Chapter 100
Vol. 8 Ch. 100
ကျွန်းပေါ်ရောက်တာ လဝက်လောက်တောင်ကြာပြီကို အလုပ်လဲ အခုထိမရှာပေးသေးဘူး။ အိပ်လိုက်စားလိုက်လုပ်နေရသည့်အချိန်မှာ ကြာလာပြီဖြစ်၍ ချီဇယ်လည်း စိတ်ညစ်လာ၏။
သူ့သား၏ စိုးရိမ်နေမှုကိုတွေ့တော့ အမျိုးသမီးချီက သူ့သားကို နှစ်သိမ့်လိုက်၏။"အရမ်းကြီး စိတ်မပူနဲ့သားလေးးး သားအစ်ကိုပြန်လာရင် အမေ ထပ်ပြောလိုက်မယ်။သားအတွက် အလုပ်ရှာပေးအောင် အမေထပ်ပြောလိုက်မယ်"
အမျိုးသမီးချီ၏ စကားက ချီဇယ်၏ ပေါက်ကွဲချင်သည့်စိတ်ကို နှိုးဆွလိုက်သကဲ့သို့ဖြစ်နေ၏။"တော်ပါတော့ အမေရာ။ အစ်ကိုကြီးပြောသွားတဲ့စကားအဓ်ိပ္ပါယ်ကို မသိဘူးလား။အစ်ကိုကြီးက ကျွန်တော့အတွက် အလုပ်ရှာပေးမှာမဟုတ်ဘူး"
ချီဇယ်က ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်း မြည်တွန်တောက်တီးနေ၏။"ကျွန်တော်ပြောသလို တစ်ခြားပြည်နယ်စက်ရုံတစ်ခုမှာ အလုပ်ရှာလိုက်ရင်ပြီးပြီ။ အစ်ကိုကြီး အသိ အဆက်အသွယ်တွေနဲ့ဆိုရင် အလုပ်ရဖို့ကအလွယ်လေးး။ အခုတော့ အမေ့ကြောင့်လေ။ ပြည်နယ်စက်ရုံထက် ခရိုင်စက်ရုံကပိုကောင်းတယ် ဆိုလို့ ဒီကိုရောက်လာတာလေ။ ကျွန်တော်တို့ ဒီရောက်လာရင် အစ်ကိုက သေချာပေါက် လုပ်ပေးမှာဆို။ အခုတော့ကြည့်ပါဦး ခရိုင်စက်ရုံ မပြောနဲ့ ပြည်နယ်စက်ရုံမှာတောင်အလုပ်ရဖို့မသေချာတော့ဘူး"
"အမေကလည်း သားအတွက် ပိုကောင်းစေချင်လို့ပါ"
အမျိုးသမီးချီကလည်း သူ့သားငယ်စကားများကြောင့် စိတ်ထိခိုက်သွား၏။
"အမေက လည်း မင်းအစ်ကို ဒီလောက်ရက်စက်မယ်လို့မထင်ဘူးလေ။ မင်းအစ်ကိုက မင်းကို ဂရုမစိုက်ဘူးဆိုရင်တောင် မင်းမရီးက မင်းအပေါ်ကောင်းတာပဲ။ သူက မင်းအစ်ကိုကို နားချပေးရင်ရလောက်မှာပါ"
ချီဇယ်က ထိုစကားကြားသောအခါ သူ့မျက်လုံးတွင် စိုးရိမ်မှုများဖြတ်ပြေးသွား၏။ လွန်ခဲ့သည့်အပတ်က သူ့အမေ မရီးကို ဆူတော့ သူက တိတ်တိတ်လေးသွားကာ နှစ်သိမ့်ပေးခဲ့၏။ ထိုအခွင့်အရေးကို အရယူကာ သူ၏ အလုပ်အခက်အခဲများကိုလည်း ပြောပြခဲ့လိုက်သေး၏။
ချီဇယ်သည် သူ့မရီးကို ရိုးအသည်ဟု ထင်၏။ သူ့ကို လည်း သူ့မောင်လေးကဲ့သို့ပင် ဆက်ဆံ၏။ ထို့ကြောင့် သူ့အမေက မရီးကို ဆူသည့်အခါတိုင်း သူက စကားဖြင့် နှစ်သိမ့်ပေးကာ အမှတ်ယူလေ့ရှိ၏။ ပြီးလျင် သူ့အလုပ်မရှိ၍ ခက်ခဲသည့်အကြောင်းလည်းကြားညှပ်ပြောပြလေ့ရှိသည်။ သူပြောသည့်စကားများကို သူ့မရီးက သူ့အစ်ကိုကို ပြောပြပေးလျင် သူ့အစ်ကိုက လုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေမိ၏။
သို့သော် တစ်ပတ်ပြီး တစ်ပတ်သာ အချိန်တွေကုန်သွား၏။ သူ့အစ်ကိုကတော့ စိတ်မပြောင်းလာချေ။ ထို့အပြင် သူ့မရီးကလည်း သူ့အပေါ် ဆက်ဆံပုံက တစ်မျိုးဖြစ်လာ၏။
ဘာတွေဖြစ်ကုန်ရတာလဲ။
ချီဇယ် သည် ထိုသို့တွေးရင်း သူ့အမေကိုကြည့်ကာ ဒေါသတကြီးပြောလိုက်၏။"မရီးကလည်း အရင်ကဆိုကျွန်တော့်အပေါ်အရမ်းကောင်းတာကို အခုတော့ အရင်နဲ့မတူတော့ဘူး။ အစ်ကိုနဲ့နေလာတာကြာပြီဆိုတော့ အစ်ကိုစိတ်ထဲမှာလည်း မရီးပဲရှိတော့မှာ။ အမှန်ဆို သူပြောပေးရင် ရနိုင်လောက်တာကို အခုတော့မရီးကလည်း အရင်လိုကျွန်တော်တို့ကို ဂရုမစိုက်တော့ဘူး"
အမျိုးသမီးချီကလည်း သူ့သားစကားကိုကြားတော့ အံကြိတ်လိုက်သည်။" အမေ ထင်တော့ထင်ပါတယ်။ ချွေးမကြီးက ပြောင်းလဲသွားပြီလို့။ သူအမေတို့ဆီ စရောက်ခါက ဆို လိမ္မာလိုက်တာပြောမနေနဲ့။ အိမ်အလုပ်တွေဆိုလည်း အကုန်လုပ်ပေးတာ။ အမေ့ကိုဆိုလည်း အမေအရင်းလိုပဲ ဆက်ဆံတာ။ ကလေးမွေးပြီး စစ်တပ်ထဲလည်းပြောင်းသွားရော အပျင်းကြီးပြီး ပြောင်းလဲသွားတော့တာပဲ"
ထိုသို့ပြောရင်း အမျိုးသမီးချီသည် ဆတ်ကနဲထရပ်လိုက်သည်။"မဖြစ်တော့ဘူး သူ့ကို ဒီအတိုင်း ဆက်ထားလို့မရတော့ဘူး။ ကိုယ့်နေရာကိုယ်သိအောင် လုပ်ပေးမှရတော့မယ်"
အမျိုးသမီးချီသည် ယန်းယီပြန်လာလျင် သူ့နေရာသူသိအောင် သင်ခန်းစာပေးမည်ဟု ဆုံးဖြတ်လိုက်ကာ ယန်းယီပြန်အလာကိုစောင့်နေလိုက်၏။ အကြာကြီးစောင့်နေသော်လည်း ယန်းယီကပြန်မလာပဲ သူ့မြေးချီကျန်းကသာ ပြန်လာ၏။
အန်တီလင်းက ထမင်းဖိတ်ကျွေး၍ သူ့အမေက အိမ်ပြန်မစားတော့ပဲ နေ့လည်စာကို အန်တီလင်းတို့ဆီမှာ စားမည်ဖြစ်ကြောင်းကို သူ့အဖွားကို လာပြောပြလေ၏။
အမျိုးသမီးချီတစ်ယောက် သူချစ်သည့် သူ့မြေးရှေ့မှာပင် ဟန်မဆောင်နိုင်အောင် မျက်နှာပျက်သွား၏။"ဘာလို့ အန်တီလင်းက ရုတ်တရက် ထမင်းဖိတ်ကျွေးရတာလဲ"
သို့သော် ချီကျန်းကတော့ ကလေးဖြစ်၍ သူ့အဖွား၏ မျက်နှာပျက်နေသည်ကို မသိပေ။"သမီးလည်း မသိဘူးလေ မေမေနဲ့သမီးက အန်တီလင်းအိမ်မှာစားမှာဆိုတော့ သမိီးတို့ အိမ်ပြန်မလာတော့ဘူးနော်" ဟုပြောကာသူ့အဖွားကို တာတာ့ပြပြီး အိမ်အပြင် ပြန်ပြေးထွက်သွား၏။
အမျိုးသမီးချီက သူ့မြေးကို အသေးစိတ်ထပ်မေးကြည့်ချင်၍ သူ့မြေးနောက်ပြေးလိုက်သော်လည်း သူ့မြေးကို အမြီးပင် မမြင်လိုက်ရတော့ချေ။
သူတို့မြေးအဖွားနှစ်ယောက် ရုတ်တရက်ပြေးထွက်လာ၍ လမ်းပေါ်ရှိလူများကလည်း လှမ်းကြည့်လာကြ၏။ အမျိုးသမီးချီ၏ မျက်နှာမကောင်းဖြစ်နေသည်ကိုလည်း အပြင်လူများက သတိထားမိလိုက်ကြ၏။
လူရှေ့မှာ ပုံရိပ်ကောင်းထိန်းသည့် အမျိုးသမီးဖြစ်၍ မျက်နှာကိုထိန်းကာပြန်ပြုံးလိုက်၏။"ဘာမှ မဖြစ်ပါဘူးရှင် ချွေးမလေးတို့သားအမိက ကျွန်မနေ့လည်စာစားပြီးတဲ့အထိ ပြန်မလာလို့ စိတ်ပူမိသွားလို့ပါ"
ထိုစကားကိုကြားတော့ တစ်ချို့လူတွေကမေးကြ၏။
"ရဲဘော်ယန်းက အပြင်မှာစားမယ်လို့ မပြောခဲ့ဘူးလား"
"မပြောလဲ ရပါတယ်။ ကျွန်မက ထမင်းတွေ အများကြီးချက်ထားလို့လေ။ ညနေအထိ စားရတော့မှာပဲ" ဟု အမျိုးသမီးချီက သက်ပြင်းလေးချကာ ပြောလိုက်၏။
အစကတော့ မေးသည့်သူက ယန်းယိီကို အပြင်မှာစားမည့်အကြောင်းကို ယောက္ခမကို မပြောခဲ့၍ အပြစ်မြင်လိုက်မိ၏။
သို့သော် အမျိုးသမီးချီ၏ စကားကိုကြားတော့တစ်ဖက်လူက သူပြောမည့်စကားများကို မြိုချလိုက်၏။ သူများ သမီးယောက္ခမ၏ ဆက်ဆံရေးကို လိုက်ဖျက်သကဲ့သို့ဖြစ်သွားမည်စိုး၍ ပြုံးကာ "အန်တီက အရမ်းသဘောထားကြီးတာပဲနော်" ဟုပြောလိုက်၏။
" တစ်ဖက်လူအတွက် တွေးပေးရုံပါပဲ" ဟု သူများရှေ့တွင်တော့အမျိုးသမီးချီသည် ပြုံးကာပြောလိုက်၏။သို့သော် အိမ်ထဲသို့ပြန်ဝင်လိုက်သည်နှင့် မျက်နှာ အမူအရာပြောင်းသွားကာ တီးတိုးရေရွတ်လိုက်၏။
"နေ့လည် ထမင်းပြန်မစားပေမယ့် တစ်သက်လုံးပြန်မလာပဲ နေနိုင်လားလို့ ကြည့်ကြသေးတာပေါ့"
ယန်းယီကတော့ တစ်သက်လုံးပြန်မလာပဲ မနေနိုင်ပါ။ဤအိမ်က သူမအိမ်ကိုးး။
ထို့ကြောင့် ယန်းယီသည် ကျိုးအိမ်တွင် နေ့လည် နာရီဝက်ခန့် စကားပြောပြီးနောက် လင်းဝေ့ဆီလည်း ထပ်ဝင်လိုက်သေး၏။ အမျိုးသမီးချီကတော့ အကြာကြီးစောင့်နေလိုက်ရ၍ ဒေါသထွက်နေရှာ၏။ ထို့ကြောင့် ယန်းယီ အိမ်ထဲ ဝင်လာသည်ကိုတွေ့တော့ အိမ်တံခါးကိုပိတ်လိုက်ပြီး အော်မေးလိုက်သည်။"အိမ်ပြန်လာဖို့ သတိရသေးတယ်နော်"
ယန်းယီကတော့ သူ့ယောက္ခမ ဒေါသထွက်နေသည်ကို မရိပ်မိပေ။"ဒါကျွန်မအိမ်ပဲကို ကျွန်မ ပြန်လာရမှာပေါ့"
"ဒါက ညဥ်းအိမ်ဆိုတာတော့ သိသေးတာပဲနော်။ ဒီနေ့ တစ်နေကုန်လုံးတော့ အိမ်ခြေရာမဲ့လို့လျှောက်သွားနေပြီး ကိုယ့်ကိုယ်ကို တောင် ဘယ်အိမ်ကမှန်း မေ့သွားပြီ ထင်နေတာ"
"အမေ ကျွန်မကို အာ့လိုမျိုးမပြောပါနဲ့။ ကျွန်မ ဒီနေ့တစ်နေ့ပဲ အပြင်မှာ ကြာသွားမိတာပါ။ အမြဲတမ်း အပြင်ထွက်နေတာမှ မဟုတ်ပါ"
"အာ့လို အကြောင်းပြချက်တွေ လာမပေးနဲ့။ အကြောင်းပြချက်တွေ ငါ မကြိုက်ဘူး။ အပြင်ကတစ်ခြား မိန်းမတွေကို ကြည့်စမ်း အလုပ်နဲ့အကိုင်နဲ့ ညဥ်းတစ်ယောက်ထဲ အလုပ်မရှိအားယားနေတာ။ အလုပ်ဆိုလို့ အိမ်အလုပ်ပဲရှိတာတောင် အိမ်အလုပ်ကို လည်း သေချာမလုပ်ဘူး။ ကြည့်စမ်း တစ်အိမ်လုံးရှုပ်ပွနေတာပဲ" ဟုပြောရင်း စားပွဲခုံကို လက်ညိုးဖြင့်သုတ်လိုက်ကာ ထပ်ပြောလိုက်၏။
"ကြည့်ပါဦး ခုံတွေလည်း ဖုန်တွေကိုတက်လို့"
ယန်းယီလည်း သူ့ယောက္ခမ၏ အပြစ်တင်စကားများကိုအလွတ်ပင်ရနေပြီဖြစ်၍ ပြန်ပြောလိုက်မိ၏။" အမှိုက်တွေက ကျွန်မဖွထားတာမှ မဟုတ်တာ။ ချီထောင်နဲ့ ကလေးတွေက ပစ္စည်းတွေသုံးပြီး သူ့နေရာမှ ပြန်မထားကြတာ။ ကျွန်မလည်း အမြဲတမ်းမှ လိုက်မလုပ်နိုင်တာ"
ပရိဘောဂများကိုလည်း နေ့တိုင်း သုတ်နေရာ ဖုန်တင်နေသည်ဆိုသည်က မဖြစ်နိုင်ပေ။ ထို့အပြင် အမျိုးသမီးချီရောက်လာကတည်းက သူမအိမ် ထောင့်တိုင်း ဖုန်မရှိအောင်နေ့တိုင်း ဂရုတစိုက် တိုက်ချွတ်ထားလေ့ရှိ၏။
ထို့ကြောင့် သူမကို အိမ်သန့်ရှင်းရေး မလုပ်အပျင်းကြီးသည်ဟုဆိုလျင် တမင်အပြစ်ရှာသည်သာဖြစ်၏။
သို့သော် ထိုအရာများကိုထုတ်ပြောလိုက်လျင် သူ့ယောက္ခမ သွေးတက်သွားမည်စိုး၍ ယန်းယီထုတ်မပြောခဲ့ပါချေ။
သို့သော်ယန်းယီ အမှန် ထုတ်ပြောခဲ့သည့်အရာများက အမျိုးသမီးချီကို ဒေါသထွက်ရန် လုံလောက်စေခဲ့သည်။
"ညဥ်းက ဘာလို့ငါ့ကိုပြန်ပြောရဲရတာလဲ။ ညဥ်းလိုလူမျိုးရှိသေးရဲ့လားအေ။ ဒီလိုအကျင့်စရိုက်ရှိတဲ့သူမျိုးသာဆိုရင် ချီထောင်နဲ့လက်ထပ်ဖို့ကိုသဘောတူခဲ့မှာ မဟုတ်ဘူးးး"
ယန်းယီလည်း သူမစိတ်ထဲတွင် တစ်ခြားယောက္ခမတွေက အမေနဲ့မှ မတူတာဟု ပြောလိုက်၏။ သူ့ယောက္ခသည် သူမကို အမြဲ အပြစ်ရှာလေ့ရှိရာ ယန်းယီမှာလည်း သည်းခံနေခဲ့ရ၏။
ယန်းယီက ဘာမှ မပြောပဲ တိတ်နေသည်ကိုတွေ့တော့ အမျိုးသမိီ၏ချီက အားရပါးရ ထပ်ပြောလိုက်၏။
" ငါ့သားချီထောင်က စိတ်ရင်းလေးကောင်းလို့ ချီမိသားစုအတွက် အထောက်အမရပါစေဆိုပြီး ငါက သဘောတူခဲ့တာ။ အခုတော့ ညဥ်းက ကိုယ့်ဘဝကိုယ်မေ့နေပြီ။ချီထောင်နဲ့သာ လက်မထပ်ခဲ့ရင် ဘယ်လိုဘဝမျိုးရောက်နေမယ်လို့ထင်လဲ။ တပ်မှုးကတော်လည်း ဖြစ်လာနိုင်မှာလား။ ဒီလို့သာသာယာယာဘဝလည်း နေရနိုင်တယ်လို့ထင်လား"
ယန်းယီက ဘာမှ မပြောပဲ တိတ်နေသည်ကို တွေ့တော့ အမျိုးသမီးချီက ဆက်ပြောလိုက်၏။
"အေး ညဥ်းမဖြေနိုင်ရင် ငါဖြေမယ်။ ညဥ်း ဒီလိုကောင်းကောင်းမွန်မွန် နေရတာက ငါ့ကြောင့်ပဲ။ ငါက ချီထောင်ကို မွေးပြီး ဒီလိုပြုစုပျိုးထောင်ခဲ့လို့ ညဥ်းက လက်ထပ်ရတာ။ ညဥ်း ဒီမိသားစုထဲ ဝင်လာပြီ ဆိုတာနဲ့ ငါ ညဥ်းယောက္ခမနဲ့ မတ်ကို ပြုစုစောင့်ရှောက်ရမှာက ညဥ်းဝတ္တရားပဲလေ။ အခုတော့ လုပ်ပုံကိုကြည့်ပါဦး။ တစ်နေ့ကဆို ငါကတောင် ညဥ်းကို တောင်းပန်ခဲ့ရသေးတယ်"
ထို့သို့ပြောရင်း အမျိုးသမီးချီသည် သူတောင်းပန်ခဲ့ရသည့်အဖြစ်ကိုပြန်တွေးလိုက်ကာ ဒေါသပိုထွက်လာခဲ့ပြန်၏။ ထို့ကြောင့် ယန်းယီ၏ ပါးကို သူမ လက်ဖြင့်ပုတ်လိုက်ကာ " ညဥ်း ဘယ်လောက်တောင် မျက်နှာပြောင်လိုက်နိုင်လဲ……" ဟုပြောလိုက်သည်။
အမျိုးသမီးချီက သူမစကားကို ဆက်မပြောသေးခင် အပြင်ဘက်မှ တံခါးတွန်းဖွင့်လာသံကို ကြားလိုက်ရသည်။ ဝင်လာသည့်လူက ညဂျူတီရှိသည်ဟု ပြောထားသည့် သူမသား ချီထောင်ဖြစ်နေ၏။ ထို့ကြောင့် ယန်းယီကို ပြောရန်ပြင်နေသည့်ပါးစပ်က "အား " ဟူသည့်ပုံစံဖြစ်သွား၏။
အမျိုးသမီးချီ မျက်နှာ အမူအရာပြောင်းသွားသည်နှင့် ယန်းယီလည်း သူမခေါင်းကို တံခါးပေါက်ရှိရာသို့ ရုတ်တရက် လှည့်လိုက်သည်။
သူမယောက္ခမ ဤကဲ့သို့အပြစ်မြင်နေသည်က ပထမအဆုံးအကြိမ်မဟုတ်ပေ။ ယခုလည်း သူမပါးကိုပုတ်ကာ ပြောနေချိန်တွင် သူမ မငိုမိစေရန် ထိန်းထားရ၏။
သို့သော် သူမယောကျာ်းကိုတွေ့လိုက်ရတော့ သူမ မငိုသင့်မှန်း သိသော်လည်း မျက်ရည်များက အလိုလိုစီးကျလာ၏။ ထို့ကြောင့် ခေါင်းကိုငုံ့လိုက်ပြီး မျက်ရည်များကို လက်ဖမိုးဖြင့်သုတ်လိုက်၏။
သို့သော် သူမ မျက်ရည်သုတ်နေစဥ်မှာပဲ ချီထောင်က သူမ၏ ပုခုံးကို သူမ မျက်ဝန်းထောင့်ရှိ မျက်ရည်များကို လာသုတ်ပေးလိုက်၏။"ကိုယ် တောင်းပန်ပါတယ်"
ချီထောင်၏ ပြောစကားကိုကြားတော့ ယန်းယီက သူမခေါင်းကို သူ့ယောကျာ်းရင်ခွင်ထဲမှီကာ ပါးစပ်ကိုပိတ်ရင်း ပို၍ ရှိုက်ကြီး တငင်ငိုလာမိ၏။
ချီထောင်ကလည်း ယန်းယီကို ပြန်ဖက်ထားပြီး သူမနောက်ကျောကို အသာအယာ သပ်ပေးလိုက်၏။ "ဘာမှမဖြစ်ဘူးနော် အဆင်ပြေသွားလိမ့်မယ်"
အမျိုးသမီးချီကလည်း သူ့သားကြီးရုတ်တရက်ပြန်လာ၍ အထိတ်တလန့်ဖြစ်သွားရာမှ မေးလိုက်၏။ "သားပြောတော့ ဒီညပြန်မလာဘူးဆို ဘာလို့ရုတ်တရက်ကြီးပြန်လာတာလဲ"
ချီထောင်က သူ့အမေ အမေးကိုပြန်မဖြေပေ။"ကျွန်တော် ယန်းယီကို အိမ်နီးချင်းအိမ်ပို့ပြီး ပြန်လာရင်ပြောရအောင်"ဟုပြောကာ ယန်းယီကို အပြင်ခေါ်ထုတ်သွား၏။
သူတို့လင်မယားအပြင်ထွက်လာတော့ လျိုတန်းနှင့်ဆုံလိုက်သည်။"ဘာဖြစ်တာလဲ ရှောင်ယန်းက ဘာလို့ ဒီလောက်ငိုနေရတာလဲ"
အမှန်တော့ ယန်းယီ ငိုရသည့်အကြောင်းအရင်းကို လျိုတန်းလည်း ခန့်မှန်းမိပါသည်။ သူမအလုပ်က ပြန်လာတော့ သူမတို့အိမ်ထဲ မဝင်ခင် ချီထောင်ကို သူ့အိမ်ရှေ့မှာ ရပ်ပြီး အိမ်ထဲ ဖြစ်ပျက်သည့်အရာများကို ချောင်းနားထောင်နေသည်ကို တွေ့လိုက်ရ၏။
ထိုစဥ်က လျိုတန်းသည် ချီထောင် တစ်ယောက် ကြောင်တောင်တောင်နဲ့ ဘာလုပ်နေတာလဲဟု တွေးလိုက်၏။
ချီထောင်သည် ချောင်းနားထောင်ရင်း မျက်နှာပျက်နေသည်ကိုလည်း တွေ့ခဲ့လိုက်ရသည်။
ထို့ကြောင့် လျိုတန်းလည်း ထပ်မမေးတော့ပဲ သူတို့လင်မယားကို ဧည့်ခန်းထဲ ခေါ်လိုက်ပြီး လင်မယားနှစ်ယောက်စကားပြောနိုင်ရန် မီးဖိုချောင်ထဲ လက်ဖက်ရည်ဖျော်ရန် ထွက်သွားပေးလိုက်၏။
လျိုတန်းထွက်သွားသည်နှင့် ချီထောင်က စကားပြောလာသည်။"ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်အမေက ကိုယ့်နောက်ကွယ်မှ မင်းကို ဒီလိုဆက်ဆံလိမ့်မယ်လို့ ကိုယ်မထင်ခဲ့မိဘူး"
ယန်းယီသည် ငိုပြီး၍ မျက်ရည်များလည်း ခြောက်နေပြီဖြစ်ရာ ကွဲအက်နေသည့်အသံဖြင့် ပြန်ပြောလိုက်၏။"ရှင်လည်း အလုပ်ရှုပ်နေလို့ ကျွန်မ မပြောမိတာပါ"
"ဘာလို့ ကိုယ့်ကို မပြောပြခဲ့ရတာလဲ"
ယန်းယီကလည်း စိတ်ဆုံးဖြတ်ကာ အမှန်အတိုင်းပြောပြလိုက်သည်။
"အမေက လူတွေရှေ့ဆိုအရမ်းဟန်ဆောင်ကောင်းလို့ ကျွန်မသူများတွေကိုပြောပြခဲ့လည်း ဘယ်သူမှ မယုံခဲ့ကြဘူး။ ကျွန်မ အမေအရင်းတောင် မယုံခဲ့ဘူး။ နောက်တော့ ကျွန်မလည်းတပ်ထဲပြောင်းလာရပြီး အမေနဲ့ ထပ်တွေ့စရာအကြောင်းမရှိတာရယ်ကြောင့် ရှင့်ရဲ့ မွေးမိခင်လည်း ဖြစ်တာရယ်ကြောင့် မပြောမိခဲ့ဘူး"