← Chapters

Chapter 94

Vol. 8 Ch. 94

Chapter 94

Vol. 8 Ch. 94

လျိုတန်းလည်း သူ့ယောကျာ်းပြောပြသည်ကို နားထောင်ရင်း တွေးနေလိုက်သည်။ "သူ့အိမ်ကနေ ကျွန်မ ဆူဆူညံညံ အသံကြားတယ် ပြောတော့ သူ့မျက်နှာ အနေအထားက ဘယ်လိုမျိုးလဲ"

"မျက်မှောင်ကြုံ့ပြီး တွေးနေတဲ့ပုံပဲ."

"ဒါဆို အာ့ကိစ္စအကြောင်း သူ မသိဘူးဆိုတဲ့ သဘောလို့ ရှင်ထင်လား"

ရှင်းတုန်းလည်း ကုတင်ခေါင်းရင်းကို မှီကာ ထိုင်လိုက်ပြီး လက်ထဲကသောက်ရေခွက်ကို ကစားကာ မေးလိုက်သည်။

" ဒီကိစ္စက မင်းသိချင်တာလား ရဲဘော်ယန်း သိချင်တာလား ဆိုတာ ကိုယ့်ကို အရင်ပြောပြ"

လျိုတန်း မျက်နှာအမူအရာ တန့်သွား၏။

"ဒါ့ကြောင့်ကိုးးး" ဟု ရှင်းတုန်းက အသံရှည်ဆွဲကာ ပြောလိုက်သည်။

"ရှင်ဘယ်လို သိသွားတာလဲ" လျိုတန်းက ရှက်ရှက်နှင့်မေးလိုက်၏။

"မင်းစပြောကတည်းက ချီထောင်အမေ ယန်းယီကို နှိပ်ကွက်တဲ့ကိစ္စက သေချာသလို ပြောနေခဲ့တာလေ။ မင်းကလည်း ချီထောင်ကို အတင်းမေးခိုင်းနေလို့ ရိပ်မိလိုက်တာပါ"

ချီထောင်ကို မေးခိုင်းသည့်အတွက်လည်း သူ့မိန်းမကို အထင်မသေးမိပါ။ သူတို့လင်မယားနှစ်အတော်ကြာပေါင်းသင်းလာကြ၍ သူ့မိန်းမအကြောင်း စိတ်နေစိတ်ထားကိုလည်းသူသိပါ၏။

သို့သော် သူသိသည့်အကြောင်းလည်း ချက်ချင်းမပြောရဲသည်က လျိုတန်း၏ လက်ဝါးစာမိမည် စိုး၍ဖြစ်သည်။

"ရှင်သိပြီးတာတောင် ချီထောင်ကို မေးပေးသေးတယ်ပေါ့"

"ကိုယ်မမေးပေးလို့ ဘယ်ရမလဲ မင်းက ကိုယ့်ကို ချီထောင်နဲ့ တစ်လှေထဲ စီးတဲ့သူလို့ ထင်သွားမှာပေါ့။" ဟု ပြောပြီး ရှင်းတုန်းက သက်ပြင်းလေးချလိုက်သည်။

"ကိုယ်ကြည့်ရသလောက်တော့ ချီထောင်က သူ့အမေနဲ့ သူ့မိန်းမကြားဖြစ်နေတာတွေ အသိလောက်ဘူးထင်တယ်။ သူတို့သမီးယောက္ခမကြားပဲ ဖြစ်နေတာထင်တယ်"

သူ့အမေ နှင့် သူ့မိန်းမကြားဖြစ်နေသည့်ပြသနာကိုတောင်မသိဘူးဆိုတော့ ချီထောင်က တုန်းလွန်းသည်ဟု ထင်မိသည်။ သို့သော် ချီထောင်၏ မိသားစု အခြေအနေကို စဥ်းးစားလိုက်လျင် ချီထောင်အမေက ဟန်ဆောင်ကောင်းကာ သူ့မိန်းမကလည်း ပွင့်ပွင့်လင်းလင်းမပြော ချီထောင်ကလည်း အလုပ်ကိစ္စများဖြင့် ရှုပ်နေတတ်ရာ ထိုပြဿနာကို မသိသည်က ဖြစ်နိုင်ချေရှိ၏။

ပတ်ဝန်းကျင်ရှိလူများကလည်း ချီထောင်၏ အမေသည် သူ့ချွေးမအပျော် သဘောကောင်းသည်ဟုသာ ထင်ကြ၏။ သူကိုယ်တိုင်ပင် မနေ့ညအထိ အမျိုးသမီးချီကို စိတ်ထားကောင်းသည်ဟု ထင်နေမိ၏။

လျိုတန်းကတော့ သူ့ယောကျာ်းတွေးနေသည်ကို မသိပဲ စောနက သူ့ယောကျာ်းပြောလိုက်သည့် ချီထောင်မသိလောက်ဟု ပြောသည်စကားကြားကာ မျက်လုံး အရောင် လက်သွားသည်။"တစ်ကယ်ကြီးလား"

ရှင်းတုန်းကလည်း ခေါင်းငြိမ့်လိုက်သည်။"အာ့တုန်းက သူ့မျက်နှာ အမူအရာက ဟန်ဆောင်နေတယ်ဆိုရင်တော့ ကိုယ်နှစ်အကြာကြီး ခင်လာတဲ့ ချီထောင်က သူမဟုတ်ဘူးလို့ပြောရမယ်"

စစ်သားတစ်ယောက်ကို အလွယ်တကူ အရူးလုပ်၍ ရမည်ဟု မထင်ပါနှင့်။ ရှင်းတုန်းတို့လို နောက်ခံမရှိပဲ ကိုယ့်အားကိုယ်ကိုးကာ အမြင့်တက်လာသည့်လူမျိုးသည် လူအကဲခတ်လည်း တော်ပါ၏။

ချီထောင်က ပြီးပြည့်စုံစွာကောင်းမွန်နေသည့်လူတစ်ယောက်တော့ မဟုတ်ပေမယ့် စိတ်ထားဆိုးဝါးနေသူတော့မဟုတ်ပါ။ သူသိရသလောက် ဖြောင့်မတ်သည့်သူဖြစ်ပါသည်။

သို့သော် ရှင်းတုန်းတော့ လုံးဝတော့ အာမမခံခဲ့ပါ။"သူ ဘာဆက်လုပ်မလဲ ဆိုတာ ကြည့်ရမှာပဲ"

အကယ်၍ ချိီထောင်က သူ့အမေနဲ့ သူ့မိန်းမအကြားပြသနာကို သေချာရှင်းလင်းပေးခဲ့လျင်တော့ ယန်းယီအတွက် စိတ်သက်သာရာ ရနိုင်မည်ဖြစ်သော်လည်း ချီထောင်က သူ့အမေကို သည်းခံပေးရန် ယန်းယီကို ပြောခဲ့ပါက ယန်းယီ၏ အနာဂတ်ကတော့ စိတ်ညစ်စရာများသာဖြစ်နေတော့မည်။

……………………

ညနေစာ စားပြီးကြတော့ ရှင်းတုန်းသည် ချီထောင်ကို ခေါ်လာပြီး လျိုတန်းကို သူသိလိုသည်များ မေးစေခဲ့သည်။

လျိုတန်းကို မေးမြန်းသည်က ကိုးမိနစ်ခန့်သာကြာလိုက်ပြီး ချီထောင်ကလည်း သူသိလိုသည်များကို အသေးစိတ် မေးမြန်းလိုက်သည်။ မေးမြန်းပြီး နောက် မျက်နှာအခြေအနေ မကောင်းဖြစ်သွားပြီး လျိုတန်းကို ကျေးဇူးတင်စကားပြောလိုက်သည်။

လျိုတန်းကလည်း ချီထောင်ကို နားလည်ပေးလိုက်သည်။ သူသိထားသည့် သာယာသည့်မိသားစုလေးက ကွဲလွဲနေရာ ချီထောင်၏ စိတ်အခြေအနေလည်း ကောင်းနိုင်မည်မဟုတ်ချေ။

ထို့ကြောင့် လျိုတန်းသည်လည်း ချီထောင်သည် သူ့အမေနှင့် သူ့မိန်းမကြားက ပြဿနာကို မသိဟုတွေးလိုက်မ်ိ၏။ ချီထောင် ပြန်သွားပြီးနောက် ရှင်းတုန်းဆီ သူတို့ကလေးများကို ခြေလက်ဆေးပေးရန် အပ်ပေးလိုက်ပြီး လင်းဝေ့ဆီ သတင်းတင်ပြရန် အလျင်အမြန်ထွက်သွားလိုက်သည်။

လျိုတန်း လင်းဝေ့အိမ်ရောက်တော့ လင်းဝေ့က အပေါ်ထပ်ဝရံတာရှိ ပန်းပင်များကို ရေလောင်းနေ၏။

ပန်းအိုးထဲ စိုက်ထားသည့်ပန်းများဖြစ်၍ အမြဲစိုစွတ်နေစေရန် ရေပုံမှန်လောင်းပေးဖို့ လိုအပ်သည်။အောက်တိုဘာလ ဖြစ်သော်လည်း ယားကျိုကျွန်း၏ အပူချိန်က ပြင်းကာ ပန်းအိုးများကိုလည်း တစ်နေ့ရေနှစ်ကြိမ်လောင်းပေးဖို့လိုအပ်ပါ၏။

လင်းဝေ့ အလုပ်မဝင်ခင်ကဆိုလျင် မနက်တိုင်းပုံမှန်လောင်းလေ့ရှိရာ အလုပ်ရှိပြီးနောက်ပိုင်း ပုံမှန် မလောင်းဖြစ်တော့ပေ။

ထို့ကြောင့် ဤနေ့ညနေပိုင်းတွင်လည်း ထမင်းစားပြီးတော့ အောက်ထပ်မှာ အသစ်စိုက်ထားသည့်ပန်းများကို တွေ့လိုက်မှ အပေါ်ထပ်မှ ပန်းများကိုရေလောင်းရန်သတိရလိုက်ပြီး အပေါ်ထပ်တက်ကာ ရေလောင်းနေခြင်းဖြစ်သည်။

ရေလောင်းနေရင်း လင်းဝေ့သည် ကျုံးရှောက်ကို အပေါ်မှ အပင်များအား အောက်ရွေ့ခိုင်းရမည်ဟုတွေးလိုက်၏။ အခု ပန်းပင်များက အပေါ်ထပ် ဝရံတာပေါ်ရောက်နေ၍ သတိမထားမိရုံမက ရေလောင်းရန် အပေါ်ထပ်သို့ပင် တက်လောင်းရသေး၏။ အောက်ထပ်ရွေ့ထားမှသာ အမြဲသတိထားမိပြီးရေလောင်းဖြစ်မည်ဖြစ်သည်။

ထိုသို့တွေးနေစဥ် အောက်ထပ်ရှိအသံကြား၍ ငုံ့ကြည့်လိုက်ရာ လျိုတန်းက အောက်ထပ်ကနေ လက်ပြနေသည်ကို တွေ့လိုက်ရ၏။

လျိုတန်း၏ ပြုံးရွှင်နေသည့်မျက်နှာကို မြင်လိုက်ရ၍ ရလဒ်ကလည်း ကောင်းမွန်မည်ဟု ခန့်မှန်းလိုက်၏။

"အိမ်ထဲ ဝင်လာလိုက်အစ်မ ကျွန်မ ဆင်းလာခဲ့မယ်"

လျိုတန်းလည်း အိမ်အနောက်တံခါးပေါက်မှ ဧည့်ခန်းထဲ ဝင်လာလိုက်သည်။

ဧည့်ခန်းထဲတွင် ကျုံးရှောက်သည် စိတ်မကြည်သည့်ပုံဖြင့် စာတစ်စောင်ကို ဖွင့်ဖတ်နေ၏။ သူ့မျက်ခုံးများလည်း တွန့်ချိုးနေကာ စာအိတ်ကလည်း အကြမ်းပတမ်းဆုတ်ဖြဲထားသကဲ့သို့ဖြစ်နေ၏။

ထို့ကြောင့် လျိုတန်းလည်း " ရဲဘော်ကျုံး အိမ်က စာလာတာလား" ဟု ပြောထွက်တော့မည့်စကားကိုပင် ပြန်မြိုချလိုက်သည်။

ဇာတိအိမ်က လာတဲ့စာရရင် မပျော်တဲ့သူ ဘယ်သူရှိလို့လဲ။ သူမ ဆိုလျင် သူမ မိဘ အိမ်က စာလာလျင် အထဲက စာ ပြဲသွားမည်စိုး၍ စာအိတ်ကိုပင် သေသေချာချာ ဖွင့်ခဲ့တာဖြစ်သည်။

အခု ကျုံးရှောက်၏ မျက်နှာ အမူအရာကို ကြည့်လိုက်သည်နှင့် စာပို့လိုက်သည့်သူက ကျုံးရှောက်နှင့် ဆက်ဆံရေးပြေလည်သည့်သူ မဟုတ်နိုင်ချေ။

ထိုသို့တွေးလိုက်ပြီး လျိုတန်းလည်း ကျုံးရှောက်နှင့် ဝေးဝေးမှာ ရှိသည့် ဆိုဖာခုံမှာ အသာ ထိုင်လိုက်ပြီး လင်းဝေ့ ဆင်းအလာကို စောင့်နေလိုက်သည်။

ကျုံးရှောက်သည် စာကို တစ်ချက်ကြည့်ကာ ဆယ်ကြောင်းလောက်ဖတ်လိုက်ပြီးစဥ် ဘေးတွင် လူရှိနေမှန်းသိလိုက်ပြီး မျက်နှာ အမူအရာကို ချက်ချင်းထိန်းလိုက်ကာ လျိုတန်းကို နှုတ်ဆက်လိုက်သည်။

"ဝေ့ဝေ့က အပေါ်မှာ ကျွန်တော်သူ့ကို သွားခေါ်ပေးမယ်လေ"

"သွားမခေါ်ပါနဲ့တော့။ ကျွန်မဝင်လာတုန်းက ဝေ့ဝေ့နဲ့တွေ့ပြီးပါပြီ။ သူမ ရေလောင်းပြီးရင် ဆင်းလာမယ်လို့ပြောပါတယ်"

လျိုတန်း စကားပြောနေတုန်းမှာပဲ လင်းဝေ့က အပေါ်ထပ်မှ ဆင်းလာခဲ့သည်။"ကျွန်မ ခဏ လက်ဆေးလိုက်ဦးမယ်နော်" ဟုပြောကာ အပြင်ဘက်က လက်ဆေးကန်မှာ လက်ဆေးလိုက်သည်။

ကျုံးရှောက်က စာရွက်ကို ပြန်ခေါက်လိုက်ပြီး စာ အိတ်ထဲပြန်ထည့်လိုက်ကာ လက်ဆေးပြီး ပြန်လာသည့် လင်းဝေ့ကို ပြောလိုက်သည်။

"မင်းတို့ စကားပြောနှင့်ကြဦးနော် ကိုယ်အပြင်ကို ဆေးလိပ်တစ်ဘူး သွားဝယ်လိုက်ဦးမယ်"

"ဆေးလိပ်သွားဝယ်မလို့??" လင်းဝေ့ ကြောင်သွား၏။ ကျုံးရှောက် ဆေးလိပ်မသောက်ဖြစ်တာက အတော်လေးကြာပြီဖြစ်သည်။ ဆေးလိပ်ပြတ်ပြီတော့မဟုတ်ပေမယ့် ဝယ်မသောက်ဖြစ်တာ အတော်ကိုကြာပြီဖြစ်သည်။

ကျုံးရှောက်ကလည်း သေချာ ရှင်းမပြခဲ့ပါ။"မင်းမှာ ဆေးလိပ် ကူပွန်လက်မှတ် ရှိသေးလား"

"အပေါ်ထပ်မှာ"

လင်းဝေ့လည်း ကျုံးရှောက် ဘာလို့ ရုတ်တရက်ကြီး ဆေးလိပ်သောက်ချင်ရတာလဲ မသိပါ။"ကျွန်မ အပေါ်ထပ် သွားယူလိုက်မယ်"

"နေပါ။ မင်းတို့စကားပြောနေကြပါ။ ကိုယ်ပဲ သွားရှာလိုက်ပါ့မယ်" ဟု ပြောပြီး ကျုံးရှောက်သည် ကော်ဖီစားပွဲပေါ်က စာအိတ်ကိုယူကာ အပေါ်ထပ်တက်သွား၏။

ကျုံးရှောက် အပေါ်ထပ် တက်သွားမှ လျိုတန်းသည် လင်းဝေ့ကို မျက်နှာရိပ်မျက်နှာကဲပြကာ တီးတိုးပြောလိုက်သည်။

"သူ စိတ်အခြေအနေ ကောင်းပုံမရဘူး။ စောနက စာအိတ်ထဲက စာဖတ်ပြီးကတည်းကပဲ"

လင်းဝေ့လည်း ဘာ့ကြောင့်လည်း စဥ်းစားနေရာမှ လျိုတန်းပြောသည်ကို ကြားလိုက်၍ နားလည်လိုက်သည်။

" အာ့ဒါကြောင့်လားး"

လျိုတန်း ပြောသည့်စာအိတ်သည် နေ့လည်တုန်းက စာပို့သမား လာပို့သွားသည့်စာဖြစ်သည်။ စာအိတ်အပေါ် တွင်လည်း မြို့တော်ရှိ စစ်တပ်ဝင်းလိပ်စာသာ တပ်ထား၍ လင်းဝေ့လည်း အရေးကြီးသည့်စာဟု ထင်ကာ မဖွင့်ကြည့်မိပေ။

ကျုံးရှောက် ညနေပြန်ရောက်လာတော့ စာရောက်ကြောင်းပြောပြလိုက်စဥ် ကျုံးရှောက်ကလည်း စာကိုဂရုမစိုက်ပါ။ ညနေစာ စားပြီးမှ ဧည့်ခန်းထဲထိုင်ကာ ဖွင့်ဖတ်နေခြင်းဖြစ်သည်။

ထို့ကြောင့် စဥ်းစားကြည့်လိုက်လျင် ထိုစဥ်ကတည်းက ကျုံးရှောက် စိတ်အခြေအနေ ပြောင်းလဲသွားတာဖြစ်သည်။ ညနေစာကိုလည်း မြန်မြန်စားကာ ကလေးများက်ိုလည်း သိပ်ဂရုမစိုက်တော့ပါ။

ထိုသို့တွေးနေစဥ်မှာပင် ကျုံးရှောက်သည် အပေါ်ထပ်ကနေ စာအိတ်ကို ကိုင်ကာ ပြန်ဆင်းလာသည်။ လင်းဝေ့တို့ကို နှုတ်ဆက်လိုက်ပြီး နောက်ပေါက်ကနေ အပြင် ထွက်သွား၏။

အပြင်ထွက်သွားသည့် ကျုံးရှောက် နောက်ကျောကိုကြည့်ကာ ကျုံးရှောက်ကို စာပို့သည့်မြို့တော်စစ်တပ်က လူသည် ဘယ်သူနည်းဟု စဥ်းစားလိုက်၏။ သူ့စာထဲမှာ ဘာရေးထားလို့ ကျုံးရှောက်က မျက်နှာ မကောင်းဖြစ်နေရတာလဲ။

"ဝေ့ဝေ့? ဝေ့ဝေ့?"

လင်းဝေ့လည်း လျိုတန်းခေါ်သံကြားလိုက်မှ အသိစိတ်ပြန်ဝင်လာ၏။"ဘာပြောလိုက်တာလဲ အစ်မ"

"ကျွန်မ ဘာမှ မပြောရသေးဘူး။ ဝေ့ဝေ့ဆိုပြီး နှစ်ခေါက်တောင်ခေါ်နေတာ" ဟု လျိုတန်းကပြောပြီး လင်းဝေ့ ငေးနေရသည့်အကြောင်းကို သိလိုက်သည်။

"ရဲဘော်ကျုံးရှောက်ကို စိုးရိမ်နေတာလား"

"မျက်နှာမကောင်းဘူးဖြစ်နေလို့လေ။ ဒါနဲ့ အစ်မတန်းလာတာ ဟိုကိစ္စပြောပြမလို့လား"

"ဟုတ်တယ်" လျိုတန်းက ရှင်းတုန်းပြောပြခဲ့သည်များကို လင်းဝေ့အားပြန်ပြောပြခဲ့သည်။

"ချီထောင်ကို ပြောပြတော့ သူဖြစ်သွားသည့် မျက်နှာအမူအရာကိုကြည့်ရသလောက် မသိသေးတဲ့ပုံပဲ။ သူ့အမေက သူ့နောက်ကွယ်မှာပဲ ယန်းယီကို အနိုင်ကျင့်နေတဲ့ပုံပဲ။"

"အစ်မယန်းကို ပြောပြပြီးပြီလား"

"မပြောပြရသေးဘူး။ ရှောင်ယန်းကို တိုက်ရိုက်သွားရှာလိုက်ရင် ချီထောင် တစ်မျိုးထင်သွားမှာစိုးလို့"

လင်းဝေ့လည်း ခေါင်းငြိမ့်လိုက်သည်။"နှစ်ရက်လောက် ထပ်စောင့်ကြည့်ပြီးတော့ ရဲဘော်ချီ ဘာဆက်လုပ်မလဲ အရင်ကြည့်ကြရအောင်"

"ရဲဘော်ချီကိုကြည့်ရသလောက် ရှောင်ယန်းအကော်တော့ တစ်ကယ် မေတ္တာရှိတဲ့ပုံပဲ။ သူ့အမေ စုန်းမအိုကြီးကို သူဘာလိုလုပ်မလဲမသိဘူး"ဟု လျိုတန်းကလည်း တီးတိုးပြောလိုက်သည်။

လျိုတန်း၏ စုန်းမအိုကြီး ဟူသည့်စကားကိုကြားတော့ လင်းဝေ့က ရယ်လိုက်သည်။" သူတို့ရှေ့မှာတော့ အပြောအဆို ဆင်ခြင်ဦးနော်"

"ကျွန်မကို လျော့မတွက်ပါနဲ့နော်။ကျွန်မလည်း အလုပ်အကိုင်နေရာချထားရေးရုံးမှာ အလုပ်လုပ်နေတဲ့သူပါနော်"ဟု ရီမောကာ ပြန်ပြောလိုက်သည်။

"အော် ဒါနဲ့ ဝေ့ဝေ့ မူလတန်းကျောင်းမှာ အလုပ်ရသွားတုန်းက ကျွန်မတို့ရဲ့ ညွှန်ကြားရေးမှုးလော့မျက်နှာကို မကောင်းဘူး"

လင်းဝေ့လည်း မျက်မှောင်ကြုံ့လိုက်မိသည်။ "အာ့တာက လွန်ခဲ့တဲ့ရက်က ဆိုတော့ ကြာခဲ့ပြီမလား"

"ကျွန်မလည်း အရင်က သေချာမတွေးကြည့်မိဘူး။နောက်မှ စဥ်းစားကြည့်လိုက်တော့ ညွှန်ကြားရေးမှုးက အရမ်း အညိုးကြိီးတာနော်။ ရှောင်တန်းကိစ္စဆိုလည်း သူကအရင် စည်းကျော်လာလို့ ရဲဘော်ကျိုးက တိုင်စာပို့တာခံရတာမလား။ အာ့တာကို မကျေနပ်တာနဲ့ ရှောင်တန်းကို အတော်ကြာတဲ့အထိ အလုပ်မရှာပေးခဲ့ဘူးလေ။"

လော့ရှုကျီသည် အတော်ကြာသည်အထိ အလုပ်ရှာမပေးခဲ့သည့် တန်းရှန်ယွင်ကိုပင် လင်းဝေ့ ဆေးခန်း အလုပ်ရမည်စိုး၍ တန်းရှန့်ယွင်အား ထိုအလုပ်ပေးခဲ့သည်ကိုကြည့်လျင် လင်းဝေ့ကို ဘယ်လောက်ပင် မုန်းကြောင်းသိသာလှ၏။

All Chapters