အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
အပိုင်း (၁၇၈)- မုန်တိုင်းကို စမ်းသပ်ခြင်း
တည်ငြိမ်သမုဒ္ဓရာမြို့၏ ယွမ်နင်းခရိုင်၏ နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တာမို့ ယုချိုင် အထက်တန်းကျောင်းသည် ကောလဟာလထဲကလိုခမ်းနားလှသည်။ သာမန်ခေတ်က တက္ကသိုလ်များ ထက် ပိုပြီးကြီးမားသော နေရာတစ်ခုကို အပြည့်ယူထားပြီး အမျိုးမျိုးသော ပစ္စည်းကိရိယာများဖြင့် ပြည့်စုံလှသည်။
ဆောင်းရာသီပိတ်ရက် တစ်လကြာပြီးနောက် ယုချိုင်အထက်တန်းကျောင်းသည် သူ၏ ကျောင်းသားများ ကို တစ်ဖန်ပြန်ပြီးကြိုဆိုပြန်သည်။ ကျောင်းက မဖွင့်သေးသော်ငြား ကျောင်းသားအများစုက မနက်ခင်း မှာအပြေးအလွှားရောက်လာကြသည်။ ပထမဆုံးအကြိမ် ကျောင်းပေါင်းစုံတွေ့ဆုံပွဲ ကိုကျင်းပခြင်း မဟုတ်သော်လည်း ဒီတစ်ကြိမ်မှာတော့ကွဲပြားလှသည်။
ယုချိုင်ကျောင်းသည် ယခုနှစ်တွင်မှ ပထမဆုံးအကြိမ်အဖြစ် ကျောင်းပေါင်းစုံတွေ့ဆုံပွဲကို လက်ခံကျင်းပ ခြင်း ဖြစ်သည်။ ယုချိုင်အထက်တန်းကျောင်း၏ ကျောင်းသားများအတွက်တော့ အလွန်ဆန်းသစ်လှပေ သည်။ ထိုပွဲကျင်းပခြင်းက သူတို့ကျောင်းသည် အမှတ်၅ နှင့် အမှတ် ၇ အထက်တန်းကျောင်းနှင့် ယှဉ်နိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် ကျောင်းသားအများစုသည် အလွန်စိတ်ဓာတ်တက်ကြွစွာဖြင့် ဆောင်းရာသီပိတ်ရက်အဆုံးမှာကျောင်းမှာကူညီရန် ရောက်လာကြသည်။
ကျောင်းအသီးသီး၏ ထိပ်သီးကျောင်းသားများနှင့် ပါရမီရှင်များအပြင် ယုချိုင်ကျောင်း၏ ဝင်ပေါက်က လူများစွာဖြင့်ပြည့်နှက်နေသည်။
“ဒါက ကျန့်ယွမ်အထက်တန်းကျောင်းရဲ့ ထိပ်သီး ကျောင်းသား ၂၀ထဲက မလား။ သူတို့က
ဘာမှမဟုတ်တဲ့ပုံစံလိုပဲ။ ငါတို့ကျောင်းလောက် မတော်ကြလောက်ဘူးထင်တယ်”
“ဒီ ထိပ်တန်း အယောက် ၂၀ ကို အထင်မသေးနဲ့။ သူတို့က သာမန်အထက်တန်းကျောင်းရဲ့ အတော်ဆုံး
ကျောင်းသား ၂၀ထဲမှာ ပါပေမဲ့ သူတို့က ငါတို့ကျောင်းသားတွေထက် ပိုပြီး အင်အားကြီးတယ်။
သာမန်အထက်တန်းကျောင်းတွေမှာလည်း အရည်အချင်းရှိတဲ့သူက အများကြီးရှိတယ်”
“ဒါပေမဲ့ အတော်ဆုံးကျောင်းသားတွေကတော့ သာမန်အထက်တန်းကျောင်းမှာမရှိဘူးမလား။
အများဆုံးကတော့ ငါတို့ကျောင်းရဲ့ အထူးတန်းနဲ့တူမယ်ထင်တယ်”
“ဒီနှစ်မှာရော ဘယ်ကျောင်းက ပထမရမယ်ထင်လဲ။ နံပါတ် ၅ လား နံပါတ် ၇ လား”
“ငါတို့ကျောင်းက ရမ်ဂျမ်ကရော ချန်ပီယံမဖြစ်နိုင်ဘူးလား။ ရမ်ဂျန်ရဲ့ အင်အားကလည်း ယွမ်နင်းခရိုင်မှာ နာမည်ကြီးတယ်လေ”
ကျောင်းပေါက်မှာရှိသော ကျောင်းသားအများစုက စိတ်ဝင်တစားဆွေးနွေးနေကြသည်။ ယခုနှစ်တွင်
မည်သူက ချန်ပီယံဖြစ်မလဲဆိုတာနှင့် ပတ်သက်ပြီး သူတို့၏ အတွေးအမြင်ကို အကြိတ်အနယ်ဆွေးနွေး နေကြသည်။ အဝေးတစ်နေရာကလူသုံးဦးသည် အားလုံး၏
ရှေ့မှောက်ကိုရောက်လာကြသည်။
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အမျိုးသားတစ်ယောက်သည် ခပ်ဝဝ အနေအထား ဖြစ်ပြီး သူ၏ မျက်နှာမှာ ရွှင်ပျသောအပြုံးတစ်ခုရှိနေသည်။ တခြားအမျိုးသားတစ်ဦးက အရပ်ရှည်ပြီး ချောမောသောမျက်နှာရှိသည်။ အမျိုးသမီးလေးက အရပ်ရှည်ပြီး ပိန်သွယ်သွယ်ခန္ဓာကိုယ်ရှိသည်။ သူမသည် ဖြူလျလျ သိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ လှပသောခန္ဓာကိုယ်အချိုးအစားနှင့် လိုက်ဖက်ညီလှသည်။ သူမ၏ မျက်နှာသည်လည်း အလွန်လှပပြီး သူမ၏ အသားရည်မှာ နှင်းပွင့်ကဲ့သို့ ဖြူစင်လှပြီး နတ်သမီးလေးတမျှ လှပသည်။
“ဒီလူတွေက ဘယ်သူတွေလဲ” ဟု ကျောင်းသားတစ်ဦးက မေးသည်။
သူ၏ အကြည့်က ထိုမိန်းကလေးဆီကိုရောက်သွားသောအခါ သူ၏ အကြည့်များမလွှဲနိုင်တော့ပေ။
“ သူတို့ရင်ဘတ်နားမှာ ကျောင်းတံဆိပ်ကိုတွေ့တယ်။ သူတို့က အမှတ် ၁၃ကျောင်းကပဲ။ သူတို့ကလည်း
ထိပ်တန်းကျောင်းသား ၂၀ကပဲပေါ့”
“အမှတ် ၁၃ကျောင်း…ဒီကျောင်းက နှစ်တိုင်းလိုလို ဘိတ်ချေးရတာမလား။ သူတို့ကျောင်းမှာ
ဒီလိုအချောအလှလေးရှိနေမယ်လို့ ထင်မထားမိဘူး”
“သူက အမှတ်၁၃ကျောင်းရဲ့ နာမည်အကြီးဆုံး ကျောင်းသူဖြစ်ရမယ်။ အမှတ် ၁၃ကျောင်းရဲ့
ထိပ်သီးကျောင်းသား ၂၀ထဲမှာ ဝင်ဖို့ဆို အင်အားနဲ့ အလှအပကလည်း တကယ့်ကို အတူတူလောက်ပဲ
အရေးကြီးတယ်”
ကျောင်းသားများက စိတ်ပါဝင်စားစွာဆွေးနွေးနေကြသည်။ ထိုသုံးဦးသည် ချူးယွင်ဖန်း၊ ဂေါင်ဟုန်ချီနှင့်
တန်စီယုတို့ဖြစ်ကြသည်။ သို့သော် အများစု၏ အာရုံက တန်စီယုထံသို့ ကျရောက်နေကြသည်။ ထို့ပြင်
ကျန်ကျောင်းသားနှစ်ဦးနှင့်ယှဉ်ပါက တန်စီယု၏ ပုံစံက ပိုမိုသာလွန်သည့် အနေအထားဟု ထင်ရသည်။
အမှတ် ၁၃ကျောင်းမှာတောင်မှ တန်စီယုသည် လွန်ခဲ့သော ပညာသင်နှစ်ဝက်၏ နောက်ဆုံးစာမေးပွဲမှာ
သူမ၏ ထက်မြက်သော အရည်အချင်းကိုပြသခဲ့တာမို့ လူအများစု၏ နှလုံးသားထဲတွင် နတ်ဘုရားမ
တစ်ဦးအသွင်ဖြစ်လာသည်။
“ငါ တွေ့ပြီ။ သူ့နာမည်က တန်စီယု။ သူ့ကို လျှော့မတွက်ကြနဲ့။ သူမက အတော်ဆုံးကျောင်းသား ၂၀ထဲမှာ ပါရုံမကဘဲ သူက အမှတ်၁၃ကျောင်းရဲ့ မနှစ်က နောက်ဆုံးစာမေးပွဲမှာ အဆင့်သုံးရခဲ့တာနော်”
ကျောင်းသားတချို့သည် သူတို့၏ တက်လလက်များကိုထုတ်ကာ တန်စီယု၏
အကြောင်းကိုရှာဖွေကြသည်။ ထို့ပြင် ထိုအကြောင်းအရာများသည် လျှို့ဝှက်ချက်များမဟုတ်နေပေ။
ထိုအချက်အလက်များကို ကျောင်းအားလုံး၏ တရားဝင် ဝက်ဘ်ဆိုက်များမှာ ရှာဖွေတွေ့ရှိနိုင်သည်။
“အတော်ဆုံး သုံးဦး။ တကယ့်ကို အံ့မခန်းပါလား။ သူမက ငါတို့ကျောင်းက အထူးတန်းရဲ့
အလယ်အလတ်အဆင့်မှာ အနည်းဆုံးရှိရမယ်” ဟု ကျောင်းသားအချို့က မယုံကြည်နိုင်သောပုံစံ ဖြင့်ပြောသည်။ သူတို့အတွက် ထိုအရာသည် ကြီးမားသောချီးကျူးပြောဆိုမှုတစ်ခုဖြစ်သည်။
ယွမ်နင်းခရိုင်မှာ အမှတ် ၅ နှင့် အမှတ် ၇ ကျောင်းမှလွဲပြီး တခြားကျောင်း၏ကျောင်းသားများကို
ယုချိုင်ကျောင်း၏ ကျောင်းသားများက အထင်မကြီးပေ။
“ဟီး..သူတို့က စမ်းသပ်တဲ့ စက်နားကိုရောက်ပြီ။ သူတို့သုံးယောက်လုံး စစ်ဆေးမှုကို
ဖြတ်ကျော်နိုင်မယ်ထင်လား”
“ပြောဖို့တော့ခက်တယ်။ သူတို့က စာမေးပွဲအောင်ချင်လျှင် အနည်းဆုံးတော့ ချီပင်လယ်ရဲ့
သတ္တမအဆင့်မှာရှိကိုရှိမှာ။ ဒါမှသာ သူတို့ကို သက်ဆိုင်ရာကျောင်းအသီးသီးက ထိပ်သီးကျောင်းသား
၂၀ထဲကမှ အတော်ဆုံး ကျောင်းသားတွေအဖြစ် စဉ်းစားကြမှာ။ ဒါမှသာ အဆင်ပြေမှာပေါ့”
ချူးယွင်ဖန်းတို့သုံးဦးသည် ယုချိုင်ကျောင်းပေါက်ထဲကို ဝင်လာကြပြီး
ကိုယ်တိုင်နာမည်စာရင်းပေးကြသည်။ သူတို့သည် ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ပါဝင်ယှဉ်ပြိုင်ရန်
ရောက်လာကြသော အမှတ် ၁၃ ကျောင်းမှ ကျောင်းသား/ သူများဖြစ်ကြသည်။ သို့သော် ကျောင်းထဲကို
မဝင်ခင်မှာ သူတို့ရှေ့မှာရှိနေသော စစ်ဆေးသည့်စက်ကို ဖြတ်ကျော်ရမည်ဟု ပြောသည်။ သို့သော်
သူတို့က အောင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ထိုရလဒ်သည် သူတို့၏ ကျောင်းဝင်ခွင့်အပေါ်
သက်ရောက်မှုမရှိပေ။
ထိုစက်သည် တိုင်တစ်လုံးနှင့် တူပြီး လူတစ်ဦး၏ အရပ်နီးပါး မြင့်မားသည်။ ထိုတိုင်၏ ထိပ်ပေါ်တွင်
မီးလုံးအချို့ရှိသည်။ သူတို့က စမ်းသပ်မှုကို အောင်မြင်သည်နှင့် ထိုမီးလုံးများက မီးလင်းလာသည်။
မီးများများလင်းလေလေအင်အားပိုကြီးလေလေဖြစ်သည်။ ထိုကဲ့သို့ အင်အားကို
စမ်းသပ်သောစက်သည် လွန်ခဲ့သောနှစ်များဆီကအလွန်နာမည်ကြီးပြီး သာမန်စက်တော့မဟုတ်ပေ။
ချူးယွင်ဖန်းက စဉ်းစားမိသည့်အချက်ရှိသည်။ ထိုရလဒ်ကကျောင်းဝင်ခွင့်အပေါ်ကို သက်ရောက်မှုမရှိ လျှင် ဘာလို့ စစ်ဆေးမှုလုပ်ကြသနည်း။ အမှတ် ၅ နှင့် အမှတ် ၇ ကျောင်းက ထိုပွဲကို လက်ခံကျင်းပ စဉ်က ထိုကဲ့သို့ စစ်ဆေးမှုမျိုးမရှိသည်ကို အမှတ်ရမိသည်။ သို့သော် ချက်ချင်းဆိုသလို သူသဘောပေါက် လိုက်သည်။
သူတို့သည် ဥာဏ်ပညာစွမ်းရည်များကို စုဆောင်းနေခြင်းဖြစ်သည်။
သူတို့အားလုံးသည် သက်ဆိုင်ရာကျောင်းအသီးသီး၏ ထိပ်သီးကျောင်းသား ၂၀ ဖြစ်သော်ငြား
ထိုထိပ်သီး ၂၀ထဲမှာ အားနည်းချက် အားသာချက် များရှိသည်။ အနိမ့်ဆုံးကျောင်းဖြစ်သည့် အမှတ် ၁၃
ကျောင်း၏ အင်အားအကြီးဆုံးကျောင်းသားတောင်မှ အာရုံစိုက်ခံရသည်။ ထိုစက်နှင့်ဆို
အင်အားအကြီးဆုံးနှင့် အနည်းဆုံးကို လျင်မြန်စွာခွဲခြားနိုင်ပြီး အသေးစိတ်စီစဉ်မှုများကို
ဖန်တီးနိုင်သည်။
“ယုချိုင်ကျောင်းက ပိုက်ဆံအများကြီးသုံးထားတာပဲ။ သူတို့က အားလုံးကို
အံ့အားသင့်စေချင်တာဖြစ်ရမယ်” ဟု ချူးယွင်ဖန်းက တွေးမိသည်။ ရုတ်တရက်ဆိုသလို
လှောင်ပြောင်ပြောဆိုသံတစ်ခုသည် သိပ်မလှမ်းကမ်းသော နေရာဆီမှထွက်လာသည်။
“အိုး..ဒီလူတွေက အမှတ် ၁၃ ကျောင်းကမလား။ သူတို့က စက်နားမှာ ပိတ်မိနေကြတာလား”
ငါးယောက် ခြောက်ယောက် ရှိသော ကျောင်းသားအုပ်စုက ကျောင်းထဲက ထွက်လာပြီး
ချူးယွင်ဖန်းတို့အုပ်စုကို လှောင်ပြောင်ပြောဆိုကြသည်။
“ကျွတ်ကျွတ် သနားစရာပဲ.. မင်းတို့ထဲက ဘယ်သူမှ စစ်ဆေးမှုကို မအောင်မြင်ကြဘူးလို့ မပြောပါနဲ့”
“ဖြစ်နိုင်တယ်။ အူရန်က ဒီနှစ်ထဲမှာ ချီပင်လယ်ရဲ့ သတ္တမအဆင့်ကိုရောက်နေပြီလို့ကြားတယ်။ သူတို့
ဖြတ်ကျော်နိုင်ဖို့ မဖြစ်နိုင်ဘူး”
“သူတို့နေရာမှာ ငါသာဆို ရင်မဆိုင်ဘဲနဲ့ ဘေးဘက်ကနေထွက်သွားတော့မှာ။ စစ်ဆေးမှုကို
အောင်မြင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ထိုအုပ်စုဆီမှ မှတ်ချက်များ အစီအရီထွက်ပေါ်လာသည်။
ချူးယွင်ဖန်းက မျက်လုံးကိုလှန်ကြည့်ပြီး “ မင်းတို့က ဘယ်သူတွေလဲ” ဟုမေးသည်။
ကျောင်းသားများက ကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်။ ချူးယွင်ဖန်းဆီက
ထိုမေးခွန်းမျိုးထွက်လာမည်ဟု မထင်မိချေ။ “မင်းက ငါတို့ကို မသိဘူးဟုတ်လား။မထီမဲ့မြင်ပြုတာပဲ”
ချူးယွင်ဖန်းက တဖန်ထပ်ပြီး မျက်လုံးကိုလှန်ကြည့်ကာမေးပြန်သည်။
“ မင်းတို့ကဘယ်သူတွေလဲ။ ငါက ဘာလို့ မင်းတို့ကို သိရမှာလဲ။ အမှတ် ၅လား။ အမှတ် ၇ လား။ ယုချိုင်ကျောင်းလား”
“ ယွင်ဖန်း မင်းမသိဘူးလား။ သူတို့က အမှတ် ၂၅ ကျောင်းကလေ။ သူတို့တွေက မနှစ်ကပွဲမှာ
ငါတို့ထက်သာတယ်” ဟု ဂေါင်ဟုန်ချီကဆိုသည်။
“ငါ့ကို မင်းတို့က ခြောက်လှန့်သေးတာပေါ့။ မင်းတို့ကို အမှတ် ၅ ဒါမှမဟုတ် မ
အမှတ် ၇ ကျောင်းက ကျောင်းသားတွေလို့ ထင်လိုက်တာ။ ခုမှပဲ မင်းတို့က ဘိတ်ချေးရှေ့က ကျောင်းရဲ့
ကျောင်းသားတွေဆိုတာ သိရတော့တယ်”
အပိုင်း (၁၇၉)- ဒါက အမှတ် ၁၃ ကျောင်းရဲ့ နံပါတ်တစ်ပဲ
ဂေါင်ဟုန်ချီက ထိုကဲ့သို့ပြောသောအခါ ချူးယွင်ဖန်းကသူဘာဆိုလိုချင်မှန်းကိုနားလည်သဘောပေါက်ပြီး သူ့စကားအတိုင်း အထိုက်အလျောက်ဆက်သွားရန် စဉ်းစားထားသော်လည်း ထိုအုပ်စု၏ အကျင့်စရိုက် က သူ့အားမထီမဲ့မြင်ပြုနေသည်။
ဂေါင်ဟုန်ချီသာ မပြောခဲ့လျှင် ထိုကျောင်းသားများကို အမှတ် ၅ ကျောင်းသို့ တစ်ကျောင်းကျောင်းမှ
ဖြစ်လိမ့်မည်ဟု သူမှတ်ယူမိလိမ့်မည်။ သို့သော်ငြား ထိုကျောင်းသားများက နောက်ဆုံးကျောင်း၏
ရှေ့မှာရှိသောကျောင်းက ကျောင်းသားများဆိုတာ ပေါ်လာခဲ့သည်။ အမှတ် ၁၃ကျောင်းလည်း မထူးမခြားနားပင်ဖြစ်သည်။ တစ်ကျောင်းက နောက်ဆုံးအဆင့်မှာရှိနေပြီး နောက်တစ်ကျောင်းက နောက်ဆုံး၏ ရှေ့နားမှာဖြစ်သည်။ ထိုကျောင်းနှစ်ကျောင်းသည် နှစ်စဉ်နှစ်တိုင်း ကျောင်းပေါင်းစုံ တွေ့ဆုံပွဲတွင် နောက်ဆုံးနေရာကိုမရရန် အသည်းအသန်ကြိုးစားရသည်။ တခြားကျောင်းများက ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်နေစဉ်တွင် သူတို့နှစ်ကျောင်းက နောက်ဆုံးနေရာမရဖို့အရေး ကြိုးစား
ရုန်း ကန်နေရသည်။ဘိတ်ချေးအဆင့်မရသော ကျောင်းသည် အနိုင်ရသူဖြစ်သည်။
ပြောရသည်မှာ အနည်းငယ်ထူးဆန်းနေလိမ့်မည်။ နောက်ဆုံးကရေတွက်ပါက ပထမနှင့်
ဒုတိယကျောင်းများသည် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ရခြင်းကို နှစ်သက်သော်ငြား သူတို့လုပ်နိုင်တာ
ဘာမှမရှိပေ။ သူတို့၏ ကျောင်းများသည် အလွန်အားနည်းသဖြင့် သူတို့မှာလည်း ရွေးချယ်စရာမရှိပေ။
သူတို့က နောက်ဆုံးအဆင့်မရတာနှင့်ပင် ကျေနပ်ရတော့မည်။ ထိုကျောင်းနှစ်ကျောင်းကြားက
အမုန်းတရားသည် တဖြည်းဖြည်း ကြီးထွားပြီး နက်ရှိုင်းလာတော့သည်။ ထိုအုပ်စုက
သူတို့ကိုလှောင်ပြောင်ဖို့အရေး စောင့်ဆိုင်းနေကြသည်။
သူတို့သုံးဦးသည် ယခုနှစ်ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှသာ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သောကြောင့် ထိုကဲ့သို့
အနေအထားကိုတစ်ခါမှ မကြုံခဲ့ဖူးပေ။ သို့သော် သူတို့ကျောင်းထဲမှာကို
အချင်းချင်းအပြိုင်အဆိုင်များလှသဖြင့် သူတို့အတွက် အဆန်းတကြယ်မဟုတ်ပေ။
“မင်းတို့တွေက ဘိတ်ချေးပဲဟာ။ မင်းတို့ကများ ငါတို့ကို ဟားတိုက်ရဲတယ်” ဟု ထိုအုပ်စုက
ဒေါသတကြီးဆိုသည်။ သူတို့ကျောင်းက နောက်ဆုံး အဆင့်၏ ရှေ့မှာရှိတာမို့ အမှတ် ၁၃ကျောင်းကိုသာ
လှောင်ပြောင်ဝံ့သည်။
“မင်းမှားနေတာတွေကို ငါ ပြင်ပေးပါဦးမယ်။ နောက်ဆုံးနေရာက ငါတို့မဟုတ်ဘူး။ ရှေ့အတန်းက
ကျောင်းသားတွေရခဲ့တာ။ ခုက ငါတို့ရောက်လာပြီမို့ သေချာပေါက် ဘိတ်ချေးနေရာက
မင်းတို့အတွက်ပဲ” ဟု ဂေါင်ဟုန်ချီက ဆိုရင်းရှေ့ကိုတက်လှမ်းလာသည်။
“မထီမဲ့မြင်ပြုတာပေါ့”
“မင်းတို့ကျောင်းက အို့ရန် တောင်မှ ဒီလိုစကားမပြောရဲဘူး”
“ထားလိုက်စမ်းပါ။ ဒီသုံးယောက်နဲ့ ဘာလို့ အချိန်ကုန်ခံနေရမှာလဲ။ သူတို့က စစ်ဆေးမှုကိုတောင်
ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ အဆုံးမှာလည်းစိတ်ပျက်လက်ပျက်နဲ့ ထွက်သွားကြဦးမှာပဲ” ဟု
အမှတ်၂၅ ကျောင်းမှ ကျောင်းသားတစ်ဦးက ပြောသည်။
“ဘာပြောတယ်။ မင်းကရော စစ်ဆေးမှုကိုဖြတ်ကျော်နိုင်တဲ့ပုံစံနဲ့ပြောနေတာ” ဟု ဂေါင်ဟုန်ချီက
မဆိုင်းမတွ ချက်ချင်းတုံ့ပြန်သည်။ သူတို့အားလုံးသည် အမှတ်၂၅ ကျောင်းက ဖြစ်သော်လည်း
စစ်ဆေးမှုကို အောင်မြင်စွာမဖြတ်ကျော်နိုင်ပေ။
အမှတ် ၂၅ နှင့် အမှတ် ၁၃ ကျောင်းသည် နောက်ဆုံးကရေတွက်လျှင် ပထမနှင့် ဒုတိယနေရာကို
ယှဉ်ပြိုင်နေကြတာမို့ သူတို့၏ အနေအထားနှင့် အစွမ်းအစက ညီတူညီမျှ ဖြစ်သည်။ သူတို့၏
ထိပ်သီးကျောင်းသား ၂၀၏ အနေအထားသည်လည်း သာတူညီမျှဖြစ်သည်။
“ဒါပေမဲ့ မင်းတို့ကျောင်းက ဖြတ်ကျော်နိုင်တဲ့ ပမာဏထက် ပိုပြီး အများကြီးဖြတ်ကျော်နိုင်ပါတယ်။
မင်းတို့ကျောင်းက အို့ရန်နဲ့ ကျန်ထန် ပဲဖြတ်ကျော်နိုင်တာ။ ဒီနှစ်ယောက်ပဲလေ။ ငါတို့ကျောင်းက
သုံးယောက်က အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့တာ” ဟု ကျောင်းသားတစ်ဦးက ဂုဏ်ယူ ဝံ့ကြွားစွာပြောဆိုသည်။ သူတို့က အမှတ် ၁၃ကျောင်းက ကျောင်းသားများကို ပြသနာ ရှာလိုသဖြင့် ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် အမှတ် ၁၃ ကျောင်းမှ အို့ရန် နှင့် ကျန်ထန်ကိုသာ
သူတို့သိကြသည်။
ချူးယွင်ဖန်းက သူတို့ကို သနားစရာကောင်းလွန်းသည်ဟူသော အကြည့်ဖြင့်ကြည့်သည်။
အမှတ်၁၃ကျောင်းနှင့် ပတ်သက်ပြီး သူတို့သိသော အချက်အလက်သည် ဒိတ်အောက်နေပြီဖြစ်သည်။
ချူးယွင်ဖန်း၏ အကြည့်အောက်မှာ ထိုအဖွဲ့က နေမထိထိုင်မသာဖြစ်နေသည်။ နောက်ဆုံးတော့ သူတို့က အော်ဟစ်ကြသည်။
“မင်း ဘာကြည့်တာလဲ”
“မင်းတို့ မသိဘူးလား။ မင်းတို့ ငတုံးကောင်တွေကို သူက ကြည့်နေတာ”ဟု ဂေါင်ဟုန်ချီက
ခေါင်းကိုခါရင်းပြောသည်။
“ဘယ်သူ့ကို ငတုံးလို့ခေါ်တာလဲ။ အထိုးခံချင်နေတာလား” သူတို့သည်
ကျောင်းကိုယ်စားပြုကျောင်းသားများဖြစ်သဖြင့် ကောင်းမွန်စွာပြုမူနေထိုင်ရမည်ဆိုသော်ငြား သူတို့၏
ဒေါသများကို မထိန်းချုပ်နိုင်တော့ပေ။
“မင်းတို့ကျောင်းနဲ့ ငါတို့ကျောင်းက လူဘယ်လောက်များများ ဖြတ်ကျော်နိုင်မလဲ။ အဲ့တာကရော
မင်းတို့နဲ့ ဘာဆိုင်လဲ။ မင်းတို့ကိုယ်တိုင်ဖြတ်ကျော်နိုင်မှ ပိုပြီး အထင်ကြီးစရာကောင်းမှာပေါ့။
မင်းတို့မဖြတ်ကျော်နိုင်လျှင် ပေါက်ကရတွေ ဘာလို့လျှောက်ပြောကြလဲ။ မင်းတို့က သူများကို
လှောင်ပြောင်ပြောဆိုဖို့သာ စောင့်ဆိုင်းနေတဲ့ အရှုံးသမားအုပ်စုပဲ” ဟု ဂေါင်ဟုန်ချီက
ဒဲ့တိုးပြောဆိုသည်။
အမှတ် ၂၅ ကျောင်းက ကျောင်းသားများ၏ မျက်နှာသည် နီမြန်းလာသည်။ ဂေါင်ဟုန်ချီ၏
စကားများက သူတို့ကို ဒေါသထွက်စေသည်။ သို့သော် ဒီတစ်ကြိမ်မှာတော့ သူ့စကားများက မှန်နေသည်။
သူတို့စီစဉ်ထားသည့် အရာများအတိုင်း တထပ်ထဲ အပြောခံရခြင်းဖြစ်သည်။ သူတို့သည် အမှတ်၁၃
ကျောင်းက ကျောင်းသားများကို လှောင်ပြောင်ရုံသာတတ်နိုင်သည်။
“ဒီလိုတွေပြောပြီး မင်းတို့လက်လျှော့တော့မှာလား။ မင်းတို့မှာ အစွမ်းရှိလျှင် မြန်မြန်ကြိုးစားကြည့်လေ”
ဟု အမှတ် ၂၅ ကျောင်း၏ ကျောင်းသားတစ်ဦးက လှောင်ပြောင်ပြောဆိုသည်။ချူးယွင်ဖန်းတို့သုံးဦးက
စစ်ဆေးမှုကို ဘာကြောင့် မစမ်းကြည့်တာလဲဟု တွေးမိနေသည်။
“မင်းတို့ စမ်းသပ်ခိုင်းတိုင်း ငါတို့က လုပ်ကြည့်ရမှာလား။ မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ”ဟု
ဂေါင်ဟုန်ချီက ပြောသည်။
“ကဲ ဒီလိုဆိုဘယ်လိုလဲ။ အလောင်းအစားလုပ်ရအောင်။ ယုချိုင်ကျောင်းက ဆရာတွေရဲ့ရှေ့မှာ
လောင်းကြတာပေါ့။ မင်းတို့ အောင်မြင်လျှင် မင်းတို့တစ်ယောက်ချင်းစီကို ငါးသောင်းစီပေးမယ်။
မင်းတို့ရှုံးလျှင် ငါတို့ကို ငါးသောင်းပေး..ကဲ ဘယ်လိုလဲ”
“ငါးသောင်း..တော်ပြီလား”
ထောက်ချောက်တစ်ခုခုရှိလိမ့်မည်ဟု အမှတ်၂၅ ကျောင်းက ကျောင်းသားများက ထင်မြင်ကြသည်။
သေချာစဉ်းစားပြီးနောက် အူရန်နှင့် ကျန့်ထန်တို့ကလည်း ဒီနေရာမှာရှိမနေတာမို့ ကြောက်စရာမလိုပေ။
“ဒါပေမဲ့ မင်းတို့ သုံးယောက်လုံး အောင်မြင်မှနော်..တစ်ယောက်ထဲအောင်မြင်တာက အကျုံးမဝင်ဘူး”
ပိုပြီး သေချာစေရန် အမှတ် ၂၅ ကျောင်းသားများ နောက်ထပ် စကားတစ်ချို့ထပ်ဖြည့်သည်။ သူတို့က
ဂေါင်ဟုန်ချီကို အခက်တွေ့အောင်ပြုလုပ်သော်ငြား ဂေါင်ဟုန်ချီက မဆိုင်းမတွဆိုသလို သဘောတူသည်။
သူက “ကောင်းပြီ..သဘောတူတယ်။ မင်းတို့စကားကိုပြန်ပြင်ဖို့နောက်ကျသွားပြီ “
သူတို့၏ အကြံက ကောင်းမွန်သည်ဟုထင်ခဲ့သော်လည်း ချူးယွင်ဖန်းတို့သုံးဦး၏
နက်ရှိုင်းသောပုံစံများနှင့် ဂေါင်ဟုန်ချီ၏ မျက်နှာပေါ်က မထီမဲ့မြင်ပြုသော အပြုံးကိုမြင်ရပြီး
စိတ်ထဲမနေသာတော့ပေ။
သို့သော် သူတို့က လောင်းကြေးထပ်ပြီးပြီမို့ ပြန်ပြင်ဖို့ မရတော့ပေ။ နှစ်ဖက်စလုံးက
အလောင်းအစားအတွက် သီးသန့်အကောင့်တစ်ခုဆီ ပိုက်ဆံလွှဲထားကြသည်။ ယခုခေတ်မှာ မျိုးစုံသော
အက်ပလီကေးရှင်းများစွာရှိသည်။ သူတို့သာ လိုအပ်လျှင် ဘာမဆိုဖြစ်လာနိုင်သည်။
နောက်ဆုံးရလဒ်ထွက်လာပါက အနိုင်ရသူ၏ အကောင့်ထဲကို ပိုက်ဆံလွှဲပေးလိုက်မည်။
“ငါအရင်သွားမယ်” ဟု ဂေါင်ဟုန်ချီက ရှေ့ကိုလှမ်းလာပြီး စက်ကို လက်သီးနှင့် ထိုးသည်။ ဒင်း!
စက်ပေါ်က မီးလုံးတစ်လုံး လင်းလာသည်။
“အို ဘုရားရေ..အရမ်းခက်တာ။ ငါတောင် ကျရှုံးတော့မလို့။ မင်းတို့အတွက်
မျှော်လင့်ချက်ရှိပါသေးတယ်” ဟု ဂေါင်ဟုန်ချီက ဆိုသည်။
အမှတ် ၂၅ ကျောင်း၏ ကျောင်းသားများက သူ့မျက်နှာကို ထိုးပစ်ချင်နေသော်လည်း မဖြစ်နိုင်ပေ။
ချူးယွင်ဖန်းနှင့် တန်စီယုက ဖြတ်ကျော်နိုင်မည်မဟုတ်ဘူးဟု ယူဆကြသည်။ ထိုသို့ဖြစ်လာသော်လည်း
သူတို့မှာအခွင့်အရေးရှိသေးသည်။ သူတို့ထဲက တစ်ယောက်ပဲကျရှုံးပါစေဦးတော့ သူတို့က
အနိုင်ရနိုင်သည်။
“ပြီးသွားပြီ။ အမှတ် ၂၅ ကျောင်းက ကျောင်းသားတွေက မရှုမလှရှုံးတော့မယ်။ ငါ
သူတို့အကြောင်းရှာတွေ့ပြီ။ ဟို ဖက်တီးကောင်က အဆင့်ရှစ်ရပြီး အလှလေးက အဆင့်သုံးရတာလေ။
သူတောင်ဖြတ်ကျော်နိုင်လျှင် တန်စီယုက ဘာလို့ မဖြတ်ကျော်နိုင်ရမှာလဲ” ဟု ယုချိုင်ကျောင်း၏
ကျောင်းသားတစ်ဦးက သူရှာတွေ့သော အချက်အလက်ကိုပြောပြသည်။
သူနှင့် မလှမ်းမကမ်းနေရာမှာ အမှတ် ၂၅ ကျောင်းသားများရှိနေသည်။ ချက်ချင်းဆိုသလို သူတို့၏
အမူအရာပျက်လာကြသည်။ သို့သော် သူတို့က ခေါင်းမာစွာနှင့် “ ဒါပေမဲ့
နောက်တစ်ယောက်ကျန်သေးတယ်မလား။ နောက်ဆုံးကောင်က သိပ်မဟန်ပါဘူး။ သူ
အောင်မှာမဟုတ်ဘူး”
ထိုအချိန်မှာ ယုချိုင်ကျောင်း၏ ကျောင်းသားက ပြန်ပြောလိုက်သော စကားတစ်ခွန်းက သူတို့အားလုံးကို
သွေးပျက်ခြောက်ခြားစေသည်။
“သူက အမှတ် ၁၃ကျောင်းရဲ့ နံပါတ်တစ်”
အပိုင်း (၁၈၀)- တစ်ချက်တည်းနှင့် အလဲထိုးခြင်း
ထို့ကြောင့်ပင် နောက်ဆုံးရလဒ်ကို အံ့အားသင့်စရာမလိုတော့ပေ။ ချူးယွင်ဖန်းနှင့် တန်စီယုသည်
စစ်ဆေးမှုကို လွယ်လွယ်ကူကူပင် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။ သူတို့၏ အစွမ်းကို လျှိုထားပြီး
အကုန်ထုတ်မပြပေ။ ထို့ပြင် ယုချိုင်ကျောင်းက သူတို့၏ အစွမ်းအစများကို စုဆောင်းရန်
ကြိုးပမ်းနေသည်ဟု သူတို့မှန်းဆမိသည်။ ထို့ကြောင့်ပင် သူတို့၏ အကြံကို အောင်မြင်ခွင့်မပြုလိုပေ။
သူတို့အောင်မြင်ဖို့အတွက် သေချာစေသော သာမန်အကွက်လောက်သာထုတ်သုံးသည်။
သို့သော်ငြား ထိုအရာသည် လုံးဝမျှော်လင့်မထားသောအရာဖြစ်သည်။ ထို့ပြင် အမြဲလိုလို
နောက်ဆုံးနေရာရသော အမှတ်၁၃ကျောင်း၏ လူများက စစ်ဆေးမှုကိုအောင်မြင်လိမ့်မည်ဟု မည်သူမှ
မတွေးထားပေ။ ဂေါင်ဟုန်ချီသည် လွန်ခဲ့သောနှစ်စာမေးပွဲမှာအဆင့်ရှစ်ရခဲ့ပြီး စစ်ဆေးမှုကို
ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။ အမှတ်၁၃ ကျောင်း၏ ယခုလက်ရှိအစွမ်းအစသည် မမှန်းဆနိုင်သော
အနေအထားတစ်ခုမှာရှိနေကြသည်။ သူတို့သည် အလွန်တိုးတက်လာကြခြင်းဖြစ်သည်။
သူတို့သုံးဦးအပေါ် မမျှော်မှန်းထားကြပေ။ သို့သော် ချီပင်လယ်သတ္တမအဆင့်မှာရှိနေသော
သူတို့သုံးဦးထဲနှင့် အမှတ် ၁၃ကျောင်း၏ အားနည်းချက်ကို ပြောင်းပြန်လှန်ပေးနိုင်မည်မဟုတ်ဘူးလို့
သူတို့တွေးထားကြသည်။
သို့သော် အနည်းဆုံးတော့ အမှတ် ၁၃ကျောင်းက နောက်ဆုံးနေရာမရဖို့အရေး
အများကြီးအားစိုက်ဖို့ မလိုတော့ပေ။သူတို့ကျောင်းသည် ယွမ်နင်းခရိုင်မှာရှိသော ကျောင်းအားလုံး၏
အလယ်အလတ်အဆင့်မှာရှိနိုင်ဖို့ အခွင့်အလမ်းတောင်မှ ရလာနိုင်သည်။
ချူးယွင်ဖန်း၊ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့၏ နာမည်များက လူသိများလာရခြင်းသည် ယခုအကြိမ်သည်
ပထမဆုံးအကြိမ်ဖြစ်သည်။ အမှတ် ၁၃ကျောင်းမှာ အို့ရန်နှင့် ကျန့်ထန်တို့အပြင် တခြားထူးချွန်သူများပါ
ရှိနေကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
ရလဒ်များထွက်လာသောအခါ သူတို့၏ အကောင့်အသီးသီးဆီကို ပိုက်ဆံများလွှဲပေးလိုက်ကြသည်။
ထိုပမာဏသည် ချူးယွင်ဖန်းအတွက် မများသောပမာဏဆိုသော်ငြား တန်စီယုနှင့် ဂေါင်ဟုန်ချီ တို့အတွက်တော့ နည်းသောပမာဏမဟုတ်ပေ။ ထို့ပြင် သူတို့နှစ်ယောက်သည် ချူးယွင်ဖန်း ကဲ့သို့ များပြားသောဝင်ငွေလည်းမရှိနေပေ။
သူတို့သုံးဦးထွက်သွားသောအခါ အမှတ် ၂၅ ကျောင်းသားများက သူတို့လှည့်ဖျားခံလိုက်ရပြီဆိုတာ
သိလိုက်ရသည်။ ဂေါင်ဟုန်ချီက သူတို့အတွက် တွင်းတစ်ခုတူးပေးပြီး သူတို့ခုန်ချဖို့ စောင့်နေခဲ့ကြသည်။
ပြီးတော့ သူတို့ကလည်း ကမူးရှူးထိုးခုန်ချကြသည်။
အမှတ်၂၅ ကျောင်းက အုပ်စုသည် သူတို့ဘေးနားက လူအုပ်ကြီးကိုတစ်ချက်ကြည့်ပြီးသူတို့ကို လှောင်ပြောင် လိမ့််မည်ဟု တွေးထားကြသည်။ သူတို့က အမှတ် ၁၃ကျောင်းက ကျောင်းသားများကို လှောင်ပြောင်နိုင်မည်ဟု ထင်ခဲ့သော်ငြားတကယ့်လက်တွေ့မှာ သူတို့က လှည့်စားခံခဲ့ရသည်။
“ဒါကို ငါတို့မေ့လို့မရဘူး။ ငါတို့ သူတို့ကိုပြန်ပြီး လက်စားချေရမယ်” ဟု ကျောင်းသားတစ်ဦးက
ပြောသည်။ ကျောင်းသားတစ်ဦးအတွက် ယွမ်ငါးသောင်းဆိုသော ပမာဏသည် များပြားလှသော
ပမာဏဖြစ်သည်။ သူတို့ကို ကျောင်းက ပေးသော ထောက်ပံ့ကြေးသာမရပါက ဤမျှလောက်များသော
ပမာဏကို ထုတ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။
“ဒါပေမဲ့ ငါတို့မှ သူတို့ကို အနိုင်မယူနိုင်လောက်ဘူး”ဟု တခြားကျောင်းသားတစ်ဦးက ပြောသည်။
စစ်ဆေးမှုကိုကြည့်ပြီး ထိုသုံးဦး၏ အနေအထားသည် သတ္တမအဆင့် သို့
ထိုအဆင့်ထက်မြင့်နိုင်သည်ဆိုတာ သေချာသည်။ သူတို့အားလုံးသည်
ထူးချွန်ကျောင်းသားများဖြစ်သော်လည်း သူတို့ကြားထဲက ကွာဟချက်သည် မြင့်မားသည်ဆိုတာ
သိနိုင်သည်။
“ငါတို့က သူတို့ရဲ့ပြိုင်ဘက်မဟုတ်ပေမဲ့ ကျောက်ဟောင်ဝေကို ရှာရမယ် ။ အဆုံးသတ်မှာတော့ သူတို့က
ပိုက်ဆံအားလုံးကို ရနိုင်မယ်လို့ မထင်ဘူး”
ထိုအုပ်စု၏ မျက်လုံးများက ချက်ချင်းဆိုသလို အရောင်တောက်ပလာသည်။ ကျောက်ဟောင်ဝေသည်
သူတို့ကျောင်း၏ အတော်ဆုံးကျောင်းသားဖြစ်သည်။ သူ၏ အစွမ်းအစကိုလည်း လျှော့တွက်လို့မရပေ။
အမှတ်၁၃ ကျောင်း၏ အို့ရန်ကိုတောင်မှ သူတို့ကျောင်း၏ နံပါတ်တစ်က ကြောက်လိမ့်မည်မဟုတ်ပေ။
“ကောင်းပြီ။သွားကြစို့”
သူတို့က လျင်မြန်စွာဖြင့် လောင်းကြေးထပ်ခဲ့သော်လည်း ယွမ်ငါးသောင်းကိုတော့မပေးလိုပေ။
ထိုအချိန်မှာ ယုချိုင်ကျောင်းက ကျောင်းသားများသည် ပွဲကြီးပွဲကောင်းကြည့်ရတော့မည်။ သူတို့သည်
ဘေးနားကနေပြီး ကျောင်းအသီးသီး၏ ထိပ်သီးကျောင်းသားများအချင်းချင်းတိုက်ခိုက်ကြသည်ကို
ရပ်ကြည့်နေကြသည်။ ထို့ကြောင့်ပင် ဆောင်းရာသီအားလပ်ရက်ဖြစ်သော်ငြား သူတို့က
ကူညီဖို့လာခဲ့ကြရခြင်းဖြစ်သည်။
အမှတ် ၂၅ ကျောင်း၏ ကျောင်းသားများက အကူအညီသွားရှာဖွေသည်ကို ချူးယွင်ဖန်းက မသိခဲ့ပေ။
အကယ်၍ သိခဲ့သော်လည်း ဂရုမစိုက်ပေ။ သူတို့သုံးဦးသည် ကျောင်းဝန်းထဲဝင်လာကြသည်။
ကံကောင်းစွာဖြင့် သူတို့ကို ပွဲကျင်းပရာနေရာဆီသို့ ညွှန်ပြနေသော ဆိုင်းဘုတ်ကိုတွေ့ရသည်။
ရုတ်တရက်ဆိုသလို အော်သံတစ်ခုထွက်လာပြီးနောက် မကောင်းသောလေထုတစ်ခုသည် ချူးယွင်ဖန်း၏နောက်နားမှ ချဉ်းကပ်လာသည်။ ချူးယွင်ဖန်းသည် လွန်ခဲ့သောတစ်လလုံးလုံး တောထဲမှာ
ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် သူသည် အချိန်တိုင်းလိုလို သတိကြီးစွာထားရှိခြင်းနှင့် ကျင့်သားရနေသည်။
ရုတ်တရက် သူက လှည့်လိုက်ပြီး သူ့ဆီဦးတည်လာနေသော လူကို မျက်နှာချင်းဆိုင်လိုက်သည်။
ချွမ်း!
သတ္တုအချင်းချင်း ထိရိုက်မိသံထွက်လာခဲ့သည်။ ဓားနှစ်ချောင်းသည်
တစ်ချောင်းကိုတစ်ချောင်းထိရိုက်မိပြီးနောက် မီးပွါးများက ပန်းထွက်လာသည်။
ရုတ်တရက်အနေအထား ပြောင်းလဲမှုက အားလုံး၏ အာရုံကို ဖမ်းစားလိုက်နိုင်သည်။ ယုချိုင်ကျောင်းက
ကျောင်းသားများနှင့် ကျောင်းအသီးသီး၏ ကျောင်းသားများက ပွဲကြည့်ပရိတ်သက်ဖြစ်သွားကြသည်။
“ဘာတွေဖြစ်နေတာလဲ။ သူတို့က ဘာလို့ချနေကြတာလဲ”
“သူတို့က စိတ်မရှည်ကြတာလား။ မကြာခင်ပဲ ပွဲစတော့မှာကို ဘာလို့ မစောင့်နိုင်ကြတာလဲ”
“ငါ သူ့ကိုသိတယ်။ သူ့နာမည်က ဖန်ကျိရန် မလား။ ထိပ်တန်း ကျောင်းသားနှစ်ဆယ်ထဲက
တစ်ယောက်လေ။ တစ်ဖက်သူက ဘယ်သူလဲ”
“အလစ်ဝင်တိုက်တာ။ ဖန်ကျိရန်က တကယ်တော့ အလစ်ဝင်တိုက်တာမလား။ သူက ရှုံးတာလား”
ပထမတော့ အံ့အားသင့်ကြပြီးနောက် ကျောင်းသားများက မြန်မြန်ဆန်ဆန်မှတ်ချက်ပြုကြသည်။ ထို့ပြင်
ကျောင်းဝန်းထဲမှာ တိုက်ခိုက်မှုသည် ကိစ္စရပ်ကြီးတစ်ခုဖြစ်သည်။ သူတို့အားလုံးသည် ဖန်ကျိရန်၏
မျက်နှာပေါ်က ဒေါသထွက်နေသည့် အမူအရာကိုမြင်နေရသည်။ သူ့ကြည့်ရတာ ချူးယွင်ဖန်းကို
တစစီစုတ်ဖြဲချင်နေသလို ထင်ရသည်။
“သူတို့ကြားမှာ ဘာကိစ္စရှိကြတာလဲ။ ဖန်ကျိရန်က တကယ်ပဲ ဒီနားမှာ တိုက်ခိုက်ချင်တာလား”
လူအများစု၏ စိတ်ထဲ ဇဝေဇဝါဖြစ်နေကြသည်။
“ချူးယွင်ဖန်း” ဖန်ကျိရန်က အော်လိုက်သည်။
“ငါ မင်းကို စောင့်နေခဲ့တာ။ မင်းကို သတ်ပစ်မယ်”
သူ့မျက်ဝန်းထဲက ဒေါသရိပ်များကို ထင်ရှားစွာမြင်နေရသည်။
သူ့ပုံစံသည် ချူးယွင်ဖန်းကိုဝါးစားမတတ်ဖြစ်နေသည်။ ယခင်တုန်းက အမှတ် ၁၃ ကျောင်းမှာ သူသည် ချူးယွင်ဖန်းကိုမရှုမလှရှုံးနိမ့်ခဲ့ရသည်။ သူက အပြင်းအထန်ဒဏ်ရာရရုံသာမက သူ၏ဓားလည်း ဖျက်စီး ခံခဲ့ရသည်။ သူ၏ နာမည်ဂုဏ်သတင်းနှင့် သိက္ခာများ ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးတော့ သူလက်စားချေ နိုင်တော့မည်။
“ဪ မင်းပဲကိုး…မင်းဆက်ပြီး ဒေါသထွက်နေရင် ငါ မညှာတာမိတဲ့အတွက် အပြစ်မဆိုပါနဲ့” ဟု
ချူးယွင်ဖန်းက မျက်မှောင်ကြုံ့ပြီးပြောသည်။ သူ၏ ခြိမ်းခြောက်မှုကို ချူးယွင်ဖန်းက မမှုသည့် ပုံစံကိုမြင်ရသောအခါ ဖန်ကျိရန်က ဒေါသပိုထွက်လာသည်။
“မင်းကိုအနိုင်ရဖို့ ဒီဆောင်းတွင်းပိတ်ရက်တစ်ခုလုံး ငါသေချာလေ့ကျင့်ခဲ့ရတာ။ မင်းရဲ့
လက်ကိုဖြတ်ချင်တာကလွဲပြီးဘာမှ မလိုချင်ဘူး။မဟုတ်ဘူးဆို ငါစိတ်ထဲက အမုန်းတရားတွေ
မပြေနိုင်ဘူး” ဟု ဖန်ကျိရန်က အော်ပြောသည်။
ချူးယွင်ဖန်း၏ မျက်နှာက ခပ်တည်တည်ဖြစ်သွားသည်။ သူ့လက်တစ်ဖက်ကို ခုတ်ပိုင်းပစ်ချင်တာ?
ဖန်ကျိရန်သည် စိတ်ထားကောင်းသော လူတစ်ဦးမဟုတ်ပေ။ သူ့ကို သင်ခန်းစာကောင်းကောင်း
ပေးထားခဲ့သော်လည်း သူမယူတတ်ပေ။ “မင်းက ငါ့ကို နာကျင်အောင်လုပ်မယ်ဟုတ်လား။ ငါက
မင်းကိုနိုင်ဖို့ တစ်ကွက်ပဲလိုတယ်” ချူးယွင်ဖန်း၏ အသံက တည်ငြိမ်ပြတ်သားနေသည်။
သူက အလွန်ဒေါသထွက်နေသည်ဆိုတာ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သိကြသည်။
“မင်းက တကယ့်ကို မောက်မာတာပဲ” ဖန်ကျိရန်၏ ဒေါသများ တစ်ဖန်ပြန်လည်ကြီးမားလာသည်။
လွန်ခဲ့သော တစ်လလုံးလုံး၏ နေ့တိုင်းလိုလိုတွင် သူ့ကို ချူးယွင်ဖန်းက သုံးကွက်ထဲနှင့်
ဘယ်လိုအနိုင်ယူခဲ့သလဲဆိုတာ အပူတပြင်းသိချင်သည်။ သူ့ကိုယ်ပေါ်က အမာရွတ်တောင်
မပျောက်သေးပေ။ ထိုအမာရွတ်က ပြိုင်ပွဲမှာရခဲ့သော ရှုံးနိမ့်မှုကို အမြဲလိုလို သတိပေးနေသကဲ့သို့
ဖြစ်နေသည်။
ဖန်ကျိရန်က ခုန်ဆင်းလာသည်။ သူ့ကိုယ်သူ ဟန်ချက်ထိန်းပြီးနောက် ချူးယွင်ဖန်းဆီသို့ သူ့ဓားကို
ထုတ်လိုက်သည်။ လွန်ခဲ့သောလက ပြိုင်ပွဲနှင့် ယှဉ်ပါက ဖန်ကျိရန်သည်
အခြေအနေပိုတိုးတက်လာခဲ့သည်။ သူသည် ချီပင်လယ်သတ္တမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး
ချူးယွင်ဖန်းကိုယှဉ်ပြိုင်ရန် ယုံကြည်ချက်အပြည့်ရှိနေသည်။
ဓားအလင်းရောင်က ကျရောက်လာပြီး ချူးယွင်ဖန်းကို ထိခိုက်ဖို့ဖြစ်လာချိန်တွင် ချူးယွင်ဖန်းက
ရှောင်တိမ်းလိုက်နိုင်သည်။ သူ၏ အရိပ်မဲ့ဓားသည် အနက်ရောင်အလင်းတန်း ထွက်လာပြီး ဖန်ကျိရန်၏
ဓားနှင့် ထိပ်တိုက်ရင်ဆိုင်သည်။
ချွမ်း!
ကျယ်လောင်သောအသံနှင့်အတူ ဖန်ကျိရန်လာခဲ့သော အချိန်တုန်းကထက် ပိုမြန်သောအမြန်နှုန်းဖြင့်
လွင့်ထွက်သွားသည်။