Chapter 88
Vol. 7 Ch. 88
မင်မင်က နားမလည်နိုင်ပဲ ပုလင်းကို ကြည့်လိုက်ကာ သောက်ကြည့်ချင်နေသည့်ပုံဖြင့်ပြောလိုက်၏။
"ဒီဝိုင် သောက်လို့ကောင်းမယ့်ပုံပဲနော်"
"ဝိုင်က နံလိုက်တာ" ရွေ့ရွေ့က အနံံ့ရှုကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
"ဒူးရင်းသီးလည်း နံတာပဲ။ ဒူးရင်းသီးကျ မင်းစားပြီးတော့" ဟုပြောကာသူ့ထိုင်ခုံမှ ထပြီး ကျုံးရှောက် ထိုင်ခုံနေရာသို့သွားလိုက်ကာ ဆန်အရက်ပုလင်းကို ကောက်ကိုင်ကာ အနံ့ရှုကြည့်လိုက်ပြီး မျက်လုံးအရောင်တောက်သွားသည်။
"မနံဘူးနော်"
ရွေ့ရွေ့ကတော့မယုံပါ။ မင်မင်က ရွေ့ရွေ့ဆီလျှောက်လာပြီး ပုလင်းကိုပေးလိုက်၏။"တစ်ကယ် ပြောတာ မနံဘူး မင်းရှုကြည့်"
ရွေ့ရွေ့ကလည်း ရှုကြည့်လိုက်သည်။" အနံ့ကလည်း ဘယ်လိုကြီးလဲ"
မင်မင်လည်း သူ့ညီလေးက ဆန်အရက်ကို နံတယ်ပြောလို့စိတ်ပျက်သွားပြီး ပုလင်းကိုကိုင်ကာ တွေးလိုက်သည်။
သူက ဒူးရင်းသီးကို နံတယ်လို့ထင်ပေမယ့် သူ့ညီလေးက ဒူးရင်းသီးကို နံတယ်လို့မထင်ပဲ အရသာရှိတယ်လို့ပြောတယ်။ အခုလည်း ဝိုင်ကသူ့အတွက် မနံပေမယ့် သူ့ညီလေးက နံတယ်ပြောတယ်ဆိုတော့ ဒီဝိုင်က သူ့အတွက်သောက်လို့ကောင်းမယ် ထင်တယ်ဟု တွေးနေလိုက်၏။
မင်မင်က ထိုသို့တွေးရင်း သူ့ညီလေးကိုပြောလိုက်သည်။ "မင်းတွေးကြည့် ဝိုင်က သောက်လို့မကောင်းရင် မေမေက ဘာလို့အများကြီးသောက်နေရတာလဲ"
ရွေ့ရွေ့လည်း ပြန်စဥ်းစားလိုက်သည်။ "ဒါပေမယ့် မေမေနဲ့ ဖေဖေက ငါတို့ကို မသောက်ခိုင်းဘူးနော်"
"နည်းနည်းလောက်သောက်ကြည့်ပြီး ပြန်ထားလိုက်မယ်လေ။ ဒါဆို မေမေနဲ့ဖေဖေလည်း သိမှာမဟုတ်ဘူး" ဟု ပြောကာ သူ့ညီလေးကို သွေးဆောင်လိုက်၏။
ရွေ့ရွေ့လည်း သူ့အစ်ကိုကို ကြည့်လိုက်သည်။ "အင်း…ဒါဆိုလည်း မြည်းကြည့်ရအောင်"
ဤသို့ဖြင့် ကျုံးရှောက် အပေါ်ထပ်က ပြန်ဆင်းလာတော့ ငမူးလေးနှစ်ကောင်ကို တွေ့လိုက်ရသည်။
........
လင်းဝေ့ကြားဖူးသည်က မူးပြီးထလာလျင် ခေါင်းကိုက်သည်ဟုကြားဖူး၏။ ထို့ကြောင့် သူမနိုးလာပြီး အိပ်ရာမှ ထလာတော့ ခြေထောက်အနည်းငယ် ယိုင်သွား၏။
မနေ့ညက မူးပြီး အိပ်ပျော်သွားပေမယ့် ညသန်းခေါင်တွင် သူမထလာသေးသည်ကို သတိရလိုက်သည်။
သို့သော် ညသန်းခေါင်ပြန်ထလာပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ မမှတ်မိတော့ပါ။ သူမမျက်နှာကို အုပ်ပြီးစဥ်းစားနေစဥ် ခြေသံကြားလိုက်၍ အိပ်ရာပေါ်အမြန်လှဲပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။
သူမအိပ်ချင်ယောင်ဆောင်နေစဥ် အပြင်ဘက်မှ အခန်းတံခါးတွန်းဖွင့်ကာ ကျုံးရှောက်ဝင်လာ၏။ ကျုံးရှောက်က ခြေလက်မျက်နှာသန့်စင်ပြီး၍ အလုပ်သွားဖို့အဝတ်အစားတစ်ထည် အဝတ်ဘီဒိုမှ ထုတ်ကာဝတ်လိုက်သည်။
ကြယ်သီးတပ်နေစဥ် လင်းဝေ့ဆီမှ အသက်ရှုသံတိုးတိုးကိုကြားလိုက်၍ လင်းဝေ့ဘက် လှည့်ကြည့်ပြီးမေးလိုက်သည်။"ဒီနေ့ အတန်းတက်ရမှာ မဟုတ်လား"
"ဟုတ်တယ်."
ထိုကဲ့သို့ရုတ်တရက် ဖြေလိုက်မိပြီးမှ လင်းဝေ့သည် သူ့မျက်နှာကို အုပ်ကာ တုံးအလိုက်တာဟု တွေးလိုက်၏။
ထို့နောက် ဟန်ဆောင်ပြုံးလိုက်ကာ ကျုံးရှောင်ဘက်လှည့်လိုက်သည်။" ကျွန်မ နိုးနေတာကို ဘယ်လိုသိတာလဲ"
"မှန်းကြည့်လိုက်တာပါ" ဟုပြောပြီး အဝတ်အစား ကြယ်သီးများအကုန်တပ်လိုက်ပြီး လင်းဝေ့ဘေးနားလျှောက်သွားလိုက်၏။
"ဘယ်တုန်းကတည်းက နိုးနေတာလဲ"
လင်းဝေ့က သက်ပြင်းလေးချလိုက်သည်။"အခုလေးတင် နိုးတာ"
"မနက်အစောကြီး သက်ပြင်းချနေတာ မကောင်းဘူးနော်"
"အာ့လောက် အယူမသီးစမ်းပါနဲ့ " ဟု လင်းဝေ့က ကျုံးရှောက်ကို ကြည့်ကာပြောလိုက်သည်။
ကျုံးရှောက်ကလည်း လင်းဝေ့ပြောစကားကို ထောက်ခံလိုက်သည်။"ဟုတ်တယ် အယူသီးတာလဲ မကောင်းဘူး"
သူမအကြိုက်လိုက်ပြော၍ လင်းဝေ့ပြုံးလိုက်မိပြီးနောက် စက္ကန့်အနည်းငယ်အတွင်း သူမမျက်နှာ အေးစက်သွားသည်။"ရှင့်လည်ပင်း?"
"အော် ဒါကိုပြောတာလား?"ကျုံးရှောက်က သူ့လည်ပင်းရှိ လက်သည်းကုတ်ရာကို ကိုင်ကြည့်လိုက်သည်။
"မင်း မနေ့ညက ကုတ်လိုက်တာလေ"
လင်းဝေ့ အရှက်ရမိပြီး သူမမျက်နှာကို လက်ဝါးဖြင့်အုပ်လိုက်သည်။ "ကျွန်မ ဘာတွေ လုပ်လိုက်မိပြီလဲ"
" ဒါက ကော်လံနဲ့ဖုန်းလိုက်ရင် ဘယ်သူမှ မမြင်ရတော့ပါဘူး" ဟုပြောကာ ကော်လံကြယ်သီးကို အဆုံးထိတပ်လိုက်၏။
"ဟုတ်ရဲ့လားး" ဟုပြောကာ လင်းဝေ့က သေချာအောင် ကျုံးရှောက်ကို လည်ပင်းပြခိုင်းလိုက်သည်။
"လည်ပင်းကို ဒီဘက်ပြ၊ ကျွန်မကြည့်ကြည့်မယ်"
ကျုံးရှောက်ကလည်း လည်ပင်းကို လှည့်ပြ လိုက်သည်။
လက်သည်းကုတ်ရာက လည်ပင်း အနောက်ဘက်မှာဖြစ်ပြီး အပေါ်ဘက်လည်း သိပ်မရောက်၍ ကော်လံဖြင့်ဖုန်း၍ ရပါ၏။ သို့သော် ကျုံးရှောက် ခေါင်းငုံ့လိုက်သည့်အခါတွင်တော့ ဘေးနားရပ်နေသည့်သူက ကုတ်ရာကို မြင်နိုင်ပါသည်။
လင်းဝေ့က ထိုသို့တွေးလိုက်ပြီး ကျုံးရှောက်ကို ပြော လိုက်သည်။"ရှင် ဒီနေ့ ခေါင်းငုံ့တာတွေ ဘယ်ညာလှည့်တာတွေ မလုပ်နဲ့တော့"
လင်းဝေ့၏ စကားကိုကြားတော့ ကျုံးရှောက်သည် စတိုင်ပင်ဘောင်းဘီကို ကျကျနနဝတ်လိုက်ပြီး "ကိုယ် အလုပ်ရှုပ်လာရင်တော့ လုပ်မိ မလုပ်မိ အာမမခံနိုင်ဘူး" ဟု ရိုးရိုးသားသား ပြောလိုက်သည်။
"အာ့လိုနဲ့ တစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ"
" သူများတွေမြင်သွားရင်လည်း ဒီကုတ်ရာက ကြောင်ကုတ်သွားတာပါ ကျွန်တော့်မိန်းမကုတ်တာ မဟုတ်ပါဘူးလို့ ပြောပြလိုက်ရုံပေါ့"ဟု ကျုံးရှောက်က လူယုတ်မာ အပြုံးဖြင့်ပြောလိုက်သည်။
လင်းဝေ့ - "……?!" တစ်ခါတည်း တရားခံက ကျွန်မ လို့သာပြောလိုက်ပါတော့။
လင်းဝေ့၏ ကြောင်အနေသည့်မျက်ဝန်းကို တွေ့တော့ ကျုံးရှောက် တစ်ဟားဟားရယ်မောလိုက်ပြီး လင်းဝေ့စိတ်မတိုသွားခင် ခေါင်းငုံ့ကာ လင်းဝေ့နဖူးကို နမ်းလိုက်ပြီး နှစ်သိမ့်လိုက်သည်။
"တစ်နေကုန်လုံး ဘယ်ညာမလှည့်ပဲတော့ မနေနိုင်ပေမယ့် သူများတွေနဲ့ အရမ်း နီးနီးကပ်ကပ်မနေမိဖို့တော့ ကြိုးစားပါ့မယ်။ ဟုတ်ပြီလား"
လင်းဝေ့လည်း ကျုံးရှောက်ကို မျက်စောင်းထိုးလိုက်သည်။"ရှင် တမင်လုပ်တာ မဟုတ်လား"
ကျုံးရှောက်ကလည် ခေါင်းငြိမ့်ကာ ဝန်ခံလိုက်သည်။
"ကိုယ်က မင်းကို စနေတာပါ"
ကျုံးရှောက် ဝန်ခံလိုက်တော့ လင်းဝေ့လည်း ထပ်အပြစ်တင်၍ မရတော့ကာ ကျုံးရှောက် ဘီဒိုထဲမှ စစ်ဝတ်စုံအပေါ်ထပ်ကိုဖြုတ်ယူနေသည်ကိုကြည့်နေလိုက်သည်။ နောက်မှ ကျုံးရှောက်က တစ်ခုခုကိုသတိရသွားပြီး လင်းဝေ့ကို ပြောပြလိုက်သည်။
"ဒါနဲ့ မနေ့ညက မင်းမူးသွားလို့ အပေါ်ထပ်ကိုပို့နေတုန်း မင်မင်နဲ့ရွေ့ရွေ့က ကျန်တဲ့ ဆန်အရက်ခိုးသောက်ပြီး မူးကုန်ကြတယ်"
"ဘာာ?"
"ပုလင်းထဲကျန်သေးတဲ့ ဆန်အရက်တွေ ခိုးသောက်ကြတာလေ။ ပုလင်းဖင်ကပ်လေးပဲ သောက်မိတာပါ။ကလေးတွေဆိုတော့ တစ်ခါတည်းမှောက်ကုန်တာပေါ့"
" သုံးနှစ်ကလေးတွေပဲရှိသေးတာကို" ဟုပြောရင်း လင်းဝေ့သည် ကုတင်ပေါ်မှ အမြန်ဆင်းကာ ဖိနပ်စီးပြီး သူ့သားတွေ အခန်းထဲပြေးကြည့်လိုက်၏။
ကလေးနှစ်ယောက်ကတော့ ဘာတွေအိပ်မက်မက်နေလဲမသိ နှုတ်ခမ်းလေးများကို လျှာဖြင့်သပ်ကာ ဟောက်သံများဖြင့် အိပ်ပျော်နေကြဆဲဖြစ်သည်။ ဤသည်ကိုကြည့်ကာ လင်းဝေ့လည်း စိတ်ဆိုးရမလိုလို ရီရမလိုလိုဖြစ်ပြီး ကလေးများ၏ ပါးဖောင်းဖောင်းလေးများကို ဖျစ်ညှစ်လိုက်သည်။
"အမလေး အစားပုတ်လေးတွေ"
ကလေးတွေ အဆင်ပြေနေသည်ကို တွေ့ရသော်လည်း လင်းဝေ့သည် ကျုံးရှောက်အား ဆူပူလေတော့သည်။ ကလေးတွေနဲ့ ဝိုင်ပုလင်းတွေနဲ့ အတူတူ ထားခဲ့ရလားဆိုပြီး ဆူပူနေလေ၏။
ကျုံးရှောက်လည်း လင်းဝေ့ဆူသည်ကို ငြိမ်ငြိမ်လေး အဆူခံလိုက်ကာ ကလေးနှစ်ကောင် နိုးလာမှသာ သူတို့ကိုပြန်ဆူမည်ဟုတွေးလိုက်၏။ လင်းဝေ့ကလည်း ကလေးနှစ်ယောက်ကို သူတို့အမှားသေချာ သိအောင် သေချာဆုံးမရမည်ဟုပြောနေ၏။
"ဒါနဲ့ရှင် မနေ့ညက သူတို့ကိုတစ်ခါတည်း မဆူလိုက်ဘူးလားး ကျွန်မကို စောင့်နေစရာမလိုဘူးလေ"
"မနေ့ညက သူတို့ခိုးသောက်တော့ ကိုယ်ဆူချင်ပေမယ့် သူတို့က မူးနေပြီလေ။ ကိုယ်ပြောတာ ဘယ် နားဝင်တော့မလဲ"
"ထားလိုက်ပါတော့ ဒါပေမယ့် ဒီည ရှင်ပြန်လာရင်တော့ သူတို့ကိုသေချာ ဆုံးမပေးရမယ်"
ကျုံးရှောက် - "…ရတယ် ကိုယ်ညနေ ပြန်လာရင်သူတို့ကို သေချာ ဆုံးမလိုက်မယ်"
လင်းဝေ့က ကျုံးရှောက်ကို ဆုံးမဖို့တာဝန်ပေးထားပေမယ့် ကလေးတွေနိုးလာတော့ သူတို့ကို လင်းဝေ့က ဆူပူ ခြောက်လိုက်သေး၏။
"မင်းတို့ဖေဖေက မင်းတို့မနေ့က ဆန်အရက်ခိုးသောက်လို့ဆိုပြီး အရမ်းစိတ်ဆိုးနေတယ်။ ညနေပြန်လာရင် မင်းတို့ကို ဆုံးမဦးမယ်တဲ့ အာ့အတွက် စိတ်ပြင်ဆင်ထားကြ"
မိသားစုအများစုတွင် မိခင်ကသားသမီးများကို ဂရုစိုက်လျင် ဖခင်က ကြပ်မတ်ဆုံးမတတ်သည့်သူဖြစ်ကာ၊ ဖခင်က ဂရုစိုက်လျင် မိခင်က ကြပ်မတ်ဆုံးမသူအဖြစ် အပြန်အလှန် သရုပ်ဆောင်တတ်ကြသည်။
ကျုံးမိသားစုတွင်တော့ ကျုံးရှောက်ကို ကလေးများက ပိုကြောက်ကြသည်။
လင်းဝေ့လည်း ရံဖန်ရံခါစည်းကမ်းတင်းကြပ်တတ်သော်လည်း ကလေးများက သူတို့အမေကို စကားများသူအဖြစ်သာမြင်ကာ မကြောက်ကြပေ။
ကျုံးရှောက်က အိမ်မှာ အပြင်လောက် ရုပ်မတည်တံ့သော်လည်း လင်းဝေ့ကဲ့သို့မဟုတ်၍ ရှိန်ကြသည်။ သူတို့အဖေသူတို့ကို ချစ်တာ သိပေမယ့် သူတို့အဖေနှင့် ရင်းရင်းနှီးနှီးတော့ မနေရဲကြပေ။
အထူးသဖြင့်မင်မင်ကတော့ သူတို့အဖေ သူတို့ကို ဆုံးမတော့မည်ဟုကြားသည်နှင့် ကျွန်းပေါ်ရောက်ခါစက အဖြစ်အပျက်ကိုသတိရလိုက်သည်။
မင်မင်တစ်ယောက် လှေကားထစ် အတက်အဆင်းကျော်ဆင်းကာ ချော်လဲမည်ကိုစိုး၍ သူ့အဖေက လှေကားကိုတစ်ထစ်ချင်း အတက်အဆင်း အကြာကြီးလေ့ကျင့်စေသည်ကို သတိရလိုက်သည်ဖြစ်သည်။
ထို့ထက် ပိုကြောက်ဖို့ကောင်းသည်က လှေကားအတက်အဆင်းအကြိမ်ရေ များစွာလုပ်ပြီးနောက် လောကနီတိအချက် ၈၀၀ကို လိုက်ဆို ခိုင်းခဲ့တာဖြစ်သည်။
လောကနီတိအချက် ၈၀၀ရဲ့ အဓိပ္ပါယ်ကိုတောင် မင်မင်က နားလည်တာ မဟုတ်ဘူးလေ။
မင်မင်က ထိုကဲ့သို့အတွန့်တက်တော့ ကျုံးရှောက်က "အဖေမှားသွားတယ် မင်းကို လှေကားအတက်အဆင်းပဲ ထပ်လုပ်ခိုင်းသင့်တာ" ဟု ပြန်ပြောလေသည်။
အာ့အခါမှ မင်မင်လည်း လှေကားအတက်အဆင်း ထပ်မလုပ်ချင်တော့၍ "သားမှားပါတယ် သားနီတိ အချက်၈၀၀ကိုပဲ လိုက်ဆိုပါတော့မယ်" ဟု ပြန်ပြောရလေ၏။ သူ့အဖေက်ို ကြောက်၍သာ မဟုတ်လျင် အော်၍ပင် ငိုမိလောက်သည်။
ထို့ကြောင့် ဤည သူတို့အဖေက သူတို့ကို ဆုံးမမည်ဟုကြားသောအခါ မင်မင်သည် ခွေးပေါက်ကလေးကဲ့သို့ကြောက်နေတော့၏။
အဖေ့ကိုကြောက်တယ်။
ရွေ့ရွေ့ကလည်း ကြောက်နေကာ သူ့အစ်ကိုကို အားကိုးတကြီး လှမ်းကြည့်လိုက်၏။သူ့ အစ်ကိုက သူ့ထက် အခြေအနေ ပိုဆိုးနေချေပြီ။
သူ့အစ်က်ိုက သူ့လောက်မတည်ငြိမ်ဘူးပဲ။
…………………
ကျုံးရှောက်၏ အဆူခံရမည်ဆို၍ ကလေးနှစ်ယောက်သည် တစ်နေကုန်လုံး လိမ္မာနေကြသည်။ အထူးသဖြင့်မင်မင်တစ်ယောက် မနေ့ကအထိ လင်းဝေ့နှင့်အတူ ကျောင်းလိုက်ရမည်ကို စိတ်ညစ်နေကာ သက်ပြင်းချနေသူသည် ယနေ့ကျောင်းရောက်တော့ အသံတစ်သံမှ မထွက်ပဲ လိမ်လိမ်မာမာဖြင့် ထိုင်ခုံမှာပဲ ထိုင်ကာ စာလိုက်နားထောင်လေ၏။
သို့သော်သူ့အမေ ပြောနေသည့်အကြောင်းအရာများကို ဘယ်ဘက်နားနှင့် နားထောင်လည်း နားမလည်၊ ညာဘက်နားနှင့်နားထောင်လဲ နားမလည်ဖြစ်နေကာ တစ်မနက်ခင်းလုံး ခေါင်းမူးနေလေ၏။
ရွေ့ရွေ့ကတော့ မင်မင်နှင့်မတူပါ။ သူ့အမေပြောသည်များကို နားမလည်သော်လည်း မှတ်ဉာဏ်ကောင်းရှိ၍ ပုံနှိပ်စာအုပ်နှင့်တွဲကြည့်ကာ နားထောင်ရင်း စာလုံးရေတစ်ချို့ကိုပင် မှတ်မိနေပြိီဖြစ်သည်။
လင်းဝေ့သင်သည့် အကြောင်းအရာများသာမက မသင်ရသေးသည့်အပိုင်းမှ စာကြောင်းများကိုပင် အနည်းငယ် ဖတ်တတ်နေပြီဖြစ်သည်။
လင်းဝေ့က ကလေးများကို စာလုံးရေ ဒါဇင်ခန့်သာသင်ပေးခဲ့သော်လည်း ညတိုင်းပုံပြင်ဖတ်ပြရာတွင် ရွေ့ရွေ့သည် သူ့အမေနှင့်အတူ ပုံပြင် စာအုပ်ရှိစာလုံးများကို လိုက်ကြည့်ထားရာ ဒါဇင်ထက်ပင်ပိုသည့်စကားလုံးများကို မှတ်မိနေပြီဖြစ်သည်။
ထို့အပြင် ဒုတိယတန်း ဖတ်စာရှ်ိစာကြောင်းများမှာ ပထမတန်းထက် ပိုရှည်သည်သာရှိပြီး စာကြောင်းပုံစံက ရှုပ်ထွေးပေ။ တစ်ချို့စကားလုံးများသည် ခဏခဏထပ်ပါလာလေရာ ရွေ့ရွေ့သည် စာကြောင်းအဓိပ္ပါယ်ကိုပင် ခန့်မှန်းနိုင်လေပြီဖြစ်သည်။
စာကြောင်းများကိုလည်း သာမန်ကာလျှံကာကြည့်သည်မဟုတ်ပဲ သေသေချာချာကြည့်ကာ မှတ်သားခြင်းဖြစ်သည်။ သူ့အစ်ကိုက သူ့လိုလိုက်ကြည့်နိုင်မည်မဟုတ်မှန်းလည်း သိပါသည်။
ထို့ကြောင့် ရွေ့ရွေ့သည် သူစာလုံးအတော်များများဖတ်တတ်နေပြီကို ထုတ်မကြွားပဲ သူ့ဖာသာဖတ်နေလေ့ရှ်ိသည်။
ထို့ကြောင့် လင်းဝေ့သည်ပင် သူ့သားက သူဖတ်သွားသည့်စာကြောင်းများကို လိုက်ဖတ်နိုင်သည်ကိုတွေ့၍ အံ့သြခဲ့ရ၏။
ထို့အပြင် နောက်ထပ် စာကြောင်းများဖတ်ခိုင်းပြီး အဓိပ္ပါယ်ကို မေးလျင်လည်း ရွေ့ရွေ့ကပြန်ဖြေနိုင်လေ၏။
ရွေ့ရွေ့တွင် မှတ်ဉာဏ်ကောင်းရှိမှန်း လင်းဝေ့သိပြီးဖြစ်သည်။ ထို့အပြင် မနေ့က အစမ်းစာသင်ချိန်အတွင်း သင်ခန်းစာကိုလည်း အခေါက်ခေါက်အခါခါ နားထောင်ပြီးဖြစ်၍ သူ့သား နားလည်နေမှန်း မှန်းလိုက်ကာ အထူးတလည် အံ့သြ မနေတော့ပါ။
သို့သော် လင်းဝေ့နှင့် ရွေ့ရွေ့၏ စာအမေးအဖြေကို မြင်သည့် ဟွမ်အိုက်ယွင်ကတော့ အံ့သြနေလေသည်။
"ရှင့်သားက ဒုတိယတန်း ဖတ်စာတောင် သင်နေပြီလား"
မိဘအများစု က သူတို့သားကို အများကြားမှာ နဂါးဖြစ်စေလိုကြသည်။ လင်းဝေ့ ကလည်း ထိုသို့ဖြစ်၍ သူ၏သားများကို အခြေခံကောင်းရစေလိုသည်။
တစ်ချိန်တည်းမှာပဲ သူ့ကလေးများကို ပျော်ရွှင်သည့် သာမန်ကလေးဘဝလည်း ရစေလိုပါ၏။ ထို့ကြောင့် ကလေးများကို ကျောင်းကိုခေါ်လာပြီး စာသင်ကြားသည်က ဘယ်လိုဆိုသည်ကို ရင်းနှီးစေရန် လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ချန်ပါးမေ့ကိုလည်း ကလေးထိန်းပေးရန် နေ့တိုင်းဒုက္ခမပေးလို၍ ဖြစ်သည်။