← Chapters

Chapter 87

Vol. 7 Ch. 87

Chapter 87

Vol. 7 Ch. 87

ရိက္ခာထုတ်စာအုပ်နှင့်အတူ ကူပွန်လက်မှတ်များကိုလည်း အပေါ်ထပ်တွင်သာ အမြဲ သိမ်းထားကာ လိုအပ်မှသာ ထုတ်သုံးလေ့ရှိသည်။ ဝိုင်အရက်ဝယ်ယူခွင့်လက်မှတ်လည်း ထို့အတူသာဖြစ်သည်။ သူမတို့အိမ်တွင်လည်း အမြဲသောက်လေ့မရှိ၍ လက်မှတ်သုံးခုသာရှိ၏။ လက်မှတ်များတွင် သုံးစွဲနိုင်မည့်ရက်စွဲပါရှိပါ၏။

ထိုလက်မှတ်သုံးခုကို ထုတ်ကြည့်လိုက်ရာ တစ်ခုက ရက်စွဲကုန်နေပြီဖြစ်သည်။ ကျန်သည့်နှစ်ခုကတော့ ဝိုင်အရက် လီတာဝက်လောက် ဝယ်နိုင်ဖို့လောက်သည်။

လင်းဝေ့သည်လည်း ထိုလက်မှတ်နှင့် ပိုက်ဆံကို ထုတ်လိုက်ကာ ကျုံးရှောက်ကို ပေးလိုက်သည်။ "ဝိုင်တွေ အများကြီး မဝယ်ခဲ့နဲ့နော်"

ကျုံးရှောင်လည်း ကတိပေးလိုက်ပြီး အပြင်ထွက်သွား၏။ ပြန်လာတော့ အုန်းဝိုင်တစ်ပုလင်းနှင့် လိုင်ချီးဝိုင် လီတာဝက်ခန့်နှင့် ဆန်အရက် လီတာဝက်ခန့်ဝယ်လာ၏။

အုန်းသီးဝိုင်ကိုတော့ လက်မှတ်နှင့်ဝယ်လာ၍ လိုင်ချီးဝိုင်နှင့် ဆန်အရက်ကတော့ လက်မှတ်ဖြင့်မဟုတ်ပေ။ ထို့ကြောင့် ကျုံးရှောက်လက်ထဲတွင် ဝိုင်အရက်ဝယ်ခွင့်ကူပွန် လက်မှတ်တစ်ခု ကျန်နေသေး၏။

အုန်းရေ အမျိုးအစား နှစ်မျိုးရှိရာ တစ်မျိုးက ရိုးရိုးအုန်းရေ ဖြစ်ပြီး နောက်တစ်မျိုးက အုန်းသီးဝိုင်ဖြစ်သည်။ ဝိုင်ကတော့…"အများကြီးဝယ်လာတာလား"

"များသွားလား "

ဝိုင် နှစ်လီတာလောာက်က မများလောက်ဘူး ထင်တာပဲ။

ကျုံးရှောက်က သိပ်သောက်လေ့မရှိသော်လည်း အတော်လေး သောက်နိုင်သည့် လူမျိုးဖြစ်သည်။ သူ့မိတ်ဆွေများနှင့် ရံဖန်ရံခါသောက်လေ့ရှိသူဖြစ်ရာ လင်းဝေ့ရောက်ကတည်းက မသောက်ဖြစ်ခဲ့တော့ပါ။

ထို့ကြောင့် လင်းဝေ့ အလုပ်ရသည်ကိုအကြောင်းပြချက်ပေးကာ သောက်ရန်စီစဥ်ခြင်းဖြစ်သည်။

"ဒီဝိုင်တွေက သိပ်မပြင်းပါဘူး။ ချိုပြီး သောက်လို့ကောင်းတယ်။ မြည်းကြည့်လိုက်ပါ။ အကုန်လုံးက ဝိုင်ဖြူတွေပဲ။ တစ်ခါတည်း အကုန်သောက်မှာမှ မဟုတ်တာ။ နောက်မှ သောက်လည်း ရတာပဲ" ဟု ပြောကာ သူလည်း ငွေအကုန်လျှောက်သုံးတာ မဟုတ်ကြောင်းတွေးလိုက်သည်။

"ဟုတ်ပြီလေ ဒါဆိုလည်း ချင့်ချိန်ပြီး သောက်ကြတာပေါ့" ဟု လင်းဝေ့က ပြောလိုက်၏။

ညနေစာ စားရန် အစားအသောက်များကလည်း အသင့်ဖြစ်နေပြီဖြစ်၍ အပြင်မှာ ကစားနေကြသည့် ကလေးနှစ်ယောက်ကို ခြေလက်ဆေးရန် ခေါ်လိုက်သည်။

သူ့အမေရဲ့ခေါ်သံကြားတော့ ကလေးတွေက ပြေးဝင်လာကြသည်။ မင်မင်က ထမင်းစားစားပွဲနားရောက်တော့ ပုလင်းသုံးလုံးကို တွေ့လိုက်၍ မေးလိုက်သည်။

"မေမေ ဒါက ဘာတွေလဲ"

" ဝိုင်အရက်တွေလေ"

မင်မင်က ရွှေဝါရောင်သန်းနေသည့်ဆန်အရက်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။ "မေမေ ညာနေတယ် အဝါရောင် အရည်တွေလေ"

ကျုံးရှောက်ကလည်း ဝိုင်အရက်ဝယ်ရန် အလျင်စလိုထွက်သွားလိုက်၍ ပုလင်းယူမသွားမိလိုက်ချေ။ ထို့ကြောင့် ဆိုင်ကလည်း ဖန်ပုလင်းအကြည်ဖြင့်သာ ထည့်ပေးလိုက်၏။

" ရွှေဝါရောင် ဆန်အရက်လည်း ရှိတယ်လေ" ဟု လင်းဝေ့က ပြန်ဖြေလိုက်သည်။

"ဆန်အရက်က ဘာလို့ဝါရတာလဲ။ ဒီမှာလေ တစ်ပုလင်းက အဖြူဖြစ်ပြီး တစ်ပုလင်းက အဝါရောင်ကို" ဟု ပြောကာ အဝါရောင် ဆန်အရက်ဝ်ိုင်ပုလင်းနှင့် အဖြူရောင် အုန်းသီးဝိုင်ကိုညွှန်ပြလိုက်သည်။

"ဟုတ်ပါပြီ မောင်'ဉာဏ်ကောင်း'လေးရဲ့ ဝိုင်က အဖြူရောင်မဟုတ်လည်း သားသောက်လို့မရဘူးနော် ဘာလို့ အာ့လောက် အမေးအမြန်းထူရတာလဲ" ဟု ပြောကာ သူ့သားနဖူးလေးကို အသာ ထုလိုက်သည်။

"သားက သိချင်လို့မေးတာကို မသောက်ချင်ပါဘူး" မင်မင်က ဆူပုတ်ကာပြောလိုက်သည်။

"သားမသောက်ချင်ဘူး ဆိုရင် ခြေလက်အမြန်သွားဆေးတော့" ဟု လင်းဝေ့က သူ့သားများကိုပြောလိုက်ပြီး ဟင်းပွဲများကို စားပွဲပေါ်တည်ခင်းလိုက်သည်။

ကျုံးရှောင်ကလည်း ဝ်ိုင်ထည့်သောက်ရန် ဖန်ခွက်လေးခွက် ယူလာ၏။

ခွက်တွေက ဝိုင်အရက်ထည့်သောက်သည့်ခွက်ဟုဆိုသော်လည်း ပုံမှန်ဝိုင်ခွက်ထက်ကြီးကာ ပုံမှန်ရေခွက်ထက်လည်း အနည်းငယ်သေးပါ၏။

လင်းဝေ့က ထိုခွက်များကို စျေးသက်သာပြီး ကူပွန်လက်မှတ်မလို၍ ဝယ်ခဲ့ခြင်းဖြစ်သည်။ ရေနွေးခရားအိုးနှင့်တွဲကာ သောက်ရေခွက်အဖြစ် သုံးရန်လည်း အဆင်ပြေပါသည်။

လင်းဝေ့က ဖန်ခွက်များကို ကလေးများအား ပေးမသုံးချင်ပါ။ မတော်တဆ လွတ်ကျကာ ကွဲသွားမည်ကိုစိုး၍ ဖြစ်သည်။

ထို့ကြောင့် လင်းဝေ့က သူမနှင့ကျုံးရှောက်အတွက်ပဲ ဖန်ခွက်နှစ်ခွက်ယူလိုက်ပြီး ကျန်သည့်ခွက်နှစ်ခွက်ကို ကြောင်အိမ်ထဲ ပြန်သိမ်းလိုက်သည်။

ကျုံးရှောက် ယူလာသည့်ခွက်ကိုလည်း ရေဖြင့်ပြန်ဆေးထား၍ တစ်ခါတည်းထည့်သောက်၍ ရပြီဖြစ်သည်။

ဖန်ခွက်များကိုချရင်း ကျုံးရှောက်က လင်းဝေ့ကိုမေးလိုက်သည်။"ဘာသောက်မလဲ"

" ရွှေဝါရောင်လေး သောက်ကြည့်မယ်" ဟုပြောပြီး ဆန်အရက်ကို ညွှန်ပြလိုက်သည်။

သူ့အမေရဲ့ ရွှေဝါရောင်အရည်လို့ပြောသံကြားတော့ မင်မင်က သူ့ညီလေးကို လှမ်းတို့ကာ ပြောလိုက်သည်။

"ကြားလား မေမေ စောနက မှားပြောတာပါဆို"

မင်မင်က သူ့အမေလင်းဝေ့သည် ဆန်အရက်ဆိုသည်ကို ရွှေဝါရောင်အရည်ဟု ပြောလိုက်သည်ကို ဆိုလိုခြင်းဖြစ်သည်။

လင်းဝေ့ - "……"

လင်းဝေ့ ကြိုက်မကြိုက်မသိ၍ ကျုံးရှောက်က ခွက်ထဲ ဆန်အရက်အနည်းငယ် ထည့်ပေးလိုက်သည်။ "အရင် မြည်းကြည့်လိုက်ဦး " ဟုပြောပြီး သူ့ခွက်ထဲလည်း လောင်းထည့်လိုက်သည်။

မင်မင်ကတော့ လုံးဝမသောက်ချင် ဟုကြွေးကြော်ထားသော်လည်း သူ့အဖေနဲ့ အမေ သောက် နေတာကိုမြင်တော့ သောက်ချင်မိ၍ နှုတ်ခမ်းသပ်နေမိသည်။

သူ့သားရဲ့ ဖြစ်အင်ကို မြင်သည့် ကျုံးရှောက်က ကလေးများကို ပြောလိုက်သည်။ "သားတို့နှစ်ယောက်က အုန်းရေသောက်နော်" ဟုပြောလိုက်ပြီး မီးဖိုချောင်ထဲက အုန်းသီးကို ဓားနဲ့ခွဲလိုက်ပြီး အုန်းရေကို ခွက်ထဲ ထည့်ပေးလိုက်သည်။

အုန်းရေက သောက်ကောင်းသော်လည်း အရောင်အဆင်းမရှိ၍ ရွှေဝါရောင် ဆန်အရက်လောက် မင်မင်ကို မဆွဲဆောင်နိုင်ခဲ့ပါ။

မင်မင်ကလည်း သူ့မိဘတွေက ဆန်အရက်ကို လုံးဝ မသောက်ခိုင်းမည်မှန်းသိ၍ သူ့ခုံလေးမှာသာငြိမ်ငြိမ်ထိုင်လိုက်ပြီး အုန်းရေကို သောက်နေလိုက်သည်။

လင်းဝေ့ကတော့ ဆန်အရက်ကို တစ်ငုံမြည်းကြည့်လိုက်သည်။

လင်းဝေ့သည် အရက်ကိုမကြိုက်၍ မသောက်ဖြစ်ခဲ့ပါ။ ဘီယာ၏ အရသာက ခါးကာ အရက် အရသာကလည်း စပ်ပြင်းပြင်းဖြစ်၍ မကြိုက်ပါ။ လင်းဝေ့၏ ဇာတိ ရှီးချန်ချည်မျှင်စက်ရုံမှာရှိတုန်းက သူ့လုပ်ဖော်ကိုင်ဖက်များဝယ်လာခဲ့သည့် ဆန်အရက်ကို တော့မဆိုးဟု ထင်မိ၏။ ဘီယာလောက်လဲမခါး အရက်လောက်လည်း မစပ်၍ အရသာကလည်း ချိုမြမြလေးဖြစ်ရာ လင်းဝေ့အတွက်သောက်ရ အဆင်ပြေပါသည်။

ဆန်အရက်အရသာနှင့် လင်းဝေ့အခုသောက်နေသည့် အဝါရောင် ဆန်အရက်အရသာနှင့် အနည်းငယ် တူပါ၏။ ချိုသော်လည်း ချဥ်သည့်အရသာ အနည်းငယ်ရသည်။ ဆန်အရက်အရသာ လုံးလုံးမဟုတ်ပဲ သစ်သီးဝိုင်ကဲ့သို့အရသာဖြစ်၏။ ထို့ကြောင့် သောက်လို့ကောင်းသည်ဟုသည့် စကားလုံးသာ ဖော်ပြလို့ရပါသည်။

"အရသာ ဘယ်လိုလဲ"

"သောက်လို့ကောင်းတယ်"

" ဒါဆိုထပ်ထည့်ဦး"

ကျုံးရှောက်က လင်းဝေ့ ခွက်ထဲ ထပ်ထည့်ပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် အလုပ်ရသည့်အထိမ်းအမှတ်ဖြင့် ခွက်ချင်းတိုက်ကာ ဂုဏ်ပြုစကားပြောလိုက်သည်။

ရွေ့ရွေ့လည်း သူ့အဖေကဲ့သို့ သူ့အုန်းရေခွက်ကိုမြောက်ပြီး သူ့အမေကို ဂုဏ်ပြုပေးလိုက်သည်။

မင်မင်ကတော့ သူ့ခွက်ကိုကိုင်ထားပြီး သူ့အမေအလုပ်အသစ်ရတာကို ဂုဏ်ပြုမပေးချင်သကဲ့သို့ဖြစ်နေ၏။

သူတို့အမေ အလုပ်ရပြီဟု ပထမဆုံးကြားတော့ မင်မင်က လွတ်လပ်ရေးရပြီဟုတွေးကာ ပျော်ခဲ့သည်။ သို့သော် သူတို့အမေက သူတို့ကို ကျောင်းခေါ်သွားကာ အတန်းတက်စေမည်ဟု ကြားသော်အခါ မပျော်နိုင်တော့ပေ။

နောက်ဆုံးတော့ တစ်နေ့အတန်းလေးငါးချိန် တက်ရမည့်အပြင် အိမ်ပြန်ရောက်လျင်လည်း အိမ်စာက ထပ်လုပ်ရဦးမည်။ အရင်ကထက်ပိုကာ အတန်းချိန်များ နှစ်ဆပင် ပိုဖြစ်လာ၏။

အားးးးး ဘဝကြီးက ဘာလို့ခက်ခဲနေရတာလဲ။

မင်မင်က သက်ပြင်းလေးချလိုက်ပြီး သူ၏ အုန်းရေခွက်ကို မြောက်ကာ သူ့အမေကို ဂုဏ်ပြုပေးလိုက်သည်။

မင်မင်၏ စိတ်မပါ လက်မပါ အမူအရာကိုကြည့်ကာ လင်းဝေ့ သဘောကျနေမိ၏။ အားလုံးခွက်ကိုမြောက်လိုက်ပြီး ခွက်ချင်း တိုက်လိုက်ကာ တစ်ငုံစီ သောက်လိုက်ကြသည်။

ဆန်အရက်ဝိုင်သောက်ပြီး ကျုံးရှောက်က လင်းဝေ့ခွက်ထဲ လိုင်ချီးဝိုင်ထပ်ထည့်ပေးလိုက်သည်။

လိုင်ချီးဝိုင်၏ အရောင်အဆင်းက အုန်းရေကဲ့သို့ဖြစ်သော်လည်း အရသာက ဝိုင်ကဲ့သို့ အရသာရှိ၍ လင်းဝေ့လည်း ကြိုက်ပါသည်။

ဝိုင်အရက်နှစ်မျိုးသောက်ပြီးနောက် လင်းဝေ့သည် အုန်းသီးဝိုင်ကို စမ်းသောက်ကြည့်ချင်လာ၍ ကျုံးရှောက်ကို ခွက်လှမ်းပေးလိုက်သည်။

ကျုံးရှောက်ကလည်း အုန်းသီးဝိုင်ပုလင်းကို ကောက်ကိုင်လိုက်ပြီး ပုလင်းဖုံးကို ဖွင့်လိုက်သည်။ "မင်းပြောတော့ ချင့်ချိန်ပြီး သောက်မယ်ဆို"

ကျုံးရှောက် ဝယ်လာသည့် ဝိုင်အရက်က နည်းသော်လည်း လင်းဝေ့က ခွက်တစ်ဝက်သောက်ပြီး ကျုံးရှောက်က နှစ်ခွက်သုံးခွက်ခန့်သောက်လိုက်ပြီဖြစ်သည်။ ကျုံးရှောက်က သောက်နိုင်သော်လည်း လင်းဝေ့က သိပ်မသောက်နိုင်ပါ။ ထို့ကြောင့် ခွက်ဝက်လောက်သောက်ပြီး မူးနောက်နောက်ဖြစ်လာ၏။

သို့သော် ဝိုင်အရသာက ကောင်းလွန်း၍ထပ်သောက်ချင်မိသည်။ သို့သော် ကျုံးရှောက်၏ စကားကိုကြား၍မပျော်မရွှင်ဖြစ်သွားကာ နှုတ်ခမ်းဆူပြီး ကျုံးရှောက်လက်ထဲက ဝိုင်ပုလင်းကို မျက်စာင်းထိုး ကြည့်နေ၏။

အဓိပ္ပယ်ကတော့ ထက်သောက်ချင်ပါသေးသည်ပေါ့။

ကျုံးရှောက်က လင်းဝေ့ကို ထပ်မသောက်တော့ဖို့ဖြောင်းဖျပေမယ့် မရပေ။ ဒါနဲ့ အုန်းသီးဝိုင်ပုလင်းကိုဖောက်ကာ လင်းဝေ့ခွက်ထဲ လောင်းထည့်ပေးလိုက်သည်။

အုန်းသီးဝိုင်က သိပ်မချိုပဲ အုန်းနံ့သင်းသင်းလေးနှင့် သောက်လို့ကောင်းသည်။ တစ်ခွက် ကုန်အောင် သောက်လိုက်ပြီး လင်းဝေ့က နှုတ်ခမ်းကိုသပ်လိုက်ကာ ထပ်သောက်ချင်လာ၍ ခွက်ကို ကျုံးရှောက်ဘက် ထည့်ပေးရန် တိုးပေးလိုက်သည်။

ဒီတစ်ခေါက်တော့ ကျုံးရှောက်က ထည့်မပေးတော့ပါ။

"မင်းမူးနေပြီနော်"

"ကျွန်မ မမူးသေးဘူး သောက်ချင်သေးတယ်" အမူးသမားတိုင်းက ဒီစကားပြောကြတာပဲ။

သို့သော် လင်းဝေ့သည် တစ်ခြားအမူးသမားများနှင့် မတူပဲ စားပွဲပေါ် လက်ထောက်လိုက်ကာ ကျုံးရှောက်ကို အရည်လဲ့နေသည့် အကြည့်များဖြင့် စိုက်ကြည့်နေလိုက်သည်။

သူမမျက်လုံးအကြည့်များက မင်မင်ဂျီကျနေသကဲ့သို့ အကြည့်မျိုးဖြစ်နေ၏။

ကျုံးရှောက်က မမူးသော်လည်း လင်းဝေ့၏ အကြည့်ဒဏ်ကို မခံနိုင်၍ လင်းဝေ့အတွက် အုန်းသီးဝိုင် ထပ်ထည့်ပေးလိုက်သည်။ လင်းဝေ့ကိုလည်း သတိပေးစကားပြောလိုက်သေးသည်။

"ဒါနောက်ဆုံးနော်"

လင်းဝေ့လည်း နောက်ဆုံးတစ်ခွက်ဟု ကတိပေးလိုက်ပြီး သောက်လိုက်သည်။ သို့သော် ထိုခွက်ကုန်သွားတော့ ကျုံးရှောက်ဘက်ကို ထပ်ထည့်ပေးရန် ခွက် တိုးပေးပြန်သည်။

ကျုံးရှောက်ကလည်း လင်းဝေ့နှင့် မျက်လုံးချင်းမဆိုင်မ်ိအောင်ကြိုးစားကာ ထပ်မထည့်ပေးတော့ဟု ငြင်းလိုက်သည်။

ထိုအခါ လင်းဝေ့က ဗျူဟာပြောင်းလိုက်ကာ "အားရှောက်" ဟု ခေါ်လိုက်၏။

လင်းဝေ့ ကျုံးရှောက်ကို အားရှောက်ဟုခေါ်ခြင်းမှာ တန်းရှန့်ယွင်ဆီက သင်ခဲ့ခြင်းဖြစ်သည်။ လင်းနန်ခရိုင်က လူတွေက သူတို့မရင်းနှီးသည့်လူများကို 'ရှောင်' ထည့်ခေါ်လေ့ရှိပြီး ရင်းနှီးလျင် 'အား' ထည့်ခေါ်လေ့ရှိသည်။ တန်းရှန့်ယွင်က သူ့ယောကျာ်းကျိုးကျန်းဟိုင်ကို အားဟိုင်ဟုခေါ်သကဲ့သို့ဖြစ်သည်။

လင်းဝေ့လည်း တန်းရှန့်ယွင် သူ့ယောကျ်ားကို ခေါ်သည့်ဟန်ကိုသဘောကျ၍ ကျုံးရှောက်ကို အားရှောက်ဟုခေါ်လေ့ရှိသည်။

သို့သော် ထိုသို့ခေါ်ရမည်ကို ရှက်၍ အမြဲ ခေါ်လေ့မရှိပါ။

ထိုသို့ခေါ်လိုက်ခြင်းသည် သာမန်နာမည်ခေါ်လ်ိုက်သည်ထက် နှစ်ဦးသားတီးတိုးပြောဆိုချိန်တွင် ခေါ်သည်က ပိုရင်ခုန်ဖို့ကောင်း၏။ ထိုကဲ့သို့ခေါ်လိုက်တိုင်းလည်း ကျုံးရှောက်၏ အာရုံကို အမြဲ ဆွဲဆောင်နိုင်သည်သာဖြစ်သည်။

ပထမဆုံးအကြိမ် အားရှောက် ဟုခေါ်သည်က အိပ်ရာထဲတွင်ဖြစ်သည်။ လင်းဝေ့သည် ကျုံးရှောက်ကို ဖက်ထားရင်း ဖြည်းဖြည်းလေးလုပ်ပေးရန် အားရှောက် ဟုခေါ်ကာ တောင်းဆိုခဲ့စဥ်က ဖြစ်သည်။

ရလဒ်အနေဖြင့် ကျုံးရှောက်သည် အမှန်ပင် ဖြည်းဖြည်းလေး လှုပ်ရှားပေးခဲ့သည်။

နောက်ပိုင်း လင်းဝေ့သည် ကျုံးရှောက်ကို ချော့ခိုင်းရာတွင်လည်း အားရှောက်ဟုခေါ်ကာ အညှာကိုင်လိုက်လေ့ရှိသည်။ ကျုံးရှောက်သည်လည်း ထိုသို့အခေါ်ခံရတိုင်း မျက်ကွယ်မပြုနိုင်တော့ပေ။

ထို့ကြောင့် လင်းဝေ့က အားရှောက်ဟု ပြုံးကာခေါ်လိုက်စဥ် ကျုံးရှောက်မှာ သည်းခံနိုင်အားမရှိတော့ချေ။

အံကိုကြိတ်ကာ တင်းခံနေသော်လည်း သူ့နှလုံးသားထဲက ယားယံလာပြီး ထပ်အရှုံးပေးလိုက်ရတော့ကာ လင်းဝေ့ ခွက်ထဲ ဝိုင်ထပ်ထည့်ပေးလိုက်သည်။

သို့သော် ဒီတစ်ခေါက်တော့ လင်းဝေ့က အုန်းသီးဝိုင် မသောက်တော့ပဲ ဆန်အရက်သောက်ချင်လာ၏။

ထို့ကြောင့် ကျုံးရှောက်က သူမခွက်ထဲ အုန်းဝိုင်ထည့်ပေးနေစဥ် လင်းဝေ့က ရုတ်တရက် မေးလိုက်သည်။

"ဒီဝိုင်သုံးခုလုံးကိုရောလိုက်ရင် ဘယ်လိုအရသာ ရမယ် ထင်လဲ"

"အင်းး သောက်လို့ မကောင်းလောက်ဘူး" ဟု ကျုံးရှောက်ကပြောလိုက်သည်။

လင်းဝေ့က သူ့ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရွှေဝါရောင် ဆန်အရက်ကို ငေးကြည့်လိုက်ကာ ခေါင်းကိုပြန်ခါလိုက်သည်။

"ထားလိုက်ပါတော့ သောက်မကောင်းရင် အလကားဖြစ်ကုန်မယ်" ဟုပြောပြီး ခွက်ထဲက ဝိုင်ကို တစ်ငုံသောက်လိုက်ပြီး ကျုံးရှောင်နှင့် ခွက်ချင်းတိုက်လိုက်ပြန်သည်။

ထိုခွက်ကုန်သွားတော့ လင်းဝေ့က ထပ်ထည့်ပေးဖို့မတောင်းတော့ချေ။

ထိုခွက်သောက်ပြီးနောက် လင်းဝေ့သည် မျက်လုံးလေးမှေးစင်းပြီး မူးကာ စားပွဲပေါ်မှောက်သွားသောကြောင့်ဖြစ်သည်။

ကျုံးရှောက်က ဝိုင်ခွက်ကိုချထားလိုက်ပြီး လင်းဝေ့ကို ပွေ့ချီလိုက်သည်။ "မေမေ မူးနေပြီမို့လို့။ အခန်းထဲနားဖို့ဖေဖေ ခေါ်သွားလိုက်ဦးမယ်နော်" ဟုပြောပြီး လင်းဝေ့ကို ချီကာ အိမ်အပေါ်ထပ်ကို တက်သွားလိုက်၏။

မင်မင်က အပေါ်တက်သွားသည့် သူ့အဖေနှင့်အမေ၏ နောက်ကျောကိုကြည့်လိုက်ကာ ရွေ့ရွေ့ကိုမေးလိုက်သည်။

"မေမေက မူးနေတာလား။ ဘာလို့မေမေက စကားမပြောတော့တာလဲ" ဟု သူ့အမေကို မူးပြီး အိပ်ပျော်သွားသည်ဟု ထင်နေ၏။

"ဟုတ်မယ် ထင်တယ် မေမေက မူးရင် စကားမပြောနိုင်တော့ဘူး" ဟု ရွေ့ရွေ့ကလည်း တွေးကာပြောလိုက်သည်။

All Chapters