← Chapters

Chapter 69

Vol. 6 Ch. 69

Chapter 69

Vol. 6 Ch. 69

သူမသိရှိထားသည့် သဲလွန်စများအရ ထိုရက်တွင် သေဆုံးမည်ဟု ခန့်မှန်းရ၏။ သို့သော် အဘယ်အကြောင်းကြောင့်သေမည်ကိုတော့မသိပါ။ တိုင်ဖွန်းမုန်တိုင်းကာလတွင် ဖြစ်မည်ဟု ထင်ရသော်လည်း မသေချာ မရေရာဖြစ်နေ၏။

ထို့ကြောင့် လင်းဝေ့သည် ရှိီးချန်မြို့ကို ပြန်သွားမည်ဟုလည်း တွေးခဲ့ဖူးသည်။

သို့သော် အနာဂတ်တွင် ကျွန်းပေါ်မှာ သူမသေဆုံးရမည်မှန်လျင် ရှီးချန်ကိုပြန်သွားလျင်လည်း သူမ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်လင်းဝေ့သည် တိုင်ဖွန်းမုန်တိုင်းအကြောင်းကိုကြားသောအခါ စိတ်မတည်ငြိမ်နိုင်တော့ပဲ ကြောက်လာမိသည်။

လင်းဝေ့က ကျုံးရှောက်လက်ကို ဖမ်းယူလိုက်ပြီး မေးလိုက်သည်။"ရှင်ကကော ဒီရက်ပိုင်းအတွင်း ပင်လယ်ထဲထွက်ဖို့ရှိလား "

လင်းဝေ့၏ စိုးရိမ်နေမှုကိုတွေ့ကာ ကျုံးရှောက် ရင်ထဲခံစားသွားပြီး သူမဆံပင်ကို ညှင်ညှင်သာသာ သပ်ပေးလိုက်ပြီး ပြောလိုက်သည်။

"မရှိပါဘူး တိုင်ဖွန်းမုန်တိုင်းရှိတော့ ပင်လယ်ဘက်ထွက်တာက အန္တာရယ်များတယ်လေ"

" ရှင် ညပိုင်းတွေကော အိမ်ပြန်လာမှာလား"

ကျုံးရှောက်ကဲ့သို့ အရာရှိသည် ညပိုင်းအိမ်ပြန်အိပ်မည် ဆိုလည်း ရသည်။ သို့သော် စစ်စခန်းထဲတွင် အကြီးပိုင်းခေါင်းဆောင်တစ်ယောက် ရှိရန်လိုအပ်ကာ တစ်ပတ်တွင် သုံးရက်ခန့်စစ်စခန်းတွင် ညဆိုင်းအနေဖြင့် ဆင်းရသည်။

ကျုံးရှောက် အချိန်ပြန်တွက်ကြည့်လိုက်သော် မနက်ဖြန်ညဆိုင်းဆင်းရမည့်အချိန်ဖြစ်၏။

တစ်ခဏပြန်တွေးကြည့်လိုက်ကာ လင်းဝေ့ကိုပြန်ပြောလိုက်သည်။"ကိုယ် လောင်ကျိုးနဲ့ အချိန်ဇယားပြောင်းလိုက်ပြီး ဒီရက်ပိုင်း ညတိုင်းပြန်လာခဲ့မယ်လေ"

သို့မှသာ လင်းဝေ့လည်း စိတ်သက်သာရာ ရသွားသည်။

"အင်းပါ"

………………

ကျုံးရှောက်လည်း အလုပ်အချိန်ဇယားချိန်းဖို့ ပြောရန် ကျိုးကျန်းဟိုင်ကို ရှာလိုက်ရာ ကျိုးကျန်းဟိုင်ကို သူ့ အိမ်ရှေ့တွင် တွေ့လိုက်ရသည်။

အချိန်ဇယားပြောင်းမည့်အကြောင်းကို အကူအညီတောင်းလိုက်တော့ ကျိုးကျန်းဟိုင်က သူ့ကိုပြန်မေး၏။

" ရုတ်တရက်ကြီး ဘာလို့ပြောင်းချင်ရတာလဲ"

ကျိုးကျန်းဟိုင်လည်း မပြောင်းပေးချင်၍တော့ မဟုတ်ပါ။ အလုပ်အတူတူလုပ်လာကြသည့်သက်တမ်းတစ်လျှောက်တွင် ကျုံးရှောက်သည် တစ်ခါမှ သူများနှင့် အချိန်ဇယား မပြောင်းဖူးသေးသောကြောင့် ဘာကြောင့်လဲဟု သိချင်၍ဖြစ်သည်။

"တိုင်ဖွန်းမုန်တိုင်းလာတော့မယ်မလား ဝေ့ဝေ့နဲ့ကလေးတွေက အခုမှ ကျွန်းပေါ်ရောက်လာကြတာဆိုတော့ တိုင်ဖွန်းမုန်တိုင်းလာတဲ့အခါ ကျွန်တော်မရှိရင် ကြောက်နေကြမှာစိုးလို့ပါ။"

"ရဲဘော်လင်းက တိုင်ဖွန်းမုန်တိုင်းကြောက်တယ်လား။ဟုတ်ကော ဟုတ်ပါ့မလား" ကျိုးကျန်းဟိုင်က သူ့မေးစေ့ကိုပွတ်ရင်းစဥ်းစားလိုက်သည်။

မိသားစုနှစ်စုက အရှေ့အနောက် ကပ်လျက်ဖြစ်ရာ လင်းဝေ့နှင့် တန်းရှန့်ယွင် ရင်းနှီးသကဲ့သို့ ကျိုးကျန်းဟိုင်နှင့်လည်း မကြာခဏ စကားပြောဖူးရာ လင်းဝေ့အကြောင်းကိုလည်း သိသင့်သလောက်သိသည်။ လင်းဝေ့သည် အပြင်ပိုင်း အားနည်းသယောင်ထင်ရသော်လည်း စိတ်ဓာတ်ကြံ့ခိုင်ပါ၏။

အခုတော့ တိုင်ဖွန်းမုန်တိုင်းကို ကြောက်တယ်တဲ့လားးး။ ကျိုးကျန်းဟိုင် မယုံနိုင်ဖြစ်နေ၏။

"အေးးးးရဲဘော်လင်းက ကြောက်တာမဟုတ်ပဲ။ မင်းက သူကြောက်နေမှာကိုဘစိုးရိမ်နေတာမလား" ဟု ကျိုးကျန်းဟိုင်က ကျုံးရှောက်ကို စနောက်ကာ ပြန်မေးလိုက်သည်။

ကျုံးရှောက်က ဘာမှပြန်မဖြေပါ။ "အချိန်ဇယားလဲပေးမှာလား မလဲပေးဘူးလားသာပြောစမ်းပါ"

ကျုံးရှောက် ဖြေဖို့ရှောင်လေလေ၊ သူထင်သည်ကမှန်လေလေဟု ကျိုးကျန်းဟိုင် ခံစားမိ၏။

"ပြောင်းပေးမှာပေါ့။ မင်းမိန်းမနဲ့ကလေးတွေက အခုမှ ကျွန်းပေါ်ရောက်လာကြတာဆိုတော့ တိုင်ဖွန်းမုန်တိုင်းကို မကြုံဖူးလို့ကြောက်နေကြမှာစိုးမိတယ်" ဟုပြုံးကာ ပြန်ပြောလိုက်လေ၏။

ကျိုးကျန်းဟိုင်လည်း သူ့အိမ်ထဲပြန်ဝင်လာတော့ သူ့မိန်းမကို ထိုအကြောင်း ပြောပြလိုက်သည်။ "လောင်ကျုံးကို ကြည့်ရင် အေးစက်စက်နိုင်ပေမယ့် သူ့မိန်းမကိုတော့ တစ်ကယ် ဂရုစိုက်သားပဲနော်"

သူ့ယောကျာ်း၏စကားကိုကြားတော့ တန်းရှန့်ယွင်က ပြန်ဖြေလိုက်၏။ "သူကနှုတ်က ထုတ်မပြောတတ်တဲ့စတိုင်မို့လို့ပါ။ကျွန်မအထင်တော့ ရှင်က ဒုတပ်မှုးလောက်တောင် မကောင်းဘူးထင်တာပဲ"

" ကျုံးရှောက်လို အေးစက်စက်လူလောက် ကိုယ်က မကောင်းဘူးတဲ့လား" ကျိုးကျန်းဟိုင်က သူ့ကိုယ်သူ လက်ညိုးထိုးရင်း မယုံနိုင်ဖြစ်နေ၏။

"မိန်းမ မင်း မျက်လုံးကော ကောင်းသေးရဲ့လား" ဟုပြောကာ ရှေ့တိုးလာပြီး တန်းရှန့်ယွင်မျက်လုံးကို စိုက်ကြည့်နေ၏။

"အေးစက်စက်အမူအရာက ဘာဖြစ်နေလို့လဲ။ သူ့မိသားစုအပေါ်အေးစက်တာမှ မဟုတ်တာ။ ဒုတပ်မှုးကျုံးက အပြင်မှာအေးစက်ပေမယ့် စိတ်ထဲမှာနွေးထွေးတဲ့သူပါ။ ကျွန်မအထင်တော့ ဒုတပ်မှုးကျုံးလို လူမျိုးက အိမ်ထောင်ရှိရဲ့ တစ်ခြားအမျိုးသမီးတွေနဲ့ ပရောပရီလုပ်တတ်တဲ့သူတွေထက်စာရင် အများကြီးကောင်းတယ်"

ကျိုးကျန်ဟိုင် တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရ၏။

"မိန်းမ မင်းစကားအဓိပ္ပါယ်က တစ်ခုခုပဲနော်"

တန်းရှန့်ယွင်က သူနှင့်အကြည့်လွဲလိုက်သည်။ "အိုးး အဲတော့ရှင်က ကျွန်မ စကားအဓိပ္ပါယ်က ဘာလို့ထင်လဲ"

ကျိုးကျန်းဟိုင် အထိတ်တလန့်ဖြင့် "မိန်းမ ကိုယ်က ဘယ်မိန်းကလေးနဲ့မှ ပရောပရီမလုပ်ဖူးပါဘူး။ အမျိုးသမီးတွေရှေ့မှာဆို ကိုယ်က ခပ်တည်တည် အေးစက်စက်နဲ့ ဂရုမစိုက်ပဲနေတာ" ဟု သစ္စာရှိကြောင်းပြောလိုက်၏။

ကျိုးကျန်းဟိုင် စကားပြောလေလေ အမူအရာပျက်လေလေဖြစ်လာတော့ တန်းရှန့်ယွင်က ရယ်လိုက်သည်။

"ဟုတ်ပါပြီ ကျွန်မက ရှင့်ကိုပြောတာမဟုတ်ပါဘူး"

"ဒါဆိုမင်းက ဘယ်သူ့ကိုပြောနေတာလဲ" ဟု ကိုယ်ကိုကိုင်းလိုက်ကာ သူ့မိန်းမနားထဲ တိုးတိုးလေးမေးလိုက်၏။

"ရှင်က ဘယ်သူလဲဆိုတာ သိချင်တယ်ပေါ့?"

ကျိုးကျန်းဟိုင်က သိချင်ရုံသာဖြစ်သော်လည်း သူအမျိုးသမီးက သူ့ကိုအာရုံမစိုက်မှန်း သိတော့ " ဘယ်သူလဲဆိုတာသိတော့ အာ့လို လူကိုရှောင်ပြီး သတိထားနိုင်တာပေါ့ ဟုတ်တယ်မလား" ဟု ပြောလိုက်သည်။

"ရှင်မသိလည်း ရပါတယ်"

ကျိုးကျန်းဟိုင်က အမြဲပြုံးကာဖော်ရွေတတ်သော်လည်း ယုံကြည်ရသည့်လူမျိုးဖြစ်၏။

အပြင်လူများ၏ တန်းရှန့်ယွင်တို့ မိသားစုပေါ်အမြင်ကြောင့် သူမသည် သူမကို လာရောက်ပိုးပန်းသည့်သူများကိုငြင်းပယ်မည်ဟု ဆုံးဖြတ်ထား၏။ သို့သော် ကျိုးကျန်းဟိုင်နှင့်တွေ့သည့်အခါ သူမခေါင်းငြိမ့်ခဲ့မိ၏။

ကျိုးကျန်းဟိုင်သည် သူမအတွက် အများကြီး အနစ်နာခံပေးခဲ့သည်။ အချစ်ကြောင့်အရာရာကို အပြစ်မမြင်ဟုဆိုနိုင်သော်လည်း ကြာလာလျင် နောင်တရလာနိုင်၏။

ထို့ကြောင့် ကျိုးကျန်းဟိုင်နှင့် လက်မထပ်ရဲခဲ့ပါ။ သူမဘဝကိုလည်း ဤအတိုင်း မကုန်ဆုံးလိုခဲ့ပါ။ ထို့ကြောင့် ဆုံးဖြတ်ရ ခက်နေခဲ့သည်။

နောက်ဆုံးတော့ ကျိုးကျန်းဟိုင်ကို ယုံကြည်ကာ သူမဘဝကို လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်၏။

သူမ လောင်းကြေးထပ်ခဲ့သည်က မှန်သည်ဟု ဆိုနိုင်ပါသည်။ ကျိုးကျန်းဟိုင် အတွက် ခက်ခဲခဲ့သော်လည်း သူမရှေ့တွင် နောင်တရကြောင်း အမူအရာလေးပင်မပြခဲ့ဖူးပါ။ ထို့ကြောင့် သူမသည်လည်း သူ့ကို ပို၍ ယုံကြည်လာပါ၏။

တန်းရှန့်ယွင်က သူ့ကိုယုံကြည်မှန်း သိလိုက်ရ၍ ကျိုးကျန်းဟိုင် အလွန်ပျော်ရွှင်သွား၏။ ထို့ကြောင့်မေးခွန်းများဆက်မမေးတော့ပဲ သူ့မိန်းမသိသင့်သည်ဟု ထင်သော ကိစ္စကို ရှင်းရှင်းလင်းလင်းပြောလိုက်၏။

" မိန်းမတွေနဲ့ကရောပရီ လုပ်တတ်တဲ့ သူထက် လောင်ကျုံးက ပိုကောင်းတယ် ဆိုရင်တောင် ကိုယ်မိန်းမကို ဂရုစိုက်တတ်တဲ့ နေရာမှာတော့ သူက ကိုယ့်လောက်မကောင်းပါဘူး"

ထိုသို့ပြောလိုက်ပြီး ကျုံးရှောက်နှင့် အချိန်ဇယားလဲခဲ့သည့်အကြောင်းကို ရှင်းပြလိုက်၏။

" လောင်ကျိုးလို တစ်ခါမှလဲ အချိန်ဇယားမလဲဖူးတဲ့သူက သူ့မိန်းမ နဲ့ကလေးတွေ မုန်တိုင်းကို ကြောက်နေမှာစိုးလ်ို့ အိမ်ပြန်အိပ်ချင်လို့ ဆိုပြီး ကိုယ်နဲ့ အချိန်ဇယား လဲချင်နေတာ။ ကိုယ်လည်း ကိုယ့်မိန်းမဆီ ပြန်အိပ်ချင်ပေမယ့် သူ့ကို ပြောဖို့အားနာတာနဲ့ လဲပေးလိုက်တယ်နော်."

"ရှင်ပြန်မအိပ်လဲရပါတယ်။ ကျွန်မ တိုင်ဖွန်းမုန်တိုင်းကိုမကြောက်ပါဘူး" ပင်လယ်ဘေးတွင် ကြီးပျင်းလာပြီး မုန်တိုင်းများစွာကိုကြုံဖူးသော သူမသည် မကြောက်တတ်ပါ။

"ကိုယ်လည်း မိန်းမနဲ့ အမြဲအတူ ရှိချင်တယ်ကွာ" ဟု ကျိုးကျန်းဟိုင်က ကြင်ကြင်နာနာပြောလိုက်၏။

တန်းရှန့်ယွင်သည် အားမပါလှသည့်အပြုံးကို ရေးရေးလေးပြုံးလိုက်သည်။

…………

လာမည့်နှစ်သြဂုတ်လ နှစ်ရက်နေ့တွင် လင်းဝေ့ မတော်တဆမှုဖြစ်မည်ဟု မူရင်းဝတ္ထုတွင် ရေးထား၏။

လင်းဝေ့နှင့် ကလေးများသည် မနက်စာစားပြီးပန်းကန်များဆေးနေစဥ် ကောင်းကင်သည် တိမ်ထူလာကာ မိသားစုအိမ်ရာအတွင်းမှ ထွက်လာသည့်အသံကြားလိုက်၏။

"မုန်တိုင်းလာပြီထင်တယ် အဝတ်တွေအမြန်ရုတ်ပြီး ပြတင်းပေါက်တွေ ပိတ်ကြတော့"

လင်းဝေ့လည်း ပန်းကန်အမြန်ဆေးကာ မီးဖိုချောင်ထဲသိမ်းလိုက်၏။ ထို့နောက် မီးဖိုချောင်အပေါ် တက်ကာ လှန်းထားသည့် အဝတ်များကို ရုတ်သိမ်းလိုက်သည်။

မီးဖိုချောင်ပြတင်းပေါက် နှင့်တံခါးများပိတ်လိုက်သည်။ မင်မင်နှင့် ရွေ့ရွေ့တို့က ခြံဝန်းထဲ ကစားနေဆဲဖြစ်သည်ကို မြင်လိုက်ပြီး လှမ်းခေါ်လိုက်သည်။

"တိုင်ဖွန်းမုန်တိုင်းလာပြီ အမြန်အထဲဝင်ကြတော့"

ထိုသို့အော်ပြီးနောက် လင်းဝေ့သည် အပြင်မှာခါးထားသည့် ထမင်းစားစားပွဲနှင့် ထိုင်ခုံများကို အထဲရွေ့လိုက်သည်။

ညီအစ်ကိုနှစ်ယောက်ကလည်း သူတို့အမေ ပစ္စည်းရွေ့နေသည်ကိုမြင်တော့ ထိုင်ခုံများကို ကူညီကာ အိမ်ထဲရွေ့ပေးကြ၏။ သူတို့အမေ လုပ်သကဲ့သို့ အိမ်ပြတင်းပေါက်များကိုလည်း တစ်ခုချင်းစီ လိုက်ပိတ်ကူကြသည်။

ဒုတိယထပ်က အိပ်ခန်းပြတင်းပေါက်ကို သွားပိတ်စဥ် ပြတင်းပေါက်မှ တစ်ဆင့် မိုးရေပက်ကာ ရေများစီးကျ နေသည်ကိုတွေ့လိုက်ရ၏။

ပြတင်းပေါက် မပိတ်ထား၍ လေတိုက်ကာ မိုးရေများ ဝင်လာခြင်းဖြစ်သည်။ ထိုပြတင်းပေါက်ကို ပိတ်လိုက်စဥ် လင်းဝေ့လည်း မိုးရေ စိုစွတ်သွားပြီးကြမ်းပြင်ပေါ်လည်း ရေများစိုကုန်၏။

ထိုပြတင်းပေါက်ကို အမြန်ပိတ်ပြီး အနောက်ဘက်က ပြတင်းပေါက်ကိုလည်း ပိတ်ရန် လှည့်ကြည့်လိုက်၏။

လေကပင်လယ်ဘက်က လာသည်ဖြစ်၍ညအနောက်ဘက်ပြတင်းပေါက်ကတော့ မိုးရေမပက်ပါ။ အနောက်ဘက်ပြတင်းပေါက်ပိတ်ပြီးနောက် အပြင်ဘက်ဝရံတာတွင် မကြာသေးခင်ကမှ စိုက်ထားသည့် မန်ဒရင်းဘဲစံပယ်ပန်းအိုးကို သတိရလိုက်သည်။

အနောက်ဘက်တံခါးကို အမြန်ဖွင့်ကာ ပန်းအိုးကိုရွေ့ရန် ထွက်လိုက်၏။ လေပြင်းများတိုက်နေ၍ အပြင်ရောက်သည်နှင့် အေးသွား၏။

ပန်းအိုးထဲက ပန်းနှစ်ပွင့်ကတော့ မိုးရေကြောင့်ကြွေကျသွားပြီဖြစ်ကာ ပင်စည်ကလည်း ကျိုးနေ၏။ အထဲကိုသာ မရွေ့ထားလျင် တိုင်ဖွန်းမုန်တိုင်းကြောင့် ပန်းပင်ကလေးသည် ရှင်သန်နိုင်မည်မဟုတ်ချေ။

လင်းဝေ့လည်း စိုးရိမ်သွားပြီး လေတိုကမှုဒဏ်မခံရအောင် အပင်ကို ဖက်ထားကာ ရွေ့နေ၏။ ပန်းအိုးက ကြွေဘေစင်ကို လုပ်ထားသည်ဖြစ်၍ မြေကြီးအများကြီးမပါပဲ သူ့ချည်းပင် လေးလှသည်။

"မေမေ!"

ကလေးနှစ်ယောက်က သူတို့အမေ ရေစိုနေတာကိုတွေ့တော့ လာကူချင်နေကြသည်။

"အပြင်ထွက်မလာနဲ့" ဟု လင်းဝေ့က အလျင်အမြန်အော်လိုက်၏။

ကလေးနှစ်ယောက်ကလည်း ရှေ့ဆက်မတိုးပဲချက်ချင်းရပ်လိုက်ကြသည်။

လင်းဝေ့က ပန်းအိုးကို ဒရွတ်တိုက်ဆွဲကာ အိမ်ထဲသွင်းလိုက်ပြီး ဝရံတာတံခါးပေါက်ကို ပိတ်လိုက်ကာ ကြမ်းပြင်ပေါ် ထိုင်ချလိုက်၏။

ဟူးးးးမောလိုက်တာ။

မင်မင်က လင်းဝေ့ဆီ လျှောက်လာကာ မျက်နှာပေါ်က ရေများကို လက်ဖြင့်သုတ်ပေးလိုက်သည်။"မေမေ အကုန်စိုကုန်ပြီနော်"

"သားတို့မေမေ့အတွက် အောက်ထပ်က တဘက်လေး သွားယူပေးနိုင်မလား"

ကလေးနှစ်ယောက်က ချက်ချင်း အောက်ထပ်ကို တန်းစီဆင်းသွား၏။

ကလေးတွေ တဘက်ဆင်းယူတော့ လင်းဝေ့က ကျိုးသွားသည့်ပန်းပင် ပင်စည်ကို လက်ဖြင့်ထောင်မတ်လိုက်သည်။ ထိုကဲ့သို့ အတင်းဆက်ထားသော်လည်း ထိုနေရာသည် တွယ်ဆက်နိုင်တော့မည်မဟုတ်ပါ။

လင်းဝေ့ ထိုသို့တွေးနေစဥ် တဘက်သွားယူသည့် ကလေးများ၏ အပေါ်ထပ် ပြန်တက်လာသောအသံကြားလိုက်ရ၏။

လင်းဝေ့လည်း ကလေးများပေးသည့်တဘက်ဖြင့်မျက်နှာနှင့် ဆံပင်ကို သုတ်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

All Chapters