Chapter 82
Vol. 7 Ch. 82
"ရဲ့ဘော်ကောင်း ကျွန်မကို အကြောင်းအရင်းမရှိ လာဆဲဆိုတုန်းက ကျွန်မလည်း အရမ်းစိတ်မကောင်းဖြစ်သွားရပါတယ်။ အခုလိုအထင်အမြင် လွဲမှားလို့ဖြစ်သွားတယ်ဆိုလည်း ထားလိုက်ပါတော့"
ဝမ်ချင် ပြန်ပြောသည့်စကားကိုကြားတော့ ကောင်းရှို့လျန် ဒေါသထွက်လာမိသည်။ သို့သော် ဟန်ဆောင် ထိန်းချုပ်လိုက်သည်။
"ရဲဘော်ဝမ်ချင်က သဘောထားကြီးပါတယ်။ ကျွန်မကသာ သဘောထားသေးသိမ်ခဲ့တာပါ"
ညွှန်ကြားရေးမှုးဟွမ် ရှေ့တွင်ဖြစ်၍ နှစ်ဦးသား ယဥ်ကျေးနေကြ၏။ သို့သော် ရုံးခန်းထဲက ထွက်လိုက်သည်နှင့် ရာသီဥတု အခြေအနေက ပြောင်းလဲသွား၏။
စားသောက်ခန်းမဆောင်၏ အနောက်တွင် မီးဖိုဆောင်နှင့် ညွှန်ကြားရေးမှုး ရုံးခန်းကို စားသောက်ဆောင်နှင့် အပြိုင်ဆောက်ထား၏။ ထို့ကြောင့် ရုံးခန်းမှ ထွက်ကာ မီးဖိုဆောင်သို့ အသွားလမ်းတွင် ဝမ်ချင်က ရုတ်တရက် ရပ်ကာ ပြောလိုက်၏။
"စကားမစပ် ရဲဘော်ကောင်းရဲ့ သုံးသပ်ချက် အစီရင်ခံစာ ကောင်းကောင်းရေးနိုင်ခဲ့ပြီး အလုပ်ပြန်ဝင်လာနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်။ အကြံတစ်ခုတော့ ပေးလိုက်မယ်။ နောက်ဆို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ လူတိုင်းက ကျွန်မလို သဘောကောင်းတာမဟုတ်ဘူး ဆိုတာ သိထားနော်"
ဝမ်ချင်က သုံးသပ်ချက်အစီရင်ခံစာ အကြောင်းပြော၍ ကောင်းရှို့လျန် သည်းမခံနိုင်တော့ပဲ အံကြိတ်၍ပြောလိုက်၏။
"ကိုယ့်ကိုယ်လည်း အထင်ကြီးမနေနဲ့ဦး ဝမ်ချင် တစ်နေ့ကျ ရှင့်ကို ကိုယ့်အခြေအနေကို သိအောင် ပြရဦးမယ်"
"ကျွန်မ ရဲ့အခြေအနေကို သိရမယ်"
ဝမ်ချင် မျက်ခုံးကို ပင့်လိုက်ပြီး ကောင်းရှို့လျန်ကို အထင်သေးသည့်ဟန်ဖြင့် ကြည့်ရင်း ပြုံးကာပြောလိုက်၏။
"ဟုတ်ပြီ အာ့အချိန်ကို ကျွန်မ စောင့်နေပါ့မယ်"
ဟုပြောပြီး စားသောက်ခန်းမဆောင်သို့ ဝင်သွား၏။
ဝမ်ချင်၏ နောက်ကျောကို ဒေါသတကြီး ကြည့်ကာ ကောင်းရှို့လျန် လက်သိီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ရင်း စားသောက်ဆိုင်က ထွက်လာလိုက်သည်။
ညွှန်ကြားရေးမှုးဟွမ် ရှေ့တွင်ကြည့်ကောင်းအောင် ဖြီးဖြန်းခဲ့သော်လည်း သုံးသပ်ချက် အစီရင်ခံစားရေးထားရ၍ မီးဖိုဆောင်ထဲ ရုတ်တရက် အလုပ်ဝင်ဖ်ို့က မျက်နှာပူနေသေး၏။
ထို့ကြောင့် ညွှန်ကြားရေးမှုးဟွမ်ကို အိမ်ကိစ္စရှိသေး၍ မနက်ဖြန်မှ အလုပ်ဝင်မည်ဟု ခွင့်တိုင်ကြားခဲ့လိုက်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။
စားသောက်ဆိုင်က ထွက်လာသော်လည်း ကောင်းရှို့လျန် စိတ်အခြေအနေ မကောင်းသေးပါ။
ဝမ်ချင်နှင့် ရန်ဖြစ်ထား၍ စားသောက်ဆိုင်မှ အထုတ်ခံလိုက်ရပြီဟု လူတိုင်းက သိထားရာ ယခု သူမစားသောက်ဆိုင်က ပြန်လာသည်ကိုတွေ့လျင် သုံးသပ်ချက် အစီရင်ခံစာရေး၍ အလုပ်ပြန်ဝင်လိုက်သည်ဆိုသည့်အကြောင်းကိုကာ သိသွားကြမည်ဖြစ်သည်။
သူမကို လမ်းမှာတွေ့ကြသည့်လူတိုင်းက သူမကို ဘယ်လိုထင်မြင်ကြမလဲ။ လှောင်ပြောင်နေကြမလား။ကျောက်ဖုန်းတွေးသလိုမျိုး သူမကို ပြဿနာချည်းရှာနေသည့်လူလို့များတွေးနေကြမလား။
တွေးရင်းတွေးရင်း ကောင်းရှို့လျန် နောင်တရလာမိသည်။ သူများက ရန်စပေးလိုက်တာနဲ့ မစဥ်းစားပဲ ဘာလို့ချက်ချင်း ဝမ်ချင်ကို ရန်သွားတွေ့မိတာလဲ။
ဟုတ်တယ်…တစ်ယောက်ယောက်က ရန်စပေးလိုက်လို့ပဲ။
ပြန်စဥ်းစားကြည့်လိုက်တော့ လင်းဝေ့က တမင်မင်သက်သက် သူဒေါသထွက်အောင် ပြောလိုက်ပြီး ဝမ်ချင်ကို ပြဿနာသွားရှာအောင် လုပ်ခဲ့တာပဲ။
ဒါက လင်းဝေ့အမှားပဲ။
ထိုသို့စဥ်းစားရင်းဘလမ်းလျှောက်လာသည်က သူမတို့အိမ်နှင့် လင်းဝေ့တို့အိမ်လမ်းကြားပင် ရောက်လာချေပြီ။ ထိုစဥ်ခဏ ကျုံးအိမ်ဘက်မှ စိတ်အနှောက်အယှက်ဖြစ်စရာ လင်းဝေ့၏ အသံကိုကြားလိုက်ရသည်။
" ကျုံးဇီမင်!! အရိုက်ခံချင်နေပြီလား"
စိတ်ဆိုး၍ အော်သည့်အသံဖြစ်သော်လည်း တက်ကြွနေဟန်ဖြစ်နေ၏။ ကောင်းရှို့လျန်၏ လက်ရှိ စိတ်အခြေအနေနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေရာ သူမ စိတ်မသက်မသာဖြစ်လာ၏။
ဘာလို့လဲ??
လင်းဝေ့ ချောက်တွန်းခဲ့လို့ အခု သူ အရှက်ရနေရတယ်။ လင်းဝေ့ကတော့ ပျော်ပါးလို့။ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့မခံစားရဘူးလား။
လင်းဝေ့ကိုပင် သွားမေးနေရန်မလိုပါ။ ကောင်းရှို့လျန် သေချာပေါက် သိတာပေါ့။
မိသားစုအိမ်ရာက လူတွေအများစုက လင်းဝေ့ကို ရိုးသားဖြူစင်တယ် ပြောနေကြတာ။ ဒါပေမယ့် လင်းဝေ့က သူတော်ကောင်း အယောင်ဆောင်ထားတဲ့သူဆိုတာ သူမ သိတာပေါ့။
လင်းဝေ့အလုပ်ကိုသူမ နှောက်ယှက်လိုက်၍ လင်းဝေ့က သူမကို မုန်းပြီး လက်စားချေနေသည်ဟု ကောင်းရှို့လျန် တွေးလိုက်၏။
မဟုတ်ရင် အစောကြီး သူမ အလုပ်သွားမယ့်အချိန်ကို လင်းဝေ့နဲ့ ယန်းယီက နေပူစာလုံစောင့်နေပါ့မလား။ သူ့ကိုရန်တိုက်ပေးချင်လို့ပဲဖစ်ရမယ်။
သူ့ကိုဝမ်ချင်နဲ့ ရန်တိုက်ပေးပြီး ပြဿနာတက်ရင် အလုပ်ပြုတ်သွားအောင် ရည်ရွယ်တာဖြစ်ရမယ်။
လင်းဝေ့၏ ရည်ရွယ်ချက်ကိုမှန်းဆရင်း ကောင်းရှို့လျန် စိတ်တည်ငြိမ်အောင် ထားလိုက်သည်။ သူအလုပ်မရသေးတာနဲ့ ငါ့ကိုပါ အလုပ်ပြုတ်အောင် လုပ်မလို့ပေါ့လေ။ အာ့လောက်လွယ်မနေဘူး။
အလုပ်ကို ကြိုးစားလုပ်ပြီး အစားအသောက်ဝေတဲ့ကောင်တာမှာ ပြန်လုပ်နိုင်အောင် လုပ်ပြမယ်။
ထိုသို့တွေးကာ ကောင်းရှို့လျန်သည် စားသောက်ဆိုင်က အလုပ်ကိုကြိုးစားလုပ်လေတော့၏။ မီးဖိုဆောင်က လုပ်ဖော်ကိုင်ဖက်များသာမက ညွှန်ကြားရေးမှုးဟွမ်ပင်လျင် ကောင်းရှို့လျန်အပေါ် အမြင်ပြောင်းလာ၏။
မိမိကိုယ်ကိုပြန်လည်သုံးသပ်ချက် အစီရင်ခံစာက ဤမျှ ထိရောက်သွားမှန်း ညွှန်ကြားရေးမှုးဟွမ် သိပြီးနောက် နောက်ပိုင်း ပြဿနာရှာကြမည့် သူများကိုလည်း သုံးသပ်ချက်အစီရင်ခံစာ သာရေးခိုင်းမည်ဟုတွေးလိုက်၏။
စားသောက်ဆိုင်တွင် အလုပ်လုပ်သူအားလုံး - "………"
ကောင်းရှို့လျန်ကလည်း ညွှန်ကြားရေးမှုးဟွမ်၏ သူမအပေါ် အမြင်ပြောင်းလာသည်ကို မြင်ရ၍ အလုပ်နေရာ ပြောင်းရရန်နီးကပ်လာပြီ ဟု ထင်လိုက်သည်။
သူမ အစားအသောက်ကောင်တာတွင် အလုပ်ပြန်လုပ်ရသည်ကို သိရလျင် ဖြစ်သွားမည့် လင်းဝေ့၏ မျက်နှာအမူအရာကို တွေးကာ ကောင်းရှို့လျန် ရယ်မောလိုက်မ်ိသည်။
သို့သော် ကောင်းရှို့လျန် မမျှော်လင့်ခဲ့သည်က သူမ အစားအသောက် ကောင်တာတွင် ပြန်မလုပ်ရမီ လင်းဝေ့ အလုပ်အရင်ရသွားမည်ကိုဖြစ်၏။
လင်းဝေ့ကို အလုပ်ရှိကြောင်း ညွှန်ကြားရေးမှုးချန်က လာပြောခဲ့ခြင်းဖြစ်၏။
အလုပ်လိုအပ်ချက်များက သတ်သတ်မှတ်မှတ် မရှိ၍ ပြောရလျင် အချိန်ပိုင်းအလုပ်သာသာ ဖြစ်၏။
အချိန်ပိုင်းအလုပ်ရှိလာရခြင်းက စစ်တပ် မူလတန်းကျောင်းဆရာမတစ်ယောက် ကလေးမွေးရန် ခွင့်ယူသွား၍ဖြစ်၏။ နွေရာသီကျောင်းမဖွင့်ခင် အလုပ်ပြန်ဝင်မည်ဟု ခွင့်တင်သွားခြင်းဖြစ်၏။
ခွင့်တင်သည့်ဆရာမက စာသင်ချိန် ၃ချိန်ရှိ၏။ သူမခွင့်ယူစဥ်ကာလအတွင်း ကျန်သည့် ဆရာမသုံးဦးက အစားထိုးသင်ကြားပေးမည်ဖြစ်သည်။
ထိုကြောင့် ဆရာမသုံးဦးက တစ်လခန့် အလုပ်ပိုသွားမည်ဖြစ်သော်လည်း အပိုအတန်းချိန်အတွက် ငွေပိုလည်း ရမည်ဖြစ်၍ သူတို့အတွက် အဆင်ပြေပါ၏။
သို့သော် နောက်ပြသနာတစ်ခုက ထပ်ပေါ်လာသေး၏။ဆရာမတစ်ယောက်က မီးဖွားခွင့် ယူသွားသည့်အပြင် နောက် အစားထိုး ဆရာမတစ်ယောက်က မတော်တဆမှုကြောင့် အရိုးကျိုးသွားပြီး ဆေးရုံတက်လိုက်ရသည်။ ဒဏ်ရာ ပြန်ကောင်းသည်အထိဆိုလျင် သုံးလအထိ ခွင့်ယူလိုက်ရမည်ဖြစ်၏။
စစ်တပ်စာသင်ကျောင်းတွင် ဆရာမအင်အားအလုံအလောက်ရှိသော်လည်း ဝန်ထမ်းဆရာမများက သက်သက်သာသာ လုပ်ရသည်မရှိပေ။
အတန်းငယ်များက စာမများသော်လည်း ဆရာမတစ်ဦးလျင် ၃ခန်းစီ ကြည့်ရှု့သင်ကြားပေးရသည်ဖြစ်သည်။အတန်းကြီးများကတော့ စာများ၍ ဆရာမတစ်ဦးလျင် ၂ခန်းစီ ကြည့်ရှု့သင်ကြားပေးရသည်ဖြစ်သည်။
ဆရာမတစ်ဦး ခွင့်ယူသွားလျင် ကျန်သည့် ဆရာမများက အလုပ်များပြီဖြစ်လေရာ ဆရာမနှစ်ဦးပင်ခွင့်ယူသွားခဲ့၍ မူလတန်းကျောင်းအုပ်ဖြစ်သည့် ဖုန်းယင်သည် စိုးရိမ်လာခဲ့သည်။ အစားထိုးသင်ကြားပေးရမည့်အတန်းချိန်မှာ ၃ချိန် မကပဲ အတန်းချိန်၆ချိန်ပင် ရှိနေ၍ဖြစ်၏။
အတန်းငယ်များကိုသင်သည့်ဆရာမများမှာ မူလ နှစ်ချိန်စီသင်ကြားရာက မီးဖွားခွင့်ယူသွားသော ဆရာမ၏ အတန်းချိန်ပါ အစားထိုးသင်ရလျင် တစ်ဦးလျင် ခြောက်ချိန်ရှိပြီးဖြစ်ရာ ထပ်မံ အစားထိုးရန်ဆရာမမှာ အတန်းကြီးပိုင်းမှ ဆရာမများသာရှ်ိတော့၏။
သို့သော် အတန်းကြီးပိုင်းမှ ဆရာမမှာ အတန်းချိန် နှစ်ချိန်သာ ရှိသော် လည်း သင်ရိုးပြင်ဆင်ချိန် အိမ်စာစစ်ချိန်များဖြင့် အားလပ်ချိန်မရှိကြချေ။ တစ်ချို့ဆရာမများမှာလည်း အိမ်မှုကိစ္စလည်း ရှိသေး၍ အတန်းအချိန်ပိုအတွက် အချိန်မပေးနိုင်ကြပါ။
အချိန်ပိုထပ်ယူနိုင်မည့် ဆရာမ တစ်ယောက်မျှ မရှိတော့၍ နောက်ဆုံးဖုန်းယင် ကိုယ်တိုင်အတန်း တစ်ချိန် ယူလိုက်ရ၏။
သို့သော် အစားထိုးရမည့် အတန်းချိန်လေးချိန်ရှိသေး၍ နောက်ထပ်ဆရာမနှစ်ဦးကို အကူအညီတောင်းရာ သူတို့ကလည်း တစ်ချိန်ဆီသာ ယူပေးနိုင်ကြ၏။
ချန်ဝမ်ဖန်းကို ဤ အခက်အခဲ မပြောပြသေးခင်က ဖုန်းယင်သည် ထိုကျန်သည့်အတန်းချိန် နှစ်ချိန်ကို သုံးရက်လုံးလုံး တရုတ်စာအတန်းသာ သင်ထားပေးရ၏။
ဖုန်းယင်၏ အခက်အခဲကိုနားထောင်ပြီးနောက် ညွှန်ကြားရေးမှုး ချန်ဝမ်ဖန်းက အကြံပေးလိုက်၏။
"နောက် ဆရာမတစ်ယောက် ခန့်ဖို့ မစဥ်းစားဘူးလား"
"ကျွန်မလည်း တွေးတော့တွေးနေပါတယ်။ ဒါပေမယ့် ကျွန်မတို့စစ်တပ်ကျောင်းက ဖွင့်တာလဲ မကြာသေးတော့ ရန်ပုံငွေလည်း အများကြီး မပေးထားဘူးလေ။ ကျွန်မတို့ထပ်ခန့်ချင်တယ်ဆိုရင်တောင် အထက်က ခွင့်ပြုပေးမလား စဥ်းစားရဦးမယ်။ ဆရာမတစ်ယောက် မတော်တဆမှုသာ မဖြစ်ခဲ့ရင် ဒီလိုအခက်အခဲတွေဖြစ်မှာမဟုတ်ဘူး"
ထိုသို့ပြောရင်း ဖုန်းယင် သက်ပြင်းချလိုက်၏။"ကျွန်မတို့ လောလောဆယ် ပြသနာဖြေရှင်းဖို့ လူခေါ်လိုက်ပြီပဲ ထားပါစို့။ ရှောင်တင်း မီးဖွားခွင့်ပြည့်သွားရင်၊ ရှောင်ဖန်းခြေထောက် ပြန်သက်သာလာလို့ အလုပ်ပြန်ဝင်လာရင် အစားထိုးဆရာမကို ကျွန်မက ဘယ်လိုပြန်စီစဥ်ပေးရမှာလဲ"
ဖုန်းယင်သည် ဆန်းလင် အခြေစိုက်စခန်း စတည်ထောင်ကတည်းက အလုပ်လုပ်လာသည့် အရာရှိဇနီးသည် တစ်ဦးဖြစ်၏။
ထိုစဥ်အခါက ဆန်းလင် အခြေစိုက်စခန်းမှာ ယခုကဲ့သို့မကြီးမားသေးပေ။ မိသားစုအိမ်ရာကလည်း ယခုလောက်မကျယ်သေးကာ နေထိုင်သူလည်း နည်း၏။
မိသားစုအိမ်ရာ အပြင်ဘက်က တစ်ခြားတပ်ဖွဲများလည်းအများကြီး မရှိသေးရာ မူလတန်းကျောင်းလည်း မရှိပါ။
ဆန်းလင် အခြေစိုက်စခန်းတွက်သာမက အနီးအနားတပ်ဖွဲ့များတွင်လည်း ကျောင်းမရှိ၍ ကျောင်းနေအရွယ်ကလေးများသည် မနက်စောစောထကာ ကီလိုမီတာအနည်းငယ်ဝေးသည့် ယန်ရှန်းမူလတန်းကျောင်းသို့ ကျောင်းသွားတက်ရသည်။
ရာထူးကြီးပိိုင်းအရာရှိများ၏ သားသမီးများကတော့ကံကောင်းကြပါသည်။ သူတို့မိဘများက နောက်ပိုင်းအလုပ်အကိုင် ရာထူးများသည် ပညာအရည်အချင်းအပေါ်မူတည်မှန်းသိကြ၍ သူတို့ကလေးများကို ကျောင်းဝေးလည်း မဖြစ်မနေ တက်စေ၏။
သို့သော် အနီးအနားရှိ သာမန်ဝန်ထမ်းမိသားစုများကတော့ သူတို့ကလေးကို ရေးတတ်ဖတ်တတ်ရုံသာ သင်ကြားစေကာ အများစုမှာ အလယ်တန်းပင် မတက်နိုင်ကြချေ။
ထို့ကြောင့်စစ်တပ်က တပ်တွင်းမိသားစုနှင့် အနီးအနားရှိ တပ်ဖွဲ့များမှ ကလေးများ အဆင်ပြေစေရန် တပ်တွင်းကျောင်းကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ဖုန်းယင်ကတော့ ကျောင်းစတင်ဖွင့်လှစ်ကတည်းက ကျောင်းဆရာမ လုပ်လာသည်ဖြစ်သည်။ အစပိုင်းတွင် ဆရာမသည် သူမတစ်ဦးတည်းသာရှိပါ၏။
အဘယ့်ကြောင့်ဆိုသော် ထိုစဥ်က အနီးအနားတပ်ရှိ လူများက ကလေးများကို စာသင်ခိုင်းသည်က အချိန်ဖြုန်းသည်ဟု ထင်မှတ်ကြကာ သူတို့ကလေးများကိုကျောင်းမပို့ကြပါ။ ကျောင်းပို့မည့်အစား အိမ်ဝင်ငွေအနည်းငယ် တိုးစေရန် အလုပ်သာ လုပ်ခိုင်းစေလိုကြသည်။
အခြေစိုက်စခန်းမ်ိသားစုမှ ကလေးများသည်လည်း ၂၀ ခန့်သာရှိပြီး ကျောင်းတက် အရွယ်ကလေးမှာ အလယ်တန်း ၁၂ယောက်နှင့် အထက်တန်းအရွယ် ၃ဦးသာရှိ၏။
ထို့ကြောင့် ကျောင်းစဖွင့်စဥ်က အနီးအနားတပ်စိတ်မှ ကလေးများပါပေါင်းလျင် စုစုပေါင်း ကလေးဦးရေ ၁၉ယောက်ခန့်သာရှိခဲ့ဖူး၏။ ထို့အပြင် ဆရာမမှာလည်း ဖုန်းယင်တစ်ဦးတည်းသာရှိ၏။
ထို့ကြောင့် သင်ကြားရလွယ်ကူစေရန် ဖုန်းယင်သည် ကျောင်းသား ၁၉ ယောက်စလုံးကို တစ်တန်းထဲတွင် စုပေါင်းသင်ကြားပေးခဲ့၏။
တစ်ဖက်တွင်လည်း ကျောင်းချိန်ပြင်ပတွင် ဖုန်းယင်သည် အနီးအနားတပ်စိတ်များရှိ ကျောင်းတက်ရမည့်အရွယ်ကလေးများရှိသည့် မိဘများနှင့် သွားရောက်တွေ့ဆုံကာ ကလေးများကို ကျောင်းပို့စေရန် လိုက်လံနားချခဲ့ရ၏။
သူမ ကျောင်းသားမိဘများကို လိုက်လံ ဆွဲဆောင်ခဲ့၍ ဒုတိယနှစ်တွင် ကျောင်းသားဦးရေ ၃၀အထိ တိုးလာပြိီး တတိယနှစ်တွင် ၇၀ အထိ တိုးလာခဲ့သည်။
နှစ် ၂၀ကြာပြီးနောက် စစ်တပ်မူလတန်းကျောင်း၏ ကျောင်းသားဦးရေမှာ ၁၉ ယောက်မှ ၈၀၀အထိပင် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ဆရာမဦးရေမှာလည်း ၁၃ ဦးခန့် ထပ်မံ ခန့်ထားလိုက်နိုင်ပြီဖြစ်၏။
ထို့ကြောင့် စစ်တပ် မူလတန်းကျောင်းသည် ဖုန်းယင်၏ ကြိုးပမ်းအားထုတ်မှု ရလဒ်ဟုပြောလျင်လည်း မမှားပါ။
ထို့ကြောင့် ဖုန်းယင် ဆုံးဖြတ်ချက်တစ်ခု ချလျင်လည်း သူမအတွက်မစဥ်းစားပဲ စစ်တပ်မူလတန်းကျောင်းအတွက်သာ စဥ်းစားလေ့ရှိ၏။
ဆရာမတစ်ဦးကို ခန့်လိုက်သည်က လောလောဆယ် ပြဿနာအတွက် ဖြေရှင်းပြီးဖြစ်သည်က မှန်သော်လည်း ကျောင်းမှ ဆရာမ နောက်တစ်ဦးအတွက် လုပ်အားခ ပိုပေးရတော့မည်ဖြစ်၏။ ထို့အပြင် တစ်ခြားခံစားခွင့်များပါ ပါလာလျင် အသုံးစရိတ်က ပိုမြင့်လာမည်ဖြစ်သည်။
မူလတန်းကျောင်း၏ ဝန်ထမ်းအခြေခံလစာမှာ ၂၆ယွမ်ဖြစ်သည်။ ပထမတစ်နှစ်အတွင်း လုပ်ရည်ကိုင်ရည်ကိုကြည့်ကာ လုပ်အားခက အများဆုံး ၃၂ယွမ် နှင့် ၂၉ယွမ်အထိ တိုးပေးရ၏။
ဆရာမ အသစ် ခန့်လိုက်လျင် သူ့အတွက် အနည်းဆုံးလုပ်အားခ ၂၆ယွမ်က စပေးရမည်ဖြစ်ရာ တစ်နှစ်လျင် ၃၁၂ယွမ် ကုန်ကျမည်ဖြစ်သည်။ ထို့အပြင် နှစ်သစ်ကူးဟုန်ပေါင်းနှင့် အခြားခံစားခွင့်များပါ ထည့်တွက်လိုက်လျင် တစ်နှစ် ၄၀၀ ယွမ်ခန့် ကုန်ကျမည်ဖြစ်၏။
အသုံးစရိတ်က ယွမ်၄၀၀ခန့် ရှိမည်ဖြစ်ရာ ဖုန်းယင်သည် မျက်တောင် တစ်မှိတ်အတွင်း မဆုံးဖြတ်ရဲပေ။ ထို့အပြင် ပြဿနာက ငွေကြေးကိစ္စပဲ ရှိသည်မဟုတ်ပါ။