← Chapters

Chapter 71

Vol. 6 Ch. 71

Chapter 71

Vol. 6 Ch. 71

"ဒါနဲ့မိသားစုအိမ်ရာက ဓာတ်အားတွေ ပြတ်တောက်သွားတော့ ဒီညမီးမလင်းတော့ဘူး။ ဘယ်အချိန်ပြန်ပြင်ကြမှာလဲ"

"ဒီနေ့တော့ ဘာမှမစီစဥ်ခဲ့ဘူး မနက်ဖြန်ရာသီဥတုပြန်ကြည့်ပြီး မိုးမရွာလောက်တော့ဘူးဆိုမှ ပြန်ပြင်ကြလိမ့်မယ်"

ကျုံးရှောက်က သူယူလာသည့် ပန်းကန်များကို စားပွဲပေါ်တင်ပြီး စားပွဲအံဆွဲထဲက ဖယောင်းတိုင်နှစ်ခုကို ထုတ်ကာ ထမင်းစားစားပွဲပေါ် မီးထွန်းလိုက်သည်။

ကလေးနှစ်ယောက်က ခြေလက်ဆေးပြီးပြန်လာတော့ စားပွဲပေါ်မှာ ဖယောင်းတိုင်မီး ထွန်းထားသည်ကိုမြင်လျင် တအံ့တသြမေးလိုက်၏။

"ဘာလို့ဖယောင်းတိုင်မီးထွန်းထားတာလဲ မီးလုံးဖွင့်လိုက်လို့မရဘူးလား"

မင်မင်က သူ့လက်ကို ဆန့်ကာ မီးခလုတ်ကြိုးကိုဆွဲပြီးမီးဖွင့်လိုက်၏။ မီးက လင်းမလာပါ။

"မေမေ ဖေဖေ သားတို့မီးလုံးက ပျက်နေတာလားဟင်?"

"မီးလုံးကပျက်နေတာမဟုတ်ဘူး။ မိသားစုအိမ်ယာက လျှပ်စစ်မီးကြိုးတွေ ပျက်နေလို့ မီးမလာတာ" ဟု လင်းဝေ့က ရှင်းပြလိုက်ပြီး မင်မင်ကို နေရာမှာထိုင်ပြီး ခေါက်ဆွဲစားဖို့ ပြောလိုက်၏။

မင်မင်သည် သက်ပြင်းလေးချကာ ထိုင်ခုံပေါ်ထိုင်ရင်း စားပွဲပေါ်က တူကို ကောက်ကိုင်လိုက်ကာ ခေါက်ဆွဲ တစ်လုပ်စားလိုက်၏။

"ဘာလို့မီးကြိုးတွေ ပြတ်တာနဲ့ မီးမလာရတာလဲ။ လျှပ်စစ်တွေ ကုန်သွားလို့လားဟင်"

"မီးကြိုးတွေပြတ်ရင် မီးလည်း မလာတော့ဘူး။ အမေတို့အိမ်လည်း မီးမလင်းတော့ဘူး"ဟု လင်းဝေ့က ပြောပြလိုက်၏။

"မီးကြိုးတွေက ဘယ်အချိန်ပြန်ပြင်မှာလဲ?"

"မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါပေါ့"

"ဒါက………"

မီးပြတ်ရသည့်အကြောင်းအရင်း ပြောရလျင် ရှည်လျားနေမည်စိုး၍ လင်းဝေ့က မပြောတော့ပါ။ မင်မင်ကလည်း သိချင်နေ၍ စပ်စုနေရာ လင်းဝေ့ သည်းမခံနိုင်တော့ပဲ ထပ်မမေးတော့ရန် မျက်နှာအမူအရာပြလိုက်သည်။

မျက်နှာအရိပ်အကဲကို မင်မင်ကတော့ နားမလည်ပဲ မေးခွန်းထပ်ထုတ်စရာ ဖြစ်သွားတော့၏။

"မေမေ ဘာပြောချင်တာလဲ"

"စားစရာရှိတာစား စကားမပြောနဲ့။ အိပ်စရာရှိတာအိပ်စကားမပြောနဲ့။ စားတဲ့အချိန် အိပ်တဲ့အချိန် စကားမပြောရဘူး"

"ဒါပေမယ့်သားက အိပ်နေရင် စကားမှမပြောတာ။မေမေကောအိပ်နေရင် စကားပြောလား"

ရွေ့ရွေ့ဘက်လှည့်ကာ ထပ်မေးလိုက်၏။

" ရွေ့ရွေ့ မင်းကော အိပ်ရင် စကားပြောလား"

ရွေ့ရွေ့လည်း ခေါင်းကိုခါလိုက်သည်။ "မပြောဘူး."

လင်းဝေ့က စားပွဲကို ခေါက်လိုက်ပြီး

"မေမေ ပြောချင်တာ အာ့တာမဟုတ်ဘူး။ ပြောချင်တာက စားနေတဲ့ အချိန်မှာ စကားမပြောဖို့ပဲ"

"သားက ဘာလို့စကားပြောလို့မရတာလဲ။ မေမေလည်း စကားပြောနေတာပဲလေ" ဟု မင်မင်က ပြန်မေးလိုက်၏။

"ဒါဆို မေမေတို့ အခုကစပြီး စကားမပြောတော့ဘူး"

"ဒါဆိုရင်လည်း ပြီးရော" ဟုပြောပြီး မင်မင်က ခေါက်ဆွဲကို စားတော့သည်။

ညစာစားပွဲဝိုင်းက ခေါက်ဆွဲစားသည့်အသံ တူသံများကလွဲရင် တိတ်ဆိတ်နေ၏။

ထိုတိတ်ဆိတ်နေမှုက ကြာရှည်မခံလိုက်ပါ။ ကျုံးရှောက် ခေါက်ဆွဲစားပြီးသည်ကို တွေ့လိုက်သည်။ လင်းဝေ့က မီးပျက်နေ၍ လင်းနေတုန်း ကျုံးရှောက်ကို ရေအမြန်ချိုးရန်ပြောလိုက်သည်။"ရှင် စားပြီးရင် မမှောင်ခင် ရေအရင်ချိုးလိုက်လေ"

လင်းဝေ့ စကားပြောသည်ကိုကြားသည်နှင့် မင်မင်က ထအော်တော့၏။"မေမေ စကားပြောလိုက်တယ်"

"မေမေက အရေးကြီး ပြောစရာရှိလို့ပါ"

"သားကျ တော့ကော?" ဟု မင်မင်က ပြန်မေးလိုက်ရာ လင်းဝေ့သည် သူ့သားနဖူးကို လက်ချောင်းဖြင့်တောက်လိုက်ပြီး ပြောလိုက်သည်။

"သားက ဘာပြောချင်တာလဲ လေကြောရှည်လေးရဲ့ "

မင်မင်က ငယ်သေးသော်လည်း လေကြောရှည်သည်ဟူသည့်အဓိပ္ပါယ်ကို သိပါသည်။ ထို့ကြောင့် နှုတ်ခမ်းကိုထော်ကာ "သားကလေကြော မရှည်ပါဘူး။ သားကလည်း အရေးကြီးတာပဲပြောတာပါ"ဟုပြောလိုက်၏။

"အဲသည်တော့?"

"မေမေ သားကို ပြန်တောင်းပန်ရမယ်။ မဟုတ်ရင် သားက နောက်ဆို မေမေ့ကို အရေးကြီးတာတွေ မပြောပြတော့ဘူး" ဟုပြောပြီး မင်မင်သည် သူ့ခေါင်းကို တစ်ဖက်သို့ မာနကြီးစွာလှည့်လိုက်၏။

"ဟုတ်ပြီ မေမေလည်း သားပြောလာမယ့်အချိန်ကိုပဲစောင့်နေတော့မယ်" ဟု ရီမောကာပြောလိုက်သည်။

မင်မင်ကတော့ လင်းဝေ့၏ စကားကြားလည်း လှည့်မကြည့်ပဲ ဆန္ဒပြနေ၏။

ကျုံးရှောက် ရေချိုးပြီးပြန်လာတော့ သူ့သားကြီးနှင့် မိန်းမက စစ်အေးတိုက်ပွဲဖြစ်နေသည်ကို တွေ့လိုက်ရ၏။သူတို့နှစ်ယောက်ထဲက အထူးသဖြင့် မင်မင်ကတော့ လင်းဝေ့ကို စကားမပြောဖို့ ဆုံးဖြတ်ထားပုံရ၏။

ကျုံးရှောက်က ကလေးနှစ်ယောက်ကို ရေချိုးခန်းထဲခေါ်ကာ အဝတ်အစား ချွတ်ပေးလိုက်ပြီး ရေချိူးခိုင်းလိုက်၏။ ထို့နောက် အပြင်ပြန်ထွက်လာကာ လင်းဝေ့ကို မေးလိုက်သည်။"မင်း ဘာတွေပြောလိုက်လို့ သားက စိတ်ဆိုးနေတာလဲ"

လင်းဝေ့လည်း စောနက အဖြစ်အပျက်ကို ရယ်မောကာ ကျုံးရှောက်ကို ပြောပြလိုက်သည်။"မစိုးရိမ်ပါနဲ့ မင်မင်က စိတ်ထားကောင်းတဲ့ကလေးပါ။မနက်ဖြန်ကျ သူမေ့သွားလိမ့်မယ်"

"မနက်ဖြန်အထိ သူ မမေ့သေးရင်ကော?"

"ဘယ်တတ်နိုင်မလဲ။ ကျွန်မက သူ့အမေလေ။ သူ့စားဖို့သောက်ဖို့အားလုံး ပြင်ဆင်ချက်ပြုတ်ပေးရတာ။ ကျွန်မကို ဂရုမစိုက်ပဲ နေနိုင်မှာလား။ ရှင်စိုးရိမ်မနေပါနဲ့"

ဟုလက်ကို ဝေ့ရမ်းကာ ပြောလိုက်သည်။

"မီးသွေးမီးဖိုက ဟိုမှာ ရေစိုနေသေးလား ကြည့်ပေးပါဦး။ ကျွန်မ နေ့လည်က မိုးရေတွေစိုသွားလို့ ဒီည ဆံပင်လေးလျှော်ချင်လို့"

"မင်းက ဘယ်လိုလုပ် မိုးရေ စိုသွားတာလဲ"

"ကျွန်မ ပြတင်းပေါက်တွေ လိုက်ပိတ်တော့ ဝရံတာက ပန်းပင်တွေ မရွေ့ရသေးတာ သတိရလိုက်လို့ မိုးရေထဲ သွားရွေ့လိုက်တာ"

မျက်မှောင်ကျုံ့ကာ နားထောင်နေသည့် ကျုံးရှောက်ကို လင်းဝေ့က ပြုံးပြီး ပြောလိုက်သည်။"ပန်းအိုးတွေရွေ့ပြီး တော့ ကျွန်မ ရေနွေးနဲ့ ရေပတ်တိုက်ထားတော့ နေလို့ကောင်းပါတယ်"

"နောက်တစ်ခါ အာ့လိုအခြေအနေမျိုးဆို ပြန်လုပ်ရလို့ကုန်ကျမယ့်ပိုက်ဆံကို တွေးမနေနဲ့။ မင်းကျန်းမာရေးက ပိုအရေးကြီးတယ်"

"နားလည်းယပါပြီ။ ရှင်လည်း ကလေးတွေကို ရေသွားချိုးပေးလိုက်ဦး။ မဟုတ်ရင် သူတို့ဖာသာ ကစားရင်းရေချိုးနေရင် ဘယ်လောက်ကြာမှန်းမသိဖြစ်သွားမယ်"

ကျုံးရှောက်က အင်းးး ဟုပြောပြီး ရေချိုးခန်းဘက်ပြန်သွားကာ ကလေးနှစ်ယောက်ကို ရေအမြန်ချိုးပေးလိုက်၏။

ရှိးချန်မှာ နေတုန်းက ကလေးနှစ်ယောက်ရဲ့ရေချိုးချိန်က နာရီဝက်ခန့်ကြာ၏။ ရေကိုသေချာချေးများတိုက်ချွတ်ကာချိုးခြင်းကြောင့် ကြာသည်မဟုတ်ပဲ ဆော့ကစားရင်း ရန်ဖြစ်ရင်း ရေချိုးနေသောကြောင့် ကြာခြင်းဖြစ်ကာ လင်းဝေ့ကလည်း သူတို့ကိုရေအမြန်ချိုးကြရန် ကြိမ်းမောင်းရင်း သားအမိတစ်တွေ အမြဲရန်ဖြစ်ရ၏။

ကျွန်းပေါ်ရောက်လာတော့ ကျုံးရှောက်က သူတို့ကိုရေချိုးပေးရ၏။ သူတို့အဖေကို ကြောက်ကြကာ ဆယ်မိနစ် ဆယ်ငါးမိနစ်ခန့်ဖြင့် ရေချိုးပြီးလေ၏။

ဒီညနေတော့ ကျုံးရှောက်က ကလေးနှစ်ယောက်ကို ချေးများသေချာ သေချာတွန်းခိုင်းကာ ရေချိုးစေ၏။ငါးမိနစ်လောက်အကြာတွင် ရေချိူးပြီးစေကာ တဘက်ဖြင့်သုတ်ပြီး အဝတ်အစား ဝတ်ပေးပြီး အိမ်ထဲ အမြန်ဝင်ခိုင်းလိုက်သည်။

ကလေးနှစ်ယောက် အိမ်ထဲဝင်သွားမှ ရေချိုးခန်းကို သန့်ရှင်းရေး ပြန်လုပ်လိုက်သည်။

ပုံမှန်ဆိုလျင် ကျုံးရှောက်သည် ရေမချိုးခင် အဝတ်ပေများကို အရင်လျှော်ကာ လှန်းခဲ့လေ့ရှိသည်။ သို့သော် ဒီနေ့ရာသီဥတု အခြေအနေမကောင်း၍ မလျှော်တော့ဘဲ တစ်နေရာထဲတွင် စုထားလိုက်၏။

ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ပြီး မီးဖိုချောင်ထဲ ပြန်ဝင်လာကာ ရေနွေးအိုးယူပြီး ပုံးထဲတွင် ရေချိုးရန် ရေနွေးစပ်ထားလိုက်၏။

ကျုံးရှောက်က ရေနွေးစပ်နေစဥ် လင်းဝေ့သည် အပေါ်ထပ်မှ အဝတ်အစားများယူကာ ဆင်းလာ၏။

အဝတ်အစားများ ထည့်ထားသော အဝတ်အိတ်ကို ရေချိုးခန်းတံခါး အနောက်တွင် ချိတ်လိုက်ကာ ကျုံးရှောက် ယူလာပေးသည့် ရေနွေးစပ်ကို ယူလိုက်သည်။

"ကျွန်မ ဖာသာ လုပ်လိုက်တော့မယ်။ ရှင် အပေါ်တက်ပြီး နားလိုက်တော့"

ကျုံးရှောက်က ထွက်မသွားခဲ့ပါ။"ကိုယ် မင်းကို ဒီမှာစောင့်နေမယ်"

လင်းဝေ့ကလည်း ကျုံးရှောက်ကို ပြန်ကြောင်ကြည့်နေလိုက်မိသည်။

ကျုံးရှောက် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး

"မီးပြတ်နေတော့ အောက်ထပ်မှာ မှောင်တယ်လေ။ မင်းတစ်ခုခုလိုတာရှိရင် လှမ်းခေါ်လိုက်နော် ကိုယ် အပြင်မှာ စောင့်နေမယ်" ဟုပြောကာ ဧည့်ခန်းထဲ သွားထိုင်နေ၏။

…………

အောက်ထပ်တွင် မှောင်သည်ဟု ကျုံးရှောက်ပြောသော်လည်း အာ့လောက်လဲ မမှောင်သေးပါ။ အောက်ထပ်မှာ ဖယောင်းတိုင် ထွန်းထားသော်လည်းအပေါ်ထပ်ကတော့မှောင်မည်းနေ၏။ ကလေးတွေကလည်း အိပ်စက်အနားယူရန် ဖယောင်းတိုင်မပါပဲနှင့် အပေါ်ထပ်တက်သွားလိုက်၏။

သို့သော် စောသေး၍ အိပ်မပျော်ကြဘဲ တစ်ဦးနှင့် တစ်ဦး ကပ်ကာ တီးတိုးပြောဆိုကြ၏။

အမှောင်ထဲတွင် ရွေ့ရွေ့သည် သူနှင့်လက်တစ်ကမ်းမှာရှိသည့် သူ့အစ်ကိုကို တိုးတိုးသာသာမေးလိုက်၏။

"မင်မင် မင်း မေမေ့ကို တစ်ကယ်ကြီး စကားမပြောတော့ဘူးလား"

မင်မင်က မပြောင်းလဲသည့်စိတ်ထားဖြင့် ပြောလိုက်သည်။"မေမေ မှ ငါ့ကို လာမတောင်းပန်ရင် ငါ စကားမပြောဘူး"

ရွေ့ရွေ့က နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။ "မင်းက မေ့မေ့ကို ဘာလို့စိတ်ဆိုးနေတာလဲ"

"မင်း မကြားလိုက်ဘူးလား"

သူ့ညီလေးဘက်လှည်ကြာ တက်တက်ကြွကြွဖြင့် သူ့မေမေနှင့် သူ ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ပြောပြလိုက်သည်။

"မေမေ က ငါ့ကိုလေကြောရှည်တယ်တဲ့ လေကြောရှည်တယ်ဆိုတာ စကားအရမ်းများတဲ့သူတွေကိုပြောတာလေ။ မေမေ အာ့လိုပြောတာ ငါ့ကို လုံးဝ လုံးဝ မလေးစားတာပဲ"

ရွေ့ရွေ့က နှာခေါင်းရှုံ့လိုက်သည်။"ဟုတ်ပါ့မလားး"

"မင်းငါပြောတာ ဘာလို့နားမလည်နိုင်ရတာလဲ"မင်မင်က သူ့ညီလေး သူ့ကို မယုံတာကို အံ့သြနေမိသည်။

ရွေ့ရွေ့- "……"သူက လေကြောရှည်တဲ့သူ ဟုတ်မဟုတ်ဆိုတာ သူက ဘယ်လိုလုပ်သိရမှာလဲ။

မင်မင်က သူ့ညီလေးနား တိုးလိုက်ကာ ဆက်ရှင်းပြလိုက်သည်။ "လေကြောရှည်တယ်ဆိုတာ ဘာမှ မဟုတ်တဲ့ အရာတွေကို ပြောနေတာမျိုးးးးးငါပြောတာတွေက အရမ်းအရေးကြီးတာတွေပဲ ပြောတာ အဓိပ္ပါယ်မရှိတာ တစ်ခွန်းမှမပါဘူး။ နားလည်ပြီလား"

နားလည်လိုက်ပြီ။

"အစ်ကိုကြီး မင်းက အရေးကြီးတာတွေ အများကြီးဆက်ပြောဖို့ ကျန်သေးတယ်လေ"ရွေ့ရွေ့က အထွန့် တက်လိုက်ပြန်သည်။

"ငါပြောတဲ့စကားတိုင်းက အရမ်းအရေးပါတယ်။ ဒါကို မေမေက ငါ့ကို လေကြောရှည်တယ်ပြောလို့ အရမ်းစိတ်ဆိုးတာပဲ။ မေမေသာ ပြန်မတောင်းပန်ရင် ငါ ဘယ်တော့မှ မေမေ့ကို စကားပြန်ပြောမှာမဟုတ်ဘူး" ဟု မင်မင်က စနောက်နေသည့်ပုံစံမဟုတ်ပဲ အတည်အတံ့ပြောလိုက်၏။

"မေမေက မင်းကို ပြန်မတောင်းပန်ဘူးဆိုရင်ကော"

"ဒါဆိုလည်း မေ့မေ့ကို ငါ ဘယ်တော့မှ စကားမပြောရုံပေါ့" ဟု မင်မင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"တစ်ကယ်လို့ မေမေက ဝမ်းနည်းသွားရင်ကော?"

မင်မင် ကြောင်အသွားသည်။ -"ဝမ်းနည်းရင်?"

"ဟုတ်တယ်လေ တစ်ကယ်လို့ နောက်ကျရင် မင်မင် မင်းက ငါ့ကို စကားမပြောတော့ဘူးဆိုရင် ငါ ဝမ်းနည်းသွားမှာ အသေအချာပဲ"

ရွေ့ရွေ့သည် သူ့လက်များကို ခေါင်းအုံးသကဲ့သို့ ခုကာ လှဲလိုက်ရင်း ထပ်ပြောလိုက်သေးသည်။ "တစ်ကယ်လို့ မင်းက မေ့မေ့ကို ဂရုမစိုက်ဘူး စကားမပြောဘူးဆိုရင် မေမေကလည်း ဝမ်းနည်းသွားမှာ ငိုရင်တောင် ငိုဦးမှာ…"

ခေါင်းအုံးပေါ် ပါးအပ်ကာ အိပ်နေသော မင်မင်က သူ့ညီလေး ပြောသည်ကို တွေးကြည့် လိုက်သည်။"မေမေက အရင်က ငိုဖူးလား"

ရွေ့ရွေ့သည် မင်မင်ထက် မိနစ်အနည်းငယ်နောက်ကျကာမွေးလာသူဖြစ်သည်။ ထို့ကြောင့် ညီငယ်တစ်ယောက်အနေဖြင့် ဘယ်လိုလုပ်သိမှာလဲ ဟူသည့်သဘောဖြင့် ခေါင်းခါပြလိုက်သည်။"မသိဘူး"

"မေမေက ငိုရင် ဘာလို့ငိုတတ်လဲ" ဟု မင်မင်က ထပ်မေးလိုက်၏။

"ဝမ်းနည်းလို့ဖြစ်မယ် ဝမ်ရှောင်ဖေးရဲ့အမေ ငိုတုန်းက အဘွားပြောတာတော့ အရမ်းဝမ်းနည်းလို့ငိုတာတဲ့"

သူ့ညီလေးပြောသည်က ထူးဆန်းသည်ဟု ထင်မိသည်။ ဝမ်းနည်းလို့ငိုတယ်ဆိုရင် ငိုလေလေ ဝမ်းနည်းလေလေဖြစ်လာမှာပဲလေ။

နားကိုမလည်နိုင်ဘူး။

သို့သော် မင်မင် သေချာပြန်တွေးကြည့်လိုက်တော့ သူ့အမေငိုတာကို သူလည်း မမြင်ချင်ပါ။ ဝမ်းလည်း မနည်းစေချင်ပေ။

"မနက်ဖြန် မေမေက ငါ့ကို လေကြောရှည်လေးလို့ထပ်မပြောရင် ငါမေမေ့ကို စကားပြန် ပြောလိုက်မယ်"

ရွေ့ရွေ့က သူ့အစ်ကိုရဲ့စကားတွေ ဆန်းကြယ်သည်ဟုတွေးမိ၏။ သူက မေမေကို စကားမပြောဘူးဆိုရင် မေမေကလည်း ဘယ်လိုလုပ်သူ့ကို လေကြောရှည်လို့ပြန်ပြောနိုင်မှာလဲ။ မဟုတ်လဲ သူကအမှန်ပဲ လေကြောရှည်တာကို ဘာလို့မေမေ့ကို စကားမပြောပဲနေရတာလဲ ဟုတွေးလိုက်၏။

နားမလည်တော့ဘူး.…

သို့နောက်နေ့မနက်ထလာတော့ ထိုနားမလည်သည့်အရာများကို ညီအစ်ကိုနှစ်ယောက် ဂရုစိုက်ချိန်ပင် မရလိုက်ပါ။ သူတို့မေမေက ဖျားနေတယ်တဲ့။

All Chapters