← Chapters

Chapter 91

Vol. 7 Ch. 91

Chapter 91

Vol. 7 Ch. 91

လင်းဝေ့နှင့် လျိုတန်းတို့ ခြံထဲကထွက်လာတော့ လျိုတန်းက လင်းဝေ့လက်ကိုကိုင်ကာ မေးလိုက်သည်။

" စောနက ရှောင်ယန်းရဲ့ ယောက္ခမမျက်နှာကို တွေ့လိုက်လားး ကျွတ် ကျွတ် ကျွတ် သူ့ကိုအမြဲပြုံးနေတာပဲ တွေ့လို့ စိတ်ထားကောင်းမယ်ထင်တာ။ အခုကြည့်ရသလောက်တော့ ရှောင်ယန်းနဲ့ သူ့ယောက္ခမ မတည့်လောက်ဘူးထင်တယ်"

" သူတို့နှစ်ယောက် အကြောင်းမသိဘူးလား "

" ဘာအကြောင်းလဲ?"

" ယန်းယီရဲ့ ယောက္ခမကြီးက သူ့သား ချီထောင်ရဲ့ ကွယ်ရာမှာဆို ယန်းယီကို အရမ်းနှိမ်တာတဲ့"

"အာ့လိုကိစ္စမျိုးရှိတယ်လား" ဟုလျိုတန်းက ကြောင်အသွားသည်။

"အစ်မတို့က အိမ်နီးချင်းပဲကို အာ့လိုကိစ္စမျိုး တစ်ခါမှ မကြားမိဘူးလား"

လျိုတန်းကလည်း ခဏရပ်ကာ စဥ်းစားလိုက်၏။

"တစ်ခေါက် ကျွန်မအပြင်သွားတော့ သူတို့အိမ်ဘက်ကနေ ကျယ်ကျယ်လောင်လောင် အသံတွေကြားရလို့ စိုးရိမ်ပြီး တံခါးခေါက်ပြီး သွားမေးကြည့်လိုက်တယ်လေ။ အာ့အချိန် ချီထောင်အမေက သူ့သားငယ်ကို ဆူနေတာလို့ပြောတယ်။ ရှောင်ယန်းကလည်း ဘာမှ ပြန်မငြင်းတော့ကျွန်မလည်း သိပ်မတွေးပဲ ထားလိုက်တော့တာပေါ့" ဟုပြောရင်း မျက်မှောင်ကြုံ့လိုက်ကာ ထပ်ပြော လိုက်သည်။

"အာ့အချိန်တုန်းက ယန်းယီက သူ့ယောက္ခမရဲ့ အနှိပ်ကွပ်ခံနေရတာများလား"

လင်းဝေ့ကလည်း တွေးဆကာ " ဖြစ်နိုင်မယ်" ဟုပြောလိုက်သည်။

လျိုတန်းကလည်း တွေးရင်းတွေးရင်း မယုံကြည်နိုင်စွာဖြင့် ခေါင်းခါလိုက်သည်။ "မဖြစ်နိုင်ဘူး ထင်တယ်နော်။သူက ရှောင်ယန် အပေါ်အရမ်းကောင်းတာ။ တစ်ကယ် ပညာအပြခံရတယ် ဆိုလည်း ကျွန်မ မေးတဲ့အချိန် ရှောင်ယန်းက ဘာလို့ ဘာမှ ပြန်မဖြေတာလဲ"

"တစ်ကယ်လို့ သူသာ သူ့ချွေးမအပေါ် တစ်ကယ် ကောင်းတယ် ဆိုရင် ဘာလို့ စောနကလိုမျိုးစကားထွက်လာမှာလဲ။ သူက သိပ်မတွေးပဲ ဒီအတိုင်းပဲပြောလိုက်တာပါလို့ပြောနေတာပဲ။ ဒါပေမယ့် ရှင်ဆိုရင်ကော အာ့လိုစကားကိုဘာမှ မတွေးပဲ ပြောမလား"

လျိုတန်းလည်း ချက်ချင်းခေါင်းခါလိုက်သည်။ "မပြောပါဘူး"

အမျိုးသမီးချီ၏ စကားတွင် ဆဲဆိုသည့်စကားလုံးတစ်လုံးမှ မပါသော်လည်း စကားအဓိပ္ပါယ်ကဘအထင်သေးမှုများပါနေ၏။ ယန်းယီမှာ အလုပ်မရှိဘူးဆိုရင်တောင် မိတ်ဆွေသူငယ်ချင်းများနှင့်စကားစမြည် ပြောသည်ကလည်း အလုပ်အကြောင်းပြောကြမည် မဟုတ်ချေ။

အကယ်၍ အမျိုးသမီးချီက ယန်းယီကို သဘောမကျဘူးဆိုလျင်တော့ ထိုကဲ့သို့ အထင်သေးစကားများကို အမြဲပြောနေကျဖြစ်ပေလိမ့်မည်။

သို့သော် ယန်းယီက ဤမိသားစုအတွက် နှစ်အတော်ကြာအနစ်နာခံခဲ့သူဖြစ်သည်။ အမျိုးသမီးချီကလည်း သူကျွန်းပေါ် စရောက်ကတည်းက ယန်းယီကောင်းကြောင်းကိုသာ လူရှေ့ပြောထားရာ မိသားစုအိမ်ရာရှိလူတိုင်းက သူတို့ကို စံပြယောက္ခမနှင့် စံပြချွေးမဟု ပင် သတ်မှတ်ထားကြလေသည်။

ထိုကဲ့သို့ကောင်းမွန်လှသည့် ယောက္ခမက သူ့ချွေးမကို အထင်သေးကာနှိမ်သည်ဟုဆိုပါက လူတိုင်းက အံ့သြသွားကြမည်ဖြစ်သည်။

လျိုတန်းလည်း တွေးရင်းကြက်သီးထလာ၍ လင်းဝေ့လက်ကိုကိုင်ကာ မေးလိုက်သည်။ "ဒီကိစ္စတွေကို ချီထောင်သိတယ်လို့ထင်လား"

လင်းဝေ့က ပြန်မဖြေနိုင်သေးခင် လျိုတန်းက သူ့အဖြေသူပြန်ဖြေလိုက်သည်။ "စောနက ဖြစ်သွားတဲ့ မျက်နှာ အမူအရာအရတော့ မသိသေးတဲ့ပုံပဲ"

"အာ့လိုဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ"

ယန်းယီသည် လင်းဝေ့အိမ်ခြံဝန်းထဲ ထိုင်နေစဥ် လင်းဝေ့သည် လျိုတန်းကို ခေါ်ကာပြန်လာသည်ကို တွေ့လိုက်ရသည်။

ယန်းယီနှင့်လျိုတန်းသည် အိမ်နီးချင်းများဖြစ်သော်လည်း လျိုတန်းကလည်း အမြဲ အလုပ်သွားရကာ ယန်းယီကလည်း အဝတ်လျှော်ထမင်းလျက် စသည့်အိမ်အလုပ်များဖြင့်အမြဲ အလုပ်ရှုပ်နေသူဖြစ်သည်။

ထို့ကြောင့် ယန်းယီနှင့် လျိုတန်းသည် အမြဲမျက်မှန်းတန်းမိကြသော်လည်း ရုံးပိတ်ရက်များမှ လွဲရင် ကျန်သည့်အချိန်များတွင် စကားမပြောဖြစ်ကြပေ။

ယန်းယီသည် တော်ရုံပြသနာရှာတတ်သည့်သူမျိုးမဟုတ်ပေ။ လင်းဝေ့ကို ဖွင့်ပြောရခြင်းမှာလည်း သူမ သည်းမခံနိုင်တော့၍သာဖြစ်သည်။ တစ်ခြားလူများရှေ့တွင်တော့ ငြိမ်းချမ်းသည့် မျက်နှာသွင်ပြင်ကိုပဲပြကာ အပြုံးကို အမြဲဆင်မြန်းထားမည်ဖြစ်သည်။

လင်းဝေ့ လျိုတန်းကို ခေါ်ရန်အပြင်ထွက်သွားချိန်တွင် သူမတစ်ယောက်ထဲတိုင်ကာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုပြန်စဥ်းစားပြီး စိတ်မထိန်းနိုင်ဖြစ်လာခဲ့သည်။

ကျုံးရှောက် သူ့သားနှစ်ယောက်ကို ရေချိုးပေးနေစဥ် ရေသောက်လို၍ ရေလာယူစဥ် ယန်းယီ၏ ငိုယိုနေသံကိုကြားလိုက်ရသည်။ သူကယောကျာ်း တစ်ဦး ဖြစ်နေ၍ သွားချော့မော့ရန်လည်း မသင့်တော်ပေ။ သူများက သူ့ကြောင့် ငိုသွားသည် ထင်မည်စိုး၍ဖြစ်သည်။

ကလေးနှစ်ယောက်ကိုလည်း ရေချိုးပေးနေဆဲတန်းလန်းဖြစ်၍ ယန်းယီကို ထိုအတိုင်းသာ ထားလိုက်သည်။

လင်းဝေ့နှင့် လျိုတန်း ခြံထဲဝင်လာတော့ ယန်းယီ၏ မို့အစ်နေသော မျက်လုံးကို မြင်လိုက်၍ လျိုတန်းက လင်းဝေ့ကို ဆွဲကာ တိုးတိုး မေးလိုက်သည်။

" ရှောင်ယန်းက သူ့ယောက္ခမ သူ့ကိုအနိုင်ကျင့်တဲ့အကြောင်း ဝေ့ဝေ့ကို ပြောပြခဲ့တာလား"

"ဟုတ်တယ် " လင်းဝေ့ ခေါင်းငြိမ့်လိုက်သည်။

"ဒါဆို ကျွန်မကို ခေါ်လာတာက ယန်းယီကို ချော့မော့ဖို့လား"ဟု လျိုတန်းက မှန်းကာ ပြောလိုက်သည်။

လင်းဝေ့ကလည်း ဖုန်းကွယ်မထားပဲ အမှန်အတိုင်းပြောလိုက်သည်။ "မဟုတ်ဘူးး ယန်းယီက သူ အနှိပ်ကွပ်ခံနေရတဲ့ကိစ္စ ချီထောင်သိမသိ စုံစမ်းတဲ့နေရာမှာ ရှင့်ကို အကူအညီတောင်းချင်လို့"

လျိုတန်းကလည်း ပါးနပ်သူဖြစ်၍ လင်းဝေ့၏စကားကိုကြားလိုက်သည်နှင့် ယန်းယီ၏ယောက္ခမသည် သူမမြင်ခဲ့သည်ထက်ပိုကာ ယန်းယီအပေါ် ဖိနှိပ်မည်မှန်းသိလိုက်သည်။ ထို့ကြောင့်သာ ယန်းယီက ချီထောင်အပေါ် သံသယဝင်လာနိုင်၏။

ထို့ကြောင့် လျိုတန်းလည်း ဤကိစ္စကို သေသေချာချာ တွေးကြည့်လာမိသည်။

ချီထောင် တစ်ယောက် တစ်ကယ်ပဲ သူ့အမေက သူ့မိန်းမကို သူ့နောက်ကွယ်မှာ နှိပ်ကွက်နေတာကို မသိတာလားးး။ သိရက်သားနဲ့ မသိဟန်ဆောင်ခဲ့တယ် ဆိုရင်တော့ ယန်းယီက ဘယ်လိုဘဝမျိုးမှာ နေထိုင်ခဲ့ရတာလဲ။

ထိုသို့တွေးလိုက်ရင်း လျိုတန်း ကျောပင်ချမ်းလာကာ လင်းဝေ့ကို ချက်ချင်းမေးလိုက်သည်။"ကျွန်မ ဘာလုပ်ပေးရမလဲ"

"အာ့အကြောင်း ခဏနေပြောကြမယ်"ဟု လင်းဝေ့ကပြောလိုက်ပြီး လက်ကိုင်ပုဝါထုတ်ကာ ယန်းယီကို ပေးလိုက်၏။

"မျက်ရည်တွေသုတ်လိုက်ဦး"

ယန်းယီကလည်း ကျေးဇူးတင်စကားပြောကာ မျက်ရည်သုတ်လိုက်သည်။ "ကျွန်မတော့ ရှင်တို့အတွက် ရီစရာဖြစ်နေပြီပဲ"

"သူငယ်ချင်းတွေပဲကို ဒါတွေပြောစရာလိုလို့လား"ဟု လျိုတန်းက စိတ်ဆိုးကာပြောလိုက်သည်။ ယန်းယီ၏ ဝမ်းနည်းနေသည့်ပုံစံကိုမြင်ကာ သနားမိသွားပြန်သည်။

"ရှင်ကတော့လေ ကိစ္စတိုင်းကို အမြဲသေချာလုပ်နေတဲ့လူက ဘာလို့ အာ့စုန်းမရှေ့မှာမှ ကြောက်နေရတာလဲ"

လျိုတန်းက ဂရုဏာဒေါသောဖြင့် ပြောသည့်စကားကိုကြားတော့ လင်းဝေ့က ချောင်းဟန့်ပြကာ တိုးတိုးပြောလိုက်သည်။" ဒီမှာ ကြည့်နေတဲ့ မျက်လုံးတွေရှိတယ် စကားပြောဂရုစိုက်"

လျိုတန်းလည်း လင်းဝေ့ အလုပ်ကိစ္စကို ကောင်းရှို့လျန်ကြားသွားကာ ဝင်ရှုပ်လိုက်သည်ကို သတိရလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ ပြောချင်သည့်စကားလုံးများကို မြိုသိပ်လိုက်သည်။

ယန်းယီကို လင်းဝေ့တို့ ချော့မော့ပြီးချိန် ကျုံးရှောင်ကလည်း ကလေးနှစ်ယောက်ကို အဝတ်လဲပေးပြီးပြီဖြစ်သည်။

ရေချိုးပြီး၍ မင်မင်သည့်မင်မင်က တက်ကြွကာ လန်းဆန်းနေပြီး ဖိနပ်စီးကာ ခုန်ပေါက်ထွက်လာ၏။ ထိုစဥ် သူ့အမေနဲ့ အန်တီနှစ်ယောက်ကို တွေ့လိုက်ရသည်။

"အန်တီယန်း အန်တီလျို မေမေ သားရှောင်ရှီးဆီ သွားကစားလို့ရမလား."

"သွားကစားလို့ရတယ် အဝတ်အစားတွေတော့ မပေစေနဲ့" ဟု လင်းဝေ့က ပြန်အော်ပြောလိုက်သည်။

မင်မင်ကတော့ အပြင်သွားဆော့လို့ရရင် ပြီးရော ဘာဖြစ်ဖြစ် ကတိပေးလိုက်မည် ဖြစ်သည်။ ထို့ကြောင့် သူ့အမေကို အဝတ်အစားများမပေစေရဟု ကတိလွယ်လွယ်ပေးလိုက်ကာ ရွေ့ရွေ့ကို အော်ခေါ်လိုက်သည်။

"ညီလေး အမြန်လုပ် မေမေက ငါတို့ကို ရှောင်ရှီးရှီးနဲ့သွားကစားခွင့်ပြုထားတယ်"

ရွေ့ရွေ့ကလည်း သူ့အစ်ကိုရဲ့စကားသံကြားသည်နှင့် အမြန်ပြေးထွက်လာသည်။ လင်းဝေ့တို့ သုံးယောက်ကို တွေ့တော့နှုတ်ဆက်လိုက်ပြီး ညီအစ်ကိုနှစ်ယောက် လက်တွဲကာ သူတို့သူငယ်ချင်းအိမ်ပြေးသွားတော့သည်။

"အရမ်းမြန်မြန်မပြေးနဲ့လေ" ဟု လင်းဝေ့က သူ့ကလေးနှစ်ယောက်ကို လှမ်းသတိပေးလိုက်ကာ ယန်းယီဘက်လှည့်ပြီး မေးလိုက်၏။

"အပြင်ဘက်မှာ စကားသွားပြောချင်လား"

လင်းဝေ့အိမ်တွင် ကျုံးရှောက်ရှိမှန်း သိလိုက်၍ ယန်းယီကလည်း ခေါင်းငြိမ့်လိုက်သည်။"အပြင်သွားကြရအောင်"

လင်းဝေ့လည်း ကလေးနှစ်ယောက်၏ ညစ်ပတ်နေသည့်အဝတ်များလျှော်ကာ ထွက်လာသော ကျုံးရှောက်ကို လှမ်းပြောလိုက်သည်။"ကျွန်မတို့ အပြင်လမ်းလျှောက်ရင်းစကားပြောလိုက်ဦးမယ်နော်"

ကျုံးရှောက်လည်း ဧည့်သည်နှစ်ယောက်ကို နှုတ်ဆက်လိုက်ကာ ခေါင်းငြိမ့်လိုက်သည်။ "အင်းး စောစောပြန်လာခဲ့နော်"

………………

အမှန်တော့ ညနေခင်းပိုင်းအချိန်တွင် ပင်လယ်ဘက်လမ်းလျှောက်ကြသူများလည်း ရှိပါသည်။ သို့သော် လင်းဝေ့တို့အိမ်ဘက်က အစွန်ပိုင်းဖြစ်၍ လင်းဝေ့တို့ဘက်အခြမ်းကမ်းခြေတွင် လူခြေတိတ်သည်။ ထို့ကြောင့် သူမတို့ ဆွေးနွေးမည့်ကိစ္စကို လူသိမည်ကိုလည်း စိုးရိမ်စရာမလိုပါ။

ထို့ကြောင့်အိမ်က ထွက်လာပြီး လင်းဝေ့သည် လျိုတန်းကို ယန်းယီ၏ အဖြစ်အပျက်များ ရှင်းပြလိုက်သည်။

အရင်က ခန့်မှန်းချက်သာ ရှိသေးသော်လည်း အကြောင်းစုံသိရချိန်တွင်မူ လျိုတန်းသည် ယန်းယီအစားဒေါသများထွက်လာ၏။ ထို့ကြောင့် ယန်းယီကိုလည်း ဂရုဏာဒေါသောဖြင့် ဆူပူမိလေ၏။

"အာ့စုန်းမအိုက ဒီလိုတွေနှိပ်ကွပ်နေတာကို ဘာလို့ တစ်ချိန်လုံးသည်းခံနေရတာလဲ"

"ကျွန်မလည်း ပြန်ပြောချင်ပေမယ့် ယောက္ခမကြီးက ကျန်းမာရေးလည်း မကောင်းလို့ပြန်မပြောနိုင်ခဲ့တာပါ"

"ကျန်းမာရေးမကောင်းတဲ့သူကလည်း ကိုယ့်ချွေးမကို နှိပ်ကွပ်နေတဲ့အချိန်ကျ လန်းဆန်းတက်ကြွနေတာပဲနော်"ဟု လျိုတန်းက ဒေါသတကြီးပြောပြန်သည်။

ယန်းယီလည်း ထိုသို့တွေးမိသော်လည်းသူမအနေဖြင့် ဘာမှ မတတ်နိုင်ချေ။ ယောက္ခမကြီးက သူ့အထက်အကြီးဖြစ်၍ သူမကိုသာ အပြစ်တင်စရာဖြစ်သွားမည်ကိုစိုးမိ၏။

ယန်းယီ၏ ခါးသီးနေသည့်မျက်နှာကိုတွေ့တော့ လျိုတန်းလည်း လေသံကိုလျှော့လိုက်သည်။ "ပြန်မပြောရဲဘူးဆိုလည်း တစ်ခါတစ်လေအော်ပစ်လိုက်ပါလား။ ရှင့်ယောက္ခမက သိက္ခာထိမ်းတတ်တဲ့သူဆိုတော့ အာ့လိုလုပ်ရင် သူ့မျက်နှာပျက်မှာစိုးလို့ သူလည်း ပြန်လျော့သွားမယ် ထင်တာပဲ"

သို့သော် ယန်းယီသည် ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။

"ခက်တာက ကျွန်မပြောတာ ဘယ်သူမှ ယုံမှာမဟုတ်ဘူးလေ"

ယန်းယီ ယောက္ခမသည် လူရှေ့မျက်နှာလိုချင်သူဖြစ်၍ အပြင်ဘက်တွင်တော့ အပြောချိုသာသူဖြစ်သည်။ထို့ကြောင့် လူတိုင်းက သူ့ကို ယောက္ခမဆိုးဟု မထင်ကြပေ။

ထို့ကြောင့် ယန်းယီပင်လျင် သူ့အပေါ် ဆက်ဆံပုံပြောင်းလဲလာစဥ်က သူ့ယောက္ခမပြောင်းလဲသွားသည်ဟု မထင်ပဲ သူအမှားလုပ်မိ၍ဆူသည်ဟုသာ ထင်ခဲ့မိ၏။ နောက်ပိုင်းမှ နားလည်လာသည်က သူ့အမှားကြောင့်မဟုတ်ပဲ သူ့ယောက္ခမက ပြောင်းလဲသွားခြင်းမှန်းသိလိုက်ရသည်။

ထိုသို့သိလိုက်ရပြီးနောက် သူများကို ပြောပြမိသော်လည်း တစ်ခြားသူတွေက သူမကိုသာ တအံ့တသြကြည့်ကာ မေးကြလေသည်။ "ရှင့်ယောက္ခမကြီးက ရှင့်အပေါ် အရမ်းကောင်းတာ မကျေနပ်နိုင်သေးဘူးလား"

နောက်ပိုင်းမှ သိလာသည်က သူမယောက္ခမသည် တစ်ခြားသူရှေ့တွင် သူမကို သမီးအရင်းသဖွယ် ဆက်ဆံပြီး လူကွယ်ရာကျမှ အပြစ်ရှာနေမှန်း သိလိုက်ရသည်။

ထို့ကြောင့် သူမယောက္ခမက သူမကို အပြစ်ရှာသည်ဟုပြောသော်လည်း မည်သူမျှ မယုံကြချေ။ ထို့ကြောင့် သူများအမြင်တွင် အရမ်းကောင်းပြသည့်ယောက္ခမကို မည်ကဲ့သို့ ဆက်ဆံရမည်မှန်း မသိတော့ချေ။

ယန်းယီတစ်ယောက် သူ့အမေကို ဤအကြောင်းပြောပြခဲ့သော်လည်း သူ့အမေက မယုံခဲ့ပေ။ နောက်သူ့သမီးကခဏခဏပြောလွန်း အိမ်လိုက်နေကြည့်ရာ သူ့အမေလည်း ယောက္ခမကြီး၏ အရူးလုပ်တာခံလိုက်ရသည်။ ထို့နောက်ယန်းယီ အမေလည်း ထိုကိစ္စကို ထပ်မပြောရန် ယောက္ခမကြီးကို အပြစ်မမြင်ရန်ဆုံးမသွား၏။

နောက်ပိုင်းယန်းယီလည်း ဘာလုပ်ရမှန်းမသိတော့၍ ချီထောင်ကို တပ်ထဲခေါ်ပေးရန်ပြောကာ ကျွန်းပေါ်ပြောင်းလာခဲ့လိုက်၏။

ယန်းယီ ကျွန်းပေါ်သွားတော့မည်ဟုကြားသောအခါ ယောက္ခမကြီးက မပျော်မရွှင်ဖြစ်ပြီး သဘောမတူခဲ့ပေ။

သို့သော် ချီထောင်က သူတို့လက်ထပ်ပြီးကတည်းက သူ့မိန်းမသည် အမေနဲ့ညီလေးကိုပြုစုစောင့်ရှောက်ပေးဖို့ သူတို့လင်မယားနှစ်ယောက် ခွဲနေခဲ့ကြတာကြာပြိီဖြစ်၍ သူ့အမေက ယန်းယီနှင့် မခွဲလိုလျင် သူ့အမေလည်း တပ်ထဲ လိုက်နေနိုင်ကြောင်း ပြောလိုက်သည်။ တပ်မိသားစုအိမ်ရာကလည်း ကျယ်ဝန်း၍ အတူနေထိုင်၍ရပါ၏။

တစ်ခြားသူများဆိုလျင် သူတို့သားက တပ်ထဲလိုက်နေဖို့ခေါ်လျင် ဝမ်းပန်းတသာ လိုက်သွားကြမည်ဖြစ်သည်။ သို့သော် အမျိုးသမီးချီက ထိုသို့သောလူမျိူးမဟုတ်ပေ။

သူမတွင် သားနှစ်ယောက်ရှိကာ သားကြီးသည် ငယ်ရွယ်ပြီး တက်လမ်းရှိသည့်စစ်သားဖြစ်သော်လည်း သူ့အတွက်တော့ သားကြီးသည် သားငယ်လောက် ပြောဆိုဆုံးမရ မလွယ်ပေ။ အမျိုးသမီးချီ၏ စိတ်ထဲတွင် သားငယ်သာ ပိုနေရာယူထားလေ၏။

ထို့ကြောင့် သားကြီးနှင့် လိုက်မနေချင်၍ ယန်းယီကိုသာ တပ်ထဲ လိုက်နေခွင့်ပြုလိုက်ရ၏။

All Chapters