Chapter 105
Vol. 8 Ch. 105
မိသားစုအတွင်းရေးသာဖြစ်၍ သူတစ်ပါးပါးစပ်ထဲ တွေ့ကရာလျှောက်ပြောမည်ကို မလိုချင်ကြပေ။ တစ်ချို့ ခေါင်းမာသည့်မိဘများကတော့ မိသားစုပြသနာများကို ခုံရုံးတရားရုံးတိုင်ကာ ပြဿနာကိုပိုကြီးအောင်လုပ်ကြ၏။ ပြဿနာကပိုကြီးလျင် သူတို့သားသမီး၏ အနာဂတ်များပင်လျင် ပျောက်သွားတတ်ကြ၏။
"သူ့ပုံစံကြည့်ရတာတော့ တစ်ကယ်ကြီး တိုင်မယ့်ပုံပဲ။ ချီထောင်ကလည်း သူကို မိဘအပေါ် တာဝန်မကျေဘူးလို့ ခံစားရရင် တိုင်ကြားနိုင်တယ် ဘယ်နေရာမှာ တိုင်ရင် ပိုထိရောက်တယ်လို့ပြောပြီး တိုင်ရမယ့်နေရာတောင် ပြောပြလိုက်သေးတယ်"
လျိုတန်း ပြောပြသည်ကို နားထောင်ရင်း အမျိုးသမီးချီသည် မတိုင်ကြားရသေးကြောင်း သိလိုက်ရသည်။
"ဒါဆို သူက အခုထိ မတိုင်ကြားရသေးဘူးပေါ့"
"ဘာ့ကြောင့်ဖြစ်ရမလဲ ပိုက်ဆံကြောင့်ပဲပေါ့။"
ဟု လျိုတန်းက နှုတ်ခမ်းကို ရွဲ့ကာ ပြောလိုက်၏။
"ချီထောင်က ဘယ်ဌာနတွေမှာ တိုင်လို့ရတယ်လို့ပြောပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကိုပါ ပြောပြလိုက်တယ်လေ။ တစ်ကယ်လို့ အမှန်ပဲ မိဘကို တာဝန်မကျေဘူးလို့ စုံစမ်းတွေ့ရှိရင် ဝတ္တရားစည်းကမ်းများကို မနာခံမှုကြောင့် ဖမ်းစီးခံရမည်ဖြစ်သည်။ သူက မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ လူကြားထဲ သူ့သတင်းက ပြန့်သွားပြီဖြစ်လို့ နေရာပြောင်းရွေ့ခံရတာတို့ ရာထူးအပြောင်းအရွေ့တို့ ပိုဆိုးရင် လစာလျော့ခံရတဲ့အထိတော့ ခံရနိုင်တယ်။ ရဲဘော်ချီရဲ့ဘဝက အထက်အရာရှိရဲ့ ဘောပင်နဲ့ရေးလိုက်မယ့် အရေးအသား ပေါ်မှာပဲရှိသလိုဖြစ်သွားတာပေါ့"
ထိုသို့ပြောရင်း လျိုတန်းသည် ချီထောင်အတွက် စိတ်မကောင်းဖြစ်မိ၏။ သူ့ညီလေးငယ်ငယ်လေးအရွယ်ရှိတုန်းသူ့အဖေက ကွယ်လွန်သွား၏။ သူတစ်ယောက်တည်း မိသားစုကို ထောက်ပံ့ခဲ့ရ၏။နောက်ပိုင်း ယန်းယီကလည်း ကူညီထောက်ပံ့ပေးခဲ့ရ၏။
သူ့မိသားစုအတွက် သူအစွမ်းကုန် ထောက်ပံ့ပေးခဲ့ပြီး သူ့ညီလေး အိမ်ထောင်ကျမှ ချီထောင်လည်း ကိုယ့်မိသားစုနှင့်အတူနေခဲ့ရ၏။ ဤမျှပေးဆပ်ခဲ့တာတောင် သူ့အမေက သူ့ကို သားဝတ္တရားမကျေပွန်ဟု ပြောကာ စစ်ခုံရုံးကိုတိုင်ရန်ပင် ပြောနေလေ၏။
သို့သော် အမျိုးသမီးချီသည် သူ့သား၏ တိုင်ကြားပြီး နောက်ပိုင်း ဖြစ်ပျက်လာမည့်ကိစ္စများကို ကြားလိုက်ရ၍ ဖြစ်သွားသည့် အမူအရာက ချီထောင်ကို ပိုဝမ်းနည်းသွားစေ၏။
"အစကတော့ စုန်းမအိုကြီးက ချီထောင်ကို ချုပ်ကိုင်ဖို့အကွက်တွေ့ပြီ ဆိုပြီး ပျော်နေတာလေ။ ဒါပေမယ့် တိုင်ကြားပြီးနောက်ပိုင်းဖြစ်လာမယ့် ကိစ္စတွေကြောင့် တာဝန်ကရပ်နားခံရတာ လစာ အလျှော့ခံရတာမျိုးဆိုရင် သူလတိုင်းသူ့သားကြီးဆီက ရနေကျ ထောက်ပံ့စရိတ်တွေ ရတော့မှာ မဟုတ်ဘူးလေ။ ဒီတော့ သူကြောင်အသွားရတာပေါ့" လျိုတန်းအမြင်တွင် ထောက်ပံ့စရိတ်က စုန်းမအိုကြီးအတွက် အလွန်အရေးကြီးသည် ဟုထင်လိုက်၏။
လျိုတန်းလည်း ချီထောင်၏ ဘေးကြပ်နံကြပ်အခက်အခဲကို သိလိုက်ရပြီးနောက် သနားသွားကာ ရေရွတ်လိုက်မိ၏။
"သူ အရင်ဘဝက ဘယ်လိုအကုသိုလ်တွေများလုပ်ခဲ့လို့ ဒီဘဝမှာ ဒီလို ကိုယ့်အတွက်ပဲ ကိုယ်သိတဲ့ အမေနဲ့ကြုံရတာလဲ မသိဘူးနော်"
"တစ်ချို့တွေ သည်လိုပဲ အတွေးတိမ်တဲ့ မိဘတွေဆီမှာ လာမွေးလာရပါတယ်။ ခုလို စောစော သိသွားတာလည်း ကောင်းပါတယ်"
"မှန်တယ် စုန်းမအိုကြီး ပြန်သွားရင် သူတို့လည်း ငြိမ်းအေးသွားလောက်ပါပြီ"
ထိုစဥ် အခါမှ လင်းဝေ့လည်း လျိုတန်းမေ့နေလောက်သည့် တစ်စုံတစ်ယောက်ကို သတိရလိုက်၏။" သူတို့မနေ့က စကားများနေတော့ ရဲဘော်ချီရဲ့ ညီက အတူမရှိဘူးလား"
"ကျွန်မတော့ မတွေ့မိဘူးး ဘာဖြစ်လို့လဲ"
"ဘာမှတော့ မဖြစ်ပါဘူးး တွေးကြည့်ရင်း ထူးဆန်းတယ်လို့ထင်လာလို့ပါ။" လျိုတန်းက နားမလည်နိုင်ဖြစ်နေ၍ လင်းဝေ့က ထပ်ရှင်းပြလိုက်၏။
"စဥ်းစားကြည့်လေ ရဲဘော်ချီရဲ့ညီက ကျွန်းပေါ်ရောက်တာ လဝက်လောက်ရှိပြီ မိတ်ဆွေအပေါင်းအသင်းလည်း မရှိဘူး။ တစ်နေကုန် အိမ်ထဲမှာပဲ နေနေတာ။ အိမ်ထဲက ဆူညံသံတွေ အပြင်ကနေတောင် ကြားတာ။ အိမ်ထဲမှာ ရှိတဲ့ သူက မကြားဘူးဆိုတာ ဖြစ်နိုင်မလား"
လျိုတန်းကလည်း မျက်မှောက်ကြုံ့လိုက်၏။"ဝေ့ဝေ့ပြောမှ ထူးဆန်းလာသလိုပဲ။ ဒါပေမယ့် သူက ဒီကိစ္စနဲ့မှ ဘာမှ မဆိုင်တာ မဟုတ်ဘူးလား"
လင်းဝေ့ကတော့ မဆိုင်ဟု မထင်ပါ။ ချီမိသားစုတွင် သားနှစ်ယောက်ရှိရာ အမျိုးသမီးချီက အငယ်ကိုသာ ဦးစားပေး၏။ သားကြီးအိမ်ကိုပင် အလည်လာလေ့မရှိသည့် အမျိုးသမီးချီသည် သားငယ်ကို ခေါ်ပြီး ကျွန်းပေါ်ကို အရောက်လာခဲ့သည်။
သားငယ်မှာသာ အလုပ်မရှိလျင် သူ့အမေနှင့်လိုက်လာပြီး သူ့အစ်ကိုကြီးဆီ လာလည်သည်က ဘာပြဿနာမှ မရှိပါ။ သို့သော် အလုပ်ရှိပြီး တစ်လ နှစ်လလောက် ခွင့်ယူကာ အလည်လာသည်ဆိုလျင်တော့ မဖြစ်နိုင်တော့ပါ။သူ့အလုပ်က ဘာမှ မပြောတော့ဘူးလား။ အမျိုးသမီးချီကလည်း သူ့သားငယ်၏ အလုပ်ထိခိုက်မှာကို မစိုးရိမ်ဘူးလား။
ထို့ကြောင့် လင်းဝေ့သည် အမျိုးသမီးချီ တို့သားအမိ ကျွန်းပေါ် အလည်ခေါင်းစဥ်တပ်၍ ရောက်လာသည်က အကြောင်းအရင်းတစ်ခုခုကြောင့်ဖြစ်မည်မှန်း ၈၀% သေချာသည်ဟု တွေးလိုက်၏။ ထိုအကြောင်းအရင်းကလည်း သားငယ် ကြောင့်သာဖြစ်ရမည်ဟုတွေးလိုက်၏။
ထို့ကြောင့် ချီထောင်၏ညီသည် ဤကိစ္စနှင့်မသက်ဆိုင်လျင် သူ့တွင် အပြစ်ကင်း၏။ အာ့လိုမှမဟုတ်ပဲ ညက ပြဿနာဖြစ်နေချိန်တွင် အိမ်အခန်းထဲမှာ ပုန်းနေသည်ဆိုလျင်တော့……
"အကယ်၍ ပြဿနာဖြစ်နေတာကိုသိပြီး သူ့အစ်ကိုချီထောင်ဘက်ကနေ ကူပြောပေးမယ် သူ့အစ်ကိုနဲ့အမေကြားပြေလည်အောင် ညှိပေးမယ်ဆိုရင် တော့ သူက အမျိုးသမီးချီရဲ့အလိုလိုက်ခံရတဲ့သူဆိုရင်တောင်မှ ရိုးသားတဲ့သူလို့ပြောလို့ရတယ်။" သူပြောရုံနှင့် သူ့အမေက ပြောင်းလဲမှာ မဟုတ်ဟု ဆိုရုံမျှနှင့် သူ့မှာ တာဝန်မရှိတော့သည်မဟုတ်ချေ။
ထို့ကြောင့် ဤကိစ္စတွင် ချီထောင်ညီလေးက အမှန်ပင် ပရောဂကင်း ရဲ့လားး။
တစ်ခြားသူတွေ ချီထောင်ညီကို ဘယ်လိုထင်မြင်ကြလဲ မသိကြပေမယ့် လင်းဝေ့ကတော့ သူ့ပရောဂနှင့်ကင်းသည်ဟု မယုံကြည်ပေ။
ချီဇယ် ဘယ်လိုလူမျိုးလဲ ဆိုတာ လင်းဝေ့လည်း မသိပါ။
လျိုတန်းတို့အိမ်နှင့် ယန်းယီတို့အိမ်နီး၍ ချီဇယ် အပြင်ထွက်ကာ ပတ်ဝန်းကျင်နှင့် စကားပြောဖြစ်မည်ဆိုလျင် အမျိုးသားချင်းဖြစ်သည့် သူ့ယောကျာ်း ရှင်းတုန်းနှင့် စကားဆုံဖြစ်ရမည်ဖြစ်သည်။ သို့သော် ရှင်းတုန်းနှင့်စကားပြောသည်လည်း တစ်ခါမှ မတွေ့ဖူးပါ။
အမျိုးသမီးကိုသာ အမြင်မကြည်ဖြစ်နေ၍ ချီဇယ်ကို သတိပင် မထားမိခဲ့ပါ။
သို့သော် လျိုတန်း တွေးသည်က စုန်းမအိုကြီးကို အဝေးပို့နိုင်ဖို့ကအဓိက ချီဇယ် ကောင်းမကောင်းကို စိတ်မဝင်စားချေ။ သူ့အမေ ကျွန်းပေါ်ကပြန်သွားလျင်သူလည်း ဆက်နေလို့မှ မသင့်တော်တော့တာ။
လင်းဝေ့ စိုးရိမ်နေသည်က ချီဇယ်သည် လွန်ခဲ့သည့်ရက်များအတွင်း သူ့အမေကို မြှောက်ထိုးပင့်ကော်လုပ်ကာ ယန်းယီနှင့် သူ့အမေကြား ပြဿနာရှာထားမည်ကို စိုးရိမ်မိ၏။ ဒါပေမယ့် ချီထောင်က သူ့အမေက်ိုတောင် အိမ်ပြန်ပို့တယ် ဆိုတော့ သူ့ညီကိုလည်း ကိုင်တွယ်နိုင်လောက်မှာပါ ဟုတွေးရင်းစိတ်သက်သာရာရသွား၏။
လင်းဝေ့ စိတ်သက်သာရာရဖို့ အချိန်ခဏလေးသာရလိုက်ကြောင်း သိလိုက်ရသည်။ အကြောင်းမှာ ယန်းယီတို့လင်မယား အတိုင်ခံရ၍ မဟုတ်ဘဲ သူမကိုယ်တိုင် အတိုင်ခံရ၍ဖြစ်သည်။
......
လင်းဝေ့တစ်ယောက် မူလတန်းကျောင်းမှာ အစားထိုးဆရာမဖြစ်နေပြီ ဆိုသည့်သတင်းကြားကတည်းက ကောင်းရှို့လျန်သည် ဒေါသထွက်နေကာ စားမဝင် အိပ်မပျော်ဖြစ်နေ၏။
အမှန်တော့ ကောင်းရှို့လျန် ဒီလိုခံစားရတာ ပထမဆုံးတော့မဟုတ်ပေ။
လွန်ခဲ့သည့် ၂ နှစ်ကတည်းက သူမထပ်နောက်ကျမှ တပ်ထဲ ဝင်လာသည့် အရာရှိဇနီးသည်များသည် ပညာအရည်အချင်းမြင့်၍ သူမကို ကျော်ကာ ပိုကောင်းသည့်အလုပ်များရသွားတိုင်း စိတ်အလိုမကျဖြစ်ကာ နေမထိထိုင်မသာဖြစ်နေတတ်သည်။
ထိုစဥ်က သူစိတ်မကျေမနပ်ဖြစ်ကာ ဒေါသထွက်ရုံသာ တတ်နိုင်ခဲ့ပြီး ဘာမှ မလုပ်နိုင်ခဲ့သည်မှာ ဤနှစ် ဂျွန်လက အထိဖြစ်၏။
လင်းဝေ့ ကျွန်းပေါ်ရောက်စက သူမနှင့်ကတောက်ကဆ ဖြစ်ခဲ့ပြီး လင်းဝေ့၏ အိမ်ထောင်စု စာရင်းမသွင်းရသေးမှန်းလဲ သိခဲ့လိုက်ရ၏။
ထို့ကြောင့် လင်းဝေ့ ဆေးပေးခန်းအလုပ်ရသွားသောအခါ မခံမရပ်နိုင်ဖြစ်ပြီး အလုပ်အကိုင် နေရာချထားရေးရုံးမှာ တိုင်ကြားခဲ့ကာ လင်းဝေ့၏ အလုပ်ကို ဖျက်လိုဖျက်စီး လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စက သည်အတိုင်းပြီးသွားရင် ကောင်းရှို့လျန်လည်း လင်းဝေ့နှင့်သူမကြားက အစိုင်အခဲကြေသွားမည်ဖြစ်ပြီး သူမကိုယ်သူမ အောင်နိုင်သူအဖြစ်ခံစားသွားမည်ဖြစ်၏။
သို့သော် ကျုံးရှောက်က သူ့ယောကျာ်း ကျောက်ဖုန်းကိုလာပြောခဲ့၍ သူတို့လင်မယားနှစ်ယောက်ကြား စကားများခဲ့ရပြီး ပါးရိုက်ခံရကာ မိသားစုအိမ်ရာအတွင်း လူရီစရာဖြစ်ခဲ့ရသည်။
ထို့ကြောင့် ကောင်းရှို့လျန်စိတ်တွင် ဤကိစ္စကို လွယ်လွယ်နှင့် အခဲမကျေတော့ဘဲ လင်းဝေ့ကို သူမအသားထဲတွင် ဆူးနေသည့် ဆူးတစ်ချောင်းအဖြစ် မြင်လာခဲ့သည်။
လင်းဝေ့ ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းနေလျင် သူမ မပျော်ပေ။ လင်းဝေ့ခက်ခဲလျှင် သူမစိတ်ပျော်၏။
မကြာသေးမီကပင် သူမ၏ မပျော်ရွှင်မှုသည် ပျော်ရွှင်မှုထက် နှစ်ဆဖြစ်လာ၏။
ကောင်းရှို့လျန်အမြင်တွင် လင်းဝေ့သည် ကလေး အရေအတွက်ကော အမျိုးသားချင်းဂုဏ်ပုဒ်လည်း မယှဥ်နိုင်ဟု တွေးထင်လေ၏။
သို့သော် သူမစိတ်ထဲ တွင် တော့ ကျောက်ဖုန်း သူမကို ဂရုစိုက်သည်က ကျုံးရှောက် လင်းဝေ့အပေါ် ဂရုစိုက်သလောက် မများဟု ထင်သည်။ ကလေးချင်းယှဥ်လျင် ရွေ့ရွေ့က သုံးနှစ်ကျော်လေးနှင့် စကားလုံး ဒါဇင်ခန့်ကို မှတ်မိနေပြီဖြစ်၏။သူမ၏ အကြီးဆုံးသားနှင့် အငယ်ဆုံးသားကတော့ ကျောင်းမှာ ဘိတ်ချီးအဆင့်ဖြစ်နေ၏။
သူ့သမီး၏ ကျောင်းအဆင့်တွေကတော့ကောင်းပါတယ်။ ဒါပေမယ့် မိန်းကလေး ဖြစ်နေတော့……
သူမ ပြည်နယ်စားသောက်ဆိုင်တွင် အလုပ်ရစဥ်က အရမ်းပျော်ရွှင်ခဲ့ရတာဖြစ်သည်။ သူမသားတွေက စာမတော်ပေမယ့် ကလေးအရေအတွက်နှင့် ယောကျာ်း၏ ရာထူးချင်းယှဥ်လျင် သူမကသာ၏။ ထို့အပြင် အခု သူမက အလုပ်ရပြီဖြစ်ပြီး လင်းဝေ့က အလုပ်မရှိ၍ သူမနိုင်ပြီဟု တွေးလိုက်လေ၏။
သို့သော် သူမက အစားအသောက်ဝေပေးရတဲ့ကောင်တာကနေ ပန်းကန်ဆေးတဲ့နေရာရောက်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ထိုစဥ်မှာပဲ လင်းဝေ့က ချက်ချင်း အစားထိုးဆရာမ ကောက်ဖြစ်သွားတော့၏။
ယာယီအလုပ်ပဲဟု ကောင်းရှို့လျန် ပြန်တွေးလိုက်သည်။ ဆေးရုံတက်နေသည့် ဆရာမချန် ပြန်လာလျင် လင်းဝေ့အလုပ်လက်မဲ့ပြန်ဖြစ်သွားမည်ဖြစ်သည်။
ထိုသို့ဖြည့်တွေးနေသော်လည်း ကောင်းရှို့လျန်သည် လည်ချောင်းထဲ တစ်စို့စို့ ခံစားနေရဆဲဖြစ်သည်။ ထို့ကြောင့် လင်းဝေ့၏ အလုပ်ကို နှောက်ယှက်ချင်လာမိပြန်၏။
လင်းဝေ့ အစားထိုးဆရာမ ဝင်လုပ်နေသော်လည်း အလုပ်အကိုင် နေရာချထားရေးရုံးဘာမှ မပြောပုံထောက်ရင် လော့ရှုကျီက ခွင့်ပြုပြီး ဖြစ်လိမ့်မည်။
ထို့ကြောင့် ကောင်းရှို့လျန်လည်း လင်းဝေ့၏ အလုပ်ကို ဘယ်လိုနှောက်ယှက်ရမလဲ မစဥ်းစားနိုင်ဖြစ်နေ၏။
တစ်နေ့သော စနေနေ့ညနေခင်းမှာတော့ ကောင်းရှို့လျန်လည်း အလုပ်ကနေမောမောပန်းပန်းပြန်လာကာ ကြိမ်ကုလားထိုင်အပေါ် ထိုင်နေလိုက်၏။
ကျောက်မိသားစု၏ ဧည့်ခန်းနှင့်မီးဖိုချောင်က ကျယ်ဝန်းသော်လည်း ကောင်းရှို့လျန်က ငွေမသုံးလို၍ လင်းဝေ့တို့အိမ်ကဲ့သို့ ဆိုဖာထိုင်ခုံ စုံလိုက် မရှိပေ။ သူ့အိမ်မှာရှိသည်က သစ်သားကုလားထိုင်တစ်ခုံရယ် ကြိမ်ကုလားထိုင်နှစ်ခုရယ် သာ ရှိ၏။
ထို့ကြောင့် ကောင်းရှို့လျန်လည်း ကြိမ်ကုလားထိုင်မှာ ထိုင်ပြီး ရေဆာသလို ဖြစ်လာ၍ ထမင်းစား စားပွဲမှာ ထိုင်ကာ အိမ်စာရေးနေသည့် သူ့သမီးကို ရေတစ်ခွက်ခပ်လာခိုင်းလိုက်သည်။
ကောင်းရှို့လျန် ခိုင်းသည်ကိုကြားလိုက်တော့ ကျောက်မေ့က သူ့ဘေးမှာ ထိုင်ကာ ကစားနေသည့် သူ့အစ်ကိုနှင့်မောင်လေးကို လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းကြီး ဆူပြီး သူ့အမေအတွက် ရေတစ်ခွက် ခပ်ကာ ယူလာပေးလိုက်၏။
ကောင်းရှို့လျန်လည်း သူ့ကို ရေယူလာပေးသည့်သူ့သမီးကိုပင် မကြည့်ဘဲ ခွက်ကိုယူကာ တစ်ခါတည်း မော့ချလိုက်၏။
တစ်ညနေလုံးပင်ပင်ပန်းပန်း အလုပ်လုပ်ထားရ၍ ရေပင် မသောက်ဖြစ်ခဲ့ချေ။ ထို့ကြောင့် အိမ်ရောက်သည်နှင့် နုံးချိကာ လည်ချောင်းလည်း ခြောက်ကပ်လုမတတ်ခံစားခဲ့ရ၏။ ရေသောက်လိုက်မှ အနည်းငယ်သက်သာသွား၏။
ရေကို တစ်ကျိိုက်တည်း မော့ပြီးနောက် ကောင်းရှို့လျန်က ထပ်သောက်ချင်လာမိသည်။ထို့ကြောင့် ခွက်ကို ဆန့်ထုတ်လိုက်ပြီး"နောက်တစ်ခွက် ခပ်လာခဲ့ပေး" ဟုပြောလိုက်၏။
စားပွဲပေါ်ထိုင်ပြီး အိမ်စာရေးဖို့ ဘောပင်ကိုင်နေသည့်ကျောက်မေ့က လည်း သူ့အမေကို လှည့်ကြည့်ကာပြောလိုက်၏။"မေမေ သမီး အိမ်စာတွေရေးရဦးမှာ"
ကောင်းရှို့လျန်လည်း ရေဆာနေ၍ စိတ်အနှောက်အယှက်ဖြစ်သွားကာ မျက်မှောင်ကြုံ့လိုက်သည်။
"ရေလေး တစ်ခွက် ခပ်ပေးရုံနဲ့ နင့်အိမ်စာရေးတာ မနှောင့်နှေးသွားပါဘူးနော်။ ပြီးတော့ ငါက နင့်အမေ နင့်ဖာသာ အိမ်စာဖြစ်ဖြစ် ဘာအရေးကြီးတာ ဖြစ်ဖြစ် အမေက ရေခပ်ပေးဆို ချက်ချင်း ခပ်ပေးရမယ်"
ကောင်းရှို့လျန်၏ စကားကြားတော့ ကျောက်မေ့လည်း သူမ၏ နှုတ်ခမ်းကိုကိုက်ကာ မလှုပ်ပဲ တင်းခံနေ၏။