Chapter 74
Vol. 6 Ch. 74
ကျိုးကျန်းဟိုင် အိမ်လာသွားပြီးနောက် သူမယောကျာ်းကျောက်ဖုန်းက သူမကို အပြောအဆို ဆင်ခြင်ရန်ပြောပြီးကတည်းက လင်းဝေ့နှင့် တန်းရှန့်ယွင် ပါးမေ့တို့ကို ထိပ်တိုက်မတွေ့ရဲတော့ပဲ ကွယ်ရာမှာသာ အတင်းပြောရဲတော့သည်။
ထိုအကြောင်းကိုပြောတိုင်း ကောင်းရှို့လျန် မကျေနပ်နိုင်သေးပါ။ မကျေနပ်နိုင်ရသည့်အဓိက အကြောင်းမှာ ကောင်းရှို့လျန်၏ နာမည်ဂုဏ်သတင်းကို ထိခိုက်ခဲ့၍ဖြစ်၏။
လင်းဝေ့စစ်တပ်ထဲ မဝင်ခင်ကတည်း ကောင်းရှို့လျန်၏ ဂုဏ်သတင်းသည် ကောင်းသည်တော့ မဟုတ်သော်လည်း လီချင်က အမြဲမြောက်ပင့်ပေးခဲ့၏။ လီချင်နှင့် မတူပဲ ဝမ်ဖန်းလိကတော့ ကောင်းရှို့လျန်အလိုကို အမြဲမလိုက်ပေ။
လင်းဝေ့နှင့် ပြဿနာဖြစ်ပြီးနောက်ပိုင်း လီချင်က ကောင်းရှို့လျန် အိမ်အလည်မလာတော့ပါ။ ဝမ်ဖန်းလိကတော့ ရံဖန်ရံခါ အလည်လာတတ်သော်လည်း သူမကိုရွဲ့သည့်စကားများပြောတတ်ကာ အမြဲစကားများရလေ့ရှိသည်။
ဝမ်ဖန်းလိက အဓိပ္ပါယ်မရှိ တာဝန်မဲ့သောမှတ်ချက်များ ပြောဆိုတတ်သော်လည်း စိတ်ထားဆိုးသူတော့ မဟုတ်ပါ။ ထို့ကြောင့် ကောင်းရှို့လျန်နှင့် သိပ်သဘောမတွေ့ပါ။ နောက်ပိုင်း ကောင်းရှို့လျန်လည်း အိမ်မှာပဲနေရတာပျင်းလာပြီး အပြင်ထွက်ကာ မိတ်ဆွေလိုက်ဖွဲဲ့သော်လည်း တစ်ခြား အရာရှိဇနီးသည်များနှင့်အဆင်မပြေပါ။
ကောင်းရှို့လျန် သူမကိုယ်တိုင်က စကားအပြောမတတ်သော်လည်း သူမကိုမြောက်ပင့် ပြောစကားကိုတော့ အတော်လေး နှစ်သက်ပါ၏။ ထို့ကြောင့် ကောင်းရှို့လျန် အမှန်တစ်ကယ် ရင်းနှီးသည့်မိတ်ဆွေ မလိုချင်ပါ။ သူ့အကြိုက်လိုက်ကာ မြှောက်ပင့်ပေးမည့် စကားပြောဖော်သာ လိုချင်သူဖြစ်သည်ဟု သတ်မှတ်နိုင်သည်။
ကောင်းရှို့လျန် အကြိုက်လိုက်နိုင်ဖို့လည်း မလွယ်လှပေ။ စကားမှားသွားခဲ့ပါက အဆူခံရနိုင်သေး၏။
နောက်ဆုံးတစ်ခေါက် လင်းဝေ့နှင့် ကောင်းရှို့လျန် စကားများကြစဥ်က ကောင်းရှို့လျန်နှင့် အတူရှိနေကြသည့် စကားပြောဖော်များမှာ ယခုလည်း သူမခြံဝန်းမျာ အတူရှိနေကြ၏။
ထိုသူများနှင့် ကောင်းရှို့လျန်၏ ဆက်ဆံရေးမှာ ဆိုးသည်ဟု မဆိုနိုင်သော်လည်း ကောင်းသည်တော့မဟုတ်ပါ။
ထို့ကြောင့် ကောင်းရှို့လျန်က အာပေါင်အာရင်းသန်သန်ဖြင့် ကျုံးရှောက်၏ အပြုအမူများမှာ ရှေ့ရေးအတွက် အလားအလာ မကောင်းကြောင်းပြောနေရာ အရာရှိ ဇနီးသည်တစ်ဦးက ထ ကန့်ကွက်လိုက်၏။
"၂၄ နှစ်အရွယ် ဒုတပ်မှုးက အလားအလာမကောင်းဘူးဆိုရင် ကျွန်မ မိသားစုက ပိုဆိုးသွားမှာပေါ့။ တပ်မှုးကျောက် ၂၄နှစ်တုန်းက ဘယ်အဆင့်ရှိသေးလို့တုန်း"
ကျောက်ဖုန်းသည် ၄၅နှစ်ရှိပြီဖြစ်သည်။ ဒုတပ်ရင်း မှုးအဖြစ် ရာထူးတိုးခံရသည်မှာလည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဖြစ်သည်။ ကြည့်ရလျင်တော့ အလုပ်တွင် အောင်မြင်မှုရသည်ဟု ဆိုနိုင်သော်လည်း အခြေစိုက်စခန်း တစ်ခုလုံးနှင့် စာလျင်တော့ အသက် မငယ်တော့၍ အလားအလာ မရှိတော့ဟု ဆိုနိုင်သည်။
စစ်တပ်ထဲတွင် ၃၀နှစ် အရွယ် တပ်မှုးများစွာရှိပါသည်။ထို့ကြောင့် ၃၀ နှစ် မတိုင်ခင် ဒုတပ်ရင်းမှုးမဖြစ် ရာထူးတိုးခံရပါက အနာဂတ်လမ်းမှာ ဖြောင့်ဖြူးနေပြီဟု ဆိုနိုင်၏။ ကျောက်ဖုန်းသည် လောလောဆယ် ဒုတပ်ရင်းမှုးဖြစ်နေသော်လည်း အသက်အရွယ်ကြောင့် တပ်ရင်းမှုးအဆင့်ရောက်နိုင်ဖို့က မလွယ်တော့ချေ။
တစ်ဖက်က ကျုံးရှောက်ကို ကြည့်လျင်မူ ကျောက်ဖုန်းထက်လည်း အသက်ငယ်ကာ ဒုတပ်မှုး ရာထူးအဆင့်ရှိသူဖြစ်သည်။
ကျောက်ဖုန်း ကျုံးရှောက် အရွယ်ခန့်တွင် ဒုတပ်ခွဲမှုးအဆင့်သာ ရှိသေး၏။
လွန်ခဲ့သည့်နှစ်ရက်က ကျင်းပခဲ့သော တပ်တွင်းပြိုင်ပွဲတွင် ပထမနေရာရရှိခဲ့သော ကျုံးရှောက်ကို တပ်ရင်းမှုးသာမက တိုင်းရင်းမှုးများကပင် အားထားကြသူဖြစ်သည်။
ဤကဲသို့အခြေအနေရှိသူ ကျုံးရှောက်ကဲ့သို့သူကို ကောင်းရှို့လျန်က အလားအလာ မကောက်းဟု ဆိုသည်က လူရီစရာ ပင်ဖြစ်တော့မည်။
သို့သော် ကောင်းရှို့လျန်က ထိုကိစ္စများကို နားမလည်ပါ။
သူမအမြင်တွင် ကျောက်ဖုန်းသည် ၂၄နှစ်ခန့်တွင် ကျုံးရှောက် ကဲ့သို့ရာထူးအဆင့် မရှိခဲ့သော်လည်း လောလောဆယ်တွင် ကျုံးရှောက်ထက် ရာထူးမြင့်နေသူဖြစ်သည်။
ကောင်းရှို့လျန် စာအုပ်အများအပြားမဖတ်ခဲ့ဖူးသော်လည်း "ငယ်ရွယ်သော်လည်း အမြဲငယ်ရွယ်နေမှာမဟုတ်" ဟူသည့် ဆိုရိုးစကားကိုတော့ကြားဖူးပါသည်။
အကြီးအကဲများ၏ အကောင်းမြင်မှုကို ရထားသည်ဆိုသည်မှာလည်း ကောင်းရှို့လျန် အမြင်တွင်တော့ ဘာမှမဟုတ်ပါ။ အကြီးအကဲများက ကြားလျင် အကောင်းမမြင်နိုင်တော့ပဲ စိတ်ပျက်သွားနိုင်တာပဲ။
ထိုသို့တွေးကာ ကောင်းရှို့လျန်က ပြောလိုက်သည်။
"ကျွန်မ က ကျုံးရှောက်ရဲ့ လုပ်ပုံမဟုတ်တာကို ပြောချင်တာပါ။ စစ်သားတစ်ယောက်က သူခွင့်ယူချင်တိုင်းယူလို့မရဘူးလေ။ သူ့လုပ်ရပ်က အကြီးအကဲတွေကို စိတ်ပျက်သွားစေမှာပဲ။ လင်းဝေ့ကလည်း ကြီးကျယ်လိုက်တာ အအေးမိတာလေးနဲ့ သူ့ကိုပြုစုဖို့ သူ့ယောကျာ်းကို ခွင့်ယူခိုင်းလိုက်တယ်တဲ့။ ကျွန်မတော့မသိတော့ပါဘူးရှင်"
"စစ်သားက ဘာဖြစ်နေလို့လဲ။ စစ်သားကလည်း လူပဲလေ။ သူတို့မှာလည်း သူတို့ရဲ့မိသားစု ကိုယ်ပိုင်ဘဝရှိတာပဲ။ သူ့မိန်းမ နေမကောင်းလို့ ပြုစုဖို့ ခွင့်နှစ်ရက်ယူတာလေးက သူ့အလုပ်ကို မနှောင့်နှေးစေပါဘူး"
အရာရှ်ိဇနီးသည် တစ်ယောက်က ထိုသို့ပြောပြီး ကောင်းရှို့လျန် ပြန်ချေပသည်ကိုပင် စောင့်မနေပဲ ဆက်ပြောလိုက်သည်။
"တစ်ကယ်လို့ အစ်မ နေမကောင်းဖြစ်ရင်ကော အစ်မယောကျာ်းကို အလုပ်က ခွင့်ယူပြိိီးအစ်မက်ို ဂရုစိုက်စေချင်လား။ အာ့လို မဟုတ်ပဲ သူ့အလုပ်ကိုပဲ ဂရုစိုက်ပြီး အစ်မက ပစ်ထားတာကိုကြိုက်လား။ သူ့အလုပ်ကိုပဲ ဂရုစိုက်တဲ့သူ ဖြစ်စေချင်တယ်လို့ ပြောရင်တော့ ကျွန်မ တော့အာ့လိုလူနဲ့ မပေါင်းနိုင်လောက်ဘူး"
စကားဝိုငးရှိအမျိုးသမီးများမှာလည်း စစ်သားအမျိုးသမီးများ ဖြစ်ကြသည်။ သူတို့ဘဝ တွင်လည်း လင်းဝေ့ကဲ့သို့ပင် ဖျားနာသည့်အချိန်များလည်း ရှ်ိဖူးကြသည်။
ထိုအချိန်များတွင် သူတို့အမျိုးသားများက တိုက်ပွဲမရှိသည့်အချိန် အလုပ်မများသည့်အချိန်များတွင် ခွင့်ယူကာ သူတို့ကို ဂရုစိုက်ပေးတတ်ကြ၏။ ထို့ကြောင့် သူ၏ စကားကို အားလုံးက ထောက်ခံပေးကြသည်ကို တွေ့၍ ကောင်းရှို့လျန်ကို ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။
"တစ်ချို့တစ်ချို့တွေက သူတို့ကိုယ်သူတို့ ဘယ်လိုတွေးနေလဲတော့မသိပေမယ့် သူတို့ပြောတဲ့စကားလုံးတွေထဲမှာတော့ မနာလိုမှုတွေက မိုးထိုးနေပြီ"
ကျောက်ဖုန်းက သူမကို သတိပေးထား၍သာ မဟုတ်လျင် ကောင်းရှို့လျန်သည် ထိုသူနှင့် စကားများ ရန်ဖြစ်ပြီးပြီဖြစ်၏။ ရန်ဖြစ်လိုက်လျင် ကျောက်ဖုန်းက သူမကို ဇာတိ ပြန်ပို့လိုက်လိမ့်မည်။ ထို့ကြောင့် ကောင်းရှို့လျန်မှာ ပြန်မပက်နိုင်ပဲ ငြိမ်နေရုံသာ တတ်နိုင်၏။
လင်းဝေ့နှင့် စကားများပြီး ရက်အတော်အတန်ကြာသည်အထိ အပြင်မထွက်ခဲ့သူ ကောင်းရှို့လျန်သည် စိတ်တည်ငြိမ်ပြီးမှ သူမ၏ အယောင်ဆောင် မိတ်ဆွေများ၏ စကားဝိုင်းတွင် ပြန်ပါဝင်လာခဲ့ရာ သူမ၏ အယောင်ဆောင် မိတ်ဆွေများ၏ အရွဲ့တိုက်မှု များအပြင် လင်းဝေ့ကို မနာလိုဖြစ်သည်ဟုပင် ပြောလာရာ အလွန်ဒေါသထွက်နေမိသည်။
သူမက လင်းဝေ့ကို ဘာအတွက်ကြောင့်မနာလိုရမည်နည်း။
သူမတို့အမျိုးသားချင်း ယှဥ်မည်ဆ်ိုလည်း သူမယောကျာ်းက ဒုတပ်ရင်းမှုး ကျူံးရှောက်က ဒုတပ်မှုးသာဖြစ်သည်။ ထို့ကြောင့် သူမက ပိုသာသည်။
ကလေးတွေချင်း ယှဥ်ကြည့်မည် ဆိုလျင်လည်း သူမတွင် သားနှစ်ယောက် သမီးတစ်ယောက် ရှိသည်။ လင်းဝေ့တွင် သားနှစ်ယောက်သာရှိသည်။ သူမက ပိုသာသည်လေ။
အလုပ်ရှိမရှိကို ယှဥ်မည်ဆိုလျင်လည်း သူမမှာလောလောဆယ် အလုပ်မရှိပါ။ လင်းဝေ့ အလုပ်ရမည်ကိုလည်း သူမသွားနှောက်ယှက်လိုက်၍ လင်းဝေ့လည်း အလုပ်မရှိပါ။ ထို့ကြောင့် သရေပင်ဖြစ်သည်။
…………………
ကောင်းရှို့လျန်တို့ အပေါင်းအပါများက လင်းဝေ့ တို့အကြောင်းပြောနေစဥ် လင်းဝေ့သည် သူမကိုယ်သူမ နေပြန်ကောင်းအောင်ဂရုစ်ိုက်နေရ၏။
လင်းဝေ့သည် ငယ်ရွယ်စဥ်က ကြီးသည်အထိ နွားတစ်ကောင်ကဲ့သို့ကျန်းမာကာ မဖျားဖူးသော်လည်း နွေရာသီမိုးလေးတစ်ခါ မိလိုက်သည်နှင့် ဆေးရုံတက်ရသည်အထိ ဖျားသွားသည်က ထူးဆန်းလှ၏။
အဖျားက တစ်နေ့တည်းဖြင့် ကျသွားသော်လည်း နှာစေးနှာပိတ်ခြင်းက လဝက်လောက်ကြာသွား၏။ ထို့ကြောင့် သူမ၏ ရေကူးသင်တန်းကလည်း ရက်ရွေ့လိုက်ရတော့သည်။
ထို့အပြင် နှာစေး နှာပိတ် သက်ပြီးသော်လည်း လင်းဝေ့သည် သူမ၏ ရုတ်တရက် ဖျားနာလာမှုကြောင့်စိတ်မချမ်းမသာ ဖြစ်နေမိသည်။ ထို့ကြောင့် ဆေးရုံသို့သွားကာ ခန္ဓာကိုယ်တစ်ခုလုံးစစ်ဆေးမှုပြုလုပ်ပြီးနောက် ဘာမှမဖြစ်ဟုဆိုမှ စိတ်သက်သာရာရသွား၏။
လင်းဝေ့ နေမကောင်းဖြစ်သည်ကိုကြားသည့်လျိုတန်းက လင်းဝေ့ကို နှစ်သိမ့်လိုက်သည်။"လူကြီးတွေ ပြောကြတာတော့ ဖျားနာခြင်းက တောင်တစ်လုံးလို ကျလာပြီး အပ်ချည်ကြိုးလိုပြန်ထွက်သွားတယ်တဲ့။ ညီမလည်း အရင်က အဖျားကြီး မဖျားဘူးလို့ပါ။ သေသေချာချာ အနားယူပြီး အစားကောင်းတွေ စားလိုက်ရင် နှစ်လအတွင်း အားအင်အပြည့် ဖြစ်သွားလိမ့်မယ်"
"ကျွန်မတို့ ဇာတိမှာတော့ အဖျားအသေးစားလေးတွေက အဖျားအကြီးစားတွေ မဖြစ်ဖို့ဖြစ်လာရတာတဲ့။ အရင်က လည်း တစ်ခါမှ မဖျားဘူးတော့ အရမ်းနေရမကောင်းသလို ခံစားနေရတာပါ"ဟု ယန်းယီကလည်း ပြောလိုက်လေသည်။
"အာ့တာက အာ့လိုအဓိပ္ပါယ်ကော ဟုတ်ရဲ့လား"ဟု ကျောက်လီက ပြန်မေးလိုက်သည်။
"ကျွန်မပြောတာ မှားရင် မှားလောက်ပေမယ့် အဓိပ္ပယ်ကအတူတူပါပဲ။ ဝေ့ဝေ့ကလည်း ကျန်းမာရေးစစ်ဆေးမှုတွေအကုန်လုပ်ပြီးပြီမလား။ ဘာပြဿနာမှ မရှိတာ"
ကျောက်လီလည်း ဆက်မပြောတော့ပါ။
"ဖျားနာမှုခဏခဏ ဖြစ်တတ်တဲ့သူတွေက ခန္တာကိုယ်အားနည်းတယ်လို့ ထင်ရပေမယ့် တစ်ကယ်တော့ သူတို့က မဖျားဘူးတဲ့သူတွေထက် ပိုပြီး ခုခံအားကောင်းတယ်လို့ဆရာဝန်တွေပြောတာ ကြားဖူးတယ်။ ခန္ဓာကိုယ်က အဖျားလေးတွေကို တိုက်ထုတ်နေရလို့လေ။" ဟု တန်းရှန့်ယွင်က ပြောလိုက်သည်။
လင်းဝေ့လည်း ခန္တာကိုယ်တစ်ခုလုံး ကျန်းမာရေးစစ်ဆေးထား စိတ်သက်သာရာရနေကာ လဝက်ခန့် အနားယူပြီးနောက် ပြန်လည်ကျန်းမာလာ၏။
လင်းဝေ့ နေပြန်ကောင်းလာတော့ စက်တင်ဘာလပင်ကုန်တော့မည်ဖြစ်သည်။
ယားကျိုကျွန်းသည် လတ္တီကျု့နည်းသော်လည်း ရာသီလေးမျိုးက သိသိသာသာ ပြောင်းလဲခြင်းမရှိပါ။ အပူချိန်အနည်းငယ် ကျသွားကာ ညပိုင်းတွင် အရင်လောက်မပူတော့ပါ။
အပူချိန် အနည်းငယ် ပြောင်းသွားသလို ကောင်းရှို့လျန်လည်း ပြည်နယ်စားသောက်ဆိုင်တွင် အလုပ်ရလိုက်၏။ သူမ၏ အလုပ်မှာ စားဖိုဆောင်တွင် လုပ်ရမည်ဖြစ်၏။
ကျောက်လီ၏ လင်းဝေ့ကို ပြောပြချက်အရ ယခင်က သူမမိသားစုနှင့် ကောင်းရှို့လျန်တို့ မိသားစုမှာ လမ်းကြားလေးသာခြား၍ အိမ်နီးချင်းများဖြစ်ကြသည်။ သို့သော် စကားများ ပြဿနာ ဖြစ်ကြပြီးနောက် အဆက်အဆံ မလုပ်ကြတော့ချေ။ ထို့ကြောင့် ကောင်းရှို့လျန် အလုပ်ရမရ ကိုလည်း ကျောက်လီသည် ဂရုမစိုက်ပါ။
ကောင်းရှို့လျန်၏ သတင်းကိုသိရခြင်းမှာ ကျောက်လီသည် သူမတို့ သမဝါယမစျေးသည် ပြည်နယ်စားသောက်ဆိုင်များနှင့် ပြည်နယ်တည်းခိုခန်းများ စသည့်တစ်ခြားဌာနများနှင့် ချိတ်ဆက်မှုကြောင့်ဖြစ်သည်။
မိသားစုအိမ်ရာ အပြင်ရှိဌာနများမှာ အများကြီး မဟုတ်ပေ။ စစ်တပ် မူလတန်းကျောင်းတွင်သာ ဝန်ထမ်းအယောက်၂၀ဖြင့် ဝန်ထမ်းအင်အားအများဆုံးရှိ၏။ တစ်ခြားဌာန အဖွဲ့များတွင် ဝန်ထမ်းခုနှစ်ယောက် ရှစ်ယောက်ထက်မပိုပေ။ တစ်ချို့လုပ်ငန်းအဖွဲ့များတွင် ဝန်ထမ်းတစ်ယောက် နှစ်ယောက်သာရှိ၏။
ဌာနငယ်အဖွဲ့များတွင် ဝန်ထမ်းများကိုကျွေးဖို့အစားအသောက်ချက်ပြုတ်ရန် စားဖိုမှုးကိုငှားဖို့ကစျေးများလှပါသည်။သို့သော် ဝန်ဆောင်မှုပေးရသည့် ဌာနများတွင် စျေးဝယ်ဧည့်သည်များက အချိန်မရွေးရောက်လာနိုင်ရာ အရောင်းဝန်ထမ်းများကို တစ်နာရီနာရီဝက် အစာစားချိန်ပေးသည်က အဆင်ပြေသော်လည်း ဆိုင်ခန်းတံခါးများ ပိတ်ကာ အိမ်ပြန်ထမင်းချက်စားဖို့ နှစ်နာရီခန့်ပေးဖို့က မဖြစ်နိုင်ပေ။
သို့သော် ဝန်ထမ်းများ၏ နေ့လည်အတွက် အစားအသောက်အတွက်ကိုလည်း မဖြစ်မနေ စီစဥ်ပေးရမည်ဖြစ်၏။ ဝန်ထမ်းများကို အလုပ်သာလုပ်ခိုင်းပြီး မကျွေး၍တော့ မရပေ။ ထို့ကြောင့် တစ်ချို့ဌာနများသည် ပြည်နယ်စားသောက်ဆိုင်များမှ ဝန်ထမ်းများအတွက် အစားအသောက် မှာယူလေ့ရှိသည်။
ဌာနအားလုံးရှိဝန်ထမ်းအားလုံးသည် စစ်တပ်လက်အောက်ခံဌာနများဖြစ်ရာ ရာထူးကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အားလုံးက အသိမိတ်ဆွေများ ဖြစ်ကြ၏။