Chapter 79
Vol. 6 Ch. 79
ယန်းယီ မျက်နှာမကောင်းစွာဖြင့်ပြန်သွားပြီးနောက် လင်းဝေ့လည်း ကလေးများကို နေ့လည်ပိုင်းစာသင်ပေးခဲ့သည်။ စာသင်ပြီးနောက်တွင် ယန်းယီက မျက်လုံးနီနီဖြင့်ပြန်ရောက်လာ၏။
"ဝေ့ဝေ့ ကျွန်မ ပြောစရာလေးရှိလို့"
ယန်းးယီ၏ပြောစကားကိုကြားတော့ လင်းဝေ့သည် ကလေးများ စာသင်ပြီးသည်ကို စောင့်ပေးနေသော ချန်ပါးမေ့ကို ပြောလိုက်သည်။ " ပါးမေ့ရေ ကလေးတွေကို ကစားဖို့အ ပြင်ခေါ်သွားပေးပါဦး"
ချန်ပါးမေ့လည်း လူကြီးတွေ ပြောစရာ တစ်ခုခုရှိသည်ဟု နားလည်လိုက်သောကြောင့် ထိုင်ရာမှ ထလိုက်ကာ ကလေးသုံးယောက်ကို ခေါ်ထုတ်သွားလိုက်၏။
"ဟုတ် ကလေးတွေကို ခေါ်သွားလိုက်ပါ့မယ်"
ချန်ပါးမေ့ ကလေးတွေကိုခေါ်လိုက်သည်နှင့် ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးက ချက်ချင်းထလာကြ၏။ လူကြီးတွေစကားပြောသည်ကိုနားထောင်လို၍ မင်မင်က နေခဲ့လို၏။
သို့သော် လင်းဝေ့က မုန့်ပေးလိုက်ကာ အပြင်သွားခိုင်းလိုက်စဥ် မင်မင်က "သားအိမ်ထဲမှာပဲ နေချင်တယ် အပြင်မှာ မဆော့ချင်ဘူး"
မင်မင်က ဒီနေ့မှ စာသင်ရတာကို ပျော်နေသည်။
"သားမှ စာရေးလို့မပြီးသေးတာ"
သားဖြစ်သူက ထူးထူးခြားခြား စာရေးဖို့စိတ်ဝင်စားနေတာတွေ့၍ ပြုံးလိုက်မိသည်။
"ဟုတ်ပြီ သားစာဆက်ရေးချင်တယ်ဆိုလည်း နေခဲ့လေ"ဟု မင်မင်ကို ပြောလိုက်ပြီး လင်းဝေ့သည် ယန်းယီကို ခြံထဲ လမ်းလျှောက်ရန်ခေါ်သွားလိုက်၏။
"ကျွန်မတို့ လမ်းလျှောက်ရင်းပြောကြမလား"
ယန်းယီကတော့ တိတ်ဆိတ်တဲ့နေရာ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါ၏။"ရပါတယ်"
ယန်းယီ သဘောတူလိုက်ပြီးနောက် လင်းဝေ့သည့်ကြောင်တောင်တောင်ဖြစ်နေသည့် မင်မင်ကိုပြုံးပြလိုက်၏။
"မေမေနဲ့ အန်တီယန်းက အပြင် ထွက်လိုက်ဦးမယ်နော်။ သားက အိမ်ထဲမှာ စာရေးနေနော်။ ပြန်လာရင် လာစစ်ပေးမယ်နော် "
သူ၏အကြံအစည် ပျက်သွားသည့် မင်မင်က "မေမေ သားလည်း ရုတ်တရက်ကြီး ကစားချင်လာလို့ နောက်မှ ရေးလို့ရလား" ဟု သူ့အမေကို မေးလိုက်၏။
"ရတယ်လေ သား" လင်းဝေ့က တမင် အသံကို မာလိုက်သည်။
"ဒါပေမယ့် သားက စာ တစ်ဝက်တောင်ရေးဖို့ကျန်သေးတယ်လေ။ မေမေပြန်မလာခင် မှန်မှန်နဲ့ပြီးအောင်ရေးထား မှားရေးထားပြီး မပြီးရင်တော့ အပြစ်ပေးခံရမှာနော် ကြားလား"
ကလေးများ၏ နေ့လည်ပိုင်းစာသင်ခြင်း ပုံမှန်သင်ဖြစ်ပြီးနောက် ကျုံးရှောက်က သင်ပုန်းအသေးလေးတစ်ချပ်နှင့် မြေဖြူတစ်ဘူးယူလာပေး၏။ နောက် လင်းဝေ့က ပေတံတစ်ချောင်းလည်း ယူလာခိုင်းလိုက်၏။
ပေတံကို စာသင်ရာတွင် သင်ပုန်းရန်ထောက်ပြသည့်နေရာတွင်သုံးမယ်ဟု စိတ်ကူးခဲ့သော်လည်း နောက်တော့ ကလေးများကို စာလုပ်ရန် ခြောက်သည့်ပေတံဖြစ်သွား၏။
လင်းဝေ့ပြောစကားကိုကြားသည်နှင့် မင်မင်သည့် သူ့အမေအိတ်ထဲက ပေတံကိုမြင်ယောင်လိုက်ပြီး ကြောက်သွား၏။"ဟုတ် သိပါတယ်"
မင်မင်ကို စာရေးရန်မှာခဲ့ပြီး လင်းဝေ့နှင့် ယန်းယီက အိမ်အပြင် ထွက်လာလိုက်သည်။
မိသားစုအိမ်ရာအတွင်းပြောလျင် အခြားသူများကြားမည်စိုး၍ နှစ်ယောက်သား ကမ်းခြေကို ထွက်လာလိုက်၏။
ယန်းယီသည် ဘယ်လိုပြောပြရမှန်းမသိ၍ အတော်ကြာတိတ်နေကာ လင်းဝေ့ကလည်း သူပြောလာမည့်အချိန်ကိုစောင့်နေလိုက်သည်။
တစ်ခဏအကြာ စကားလုံးများပြောထွက်မလာခင် မျက်ရည်များ အရင်ကျလာ၏။
ယန်းယီငိုနေသည်ကို တွေ၍ လင်းဝေ့ကလည်း သူမအိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ပေးလိုက်သည်။
ယန်းယီ လက်ကိုင်ပဝါက်ိုယူလိုက်ပြီး မျက်ရည်များသုတ်လိုက်၏။"ဝေ့ဝေ့ ကျွန်မကို အကြံဉာဏ်လေးပေးပါဦး။ ကျွန်မ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး"
"ကျွန်မ ကဘာမှ မသိတာကို ဘယ်လိုအကြံပေးရမှာလဲ" ဟု လင်းဝေ့ကပြောလိုက်ပြီး ယန်းယီကို အကြောင်းစုံမေးလိုက်၏။
"အရင်ဆုံး ရှင်ပြန်သွားပြီးနောက် ဘာတွေဖြစ်ခဲ့တယ် ဆိုတာ ပြောပါဦး"
"ကျွန်မ ရှင့်အိမ်ကနေ ပြန်လာတော့ ယောက္ခမကြီးက တွေ့တွေ့ခြင်း ကျွန်မကို ဆူတော့တာပဲ။ ကျွန်မလည်း စိတ်တိုသွားတာနဲ့ ကျွန်မအခန်းထဲ တံခါးပိတ်နေလိုက်တယ်။ ဒါတောင် ယောက္ခမကြီးက ကျွန်မအခန်းတံခါးပေါက်ထိလာပြီး ကြားမဝံ့သာတွေ လာပြောနေသေးတယ်။ ကျွန်မလည်း ဂရုမစိုက်ပါဘူး။ သူပြောချင်ရာပြောပြီး မောသွားတော့ အောက်ပြန်ဆင်းသွားတဲ့နောက် မတ်ကလေးက လာပြီး သူ့အမေကိုယ်စားလာတောင်းပန်တယ်လေ။ စိတ်ထဲမထားဖို့။ သူ့အမေကို ဗွေမယူလို့လာပြောတယ်"
ယန်းယီ ခေါင်းကိုငုံ့ကာ သဲသောင်ပြင်ကို ကြည့်လိုက်သည်။ "ကျွန်မလည်း ဝေ့ဝေ့ပြောတာကို သတိရလိုက်ပြီး မတ်ကလေးကို ပြောလိုက်တယ်။ ကျွန်မကို တောင်းပန်ဖို့မလိုဘူး။နောက်တစ်ခါ သူ့အမေဆူရင် ကျွန်မဘက်က နည်းနည်းလေး ကူပြောပေးဖို့ပြောလိုက်တယ်"
"အဲသည်တော့?"
"သူ့အပြောကတော့ ဘယ်တော့မှ မပြောင်းဘူး။ သူ့အမေက အိမ်ရဲ့အကြီးအကဲမို့လို့ သူပြောရင်လည်း သူ့အမေက နားဝင်မှာ မဟုတ်ဘူးတဲ့"
ယန်းယီ၏ စကားသံများတွင် ရှိုက်သံများပါလာ၏။
"ဝေ့ဝေ့ သိလား။ အာ့အချိန်မှာကျွန်မ ချွေးစေးတွေတောင်ထွက်နေခဲ့တာ။ လွန်ခဲ့တဲ့ခြောက်နှစ် ကျွန်မ ချီထောင်နဲ့လက်ထပ်ခဲ့ပြီး သူတို့အိမ်ရောက်ကတည်း မတ်ကလေးရဲ့ စားရေးသောက်ရေး ပညာသင်ကြားရေး၊ ခရီးစရိတ် ကျောင်းစရိတ်နဲ့ အလုပ်ရှာတဲ့အထိ နောက်ဆုံး အိမ်ထောင်ပြုတဲ့အထိ ကျွန်မ လက်နဲ့မကင်းခဲ့ဘူး။ သူကတော့ အမြဲ ကျွန်မကို ကျေးဇူးတင်တယ် ကျေးဇူးပြန်ဆပ်ပါ့မယ် ပြောခဲ့တာပဲ။ အခု သူကျွန်မကိုကျေးဇူးပြန်တင်တဲ့ပုံကိုကြည့်ပါဦး"
"ရှင် လက်ထပ်ပြီး ချီမိသားစုထဲဝင်တုန်းက မတ်ကလေးက အတော်လေးကြီးပြီမလား"
ယန်းယီ ခေါင်းငြိမ့်လိုက်၏။"အာ့အချိန်က သူက ဆယ့်လေးနှစ်တော့ရှိပြီ"
"အဲတာကြောင့်ပဲ။ သူ့အတွက် သူ့မရီးက အမေလိုဖြစ်ပေမယ့် သူ့မွေးအမေကလည်း သက်ရှိထင်ရှားရှိနေသေးတော့ သူတစ်ကယ်ပဲ ရှင့်ကို ကျေးဇူးရှင်တစ်ယောက်လို ကျေးဇူးတင်လားဆိုတာ မသေချာဘူးလေ"
ထို့နောက် လင်းဝေ့သည် သူ့လေသံကို နူးညံ့လိုက်ကာ နှစ်သိမ့်ပေးလိုက်၏။
"ဒါပေမယ့် ရှင့်မှာလည်း ယောကျာ်းနဲ့ကလေးတွေရှိတာပဲ။ သူကျေးဇူးသိတတ်တာကို မျှော်ဖို့မလိုပါဘူး။ပြီးတော့ သူက ရှင့်မတ် ပဲလေ။ သူနဲ့က ဆွေမျိုးတော်စပ်ရုံပဲ စိတ်ထဲသိပ်မထည့်နဲ့"
"ဟုတ်တယ် ဝေ့ဝေ့ပြောတာမှန်တယ် ကျွန်မမှာ ယောကျာ်းနဲ့ကလေးရှိသေးတယ်။ သူကျွန်မအပေါ်ကျေးဇူးသိတတ် မသိတတ်က ဘာအရေးလဲ"ဟု ယန်းယီကပြောပြီး သူမနှုတ်ခမ်းကိုကိုက်လိုက်၏။
"ဒါပေမယ့် ချီထောင်ကရော ဒီကိစ္စတွေကို သိလိမ့်မယ်လို့ထင်လား"
"သူ ဒီကိစ္စသိမသိ စုံစမ်းဖို့က မခက်ပါဘူး။ ဒါပေမယ့် ရှင် အကြောင်းစုံသိသွားရင် ဘယ်လိုဆက်လုပ်မယ် ဆိုတာက ပြဿနာပဲ"
"ရှင် ပြောချင်တာက?"
"သူက သူ့အမေ သူ့မိန်းမကို အပြစ်ရှာ နေတဲ့ကိစ္စမသ်ိဘူးဆိုရင် ရှင့်အနေနဲ့ ယောက္ခမကြီးနဲ့ မတ်ကို သူတို့ဇာတိပြန်ပို့လိုက်ပြီး မေ့လိုက်ရုံနဲ့ ပြဿနာက ရှင်းပြီ။ ဒါပေမယ့် သူက မသိဟန်ဆောင်နေတာ် ဆိုရင်တော့ ရှင့်အနာဂတ်အတွက် သေချာစဥ်းစားဖို့လိုပြီ။ ဒီလိုလူနဲ့ ဆက်ပေါင်းမလား မပေါင်းဘူးဆိုတာကိုစဥ်းစားလာရလိမ့်မယ်"
"ကျွန်မက သူနဲ့မပေါင်းလို့ ဘယ်သူနဲ့ပေါင်းရမှာလဲ"
"ရှင်က သူနဲ့ လက်ထပ်ထားတဲ့သူပါ။ သူဆီမှာ ကိုယ့်ကိုယ်ကို ရောင်းစားထားတာမှ မဟုတ်တာ။ သူနဲ့အတူနေချင်ရင် နေလို့ရတယ်။ မနေချင်ရင် ထွက်သွားလို့ရတယ်။ ဥပဒေကလည်း လင်မယားကွာရှင်းတာကို တရားဝင်ခွင့်ပြုပေးထားတယ်။ အားလုံးက ကိုယ့်သဘောဆန္ဒအရပဲ။ ရှင်မကွဲချင်ဘူးဆိုလည်း ဆက်နေလို့ရတယ်။ ဘယ်သူမှ ဒီလူကိုပဲ မဖြစ်မနေပေါင်းရမယ်လို့ မသတ်မှတ်ထားဘူး"
လင်းဝေ့၏ စကားကိုကြားတော့ ယန်းယီက ခေါင်းကိုခါကာပြောလိုက်၏။"ကွာရှင်းရမယ်တဲ့လားး ဒါတော့မဖြစ်နိုင်ဘူးထင်တယ်"
ထိုခတ်အခါက လူများ၏ အတွေးအခေါ်က တစ်ခါလက်ထပ်လိုက်သည်နှင့် ထိုသူနှင့်သာ သေသည်အထိပေါင်းသင်းသွားရမည်ဟု ခံယူထားကြကာ ကွာရှင်းဖို့စိတ်ကူးလုံးဝမရှိကြချေ။
လင်းဝေ့ပင်လျင် သူမငယ်စဥ်က သူ့သူငယ်ချင်း၏ မိဘများ ကွာရှင်းကြပြီဟု ပထမဆုံး ကြားဖူးစဥ်က အလွန်အံ့သြမိ၏။သူငယ်ချင်းဖြစ်သူကိုလည်း တတ်နိုင်သလောက် နှစ်သိမ့်ပေးခဲ့ဖူး၏။
နှစ်တွေကြာလာတော့ ထိုကောင်လေး၏ မျက်နှာပုံစံလည်း မမှတ်မိတော့ပါ။ သို့သော် ထိုစဥ်က ထိုကောင်လေး ရင်တွင်း ခံစားနေရမှုများကို မှတ်မိနေဆဲဖြစ်၏။
နောက်ပိုင်း လင်မယားစုံတွဲများသည် သဘောထားမတိုက်ဆိုင်မှုများကြောင့် ကွာရှင်းကြသည်ကို လင်းဝေ့ မကြာခဏ တွေ့ရသောအခါ လက်ထပ်ခြင်းသည်လည်း မတည်မြဲပါလားဟု သိလာရ၏။
လင်းဝေ့ကလည်း ယန်းယီကို အကြံပေးရုံသာဖြစ်ကာ သူ့ကို အတင်းကွာရှင်းခိုင်းသည်မဟုတ်ပါ။ယန်းယီ၏ ချီတုံချတုံအမူအရာကိုတွေ့၍ လင်းဝေ့က ထပ်ပြောလိုက်၏။
"တစ်ကယ်လို့ ချီထောင်နဲ့ မခွဲနိုင်ဘူးဆိုရင် ဆက်မစုံစမ်းတာကောင်းမယ်။ မလိုအပ်တော့ဘူးလေ"
ယန်းယီ ဤကိစ္စကို ထားလိုက်မည်ဆိုလျင်ပင် သူမနှလုံးသားတွင် သံသယ ဆူးတစ်ချောင်းသဖွယ် နစ်ဝင်နေပြိီဖြစ်သည်။ အကယ်၍ သူ့ယောကျာ်းက ဟန်ဆောင်နေသည်ဟု သိလိုက်ရလျင် ဆူးထုတ်လိုက်သည်မဟုတ်ပဲ ပိုနစ်ဝင်သွားမည်ဖြစ်သည်။
သူမဘေးတွင် လှည့်စားတတ်သည့်ဝံပုလွေအိပ်ပျော်နေသည်ဟုတွေးကာ ယခင်က သူတို့နှစ်ဦး၏ စံပြချစ်ခြင်းမှာလည်း အာပလာဖြစ်သွားမည်။ ကိစ္စအားလုံးသိပြီးလျင်ပင် သူ့ယောကျာ်းနှင့် ဆက်နေမည်ဆိုပါက ယန်းယီသည် ကိုယ့်ကိုယ်ကိုညဥ်းဆဲရာရောက်နေမည်ဖြစ်၏။
ဤကဲ့သို့ အခြေအနေဖြစ်လာမည်ဆိုလျင် ကွာရှင်းလိုက်သည်က အကောင်းဆုံးဖြစ်၏။ ကွာရှင်းပြီး အစပိုင်းရက်တွေက ရှုပ်ထွေးနိုင်သော်လည်း အချိန်က ကုစားသွားမည်သာဖြစ်သည်။
ယန်းယီလည်း လင်းဝေ့၏ ဆိုလိုရင်းကိုနားလည်ကာ စဥ်းစားလိုက်၏။ သို့သော် ဆက်စုံစမ်းရမလား မစုံစမ်းရမလား မဆုံးဖြတ်နိုင်သေးပေ။"ကျွန်မ စဥ်းစားကြည့်လိုက်ပါဦးမယ်"
ထိုကဲ့သို့ပြောပြီးနောက် ယန်းယီသည် မိမိကိုယ်ကို မာန်တင်လိုက်ကာ လင်းဝေ့ကို မချိပြုံးပြုံးပြလိုက်၏။"ဒီနေ့တော့ ရှင့်ကို ဒုက္ခပေးမိပြီ။ ကျွန်မရဲ့ကိစ္စတွေနဲ့ ရှင့်အလုပ်ကိုနှောင့်နှေးစေမိပြီ"
လင်းဝေ့ကလည်း ခေါင်းခါကာပြောလိုက်သည်။"ကျွန်မတို့က သူငယ်ချင်းတွေပဲလေ။ အာ့လိုမပြောပါနဲ့"
………………………
ယန်းယီနှင့်လမ်းခွဲပြီး အိမ်ပြန်လာကာ မင်မင်၏ အိမ်စာကိုစစ်လိုက်သည်။ အမှားမရှိသော်လည်း လက်ရေးက ပဲပင်ပေါက်ဖြစ်နေကာ ဂရုတစိုက်မရေးထား၍ စကားလုံး အကြီ၏အသေးလဲမညီပါ။
မင်မင်သည် သူ့အမေ၏ မျက်နှာအမူအရာကိုကြည့်ကာ စိတ်လှုပ်ရှားနေ၏။ သူ့အမေစာစစ်နေသည့် သူ့စာအုပ်ကို ရှေ့အနည်းငယ်တိုးရင်း လည်ပင်းလေးမော့ကာ လှမ်းကြည့်လိုက်သည်။ သို့သော် လင်းဝေ့နှင့်အကြည့်ချင်းဆုံသွား၍ လှမ်းကြည့်သည်ကို အမြန်ရုတ်လိုက်ကာ နောက်အနည်းငယ် ဆုတ်လိုက်သည်။
လင်းဝေ့က ရွေ့ရွေ့၏စာအုပ်ကိုဖွင့်လိုက်ပြီး မင်မင်၏ စာအုပ်နှင့် ယှဥ်လိုက်ကာ မင်မင်ရှေ့ပြလိုက်၏။"သား ကိုယ့်စာအုပ်ကို ကြည့်လိုက်ပါဦး"
မင်မင်သည် သက်ပြင်းလေးချကာ သူ့စာအုပ်နှင့်သူ့ညီလေးစာအုပ်ကို ယှဥ်ကြည့်လိုက်သည်။ထပ်ကာထပ်ကာ ကြည့်ပြီးနောက် သူ့အမေကိုပြောလိုက်သည်။"သားရေးထားတာ မှန်တယ်လေ"
လင်းဝေ့ - "စာလုံးပုံစံတွေကြည့်ပါဦး"
မင်မင် နှာခေါင်းလေးရှုံ့လိုက်ရင်း ခေါင်းလေးငုံ့ကာ စာအုပ်ကို ထပ်ကြည့်လိုက်သည်။
"သားမြင်ပြီလား"
"သားညီလေးလက်ရေးက သားထက်ပိုလှတယ်"ဟု ရိုးရိုးသားသားဖြေလိုက်၏။
"အဲသည်တော့?"
"အဲတော့…အဲတော့…" မင်မင်က သူ့အမေပြောချင်သည်ကို မစဥ်းစားတတ်တော့၍ ခေါင်းကိုကုတ်လိုက်သည်။
"သားကလည်း ရွေ့ရွေ့လို စာလုံးကို လှလှလေးရေးရမှာပေါ့"
မင်မင်ကလည်း သူ့စာအုပ်ကို လက်ညိုးထိုးကာ"သားလည်း အများကြီးရေးပြီး လေ့ကျင့်တာပဲ" ဟုပြောပြီးမှ လေသံက လျှော့လာကာ ခေါင်းကုတ်လိုက်၏။
"ဘယ်လောက်ရေးရေး ဒီလိုပဲဖြစ်နေတာကို ဘယ်လိုလုပ်ရမှာလဲ"
လင်းဝေ့ - "ကဲ ဒါဆို သားလည်း ရွေ့ရွေ့လို လက်ရေးလှလာအောင် စာလုံးအရေအတွက် တစ်ဝက်လောက်ကိုပဲ ဖြည်းဖြည်းနဲ့လှအောင်ရေးတော့။ ဒါပေမယ့် လက်ရေးက လှမလာရင်တော့ အခေါက်ရေအများကြီး ထပ်ရေးရမှာနော်။ အာ့လိုဆို ရမလား သား"
မင်မင်က အရေအတွက် လျှော့ရေးရမည်ဆို၍ မျက်လုံးအရောင် တောက်သွား၏။"တစ်ကယ်ကြီးလား"
မင်မင်က စာလုံးရေ တစ်ဝက်သာရေးရတော့မည်ဖြစ်၍ပျော်နေသော်လည်း အမှန်တော့မဟုတ်ပေ။ လင်းဝေ့သည် စာလုံးရေ စာမျက်နှာတစ်ဝက်အပြင် ဂဏန်းသင်္ချာအပေါင်းအနှုတ်ပုစ္ဆာများလည်း အိမ်စာထပ်ပေးဦးမည်ဖြစ်ရာ မင်မင်၏ စာရေးနှုန်းဖြင့် ကစားချိန်နှုတ်လိုက်လျင်ပင် စာရေးရမည့်အချိန်က မိနစ်၂၀ခန့်ရှိသေး၏။ ဤအချိန်ကလည်း မင်မင် စာရေးရန်အတွက် မလုံလောက်နိုင်ပါ။
အပြန်အလှန်အားဖြင့် သူသာ စာလုံးများကို လှပအောင် သေချာရေးလျင် စာရေးနှုန်းကလည်း နှေးသွား၍ဦးမည်ဖြစ်သေး၏။
ရေးရမည့်စာလုံးရေလျှော့ပေးသော်လည်း အားလပ်ချိန်ကတော့ပိုထွက်လာမည် မဟုတ်ပါ။ လက်ရေးလှအောင် ဂရုတစိုက်ရေးရ၍ အချိန်ပင်ပိုကုန်ဦးမည်ဖြစ်သည်။
ဤသို့လေ့ကျင့်ရင်း မင်မင်၏ လက်ရေးတိုးတက်လာမည်ဆိုပါက လင်းဝေ့လည်း အမှန်ပင်ဝမ်းသာမိပါမည်။
ထို့ကြောင့် လင်းဝေ့သည် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။"တစ်ကယ်ပေါ့သားရဲ့"
"သားနောက်ဆို လက်ရေးကို လှအောင်ရေးပါ့မယ်" ဟု မင်မင်က သူ့လက်ကို မြှောက်ပြီး ပျော်ရွှင်စွာပြောလိုက်၏။
"မေမေ ဒါဆို သားအပြင်သွားဆော့လို့ရပြီလား"
လင်းဝေ့လည်း ကလေးများစာအုပ်ကို သိမ်းလိုက်ကာ ပြောလိုက်သည်။"သွားဆော့လေ"