Chapter 80
Vol. 7 Ch. 80
ညစာ စားပြီးနောက် လင်းဝေ့ သရက်သီးနှင့် နဂါးမောက်သီးခွဲနေစဥ် ကျုံးရှောက်က လက်ဖက်ရည်တစ်အိုးနှပ်လိုက်သည်။ ပြီးနောက် သူတို့အတွဲသည် အတူထိုင်ကာ ပင်လယ်ပြင်၏ နေဝင်ဆည်းဆာကို ကြည့်ရှုခံစားနေကြသည်။
ဤကဲ့သို့ ပင်လယ်ပြင် ညနေဆည်းဆာကို ငြည့်ရှုရသည်က လင်းဝေ့ တပ်ထဲပြောင်းလာပြီးနောက် ကျွန်းပေါ်တွင် အကြိုက်ဆုံးအရာဖြစ်သည်။
မည်သည်ကိုမျှတွေးမနေ ပြောမနေပဲ ပင်လယ်ကိုပဲကြည့်ကာ ပုစဥ်းရင်ကွဲအသံများနားထောင်ရင်း ပင်လယ်လေညှင်းခံရသည်က အေးချမ်းလွန်းလှ၏။
အစပိုင်းတုန်းက ကျုံးရှောက်သည် ဤကဲ့သို့အနားယူရသည်ကို အသားမကျနိုင်ပါ။ လွန်ခဲ့သည့်နှစ်များအတွင်း စည်းကမ်းတကျအမြဲနေထိုင်ခဲ့သည့်စစ်သားတစ်ယောက်အနေဖြင့် သူများရှေ့တွင်လည်း အမြဲသတိအပြည့်နှင့်သာ နေတတ်ခဲ့၏။ သူ့မိသားစုရှေ့တွင် စိတ်ကိုလျော့ကာ နေထိုင်ခဲ့သော်လည်း သူ၏ အသိစိတ်ကို အမြဲကပ်ထား၏။
ထို့ကြောင့် လင်းဝေ့နှင့် ပင်လယ်ဆည်းဆာကြည့်ရှုခံစားနေချိန်တွင်ပင် မတ်မတ်ထိုင်ကာ စည်းကမ်းတကျအနေအထားဖြင့်သာ ရှိနေ၏။
လင်းဝေ့၏ ရည်ရွယ်ချက်က သက်သောင့်သက်သာဖြင့် ပေါ့ပေါ့ပါးပါးအနားယူရန်ဖြစ်ကာ ထိုင်ခုံပေါ် မလှုပ်မယှက် မတ်မတ်ထိုင်နေရန် မဟုတ်ပါ။ သူမ နေသာသလိုထိုင်ကာ အပန်းဖြေရန်ဖြစ်သည်။
သူမယောကျာ်း ကျုံးရှောက်က သူမဘေးတွင် တောင့်တောင့်ကြီးလာထိုင်နေတော လင်းဝေ့အတွက်လည်း မသက်မသာဖြစ်မိသည်။
သူတို့နှစ်ယောက် အတူတူနေကြတာလည်း မကြာသေး၍ အရမ်းလည်း မရင်းနှီးကြသေးရာ တစ်ချို့ကိစ္စများတွင် ဟန်ဆောင်နေရကာ အိန္ဒြေရေဆယ်နေရ၏။
ရင်းနှီးသွားပြီးနောက်တော့လင်းဝေ့လည်း ဘာ အိန္ဒြေရေမှ ဆယ်မနေတော့ပါ။ ကျုံးရှောက်က သူ့ဖာသာ မတ်မတ်ထိုင်နေပါစေ လင်းဝေ့ကတော့ ဧည့်ခန်းထဲကာ တစ်ယောက်ထိုင် ဆိုဖာကိုထုတ်ကာ စိတ်လွတ်လက်လွတ် ပစ်ထိုင်လိုက်သည်။
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး လ်ို့ဆိုရိုးစကားရှိသလို လင်းဝေ့၏ စရိုက်နှင့်ကိုက်ညီအောင် ကျုံးရှောက်လည်း ပြောင်းလဲလာရသည်။
သို့သော် သူ့အတွက်အခက်အခဲလေးတော့ဖြစ်နေသေး၏။ လင်းဝေ့ကဲ့သို့ ပေါ့ပေါ့ပါးပါး မထိုင်နိုင်သေးပဲ သူ၏ပုခုံးများကိုသာ ဖြေလျော့ပြီး နံရံကိုမှီကာခြေကိုဆန့်ပြီးသာ ထိုင်တတ်သေးသည်။
ကျောက်လီက အသစ်ဝယ်လာသည့် ဒူးရင်းသီးကို လင်းဝေ့နှင့် ခွဲစားရန် လာစဥ် လင်းဝေ့တို့ လင်မယားနှစ်ယောက် သစ်သီးစားရင်း အပန်းဖြေနေကြသည်တွေ့၍ မနာလိုကာ သူတို့ စကားဝိုင်းတွင် ဝင်လိုက်သည်။
ကျုံးရှောက်၏ သာယာသည့်အချိန်တွေက ဒူးရင်းသီးဖြင့်ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံလိုက်ရ၏။
ဒူးရင်းသီးခွဲရင်း အဝေးမှာထိုင်နေသည့် ကျုံးရှောက်ကို ကျောက်လီက မေးလိုက်၏။
"ရဲဘော်ကျုံးက တကယ် ဒူးရင်းသီး မစားဘူးလား"
လင်းဝေ့နှင့် စတင် ခင်မင်ကာစက ကျောက်လီသည် ကျုံးရှောက်ကို ရာထူးနာမည် အပြည့်အစုံဖြင့် ခေါ်သော်လည်း လင်းဝေ့နှင့် ပိုမို ခင်မင်ပြီးနောက်ပိုင်း အပြည့်အစုံမခေါ်တော့ပဲ ရဲဘော်ကျုံးဟုသာ ခေါ်တော့သည်။
ကျုံးရှောက်နှင့် မင်မင်က ဒူးရင်းသီး မကြိုက်ကြသော်လည်း ကျောက်လီက လင်းဝေ့ဆီ ဒူးရင်းသီးယူလာကာ ရောင်းပေးစမြဲဖြစ်၏။ ထိုသို့ ဒူးရင်းသီးယူလာကာ ခွဲစားတိုင်း ကျုံးရှောက်များ စိတ်ပြောင်းလာမလား ထင်ကာ အမြဲမေးလေ့ရှိ၏။
သည်နေ့ထိလည်း သားအဖနှစ်ယောက်က လုံးဝစိတ်မပြောင်းချေ။
ကျုံးရှောက်က အဝေးမှ ခေါင်းခါပြလိုက်သည်။"ခင်ဗျားတို့ပဲ စားကြပါ"
"ဒူးရင်းသီးက သည်လောက်ကောင်းတာကို ဘာလို့မကြိုက်လဲဆိုတာ နားမလည်နိုင်ဘူး"ဟု ကျောက်လီက ခေါင်းခါရင်း ညည်းလိုက်၏။
ဒူးရင်းသီးစားဖို့ စားပွဲနားမှာ ရပ်စောင့်နေသည့် ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးကတော့ "သားတို့က ကြိုက်တယ်" ဟု အတူတူပြောလိုက်၏။
ရှောင်ရှီးရှီးသည်လည်း လင်းဝေ့ အိမ်လာကစားရင်း ဒူးရင်းသီး မြည်းစမ်းကြည့်ကာ ကြိုက်သွားခြင်းဖြစ်သည်။
ဒူးရင်းသီးက ထိုကဲ့သို့သော အသိီးမျိုးဖြစ်၏။ အစပိုင်း အနံ့ကိုသည်းခံကာ မြည်းစမ်းကြည့်လိုက်လျင် အလွန်ကြိုက်နှစ်သက်သွားမည်ဖြစ်သည်။
သို့သော် ရှောင်ရှီးရှီး၏ အိမ်သားများက ဒူးရင်းသီးမကြိုက်ကြ၍ ဒူးရင်းသီးလည်း ဝယ်မစားကြပါ။ ထို့ကြောင့်ရှောင်ရှီးရှီးသည် လင်းဝေ့အိမ်လာလည်မှသာ ဒူးရင်းသီးစားရ၏။
ကလေးနှစ်ယောက်၏ ဒူးရင်းသီးကို ကြည့်နေကြပုံက်ို ကျောက်လီက ပြုံးမိ၏။"သားတို့ကြိုက်တယ် ဆိုတာ အန်တီသိပါတယ်။ ရော့ ဒါကရွေ့ရွေ့အတွက်၊ ဒါကရှောင်ရှိီးရှီးအတွက်"
ကလေးနှစ်ယောက်က ဒူးရင်းသီး တစ်မွှာစီယူကာ ခုံပုလေးမှာ ထိုင်ပြီး စားလိုက်ကြ၏။
ဒူးရင်းအသားက သူတို့ပါးစပ်ထဲ ပျော်ဝင်သွားသည်ကို ခံစားနေကြကာ ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးသည် ပျော်ရွှင်နေကြ၏။
သူတို့ပျော်နေပေမယ့် မင်မင်က တော့ စိတ် အခြေအနေမကောင်းပေ။ သူတို့အတူတူ ပျော်ပျော်ရွှင်ရွှင် ကစားနေရာကနေ ဒူးရင်းသီးစားဖို့ အခေါ်ခံလိုက်ရသည်။
အမှန်ဆို သစ်သီးစားလျင် သူပါ အတူစားနေရမှာက အခုတော့ သူတို့ နံနံစော်စော် ဒူးရင်းသီးစားနေကြတော့ သူလည်း လိုက်မစားနိုင်ပေ။
ထို့ကြောင့် မင်မင်သည် ခပ်လှမ်းလှမ်းမှ နံရံကိုမှီရင်း ကျောက်တုံးပေါ်ထိုင်ကာ အဝေးမှ နှာခေါင်းရှုံ့နေသည်။
မင်မင်က အမြန်စားဖို့ပြောနေ၍ ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးလည်း အမြန်စားလိုက်ကြသည်။ သူတို့ရသည့် ဒူးရင်းသီးအမွှာကလည်း သေးရာ အမြန်စားကုန်သွားကာ မင်မင်နှင့်အတူ ကစားဖို့ပြေးသွားကြသည်။
ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးရောက်လာသည်နှင့် မင်မင်သည် လက်ဖြင့် တားလိုက်ကာ အော်လိုက်သည်။"နေဦးးးး"
"ဘာဖြစ်လို့လဲ"
"မင်းတို့ဒူးရင်းသီး စားထားတာဆိုတော့ သွားအရင်တိုက်လိုက်ကြဦး"
လူတွေက သူတို့မကြိုက်သည့်အရာများတွေ့ကြုံလာတာကြာလျင် တစ်ဖြည်းဖြည်း လက်ခံလာကြသည်။လင်းဝေ့နှင့် ရွေ့ရွေ့ ပထမဆုံး ဒူးရင်းသီ စားစဥ်က အတူပင် မအိပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတော့ သွားတိုက်ခ်ိုင်းသည့်အဆင့်သာ ဖြစ်လာတော့၏။
ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးကတော့ သွားမတိုက်ချင်ကြပါ။
ရှောင်ရှီးရှီး သွားပုံမှန်တိုက်စေရန် တန်းရှန့်ယွင်ကို ကျိုးကျန်းဟိုင်က မှာထားခဲ့သည်။ ထို့ကြောင့် ရှောင်ရှီးရှီး၏ သွားတိုက်ချိန်တိုင်း ချန်ပါးမေ့က စောင့်ကြည့်ပေးရ၏။
ရွေ့ရွေ့လည်း လင်းဝေ့၏ ကြပ်မတ်မှူကြောင့် နေ့တိုင်းသွားပုံမှန်တိုက်ရ၏။ သို့သော် ယခုအချိန်သည် အိပ်ချိန်လည်း မဟုတ်၍ သူတို့သွားမတိုက်ချင်ကြပါ။
သူတို့ကို ဇွတ်သွားတိုက်ခိုင်းသည်က သူတို့သိက္ခာထိပါးလာသည်ဟု ထင်လာသည်။
သို့သော် အလျော့ပေးရမည့် အခြေအနေ ဖြစ်လာကာ ရွေ့ရွေ့နှင့် ရှောင်ရှီးရှီးသည် အိမ်ပြန်ပြီး သွားပြန်တိုက်လိုက်ကြ၏။
ကလေးသုံးယောက် ပြသနာဖြေရှင်းနေကြသည်ကိုကြည့်ကာ ကျောက်လီသည် သဘောကျနေ၏။ ထို့ကြောင့်ရွေ့ရွေ့ကို သွားတိုက်ဆေးညစ်ပေးနေသည့် လင်းဝေ့ဘက်လှည့်ကာ သံယောင်လိုက်လိုက်သည်။
"မင်းတို့သွားမတိုက်ဘူးဆိုရင်လည်း ငါလည်း မင်းတို့နဲ့မကစားတော့ဘူးးး ဟားးးဟားးဟားးးဒီကလေးတွေက အရမ်းရီရတာပဲ"
"ကလေးအားလုံးက ဒီလိုပါပဲ" ဟု လင်းဝေ့ ပြုံးကာပြောလိုက်၏။
"ဟုတ်တယ် ဒီအရွယ်ကလေးတွေက ဒီလိုပဲ။ ဒီထက်ပိုကြီးလာရင်တော့ အရမ်းစိတ်ညစ်ရတာ"
"အစ်မ သမီးကတော့ လိမ္မာတယ်မလား"
ကျောက်လီသည် ခေါင်းငြိမ့်လိုက်သည်။"သမီးကတော့ လိမ္မာပါတယ်။ ကျွန်မသားကတော့ ပြဿနာပဲ လိုက်ရှာနေတာ။ ရှစ်နှစ်အရွယ်ရှိနေပြီကို အခုထိသွားတိုက်ဖို့အတွက် နေ့တိုင်းသတိပေးနေရတုန်း။ ညဆိုလည်း ဆူဆူညံညံ လုပ်တတ်လို့ သူ့အစ်မဆို သူနဲ့မအိပ်ချင်ဘူး"
"သူ တို့နှစ်ယောက်က ခွဲသိပ်ရမယ့် အရွယ်ရောက်ပြီလို့ထင်တာပဲ"ဟု လင်းဝေ့က ပြောလိုက်၏။
"ကျွန်မလည်း ကလေးနှစ်ယောက်ကို ခွဲသိပ်ချင် ပေမယ့် အခန်းလွတ်က မရှိဘူးဖြစ်နေတယ်"
ကျောက်လီတို့ တိုက်ခန်း အိမ်ရာက အိပ်ခန်းနှစ်ခန်းပါသော်လည်း လင်းဝေ့တို့ အိမ်ရာအဟောင်းရှိ အိပ်ခန်းလောက် မကျယ်ပါ။ မြေညီထပ်ကသာ လင်းဝေ့တို့အိမ်ရာအဟောင်းထက် အနည်းငယ် ပိုကျယ်သည်။
အိပ်ခန်းနှစ်ခန်းကလည်း သိပ်မကျယ်ပါ။ အောက်ထပ်တွင်လည်း မီးဖိုချောင် အိမ်သာအတွက် နေရာပေးရသေးရာ ဧည့်ခန်းအတွက်က နေရာသိပ်မကျန်တော့ပေ။ ထို့ကြောင့် အောက်ထပ်ဧည့်ခန်းတွက် အခန်းထပ်ဖွဲ့ဖို့ကလည်း အဆင်မပြေနိုင်ပါ။
ကျောက်လီတို့ တပ်ထဲ စပြောင်းလာစဥ်က အိမ်ရာအဟောင်းတွင် အိမ်အလွတ်များရှိသေး၏။ သို့သော် အိမ်ရာအဟောင်း၏ အပြင်အဆင် အနေအထားက တိုက်ခန်းအိမ်ရာလောက် သစ်လွင်သည့်ပုံမပေါ်ပေ။
ထို့အပြင် ကလေးနှစ်ယောက်ကလည်း ငယ်ရွယ်သေးကြ၍ မိသားစုခွဲအိပ်ရန်လည်း မလိုခဲ့ကာ အိပ်ခန်းနှစ်ခန်းသာ ပါသည့် တိုက်ခန်းအိမ်ရာကို ရွေးခဲ့ခြင်းဖြစ်သည်။
ထိုစဥ်က အိမ်ရာအဟောင်းသည် ကျောက်လီ၏ အမြင်တွင်ပြိုပျက်တော့မည်ပုံဖြစ်နေ၏။ နောက်ပိုင်း တိုက်ခန်းအိမ်ရာတွင်နေပြီး နှစ်အနည်းငယ်အကြာ ကလေးများကြီးလာမှ စိတ်ပြောင်းလာခဲ့ခြင်းဖြစ်၏။စိတ်ပြောင်းခဲ့သော်လည်း အိမ်တော့မပြောင်းခဲ့ပါ။
" အာ့တုန်းကသာ အိမ်ရာအဟောင်းကို ရွေးခဲ့ရင် တိုက်တန်းအိမ်ရာအဟောင်းထက်တော့ ကျယ်ကျယ်ဝန်းဝန်းလေးနေရမှာပဲ" ဟု ကျောက်လီက သက်ပြင်းချကာပြောလိုက်သည်။
"အစ်မ အိမ်ပြောင်းချင်ရင်လည်း ရပါသေးတယ် အိမ်ရာအဟောင်းမှာ အိမ်အလွတ်တွေ အများကြီး ရှိသေးတာကို"
ကျောက်လီ ခေါင်းခါလိုက်သည်။"ထားလိုက်ပါတော့ အပြောင်းအရွေ့လုပ်ရတာလဲ လွယ်မှမလွယ်တာ တတိယတပ်ရင်းက ဒုတပ်မှုးချောင် ပင်စင်တင်ထားတာ အမိန့်ကျလာပြီး သူတို့ပြောင်းတဲ့အခါကျမှ သူ့နေရာကိုပြောင်းမယ်လို့ ဆုံးဖြတ်ထားတယ်"
လင်းဝေ့ တပ်ထဲ ရောက်တာ သုံးလအတွင်း သူမခင်မင်ခဲ့သည့် လူအတော်များများ၏ နာမည်ကိုမှတ်မိပါ၏။သို့သော် ဒုတပ်မှုးချောင်ကိုတော့ လူချင်းမတွေ့ဖူးပါ။သို့သော် သူ့အမျိုးသမီးကိုတော့ မိသားစုအိမ်ရာ ဝန်းအတွင်း တွေ့ဖူးကာ သူတို့အိမ်နေရာကိုလည်း သိပါ၏။
" သူတို့အိမ်က အိပ်ခန်းသုံးခန်းပါတာလား"
"ဟုတ်တယ် သူတို့အိမ်မှာ အိပ်ခန်းသုံးခန်းပါတယ်။ သူတို့ပြောင်းလာတော့ ဧည့်ခန်းဘက်မှာ နောက်ထပ်တစ်ခန်း ထပ်ဖွဲ့ထားလို့ အိပ်ခန်းလေးခန်းရှိတယ် လို့တောင် ပြောနိုင်တယ်"
" သူတို့က မိသားစုဝင်များတာပေါ့။ ဒါဆို သူတို့ပြောင်းသွားရင် သူတို့အိမ်ကိုပြောင်းချင်တဲ့သူတွေလည်း များမှာပေါ့"
"အာ့အတွက်တော့ ပူစရာမလိုဘူး။ ဒုတပ်မှုးချောင်က သူ့တပ်ရင်းက ထွက်မိန့်ကျတာနဲ့ ကျွန်မတို့ကို အရင်ပြောပြမှာ။ ကျွန်မ အမျိုးသားကျန်းနဲ့ အရမ်းရင်းနှိီးတော့ သူလည်း ကျွန်မတို့ကို ပြောင်းလာစေချင်တာ။" ဟုပြောပြီး ကျောက်လီသည် အသံကို တိုးကာပြောလိုက်သည်။
"ဒါနဲ့ သူတို့မပြောင်းခင်အထိ ဒီကိစ္စကို ဘယ်သူမှမသိစေနဲ့နော်"
ခေတ်ကာလက အိမ်တိုင်း မိသားစုတိုင်းနီးပါး ကလေးနှစ်ယောက် သုံးယောက်ယူကြရာ တစ်ချို့ဆို လေးယောက်ပင်ယူကြ၏။ ထို့ကြောင့် မိသားစုအိမ်ရာရှိ အိပ်ခန်းနှစ်ခန်းက မလုံလောက်ပေ။ ဒုတပ်မှုးချောင်၏ အိပ်ခန်းလေးခန်းပါသည့်အိမ်ကို မိသားစုတိုင်းနီးပါး လိုချင်ကြမည်ဖြစ်သည်။
ထို့ကြောင့် လင်းဝေ့တို့ မပြောင်းလာခင်က ကျုံးရှောက်သည် သူတို့နေမည့်အိမ်ကို လေးငါးနှစ်လောက်နေနိုင်အောင် သေချာပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ကျောက်လီက သူမ၏ လျို့ဝှက်ချက်ကို ပြောပြခြင်းဖြစ်သည်။ လျိုတန်းနှင့် ယန်းယီကို တော့ တစ်လုံးမှ ဟမည်မဟုတ်ချေ။
ကျောက်လိီ သူ့မိတ်ဆွေများကို မပြောပြရခြင်းကလည်း အကြောင်းရှိ၏။ ထွက်သွားသည့်မိသားစု၏ အိမ်နေရာကို လုယူကြကာ အပြဲပြဲအကွဲကွဲဖြစ်ကြသည့် အရာရှိဇနီးသည် အပေါင်းအပါများ ရှိခဲ့ဖူး၍ဖြစ်၏။
ကျောက်လီက သူမကို ယုံကြည်၍ပြောမှန်းလင်းဝေ့လည်း သိကာ အလျင်အမြန် ခေါင်းငြိမ့်လိုက်၏။"မစိုးရိမ်ပါနဲ့အစ်မရယ် ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး"
ကျောက်လီလည်း စိတ်သက်သာရာရသွား၏။ ထို့နောက် ကျုံးရှောက်လည်း ကြားသွားသလား စိတ်ထင်မိ၍ ကျုံးရှောက်ကို လှမ်းကြည့်လိုက်၏။
ကျုံးရှောက်လည်း ကြားလိုက်ပါသည်။ကျောက်လီ အသံတိုးကာ ပြောခဲ့သော်လည်း သူတို့ထိုင်နေသည့်နေရာက အလှမ်းမဝေး၍ ကျုံးရှောက်ကလည်း အကြားအာရုံကောင်းသဖြင့် အတိုင်းသားကြားလိုက်ရ၏။
သို့သော် ကျောက်လီ သူမကို လှည့်ကြည့်လာသောအခါ "ကျွန်တော် ဘာမှ မကြားပါဘူး" ဟု ပြောပေးလိုက်၏။