အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
အပိုင်း (၁၈၁)- ဓားချက်တစ်ချက်၏ ခွန်အား..
ထွီ!
ဖန်ကျိရန်သည် လေထဲမှာ ဥက္ကာပျံတစ်ခုကဲ့သို့ လွင့်စင်ထွက်ပြီးနောက် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်သည်။ သူသည် မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်းကျရောက်ခဲ့သည်။ သူက ကြိုးစားပြီး မတ်တပ်ရပ်သော်ငြား မထနိုင်ခဲ့သလို သူ၏ ဓားလည်းလွင့်ထွက်သွားရသည်။ သူ၏ လက်ဖဝါးလည်း ပေါက်ပြဲထွက်ပြီး သွေးများ စီးကျနေသည်။
အားလုံးလည်း ကြောင်အမ်းအမ်းဖြစ်ကုန်ကြသည်။ သူတို့က သူတင်ကိုယ်တင်ယှဉ်ပြိုင်သော တိုက်ပွဲကိုကြည့်ရမည်ဟု တွေးထားခဲ့ကြသည်။ ထို့ပြင် ချူးယွင်ဖန်းက ယခင်တုန်းက သူ့အားအနိုင်ယူခဲ့သည်ဟု ဖန်ကျိရန်က ဆိုသည်။ ဖန်ကျိရန်အကြောင်း ကောင်းမွန်စွာနားလည်ထားကြသဖြင့် ချူးယွင်ဖန်းကို စောင့်ကြည့်နေကြသည်။ သူတို့က ချူးယွင်ဖန်းကို လျှော့တွက်ခဲ့လိမ့်မိမည်ဟု မည်သူတွေးမိခဲ့သနည်း။
သူက ထတောင်မထနိုင်တော့ပေ။
ဖန်ကျိရန်တစ်ယောက် ဘာမှမပြောနိုင်ပေ။ အခြေအနေက သူစီစဉ်ထားသည်နှင့် တလွဲစီဖြစ်နေသည်။ သူက တစ်လလောက် အပြင်းအထန်လေ့ကျင့်ရုံဖြင့် ချူးယွင်ဖန်းကို သာလွန်နိုင်မည်ဟု သူ့စိတ်ထဲတွေးထားမိခဲ့သည်။ သူက ချူးယွင်ဖန်း၏ လက်ကို တစ်ချက်တည်းဖြင့် ဖြတ်နိုင်မည်ဟု တွေးထားမိသည်။
သို့သော် သူ့ကိုသေချာပေါက် အပြစ်ပေးရမည်ဆိုသော်ငြား သူသည်ယုချိုင်ကျောင်း၏ ထိပ်သီးကျောင်းသားနှစ်ဆယ်ထဲမှာတစ်ဦးအပါအဝင်ဖြစ်သည်။ သူ့ကိုပြင်းထန်စွာ အပြစ်ပေးရန် ဆရာများကလည်း မလိုလားပေ။ အပြစ်ပေးခြင်းကလည်း အမှတ်၁၃ ကျောင်းကို ပြရုံသက်သက်သာ ဖြစ်သည်။ သူသည် ထိုအရာများအားလုံးအတွက် တာဝန်ခံရမည်။ ထို့ကြောင့် သူခံစားခဲ့ရသော ရှုံးနိမ့်မှုအတွက် လက်စားပြန်ချေလိုခြင်းဖြစ်သည်။
သို့သော် သူက နောက်တစ်ခေါက် ထပ်မံရှုံးနိမ့်ပြန်သည်။ ပြီးတော့ ယခုတစ်ခေါက်သည် ယခင်တစ်ခါထက်ပိုဆိုးသည်။ ယခင်တစ်ခေါက်တုန်းက ချူးယွင်ဖန်း၏ ဓားချက်သုံးချက်ကို ခံရပြီးနောက်မှသာ ရှုံးနိမ်ခဲ့ရခြင်းဖြစ်သည်။ ယခုတော့ သူက တစ်ချက်တည်းနှင့် လွင့်ထွက်ခဲ့ရသည်။
ထိုကဲ့သို့ ပြုလုပ်ရန် ချူးယွင်ဖန်းက အင်အားမည်မျှပိုင်ဆိုင်ထားသနည်း။
သူ့တစ်ကိုယ်လုံး ပြုတ်ထွက်မတတ်ခံစားနေရသည်။ သူ၏ဓားကိုင်သောလက်သည် ကြေမွပျက်စီးသွားသည်။ ထို့ပြင် သူသည် ချူးယွင်ဖန်းနှင့် ဓားချက်တစ်ချက်သာ တိုက်ခိုက်ရသေးသည်။ ထိုခံစားချက်သည် သူ၏ ကနဦးလေ့ကျင့်စဉ်တုန်းက ကြုံတွေ့ခဲ့ရသော မွန်းစတားနှင့် တူသည်။ ထိုမွန်းစတားသည် ပြောမပြတတ်လောက်အောင် ကြောက်ဖို့ကောင်းပြီး ခွန်အားသည်လည်း ကြီးမားသည်။
ချူးယွင်ဖန်းက လူသားအရေခြုံထားသော မွန်းစတားဖြစ်နေမလား!!
လူသားတစ်ဦးက ဘယ်လိုလုပ်ပြီး ဒီလောက် အားကြီးနိုင်ပါ့မလဲ?
အားလုံးသည် ထိတ်လန့်သွားကြပြီး ချူးယွင်ဖန်းကို မျက်လုံးကြီးပြူးပြီးကြည့်နေသည်။ သူတို့အသိပြန်လည်လာကြသော်လည်း ခုနလေးတင်က ကြုံတွေ့လိုက်ရသော ဓားဆီမှထွက်ပေါ်လာသည့် အနက်ရောင်တောက်ပမှုကို မယုံကြည်နိုင်အောင်ဖြစ်နေကြသည်။
“ဒါက..ဒါက မဖြစ်နိုင်ဘူး”
“ဖန်ကျိရန်က ယုချိုင်ကျောင်းက ထိပ်သီး ကျောင်းသား ၂၀ထဲမှာတစ်ဦးအပါအဝင်ဖြစ်တယ်။ ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ သူက ဓားချက်တစ်ချက်ကိုတောင် မပိတ်ဆို့နိုင်ခဲ့ဘူး”
“အရမ်းမြန်တယ်။ ပြီးတော့ ဓားချက်က ချက်ချင်းရောက်ချလာပြီး အရမ်းအားပြင်းတယ်”
အခြားကျောင်းများမှ ပညာရှင်များက ထိုမြင်ကွင်းကိုမြင်သောအခါ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ သူတို့သည် ချူးယွင်ဖန်းကို ကြောက်သွားကြသည်။ သူ၏ ဓားချက်များက အလွန်မြန်ဆန်သည်။ သူတို့က ဖြစ်ကြောင်းကုန်စဉ်ကို အလုံးစုံမသိသော်ငြား ချူးယွင်ဖန်း၏ အင်အားနှင့် ကျင့်ကြံခြင်းသည် ဖန်ကျိရန်ထက် သာလွန်သည်ဆိုတာတော့ သိကြသည်။ သေချာတာတစ်ခုတော့ရှိသည်။ ထိုပုဂ္ဂိုလ်သည် သူတို့အားလုံး၏ အကြီးမားဆုံးရန်သူတော်ဆိုတာ သေချာသည်။
ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် အင်အားကြီးသော ပြိုင်ဘက်ကို တွေ့ခဲ့ရသည်။
ဂေါင်ဟုန်ချီနှင့် တန်စီယုသည် အလွန်တည်ငြိမ်သည်။ အထူးသဖြင့် ဂေါင်ဟုန်ချီ၏ မျက်နှာပေါ်တွင် မထင်မဲ့မြင် အကြည့်တစ်ခုကို အတိုင်းသားမြင်နေရသည်။ ဘာတွေဖြစ်နေတာလဲ! ချူးယွင်ဖန်းက ချီပင်လယ်အမြင့်ဆုံးအဆင့်မှာရှိသော မွန်းစတားနှင့် ယှဉ်ပြိုင်တိုက်ခိုက်တုန်းက မြင်ကွင်းကို မမြင်ဖူးကြပေ။ ထိုအရာကို အလွန်ကြောက်ဖို့ကောင်းသည်။
ချီပင်လယ်အမြင့်ဆုံးအဆင့်မှာရှိသော မွန်းစတားနှင့် ချူးယွင်ဖန်းတိုက်ခိုက်ခဲ့သော အချိန်ကိုပြန်ပြောင်းသတိရမိသည်။ချူးယွင်ဖန်းသည် ထိုမွန်းစတားကို အတင်းဖိအားပေးပြီး နောက်ဆုံးမှာတော့ သတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ပြင်းထန်သောအသွင်အပြင်သည် ချူးယွင်ဖန်း၏ စစ်မှန်သောအစွမ်းဖြစ်သည်။
ချူးယွင်ဖန်း၏ ထိုအချိန်တုန်းက အစွမ်းကိုမြင်ရပါကကြောက်ရွံ့သည်ဟု ပြောကြလိမ့်မည်။
“မင်း ဘာကြောင့် ဒီလောက်တောင် ရက်စက်ရတာလဲ။ ငါ ထိုးဖို့တောင်မချန်ပေးထားဘူးကွာ။ နောက်ဆုံးကြိမ်တုန်းက သူငါ့ကိုပိုင်းဖြတ်ခဲ့တာ။ ငါ သူ့ကို ပြန်ပြီး လက်စားချေရဖို့ စောင့်ဆိုင်းနေတာ” ဟု ဂေါင်ဟုန်ချီက ပြောသည်။ ဂေါင်ဟုန်ချီ၏ စကားကိုကြားပြီး လူအုပ်ကြီး၏ အကြည့်က သူ့ဆီကိုရောက်လာသည်။ ဖန်ကျိရန်သည် ယုချိုင်ကျောင်း၏ ထိပ်သီးကျောင်းသား ၂၀ထဲက တစ်ဦးဖြစ်သည်။ ဂေါင်ဟုန်ချီသည် လမ်းဘေးစျေးတွင် အသားဝယ်သကဲ့သို့ ဘာကြောင့်ပြောနေရသနည်း။
ဖန်ကျိရန်က ထိုစကားကိုကြားသောအခါ ဒေါသထွက်ပြီး မူးလဲမတတ်ဖြစ်သွားသည်။ သိပ်မကြာခင်မှာပင် လူတစ်ဦး၏အရိပ်က ပြေးဝင်လာပြန်သည်။ ဖန်ကျိရန်ကလည်း မြေပြင်ပေါ်မှာ လဲနေတာကိုမြင်ရသဖြင့် သူ တွေဝေသွားရသည်။
“အကျင့်မကောင်းတဲ့ကောင်..ငါတို့ အမှတ်၁၃ကျောင်းမှာရှိတုန်းကကျ ရှောင်ပြေးတယ်။ အခု ငါတို့ကျောင်းရဲ့မြေပေါ်မှာ မင်းရောက်နေပြီ။ ငါ မင်းကိုဖြုတ်ချပြီး မင်းရဲ့ဆရာနဲ့ အမှတ်ပြန်ညှိမယ်”
ထိုဆရာသည် အခြားသူမဟုတ်။ ယခင်တုန်းက အမှတ် ၁၃ ကျောင်းမှာ ဆရာလုပ်ဖူးခဲ့သော ဖြစ်သည်။
ဆရာလီ
ဆရာလီက ချက်ချင်းဆိုသလို ချူးယွင်ဖန်းကို ထိုးရန်ကြံရွယ်သည်။ သူ၏ လက်များကို လင်းယုန်တစ်ကောင်၏လက်သည်းများသဖွယ် ဆန့်ထုတ်ပြီး ချူးယွင်ဖန်းဆီသို့ တိုးဝင်လာသည်။
ချက်ချင်းဆိုသလို သူက ချူးယွင်ဖန်း၏ လည်ပင်းကို ညှစ်လိုက်သည်။
ချူးယွင်ဖန်း၏ မျက်လုံးဆီမှ တလက်လက်တောက်ပသော အလင်းတန်းအရိပ်အယောင်များ ထွက်ပေါ်လာသည်။
ဘွန်း!
ဆရာလီ၏ လင်းယုန်လက်သည်းများသည် ချူးယွင်ဖန်း၏ အရိပ်ကိုသာ ဖြတ်သွားသည်။
“ဘာ..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”
ဆရာလီက သွေးပျက်သွားသည်။ သူသည် ထိုကဲ့သို့ အခြေအနေမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးပေ။ သူ့ဘေးမှာရပ်နေသော ချူးယွင်ဖန်းက သုံးကိုယ်ခွဲဖြစ်သွားသည်။ သူ၏ လက်က ကိုယ်ခွဲတစ်ခုပေါ်ကိုသာ ကျရောက်သွားသည်။
ရုတ်တရက်ဆိုသလို အမဲရောင်အရိပ်တစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး သူ့လက်ကိုတိုက်ရိုက်ဆိုသလို ပိုင်းဖြတ်တော့သည်။
ရွှက်!
ဆရာလီ၏ တုံ့ပြန်မှုက အလွန်မြန်ဆန်သည်။ သူ၏ စွမ်းအင်ဖြည့်တင်းခြင်းအဆင့်ကျင့်ကြံခြင်းက သူ၏တုံ့ပြန်မှုကို မြန်ဆန်စေသည်။ သို့သော် ယခုအကြိမ်မှာတော့ သူက တွေဝေနေသဖြင့် ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို ခံလိုက်ရသည်။ အရိပ်မဲ့ဓားက တစ်ချက်ပိုင်းဖြတ်ခဲ့နိုင်သည်။
ဆရာလီက နောက်ပြန်ဆုတ်ပြီး ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအဝန်းအဝိုင်းမှ ရှောင်တိမ်းလိုက်သည်။ သူ၏ လက်ကိုဖုံးအုပ်ထားသည်။ သူ၏ လက်ပေါ်တွင် ကြီးမားသောဒဏ်ရာတစ်ခုရနေပြီး သွေးများက အဆက်မပြတ်စီးကျနေသည်။
“ကောင်းတယ်..အရမ်းကောင်းပါတယ်..ခွေးကောင်..မင်းက တခြားလူတွေကိုပါ ဒုက္ခပေးနေပြီ။ ငါ မင်းကို သည်းမခံနိုင်ဘူး။ ဒီကိစ္စကို မင်းတို့ကျောင်းကို သတင်းပို့ရမယ်။ အချိန်တန်ရင် မင်း ကျောင်းထုတ်ခံရမယ်”ဟု ဆရာလီက ဒေါသတကြီးပြောသည်။
“ကျွန်တော့်အထင်တော့ ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာ ဆရာတို့စုံစမ်းသင့်တယ်” ဟု ချူးယွင်ဖန်းက အေးအေးဆေးဆေးပြန်ဖြေသည်။ “ဆရာက ကျွန်တော့်ကို တိုင်ချင်သေးတယ်ပေါ့။ ကျွန်တော်လည်း ယုချိုင်ကျောင်းရဲ့ ကျောင်းအုပ်ကြီးဆီကို တိုင်စာပို့မယ်။ ကျွန်တော်တို့က ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ပါဝင်ဖို့ရောက်လာတာ။ ဒါပေမဲ့ ဆရာတို့ကျောင်းက ကျောင်းသားက ကျွန်တော့်ကို အလစ်ဝင်တိုက်တာ။ ပြီးတော့ ဆရာကလည်း အဖြစ်မှန်ကိုမမေးဘဲနဲ့ အားနည်းသူကို တိုက်ခိုက်တာ..ယုချိုင်ကျောင်းက သူတို့ဆရာတွေနဲ့ ကျောင်းသားတွေကို ဒီလိုပြုမူဖို့ သင်ထားပေးလားဆိုပြီး ကျွန်တော်လည်း မေးခွန်းပြန်ထုတ်ချင်တယ်”
“မှန်တယ်။ ကျွန်တော်လည်း အရှက်မရှိတဲ့လူတွေကို တစ်ဘဝလုံးမြင်ခဲ့ဖူးတယ်။ ဆရာ့ကျောင်းသားက ကျွန်တော်တို့ကိုအရင်ဆုံး အလစ်ဝင်တိုက်တာ။ဒါကို ဒီမှာရှိတဲ့ လူအားလုံးအသိပဲ။ ပြီးတော့ တစ်ကျောင်းလုံးမှာလည်း ကင်မရာတွေကို နေရာအနှံ့တပ်ထားတာလေ။ ဆရာသိချင်ရင် ဖြစ်ပျက်ခဲ့တာတွေကို ဆရာကိုယ်တိုင် ပြန်ကြည့်လို့ရတယ်။ အခုတော့ ဆရာက ကျွန်တော်တို့ကို ပြန်စွပ်စွဲနေတယ်။ အံ့ဩစရာမကောင်းပေဘူးလား” ဟု ဂေါင်ဟုန်ချီက ဆိုသည်။
“ဖန်ကျိရန်က အရင်ဆုံး အလစ်ဝင်တိုက်တယ်ဆိုတာ ကျွန်မလည်း သက်သေလိုက်ရဲတယ်” ဟု တန်စီယုက ဝင်ပြောသည်။
ဆရာလီ၏ မျက်နှာမှာ သွေးမရှိသလို ဖြူဖျော့နေသည်။ သူက ချူးယွင်ဖန်းပြောသည့်စကားများကို ယုံကြည်သည်။ သူက သက်သေလိုက်ပေးသည့်သူများကို လျစ်လျူရှုပါက အလွန်ဘက်လိုက်သကဲ့သို့ ဖြစ်နေမည်။ ထို့ပြင် ကျောင်းမှာကင်မရာများစွာရှိနေတာမို့ ချူးယွင်ဖန်းတို့ဘက်က မကြောက်ပေ။ သူတို့ပြောသည့်အရာများက အမှန်တရားဖြစ်ရမည်။
သူတို့ဘေးနားက ကျောင်းသားများကိုကြည့်သောအခါ ပိုသေချာသွားတော့သည်။
အပိုင်း (၁၈၂)- ကျောင်း၏ ကျွမ်းကျင်သူများကြားမှာရှိသော သိမြင်စိတ်…
ပြောရမည်ဆို သူသည် လက်စားမချေနိုင်ခဲ့သလို ဓားဖြင့်တစ်ချက်ပိုင်းဖြတ်ခံရရုံသာမက အားနည်းသူများကို အနိုင်ကျင့်သည်ဟူသော နာမည်ဆိုးပါ ရရှိတော့မည်။ ဤအရာများအားလုံး၏ တရားခံမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖန်ကျိရန် ဖြစ်သည်။
သူသည် ဖန်ကျိရန်ကို အလွန်ချစ်ခင်မြတ်နိုးသော်လည်း ယခုအချိန်မှာ သူ၏ ကျောင်းသားက သူ့မျှော်လင့်ချက်များကို ရိုက်ချိုးခဲ့သည့်အတွက် အားမလိုအားမရဖြစ်ခဲ့သည်။ သူက အလစ်ဝင်တိုက်ခဲ့ချင်သည် ဆိုလျှင်လည်း ရှိစေဦးတော့။ သို့သော် သူက မြေပြင်ပေါ်မှာလဲလျောင်းနေသည်အထိ တိုက်ခိုက်ခံခဲ့ရသည်။
ရုတ်တရက်ဆိုသလို အမှတ် ၁၃ကျောင်းမှာရှိစဉ်တုန်းက အချိန်များကိုပြန်ပြောင်းသတိရမိသည်။ အကယ်၍ ဖန်ကျိရန်သည် ချူးယွင်ဖန်းကို အနိုင်ယူခဲ့ချင်လျှင်လည်း ဘာကြောင့်ဆိုးရွားစွာရှုံးနိမ့်ခဲ့သနည်း။ အဆုံးသတ်မှာ ယုချိုင်ကျောင်းက မျက်နှာပျက်ရသည်။ ထိုအခြေအနေသည် ယခင်တုန်းက အခြေအနေနှင့် အတူတူပဲဖြစ်သည်။
“ဒါဆိုလည်း မင်းက လူယောက်ယောက်က ဘာလို့ ဒီလောက်အနေအထားထိ နှိပ်စက်ခဲ့တာလဲ” ဟု ဆရာလီက မေးသည်။
ချူးယွင်ဖန်းက တစ်ချက်မဲ့ပြုံးပြုံးပြီး “ဘယ်လို..သူက ကျွန်တော့်ကို အလစ်ဝင်တိုက်ခဲ့တာ။ ဒါဆို ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်လို့မရဘူးလား” ဟု ပြန်ပြီးမေးခွန်းထုတ်သည်။
“ဒါကို ကိုယ့်ကိုကိုယ် ကာကွယ်တယ်လို့ ဆိုလိုတာလား”ဟု ဆရာလီက မျက်နှာထားခပ်တည်တည်ဖြင့်ပြန်မေးသည်။
“ဆရာ ကျွန်တော့်ကို အပြစ်တင်လို့မရဘူး။ ဒါက ယုချိုင်ကျောင်းသားတွေမှာ ရှိတဲ့ အရည်အချင်းလေ။ သူတို့က အားနည်းပြီး ကျွန်တော့်ရဲ့ တိုက်ခိုက်မှုတွေကို မကာကွယ်နိုင်ဘူး။ ဆရာက ကျွန်တော့်ကို ဒီအတွက် အပြစ်တင်ချင်တာလား” ဟု ချူးယွင်ဖန်းက ပြောသည်။
ယုချိုင်ကျောင်းသားများက သူ့ကို စိုက်ကြည့်နေကြသည်။ သို့သော် ချူးယွင်ဖန်းက သူ့ဆုံးဖြတ်ချက်ကိုပြန်ပြင်မည့်အနေအထားမဟုတ်ပေ။ အစတည်းက ယုချိုင်ကျောင်းသားများက စည်းကမ်းမဲ့စွာ ပြုမူခဲ့သည်။ သူတို့ကို ဖိတ်ကြားပြီး ကြွားလုံးထုတ်ချင်ခဲ့သည်။ သူတို့၏ သတင်းအချက်အလက်များကို ဝင်ပေါက်မှာတည်းက စုဆောင်းချင်ခဲ့ကြသည်။ ရှုထောင့်ပေါင်းစုံက ကြည့်လျှင် သူတို့သည် ပျူငှါဖော်ရွေခြင်းမရှိဘဲ ပြိုင်ဆိုင်ချင်စိတ်သာပြင်းထန်သည်။ ယုချိုင်ကျောင်းက အိမ်ရှင်မပီသတည်းက ချူးယွင်ဖန်းကလည်း တလေးတစားဆက်ဆံဖို့ အစီအစဉ်မရှိပေ။
ထိုအချိန်မှာမှပင် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် ဖန်ကျိရန်က သတိလစ်နေသည်ဆိုတာကို ဆရာလီ သိလိုက်ရသည်။ တစ်ချက်တည်းနှင့်ပင်ထိုကဲ့သို့ဖြစ်စေသည်။
သူတွေးမိသည်မှာ ဖန်ကျိရန်က အသုံးမကျခြင်းကြောင့်မဟုတ်ဘဲ ချူးယွင်ဖန်းကိုယ်တိုင်ကိုက အင်အားကြီးနေခြင်းဖြစ်သည်ဆိုသော အချက်ဖြစ်သည်။ သူသည် ဖန်ကျိရန်က မည်မျှအင်အားကြီးမားသည်ဆိုတာနှင့် ပတ်သက်ပြီး သေချာသိနေသည်။ သူသည် ယုချိုင်ကျောင်း၏ အတော်ဆုံးကျောင်းသားထဲက တစ်ဦးဖြစ်သော်ငြား ချူးယွင်ဖန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ သူသည် တစ်ချက်တည်းကိုတောင် မတောင့်ခံနိုင်ပေ။
ဘယ်အချိန်တုန်းက အမှတ် ၁၃ကျောင်းမှာ ဒီလိုလူမျိုး ပေါ်ထွက်လာခဲ့သနည်း။
“ငါ့အထင် တစ်ခုခုနားလည်မှုလွဲတာဖြစ်ရမယ်” ဟု ဆရာလီက အံကိုကြိတ်ကာ တစ်လုံးချင်းစီပြောသည်။
ဖြစ်ရပ်မှန်က သူတို့အထင်နှင့် ဆန့်ကျင်နေသဖြင့် ဒီကိစ္စကိုဆက်ပြောနေလျှင် သူတို့ပဲ ရှုံးနိမ့်ရလိမ့်မည်။ ထို့ပြင် ထိုကိစ္စသည် အလွန်ရှက်စရာကောင်းလှသည်။ ယုချိုင်ကျောင်း၏ ထိပ်သီးကျောင်းသား ၂၀ဖြစ်သော ဖန်ကျိရန်က ဓားချက်တစ်ချက်တည်းဖြင့် အရေးနိမ့်ခဲ့ရသည်။ယုချိုင်ကျောင်း၏ ဆရာဖြစ်သူ ဆရာလီတောင်မှ ချူးယွင်ဖန်းကြောင့် ဒဏ်ရာရလုနီးပါးဖြစ်ခဲ့ရသည်။
ချူးယွင်ဖန်းက အင်အားကြီးမားသည်ဟု လူတိုင်းထင်မြင်ကြသလို ယုချိုင်ကျောင်းကလည်း တန်းတူညီမျှ အင်အားကြီးမားသည်ဟု ထင်မြင်ကြသည်။ ထိုအရာသည် ယုချိုင်ကျောင်းက မျှော်မှန်းထားသော ရလဒ်မဟုတ်နေပေ။ သူတို့သည် မြို့၏ ထိပ်သီးကျောင်းအဖြစ် အဆင့်တက်နိုင်မည် ဟုတ်/မဟုတ်ဆိုသောအချက်သည် အဓိကအချက်ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုးဖြစ်လာပါက အနာဂတ်မှာဘယ်လိုလုပ်ပြီး အခွင့်အရေးရနိုင်တော့မည်နည်း။
“နားလည်မှုလွဲတာ..ထားပါတော့ နားလည်မှုလွဲတယ်လို့ပဲ မှတ်လိုက်ပါလေ” ဟု ချူးယွင်ဖန်းက ခနဲ့တဲ့တဲ့ပြောသည်။ သူက ဤကိစ္စကိုဆက်လက်မငြင်းခုံလိုပေ။ သူက ဤပြသနာကိုဖြေရှင်းပါက မည်သည့်အရာကို ရလိမ့်မည်နည်း။ သူက အကြောင်းပြချက်ခိုင်လုံပါက မရှုမလှရှုံးနိမ့်မည့်သူက ယုချိုင်ကျောင်းဖြစ်သည်။ သူတို့က အရေးယူပေးလိမ့်မည်ဟုလည်း သူ မထင်မိချေ။
ချူးယွင်ဖန်းက စိတ်ပိုင်းဖြတ်သည်။ ယုချိုင်က ဒီအခွင့်အရေးကိုယူပြီး သူတို့၏ ဂုဏ်သိက္ခာကိုအဖတ်ဆယ်ရန် မကြိုးပမ်းတော့ဘူးလား? ဒီလိုသာဆို သူက ဒီအရာကို ဖျက်စီးရလိမ့်မည်။ ထိုအရာကသာ ယုချိုင်ကျောင်းအတွက် ပိုပြီးနာမည်ပျက်စရာဖြစ်လာပေတော့မည်။
“ဆက်ပြီးတော့ နားလည်မှုထပ်မလွဲတော့ဘူးလို့ ထင်ပါတယ်။ မဟုတ်ဘူးဆို ကျွန်တော့်ဓားက နောက်တစ်ကြိမ်ဆို တစ်ယောက်ယောက်ကို သတ်လိမ့်မယ်” ဟု ချူးယွင်ဖန်းက ဓားအိမ်ထဲ ဓားကိုထည့်ရင်းပြောသည်။ သူက နောက်ကိုလှည့်ပြီး “သွားကြစို့” ဟု တန်စီယုနှင့် ဂေါင်ဟုန်ချီတို့ကိုပြောသည်။
“မိုက်ရိုင်းလိုက်တာ..ဒီလို မိုက်ရိုင်းတဲ့ကျောင်းသားတွေက ဘယ်လိုလုပ်ပြီး အမှတ် ၁၃ကျောင်းမှာ ရှိလာတာလဲ”
“ဒီကောင်ရဲ့ နောက်ခံအသိုင်းအဝိုင်းက ဘာလဲ။ သူက ယုချိုင်ကျောင်းဝန်းထဲမှာတောင် မခန့်လေးစားလုပ်ဝံ့တယ်”
“စိတ်ဝင်စားစရာတော့ကောင်းလာပြီ။ အခုတော့ ယုချိုင်ကျောင်းရဲ့ ဂုဏ်သိက္ခာကျဆင်းတော့မယ်။ သူတို့ကျောင်းရဲ့ ထိပ်သီးကျောင်းသားက တစ်ချက်တည်းနဲ့ရှုံးနိမ့်တဲ့အပြင် ဆရာဖြစ်သူကပါ ဒဏ်ရာရသေးတယ်။ ဒါက တကယ့်ကိုအရှိုက်ထိတာပဲ”
ရုတ်တရက်ဆိုသလို ဆွေးနွေးပြောဆိုသံများ ထွက်ပေါ်လာသည်။ ယုချိုင်ကျောင်းသားများက ဤဖြစ်ရပ်ကို စော်ကားလွန်းလှသည်ဟု ထင်မြင်ကြသည်။ သို့သော် သူတို့ဘက်က ရှုံးနိမ့်သဖြင့် သူတို့အနေဖြင့် ဘာမှမပြောလိုပေ။ ထို့ပြင် ချူးယွင်ဖန်းကို အလစ်ဝင်တိုက်သူသည် ဖန်ကျိရန်ကိုယ်တိုင်ဖြစ်နေသည်။
ထိုအချိန်မှာ တခြားကျောင်းက ကျောင်းသားများအဖို့ ပွဲကြီးပွဲကောင်းကြည့်နေသလိုခံစားမိသည်။
ဆရာလီက သူ့ကိုယ်သူဆေးလိမ်းပြီးနောက် ဖန်ကျိရန်ကို ဆေးခန်းကိုခေါ်သွားရန် ကျောင်းသားနှစ်ဦးကို စီစဉ်ညွှန်ကြားသည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲကျင်းပသောကြောင့် ဆေးခန်းကိုကြိုပြီးဖွင့်ထားခဲ့သည်။ တစ်ယောက်ယောက်က ဒဏ်ရာအနာတရဖြစ်ပြီး ဆေးကုဖို့နေရာမရှိမှာကို စိုးရိမ်နေသည်။ မမျှော်လင့်ဘဲ ယုချိုင်ကျောင်းသားကိုယ်တိုင်က ထိုဆေးခန်းကို ပထမဆုံးအသုံးပြုသူဖြစ်နေသည်။
“ဟား..စိတ်ထဲကျေနပ်လိုက်တာ။ သူတို့က ငါတို့ကို အသားကုန်ဖြဲပစ်ဖို့ စောင့်နေတာ။ ဒါပေမဲ့ သူတို့မလုပ်နိုင်ခဲ့ဘူး” ဂေါင်ဟုန်ချီက ရယ်မောသည်။ သူ၏ ယခင်ကစော်ကားခံရခြင်း၏ တစ်ဝက်လောက်ကိုပြန်ပြီး လက်စားချေနိုင်ခဲ့သည်ဟု ထင်မြင်မိသည်။
“ဒါပေမဲ့ ငါသတိကြီးကြီးထားရမယ်။ ခုချိန်ကစပြီး ယုချိုင်ကျောင်းက ငါတို့ကိုညှာတာမှာမဟုတ်တော့ဘူး။ ငါတို့ကို ဘာတွေကစောင့်ကြိုနေလဲဆိုတာ ငါတို့မသိဘူးလေ။ သတိသာထားပေတော့” ဟု ချူးယွင်ဖန်းက ဆိုသည်။
“ဟုတ်တယ်..ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ယုချိုင်ကျောင်းက လူတွေက ငါတို့ကိုပစ်မှတ်ထားကြတော့မယ်။ ငါတို့က ရန်ပွဲအကြီးကြီးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမယ်” ဟု တန်စီယုကဆိုသည်။
“ငါက ပြင်ဆင်ထားတာကြာပေါ့။ ဒီတွေ့ဆုံပွဲကနေ ငါ့နာမည်ကို မှတ်ကျောက်တင်ရမယ်။ ဟားဟားဟား” ဂေါင်ဟုန်ချီက အားပါးတရရယ်မောရင်းပြောသည်။
ဖန်ကျိရန်က တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သည်ဆိုသော သတင်းသည် ကျောင်းအားလုံးမှာပျံ့နှံ့လာခဲ့သည်။ ဤတွေ့ဆုံပွဲသည် ချစ်ကြည်ရေးပွဲမဟုတ်ဘဲ ထိပ်သီးကျောင်းသားများစုဝေးပွဲဖြစ်သည်။ ဤပွဲတွင် အင်အားက စကားပြောလာပြီး ကျောင်းအားလုံးကလည်း ထိုအပိုင်းကို အလေးပေးကြသည်။ ပွဲစတင်သည်နှင့် ထိုကိစ္စသည် ပညာရှင်များအားလုံး၏ အာရုံကိုဆွဲဆောင်နေသည်။
ယုချိုင်ကျောင်း၏ ခန်းမအတွင်းမှာ ကျောင်းသားများသည်ထောင့်တစ်နေရာတွင် တင်ပျဉ်ခွေချိတ်ပြီးထိုင်နေသည်။ သူတို့အားလုံးမှာကြောက်စရာကောင်းသော ပုံစံရှိနေကြသည်။ သူတို့သည် အတော်ဆုံးထဲမှ လက်ရွေးစင် ကျောင်းသားများဖြစ်ကြသည်။ ထိုင်နေသောကျောင်းသားများသည် ယခုနှစ်ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ယုချိုင်ကျောင်း၏ လက်ရွေးစင်ကျောင်းသား ၂၀ဖြစ်သည်။
“အိုး…ဖန်ကျိရန်က ရှုံးနိမ့်ခဲ့တယ်”
ခန်းမတံခါးပွင့်လာပြီး လူတစ်ဦးက ရေးကြီးသုတ်ပျာ လျှောက်လာသည်။
“သူ့ကို ဘယ်သူအနိုင်ရတာလဲ”
ထိုသတင်းက လှုပ်လှုပ်ခတ်ခတ် သိပ်မဖြစ်စေပေ။ ဖန်ကျိရန်သည် သူတို့အားလုံးထဲမှာ အားအနည်းဆုံးဖြစ်တာမို့ သူရှုံးနိမ့်သည့်အပေါ် အံ့အားမသင့်ကြပေ။
ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် ကျောင်းအသီးသီး၏ လက်ရွေးစင်ကျောင်းသားများ လာရောက်ကြသည်။ ယုချိုင်ကျောင်းကလည်း သူတို့၏ ထိပ်သီးကျောင်းသား ၂၀ကို မည်သူကမှ အနိုင်မယူနိုင်ဘူးဟု မထင်မိချေ။ ထို့ပြင် အမှတ် ၅ နှင့် အမှတ် ၇ကျောင်းတွင် ထူးချွန်ကျောင်းသားများစွာရှိသည်။
“သူ့ကို အမှတ် ၁၃ကျောင်းက ကျောင်းသားတစ်ဦးက အနိုင်ယူခဲ့တာ..ပြီးတော့ သူ့ပြိုင်ဘက်က တစ်ချက်တည်းတိုက်ခိုက်ရသေးတာကို သူရှုံးနိမ့်ခဲ့ရတာ”ဟု ပြန်ဖြေသည်။
“တစ်ချက်တည်း”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့တောင် ဖန်ကျိရန်ကို တစ်ချက်တည်းနဲ့ အနိုင်မယူနိုင်ဘူး..မဖြစ်နိုင်တာ”
“အမှတ်၁၃ကျောင်းက ဘိတ်ချေးကျောင်းမလား။ အဲ့လိုလူမျိုးရှိပါ့မလား”
ထိုအချိန်မှာမှ ယုချိုင်ကျောင်း၏ လက်ရွေးစင်ကျောင်းသားများက စိတ်ဝင်တစားဆွေးနွေးကြသည်။
ဖန်ကျိရန်၏ အနေအထားနှင့်ဆို ရှုံးနိမ့်သည်ဆိုသော အချက်ကိုလက်ခံသော်ငြား တစ်ချက်တည်းနှင့် ရှုံးနိမ့်သည်ဟူသော အချက်က အဓိကပြသနာဖြစ်နေသည်။
ရုတ်တရက်ဆိုသလို လူတစ်ဦးက မျက်လုံးအဝိုင်းသားဖြင့် “အဲ့လူက ချူးယွင်ဖန်းဆိုတဲ့ တစ်ယောက်မလား” ဟုမေးသည်။
အပိုင်း (၁၈၃)- ကျွမ်းကျင်သူများ၏ အာရုံစိုက်မှု
“ဟုတ်တယ်..ဒီလူ့နာမည်က ချူးယွင်ဖန်းပဲဖြစ်မယ်”
ထိုအုပ်စုသည် အမှတ် ၁၃ကျောင်းနှင့် ပတ်သက်ပြီး မရင်းနှီးသဖြင့် ထိုလူကလည်း ဇဝေဇဝါဖြစ်နေသည်။ သူတို့၏ ပစ်မှတ်သည် အမှတ်၅ နှင့် အမှတ် ၇ ကျောင်းသာဖြစ်ပြီး တခြားကျောင်းများနှင့်ပတ်သက်ပြီး သိပ်စိတ်မဝင်စားကြပေ။ ထို့ကြောင့် တစ်ဖက်လူ၏ နာမည်က ချူးယွင်ဖန်းဆိုတာကို သိပ်ပြီးမသေချာနေပေ။
ထိုသတင်းစကားလာပါးသော လူဆီသို့ အားလုံး၏ အကြည့်က သက်ရောက်လာသည်။
“လုရှုရန်..မင်းက ချူးယွင်ဖန်းကို မှတ်မိလို့လား” ဟု တစ်ယောက်ကမေးသည်။ထိုလူသည် လုရှုရန်ဖြစ်ပြီး ချူးယွင်ဖန်းနှင့် အရင်တစ်ခါတုန်းက တိုက်ခိုက်ခဲ့ဖူးသော ယုချိုင်ကျောင်း၏လက်ရွေးစင် ကျောင်းသားတစ်ဦးဖြစ်သည်။
လုရှုရန်က ခေါင်းကိုညိမ့်ပြပြီ “ဖန်ကျိရန်နဲ့ ငါက တစ်ခါတုန်းက အမှတ်၁၃ကျောင်းကို ဖိတ်ကြားစာပို့ဖူးတယ်။ ဒါကြောင့်မို့ ငါတို့အဲ့တစ်ကြိမ်တုန်းက ဆုံဖူးခဲ့တယ်”
“ချူးယွင်ဖန်းဆိုတာဘယ်သူလဲ။ ငါက အမှတ် ၁၃ကျောင်းကဆို အို့ရန်တစ်ယောက်ကိုပဲ ကောင်းကောင်းမွန်မွန်သိတာ။ တခြားသူတွေက အားနည်းပါတယ်။ ဘယ်ကျောက်တုံးအောက်ကနေ ချူးယွင်ဖန်းဆိုတဲ့ကောင်က ထွက်လာတာလဲ” အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ဟန်တူသော ကောင်းကောင်းမွန်မွန်ဝတ်စားထားသည့် အသက် ၁၈၊၁၉အရွယ် အရပ်မြင့်မြင့် ခပ်တောင့်တောင့်လူတစ်ဦးသည် ရုတ်တရက်ထမေးသည်။
အားလုံး၏ အကြည့်က ထိုလူဆီသို့ရောက်သွားပြန်သည်။ သူတို့ကို ထိုလူ၏ စကားလုံးများက ဆွဲဆောင်ထားသည်။ ထိုလူတစ်ယောက်ချင်းဆီသည် အခြားလူများထက် သန်မာကြသည်။ သူတို့သည် အတော်ဆုံးထဲမှ လက်ရွေးစင်များဖြစ်ကြသည်။ သူတို့အချင်းချင်းလည်း ယှဉ်ပြိုင်ကြပြီး တစ်ဦးကိုတစ်ဦး အညံ့မခံကြပေ။သို့သော် ယခုအချိန်မှာ သူတို့အားလုံးသည် ထိုလူငယ်လေး၏ ဦးဆောင်မှုနောက်ကိုလိုက်ကြသည်။ အပြင်လူများကသာထိုအရာကိုမြင်လျှင် သူတို့သေချာပေါက် အံ့အားသင့်ကြလိမ့်မည်။
သို့သော် လူတိုင်းက ထိုအရာကိုကျင့်သားရနေကြသည်။ အကြောင်းရင်းမှာ ထိုစကားကိုထပြောသော လူငယ်လေးသည် ရန်ဂျွန်ဟုခေါ်သောတစ်ယောက်ဖြစ်သည်။ သူ့နာမည်ကို တခြားခရိုင်မှာရှိသော အထက်တန်းကျောင်းများကတောင်မှ သိကြသည်။ သူသည် ယုချိုင်ကျောင်းကိုကိုယ်စားပြုပြီး ပြိုင်ပွဲများစွာကိုယှဉ်ပြိုင်ခဲ့သည်။သူက နံပါတ်တစ်ဟူသောနေရာနှင့် ထိုက်တန်သည်ဟုဆိုနိုင်သည်။
အထက်တန်းပထမနှစ်တွင် သူသည် ပထမနှစ်အားလုံးကြားတွင် ပထမနေရာကိုပိုင်ဆိုင်ခဲ့သည်။ သူက ဒုတိယနှစ်ကိုဝင်ရောက်သောအခါ သူသည် ဒုတိယနှစ်များကြားတွင် ပထမဖြစ်သည်။ သူက တတိယနှစ်ရောက်သောအခါတွင်လည်း တစ်ကျောင်းလုံးမှာပထမပင်ဖြစ်သည်။
မည်သူကမှ သူ့နေရာကိုအလဲမထိုးနိုင်ပေ။ သာမန်လူက သူ့ကိုအံ့အားသင့်အောင်မလုပ်နိုင်ပေ။ ယခုအခါမှာတော့ ရန်ဂျွန်တောင်မှ တအံ့တဩဖြစ်နေရသည်။
“ချူးယွင်ဖန်းက လွန်ခဲ့တဲ့ပညာသင်နှစ်ဝက်တုန်းက အမှတ်-၁၃ တစ်ကျောင်းလုံးမှာ ပထမနေရာရခဲ့တာမလား” ဟု လုရှုရန်က ဆိုသည်။ သူသည် ချူးယွင်ဖန်းနှင့် ပတ်သက်ခဲ့ဖူးသော တစ်ဦးတည်းလူဖြစ်တာမို့ ချူးယွင်ဖန်းအကြောင်းသိနေခြင်းဖြစ်သည်။
အမှန်တကယ်တော့ သူအများကြီးမသိပေ။ သူရှာတွေ့သောသတင်းအချက်အလက်အရဆို ချူးယွင်ဖန်းက ယခုနှစ်တွင်မှ နာမည်ကြီးလာခြင်းဖြစ်သည်။ အဲ့မတိုင်ခင်တုန်းက သူ့အကြောင်းကိုမည်သူမှမပြောကြပေ။
“ဘာပြောတယ်။ အမှတ်-၁၃ကျောင်းကဆို ငါသိတာ အို့ရန်နဲ့ ကျန်းထျန်ပဲလေ။ ဒီတစ်ယောက်ကို တစ်ခါမှမကြားဖူးတာ” ဟု တစ်ယောက်ကထပြောသောအခါ လုရှုရန်လည်း ဇဝေဇဝါဖြစ်တော့သည်။
“မင်းရဲ့ အချက်အလက်တွေက ခေတ်နောက်ကျနေပြီ။ ဒီနှစ်မှာ အို့ရန်က ဒုတိယနေရာရပြီး ကျန့်ထျန်ကလည်း ရှုံးနိမ့်ပြီး အဆင့်လေးရခဲ့တာ” ဟု လုရှုရန်က ထိုလူကို တစ်ချက်စိုက်ကြည့်ရင်းပြောသည်။
“စိတ်ဝင်စားစရာပဲ။ဒီနှစ်တော့ အမှတ်-၁၃ေကျောင်းက ကျောင်းသားတွေက လှုပ်လှုပ်ခတ်ခတ်ဖြစ်စေတော့မယ်ထင်တယ်။ အချိန်ကျလာရင် ငါတို့မြင်ရမှာပေါ့” ဟု ရန်ဂျွန်က ပြုံးရင်းပြောသည်။
သူ့မျက်လုံးထဲတွင် အမှတ်-၁၃ကျောင်းက မည်သူ့ကိုမှ ထိုက်တန်သည်ဟု မမြင်မိပေ။သူမြင်တာတော့ အမှတ်-၅ နှင့် အမှတ်-၇ ကျောင်းက နာမည်ကြီးနှစ်ဦးပဲရှိသည်။
“သူ့ကို လျှော့မတွက်မိစေဖို့ ငါအကြံပေးပါရစေ။ ရန်ဂျွန်ကလွဲပြီး ဒီမှာရှိတဲ့ ဘယ်သူကမှ သူ့ကိုအလွယ်တကူနဲ့ နိုင်မှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်” ဟု လုရှုရန်က သူတို့အဖွဲ့သားများအားလုံးကို အကြံပေးသည်။
သို့သော် သူပေးသော အကြံကိုယ်တိုင်က ချူးယွင်ဖန်းကို လျှော့တွက်မိသလိုဖြစ်နေပြီဆိုသည့် အချက်ကို သူမသိချေ။ ချူးယွင်ဖန်းက မည်မျှတိုးတက်လာသည်ဆိုတာကို သူမသိချေ။
“သူက သာမန်အထက်တန်းကျောင်းက လက်ရွေးစင်ကျောင်းသားပါပဲကွာ..သူက ဘယ်လောက်တောင်တော်နိုင်မှာမို့လို့လဲ” ဟု နောက်ထပ်လူငယ်တစ်ဦးက ဂုဏ်ယူဝံ့ကြွားစွာပြောသည်။ သူက ချူးယွင်ဖန်းကို လုံးဝမမှုချေ။ ယခင်တုန်းက အမှတ်-၁၃ကျောင်း၏ နာမည်ကြီးဖြစ်သူ အို့ရန်တောင်မှ သူ့အတွက်ဘာမှမဟုတ်နေပေ။ သူက သာမန်ပြိုင်ဘက်လောက်သာဖြစ်တာမို့ အရမ်းကြီးမစိုးရိမ်ပေ။
“လုရှုရန်…မင်းက အရမ်းကြောက်လွန်းနေတာပါကွာ”
ချက်ချင်းဆိုသလို လူအုပ်ကြီးက ဝါးခနဲထရယ်ကြသည်။
လုရှုရန်က ပုခုံးတစ်ချက်တွန့်ပြပြီး ဘာစကားမှ ပြန်မပြောပေ။ သူသည်လည်း ချူးယွင်ဖန်းကိုမမှုပါ။ ဆောင်းတွင်းပိတ်ရက်ရှည်ပြီးနောက် သူသည်လည်းလွန်ခဲ့သောတစ်လတုန်းကနှင့် လုံးဝကွဲပြားသွားခဲ့သည်။
“ချူးယွင်ဖန်းက ယုချိုင်ကျောင်းကိုလုံးဝမမှုဘူးလို့ ငါကြားမိတယ်။ ဖန်ကျိရန်ကိုတစ်ချက်တည်းနဲ့ အနိုင်ရပြီးတဲ့နောက် ငါတို့ကျောင်းက ကျောင်းသားတွေက အားနည်းပြီး သူ့ရဲ့တိုက်ကွက်တစ်ချက်ကိုတောင် မခံနိုင်ဘူးလို့ဆိုတယ်” ဟု တံခါးဖွင့်ပြီးဝင်လာသော ကျောင်းသားတစ်ဦးက ပြောသည်။
“သူကများပြောရဲတယ်ရှိသေး”
“သူက ဖန်ကျိရန်ကိုပဲနိုင်တာပါ။ ဒါနဲ့များ ယုချိုင်တစ်ကျောင်းလုံးကို အနိုင်ရမယ်ထင်နေတာလား”
“သူက မောက်မာလွန်းတယ်။ သူ့ကိုသင်ခန်းစာလေးပေးရအောင်”
“သူက ဖန်ကျိရန်ကိုတစ်ချက်တည်းနဲ့ အနိုင်ရတာမလား။ ငါနဲ့သူဆုံတဲ့အခါ သူ့ကိုတစ်ချက်တည်းနဲ့ အနိုင်ပိုင်းနိုင်ခဲ့လျှင် သူဘာပြောနိုင်ဦးမလဲဆိုတာကြည့်ကြသေးတာပေါ့” ယုချိုင်ကျောင်း၏ လက်ရွေးစင်ကျောင်းသားများသည် ချူးယွင်ဖန်း၏ စကားများကြောင့် အလွန်အမင်းဒေါသထွက်နေကြသည်။ နောက်ပိုင်းတွေ့ဆုံပါက ချူးယွင်ဖန်းကို မှတ်လောက်သားလောက်အောင်သင်ခန်းစာကောင်းကောင်း ပေးရမည်ဟု ကြုံးဝါးကြသည်။
“ချူးယွင်ဖန်း…ဟမ်” ရန်ဂျွန်က ထိုသို့ပြောပြီးမျက်လုံးပြန်မှိတ်ကာ ဆက်ပြီးတရားကျင့်ကြံနေသည်။
တစ်ဆက်တည်းမှာပဲ အမှတ်-၅ကျောင်း၏ နားနေဆောင်မှာ ဆယ်ဦးထက်ပိုသော လက်ရွေးစင်ကျောင်းသားများက တင်ပျဉ်ခွေထိုင်နေကြသည်။
သူတို့တစ်ဦးချင်းစီက ခိုင်မာသောကျင့်ကြံခြင်းအခြေခံကိုပိုင်ဆိုင်ကြပြီး အင်အားပြင်းထန်သောပုံစံကိုပြသနေကြသည်။ သူတို့မျက်လုံးထဲမှာ လျှပ်စီးများ တလက်လက်ထနေသယောင်ဖြစ်နေသည်။ယုချိုင်ကျောင်းက လက်ရွေးစင်ကျောင်းသား နှစ်ဆယ်နှင့် ယှဉ်ပါက သူတို့က သာလွန်သည်။ သို့သော် သူတို့က လေ့ကျင့်နေခြင်းမရှိဘဲ တစ်စုံတစ်ရာကို ဆွေးနွေးနေကြသည်။
“မင်းတို့ကြားပြီးပြီလား။ ဟီးဟီး ပွဲတောင်မစရသေးဘူး တစ်ယောက်ယောက်က ရန်ပွဲကိုစလိုက်ပြီ”
“ဒီအချိန်မှာ ဖြစ်ကြတာက စိတ်ဝင်စားဖို့မကောင်းပေမဲ့ ပွဲဆူစေတာပေါ့လေ”
“အဓိက အချက်က ယုချိုင်ကျောင်းက လက်ရွေးစင်ကျောင်းသားတစ်ဦးက ရှုံးနိမ့်ခဲ့တာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ သူက တစ်ချက်တည်းနဲ့ ရှုံးနိမ့်ခဲ့တာ။ ဒီတစ်ချီတော့ ယုချိုင်ကျောင်းသိက္ခာကျတော့မယ်”
ထိုကျောင်းသားများ၏ မျက်နှာပေါ်တွင် ဝမ်းသာနေသည့်အမူအရာများက အတိုင်းသားပေါ်နေသည်။ သူတို့နှင့် ယုချိုင်ကျောင်းသားများသည် ပြိုင်ဘက်များဖြစ်ကြသည်။ သူတို့၏ ပြိုင်ဘက်ဟောင်းသည် အမှတ်-၇ကျောင်းဖြစ်သော်ငြား ယုချိုင်ကျောင်းသားများသည် လွန်ခဲ့သောနှစ်များက ယှဉ်ပြိုင်လိုစိတ်ပြင်းထန်ပြီး လျှော့တွက်လို့မရပေ။ ယုချိုင်ကျောင်းက ဒုက္ခတွေ့နေသည်ကိုမြင်ရပြီး ပျော်ရွှင်နေကြသည်။
ထိုအချိန်မှာ ခန်းမရှိ ပြတင်းပေါက်ရှေ့တွင် အရပ်မြင့်မြင့်ပိန်ပိန်သွယ်သွယ်နှင့် လှပသောမျက်နှာလေးရှိသော ကောင်မလေးတစ်ဦးသည် ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူမအပေါ်ကို နေရောင်ဖြာကျနေပြီး သူမက စာအုပ်တစ်အုပ်ကို စိတ်ရှည်လက်ရှည်လှန်လှောနေသည်။
“ချူးယွင်ဖန်း.ဟမ်..စိတ်ဝင်စားစရာပါလား” သူမပြုံးသောအခါ သူမ၏ နှုတ်ခမ်းထောင့်လေးကကွေးသွားတော့သည်။ သို့သော် သူမ၏ စိတ်က ပုံပြင်စာအုပ်ဆီသို့ ပြန်ရောက်သွားပြန်သည်။ ဒီကမ္ဘာပေါ်က မည်သူမှ သူမကို ထိုစာအုပ်ထဲရှိကမ္ဘာလေးဆီမှ လှုပ်နှိုးနိုင်မည်မဟုတ်သကဲ့သို့ဖြစ်နေသည်။