Chapter 110
Vol. 9 Ch. 110
ကောင်းရှို့လျန်တစ်ယောက် ဘယ်လိုပြောရမှန်းမသိတော့ပါ။ လင်းဝေ့က သူမကို ဖြစ်ပျက်သည့်အချိန် နေရာကို အတိအကျ ပြောစေချင်နေ၏။ ဒါပေမယ့် သူမက ဆရာမမဟုတ်တော့ စနေနေ့တုန်းက သူတို့ကို မျက်စိဒေါက်ထောက်ကြည့်နေတာမှ မဟုတ်တာ။ သူတို့ဘယ်အချိန် တစ်ယောက်ထဲရှိကြလဲ ဘယ်သိမလဲ။
ထို့ကြောင့် သူမလည်း လျှောက်မပြောရဲပါ။ သူမက အချိန် နေရာတစ်ခုပြောလိုက်လျင် လင်းဝေ့က အတူရှိသည့် တစ်ခြားလူကို ဖော်ပြကာ သူမအပြစ်ကင်းကြောင်းပြောလိမ့်မည်။
အခု ဖုန်းယင်၏ အခြေအနေကလည်း လင်းဝေ့ဘက်ကို ပါနေသည့်အခြေအနေဖြစ်၏။
အကယ်၍ သူ့သမီးကိုသာ အတင်းပြောခိုင်းကြရင် ကိစ္စက သူမလိုချင်သကဲ့သို့ ဖြစ်မလာနိူင်မှန်းသိလိုက်၏။ ဤကိစ္စဖြင့် လင်းဝေ့ကို ဆွဲမချနိုင်လျင် နောက်ပိုင်း ဆွဲချနိုင်ဖို့ အခွင့်အလမ်း ဘယ်တော့မှ ရမည်မှန်းလည်း မသိပါ။
"တစ်ကယ်လို့ ကျွန်မသမီးက ရှင်ရိုက်ပါတယ် ပြောရင်ကော ငြင်းဦးမှာလား။ သူက ကလေးဖြစ်လို့ လူကြီးတွေလို ဉာဏ်များတတ်တာမဟုတ်ဘူး။ နောက်ပိုင်းကျွန်မသမီးကို ရှင် အငြိုးထားရင် ဘယ်လိုလုပ်မှာလဲ"
လင်းဝေ့နှင့် ဖုန်းယင်လည်း ကောင်းရှို့လျန်ပြောသည့် ဆိုလိုရင်းကိုနားလည်ပါသည်။ သူ့သမီးအတွက် အာမခံချက်ကို လိုချင်ခြင်းဖြစ်၏။
သို့သော် ဖုန်းယင်က သူ၏ တောင်းဆိုချက်သည် သိပ် အကျိုးအကြောင်းမသင့်ဟု ထင်မိ၏။ ပုံမှန်အရတော့ ကလေးတွေက ဖြူစင်ကြပြီး မလိမ်တတ်ကြပေ။
သို့သော် နှစ်အတော်ကြာ ကျောင်းအုပ်လုပ်လာသည့်အတွေ့အကြုံအရ တစ်ခြားသူများထက် သူမပိုသိသည့်အရာသည် ကလေးများကလည်း လိမ်တတ်သည် ဟူသည့်အကြောင်းဖြစ်၏။
ထို့ကြောင့်အခုဖြစ်စဥ်ကိုကြည့်လျင် ကျောက်မေ့လက်ကဒဏ်ရာရခဲ့သည်ဖြစ်သော်လည်း ဘယ်သူလုပ်မှန်းမသိပေ။ သို့သော် ကောင်းရှို့လျန်က ဤကိစ္စကို အကြောင်းပြုကာ လင်းဝေ့ကို လက်စားချေရန် လုပ်နေသည်ဟု ယူဆနိုင်၏။
ကျောက်မေ့က သူ့အမေဖိအားပေးထားလို့ အမှန်ကိုပြောပါ့မလား???
ဖုန်းယင်တော့ မထင်ပါ။ သူ့အမေ ကောင်းရှို့လျန် ပြောစေချင်သည့်အတိုင်းသာ ပြောလိမ့်မည်။
ထို့ကြောင့် ဖုန်းယင်သည် စကားစရန် ပြင်လိုက်စဥ် လင်းဝေ့၏ စကားသံထွက်လာ၏။" ကျောင်းသူ ကျောက်မေ့ရဲ့ နှုတ်ကနေ ကိုယ်တိုင် ကျွန်မရိုက်ပါတယ်လို့ ထွက်လာရင် ကျွန်မ ဘာမှ ငြင်းမနေတော့ပဲ ကျောင်းကနေ ထွက်လိုက်ပါ့မယ်"
"ဆရာမလင်းးး" ဖုန်းယင်၏ မျက်နှာအမူအရာပြောင်းသွား၏။
ကောင်းရှို့လျန်ကလည်း အံ့သြသွား၏။ "တစ်ကယ်လား"
လင်းဝေ့ကတော့ မပြောင်းလဲပဲ "အမှန်ပြောတာပါ" ဟုပြောလိုက်၏။
"လင်းဝေ့ ဒီကိစ္စရဲ့ အတိမ်အနက်ကို သိရဲ့လား" ဟု ဖုန်းယင်သည် ဒေါသထွက်လာ၍ လင်းဝေ့၏ နာမည်ကိုပင်ခေါ်မိလိုက်၏။
" ကျောင်းအုပ်ကြီးကို စိတ်ပျက်သွားစေမိမှာကို သိပါတယ်။ ဒါပေမယ့် ကျွန်မ ချစ်ပြီးသင်ပြထားတဲ့ကလေးတွေက လိမ်တတ်တယ် ဆိုရင်တော့ ကျွန်မက ဆရာမလုပ်ဖို့ မသင့်တော်ဘူးလို့ဆိုလိုတာပဲရှင့်"
လင်းဝေ့က ယာယီဆရာမသာဖြစ်သော်လည်း အလုပ်ကို အကောင်းဆုံးလုပ်ခဲ့သည်။ ထို့အပြင် ကလေးများကိုလည်း ချစ်သွားပြိီး ကျောင်းစာ သင်ပြခြင်းသာ မက စာရိတ္တပိုင်းပါ သင်ကြားပေးရန်လိုကြောင်း နားလည်လာခဲ့၏။
ထိုကဲ့သို့နားလည်ပြီးနောက် လင်းဝေ့သည် သင်ကြားခြင်းနှင့်ပတ်သက်ပြီး အထူးဂရုစိုက်ခဲ့၏။ လင်းဝေ့သည်ကလေးများကို အကောင်းဆုံးသင်ကြားပေးရင်း ဆရာမကောင်းတစ်ယောက် ဖြစ်လာရန် မျှော်လင့်နေမိ၏။
သူမ မူလတန်းကျောင်းမှာ ဘယ်လောက်ကြာအောင် လုပ်ရမလဲ မသိသော်လည်း လုပ်နေစဥ် အခိုင်အတန့်တော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း အမှတ်တရကောင်းများအဖြစ် ကျန်ခဲ့လို၏။
သို့သော် ကျောက်မေ့က လိမ်ညာပြောရန် ရွေးချယ်လိုက်ပါက သူမ၏ စိတ်ကူးများလည်း ရပ်တန့်သွားရတော့မည်။
သူမအတွက် အဆင်ပြေမည့်အလုပ်ဟု မျှော်လင့်ထားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ကလေးတွေကို ပိုကောင်းသည့် အရာများများမပေးနိုင်ခဲ့ဟု ယူဆနိုင်၏။
သူမ၏ မူလ ရည်ရွယ်ချက်လည်း ပျက်စီးသွားလိမ့်မည်ဖြစ်သည်။
အလုပ်တစ်ခု၏ မူလရည်ရွယ်ချက် ပျောက်သွားလျင်ထိုအလုပ်ကို ဆက်လုပ်နိုင်ဖို့ ဘယ်လိုမှ မသင့်လျော်တော့ချေ။
လင်းဝေ့လည်း ဖုန်းယင်ကို အရိုအသေပေးကာပြောလိုက်သည်။"တောင်းပန်ပါတယ်။ ကျောင်းအုပ်ကြီး နောက်ထပ် အစားထိုး ဆရာမကို ထပ်ရှာရတော့မယ်"
ဖုန်းယင်လည်း ငယ်ရွယ်သည့်လင်းဝေ့က ခေါင်းမာမာနှင့် သူ့အမြင်ကို ဆုပ်ကိုင်နေကြောင်း သိလိုက်ရ၍ ခေါင်းခါလိုက်မိသည်။ လင်းဝေ့ကို စတွေ့ကတည်းက သဘောကျမိခဲ့၍ စိတ်မကောင်းလည်း ဖြစ်မိ၏။
ဖုန်းယင်လည်း သက်ပြင်းချလိုက်ပြီး ကျောက်မေ့ကို နူးညံ့စွာကြည့်လိုက်ပြီး မေးလိုက်၏။"သမီး ဆရာမတို့ အခု ဘာပြောနေသလဲ ဆိုတာ နားလည်လား"
ကောင်းရှို့လျန်လည်း ကျောင်းအုပ်ဖုန်း၏ လိုက်လျောတော့မည့်ဟန်ကိုတွေ့၍ သူ့သမီး၏ ပုခုံးကို တွန်းလိုက်ကာ သတိပေးလိုက်သည်။" ကျောင်းအုပ်ကြီးကိုအမြန်ပြောလိုက်လေ နားလည်လားလို့"
ရုံးခန်းအလယ်အထိ အတွန်းခံလိုက်ရသည့် ကျောက်မေ့သည် အနည်းငယ် မသက်မသာဖြစ်သွား၏။ ထို့ကြောင့် ပုခုံးကို တွန့်လိုက်ပြီး ခေါင်းငုံ့ကာပြောလိုက်၏။
"ကြားလိုက်ပါတယ် နားလည်ပါတယ်"
" ဒါဆို ခေါင်းကို မော့ပြီး ဆရာမမျက်လုံးထဲ ကြည့်ပြီးပြောပါ။ သမီးလက်က ဒဏ်ရာက ဘယ်လိုရတာလဲ"
"သမီးး…"
ပိန်သေးသေး ကောင်မလေးသည် ခေါင်းကို တုန်တုန်ယင်ယင်မော့လိုက်ပြီး ဖုန်းယင်ကိုကြည့်လိုက်ကာ နှုတ်ခမ်းများတုန်လာပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာ၏။
ကျောက်မေ့ ဘာမှ မပြောတာကိုမြင်တော့ ကောင်းရှို့လျန်စိုးရိမ်လာပြီး သူ့သမီး၏ ပုခုံးကိုတွန်းလိုက်၏။" ကျောင်းအုပ်ကြီးက မေးနေတယ်လေ မြန်မြန်ဖြေလိုက်"
ကျောက်မေ့လည်း အတွန်းခံလိုက်ရသည်နှင့် နှုတ်က ထုတ် ပြောလိုက်သည်။"သမီးလက်က ဒဏ်ရာက မြက်နှုတ်လို့ရလာတဲ့ဒဏ်ရာပါ"
ကျောက်မေ့၏ နှုတ်မှ စကားထွက်ကျလာသည်နှင့် ကောင်းရှို့လျန်၏ ဂုဏ်ယူနေသောမျက်နှာထားသည်ရုတ်ချည်းပြောင်းလဲသွားကာ ဒေါသများထွက်လာပြီး ကျောက်မေ့၏ နောက်ကျောကို ပုတ်ကာ အော်မေးလိုက်၏။
"ဘာပြောလိုက်တယ်။ ပြန်ပြောစမ်း"
ဤတစ်ခေါက်တွင် ကျောက်မေ့သည် အားမရှိတော့ သလိုခံစားလိုက်ရ၍ သူ့အမေတွန်းလိုက်သည့်အခါ ရှေ့ကို ယိိုင်ကျသွား၏။ လင်းဝေ့က မျက်လုံးလျင်လိုက်၍ အမြန်ရှေ့ကိုတိုးသွားပြီး ကျောက်မေ့ကို ဖမ်းကာ ပွေ့လိုက်၏။
ကောင်းရှို့လျန်သည် သူ၏ စီစဥ်ထားမှု ပျက်စီးသွား၍ ဒေါသထွက်လာပြီး လင်းဝေ့ကိုအော်လိုက်၏။" ကျွန်မသမီးကို ကျွန်မ ဆုံးမနေတာကို ရှင်က ဘာလာရှုပ်တာလဲ……"
ကောင်းရှို့လျန် ဆက်မပြောနိုင်ခင်မှာပဲ ဖုန်းယင်သည် စားပွဲခုံကို ထုရိုက်ကာ အော်လိုက်၏။"တော်ပြီ"
ထိုအခိုက်မှ ကောင်းရှို့လျန်လည်း သူဘယ်မှာရောက်နေမှန်း သတိရလိုက်သည်။ လင်းဝေ့ လက်ထဲမှ သူ့သမီးကို ဆွဲယူလိုက်ကာ " ကျောင်းအုပ်ကြီးရှင့် လင်းဝေ့ ဒီမှာရှိနေလို့ ကျွန်မ သမီးကကြောက်ပြီး အမှန်ကို မပြောရဲတာဖြစ်မယ်။ ကျွန်မကို အချိန်ခဏပေးပါ။ ကျွန်မကလေးကို သေချာဂရုစိုက်လျင် အမှန်ကိုပြော………"
ဖုန်းယင်က ကောင်းရှို့လျန် စကားကိုဖြတ်လိုက်ပြန်သည်။"ရှင်ကသူ့ကို ဘာတွေပြောဦးမလို့လဲ။ ဘာတွေအဓိပ္ပါယ်မရှိတာတွေ သင်ပေးဦးမလို့လဲ။ လူတွေကို လျှောက်လိမ်ဖို့လား"
ကောင်းရှို့လျန်လည်း ကျောင်းအုပ်ကြီးစကားကြောင့် ကြောင်သွား၏။" ကျောင်းအုပ်ကြီးက ကျွန်မကို မယုံဘူးထင်တယ်။ကျွန်မသမီးရဲ့လက်က ဒဏ်ရာက လင်းဝေ့ကြောင့်ပါ" ဟု ပြောကာ လင်းဝေ့ကို လက်ညိုးထိုးလိုက်၏။
"သူက ကျွန်မသမီးကို ခြိမ်းခြောက်ထားလို့ သမီးက အမှန်ကိုမပြောရဲတာပါ။"
"ရဲဘော်ကောင်း လူတိုင်းကို အရူးလို့ထင်နေတာလား။ရှင်ပြောတော့ ဆရာမလင်းက ရိုက်တာဆို။ ရှင့်သမီးက မဟုတ်ဘူးဆိုတော့ သူကလိမ်တယ် ဖြစ်သွားပြန်ရောလား။ ဆရာမလင်းက ကျောက်မေ့နဲ့ သူနဲ့ နှစ်ယောက်တည်း အတူရှိကြတဲ့အချိန်မရှိဘူးဆိုတာ တစ်ခြားသူတွေမျက်မြင်သက်သေရှိတယ် ပြောတော့ တစ်ခြားသူတွေက ဘက်လိုက်ပြီး ကာပြောပေးလိမ့်မယ်ပြောပြန်ရော။ အခုရှင့်သမီး ကိုယ်တိုင်က မြက်နှုတ်ပြီး ရတဲ့ဒဏ်ရာပါလို့ပြောတာတောင် မဟုတ်ဘူးလိမ်နေတာ ပြောဦးမလို့လား"ဟု ဖုန်းယင်က ပြောလိုက်ပြီး ကောင်းရှို့လျန်နား လျှောက်လာ၏။
" ဒါဆို ကျွန်မမေးပါရစေ။ ရှင်ပြောတာပဲ အမှန်။ ကျန်တဲ့သူတွေအားလုံးက လိမ်နေကြတာလို့ ပြောချင်တာလား"
ကောင်းရှို့လျန်က အရပ် ၅ ပေ ၁လက်မခွဲရှိ၍ အရပ်မပုလွန်းသလို အရပ်လည်း မရှည်လွန်းပါ။ သို့သော် ဖုန်းယင်က သူ့ထက် သုံးလက်မပိုမြင့်ပြီး ဒေါက်လည်း စီးထားသေးရာ ကောင်းရှို့လျန်ကို ငုံ့ကြည့်သကဲ့သို့ဖြစ်နေ၏။
ထို့အပြင် ကျောင်းအုပ်လုပ်လာတာလည်း ကြာပြီဖြစ်ရာ ကိုယ်ရောင်ကိုယ်ဝါလည်း ကောင်းရှို့လျန်ကို လွှမ်းမိုးနိုင်သေး၏။
ထို့ကြောင့် မျက်လုံးလျင်းဆုံခိုက်တွင် ကောင်းရှို့လျန်လည်း သိမ်ငယ်သကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် ဖုန်းယင်နှင့် အကြည့်လွဲလိုက်ကာ ပြောလိုက်၏။"ကျွန်မ အာ့လိုပြောချင်တာ မဟုတ်ပါဘူး"
"မဟုတ်ရင်တော့ တော်သေးတာပေါ့" ဟု ဖုန်းယင်ကပြောလိုက်သည်။
" ကျေးဇူးပြုပြီး ဒီနေရာက ကျောင်းဆိုတာကို သိထားပါ။ ကလေးတွေကို ပညာသင်ပေးတဲ့နေရာပါ။ ရှင် လာရှုပ်လို့ရတဲ့နေရာမဟုတ်ဘူး။ ကျောက်မေ့ကလည်း ရှင့်ကိုယ်ရေးကိုယ်တာ လက်စားချေဖို့အတွက် အသုံးချစရာ လက်နက်မဟုတ်ဘူး" ဟု ဖုန်းယင်ကတွေးပြီး ထပ်ပြောလိုက်ရာ ကောင်းရှို့လျန်သည် အသည်းအသန်ဖြစ်လာ၏။
ဖုန်းယင်က လင်းဝေ့ဘက်ကို လုံးဝဘက်လိုက်သည်ဟု တွေးလိုက်သည်။ သူမထင်သည်က သူ့သမီးသက်သေလိုက်ပေးလိုက်လျင် လင်းဝေ့ကို အလုပ်ထုတ်နိုင်လိမ့်မည်ဟုတွေးနေခဲ့ရာ သူ့သမီးကိုယ်တိုင်ကိုက လင်းဝေ့ဘက် ပြောပေးသွားသဖြင့် ကောင်းရှို့လျန် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွား၏။
ကောင်းရှို့လျန်သည် ထိုစကားများကို ကျောင်းအုပ်ရှေ့တွင် ထုတ်မပြောရဲသော်လည်း သူ့မျက်နှာကတော့အလွန်အကျွံ ပျက်နေပြီဖြစ်သည်။
ဖုန်းယင်ကလည်း ကောင်းရှို့လျန် မျက်နှာ ပျက်နေသည်ကိုတွေ့၍ "ရှင်က လင်းဝေ့ရိုက်တယ်လို့ တစ်ကယ်ယုံကြည်ရင် ကျွန်မ ဒီကိစ္စကို အထက်ကိုတင်ပြပြီး ဘယ်သူမှန်လဲ ဆိုတာ စုံစမ်းစစ်ဆေးခိုင်းလိုက်မယ်လေ ပိုရှင်းသွားတာပေါ့" ဟုပြောလိုက်ရာ ကောင်းရှို့လျန်၏ မျက်နှာ အမူအရာ ချက်ချင်းပြောင်းသွားလေသည်။
လင်းဝေ့တစ်ကယ် သူ့သမီးကို ရိုက်မရိုက် သူမအသိဆုံးဖြစ်သည်။
ဤကိစ္စကို ပြဿနာရှာရဲရတာကလည်း တစ်နေ့တာလုံးရှည်ကြာပြီးဖြစ်၍ လွန်ခဲ့သည့်စနေနေ့က ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိလောက်တော့ဟု တွေးကာ ဇာတ်လမ်းဆင်ခဲ့ခြင်းဖြစ်သည်။
ကျောင်းအုပ်ဖုန်းယင်ကိုလည်း ဒီလိုပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ခဲ့ပါ။ လင်းဝေ့ကိုလည်း စနေနေ့ကအဖြစ်အပျက်အားလုံးကို မှတ်မိမည်ဟု မထင်ပါ။ သူ့သမီးကိုမရိုက်ပါဟူသည့် သက်သေကို ရှာနိုင်လိမ့်မည်ဟုလည်း မထင်လိုက်ပါ။ သူ့သမီးအရိုက်ခံရသည့်ဒဏ်ရာက သေချာနေပြီဖြစ်၍ ဘယ်လိုမှ ဖြေရှင်းနိုင်လိမ့်မည်ဟု မထင်ခဲ့ပါ။
ကောင်းရှို့လျန် မမျှော်လင့်ခဲ့သည်က လင်းဝေ့သည် လွန်ခဲ့သည့် စနေနေ့က အဖြစ်အပျက်များကို အချိန်အတိအကျ မှတ်မိရုံသာမက သူ့ဘေးတွင် ဘယ်သူများရှိခဲ့သည်ကိုပါ မှတ်မိနေခြင်းဖြစ်သည်။
သူမပို၍ မမျှော်လင့်ထားသည်က သေချာပြောပြထားသည့် သူသမီးကပင် ကျောင်းအုပ်က မေးလာသောအခါ သူပြောပြထားသလို ပြောထွက်မလာခြင်းဖြစ်သည်။
သို့သော် ဤသည်ကလည်း ပြဿနာမရှိပါ။ သူ့သမီးကိုသီးသန့်ခေါ်ပြီး ပြန်ပြောလိုက်လျင် အခြေအနေတွေကပြန်ပြောင်းသွားနိုင်၏။