Chapter 89
Vol. 7 Ch. 89
အကယ်၍ သူ့ကလေးများကို ပညာတတ် အမြန်ဖြစ်စေလိုပါက ကျောင်းပင် ထားလို့ရပြီဖြစ်သည်။ ကျောင်းအပ်လက်ခံသည့် ကျောင်းနေ အရွယ်ကလေးများကိုလည်း အသက်မကန့်သတ်ထားရာ ၄နှစ် ၅နှစ် ကလေးများကိုပင်ညကျောင်းက လက်ခံသင်ကြားပေးပြီဖြစ်သည်။ ထိုအရွယ်ကလေးများက စာမလိုက်ရန် သေချာသော်လည်း ရွေ့ရွေ့ကတော့ စာလိုက်နိုင်ရန်သေချာပါသည်။
နောက်ပိုင်းတွင်လည်း ရွေ့ရွေ့သည်စာတော်၍ အတန်းကျော်တက်ခွင့်ရကာ လူငယ်ကောလိပ်ကျောင်းကိုပင် ဝင်ခွင့်ရခဲ့သူဖြစ်လာမည်။ ထို့ကြောင့် အခုကတည်းက သူ့ကို ဉာဏ်ကြီးရှင် ဟူသည့်ခေါင်းစဥ်ကို မတပ်ပေးလိုပါ။
"မနေ့က ကျွန်မ ဒီနေ့ အတွက် သင်ခန်းစာလုပ်ရင်း သူတို့ကိုလည်း သင်ပေးထားလို့ပါ" ဟုပြုံးကာ ပြောလိုက်သည်။
ဟွမ်အိုက်ယွင်ကလည်း သူမဆရာမစလုပ်စဥ်က သင်ခန်းစာများကို ကြိုတင်လေ့ကျင့်လေ့ရှိ၍ အများကြီး မတွေးတော့ပဲ လင်းဝေ့ပြောသည်ကို ခေါင်းငြိမ့်လိုက်၏။
" အာ့လိုဟုတ်ပေမယ့် ရှင့်ကလေးတွေကိုက အရမ်းတော်လွန်းတာပါ။ ဒီအသက်အရွယ်လေးနဲ့တောင် ဒီလိုစာကြောင်းတွေကို မှတ်မိနေပြီလေ"
"ကလေးက ဉာဏ်ကောင်းလို့ပါရှင် " ဟု လင်းဝေ့ကလည်း ပြန်ဖြေလိုက်သည်။
"ဟုတ်တယ် သူတို့ကို သေချာပျိုးထောင်ပေးသင့်တယ်" ဟွမ်အိုက်ယွင် ထိုသို့ပြောရခြင်းက နောက်ပိုင်း ကောလိပ်ဝင်ခွင့်အမှတ်များ မြင့်လာ၍ဖြစ်သည်။
လူကြီး နှစ်ယောက်စကားပြောနေသည်ကို ညီအစ်ကို နှစ်ယောက်က နားထောင်နေကြသည်။
"မေမေ မနေ့က ငါတို့ကို သင်ခန်းစာ အသစ်သင်ပေးလို့လား"ဟု မင်မင်က ရွေ့ရွေ့ကိုမေးလိုက်သည်။
ရွေ့ရွေ့လည်း သူ့မှတ်ဉာဏ်သုံးကာစဥ်းစားလိုက်သော်လည်း သတိမရပေ။"မသိဘူးလေ ငါတို့မူးသွားကြတယ်လေ"
"ဟုတ်တယ်လေ ငါတို့မူးနေတာကို မေမေက ဘယ်လိုလုပ် စာသင်ပေးလို့ရမှာတုန်း"ဟု မင်မင်ကပြောပြီး တွေးမရနိုင်ဖြစ်နေ၏။
ဤသို့တွေးနေရင်း နေ့လည်စားစားပြီးချိန်လောက်မှ ရုတ်တရက် ဉာဏ်ပွင့်သွားသည်။"ငါသိပြီ! မေမေက ငါတို့ကို အိပ်မက်ထဲ စာလာသင်ပေးသွားတာဖြစ်ရမယ်"
သူ့အစ်ကို မင်မင်၏ ပေါကြောင်ကြောင် အတွေးအခေါ်ကိုကြည့်ရင်း ကြည့်ရင်း နောက်ဆုံး ရွေ့ရွေ့သည် မနေနိုင်တော့ပဲ ပါးစပ်ထဲက စကားလုံးတစ်ခုလွတ်ကနဲ ထွက်သွား၏။
" ငတုံးးး"
……………
သူတို့အဖေ ဆုံးမတော့မည်ကို သိ၍ ကလေးနှစ်ယောက်သည် ကျောင်းမှ လိမ္မာရုံသာမက အိမ်ရောက်တော့လည်း လိမ္မာနေကြသည်။ လင်းဝေ့ ညနေစာ ပြင်ဆင်ရာတွင်ပင် မခိုင်းပဲနဲ့ လိုက်ကူညီပေးကြ၏။
လင်းဝေ့လည်း သူတို့ကို ကွဲကျနိုင်မည့် ပန်းကန်တွေတော့ မသယ်ခိုင်းပဲ ထိုင်ခုံများနေရာ ချခိုင်းလိုက်၏။
ကျုံးရှောက်ပြန်လာတော့ ထိုင်ခုံတွေ ရွေ့နေသည့် သူ့သားတွေကိုမြင်လိုက်ရသည်။"ဟာ ငါ့သားတွေက ဒီနေ့ လိမ္မာလှချည်လား"
"သားတို့က သားလိမ္မာလေးတွေမို့လို့ပါ" ဟု မင်မင်က အပြစ်ပေးမခံရရန် ဖြီးဖြန်းပြောလိုက်သည်။
ကျုံးရှောက်ကလည်း သူ့သား၏ အထာကို သိသည်။
"သားလိမ္မာတွေက ဝိုင် ခိုးမသောက်ဘူး"
ထိုစကားကိုကြားတော့ ညီအစ်ကို နှစ်ယောက် မျက်နှာက ဇီးရွက်လောက်ရှိတော့၏။"သားတို့ မှားမှန်းသိပါတယ်"
"အေး မင်းတို့မှားမှန်းသိတာ ကောင်းတယ် " ဟု ပြောကာ ကလေးနှစ်ယောက်၏ အပိုးကျိုးမှုကို ကျေနပ်နေ၏။
သူ့အဖေ၏ မာန်လျှော့သည့်အသံကို ကြားလိုက်တော့ မင်မင်က ခေါင်းလေးထောင်လာသည်။"ဒါဆို ဖေဖေသားတို့ကို အပြစ် မပေးတော့ဘူးလား"
သို့သော် ကျုံးရှောက်သည် စည်းကမ်းတင်းကျပ်သူ တစ်ယောက်ဖြစ်၍ "အပြစ်ပေးတာကတော့ ရှ်ိမယ် ဒါပေမယ့် လျော့ပေါ့ပေးမယ်။ အခုတော့ ထမင်းစားချိန်မို့လို့ ထမင်းအရင်စားကြမယ်။ ထမင်းစားပြီးမှ အပြစ်ပေးတာ လုပ်မယ်"ဟုပြောလိုက်၏။
ကျုံးရှောက်ကတော့ လူသားချင်းစာနာမှုကို လက်ကိုင်ထားသည့်ဖြစ်၍ အစားကို အရင်စားစေသော်လည်း သူ့သားနှစ်ယောက်ကတော့ အရင် အပြစ်ပေးတာကောင်းမည်ဟု တွေးမိ၏။ မဟုတ်လျင် ထမင်းကိုလည်း ဖြောင့်ဖြောင့်စားနိုင်မည်မဟုတ်ပါ။
နောက်ဆုံးတော့ သူတို့နှစ်ယောက်လည်း ထမင်းတစ်ပန်းစီ အဝစားလိုက်ကြသည်။ အခုနေသေသွားခဲ့ရင်တောင် ဗိုက်ပြည့်သည့် သရဲလေးများ ဖြစ်လာလောက်သည်။
အပြစ်ဒဏ်က သေဒဏ်တော့မဟုတ်ပေမယ့် ကြိမ်ဒဏ်တော့ ဖြစ်နိုင်လောက်မည်။
ကျုံးရှောက်သည် မနေ့က သူတို့သောက်ခဲ့သည့်ဝိုင်ပုလင်းအလွတ်တစ်ခုနှင့် ကျန်နေသေးသည့်လိုင်ချီးဝိုင်ကို ယူကာ ခွဲထည့်လိုက်ကာ ညီအစ်ကို နှစ်ယောက်ကို ပေးလိုက်သည်။
သူတို့လုပ်ရမည့် အပြစ်ဒဏ်ကို ကြေညာပြီးနောက် ညီအစ်ကို နှစ်ယောက် စိတ်သက်သာရာရသွား၏။ အစက ပြစ်ဒဏ်ကိုကြောက်ဖို့ကောင်းမည်ဟုထင်သော်လည်း အခုတော့ ပုလင်းလေး မြှောက်ထားရုံသာဖြစ်၍ လွယ်လွန်းသည်ဟု ထင်လိုက်သည်။
သို့သော် ပထမ ငါးမိနစ်သာ ထိုသို့အတွေးရှိလိုက်သည်။
ဆယ်မိနစ် လောက်ကြာလာတော့ မြှောက်ထားသည့် လက်များတုန်လာကာ ချွေးထွက်လာ၏။"ဖေဖေ သားတို့ဘယ်လောက်ကြာကြာ လက် မြှောက်ထားရမှာလဲ"
ကျုံးရှောင်က နာရီကိုကြည့်ကာ ပြောလိုက်သည်။
"ဆယ်မိနစ်ကျန်သေးတယ်"
အစကတော့ သူတို့ကို နာရီဝက်ခန့်မြှောက်ခိုင်းထားရန် စီစဥ်ခဲ့သော်လည်း အိမ်ပြန်ရောက်လာတော့ ကလေးနှစ်ယောက်က အမှားကိုသိပြီး ဝန်ခံကြ၍ ဆယ်မိနစ်လျော့ပေးလိုက်ကာ မိနစ်၂၀ မြှောက်ခိုင်းထားရန် ဆုံးဖြတ်လိုက်သည်။
ဆယ့်ငါးမိနစ်လောက်ကြာလာတော့ သူတို့လက်မမြှောက်နိုင်ကြတော့ပဲ လက်ပင် တုန်လာကြ၏။ ရွေ့ရွေ့ပင်လျင်မခံနိုင်တော့ပဲ ဘယ်လောက်ကြာပြီလဲ ဟုမေးလာသည်အထိဖြစ်သည်။
ကျုံးရှောက်ကလည်း နာရီကိုကြည့်ကာပြောလိုက်သည်။" ငါးမိနစ်လိုသေးတယ်"
ညီအစ်ကို နှစ်ယောက် ကြေကွဲသွားကာ သူတို့အမေ လင်းဝေ့ကို လှမ်းအကူအညီတောင်းလိုက်သည်။
သို့သော် ကလေးများကို ဆိုဆုံးမနေစဥ်တွင် လင်းဝေ့သည် လုံးဝ ဝင်ပါမည်မဟုတ်ပါ။ အသက်ငယ်ငယ်လေးနှင့် ဝိုင်ခိုးသောက်တတ်လျင် ကြီးလာရင် ဘယ်လိုလုပ်ကြမလဲ။
ထို့ကြောင့် ကလေးများအကူအညီတောင်းနေသော်လည်း ဂရုမစိုက်ခဲ့ပေ။
ထို့ကြောင့် ညီအစ်ကိုနှစ်ယောက်လည်း မတတ်နိုင်တော့ပဲ သူတို့အဖေရဲ့ ကြောက်စရာမျက်နှာကို ပြန်ကြည့်လိုက်ကြပြီး ငိုမဲ့မဲ့ဖြစ်နေကြသည်။
သူတို့အတွက် နောက်ဆုံးကျန်တဲ့ ငါးမိနစ်က တစ်နှစ်ခန့်ကြာသည်ဟု ထင်ရ၏။ အစက သူတို့သည် အချိန်ခဏလေးဖြစ်သော်လည်း အကြာကြီးကဲ့သို့ ခံစားရသည်ဟူသည့် စကားအဓိပ္ပယ်ကို နားမလည်ကြသော်လည်း ဤညနေခင်းတွင်တော့ ထိုစကားအဓိပ္ပါယ်ကိုသိသွားခဲ့ပါပြီ။
တဖြည်းဖြည့်းနှင့် သူတို့ လက်တွေတုန်လာပြီး အဝတ်များလည်း ချွေးဖြင့်စိုရွှဲလာ၏။ ကလေးနှစ်ယောက်မျက်နှာတွင်လည်း ချွေးနှင့် မျက်ရည်များရောနှောနေ၏။
လင်းဝေ့လည်း သူ့ကလေးတွေကို မကြည့်ရက်တော့၍ ကျုံးရှောက်ကို ပြောလိုက်၏။" ကျုံးရှောက် ကျွန်မတို့ နောက်မှ …"
ကျုံးရှောက်ကလည်း လင်းဝေ့ကို စကားဆုံးအောင်ပြောခွင့်မပေးခဲ့ပါ။"မင်းပဲ သူတို့ကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်ဆို"
လင်းဝေ့လည်း ပါးစပ်ပိတ်ရင်း အိမ်ထဲပြန်ဝင်သွား၏။
ကျုံးရှောက်ကတော့ နာရီကို ဆက်ကြည့်လိုက်သည်။ နောက်ဆုံး မိနစ်ပြည့်တော့မည်ဖြစ်၍ အော်လိုက်သည်။
"ငါးး"
"လေးး"
" သုံးး"
"နှစ်"
"တစ်! ကဲ မင်းတို့ ပုလင်းတွေချလို့ရပြီ"
ကျုံးရှောက်က သေသေချာချာပြန်ပြောလိုက်သည်။ "ပုလင်းတွေကို ပစ်ချခိုင်းတာမဟုတ်ဘူးနော်။ သေသေချာချာ ကြမ်းပေါ် တင်ခိုင်းတာ"
ကလေးနှစ်ယောက်လည်း လက်ကို ချက်ချင်း ချလိုက်ချင်ပေမယ့် သူတို့အဖေရဲ့ သတိပေးစကားကြောင့် ပုလင်းများကို အမြန်ချမည့်လက်ကို တန့်လိုက်ပြီး ကြမ်းပေါ် အသာအယာချလိုက်သည်။
ကျုံးရှောက်ကတော့ ပုလင်းကိုမကြည့်ဘဲ ချွေးများစိုရွဲနေသည့် ကလေးနှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်သည်။"သားတို့နောက်ဆို ဝိုင်အရက်တွေ ခိုးသောက်ဦးမလား"
ကလေးနှစ်ယောက်သား ခေါင်းကို ချက်ချင်းခါလိုက်ကြသည်။"သားတို့နောက် ဘယ်တော့မှ မလုပ်တော့ပါဘူး"
ကျုံးရှောက်ကလည်း မသေချာမည်စိုး၍ နောက်ထပ်ဆုံးမစကားများ ထပ်ပြောလိုက်သေး၏။ နောက်ဆုံးပြောစရာမရှိတော့၍ ကျုံးရှောက် အပြောရပ်သွား၏။
မင်မင်လည်း သူ့အဖေသည် အရင်တစ်ခေါက်ကထက်ပိုကြောက်စရာကောင်းသည်ဟု ထင်မိ၏။ အရင်တစ်ခေါက်က လောကနီတိ အချက် ၈၀၀ လိုက်ရွတ်ခိုင်းခဲ့၍ ဤတစ်ခေါက်လည်း ပြန်ရွတ်ရမည်ကိုကြောက်နေမိသည်။
ကံကောင်းစွာဖြင့် ဤတစ်ခေါက်တွင်တော့ လောကနီတိကျမ်းအချက်၈၀၀ကို မရွတ်ခိုင်းတော့ပေ။ ဆုံးမစကားများပြောပြီးနောက် "သားတို့လည်း ပန်းသွားပြီဆိုတော့ ခဏနားလိုက်ကြဦး"ဟု ကျုံးရှောက်က ပြောလိုက်၏။
မင်မင်ပင်လျင် မယုံကြည်နိုင်ဖြစ်သွားကာ ပြန်မေးလိုက်မိ၏။"အပြစ်ပေးတာ ပြီးသွားပြီလား ဒါပဲလား"
"သားက မလုံလောက်သေးဘူးလို့ထင်တယ်ပေါ့။ နောက်ထပ်မိနစ် ၂၀ ထပ်အပြစ်ပေးခံချင်သေးတာလား"
မင်မင်လည်း ခေါင်းကို ချက်ချင်း တစ်တွင်တွင် ခါလိုက်ပြီး သူ့အဖေရှေ့အမြန်ပြေး ထွက်သွားကာ ဧည့်ခန်းထဲက ဆိုဖာမှာ ပစ်ထိုင်လိုက်သည်။
ရွေ့ရွေ့ကတော့ အပြင်ဘက် ထိုင်ခုံမှာပဲ အနားယူနေရာမှ ထိုင်ခုံသည် နောက်မှီမပါ၍ ထိုင်ရအဆင်မပြေဖြစ်ကာ ဧည့်ခန်းထဲက သူ့အစ်ကိုဘေးကို သွားထိုင်လိုက်ကာ အနားယူလိုက်၏။
ညီအစ်ကို နှစ်ယောက် ကောင်းကောင်း အနားယူနေတာတွေ့မှ လင်းဝေ့လည်း သူ့ကလေးတွေအတွက် စိုးရိမ်နေမိသည်က အပိုဟုတွေးလိုက်၏။ သို့သော် အမေဖြစ်၍ ဂရုတစိုက် မေးလိုက်သေး၏။"ပင်ပန်းနေကြပြီလား"
"အရမ်းပင်ပန်းတာပဲ" သူ့သားနှစ်ယောက်လုံးက တစ်ပြိုင်တည်းပြောလာ၏။
" ဒါဆိုနောက် သားတို့ ဝိုင်အရက်တွေ ခိုးသောက်ကြဦးမလား" ဟု လင်းဝေ့က ထပ်မေးလိုက်၏။
ညီအစ်ကို နှစ်ယောက်လုံး ခေါင်းခါလိုက်သည်။"မသောက်တော့ပါဘူး"
"မေမေက အရမ်းထူးဆန်းတာပဲ။ ဝိုင်က သောက်လို့လည်း မကောင်းတာကို အများကြီး သောက်သေးတယ်နော်"ဟု မင်မင်က မနေနိုင်ပဲ တီးတိုးပြောလိုက်၏။
မင်မင်အသံက မကျယ်သော်လည်း လင်းဝေ့သည် ကြားဖြစ်အောင်ကြားလိုက်သေးသည်။" သောက်လို့မကောင်းတာတောင် သားက ခိုးသောက်သေးတာပေါ့"
"သားမှ အရင်က မသောက်ဘူးတာ"ဟု မင်မင်က ပြန်ပြောလေသည်။
"သားအရင်က မသောက်ဖူးတာနဲ့ ခိုးသောက်ကြည့်စရာလား"
လင်းဝေ့ကိုပြန်ပြောဖို့လုပ်နေတုန်း ကျုံးရှောက်ဧည့်ခန်းထဲဝင်လာသည်ကိုတွေ့၍ တုန်လှုပ်သွားကာ အော်ပြောလိုက်သည်။
"သားက ဖေဖေ သောက်ဆိုမှ သောက်မှာ ဖေဖေက မသောက်နဲ့ဆို မသောက်ဘူး"
လင်းဝေ့လည်း သူမ မွေးထားသည့်သားဖြစ်သော်လည်း သူမကိုပင် မကြောက်ပါလားဟု တွေးလိုက်မိကာ သူ့မလက်ဖြင့် မျက်နှာကို ကာလိုက်သည်။ ထိုစဥ် ယန်းယီ၏ အသံကို အိမ်အပြင်ဘက်မှ ကြားလိုက်သည်။
"ဝေ့ဝေ့ အိမ်မှာ ရှ်ိလား"
"ရှိပါတယ်" ဟု လင်းဝေ့က ထူးလိုက်ပြီး ကျုံးရှောက်ကိုပြောလိုက်၏။
"ကျွန်မ အိမ်အပြင်ကို သွားကြည့်လိုက်ဦးမယ်။ ကလေးတွေကချွေးတွေနဲ့မို့ ရှင် သူတို့ကို ရေအရင် ရေချိုးပေးလိုက်ဦးနော်"
"ဟုတ်ပြီ " ကျုံးရှောက် ခေါင်းငြိမ့်လိုက်သည်။
လင်းဝေ့လည်း အိမ်အပြင်ကိုထွက်ကြည့်လိုက်ကာ ယန်းယီကို တွေ့လိုက်၏။
"ဘာဖြစ်တာလဲ ယောက္ခမကြီးက အပြစ်ရှာပြန်ပြီလား" ဟု မျက်မှောင်ကြုံ့ရင်း လင်းဝေ့က မေးလိုက်၏။
ယန်းယီကို နောက်ဆုံးတွေ့ခဲ့စဥ်က မျက်နှာအခြေအနေမကောင်းသော်လည်း ယခုလောက်တော့ မဆိုးသေးပါ။ ဤတစ်ခေါက်တော့ သူမမျက်လုံးများသည် မှိုင်းပြနေကာ မျက်ကွင်းများပင် ညိုနေ၏။ သူမနှုတ်ခမ်းများလည်း ဖြူဖျော့နေကာ နှုတ်ခမ်းထောင့်ကလည်း ဖူးယောင်နေပြီး သူမပုံစံက ဖရိုဖရဲဖြစ်နေ၏။
လင်းဝေ့၏ မေးလိုက်ပြီး စက္ကန့်လောက်အကြာမှ ယန်းယီက လင်းဝေ့ မျက်နှာကို ကြည့်လာကာ လှောင်ရယ်လိုသည့်အပြုံးဖြင့် ပြုံးလိုက်သည်။
" ယောက္ခမကြီးက ဝမ်းနည်းတယ်။ ဒါပေမယ့် အာ့တာကကျွန်မကို စိတ်အနှောက်အယှက်မပေးပါဘူး"
လင်းဝေ့လည်း အကြောင်းအရင်းကို တွေးကြည့်လိုက်ကာမေးလိုက်၏။"ဒါဆိုဘာလို့လဲ"
ယန်းယီက ချက်ချင်းမဖြေပဲ ခေါင်းငုံ့လိုက်သည်။ မိနစ်ပိုင်းလောက်စဥ်းစားကာ ခေါင်းပြန်မော့လာ၏။ "ကျွန်မက ကျွန်မယောကျ်ား ဒီကိစ္စကို သိမသိပဲ သိချင်တာပါ။"
ပထမတော့ သူမတို့အိမ်ထောင်ရေး မပြိုကွဲလို၍ ယောက္ခမ အပြစ်ရှာသည့်ကိစ္စကို သူမယောကျာ်းသိသိ မသိသိ သည်းခံလိုက်မည်ဟု တွေးထားလိုက်သည်။ သို့သော် အချိန်တွေကြာလာတော့ သူမ ကြာရှည်သည်းခံနိုင်မည်မဟုတ်မှန်း သိလိုက်ရသည်။
သူမယောကျာ်းကို မြင်လိုက်တိုင်း သူ့အမေက သူ့မိန်းမကို အနိုင်ကျင့်နေတာ သိထားလား မသိဘူးလား သူမသိချင်လာမိသည်။ သိလျက်နှင့် မသိချင်ယောင် ဆောင်နေခဲ့သည်ဆိုလျင် သူမ ဤနှစ်တွေ အတွင်း သူ့အတွက်ပေးဆပ်ခဲ့သည်များက တန်ရဲ့လားဟုတွေးမိပြန်၏။
ထို့ကြောင့် သူမ သိရမှ ဖြစ်မည်။ သူမနှင့် နှစ်အတော်ကြာအတူအိပ်လာသည့် သည်လူက လူစိတ်ရှိသူလား။ မကောင်းဆိုးဝါးလား ဆိုသည်ကို သိရမှဖြစ်မည်။