← Chapters

Chapter 118

Vol. 9 Ch. 118

Chapter 118

Vol. 9 Ch. 118

"တစ်ကယ်ကြီးလား??" ဟု ပြောကာ ခုလေးတင်လက်နာ၍ ငိုနေသည့်အကြောင်းကို သတိပေးလို၍ သူ့လက်နီရဲရဲလေးကို လက်ညိုးထိုးပြလိုက်၏။

မင်မင်ကလည်း သူ့လက်ကို ကြည့်ပြီး ပြန်စဥ်းစားလိုက်၏။"နာတာက ဘယ်လောက်တောင်နာမှာလဲ မေမေ။ နည်းနည်းလေးပဲ နာမှာမဟုတ်လား"

လင်းဝေ့လည်း မင်မင်၏ပင်လယ်စာ စားချင်စိတ်ကြောင့် အလုပ်ကူလုပ်ပေးနေမှန်းပြန်သတိရလိုက်၍ ပြုံးကာပြောလိုက်၏။"ဟုတ်ပြီလေ မေမေ သားကို နှစ်လုတ် လောက်ပေးစားမယ်"

"နှစ်လုပ်ပဲလား" မင်မင် စိတ်ပျက်သွားမိ၏။

"သားက နည်းတယ်လို့ ထင်တယ်ပေါ့"ဟု လင်းဝေ့က မျက်လုံးလေးမှေးကာ ကြည့်ရင်း မေးလိုက်တော့ မင်မင်က လည်းခေါင်းအမြန်ခါလိုက်သည်။"များပါတယ် မေမေ နှစ်လုတ် ဆို တော်ပါပြီ"

သားအမိနှစ်ယောက် ညှိနှိုင်းပြီးနောက် မင်မင်က ကြက်သွန်ဖြူများကို စောင့်ကြောင့်ထိုင်ကာ ခွာလေတော့၏။

ထိုအချိန်မှာပဲ ရှောင်ရှီးရှီး အိမ်ကပြန်လာသည့် ရွေ့ရွေ့က အိမ်ထဲဝင်လာကာ မင်မင်ကို အရင်ရှာလေ၏။အပေါ်ထပ်အောက်ထပ် "အစ်ကိုကြီး"ဟုအော်ခေါ်ကာ လိုက်ရှာသော်လည်း မတွေ့ပါ။ မီးဖိုချောင်ထဲ ဝင်ကာ သူ့အမေကို " မေမေ ကိုကြီးကို တွေ့……"

သူမေးလို့မပြီးသေးခင်မှာပဲ သူ့အစ်ကိုအား ကြက်သွန်ဖြူ ထိုင်ခွာနေသည်ကို တွေ့လိုက်ရ၍ အစ်ကိုနားသွားကာ ဘာလုပ်နေတာလဲမေးလိုက်၏။

" ငါညနေစာအတွက် ပြင်ဆင်နေတာလေ" ဟု မင်မင်က အတည်ပေါက် ပြောလိုက်သည်။

"ဘယ်လို!!" ရွေ့ရွေ့ က အံ့သြသွား၏။

မင်မင်ကလည်း သူ့လက်ထဲက ကြက်သွန်ဖြူကို ပြလိုက်ကာ ပြောလိုက်သည်။"ဒီ မှာ မမြင်ဘူးလား"

ကလေးနှစ်ယောက်က မီးဖိုချောင်ထဲဝင်ခဲလှ၏။ ထို့ကြောင့် အစားအသောက်များကိုလည်း ဟင်းပန်းကန်ပေါ်ရောက်မှ သာမြင်ဖူးကြ၏။ ထို့ကြောင့် ရွေ့ရွေ့သည် မင်မင်လက်ထဲက ကြက်သွန်ဖြူကို မသိပါ။"အာ့တာဘာလဲ"

"မင်းဒါတောင်မသိဘူးလား" မင်မင်ကဘမျက်လုံးလေးပြူးကာ မေးလိုက်၏။" ဒါကကြက်သွန်ဖြူအမွှာလေ"

အမှန်တော့ မင်မင်လည်း စောနလေးကမှ သူ့အဖေပြော၍သိသည်ဖြစ်သော်လည်း ခပ်တည်တည်နှင့် သူ့ညီလေးကို ပြန်ဟန့်နေ၏။

" ကြက်သွန်ဖြူအမွှာက ဘာလုပ်မလို့လဲ" ဟု ရွေ့ရွေ့ကမေးလိုက်သည်။

"ဒါက …" မင်မင် ပြန်မဖြေတတ်တော့ပေ။ သူလည်း ကြက်သွန်ဖြူကို ဘယ်မှာသုံးလဲ မသိ၍ ခေါင်းလေးမော့ကာ သူ့အဖေကို မေးလိုက်၏။

"ဖေဖေ ကြက်သွန်ဖြူက ဘယ်မှာ သုံးတာလဲ"

" မင်းတို့အမေက ကြက်သွန်ဖြူကို နှုတ်နှုတ်စင်းပြီး ပုစွန်နဲ့ပေါင်းတယ်လေ" ဟု ကျုံးရှောက်ကပြန်ဖြေပေးလိုက်သည်။

မင်မင်လည်း ရုတ်တရက် နားလည်လိုက်ပြီးနောက် သူ့ညီလေးကို ပြောပြလိုက်၏။"ဒါက ကြက်သွန်ဖြူပုစွန်ပေါင်းအတွက်"

ရွေ့ရွေ့ - "…အို့," ကျေးဇူးပါ။ ငါလည်းကြားလိုက်ပါတယ်။ အခုလိုထပ်ပြောပြစရာ မလိုပါဘူးနော်။

"မင်းလည်း ငါနဲ့အတူ လာခွာလေ" ဟု သူ့အစ်ကိုက သူ့ကို ထပ်ပြောသည်က်ို ကြားလိုက်ရ၏။

ရွေ့ရွေ့- "ဟမ်"

"ထမင်းဟင်းချက်ရတာက အရမ်းခက်တာ။ ဖေဖေရယ် မေမေရယ် ငါရယ် ဟင်းချက်ဖို့အတွက် အလုပ်ရှုပ်နေတာ ကြာလှပြီ။ မင်းက လာမကူချင်ဘူးလား"

အမှန်လည်း မင်မင်သည် ဟင်းချက်ရတာကို ပင်ပန်းသည်ဟုထင်မိ၏။ ကြက်သွန်ဖြူအမွှာလေးကို လက်သည်းဖြင့် အခွံခွာရသည်ကပင် အလွန်ခက်ခဲလှ၏။

ထို့ကြောင့် မင်မင်သည် " ကောင်းအတူဆိုးအတူ" ဆိုသည့် ဆိုရိုးကို မသိသော်လည်း သူ့ညီလေးကို အတူတူ ဒုက္ခခံခိုင်းလို၏။

ရွေ့ရွေ့ကလည်း သူ့အစ်ကို၏ လှည့်ကွက်ကိုသိသော်လည်း သူ့မိသားစုဝင်အားလုံးက အမှန်ပင် အလုပ်များနေကြ၍ သူကအပြင်သွားတော့လျင်လည်းမသင့်တော့ချေ။ ထို့ကြောင့် သူ့အစ်ကိုဘေးမှာပဲ စောင့်ကြောင့်ထိုင်လိုက်ပြီး ကြက်သွန်ဖြူကူခွာပေးလိုက်ရတော့၏။

………………………………

ကလေးနှစ်ယောက်၏ ကူညီမှု… မဟုတ်သေးဘူး မင်မင်၏ ကူညီပေးမှုကြောင့် ယနေ့ညစာမှာ ပုံမှန်ထက် ၁၅မိနစ်နောက်ကျကာ ပြီးသွားလေ၏။

ပုံမှန် ထမင်းဟင်း အမြဲချက်နေကြလူများသည် ဟင်းပွဲများချက်လျင် အချိန်ဘယ်လောက်ကြာကြောင်းသိပြီးဖြစ်၏။ လင်းဝေ့သည် စျေးဝယ်ရာတွင်လည်း ချက်ပြုတ်မည့် ဟင်းလျာများကို ကြိုတွေးကာ ဝယ်လေ့ရှိ၍ သူမဘယ်အချိန် မှာ စချက်လျင် ဘယ်အချိန်မှာ ပြီး မည်ကို ကြိုသိထားလေ၏။

ကျုံးရှောက် ပင်လယ်ဘက် တာဝန်မကျသည့် အချိန်တွင် ပုံမှန် ညနေ ၆နာရီခွဲလောက် အိမ်ပြန်လာလေ့ရှ်ိ၏။ တနင်္ဂနွေရက်လည်း ထိုကဲ့သို့သာဖြစ်၏။ ထို့ကြောင့် လင်းဝေ့သည် ကျုံးရှောက်၏ ကူညီပေးမှုကြောင့် ပုံမှန်ချက်ပြုတ်ချိန်ကို နောက်ရွေ့လိုက်၏။

ညနေစာချက်ပြုတ်ချိန်က ပုံမှန်တော့မရှိပါ။ တစ်ခါတစ်လေ ဆယ်မိနစ်ငါးမိနစ်စောလေ့ရှိပြီး တစ်ခါတစ်လေ ဆယ်မိနစ်ငါးမိနစ် နောက်ကျလေ့ရှိ၏။ ရံဖန်ရံခါ မစီစဥ်ထားသည့်ကိစ္စများပေါ်လာလျင် ညစာပင်လျင် နောက်ကျတတ်၏။

ဤနေ့သည်လည်း ထိုကဲ့သို့ မစီစဥ်ထားသည့်ကိစ္စများပေါ်လာခဲ့ခြင်းဟု ဆိုနိုင်၏။

ကလေးနှစ်ယောက် ကြက်သွန်ဖြူခွါတာကို စောင့်လိုက်ပြီးနောက် ကြက်သွန်ဖြူဆီချက်လုပ်ကာ ပုစွန်နှင့် ထပ်ပေါင်းရ၍ ညစာက နောက်ကျသွားရ၏။

ညနေစာ စားချိန်နောက်ကျသော်လည်း လင်းဝေ့က စိတ်ပျော်ရွှင်နေမိ၏။ အဘယ့်ကြောင့်ဆိုသော် သူ့မိသားစု၏ ကူညီမှူဖြင့်ပထမဆုံး ညစာကို အတူချက်ပြုတ်ခဲ့ရပြီး အမှတ်တရကောင်းများ ဖန်တီးခဲ့ရ၍ဖြစ်၏။

ဆယ်စုနှစ်အကြာမှ အမှတ်တရမှတ်တမ်းပုံများ ရိုက်နိုင်သည့် မိုဘိုင်းဖုန်းများ ပေါ်လာမည်ဖြစ်၍ လောလောဆယ် သူမ၏ အမှတ်တရပုံများ မရိုက်နိုင်၍ ဝမ်းနည်းမိ၏။

ဤခေတ်မှလူများသည် မိုဘိုင်းဖုန်းမပြောနှင့် ဓာတ်ပုံပင် သိပ်မရိုက်ဖြစ်ကြပေ။

လင်းဝေ့ပင်လျင် မွေးကတည်းက အခုထိရိုက်ခဲ့သည့်ဓာတ်ပုံများမှာ လက်တစ်ဖက်ပင် မပြည့်ပါ။ ကျုံးရှောက်နှင့်လည်း မိသားစုဓာတ်ပုံပင် မရိုက်ဖူးသေးပါ။

ထို့ကြောင့် အမှတ်တရအတွက် ဓာတ်ပုံရိုက်ဖို့မဖြစ်နိုင်တော့၍ လင်းဝေ့လုပ်နိုင်သည်က ကြက်သွန်ဖြူပုစွန်ပေါင်းကိုသာ များများစားပြီး အမှတ်တရကို မှတ်မိနိုင်အောင်လုပ်လိုက်၏။

ညီအစ်ကို နှစ်ယောက်ကလည်း ကြက်သွန်ဖြူအနှစ် အများကြီး စားလိုက်ကြ၏။ ကြက်သွန်ဖြုအနှစ်ကို ပုစွန်ထဲ ထည့်ပေါင်းလိုက်သည်က ဟင်းကို ပိုအရသာရှိသွားစေပြီး အနံ့မွှေးကြိုင်စေပါ၏။

လင်းဝေ့ ပင်လယ် ခရု ကမာ မုတ်ကောင်ပုစွန်များချက်တိုင်း ကလေးနှစ်ယောက်သည် ပင်လယ်စာသာမက ကြက်သွန်ဖြူအနှစ်များကိုပါ အကုန်စားလိုက်လေ့ရှိ၏။

ယနေ့ဟင်းမှာ ထည့်သုံးထားသည့် ကြက်သွန်ဖြူက သူတို့ကိုယ်တိုင်ခွာထားသည့် ကြက်သွန်ဖြူဖြစ်နေ၍ ပိုအရသာရှိနေ၏။ ထို့ကြောင့် သူတို့အဖေ အမေ ထက်ပင် ကြက်သွန်ဖြူအနှစ်များ ပိုစားလိုက်ကြ၍ ပုစွန်များပင်ကျန်နေသေး၏။

ပုစွန်များကျန်သေးသော်လည်း မင်မင်သည် နှစ်လုတ်ထက်ပိုကာ စားပြီးပြီဖြစ်၍ ထပ်မယူစားရဲတော့ပဲ သူ့နှုတ်ခမ်းကိုသာ လျှာဖြင့်သပ်နေပြီး အမေဖြစ်သူကို သနားစဖွယ် လှမ်းကြည့်လိုက်၏။

လင်းဝေ့လည်း သဘောကျကာ ရယ်လိုက်ပြီး ပုစွန်နှစ်ကောင်ကို ယူလိုက်ကာ သူ့သားနှစ်ယောက်ပန်းကန်ထဲ ထည့်ပေးလိုက်၏။"စားကြ"

"သား ထပ်စားလို့ရတယ်လား"မင်မင်က မေးလိုက်၏။

"သားက ကြက်သွန်ဖြူ ကူခွာပေးထားတာဆိုတော့ သားလျှာနာမှာမကြောက်ဘူးဆိုရင် သားကြိုက်သလောက်စားလို့ရတယ်" လင်းဝေ့ပြောထားသည့် ပင်လယ်စာ စားလျင် ဆူးအမျှင်များကြောင့် လျှာနာမည်ဟုပြောထားသည်က မင်မင်ကို ခြောက်ထားခြင်းသာဖြစ်သည်။ အမှန်တော့မနာပါ။

လင်းဝေ့က ထိုသို့ခြောက်ထားသော်လည်း မင်မင်ကတော့ ပင်လယ်စာကို ကြိတ်သည်သာဖြစ်သည်။

ရွေ့ရွေ့ကတော့ နေ့လည်က မင်မင်လျှာခိုက်မိသွားသည့်ကိစ္စကို မသိလိုက်သောကြောင့် ကြောင်တောင်တောင်ဖြစ်သွား၏။"မေမေ ပင်လယ်စာ စားရင် သားတို့လျှာက ဘာလို့နာမှာလဲဟင်"

မင်မင်က စားနေရာမှ သူ့အမေကို ရုတ်တရက်လှမ်းကြည့်လိုက်၏။ နေ့လည်က လျှာကိုက်မိသည့်ရှက်စရာအဖြစ်အပျက်ကို သူ့ညီလေးကို မပြောပြချင်ပေ။ သူ့သိက္ခာကျသည်ဟု ခံစားမိ၏။

လင်းဝေ့ကလည်း သူ့သား၏ အကြည့်ကိုသိလိုက်၏။ ထို့ကြောင့် "သားအစ်ကိုက နေလို့သိပ်မကောင်းဘူးဆိုလို့ပါ။ သားကတော့ စားရင် ဘာမှ မဖြစ်ပါဘူး" ဟုပြုံးကာ ပြောပြလိုက်၏။

ရွေ့ရွေ့လည်း နားလည်သွားပြီး သူ့အစ်ကိုဘက်လှည့်ကာ မေးလိုက်၏။"အစ်ကိုကြီး နေမကောင်းဘူးလား"

မင်မင်ကလည်း ယောင်တောင်တောင်နှင့် ခေါင်းငြိမ့်လိုက်၏။"အင်းးး"

"ဒါတောင် ပုစွန်ကိုစားသေးတယ်ပေါ့ နာမှာမကြောက်ဘူးလား" ဟု ရွေ့ရွေ့က ထပ်မေးလိုက်၏။

မင်မင်ကလည်း သူစားလက်စ ပုစွန်တုပ်ကိုချကာ ဆီပေနေသည့် လက်ဖြင့် ရင်ဘတ်ကိုပုတ်ကာပြောလိုက်၏။

" ငါက ယောကျာ်းပဲ နာမှာကို မကြောက်ဘူး"

သူ့အစ်က်ို၏ စကားကိုကြားလိုက်သောအခါ ရွေ့ရွေ့သည် သူ့အစ်ကိုကို ကြည်ညိုလေးစားစိတ်များဝင်သွားလေတော့၏။

လင်းဝေ့နှင့်ကျုံးရှောက် - "………" ဆွံ့အ

မင်မင်၏ မွေးမိဘများဖြစ်နေ၍ သက်ပြင်းချရုံမှ အပ မတတ်နိုင်ပေ။ သူတို့သားက အရေထူလွန်းလှ၏။

…………………………

လင်းဝေ့တို့ အိမ်ဘေးက ကျောက်မိသားစုညအိမ်ပြောင်းခြင်းက သုံးလေးရက်လောက်ကြာမှ အကုန်ပြောင်းပြီးလေ၏။

ပုံမှန်အားဖြင့် သုံးရက်တော့မကြာသင့်ပါ။ ကောင်းရှို့လျန် တပ်ထဲ စပြောင်းလာတော့ ပရ်ိဘောပစ္စည်းများက ပျက်စီးနေသော်လည်း ကောင်းသည်များ ရှိသေး၏။ ထို့ကြောင့် အသစ်မဝယ်လို၍ ထိုပရ်ိဘောဂများကိုသာ ပြင်၍ သုံးခဲ့သည်။ သူတို့အခန်းထဲက ဘီဒိုနှင့်ကုတင်သာ အသစ်ဝယ်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည် နှစ် နှစ် အတွင်းလည်း ပစ္စည်း ထပ်ဝယ်ဖြည့်ခဲ့၍ အိမ်ပြောင်းသည့်အချိန်တွင် ပစ္စည်းများ တောင်ပုံ ယာပုံ ဖြစ်နေ၏။ ကုတင် ဘီဒိုများကို လူတစ်ယောက်ခေါ်ကာ ကူရွေ့လိုက်ပြီး ကျန်သည်များကို သုံးဘီးထည့်ပါ သယ်လာလိုက်၏။ ကောင်းရှို့လျန်က ပစ္စည်းများကြိုတင်ထုတ်ပိုးပြီးသား ဖြစ်သော်လည်း တစ်ရက်လျင် နှစ်ခေါက်လောက် သုံးဘီးနှင့်တင်ပြီး သုံးလေးရက်လောက် ရွေ့လိုက်ရ၏။

"ကျွန်မအထင်တော့ ကောင်းရှို့လျန် အိမ်အသစ်ကို စိတ်တိုင်းကျမှာ မဟုတ်လောက်ဘူး။ တိုက်တန်းအိမ်ရာက နေရတာ အဆင်ပြေပေမယ့် အခန်းတွေက ကျဥ်းတယ်လေ။ ကောင်းရှို့လျန် အိမ်အကြီးကြီးမှာ နေခဲ့တာ ကြာပြီဆိုတော့ သူ့အတွက် အဆင်ပြေလိမ့်မယ်လို့မထင်ဘူး" ဟု ကျောက်လီက ပြောလိုက်၏။

"နောက်ဆို ဒီကိုပြန်ပြောင်းလာချင်မှာလား မသိဘူး" ဟု လင်းဝေ့က မေးလိုက်ရာ ကျောက်လီက "အာ့လိုဖြစ်လာမယ် ထင်တယ်။ အရင်အိမ်နီးချင်းတွေဆီက ကြားတာတော့ မနေ့က ကောင်းရှို့လျန်တို့ လင်မယားစကားများကြသေးတယ်တဲ့" ဟု ကောင်းရှို့လျန်တို့အိမ်အကြောင်း သူသိရသလောက် သတင်းပြန်ပြောပြကာ မနက်ဖြန် တစ်မိသားစုလုံး အဝတ်အစားလှလှဝတ်ကာ စားသောက်ပွဲ လာရန် သတိပေးလိုက်၏။

"စားသောက်ဖို့ပဲကို အဝတ်အစားလှလှပပ ဝတ်လာဖို့က လိုသေးလို့လား"ဟု လင်းဝေ့က မေးလိုက်ရာ ကျောက်လီက ကြေကွဲသွား၏။

"ဒါက ကျွန်မတို့မိသားစုတွေရဲ့ ပထမဆုံး တွေ့ဆုံစားသောက်ပွဲကို အိမ်နေရင်းဝတ်တွေနဲ့ လာမလို့လား"

လင်းဝေ့လည်း ဟုတ်တာပဲလေ ဟုတွေးလိုက်၏။"ဒါဆို ဘယ်လိုမျိုးအဝတ်အစား ဝတ်ခဲ့ရမလဲ"

"ရှိတဲ့အဝတ်အစားတွေထဲက အသန့်ဆုံး အလှဆုံး အကောင်းဆုံးကိုသာ ဝတ်ခဲ့။ အကောင်းဆုံး ဝတ်လာတဲ့ မိသားစု သုံးစုအတွက် ကျွန်မ လက်ဆောင်လေးတွေပြင်ထားတယ်နော်"ဟု ကျောက်လီက တက်တက်ကြွကြွပြောလိုက်၏။

လင်းဝေ့ - "...…" အိုခေပါ။

All Chapters