောတူလိုက်သည်။ "အာ့လိုကောင်းတယ် "
လင်းဝေ့၏ အကြံပေးမှုကို အားလုံးလက်ခံလိုက်ကာ ၁နာရီခွဲရုပ်ရှင်အတွက် လက်မှတ်ဝယ်လိုက်ကြသည်။
လက်မှတ်ဝယ်ယူရန် တန်းစီကြသည့် လူတန်းရှည်လွန်း၍ မိနစ်၂၀လောက် တန်းစီလိုက်ရသည်။ ထိုအချိန်တွင် ၁၀နာရီခွဲ ပြီဖြစ်ရာ ရုပ်ရှင်ရုံထဲမှ လူများပင် ထွက်လာကြပြီဖြစ်သည်။ ကျောက်လီက အချိန်ကိုကြည့်ကာ ပြုံးရင်းပြောလိုက်သည်။
"ဒီအတိုင်းဆိုရင်တော့ ကျွန်မတို့ ပြောထားသလို ဟိုဒီလျှောက်ကြည့်နိုင်တော့မယ် မထင်ဘူး။ ဝယ်စရာရှိတာ တန်းဝယ်ပြီး စားသောက်ဆိုင်ကို တန်းသွားရတော့မယ် ထင်တယ်"
ပစ္စည်းဝယ်မည့် လုပ်ငန်းစဥ်ကတော့ အကြာကြီးမဟုတ်ပါ။ သမဝါယမစျေးတွင် ချည်ထည်အမျိုးမျိုးရှိရာ ရွေးဝယ်လိုက်ရုံသာဖြစ်သည်။
ဒါပေမယ့် ဦးထုပ်လုပ်ရန် ချည်ထည်က အများကြီး မလိုအပ်၍ အရောင်းဝန်ထမ်းကို လိုသလောက်သာ ဖြတ်ခိုင်းနေရရာ ထိုဝန်ထမ်းသည်ပင် စိတ်မရှည်နိုင်ဖြစ်လာသည်။
ကျောက်လီ ကျွန်းပေါ် ရောက်ပြီးနောက် သမဝါယမစျေးတွင် အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ရသည်။ ထိုအလုပ်ကို သူမ အလွန်နှစ်သက်ပြီး စျေးဝယ်သူတိုင်းကိုလည်း အပြုံးဖြင့် ဝန်ဆောင်မှုပေးလေ့ရှိသည်။
ထို့ကြောင့် ချည်ထည်ရောင်းသည့် ကောင်တာထဲဝင်လာစဥ်ကပင် အရောင်းဝန်ထမ်း၏ ထိုင်ခုံပေါ်မှ မထပဲ အရေးမစိုက်သည့်ဟန်ကို ကျောက်လီ ကြည့်မရဖြစ်နေမိရာ ထိုအရောင်းဝန်ထမ်း၏ သူတို့ကို စိတ်မရှည်၍ အရေးမပါသည်ကိုလုပ်နေသည်ဟု ငြူဆူနေသံကို ထပ် ကြားလိုက်ရတော့ ကျောက်လီ သည်းမခံနိုင်တော့ပဲ အော်လိုက်သည်။
"ရှင် ဘာစကားပြောတာလဲ"
အရောင်းဝန်ထမ်းကလည်း စရိုက်ဆိုးသူဖြစ်ရာ ကျောက်လီ အရေးမစိုက်ပဲ တစ်တွတ်တွတ်သာပြောနေ၏။ ထိုအခါ ကျောက်လီက ကောင်တာမှန်ပေါ်ကို လက်ဝါးဖြင့် ဒေါသတကြီး ရိုက်ချလိုက်သည်။
"ရှင် ဒါဘာသဘောလဲ"
အခြေအနေက ပိုဆိုးလာကာ အရောင်းဝန်ထမ်းသည် ကျောက်လီကို လက်ညိုးထိုးကာ အော်တော့၏။ "ရှင် ဘာလို့ ထုရိုက်ရတာလဲ။ ဒါမှန်နဲ့လုပ်ထားတယ် ဆိုတာ မသိဘူးလား။ ဒါကွဲသွားရင် ရှင်လျော်နိုင်လို့လား။ ကျွန်မကို လာမစမ်းနဲ့။ ရှင်တို့ဝယ်မှာလား မဝယ်ဘူးလား။ မဝယ်ရင် ပိုက်ဆဖ့ပြန်အမ်းလိုက်မယ်။ ဒါကျွန်မသဘောထားပဲ"
ကျောက်လီက ကောင်တာပေါ်ကသူ့လက်ကိုပြန်ရုတ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်ကာ ပြန်အော်ပြောလိုက်သည်။ "ရှင်က ဝယ်သူကို ဒီလိုလုပ်တယ်ပေါ့။ ကျွန်မ ရှင့်ကိုတိုင်မယ်"
အရောင်းဝန်ထမ်းက ကျောက်လီကို အထင်သေးသည့်ဟန်ဖြင့်ကြည့်ကာပြောလိုက်သည်။"တိုင်ချင်ရင်တိုင်လေ။ ကျွန်မက ရှင့်ကို ကြောက်ရမှာလား"
ဤနှစ်အတွင်း သမဝါယမစျေးသည်ခက်ခဲနေလေရာ ကြီးမားသည့် ပြဿနာမှ မဟုတ်လျင် ဝန်ထမ်းများကို အလုပ်ဖြုတ်လေ့မရှိပါ။
သမဝါယမစျေး အကြီးအကဲများ အနေဖြင့်လည်း စျေးဝယ်သူများကို စိတ်အနှောက်အယှက်ဖြစ်စေမှုသည် ပြဿနာကြီးဟု မထင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် ဤစျေးသည် ခရိုင်တွင် တစ်ခုတည်း ရှ်ိသော စျေးဖြစ်နေ၍ ဖြစ်သည်။
ထို့အပြင် သမဝါယမစျေးမှာလည်း နှစ်တိုင်းအရှုံးပေါ်နေလေရာ လစာနည်းနည်းလေး ပေးရသည့်ဝန်ထမ်းများကိုသာ ဆက်ခန့်ထားနိုင်၏။
တိုင်မှာတဲ့လားး သူ လုံးဝကို မကြောက်ပါနော်
တိုင်ကြားမည်ပြောသော်လည်း အရောင်းဝန်ထမ်းက မကြောက်သောကြောင့် ကျောက်လီ ပို ဒေါသထွက်လာသည်။"ကောင်းပြီလေ။ ရှင်က မကြောက်ဘူးဆိုတော့လဲ ကျွန်မက ………”
သူမပြော၍ မပြီးသေးခင် လင်းဝေ့က သူမကို တားလိုက်၍ ရပ်လိုက်ကာ လင်းဝေ့ကို ကြည့်လိုက်သည်။
လင်းဝေ့က ကောင်တာရှေ့တိုးသွားလိုက်ကာ အရောင်းဝန်ထမ်းကို မေးလိုက်သည်။"ရဲဘော်က အက္ခရာစာလုံးတွေကိုသိလား"
လင်းဝေ့ မေးလိုက်သံက တည်ငြိမ်နေသော်လည်း ကျောက်လီနှင့် ပါလာသောသူမှန်းသိ၍ အဖြေမပေးပဲ မေးခွန်းပြန်မေးလိုက်သည်။"ကျွန်မ စာမဖတ်တတ်ဘူးဆိုရင်တောင် ရှင်နဲ့ဘာဆိုင်လို့လဲ"
လင်းဝေ့လည်း ဒေါသမထွက်ပဲ တည်ငြိမ်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။"ကျွန်မသိတာတော့ သမဝါယမရုံးက ဝန်ထမ်းတွေက ပညာအရည်အချင်း လိုအပ်သလားလို့ပါ"
ထိုစကားကြားသည်သည် အရောင်းဝန်ထမ်းသည် ဝံ့ကြွားစွာ ပြန်ပြောလိုက်သည်။"ကျွန်မက သမဝါယမရုံးကစစ်တဲ့ စာမေးပွဲအောင်ထားတဲ့ အလယ်တန်းအဆင့်ပညာအရည်အချင်းရှိတဲ့သူပါနော်"
ယနေ့ခတ်တွင် အလယ်တန်းအောင်ပညာအရည်အချင်းနှင့် အမျိုးသမီး သိပ်မရှိပါ။ အမျိုးသမီးများက မသင်ယူနိုင်အောင်ညံ့နေ၍မဟုတ်ပဲ ချန်ပါးမေ့မိသားစုကဲ့သို့ အမျိုးသားများကို အမျိုးသမီးများထက်ပိုဦးစားပေးကြ၍ဖြစ်သည်။
သားတစ်ယောက်စာသင်ရဖို့အတွက် ညီအစ်မခုနှစ်ယောက်က စာမတတ်သည့်သူများဖြစ်ကြရသည်။
ထို့ကြောင်အရောင်းဝန်ထမ်းသည်လည်း သူ၏ပညာအရည်အချင်းအတွက် ဂုဏ်ယူနေရခြင်းဖြစ်သည်။
သို့သော် လင်းဝေ့ပြောချင်သည်က သူ၏ပညာအရည်အချင်းမဟုတ်ပါ။ ထို့ကြောင့် ချီးကျူးစကားမဆိုပဲ ဆန့်ကျင်ဘက်နံရံတွင် ကပ်ထားသည့်စာကို လက်ညိုးထိုးပြလိုက်သည်။
"ဒါဆိုအာ့မှာ ဘာရေးထားလဲ သိမှာပေါ့"
အရောင်းဝန်ထမ်းက လင်းဝေ့ညွှန်ပြသည့်နေရာကိုကြည့်လိုက်သည်။"ဝယ်သူများကို ကူညီပေးပါ အာ့လောက်လွယ်တာလေးတောင် ရှင် မဖတ်တတ်ဘူးလား"
"ဝယ်သူများကိုကူညီပါ ဟုတ်ပြီ " လင်းဝေ့က ခေါင်းငြိမ့်ကာ အရောင်းဝန်ထမ်းကို မေးလိုက်သည်။ "ရှင်က ဝယ်သူဖြစ်တဲ့ကျွန်မတို့က်ို ကူညီခဲ့ပြီးပြီပေါ့"
လင်းဝေ့၏ အသံက မမာသော်လည်း အရောင်းစာရေးကို သတိပေးလိုက်သကဲ့သို့ဖြစ်သွားသည်။ အရောင်းဝန်ထမ်းသည် ဆွံ့အသွားကာ မျက်နှာအရောင်ပြောင်းသွားသည်။
ကျောက်လီလည်း အစကတော့ လင်းဝေ့ သူမကိုတားလိုက်သည်ကို နားမလည်ခဲ့ပါ။ လင်းဝေ့၏ စကားကိုကြားလိုက်မှ နားလည်လိုက်ကာ တက်ကြွစွာလင်းဝေ့ကိုစိတ်ထဲက ချီးကျူးလိုက်သည်။
"တစ်ချို့လူတွေများတော့ ဝယ်သူကိုသူညီဖို့မပြောနဲ့ အပြုံးမျက်နှာနဲ့တောင်မကြိုဆိုနိုင်ဘူး။ ပညာတတ်မို့လို့သာ တော်သေးတယ်။ သူသင်ထားတာတွေက ခွေးဗိုက်ထဲရောက်ကုန်တာများလား"
အရောင်းဝန်ထမ်းသည် မူလက အပြစ်ရှိသည်ဟုခံစားရသော်လည်း ကျောက်လီ ခွပ်လိုက်သည့်စကားကိုကြားတော့ ဒေါသပြန်ထွက်လာ၏။
သို့သော် သူမသည်ဘာမှပြန်မပြောပဲ သည်းခံနေရာ လင်းဝေ့က ကျောက်လီကို တားလိုက်ပြီး အရောင်းဝန်ထမ်းဘက်လှည့်ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ် ကျွန်မမိတ်ဆွေက စိတ်ဆတ်တတ်လို့ပါ။ ရှင် ကျွန်မတို့အတွက် အထည်လေးတွေဆက်ဖြတ် ပေးလို့ရမလား။ ကျွန်မတို့လည်း အလျင်လိုနေလို့ပါ"
အရောင်းဝန်ထမ်းကလည်း ပြန်ပြောမည့်စကားလုံးများကို မြိုချလိုက်ကာ ခြောက်ကပ်ကပ်ဖြင့် ပြန်ပြောလိုက်သည်။"ခဏစောင့်ပါရှင့်"
ထို့နောက်တော့ အရောင်းဝန်ထမ်းလည်း ပွစိပွစိမလုပ်တော့ပဲ အထည်များကို အလျင်အမြန် ညှပ်ကာပေးလိုက်သည်။
လိုအပ်သည့်အထည်များဝယ်ပြီးထွက်လာသည့်တိုင်အောင် သည့်တိုင် ကျောက်လီသည် မပျော်မရွှင်ဖြစ်နေ၏။
" ဟွန့် ခရိုင်မြို့သမဝါယမစျေးက အရောင်းဝန်ထမ်းဖြစ်ပြီး ဝန်ဆောင်မှုက ငါ့လောက်တောင် မကောင်းဘူး"
"မှန်တာပေါ့ တို့ရဲဘော်ကျောက်လီက ဆန်းလင်အခြေစိုက်စခန်း သမဝါယမစျေးက စံပြ အရောင်းဝန်ထမ်းပဲ"ဟု ပေါ့ပေါ့ပါးပါး စနောက်လိုက်၏။
"ဟုတ်တယ် ကျွန်မတို့စခန်းမှာ ရဲဘော်ကျောက်လီလိုမျိုးစံပြအရောင်းဝန်ထမ်းရှိတာ အရမ်းစိတ်ချမ်းသာတာပဲ။ မဟုတ်ရင်တော့ စောနကလိုမျိုး အရောင်းဝန်ထမ်းနဲ့ကြုံနေရရင် ဘာဝယ်လို့ ဘာဝယ်ရမလဲတောင် စဥ်းစားနိုင်မှာ မဟုတ်ဘူး။"
လျိုတန်းကလည်း မြောက်ပင့်ပြောလိုက်ရာ ကျောက်လီလည်း အနည်းငယ် စိတ်ပြေသွားပြီး ပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ်လာ၏။
……………
ချည်ထည်ဝယ်ရာတွင် နှောင့်နည်းခဲ့ရသော်လည်း ကျန်သည့်ပစ္စည်းဝယ်ရာတွင် ချောချောမွေ့မွေ့သာဖြစ်ခဲ့သည်။ စက်ရုံထုတ်ပစ္စည်းဌာနတွင် ဦးထုပ်လုပ်ရာတွင်သုံးရန်အဆင်ပြေသည့် နန်းကြိုးမျှင်ခွေများကို အရောင်းတင်ထား၏။
ပြဿနာက နန်းကြိုးမျှင်ခွေများကို လိုချင်သလောက် ဖြတ်မရောင်းပေးခြင်းဖြစ်သည်။ တစ်ခွေတွင် ၅မီတာခန့်ရှည်ရာ ဦးထုပ်လုပ်ရန် ထိုမျှလောက်လည်း မလိုပါ။
ဘယ်လိုလုပ်မလဲဟု ဆွေးနွေးနေကြစဥ် တန်းရှန့်ယွင်က " တစ်ခွေပဲ ဝယ်လိုက်ကြပါ။ အစ်မတို့ လိုသလောက်ယူပြီး ကျန်တာကို ကျွန်မ နောက်သုံးဖို့သိမ်းထားလိုက်မယ်" ဟုပြောလိုက်သည်။
"အစ်မလည်း အာ့လောက်လိုတာကော ဟုတ်ရဲ့လား"ဟု လျိုတန်းက တန်းရှန့်ယွင် ငွေအလကားသုံးမိသွားမည်စိုး၍ မေးလိုက်သည်။
"ကျွန်မ ဦးထုပ်တွေ အရုပ်တွေလုပ်တဲ့အခါကျသုံးလို့ရပါတယ်"ဟုပြောကာ တန်းရှန့်ယွင်က ပိုက်ဆံနှင့်ကူပွန်လက်မှတ်ကိုထုတ်ကာ အရောင်းဝန်ထမ်းကို ကမ်းပေးပြီး ကျန်သည့်သူများကို ပြောလိုက်သည်။
"ဝယ်တာက ကျွန်မဝယ်လိုက်မယ်။ ပြီးမှ အစ်မတို့လိုသလောက် ပြန်တွက်ချက်ယူရအောင်"
ပစ္စည်းများဝယ်ပြီးနောက် ပြည်နယ်စားသောက်ဆိုင်သို့ သွားတန်းစီကြလေ၏။
ကံကောင်းစွာပင် သူတို့ရောက်တော့ အုန်းနို့ကြက်သားဟင်းရှိသေး၏။ ပြည်နယ်စားသောက်တိုင်သို့ လစဥ်လတိုင်း ကြက်သားထောက်ပံ့ပေးသော်လည်း ပမာဏက မများချေ။ မှိုနှင့်အာလူးဟင်းလည်း ရနိုင်သေး၏။
သို့သော် ကျွန်းဖြစ်၍ ပင်လယ်စာ သားငါးပေါများရာ ပင်လယ်စာငါးဟင်းများကို ဟင်းအနေဖြင့်ထပ်ရနိုင်သေး၏။ သို့သော် လင်းဝေ့တို့က ပင်လယ်စာဟင်းများ မယူတော့ပဲ အုန်းနို့ကြက်သားဟင်းသာ မှာလိုက်ကြသည်။
အုန်းနို့ကြက်သားဟင်းသည် ကြက်သားနှင့်အုန်းနို့ကိုရောချက်ထားသည့် စွပ်ပြုတ် ပွဲကြီး ဖြစ်ရာ အုန်းနို့အနံ့မွှေးမွှေးလေးနှင့် စွပ်ပြုတ်အရောင်က လန်းဆန်းစေကာ အရသာလည်း ရှိပါသည်။
ထို့ကြောင့် အုန်းနို့ကြက်သားဟင်းမှာပြီးနောက် တို့ဟူးနှပ်တစ်ပွဲနှင့် ခေါက်ဆွဲတစ်ပွဲမှာလိုက်ကြသည်။
ခေါက်ဆွဲကို တောင်ပိုင်းနှင့်မြောက်ပိုင်းကလူများက အစားများကြသည်။ ယားကျိုကျွန်းတွင် လည်း ခေါက်ဆွဲကိုအမျိုးမျိုး လုပ်စားကြပါသည်။ ပြည်နယ်စားသောက်ဆိုင်တွင်လည်း ခေါက်ဆွဲပြုတ် ခေါက်ဆွဲကြော် ခေါက်ဆွဲသုတ်ကိုအရသာ အမျိုးမျိုးရ၏။
အုန်းနို့ကြက်သားဟင်းရည်မှာပြီးဖြစ်ရာ လျိုတန်း လင်းဝေ့ တန်းရှန့်ယွင်နှင့် ချန်ပါးမေ့တို့ သည် ချဥ်စပ်ခေါက်ဆွဲ မှာလိုက်ကာ ကျောက်လီနှင့် ယန်းယီတို့သည် ခေါက်ဆွဲချဥ် မှာလိုက်ကြသည်။
ကျောက်လီက လင်းဝေ့ခေါက်ဆွဲထဲကို ချဥ်ချဥ်စပ်စပ်အရသာရှိသည့် အရသာအမှုန့်ကို ထည့်ပေးလိုက်သည်။
လျိုတန်းသည် စီချွမ်းပြည်နယ်မှဖြစ်ကာ အစပ်စားရသည်ကိုအလွန်ကြိုက်သူဖြစ်သည်။ ထို့ကြောင့် သူမခေါက်ဆွဲပန်းကန်ထဲ အပူအစပ်ပြင်းသည့် အရသာမှုန့်ကို တူဖြင့်ယူထည့်လိုက်ကာ ထိုတူကိုပင် မြည်းစမ်းကြည့်နေသေးသည်ကို လင်းဝေ့သတိထားမိ၏။
စားသောက်ပြီးနောက် လင်းဝေ့သည် သူမပန်းကန်ထဲ အုန်းနို့ကြက်သားဟင်းရည် အမြန်ထည့်လိုက်ကာ သောက်လိုက်၏။ ဤသည်ကို တန်းရှန့်ယွင်က မြင်သွားကာ အပူလောင်သွားမည်စိုး၍ ရေအေးတစ်ခွက်ငှဲ့ပြီး လင်းဝေ့ကို ကမ်းပေးလိုက်သည်။
လင်းဝေ့လည်း ရှက်သွားသည်။ " ဟူရှန်းက လူတွေက အစပ်မစားနိုင်ကြဘူးလား။ ညီမကြည့်ရတာတော့ မစားနိုင်တဲ့ပုံပဲ"ဟု ရယ်မောကာပြောလိုက်သည်။
လျောင်စီရင်စုက လူတွေက ရွှေဆွဲကြိုးကြီးတွေ ဝတ်ကြတယ်ဆို ကျွန်မတော့ ရှင်ဝတ်တာမမြင်မိပါလားဟု ပြန်ချေပချင်သော်လည်း သူမ နှုတ်ခမ်းဝတင် တစ်သွား၏။
အခုက ၁၉၇၀ နှစ်ပဲရှိသေးတော့ လျောင်ဒေသက လူတွေမှာ ရွှေဆွဲကြိုးမပြောနဲ့ သားမွှေးဝတ်ရုံပင် မရှိကြပေ။