← Chapters

Chapter 75

Vol. 6 Ch. 75

Chapter 75

Vol. 6 Ch. 75

ထို့အပြင် ပြည်နယ်စားသောက်ဆိုင်ကလည်း ရောင်းအားကျနေလေရာ ဝန်ထမ်းများအတွက် တစ်နပ်စာ ချက်ပေးသည်က စားသောက်ဆိုင် ပုံမှန်လည်ပတ်နိုင်ရန် အကောင်းဆုံးလမ်းဖြစ်ပေသည်။ ဤသည်ကို လက်မခံသည့်သူက အရူးဖြစ်သွားလိမ့်မည်။

နှစ်ဦးနှစ်ဖက်အဆင်ပြေနိုင်၍ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သွား၏။

ထိုသို့အစားအသောက် မှာလိုက်သည်က အဆင်ပြေသွားတော့ တစ်ခြားဌာန အဖွဲ့များကလည်း ပြည်နယ်စားသောက်ဆိုင်များတွင် သူတို့ဝန်ထမ်းများအတွက် နေ့လည်စာမှာလာကြသည်။

ထိုကဲ့သို့ ဌာနအဖွဲ့များနှင့် မချိတ်ဆက်မိခင်က ပြည်နယ်ဟိုတယ်စားသောက်ဆိုင်သည် ၄၀×၅၀ ပတ်လည်သာရှိပြီး လေးထောင့်စားပွဲခုံ ခြောက်ခုနှင့် ထိုင်ခုံခြောက်ခုသာရှိ၏။

ဌာနများနှင့်ချိတ်ဆက်ပြီးနောက်မှာတော့ ပြည်နယ် ဟ်ိုတယ်စားသောက်ဆိုင်ကို ထပ်မံ တိုးချဲ့ထားခဲ့ရသည်။ဆိုင်ရှေ့တွင်လည်း ဟင်းပွဲကောင်တာများထပ်မံတိုးချဲ့လိုက်ရ၏။ စားပွဲခုံ ၁၆ ခုံလည်း ထပ်တိုးထည့်ထားရသည်။

စားသောက်ဆိုင် ဟင်းပွဲများသည်လည်း ပုံစံနှစ်မျိုးဖြင့်လုပ်လိုက်ကြသည်။ တစ်မျိုးက အရင်က လုပ်နေကြအတိုင်း ဟင်းပွဲအသေးများဖြင့် ဆိုင်လာစားကြသည့် ဧည့်သည်များ အတွက်ဖြစ်ပြီး၊ နောက်တစ်မျိုးကဝန်ထမ်းအစားအသောက် ကန်တင်းစတိုင်ဖြစ်သွား၏။

ဌာနဝန်ထမ်းများအတွက် ဟင်းပွဲသည် ပုံမှန်ဟင်းပွဲများထက်ပိုများကာ စျေးလည်း ပိုသက်သာ၏။ သို့သော် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် သီးသန့်ဖြစ်ပြီး အပြင် စားသုံးသူများ ဝယ်စားလိုလျင်တော့ တစ်စျေးဖြစ်သွားသည်။

မိသားစုအိမ်ရာရှိလူများသည် ပိုအရသာရှိသည့် ဟင်းပွဲကြီးများစားလိုသော်လည်း စျေးကြီး၍ ဝယ်မစားကြပါ။

ထို့အပြင် လာလည်သည့် ဧည့်သည်များသည်လည်း တည်းခိုခန်း ဟိုတယ်များတွင် ချက်စား၍ မရသဖြင့် ဟင်းပွဲအသေးများကို လာရောက်ဝယ်စားကြလေ၏။

သို့သော် ပြဿနာဆိုသည်က အမြဲ ဖြစ်ပေါ်လာတတ်သည်။ လွန်ခဲ့သည့်နှစ်နှစ်တွင် စစ်သားများက ပြည်နယ်စားသောက်ဆိုင်သည် စားသုံးသူများကို ခွဲခြားဆက်ဆံသည်က လူမဆန်ဟု ပြောလာ၏။

ထို့အပြင် ပြည်နယ်စားသောက်ဆိုင်နှင့် ဟော်တယ် အတွင်းမှာလည်း ပြဿနာများဖြစ်ကြသေး၏။

မည်သည့်လုပ်ငန်းဖြစ်စေကာမှု တစ်ဦးနှင့်တစ်ဦး အထင်အမြင်သေးမှုများက ရှိတတ်ကြ၏။စားသောက်ဆိုင်များတွင်လည်း ဆိုင်ကြီးက ဆိုင်လေးကို အထင်သေးကြသည်။ စားသောက်ဆိုင်လေးများကလည်း အိုးကြီးချက်ရသည့် ဟင်းအိုးများကို အထင်သေးကြသည်။

ထို့ကြောင့် နောက်ပိုင်း ပြည်နယ်စားသောက်ဆိုင်က ဟင်းအိုးအကြီး စုပေါင်းချက်မည်ဟု ဆိုသောအခါ စားဖိုမှုးများက မလုပ်ချင်ကြပေ။ အမိန့်ဟူ၍ ပြောသာအခါတော့ မလုပ်ချင်လည်း လုပ်ပေးကြ၏။

ဝန်ထမ်းများအတွက် ဟင်းအိုးအကြီး ချက်ပြုတ်သည်က ပိုတွက်ခြေကိုက်၍ စားဖိုမှုးတစ်ယောက်ထပ်ခန့်ထားလိုက်ကာ အိုးကြီးကိုင်စေလိုက်၏။

တစ်ခြားစားသုံးသူများအတွက် ဟင်းပွဲအသေးများချက်ပြုတ်ပေးရသည့် စားဖိုမှုးကိုလည်း မဖြုတ်ပစ်ပဲ ဟင်းပွဲအသေးများ ဆက်လက်လုပ်စေသည်။ သို့နှင့် အခြေအနေက နှစ်မျိုးကွဲသွားတော့သည်။

ဂူတစ်ဂူမှာ ခြင်္သေ့နှစ်ကောင် မအောင်းဟု ဆိုသည့်အတိုင်း စားဖိုမှုးနှစ်ယောက်ရှိသည့် မီးဖိုချောင်က ငြိမ်းချမ်းနိုင်ပါမည်လား။

ဘယ်ငြိမ်းချမ်းလိမ့်မလဲ။ တစ်ဦးနှင့်တစ်ဦး အိုးသူကြီးအရာကိုလုကြမည်။ ထို့အပြင် တစ်ဦးချက်သည့်ဟင်းကို တစ်ဦးက အကဲဖြတ်ကာ ဘယ်သူက ပိုတော်သလဲ ပြိုင်ဆိုင်ကြမည်ဖြစ်သည်။

စားသောက်ဆိုင် မန်နေဂျာလည်း စိတ်ညစ်ရမည်ဖြစ်သည်။ ကြာလာလျင် ပြဿနာကြီးလာကာ ဆိုင်အတွင်းမှာပင် နှစ်ဖွဲ့ကွဲလာနိုင်သည်။ လာရောက်စားသောက်သည့်သူနည်း၍ ဟင်းပွဲအသေးများပြင်ဆင်ချက်ပြုတ်ရန်လည်း အဆင်မပြေနိုင်တော့ချေ။

အိုးကြီးချက် ဟင်းများကို လာစားသည့် ဝန်ထမ်းများကလည်း ဆိုင်မန်နေဂျာသည် အပြင်စားသုံးသူများကိုသာ ပိုဂရုစိုက်သည်ဟု ထင်ကြကာ သူတို့ကိုတော့ မိထွေးကချက်ကျွေးသကဲ့သို့ စားနေရသည်ဟု ပြောလာရ၏။ အသေးအမွှား ပြဿနာများကို လျစ်လျူရှုပါဟု ဆိုသော်လည်း ကြာလာတော့ လူတိုင်းက ပြောလာကြ၏။

ထိုကဲ့သို့ စားသောက်ဆိုင် အတွင်းအပြင်ပြသနာများကြောင့် ဆိုင်မန်နေဂျာလည်း သည်းမခံနိုင်တော့ပဲ ဆိုင်၏ ရောင်းချမှုပုံစံကိုပြန်ပြင်မည်ဟု ဆုံးဖြတ်လိုက်၏။

ဟင်းပွဲများသီးသန့် ချက်ပြုတ်ပေးသည့် အစီအစဥ်ကို ဖြုတ်လိုက်ကာ အားလုံးကို ပေါင်းချက်လိုက်၏။ အိုးကြီးဟင်းစားကြသည့် ဝန်ထမ်းများမှာ ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်၍ သူတို့မှာ လက်မှတ်ရှိရုံဖြင့် စားခွင့်ရှိမည်ဖြစ်သည်။

တစ်နည်းအားဖြင့်ပြောရလျင် ပြည်နယ်စားသောက်ဆိုင်သည် အခြေစိုက်စခန်းကန်တင်းကဲ့သို့ ဖြစ်သွား၏။

ထိုကဲ့သို့ပြန်လည်ဖွဲ့စည်းပြီးနောက် စားသောက်ဆိုင်က စားသုံးသူပိုများလာ၏။ ဝန်ထမ်းအင်အား မမျှတော့၍ လူနှစ်ဦးထပ်လိုရာ အလုပ်အကိုင် ရှာဖွေရေးရုံးက အရာရှိဇနီးသည်များကို ဝန်ထမ်းခန့်အပ်လိုက်ရသည်။

ဤသို့ဖြင့် ကောင်းရှို့လျန် အလုပ်ရခဲ့ခြင်းဖြစ်သည်။

ကျောက်လီသည် သမဝါယမစျေးမှ ဝန်ထမ်းဖြစ်၍ ပြည်နယ်စားသောက်ဆိုင် ကန်တင်းတွင် နေ့လည်စာလာစားလေ့ရှိရာ ကောင်းရှို့လျန်က စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည်ကို တွေ့ခဲ့ခြင်းဖြစ်သည်။

ကောင်းရှို့လျန်အလုပ်ရသွားတာမြင်တော့ ကျောက်လီ အလွန်စိတ်တ်ိုမိသည်။ လင်းဝေ့၏ ဆေးရုံအလုပ်ကို ကောင်းရှို့လျန်က မနာလိုဖြစ်ကာ လိုက်နှောက်ယှက်လိုက်၍ လင်းဝေ့လည်း အခုထိ အလုပ်မရနိုင်သေးပေ။ ထို့ကြောင့် အခုလို ကောင်းရှို့လျန် အလုပ်လုပ်နေသည်ကိုတွေ့ရသည်က စိတ်ရှုပ်ဖို့ကောင်းလှသည်။

လင်းဝေ့ကတော့ စိတ်သဘောထားကောင်းသူဖြစ်သည်။ အလုပ်အကိုင် ရှာဖွေရေးဌာနက အရာရှိဇနီးသည်များကို အလုပ်များခန့်အပ်ပေးရာ အထူးအလုပ်လိုအပ်ချက် မရှိလျင် တပ်ထဲရောက်သည့်ကြာချိန်ကိုကြည့်ကာ ဦးစားပေးခန့်လိုက်လေ့ရှိသည်။

စားသောက်ဆိုင်ကန်တင်းတွင် ဟင်းပွဲများထည့်ပေးရခြင်းက ငွေစာရင်းလည်း ကိုင်စရာမလိုသည်အပြင်၊ စာလည်း ရေးစရာမလိုပေ။ ထို့ကြောင့် ထိုနေရာ အတွက် အထူး လိုအပ်ချက်များလည်း မရှိပေ။ မည်သူမဆို လုပ်နိုင်၏။

ကောင်းရှို့လျန်၏ သတင်းက မကောင်းသော်လည်း ကြီးမားသည့် ပြစ်မှုမရှိသည့်အတွက် သူမ၏ ကိုယ်ရေးရာဇဝင်တွင် မှတ်ချက်ဆိုးများမရှိပါ။ စစ်တပ်ထဲ ရောက်တာလဲ ကြာပြီ ဖြစ်၍ ဦးရာလူ စနစ်အရ ဤ အလုပ်ကို သူမရခဲ့ခြင်းဖြစ်သည်။

ကောင်းရှို့လျန်၏ အလုပ်က လက်ချောင်းလေးပဲလှုပ်ကာ လုပ်ရ၍လွယ်ကူသည်ဟု ထင်ရသော်လည်း အမှန်တော့မလွယ်ကူပါ။

ပြည်နယ် စားသောက်ဆိုင်သည် ယခုအခါ တစ်နေ့ကိုသုံးနပ်ပြင်ဆင်ပေးရကာ အချိန်မီ ပြင်ဆင်ပေးနိုင်ရန် ဝန်ထမ်းမျာသည် နှစ်ဆိုင်းဆင်းရ၏။ ဝန်ထမ်းများကို အစားအသောက် ကောင်တာတွင် ပြင်ဆင်ပေးရသည်က တစ်နပ်လျင် တစ်နာရီကြာကာ ထိုအချိန်အတွင်း နားချိန်ပင်မရှိပါ။

ကျန်သည့် အချိန်များတွင်လည်း ဟင်းပွဲအတွက် ချက်ပြုတ်စရာများ ပြင်ဆင်ပေးရသေး၏။ ထို့ကြောင့် စားသောက်ဆိုင်၏ အလုပ်အရှုပ်ဆုံးအချိန်များမှာ နံနက်၅ မှ ၈ အထိ၊ နေ့လည် ၁၁ မှ ၂ အထိ၊ ညနေ ၅ မှ ၈ အထိဖြစ်သည်။

ထိုအလုပ်ချိန်များကို ကြည့်လျင် အားလပ်သည့်အချိန်က နည်းလှ၏။ မနက် ၄ နာရီအိပ်ရာမှထကာ ၅ နာရီ မတိုင်ခင် အလုပ်ဝင်ရမည်ဖြစ်သည်။ ညနေလည်း ၈ နာရီနောက်ပိုင်းမှ အိမ်ပြန်ရမည်ဖြစ်၏။

အိမ်ရောက်လျင်လည်း အိမ်အလုပ်များကို ၁၁နာရိိီ ၁၂ နာရီ အထိလုပ်ရလျင် ညနက်မှ အိပ်ရာဝင်ရ၍ အိပ်ချိန်ကလည်း တစ်ရက် ၆နာရီသာ အများဆုံးရမည်ဖြစ်မည်။

ထို့အပြင် အလုပ်ထဲမှာလည်း ထိုင်နားရန်အချိန်ပင်မရှိရာ သူ့တွင် တစ်ခြားတွေးစရာအချိန်ပင် ရမည်မဟုတ်တော့ချေ။

ထို့ကြောင့် လင်းဝေ့ အမြင်အရ စားသောက်ဆိုင်ကောင်တာတွင် ဟင်းပွဲပြင်ပေးရသည်က လွယ်ကူသည်ဟုထင်ရသော်လည်း နားချိန်ပင်မရှိသည့် အလုပ်ဖြစ်ရာ ကိုယ်ပိုင်အချိန်ရှိဖို့ မျှော်လင့်နိုင်မည် မဟုတ်တော့ပါ။

ရေရှည်လုပ်နိုင် မလုပ်နိုင် အဓ်ိက ပြဿနာက ဤသည်ပင်ဖြစ်၏။

လင်းဝေ့သည် ကောင်းရှို့လျန်နှင့် အဆက်အဆံမရှိသော်လည်း အိမ်နီးနားချင်းဖြစ်၍ မြင်တွေ့နေကြရသည်။ ထို့အပြင် အရင်က အလုပ်လဲမရကြသေး၍ အိမ်အပြင်အထွက် များကြုံကြိုက်လျင် မျက်နှာချင်းဆိုင်မိတတ်ကြသည်။ ဆုံမိသည့် အခေါက်တိုင်းလည်း ကောင်းရှို့လျန်သည် လင်းဝေ့ကို မထိတထိ စကားများပြောသွားလေ့ရှိ၏။

လင်းဝေ့က စကားအရာမှာ ကောင်းရှို့လျန်ကို မရှုံးနိုင်သော်လည်း သူမသည် တွေ့တိုင်းခွပ်နေကြရအောင် တိုက်ကြက်လည်း မဟုတ်ပေ။ မကြာခဏ စကားများခြင်းက ကြာလာလျင် လင်းဝေ့၏ စိတ်ကို ပြောင်းလဲသွားစေလိမ့်မည်ကိုပင် စိုးရိမ်ရ၏။

သို့သော်ကောင်းရှို့လျန် ပြည်နယ်အဆင့်ဟိုတယ်စားသောက်ဆိုင်တွင် အလုပ်ရပြီးကတည်းက လင်းဝေ့နှင့် ထပ်မဆုံကြတော့ချေ။ ရန်ဖြစ်မည့်သူလည်း မရှိတော့၍ လင်းဝေ့၏ နေ့ရက်များသည် သာယာနေခဲ့၏။

ထို့ကြောင့် ကောင်းရှို့လျန် ဤအလုပ်ကို ရေရှည်လုပ်နိုင်လျင် ကောင်းလိမ့်မည်ဟု လင်းဝေ့ တွေးနေမိသည်။

တစ်ချို့သူတွေကို အရမ်းမျှော်လင့်ထား၍ မရပေ။

လင်းဝေ့သည် ကောင်းရှို့လျန် သူမ၏ အလုပ်ကို ရေရှည်လုပ်နိုင်ပါစေ ဟုဆုတောင်းနေသော်လည်း သူမအလုပ်တွင် ပြသနာတက်နေသည်ဟူသည့် သတင်းကို ကျောက်လီထံမှ ကြားလိုက်ရ၏။

ပြဿနာက ဤကဲ့သို့ဖြစ်၏။

ပြည်နယ်စားသောက်ဆိုင် ကန်တင်းရှိအလုပ်က အရမ်းပင်ပန်း၍ မိမိကိုယ်ပိုင်အချိန် မရနိုင်ပါ။ သို့သော် ကောင်းရှို့လျန် အလုပ်စဆင်းချိန်က သူမအလုပ်သည် အလွန်လွယ်ကူ၍ အလုပ်လုပ်ရသည်ကို ကျေနပ်နေခဲ့၏။

သူမတို့ဇာတိတွင် ပြည်နယ်စားသာက်ဆိုင်က ဝန်ထမ်းများသည် အနည်းဆုံး အလယ်တန်းအောင် အဆင့်ဖြစ်ရ၏။ အခြေစိုက်စခန်းတွင်တော့ အနီးအနားရှိ အရာရှိဇနီးသည်များကို ခန့်ထားလို၍ ပညာအရည်အချင်းကိုလျော့ချထားလိုက်ရာ ကောင်းရှို့လျန် အလုပ်ရခဲ့ရ၏။ထို့အပြင် ဤ အလုပ်သည် ကြက်ဘဲ ကျောင်းခြင်း၊ ငါးရောင်းခြင်းစသည့်အလုပ်များထက်တော့ သာပါသေး၏။

ကောင်းရှို့လျန်၏ အကျင့်စရိုက်ကြောင့် သူမ တပ်ထဲ စရောက်ကတည်းက သူမ၏ ဂုဏ်သတင်းမှာ မကောင်းလှချေ။ လင်းဝေ့နှင့် စကားများခဲ့ရ၍ လွန်ခဲ့သည့်လများတွင် သူမ၏ ဂုဏ်သတင်းမှာ ပိုဆိုးခဲ့ရကာ သူမကိုမည်သူမျှပင် ဂရုမစိုက်ကြတော့ချေ။

သို့သော် ပြည်နယ်စားသောက်ဆိုင်မှာ အလုပ်ရပြီးနောက်အခြေအနေများက ကွဲပြားသွားရကာ သူမ၏ဂုဏ်သိက္ခာများ တက်လာသည်ဟု ခံစားခဲ့ရသည်။

အကြောင်းအရင်းက ရိုးရိုးလေးပါ။

စားသုံးသူများ၏ ထမင်းဟင်းပွဲများပြင်ပေးရာတွင် အစားအသောက်ကောင်တာရှိ ဝန်ထမ်းက စကေးဖြင့် ထမင်းဟင်းများထည့်ပေးရ၏။ အနည်းအများက ကောင်တာရှ်ိ ထည့်ပေးသူ၏ စိတ်အခြေအနေ ပေါ်တွင်မူတည်၏။

လာစားသုံးသည့် ဝန်ထမ်းများကလည်း ထမင်းဟင်းများများ လိုချင်ကြသူများသာဖြစ်သည်။ ထို့ကြောင့် ထမင်းဟင်းထည့်ပေးသည့် ဝန်ထမ်းနှင့်မရင်းနှီးသည့်တိုင်အောင် သူ့ကိုတော့စိတ်အနှောင်အယှက် မပေးလိုကြပါ။

ထို့ကြောင့် ကောင်းရှို့လျန် အလုပ်စလုပ်စဥ်က သူမကိုတွေ့သည်လူတိုင်းက ပြုံးကာ နှုတ်ဆက်ပြီး ယဥ်ကျေးစွာပြောဆိုဆက်ဆံကြသည်။ ဤကဲ့သို့ သူမကို ယဥ်ယဥ်ကျေးကျေးဆက်ဆံမှုမျိုးက စစ်တပ်ထဲ စရောက်ကတည်းက အခုမှ ဆက်ဆံခံရခြင်းဖြစ်သည်။

ကောင်းရှို့လျန် အလုပ်သွားတိုင်း ကျုံးရှောက်တို့အိမ်နှင့် သူမအိမ်ရှိလမ်းကြားမှ ဖြတ်သွားရလေ့ရှ်ိသည်။

ထိုသို့အလုပ်သွားတိုင်း လင်းဝေ့အကြောင်း တွေးမိ၏။လင်းဝေ့သည် သူမ နှောက်ယှက်လိုက်၍ အလုပ်မရခဲ့ပါ။ လင်းဝေ့သည် သူမထက်ပညာအရည်အချင်းမြှင့်သော်လည်း ဘာအရေးလဲ။ အခုသူမက လင်းဝေ့ထက်အရင် အလုပ်ရနေပြီလေ။

ကောင်းရှို့လျန်သည် ပြည်နယ်စားသောက်ဆိုင်တွင် အလုပ်ဝင်ပြီးနောက် သူမကိုယ်သူမ အရေးပါသူဟု ထင်မှတ်လာသည်။

လူတစ်ချို့သည် သူတို့လက်ထံ အာဏာနည်းနည်းလေးရှိသည်နှင့် မြှောက်ကြွမြှောက်ကြွ ဖြစ်လာကြ၏။ကောင်းရှို့လျန်ကလည်း ထိုကဲ့သို့လူစားဖြစ်၏။

သူမအလုပ်စဝင်စဥ် လဝက်လောက်က အလုပ်ကို မျှမျှတတဖြင့် ကောင်းကောင်းလုပ်ခဲ့ပါသည်။ ထမင်းဟင်းများကိုလည်း မျှမျှတတထည့်ပေးခဲ့သည်။ သို့သော် သူမအပေါ် ချိုသာနေသည့်အပြုံးမျက်နှာများကိုကြည့်ကာ သူမစိတ်ပြောင်းသွား၏။

ထို့ကြောင့် သူမနှင့် ဆက်ဆံရေးပြေပြစ်သူများကို တွေ့လျင် ထမင်းဟင်းများများ ထည့်ပေးလိုက်ကာ သူမနှင့် ပြဿနာ တက်ဖူးသူများကိုတော့ လျော့ထည့်ပေးလေသည်။

သူကငါနဲ့ ကတောက်ကဆဖြစ်ဖူးတာကို ငါက ထမင်းဟင်းပိုထည့်ပေးစရာလားဟု တွေးကာ ဇွန်းကိုလှုပ်လိုက်ပြီး လျော့ထည့်ပေးလေ၏။

All Chapters