Chapter 96
Vol. 8 Ch. 96
အမှန်တော့ အရင်က ယန်းယီတပ်ထဲပြောင်းလာရန် သူသွားခေါ်ခဲ့စဥ်ကတည်းက သူ့အမေနှင့် သူ့မိန်းမကြားတွင် ဆက်ဆံရေး အရင်ကနှင့်မတူပဲ ပြောင်းလဲသွားကြောင်းသတိထားမိပါသည်။
သွေးသားအရင်းချာ သားအမိများပင်လျင် ပြသနာလေးများရှိကြရာ ယောက္ခမနှင့် ချွေးမကြားတွင် ကတောက်ကဆလေးများရှိကြသည်က ပုံမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ယောကျာ်းသားများအမြင်တွင် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဘက်ဖြစ်မ လာသရွေ့ ပြဿနာဟူ၍မထင်ပါ။
ထို့အပြင် သူ့မိန်းမနှင့်ကလေးကိုလည်း စစ်တပ်ထဲခေါ်သွားမည်ဖြစ်၍ နောက်ပိုင်းတွင်လည်း ထပ်တွေ့ရမည်မဟုတ်ကာ ယောက္ခမချွေးမပြဿနာလည်း ရှိလာတော့မည်မဟုတ်ချေ။ အချိန်ကြာလာလျင် ဖြစ်ပျက်ခဲ့သည့်ပြဿနာများကလည်း တစ်ဖြည်းဖြည်းမေ့သွားကြလိမ့်မည်ဟု တွေးထင်လိုက်၏။
ထို့ကြောင့် ထိုအချိန်က သူ့အမေနှင့် သူ့မိန်းမ ဘာပြဿနာဖြစ်ကြသည်ကိုလည်း မလိုအပ်ဟုထင်ကာ မမေးမြန်းခဲ့ပေ။
ဤတစ်ခေါက် သူ့အမေနှင့် သူ့ညီလေး စစ်တပ်ထဲ လာလည်သောအခါ ချီထောင်အရမ်းပျော်မိသည်။ ယန်းယီကို စစ်တပ်ထဲ လိုက်လာရန် သွားခေါ်စဥ်ကတည်းက နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ထို့ကြောင့် သူ့အမေနှင့်သူ့ညီလေးကို အလွန်သတိရနေခဲ့တာဖြစ်သည်။
ထိုသို့တွေးရင်းပျော်ရွှင်နေခဲ့၍ သူ့မိန်းမနှင့် သူ့အမေကြားတွင် ယခင်က ကတောက်ကဆများရှိခဲ့သည်ကိုပင် မတွေးမိခဲ့ပေ။ ထိုကိစ္စကို ပြန်သတိရခဲ့ချိန်တွင်လည်း သူ့အမေနှင့် သူ့မိန်းမက အဆင်ပြေနေသည့်ပုံပေါက်၍ ပြန်တည့်သွားကြပြီဟု ထင်မိ၏။
လွန်ခဲ့သည့်အပတ်က သူ့မိန်းမ ဝမ်းနည်းနေသည်ကို တွေ့ရ မေးမြန်းခဲ့သော်လည်း သူ့မိန်းမက ပြန်မဖြေခဲ့ပါ။သူ့အမေနှင့် ညီလေးကိုမေးတော့လည်း မိသားစုဝင်တွေကြား အဆင်ပြေကြသည်ဟု ပြောပြန်သည်။ သူကိုယ်တိုင်ကလည်း အလုပ်ရှုပ်နေရာ ထိုကိစ္စကို သေချာ မစဥ်းစားလိုက်မိတော့ချေ။
ဤသို့ဖြင့် သူ့အမေနှင့် လင်းဝေ့ကြား ကတောက်ကဆက ဖြစ်လာခဲ့သည်။
အမှန်တော့ သူ့အမေ၏ တီးတိုးပြောမှုကို သူကြားခဲ့လျင်ပင် ချီထောင် အရေးစိုက်မိမည် မဟုတ်ချေ။သို့သော် လင်းဝေ့၏ ယန်းယီကြားသွားလျင် ဝမ်းနည်းသွားနိုင်သည်ဆိုသည့် စကားလုံးက လွန်ခဲ့သည့်အပတ်က ငိုယိုနေသည့် သူ့မိန်းမပုံစံကို ပြန်မြင်ယောင်လာမိစေသည်။ ထို့ကြောင့်သာ သူ့အမေကိုပြန်တောင်းပန်စေခဲ့ခြင်းဖြစ်သည်။
သူ့အမေကတော့ သူမ စကားပြောမှားတာလေးကြောင့် ချွေးမကို ပြန်တောင်းပန်ရ၍ မကျေနပ်ခဲ့ပေ။
ချီထောင်ကလည်း အတင်းပြောရုံသာမက သူ့ညီလေးကလည်း ဝင်ပြောပေး၍သာ သူ့အမေသူ့အမှားကိုသိလာခဲ့ခြင်းဖြစ်သည်။
သူ့အမေ သူ့အမှားသူသိတယ်ဆိုတာ ဟုတ်ပါ့မလား။
"အမေ လတ်တလော ညီလေး အမေ့ကို စိတ်ဆိုးအောင် လုပ်မိသေးလား"ဟု ချီထောင်က ရုတ်တရက်မေးလိုက်၏။
"မင်းညီလေးက အရမ်းလိမ္မာတာကို ဘယ်လိုလုပ် အမေ့ကို စိတ်ဆိုးအောင်လုပ်မှာလဲ" ဟု ချီထောင်အမေက ပြောလိုက်သည်။
"ဒါနဲ့ သား ညီလေး အတွက် အလုပ်ကော ရပြီလား"
ချိီထောင်ကို သူ့မိဘများက သက်လတ်ပိုင်းရောက်မှ မွေးခဲ့တာဖြစ်ပြီး သူ့ကို ချစ်ခဲ့ကြသည်။
ချီထောင်အဖေဆုံးတော့ ချီထောင်လည်း စစ်သားအဖြစ်ပင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ လစာ နည်းသော်ငြားလည်း သူ့အမေကို အသုံးစရိတ်များ အမြဲပို့ပေးကာ သားသမီးဝတ္တရားကို ကျေပွန်ခဲ့သည်။
သို့သော် ချီထောင်၏ ညီလေး ချီဇယ်ကတော့ သူတို့အဖေဆုံးစဥ်အခါက အတော်လေးငယ်သေး၍ အမေက အလိုလိုက်ခဲ့၏။ နောက်ပိုင်း မရီးရလာသောအခါ မရီးကလည်းချစ်ခင်ကာ ဂရုစိုက်ပေးခဲ့၏။
ချီဇယ် အလယ်တန်း တတိယနှစ်တွင် အစိုးရ၏ အလုပ်သမား လိုအပ်ချက်အရ ကျောင်းတက်နေသူများကို ကျောင်းနားခိုင်းကာ လုပ်ငန်းခွင် ဝင်ခိုင်းသည်နှင့်ကြုံလိုက်ရ၏။ သူ့အစ်ကို ချီထောင်ကတော့ ချီဇယ်ကို တပ်ထဲ ဝင်ကာ စစ်သားလုပ်စေချင်၏။
ချီဇယ် အတွက်တော့ စစ်သားလုပ်ရသည်က ပင်ပန်းကာ မပျော်ရွှင်ဟု ခံစားရ၏။ အမေဖြစ်သူကလည်း သူ့သားကို အဝေးမပို့ချင်ခဲ့ပါ။ သို့သော် ထိုအချိန်တွင် လူငယ်လူရွယ်တိုင်း တစ်ခုမဟုတ် တစ်ခု လုပ်ကို လုပ်ရမည်ဖြစ်၍ တပ်ထဲ ပါသွားခဲ့၏။
၁၉၆၈ ခုနှစ်ပိုင်းတွင် ချီဇယ်သည် နယ်ဘက် တောင်တန်းဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ရ၏။စစ်သားဘဝက ခက်ခဲကာ သူ့ကို ပစားပေးမည့်သူလည်း ဘယ်သူမှ မရှိပါ။
ချီဇယ် စစ်သားငယ်လေးအဖြစ်တာဝန်ရာတွင် လဝက်ခန့်သာ လုပ်ပြီး အပင်ပန်းခံ သည်းမခံနိုင်တော့ချေ။အမျိုးသမီးချီကလည်း သူ့သားကို သနားကာ တပ်ဖွဲ့ ခေါင်းဆောင်ဆီသွားပြီး သူ့သားအတွက် သက်သာသည့်အလုပ်များစီစဥ်ပေးရန် တောင်းပန်လေ၏။
တပ်ဖွဲ့ခေါင်းဆောင်ကလည်း ချီထောင်၏ မျက်နှာကိုထောက်ကာ ချီဇယ်အား ပေါင်းနှုတ်၊ စပါးရိတ်ရမည့်နေရာတွင် အလုပ်ပေးလေ၏။ သို့သော် ချီဇယ်သည် နှစ်လ သုံးလ လောက်လုပ်ကာ ဆက်ပြီး မလုပ်နိုင်တော့ချေ။
ထို့နောက် ချီဇယ်သည် အိမ်သို့ပြန်လာရာ သူ၏ သူငယ်ချင်းတစ်ယောက် စက်ရုံယူနီဖောင်းဝတ်ထားသည်ကိုတွေ့၍ မေးကြည့်ရာ ပြည်နယ်စက်ရုံတွင် အလုပ်လုပ်နေကြောင်း သိလိုက်ရ၏။ သို့နှင့် သူလဲ စက်ရုံတွင် အလုပ်ရလျင်ကောင်းမည်ဟုတွေးမိ၏။
သူ့သားက ပြည်နယ်စက်ရုံတွင် လုပ်ချင်သည်ဟုပြောသောအခါ အမျိုးသမီးချီကလည်း ဝမ်းသာအားရထောက်ခံပြီး ယန်းယီကိုပြောပြလေ၏။
ထိုစဥ်က အမျိုးသမီးချီသည် ယန်းယီအပေါ်ကောင်းနေသည့်အချိန်ဖြစ်၍ ယန်းယီကလည်း ထိုကိစ္စကို ချီထောင်ကို စာရေးကာပြောပြလိုက်၏။ ချီထောင်ကလည်း သူ့မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းကာ သူ့ညီလေး ပြည်နယ်စက်ရုံတစ်ခုတွင် အလုပ်သွင်းပေးလိုက်၏။
ထိုစက်ရုံက ဂျုံမှုန့်စက်ရုံဖြစ်ပြီး စက်ရုံအသေးလေးဖြစ်ရာ အလုပ်ကလည်း မခက်ခဲချေ။ ချီဇယ်သည် ထိုစက်ရုံမှာ လုပ်ရင်း အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် ချစ်ကြိုက်ကာ လက်ထပ်လိုက်ကြ၏။
ချီဇယ် လက်ထပ်ပြီး နှစ်ဝက်လောက်အကြာမှ ယန်းယီလည်း စစ်တပ်ထဲပြောင်းသွားခဲ့၏။ ချီဇယ်သည်လည်း အိမ်ထောင်ဦးစီးဖြစ်ပြီးနောက် သူ၏ ကြိုးစားမှုကြောင့် အဖွဲ့ခေါင်းဆောင်ပင်ဖြစ်လာခဲ့၏။
အရာရာ တိုင်းက အဆင်ပြေနေခဲ့ရာ ချီဇယ်တစ်ယောက် သူ့အမေ၏ အကြံပေးမှုအတိုင်း မလိုက်ခဲ့စဥ်အချိန်ထိဖြစ်သည်။
အမျိုးသမီးချီသည် ဂျုံမှုန့်စက်ရုံတွင် လုပ်သည်က အလားအလာ မကောင်းဟု ထင်မြင်မိသည်။ ထို့ကြောင့် သူ့သားငယ်ကို အလုပ်ပြောင်းပေးရန် ချီထောင်ကို ပြောခဲ့သည်။
ချီထောင်ကတော့ သဘောမတူခဲ့ပါ။ ယခုစက်ရုံတွင် ချီဇယ်သည် အဖွဲ့ခေါင်းဆောင်ပင်ဖြစ်နေပြီဖြစ်ရာ နောက်အလုပ်ပြောင်းလျင် အောက်ခြေက ပြန်စရမည်ဖြစ်သည်။ ဤသည်က ချီဇယ်အတွက် ပို၍ ခက်ခဲပေလိမ့်မည်။
သူ့အမေကို ထိုသ်ို့ရှင်းပြခဲ့သော်လည်း အမေက နားမဝင်ခဲ့ပါ။ ချီဇယ်ကို အလုပ်ထွက်စာ တင်ရန်ပြောခဲ့၏။အလုပ်ထွက်စာကလည်း အလွယ်တင်၍ မရပါ။
အကြောင်းပြချက် တစ်ခုခုပါရှ်ိရမည်ဖြစ်၏။ ထို့ကြောင့် အမျိုးသမီးချီလည်း ကြံရာမရဖြစ်ကာ သူ့သားချီဇယ်အား တစ်ဦးတစ်ယောက်ကို စိတ်အနှောက်အယှက်ပေးရန်ပြောလိုက်၏။
ချီဇယ် မည်သူကို စိတ်အနှောက်အယှက်ပေးလိုက်လဲ မသိပါ။ သူ၏ အလုပ်လဲ အနားခံလိုက်ရ၏။
ချိိီထောင်ကတော့ အခုအချိန်တွင် သူ့ညီ၏အလုပ်အကြောင်းမပြောချင်၍ သူသိလိုသည့်ကိစ္စကိုသာ ဆက်မေးလိုက်၏။
"ဒါဆို အမေက ညီလေးကို ဆူပူနေတယ်လို့ အိမ်နီးချင်းတွေက ပြောနေရတာလဲ"
" အမေ ဘယ်တုန်းက မင်းညီလေးကို ဆူ…"
နောက်မှ အမျိုးသမီးချီလည်းတစ်စုံတစ်ခုကို သတိရလိုက်ပြီး အမြန်စကားကို ပြန်ပြင်ပြောလိုက်သည်။
"အမေက အသံနည်းနည်း ကျယ်သွားရုံလေးကို ဘယ်လို လုပ် ဆူပူတယ် ဖြစ်သွားရတာလဲ။ ချဲ့ကားပြောနေကြတာပါကွယ်"
"အမေက ဘယ်တုန်းကမှ အသံကျယ်ကျယ်နဲ့ ညီလေးကို မပြောဖူးတာ။ ညီလေး အမေ့ကို စိတ်ဆိုးအောင် လုပ်လိုက်တာပဲဖြစ်ရမယ်။ နေဦး ကျွန်တော်သူ့ကို ဆုံးမလိုက်ဦးမယ်" ဟု ချီထောင်က ပြန်ထောက်ပြ ပြောဆိုလေသည်။
အမျိုးသမီးချီလည်း ဖာထေးပြောဆိုနေရာမှ သူ့သားငယ်ကို သားကြီးက ဆုံးမမည်ဟုပြောသံကြားသောအခါ သားငယ် မခံနိုင်မည်ကိုစိုး၍ ရုပ်တည်ဖြင့် သားကြီး ချီထောင်ကို ဟောက်လိုက်၏။
"တော်တော့ အမေက အခုအချိန်မှာ မင်းညီရဲ့အလုပ်အတွက် စိုးရိမ်ပူပန်နေရတာ။ သူ့မှာ မိသားစုနဲ့ အလုပ်မရှိပဲ သူ့မိသားစုကို ဘယ်လိုထောက်ပံ့မလဲ။ ထောင်ဇီ မင်းက အစ်ကိုကြီး တစ်ယောက်ပဲ။ မင်းညီလေးကို ပစ်မထားသင့်ဘူး"
"အမေ ကျွန်တော်လည်း ညီလေးကို မကူဘူးလို့ပြောမေတာ မဟုတ်ဘူး။ သူ့အရင်အလုပ်က ဘာလို့ ထွက်လိုက်ရလဲ ဆိုတာ မသိရင် ကျွန်တော်က သူ့ကို ဘယ်လို အလုပ်စီစဥ်ပေးလို့ရမှာလဲ"
"အမေက မင်းကို သူ့အရင်အလုပ် ပြန်ရအောင်လုပ်ခိုင်းတာလည်း မဟုတ်ဘူး။ အလုပ်အသစ် ရှာခိုင်းတာကို အရင်အလုပ်က ဘာပြဿနာတွေလုပ်ခဲ့လဲဆိုတာတွေက သိဖို့ လိုလို့လား"
အမျိုးသမီးချီက ဆက်လက်ပြီး စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ ပြုလုပ်လာ၏။"ထောင်ဇီ မင်းက အစ်ကိုကြီးပါ။ မင်းမှ မင်းညီလေးကို မကူရင် ဘယ်သူက သူ့ကို ကူညီမှာလဲ"
"ဟုတ်တယ် ကျွန်တော်က သူ့အစ်ကိုဖြစ်လို့ သူ့အရင်အလုပ်မှာ ဘာတွေဖြစ်ခဲ့လဲ သိဖို့လိုတယ်။ အမေ အာ့အကြောင်းမပြောပြနိုင်ဘူးဆိုရင်တော့ အလုပ်အသစ်ရဖို့လဲ မမျှော်လင့်နဲ့" ဟု ချီထောင်က ခပ်ပြတ်ပြတ်ပြောလိုက်၏။
အမျိုးသမီးချီလည်း ဘာပြောရမှန်းမသိဖြစ်နေစဥ် ချီထောင်၏ သမီး ကျန်းကျန်းက ရေချိုးခန်းထဲမှ ထွက်လာ၏။
ကျန်းကျန်းသည် စက်တင်ဘာလကမှ ခြောက်နှစ်ပြည့်၏။ ငယ်ရွယ်သေး၍ လူကြီးများအကြားမှ ပြသနာဖြစ်နေသည်ကိုလည်း နားမလည်၍ ပြေးထွက်လာခြင်းဖြစ်သည်။ ကျန်းကျန်းသည် ချီထောင်ရင်ခွင်ထဲ ပစ်ဝင်ကာ သူ့အဖေကို ဂုဏ်ယူစွာပြောလိုက်သည်။ "ဖေဖေ သမီး ဖေဖေ့ နာမည်ကို ရေးတတ်ပြီ"
မျက်မှောင်ကြုံ့နေသော ချီထောင်လည်း သူ့သမီး၏ ချစ်စဖွယ်စကားသံကိုကြားရ၍ ပြုံးရွှင်သွား၏။
"တစ်ကယ်လား"
"ဟုတ်တယ် သမီးရေးပြမယ်" ဟုပြောကာ ဘေးဘီကိုကြည့်လိုက်ရင်း အိပ်ခန်းထဲပြေးဝင်သွားပြီး သူမ၏ ကျောင်းလွယ်အိတ်အသေးလေးကို ထုတ်ယူလာ၏။လွယ်အိတ်ထဲမှ စာအုပ်နှင့်ခဲတံကို ထုတ်လိုက်ပြီး ကော်ဖီစားပွဲနား စောင့်ကြောင့်ထိုင်လိုက်ပြီး 'ဖေဖေ'ဟူသည့်စကားလုံးကို စာရေးလိုက်၏။
ချီထောင်လည်း သူ့သမီးရေးနေသည်ကို စိတ်ဝင်တစားကြည့်ရင်း စကားလုံးကိုတွေ့သောအခါ ကြောင်အသွားပြီး ရီမောလိုက်၏။
သူ့အဖေ ရီမောနေသည်ကိုတွေ့၍ ကျန်းကျန်းလည်း ပျော်ရွှင်သွား၏။ သူရေးထားသည့် စာလုံးနှစ်လုံးကို ညွှန်ပြကာ "ဖေဖေ မှန်တယ် မလား" ဟုမေးလိုက်၏။
"သမီးလေး ရေးထားတာ မှန်ပါတယ်။ ဒါပေမယ့် အာ့တာ ဖေဖေ့ နာမည်မှ မဟုတ်တာ"
ကျန်းကျန်းကလည်း မျက်လုံးလေးပြူးကာ သူ့အဖေကိုကြည့်လိုက် စာအုပ်ကို ကြည့်လိုက်လုပ်နေရင်း ပြောလိုက်သည်။"သမီးက ဖေဖေ့ကို ဖေဖေလို့ပဲ ခေါ်တာလေ"
သူ့သမီး၏စကားသံကြား၍ ခြေလက်သန့်စင်ပြီးသည့် ယန်းယီကလည်း ရေချိုးခန်းထဲက ထွက်လာကာ မေးလိုက်သည်။"ဘာဖြစ်နေကြတာလဲ"
"မေမေ ဆရာမက ဒီနေ့ မေမေ ဖေဖေ ကို ဘယ်လိုရေးရမလဲ သင်ပေးလိုက်တာလေ။ အာ့တာ သမီးက ဖေဖေ လို့ရေးတာကို ဖေဖေက သူနာမည်မဟုတ်ဘူးပြောနေလို့" ဟု ပြောပြီး စာအုပ်ထဲ နောက်ထပ် 'မေမေ ' ဟူသည့် စကားလုံးကို ရေးလိုက်ပြီး ယန်းယီကို ပြလိုက်သည်။
"မေမေ ဒါမေမေ့ နာမည်မလား"
"မေမေ ဖေဖေ အာ့တာ တွေက နာမည် ဆိုပေမယ့် တစ်ကယ့် နာမည်တွေမဟုတ်ဘူး။ သမီးရဲ့မောင်လေးက သမီးကို မမ လို့ခေါ်ပေမယ့် သမီးနာမည်က မမ မှ မဟုတ်တာ ကျန်းကျန်းလေ"ဟု ယန်းယီက ရှင်းပြလိုက်၏။
သို့မှသာ ကျန်းကျန်းလည်း သဘောပေါက်သွားကာ ခေါင်းလေးစောင်းပြီး မေးလိုက်၏။"ဒါဆို ဖေဖေနဲ့ မေမေရဲ့နာမည်က ဘာလဲ"
ချီထောင်ကလည်း သူ့မိန်းမကို ပြုံးကာ လှမ်းကြည့်ရင်း ခဲတံကောက်ကိုင်ကာ စာအုပ်ထဲရေးလိုက်သည်။
"မေမေ့ နာမည်က ယန်းယီ ဖေဖေ့ နာမည်က ချီထောင်"
မိသားစု သုံးယောက်ပျော်ရွှင်နေတာကိုတွေ့တော့ အမျိုးသမီးချီလည်း ဇာတိမြို့မှာ ကျန်ခဲ့သည့် ချီဇယ်၏သား၊ သူ့မြေးအငယ်လေးကို သတိရလိုက်သည်။ သူမသည် အိမ်အမြန်ပြန်ချင်နေပြီ ဖြစ်သော်လည်း သူ့သားကြီးချီထောင်က ချီဇယ်အတွင် အလုပ်အမြန်မရှာပေး၍ အိမ်ပြန်ရန် မစိီစဥ်နိုင်ဖြစ်နေရ၏။
ထိုသို့တွေးရင်း သူ့ချွေးမအကြီး၏ မျက်နှာပေါ်က အပြုံးက တောက်ပလွန်းနေသည်ဟု အမျိုးသမီးချီ ထင်မိ၏။
သူ့သားကြီးက ကြင်နာတတ်ပြီး သူ့မိန်းမ၏ အလိုကို အမြဲလိုက်သည်ဟု ထင်မိ၏။
လွန်ခဲ့သည့်ရက်က ချီထောင်သည် သူ့မိန်းမကို တောင်းပန်ရန် ပြောသောစကားကို ပြန်တွေးမိလိုက်၏။ယန်းယီသည် ချီမိသားစုကို လက်ထပ်လာပြီး ယောက္ခမနှင့် မတ်ကို ပြုစုပျိုးထောင်ပေးခဲ့သည်က မလွယ်ဟူသည့်စကားကို သူ့သားထံမှ ကြားသောအခါ အမျိုးသမီးချီ၏ စိတ်ထဲတွင် ရယ်မိသည်။
ဘယ်ချွေးမကကော လက်ထပ်ပြီးနောက် သူ့ယောကျာ်းရဲ့မိဘတွေနဲ့ မောင်နှမတွေကို မပြုစုရတဲ့သူရှ်ိလို့လဲ။ ပြီးတော့ ယန်းယီကလည်း ဘာပင်ပင်ပန်းပန်း လုပ်ရတာရှိလို့ သူ့ကို ငါတို့က မြောက်စားထားရမှာလဲ။
သူစကားလေးမှားပြောမိတာကို သူ့သားက သူ့မိန်းမကိုပြန်တောင်းပန်ခိုင်းခဲ့တယ်။ ဒီလိုကိစ္စတွေကိုလည်း သူ အတော်လေးသည်းခံခဲ့ရတယ်။
ထိုသို့တွေးရင်းတွေးရင်း အမျိုးသမီးချီသည် စိတ်ဆိုးဒေါသထွက်လာရ၏။ ဤသို့ဖြင့် မိုးလင်းခါနီးမှသာ အမျိုးသမီးချီ မျက်လုံးမှိတ်အိပ်ရလေတော့၏။