← Chapters

Chapter 70

Vol. 6 Ch. 70

Chapter 70

Vol. 6 Ch. 70

ရွေ့ရွေက ကျိုးနေသည့်ပန်းပင်၏ ပင်စည်ကို ကိုင်ကြည့်နေ၏။ "မေမေ ဒီပန်းပင်က သေတော့မှာလားဟင်"

မန်ဒရင်းဘဲစံပယ်ပန်းကို လင်းဝေ့က သူများဆီက ယူလာကာ စိုက်ထားခြင်းဖြစ်သော်လည်း ကလေးနှစ်ယောက်ကလည်း အလွန်ကြိုက်ကြကာ နေ့တိုင်း ပန်းပင်ကို လာလာကြည့်ကြ၏။

ထို့ကြောင့် ရွေ့ရွေ့က ပန်းပင်ကျိုးနေသည်ကို တွေ့လျင် ဝမ်းနည်းသွားသည်။

လင်းဝေ့က ရွေ့ရွေ့၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ချော့မော့လိုက်သည်။

"အမြစ်ရှ်ိသေးတယ်ဆိုတော့ မသေသေးပါဘူးကွယ်။ကျိုးသွားတဲ့နေရာကနေလည်း အတက်အသစ်တွေပြန်ထွက်ပြီးပန်းပွင့်နိုင်ပါသေးတယ်။ မေမေတို့ရေလောင်းလိုက်ရင် အပင်လေးက ရက်အတော်အကြာလောက် ရှင်နေဦးမှာပါ"

"ဒါဆိုလည်း သားရေသွားယူလိုက်မယ်" ဟု ရွေ့ရွေ့က ချက်ချင်းပြောလိုက်၏။

"အခု အပြင်ဘက်မှာ မိုးကြီးရွာနေတယ် နောက်မှ မေမေသွားယူလိုက်မယ်" ဟု ရွေ့ရွေ့ကို အမြန်တားလိုက်ရ၏။

ရွေ့ရွေ့လည်း ပြတင်းပေါက်များမှတစ်ဆင့်မြင်ရသော အပြင်ဘက်က လေကြီးမိုးကြီးကိုကြည့်ပြီး သူ့အမေစကားကိုနားထောင်လိုက်သည်။"ဟုတ်"

လင်းဝေ့လည်း တစ်ခဏ အနားယူပြီးဖြစ်၍ပန်းအိုးကို နံရံဘက်ကပ်လိုက်ကာ မတ်တပ်ရပ်လိုက်သည်။

"မေမေ ရေချိုးလိုက်ဦးမယ်နော် သားတို့က သားတို့အခန်းထဲပြန်ပြီး နားနေဦး အိမ်ထဲပတ်ပြေးမနေနဲ့နော်"

"ဟုတ်ကဲ မေမေ အပြင်မှာလဲ မိုးကြီးရွာနေတာဆိုတော့သားတို့လျှောက်မပြေးပါဘူး" မင်မင်ကလည်း သူ မတုံးအကြောင်းပြောသောလည်း လင်းဝေ့က သူတို့ကိုစိုးရိမ်နေမှန်းသိသည်။

"မေမေ ရေသာသွားချိုးပါ သားတို့ကို မစိုးရိမ်ပါနဲ့" ဟုပြောပြီး သူ့ညီရွေ့ရွေ့နှင့်အတူ သူတို့အခန်းထဲဝင်သွားလေ၏။

လင်းဝေ့လည်း ဝင်သွားသည့် ကလေးနှစ်ယောက်ကိုကြည့်ရင်း မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။ အခန်းထဲက စကပ်တစ်ထည်ယူလိုက်ပြီး ရေချိုးဖို့ အောက်ထပ်ဆင်းသွားလိုက်၏။

ရေဘုံဘိုင်ခေါင်းက အပြင်ဘက်မှာဖြစ်ပြီး ရေချိုးခန်းရေတိုင်ကီတွင် သိုလှောင်ထားသော ရေအေးလည်း မရှိပါ။

ထို့ကြောင့်လင်းဝေ့လည်း ရေနွေးဖြင့် ရေပတ်တိုက်လိုက်ပြီး ဆံပင် လျှော်ဖို့အဆင်မပြေ၍ တဘက်ဖြင့်သာ ခြောက်အောင် သုတ်လိုက်၏။ မိုးတိတ်သွားမှ ရေထပ်ချိုးမည်ဟု တွေးလိုက်၏။

ရေပတ်တိုက်ပြီး အဝတ်အစားလဲခြင်းသာဖြစ်သော်လည်း ခန္တာကိုယ်က နေထိုင်လို့ကောင်းသွားကာ စိတ်ချမ်းသာသွားသည်။

သို့သော် ထိုစိတ်ချမ်းသာမှုက မွန်းလွဲပိုင်းအထိသာ ခံသည်။ အပြင်ဘက်က မိုးလေက ပြတင်းပေါက်များပင် အသံမြည်အောင် တိုက်လာ၏။

မြူများလည်း ဆိုင်းလာရာ ပြတင်းပေါက်အပြင်ဘက်ရှိမြင်ကွင်းပင် မမြင်ရတော့၍ လင်းဝေ့လည်း အပြင်ဘက်တွင် ဘာဖြစ်နေမှန်းမသိတော့ပါ။

လင်းဝေ့တို့ သားအမိတစ်တွေ ကျွန်းပေါ်ပိတ်မိနေသည် ဟုပင်ခံစားလာရ၏။

လင်းဝေ့သည် စိတ်ညစ်နေကာ ကလေးနှစ်ယောက်ကလည်း စိတ်အခြေအနေမကောင်းကြပါ။ မိုးစရွာစဥ်က ကလေးများသည် စိတ်လှုပ်ရှားနေကြ၏။ မိုးကြီးရွာသည်ကိုတစ်ခါမျှ မတွေ့ဖူး၍ စိတ်လှုပ်ရှားကြခြင်းဖြစ်သည်။

မိုးကမရပ်ပဲ အသည်းအသန် ရွာနေသေးတော့ ကလေးတွေက စိတ်ရှုပ်လာကြကာ သူ့အမေကိုဖက်ပြီးမေးလိုက်သည်။"မေမေ မိုးရွာတာ ဘယ်အချိန်ရပ်မှာလဲ"

တိုင်ဖွန်းမုန်တိုင်းကြောင့် ရွာသောမိုးသည် ရက်အတော်ကြာရွာတတ်သည်ဟု လင်းဝေ့ကြားဖူး၏။ထို့ကြောင့် ဘယ်အချိန် မိုးတိတ်မည်မှန်း လင်းဝေ့လည်း မသိပါ။ ထို့ကြောင့်မှန်းကြည့်ကာ ပြောလိုက်၏။

"မနက်တစ်ခင်းလုံး မိုးရွာပြီး ရင် နေ့လည်လောက်ကျ တိတ်မယ်ထင်တယ်။ သားတို့ ခဏအိပ်လိုက်ကြလေ။ မိုးတိတ်ရင် မေမေ သားတို့ကို လာနှိုးမယ်"

အခန်းထဲမှာပဲ ထိုင်နေရ၍ ပျင်းလာကာ အိပ်ချင်လာသော မင်မင်က သန်းဝေကာ ပြောလိုက်၏။

"ဟုတ် မေမေကော သားတို့နဲ့ အိပ်မှာလား"

" သားတို့ အရင်အိပ်လိုက်ကြပါ။ မေမေ နောက်မှ အိပ်မယ်"

မင်မင်လည်း တစ်ချက် နှာခေါင်းရှုံ့လိုက်ကာ အိပ်ရာပေါ်အမြန်လှဲချလိုက်ပြီး အိပ်ပျော်သွားတော့၏။

လင်းဝေ့လည်း အိပ်မပျော်နိုင်သေး၍ အိပ်ရာမှ ထကာ ပြတင်းပေါက်နား သွားလိုက်၏။ ပြတင်းပေါက်ကနေမြင်ရသော မှုံမှိုင်းနေသည့်မြင်ကွင်းကိုကြည့်ကာ အတွေးနွံနစ်နေမိ၏။

တိုင်ဖွန်းမုန်တိုင်းမိုးကြီး စရွာစဥ်က အပြင်ဘက်ကို လည်း သေချာမမြင်ရ၍ အပြင်မှာ ဘာဖြစ်နေမှန်းလည်း မသိသောကြောင့် လင်းဝေ့ အနည်းငယ်ကြောက်နေမိသည်။

အခုတော့ လင်းဝေ့ တစ်ဖြည်းဖြည်း တည်ငြိမ်လာကာ သူမရှေ့က လေပြင်းတိုက်၍ တုန်ခါနေသော ပြတင်းမှန်ကို ကြည့်နေမိ၏။

ဆိပ်ကမ်းများမြို့များ၏တည်နေရာကို စစ်တပ်က အထူးဂရုစိုက်ကာ ရွေးချယ်လေ့ရှိ၏။ထို့ကြောင့် တိုင်ဖွန်းမုန်တိုင်းကိုလည်း ကြံ့ကြံ့ခိုင်နိုင်အောင် မိုးလေဝသကို ခန့်မှန်းနိုင်အောင် တပ်သားများကိုလေ့ကျင့်ထား၏။

မုန်တိုင်းကြောင့် ကုန်းပေါ် ရေတက်လာမည်ဆိုပါက ပြည်သူများကို ဘေးကင်းရာသို့ ချက်ချင်းရွေ့ပေးကြမည်ဖြစ်သည်။

ဥပမာ အနေဖြင့် ယခုတစ်ခေါက်တွင်လည်း မုန်တိုင်းလာမည်ဖြစ်ကြောင်း ပြည်သူများကို ကြိုအကြောင်းကာ အိမ်အပြင်မထွက်ရန် ကြေညာထားခြင်းကိုကြည့်ရလျင် မုန်တိုင်းကြောင့် ရေတက်လာမည် မဟုတ်ကြောင်းသိနိုင်၏။ အပြင်ဘက်မှာ မိုးဘယ်လောက်ရွာရွာ အိမ်ထဲမှာနေရင် ဘေးကင်းပါ၏။

ထို့ကြောင့် မူရင်းဝတ္ထုထဲတွင် လင်းဝေ့က တိုင်ဖွန်းမုန်တိုင်းထဲတွင် သေခဲ့ခြင်းတော့ မဟုတ်နိုင်ပါ။

အကြောင်းအရင်း တစ်ခုခုကြောင့် သေသွားခဲ့ခြင်းဖြစ်၏။ လေကြီးမိုးကြီးထဲ အပြင်ထွက်သွားပြီး သေသွားတာလား။ အိမ်ထဲမှာပဲ ချော်လဲပြီး သေသွားတာလား။

မိုးကြီးလေကြီး ထဲ ထွက်၍ သေသွားသည်ဆိုပါက အိမ်ထဲ နေကာ ရှောင်ရှား၍ ရနိုင်သည်။ သို့သော် အိမ်ထဲမှာပဲ တိုက်မိလဲမိကာ သေသွားသည်ဆိုပါက သူမပို၍ ဂရုစိုက်ရမည်ဖြစ်၏။

ထို့အပြင် သူမသည် မိသားစုအတွက် ထမင်းဟင်းများလည်း ပြင်ဆင်ပေးရသေးရာ မတော်တဆ ဖြစ်မည့်နေ့တွင် ဘာမှ မလုပ်ပဲ အိပ်ရာထဲ လှဲနေမှသာ ရလိမ့်မည်။

မဟုတ်ရင် ရေသောက်တဲ့အခါ ရေသီးပြီးတော့လည်း သေနိုင်သည်မဟုတ်ပါလားး။

အပြင်ဘက်မှာတော့ မိုးကသည်းနေဆဲဖြစ်သည်။ နောက်ဆုံးတော့ လင်းဝေ့လည်း တစ်ခုခုကို စဥ်းစားလိုက်မိ၏။

.......

ညနေပိုင်း ၃နာရီ ၄နာရီလောက်ရောက်မှ လေငြိမ်ကာ မိုးလည်း မသည်းတော့ဘဲ မိုးဖွဲလေးသာ ကျတော့၏။

လင်းဝေ့လည်း ပြတင်းပေါက်ဖွင့်ကာ အပြင်ကိုထွက်ကြည့်လိုက်သည်။ သူမတို့အိမ်ခြံဝန်းက သစ်ရွက်ကြွေများ သဲများဖြင့် ရှုပ်ပွနေ၏။ ထို့အပြင် ဘယ်ကလွင့်လာမှန်းမသိသည့် သဲများမြေများဖြင့် ပေပွနေသည့် တဘက်ကိုပါ တွေ့ရသေး၏။

မီးဖိုချောင်မှာ တပ်ဆင်ထားသည့် ရေဘုံဘိုင်ကလည်း ပြုတ်ထွက်သွားကာ မီးဖိုချောင်အပေါ်က အဝတ်လှန်းကြိုးတွေလဲ ပြုတ်ကျနေ၏။

အဆိုးဆုံးကတော့ လင်းဝေ့ အရင်က စိုက်ထားသည့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီအခင်းမှာ ရစရာမရှိအောင်ဖြစ်နေ၏။ သို့သော် ကြက်သွန်မျိုးကတော့ အမြစ်ရှိလျင် ပြန်ရှင်သန်နိုင်သည်ဖြစ်၍ သိပ်စိတ်မပူမိပါ။

မိုးတိတ်သွားပြီးနောက် လင်းဝေ့သည် သူမခြံထဲကျနေသည် တဘက်ကို ကောက်ကာ ခြံစည်းရိုးပေါ်တင်လိုက်၏။ ပိုင်ရှင်က လိုက်ရှာ၍ တွေ့လျင် ယူသွားလိမ့်မည်။ ရက်အနည်းငယ်ကြာသည်အထိ ပိုင်ရှင်မရှိလျင်လည်း လွင့်ပစ်လိုက်ရုံသာရှိ၏။

မြေကြီးကစိုနေသေး၍ ခြံဝန်းထဲကျနေသော သစ်ရွက်များသဲများကို မလှည်းကျင်းသေးပါ။ မိုးထပ်ရွာလာကာ သစ်ရွက် သဲများပြန်ရောက်လာပါက သူမသာ ထပ်မောရဦးမည်ဖြစ်သည်။

ထို့ကြောင့် မီးဖိုချောင်အပေါ်ရှိ အဝတ်လှန်းကြိုးကို အရင် ပြန်ချည်ကာ အဝတ်လှန်းလို့ရရန် ချည်လိုက်၏။

ကြိုးများပြန်ချည်ပြီးနောက် လင်းဝေ့သည် မီးဖိုခေါင် အပေါ် ကနေ မိသားစုအိမ်ရာ၏ လမ်းတစ်လျှောက်ကို ကြည့်လိုက်မိသည်။

မိုးလေငြိမ်သွားတော့ အရာရှ်ိဇနီးသည်များအားလုံးက အပြင်ထွက်လာကြ၏။ တစ်ချို့က အိမ်သန့်ရှင်းရေးလုပ်ကာ အလုပ်များနေကြပြီး တစ်ချို့ကတော့ လမ်းဘေးတွင် ရပ်နေကြကာ သူတို့အိမ်နီးချင်းများနှင့် မုန်တိုင်း ဝင်မွေသွားသည့် အကြောင်းပြောနေကြ၏။

အသံကျယ်ကျယ်ဖြင့် အရာရှ်ိဇနီးသည်တစ်ယောက် စကားပြောနေသည့်အသံကို ကြားလိုက်ရသည်။

"ကျွန်မ အိပ်ရာခင်းတွေနဲ့ ဂွမ်းကပ်စောင်တွေကို ဒီမနက်လေးတင်လျှော်ထားတာ။ မိုးကချက်ချင်းရွာလာတာနဲ့ရုတ်ဖို့အချိန်မရလိုက်ဘူး။ မိုးတိတ်သွားရင်တော့ ထပ်လျှော်ရတော့မှာပဲ"

"ရှင့်အိပ်ရာခင်းက လျှော်လိုက်ရင်ရတယ်။ ကျွန်မတို့အိမ်ခေါင်မိုးအုတ်ကျွတ်က ကွဲနေတာလေ။ အာ့တာ အိမ်က ယောကျာ်းကို ပြန်ပြင်ပေးဖို့ ပြောထားတာလည်းကြာလှပြီ။ ဒင်းက မအားဘူးဘဲပြောပြီး အချိန်ဆွဲနေခဲ့တာလေ။အခုတော့အေးရော…စောင်အဖုံးနဲ့ သိုးမွှေးအဖုံးအုပ်ပရိဘောဂတွေ အကုန်ရေစိုကုန်ပြီလေ"

"ပျက်စီးသွားရင်တော့ ပြဿနာပဲ။ အသစ်ပဲပြန်ဝယ်လိုက်ပါလား" ဟု သူ့မိတ်ဆွေအမျိုးသမီးက အကြံပေးလေ၏။

ထိုအမျိုးသမီး၏ ယောကျာ်းက အသံတိမ်တိမ်ဖြင့်ဝင်ပြောလိုက်၏။ " နေထွက်လာရင် နေလှန်းအခြောက်ခံပြီး ပြန်သုံးလို့ရမလား ကြည့်ကြတာပေါ့။ မရတော့လည်း အသစ်ပြန်ဝယ်တာပေါ့"

"ရှင့်ကိုပါ နေလှန်းလိုက်ရင် ပိုကောင်းသွားမှာ"

သူတို့ပြောနေသည်ကိုနားထောင်ရင်း လင်းဝေ့လည်း သူတို့အိမ်ပြောင်းလာစဥ်က ကျုံးရှောက်သည် အိမ်ခေါင်မိုးအုတ်ကြွတ်နှင့် မှန်များအားလုံးကို အသစ်လဲလှယ်ထားသောကြောင့် တော်သေး၏ ဟုတွေးလိုက်မ်ိသည်။မဟုတ်လျင် အခုဆို သူမအိမ် ရေမြုပ်နေလောက်ပြီပင်။

ထိုသို့တွေးနေစဥ် လင်းဝေ့သည် အော်သံကြားလိုက်ရသည်။"မေမေ သားတို့အိမ် ရေမြုပ်တော့မှာပဲ"

လင်းဝေ့လည်း ကြောင်အသွားကာ သူမတို့ခြံဘေးပတ်လည်ကို အလျင်အမြန် ဝေ့ဝိုက် ကြည့်လိုက်သည်။"ဘယ်မှာ ရေကြီးတာလဲ"

မင်မင်က တံခါးပေါက်နားမှာရပ်နေရင်း ရှေ့တူရှုက ပင်လယ်ပြင်ကို လက်ညိုးထိုးရင်း အော်ပြောလိုက်၏။

"ရေက ကျွန်တော်တို့ဆီလာနေပြီ"

လင်းဝေ့လည်း အရှေ့ကို အမြန်ကြည့်လိုက်မိသည်။ ပြီးမှ သူမနှုတ်ခမ်းထောင့်များ ကွေးကာ ပြုံးလိုက်၏။

မုန်တိုင်းကြောင့် လှိုင်းလုံးကြီးများက ကမ်းရိုးတန်းရှိသဲများကို ပိုမိုဝေးသည့်နေရာသို့ တွန်းပို့လိုက်ရာ ကမ်းခြေက ပိုကျယ်သကဲ့သို့ဖြစ်သွားပြီး အိမ်နှင့်နီးသကဲ့ဖြစ်သွားကြောင်းပြောပြလိုက်၏။

လင်းဝေ့ ရှင်းပြသည်ကို နားထောင်ရင်း မင်မင် စိုးရိမ်သွား၏။" ဒါဆို လှိုင်းလုံးတွေကြီး လာရင် သားတို့ အိမ် မြုပ်သွားလောက်လား.

"မိုးကြီးလေကြီး မလာရင်တော့ လှိုင်းလုံးကြီးတွေလည်း မလာတော့ဘူးလေ။ သား မစိုးရိမ်ပါနဲ့ မေမေတို့အိမ်က ရေ မမြုပ်ပါဘူး"

သူ့အမေ ရှင်းပြသည်ကို နားလည်သွားသည့်မင်မင်က လက်အုပ်လေးချီကာ ဆုတောင်းလိုက်သည်။"ဘုရားရှင် မိုးထပ်မရွာပါစေနဲ့ မဟုတ်ရင် ကျွန်တော်တို့အိမ် ရေမြုပ်ရပါတော့မယ်"

လင်းဝေ့ - "……"

………………

ဤနေ့က ကျုံးရှောက်၏ ဂျူတီနေ့ကျသော်လည်း ကျိုးကျန်းဟိုင်နှင့် ရက်ချိန်းထား၏။ မုန်တိုင်းလာပြီဟုကြားသောအခါ သူ့မိန်းမနှင့်ကလေးများကို စိုးရိမ်ကာ မွန်းလွဲပိုင်း မုန်တိုင်းစဲ တော့ ပုံမှန်ထက် နည်းနည်းစောကာ အိမ်ပြန်လာလိုက်သည်။

သူအိမ်ပြန်ရောက်တော့ လင်းဝေ့၏ အခြေအနေကောင်းမှန်းသိလိုက်ရ၍ စိတ်အေးသွား၏။

ညနေသုံးနာရီလောက်အထိ မိုးရွာတော့ လင်းဝေ့လည်း မီးဖိုထဲဝင်ကာ ထမင်းဟင်း မချက်နိုင်တော့ပါ။ မိုးတိတ်တော့လင်းဝေ့လည်း မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်ရာ မီးသွေးကလည်း ရေစိုနေ၍ ထင်းမီးဖိုနှင့်သာ ခေါက်ဆွဲချက်လိုက်ရ၏။ ထို့ကြောင့် ကျုံးအိမ်သည် ညနေစာ အနေဖြင့် ခေါက်ဆွဲကို စားလိုက်ကြ၏။

ကျုံးရှောက်က သူမကို စိုက်ကြည့်နေသည်ကို တွေ့တော့ မျက်နှာမှာ တစ်ခုခုများ ပေနေလို့လားဟု တွေးလိုက်ကာ မျက်နှာကိုလက်ဖမိုးဖြင့် စမ်းကြည့်လိုက်ရာ ဘာမျှလည်းမရှိပါ။ ထို့ကြောင့် ကျုံးရှောက်ကို သူ့မျက်နှာ ဘာဖြစ်လို့လဲဟု မေစလိုက်၏။

"ဘာမှ မဖြစ်ပါဘူး." ကျုံးရှောက်က ခေါင်းခါကာပြောလိုက်၏။

"ဒါဆိုရှင်က ဘာလို့ ကျွန်မကို ကြည့်နေတာလဲ"

ကျုံးရှောက်ကပြန်မဖြေပဲ လင်းဝေ့ဆီက ခေါက်ဆွဲပန်းကန်ကို လှမ်းယူလိုက်သည်။"တိုင်ဖွန်းမုန်တိုင်းလာတုန်းက ကြောက်နေသေးလား"

"အစကတော့ ကြောက်နေတာ။ နောက်တော့ အဆင်ပြေသွားပါတယ်"

လင်းဝေ့လည်း နောက်ထပ်ခေါက်ဆွဲ နှစ်ပန်းကန်ကို ကောက်ယူကာ ကျုံးရှောက်နှင့်အတူ ထမင်းစားစားပွဲဆီ သွားလိုက်၏။ သူတို့အထဲဝင်လာတော့အိမ်ထဲမှာမှောင်နေ၏။

All Chapters