အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
အပိုင်း (၁၈၇)- ချူးယွင်ဖန်းအပေါ် အားလုံး၏ မျှော်လင့်ချက်
သူတို့အားလုံးထိတ်လန့်ကုန်ကြပြီး မျက်လုံးအပြူးသားဖြစ်ကုန်ကြသည်။ သူတို့က ရွေ့လျားသိုင်းကွက်ကို ယခင်တုန်းတည်းက မကျင့်ဖူးသည့်အပြင် ထိုမျှလောက် တတ်ကျွမ်းနိုင်သည်အထိလည်း အားစိုက်မထုတ်ဘူးပေ။ ထို့အပြင် သူတို့သည် အရိပ်သုံးခုကိုထုတ်နိုင်သော သိုင်းကွက်ကိုလည်း မကြားဖူးပေ။
သို့သော်ငြား ဂေါင်ဟုန်ချီအသုံးပြုသော ရွေ့လျားသိုင်းကွက်၏ အဆင့်ကိုလည်း သေသေချာချာမသိနေပေ။ ချွမ်း! ချွမ်း! ချွမ်း!
ယင်ချန်း၏ ဓားနှစ်လက်သည် မြန်ဆန်ပြီး ရက်စက်လှသဖြင့် သူက အမှတ်-၂၅ကျောင်းမှာ ကြီးစိုးထားနိုင်သည်ဆိုသောအချက်က မထူးဆန်းတော့ပေ။ အမှတ်၁၃ကျောင်း၏ မူလနံပါတ်တစ်ဖြစ်သော အို့ရန်နှင့်ယှဉ်ပါက သူလည်း တစ်စက်ကလေးမှ မနိမ့်ကျပေ။ သူ၏ အစွမ်းသည် ဂေါင်ဟုန်ချီထက်သာလွန်သည်။
သို့သော် သူ့ကိုတားရန် ချူးယွင်ဖန်းမထွက်လာသေးပေ။အကြောင်းရင်းမှာ မိမိထက်တစ်ဆင့်မြင့်သောပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်ပါက မိမိအစွမ်းကိုများစွာမြှင့်တင်ပေးနိုင်သောကြောင့်ဖြစ်သည်။ထိုအရာသည် ရှားပါးအခွင့်အရေးဖြစ်သည်။ဂေါင်ဟုန်ချီသည် ရှေ့ကနှစ်ယောက်နှင့် ယှဉ်ပြိုင်စဉ်ကတည်းက မနားရသေးပေ။ ယင်ချန်း၏ တိုက်ခိုက်မှုများက သူ့ကိုအသက်ဝဝရှုခွင့်တောင်မပေးပေ။ ဓားနှစ်လက်သည်လည်း တစ်ချက်ပြီးတစ်ချက်တိုက်ခိုက်သောအခါ နဂါးစုံတွဲတစ်စုံနှင့် အလားသဏ္ဍာန်တူသည်။ သူတို့သည် ဂေါင်ဟုန်ချီကို လုံးဝဖိနှိပ်ထားနိုင်သည်။
ဂေါင်ဟုန်ချီသည် လွယ်လွယ်ကူကူနှင့် လက်မြှောက်အရှုံးမပေးလိုပေ။ သူက အရေးနိမ့်နေသော်ငြား သူ၏ မီးမုန်တိုင်းလှံတံသိုင်းနှင့် ဆက်လက်တိုက်ခိုက်နေသည်။ သူသည်ယင်ချန်း၏ လက်များကိုအသုံးချကာ သူ့ကိုယ်သူကိုယ်ရည်သွေးချင်သည်။ ယင်ချန်းနှင့် ယှဉ်ပြိုင်ရခြင်းသည် ယခင်နှစ်ဦးနှင့် ယှဉ်ပြိုင်ရခြင်းနှင့် သေချာပေါက်မတူပေ။ နှစ်ပွဲဆက်တိုက် ယှဉ်ပြိုင်ပြီးနောက် သူ၏ အင်အားအများစုကိုထိန်းထားသော ဂေါင်ဟုန်ချီသည် တစ်ကိုယ်လုံးချွေးများရွှဲနေပြီး အချိန်ခဏလေးသာ ယှဉ်ပြိုင်နိုင်တော့သည်။ သူသည်ရေထဲမှ လွတ်ထွက်လာသော ငါးတစ်ကောင်နှင့်တူနေသည်။
နောက်ဆုံးတော့ ဂေါင်ဟုန်ချီသည် ကြိုးဝိုင်းထဲမှ ခုန်ထွက်လာသည်။ သူ၏ လှံတံကိုဝှေ့ရမ်းပြီးနောက် သူက “ ငါရှုံးနိမ့်တယ်။ မင်းအနိုင်ရတယ်” ဟုပြောသည်။
ယင်ချန်း၏ အမူအရာများက ဘာမှ မပြောင်းလဲသွားပေ။ သူသည် ချီပင်လယ်အဌမအဆင့်မှာရှိနေသည်။ သတ္တမအဆင့်မှာရှိနေသော ဂေါင်ဟုန်ချီကို အနိုင်ရရုံဖြင့် ဘာတွေများပျော်စရာရှိပါလိမ့်မည်နည်း။ ဆန့်ကျင်ဘက်အနေနှင့် သူ့ကို ဂေါင်ဟုန်ချီက ယခုအခြေအနေထိ ထိန်းထားနိုင်သည်။ ဤအရာသည် သူ့အတွက် တကယ့်ကို ရှက်စရာကောင်းလှသည်။
ယင်ချန်းက တိုက်ခိုက်မှုကိုရပ်ပြီးနောက် ချူးယွင်ဖန်းကိုတစ်ချက်ကြည့်ကာ” မင်းအလှည့်ပဲ” ဟု ဆိုသည်။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့ကို ချူးယွင်ဖန်းက ဦးဆောင်လာခဲ့သည်မှာ ထင်ရှားနေသည်။ ထို့ကြောင့် သူသည် ခေါင်းဆောင်ချင်းသာ ယှဉ်ပြိုင်ပြီး ချူးယွင်ဖန်းကို အနိုင်ပိုင်းနိုင်မှသာ ချူးယွင်ဖန်းက နောက်ထပ်စော်ကားဝံ့တော့မည်မဟုတ်ဘူးဟု ယူဆသည်။
“ယင်ချန်း..ဂရုစိုက်..ဒီလူက တခြားလူနဲ့ မတူဘူး။ သူ့နာမည်က ချူးယွင်ဖန်း။ သူက အမှတ်၁၃ကျောင်းရဲ့ ယခင်နှစ်က စာမေးပွဲမှာ အဆင့်တစ်ရခဲ့တာ” ဟု အမှတ်၂၅ ကျောင်းသားတစ်ဦးက လှမ်းသတိပေးသည်။ သူက ထိုအကြောင်းကို အမှတ်၁၃ကျောင်း၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့်သိခဲ့ရသည်။
“ဘာ..အမှတ်၁၃ကျောင်းရဲ့ ပထမနေရာက အစားထိုးခံရတာလား”
“ငါသိသလောက်ဆို အို့ရန်ပဲ အမြဲပထမရတာမလား”
အမှတ်၂၅ကျောင်း၏ ကျောင်းသားများက မှတ်ချက်ပြုကြပြီး သူတို့အနေနှင့် လက်ခံနိုင်ရန် ခဲယဉ်းနေသည်။သူတို့၏ အတွေးအမြင်များ တစစီဖြစ်ကုန်ရသည်။ အမှတ်၁၃ကျောင်း၏ နံပါတ်တစ်သည် အို့ရန်ဟု အမြဲလိုလိုထင်မြင်ခဲ့ကြသည်။
ဒါဆို ဒီကောင်လေးက ဘယ်ကရောက်လာတာလဲ!
ဂေါင်ဟုန်ချီ၏ လှည့်ဖျားခံလိုက်ရသော အမှတ်၂၅ ကျောင်း၏ ကျောင်းသားများက သူတို့သည် သံပန်းကန်ပြားကို ကန်မိနေပြီဟု ထင်မြင်ကြပြန်သည်။ သူတို့က လှည့်ဖျားခံနေရသည်မှာ မထူးဆန်းတော့ပေ။ အမှတ် ၁၃ကျောင်းက အို့ရန်၏ အဆင့်သည် အမှတ်၂၅ကျောင်း၏ ယင်ချန်းနှင့် တူညီသည်။ ချူးယွင်ဖန်းက အို့ရန်ကို အနိုင်ယူနိုင်ခဲ့တာမို့ ယင်ချန်းနှင့် အနေအထားတူညီလောက်သည်။
သူတို့သည် သူ့ကိုလှောင်ပြောင်ရဲခဲ့သည်။ သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းခဲ့သည်များ ဖြစ်နေမလား!
ယင်ချန်းက မတူညီသောမျက်နှာအနေအထားဖြင့် ချူးယွင်ဖန်းကို ကြည့်သည်။ သူသည် အို့ရန်နှင့် အကြိမ်ပေါင်းများစွာယှဉ်ပြိုင်ဖူးတာမို့ အို့ရန်က အနိုင်ရဖို့မလွယ်ကြောင်း သေချာသိနေသည်။ ထို့ပြင် ဒီလူက အို့ရန်ကို အနိုင်ရခဲ့သူမို့ သူ၏အစွမ်းသည် အို့ရန်ထက် သာလွန်သည်ဆိုသော သဘောပင် မဟုတ်ပါလား။
“ရတယ်။ အို့ရန်နဲ့ ယှဉ်ပြီးမတိုက်ခိုက်ရတော့ အချိန်ကုန်သက်သာတာပေါ့။ ငါတို့နှစ်ဦးက တိုက်ခိုက်ပြီး ရန်ငြိုးတွေ အကြေဆပ်ကြတာပေါ့” ဟု ယင်ချန်းက သူ၏ ဓားနှစ်လက်ကို ချူးယွင်ဖန်းဆီညွှန်ပြရင်းပြောသည်။
သို့သော် ချူးယွင်ဖန်းက သူ့ကို စိတ်မဝင်စားသောအကြည့်ဖြင့်ကြည့်သည်။ သူသည် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူက ယင်ချန်းကိုတစ်ချက်ကြည့်ကာ “မင်းက ငါ့ကိုတိုကိခိုက်ချင်တာလား။ မင်းက အရည်အချင်းရောပြည့်မီရဲ့လား”ဟုမေးသည်။
ယင်ချန်းမျက်နှာချက်ချင်းဆိုသလိုပျက်သွားသည်။
“မင်းက ငါ့ကိုအထင်သေးရဲတယ်ပေါ့”
“ငါက အထင်သေးတာမဟုတ်ပါဘူး။ အမှန်တရားကိုပြောပြတာပါ” ဟု ချူးယွင်ဖန်းက ဆိုသည်။
“ကောင်းပြီ..ကောင်းပြီ”ယင်ချန်းက သူ၏လက်ထဲက ဓားနှစ်လက်ကို လျှပ်စီးသဖွယ်ထုတ်လိုက်ပြီးနောက် ချူးယွင်ဖန်းဆီသို့ မြန်မြန်ဆန်ဆန် တိုးဝင်လာသည်။
ချူးယွင်ဖန်းက တစ်ချက်မှမလှုပ်ပေ။ သို့သော် ကောင်းကင်မှာ ဓားတစ်ချောင်းပေါ်လာပြီး ဓားနှစ်လက်၏ တိုက်ခိုက်မှုကို ပိတ်ဆို့သည်။
“ငါတို့ အရင်တိုက်ခိုက်ရင်ရော ဘယ်လိုလဲ” ဟု မေးရင်း တန်စီယုက ချူးယွင်ဖန်း၏ ရှေ့မှာ ပေါ်လာသည်။ ယင်ချန်း၏ တိုက်ခိုက်မှုကိုပိတ်ဆို့သူသည် တန်စီယုဖြစ်သည်။
“ကောင်းပြီ..ငါ မင်းကိုအရင်ဆုံးအနိုင်ယူမယ်။ မင်းနောက်မှာသူက ဘယ်လောက်ပုန်းခိုနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့” ဟု ယင်ချန်းက ကြုံးဝါးကာ တန်စီယုထံသို့ ဓားနှစ်လက်က တရှိန်ထိုးပြေးဝင်သွားသည်။
နောက်ထပ်မသိတဲ့လူတစ်ဦး!
ယင်ချန်းက တန်စီယုကို လျင်လျင်မြန်မြန် အနိုင်ယူနိုင်မည်ဟု တွေးထားသည်။ သို့သော် သူတို့တိုက်ခိုက်လေလေ သူပိုပြီးအံ့အားသင့်ရလေလေဖြစ်သည်။ အမှတ်၁၃ကျောင်း၏ အဆင့်တစ် အသစ်ဖြစ်သူ ရုတ်တရက်ပေါ်လာမှုသာမက ထို အလွန်တရာမျှလှပသော မိန်းကလေးထွက်ပေါ်လာမှုကလည်း အံ့ဩစရာကောင်းလှသည်။
သူတစ်ခါမှမကြားဖူးခဲ့သော ထိုမိန်းမလှလေးသည်လည်း သူနှင့်အတူတူပင် ချီပင်လယ်အဌမအဆင့်မှာရှိနေသည်။ သူမက လှုပ်ရှားသည်နှင့် သူမမှာ အစွမ်းထက်သော ဓားသိုင်းရှိသည်မှာ ပေါ်လွင်လှသည်။
တခဏအတွင်းမှာ ယင်ချန်းသည် ဖိနှိပ်ခံရတော့သည်။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အမှတ်၂၅ ကျောင်းသားများက ထိတ်လန့်သွားကြသည်။ တန်စီယုက ယင်ချန်းကို အသားစီးရနေသည်ကို မယုံကြည်နိုင်သည့်အလား သူတို့၏ မျက်လုံးများကိုပွတ်သပ်ပြီးကြည့်နေကြသည်။ ပြိုင်ဘက်ကင်းယင်ချန်းက ထိုကဲ့သို့ အရေးနိမ့်နေသည်မှာ အံ့ဩဖွယ်အတိဖြစ်သည်။ သူတို့နှစ်ဦးကြားက ကွာခြားချက်သည် ကြီးမားလာသည်။ သို့တည်းမဟုတ်ပါက ယင်ချန်းသည်ပွဲစတည်းက အဖိနှိပ်ခံရမည်မဟုတ်ချေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့နှစ်ဦးကြားမှာကွာခြားချက်ရှိခြင်းကြောင့်မဟုတ်ဘဲ ပြိုင်ပွဲဝင်နည်းလမ်းများ၊ ပြိုင်ပွဲသတိရှိမှု၊ ပြိုင်ပွဲအတွေ့အကြုံနှင့် တခြားရှုထောင့်ပေါင်းများစွာမှာကွာခြားမှုကြောင့်ဖြစ်သည်။
အမှတ်၂၅ ကျောင်းသားများလည်း တွေဝေနေကြသည်။ သူတို့သည် ယင်ချန်းကိုအားပေးချင်သော်လည်း အမှတ် ၁၃ ကျောင်း၏ အလှပဂေးလေးက အလွန်တရာမှ လှပသည်။ တန်စီယု၏ တိုက်ခိုက်မှုများသည် လျင်မြန်ပြီး ပြင်းထန်သော်လည်း သူမ၏လှုပ်ရှားမှုများက နတ်မိမယ်တစ်ဦးသဖွယ်လှပသည်။
အကယ်၍ပြိုင်ဘက်က ထိုကဲ့သို့အလှလေးဖြစ်နေပါက သူတို့ရွံရှာမုန်းတီးရန် ခဲယဉ်းလှသည်။
အမှတ်၂၅ ကျောင်းသားများထက် အမှတ်၁၃ ကျောင်းသားများက ပိုမိုပြီး အံ့အားသင့်ကြသည်။ သူတို့သည် ယခင်နှစ်စာမေးပွဲအကြောင်းကို ယခုချိန်ထိ အမှတ်ရနေသေးသည်။ တန်စီယုက သူမ၏ အင်အားကို အစွမ်းကုန်ထုတ်သုံးခဲ့သော်လည်း အို့ရန်ကို ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ဆောင်းတွင်းအားလပ်ရက်တစ်လအတွင်းမှာ တန်စီယုသည် အို့ရန်နှင့် အစွမ်းချင်းညီမျှသော ယင်ချန်းကို အသာစီးရနေသည်။ ထိုအရာကိုကြည့်ခြင်းဖြင့် တန်စီယုသည် အို့ရန်ကို အနိုင်ရနိုင်သည်။ ထို့ပြင် ဂေါင်ဟုန်ချီသည်လည်း အများကြီးတိုးတက်ပြောင်းလဲခဲ့သည်။
သူတို့၏ စိတ်ထဲမှာ တရစပ်မေးခွန်းထုတ်နေမိသည်။
ချူးယွင်ဖန်းက မလှုပ်ရှားသော်ငြား သူက တန်စီယုနှင့် ဂေါင်ဟုန်ချီတို့ထက် အင်အားကြီမားသည်။ သူတို့နှစ်ဦးသည် ချူးယွင်ဖန်း၏ ဦးဆောင်မှုနောက်မှာလိုက်နေကြောင်း သိသာထင်ရှားသည်။
ထိုအချိန်မှာ သူတို့၏စိတ်ထဲမှာ တစ်စုံတစ်ရာကိုမျှော်လင့်မိသည်။ အကယ်၍ ချူးယွင်ဖန်းသာ လှုပ်ရှားပါက ပိုမိုပြီး အင်အားကြီးမားလောက်မည်။ သူသာ စတင်လှုပ်ရှားလျှင် ဘယ်လောက်တောင် ကြောက်စရာကောင်းသော မြင်ကွင်းဖြစ်လိမ့်မည်နည်း။
အပိုင်း (၁၈၈)- ငါတို့အင်အားကိုပြဖို့အချိန်ကျပြီ
ယခင်တုန်းက သူတို့သည် ကျောင်းပေါင်းစုံတွေ့စုံပွဲတွင် နောက်ဆုံးနေရာ မရဖို့အရေး ကြိုးစားရုန်းကန်ခဲ့ရသည်။ အနည်းဆုံးတော့ သူတို့သည် ဘိတ်ချေးမဖြစ်လိုကြပေ။ ယခုတော့ သူတို့က ထိုထက်ပိုမြင့်သောအနေအထားကိုမျှော်မှန်းလို့ရနိုင်ကြောင်း သိရှိလာခဲ့သည်။ ဂေါင်ဟုန်ချီပဲဖြစ်ဖြစ် တန်စီယုပဲဖြစ်ဖြစ် သူတို့နှစ်ဦးလုံးသည်
အားလုံးကမျှော်မှန်းသည်ထက်ပိုပြီး လက်စွမ်းပြနိုင်သည်။ ထို့ပြင် ယခင် ပညာသင် နှစ်ဝက်၏ ပထမရသူ ချူးယွင်ဖန်းနှင့်အတူ အို့ရန်နှင့် ကျန်းထျန်တို့လည်းရှိနေသည်။ ဒီတစ်ကြိမ်မှာတော့ သူတို့သည် ဘိတ်ချေးမဟုတ်နိုင်တော့သလို ဘိတ်ချေးရှေ့က အဆင့်လည်း မဖြစ်နိုင်တော့ပေ။
“အမှတ်-၁၃ကျောင်းက တစ်ဆင့်မြင့်သွားနိုင်မလား” ဟူသော အတွေးသည်
ထိုလူများ၏ ဦးနှောက်ထဲဝင်လာခဲ့သည်။
သို့သော် သူတို့သည် ပထမနေရာတော့ မမျှော်မှန်းရဲပေ။ မဖြစ်နိုင်ဟုလည်း
ယူဆထားကြသည်။ ရှေ့တန်းရောက်ဖို့တောင်မှ မဖြစ်နိုင်ပေ။ ထို့ပြင်
သူတို့အားလုံး၏ အစွမ်းသည် မြို့ကြီးများနှင့် ခရိုင်များကလာသော လူများနှင့်
မယှဉ်နိုင်ပေ။
သူတို့တွေးတောနေကြစဉ်မှာ တန်စီယုသည် ပြိုင်ပွဲမှာအသာစီးရနေပြီးဖြစ်သည်။
သူတို့နှစ်ဖက်လုံးက အပြိုင်အဆိုင်တိုက်ခိုက်နေချိန်တွင် ကွာခြားချက်ရှိသည်ကို
လူတိုင်းက သေသေချာချာမြင်နေရသည်။ သူတို့နှစ်ဦးသည်
အနေအထားတူသော်ငြား တန်စီယုက ပိုပြီးအားကောင်းသောပုံပေါ်သည်။ ထို့ပြင်
သူမ၏ တိုက်ပွဲအတွေ့အကြုံကလည်း ပိုပြီးများပြားသည်။ ယင်ချန်းက
လှစ်ဟပြလိုက်သော အားနည်းချက်များကို တန်စီယုက ချက်ချင်းဆိုသလို
သတိထားမိပြီး ပြိုင်ပွဲတွင် အသာစီးယူနိုင်မှု ပိုမိုများပြားလာတော့သည်။
တခဏလေးအတွင်းမှာ ယင်ချန်းလည်း ဟန်ချက်လုံးဝပျက်သွားတော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ယင်ချန်းက ပြိုင်ပွဲမှာအရေးနိမ့်ခဲ့သည်။
သူက တန်စီယုကိုရှုံးတယ်!
သူမ၏ ဓားသည် ယင်ချန်း၏ လည်ချောင်းနားကို ထောက်မိပြီးနောက်
ရပ်တန့်သွားတော့သည်။
“ငါရှုံးတယ်..” ယင်ချန်းက သူရှုံးနိမ့်သည်ဆိုတာကို မယုံကြည်နိုင်အောင်ဖြစ်နေသည်။ သူက အခြားကျောင်းများ၏ လက်ရွေးစင်ကျောင်းသားများကို ရှုံးနိမ့်ဖူးသော်ငြား ထိုကဲ့သို့ ဘာမှ မသိသောအမျိုးသမီးကိုတစ်ခါမှ မရှုံးနိမ့်ဖူးပေ။ ထို့ပြင် သူမသည် အမှတ် -၁၃ ကျောင်း၏ နံပါတ်တစ်လည်း မဟုတ်ပေ။
တန်စီယုသည် ခဏတာမောပန်းနွမ်းနယ်နေပြီး သူမ၏ မျက်နှာသည်
ဖြူဖျော့နေသည်။ သို့သော် ခဏလေးအတွင်းမှာ သူမသည်
ပုံမှန်အခြေအနေပြန်ဖြစ်သွားသည်။ အားလုံး၏ မျက်စိထဲမှာ သူမသည်
ကောင်းကင်မှ ဆင်းသက်လာသော အင်မော်တယ်သဖွယ်ထွန်းလင်းနေတော့သည်။
သူသည် တန်စီယုကို ရှုံးနိမ့်ခဲ့သော်ငြား စောဒကမတက်ပေ။ သူက
သံသယဖြစ်ဖွယ်တစ်စုံတစ်ရာမပါဘဲရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သူ၏
အနေအထားက အမြင့်ဆုံးမှာရှိနေသော်ငြား ဘာမှ အသုံးမဝင်ခဲ့ဘဲ
အဆုံးသတ်မှာတန်စီယုကိုရှုံးနိမ့်ခဲ့သည်။
သူက ချူးယွင်ဖန်းကို ကြည့်သည်။ ယခုအခါမှာတော့ ချူးယွင်ဖန်းက
ဘာကိုဆိုလိုချင်မှန်း သူသိခဲ့ရသည်။ သူက ချူးယွင်ဖန်းကိုမဆိုထားနှင့်
တန်စီယုကိုပင်ရှုံးနိမ့်ခဲ့ရသည်။
“နင်အဆင်ပြေလား” ဟု ချူးယွင်ဖန်းက မေးသည်။
“ငါ အဆင်ပြေတယ်။ သူက အရမ်းသန်မာတယ်။ ဒါပေမဲ့ သူက
ငါ့ကိုမယှဉ်နိုင်ပါဘူး” ဟု တန်စီယုက ခေါင်းညိမ့်ပြရင်းပြောသည်။
“ခု ဘယ်လိုလဲ..မင်းတို့က ငါတို့နဲ့ ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့ရတယ်။ ခုရော
ဘာထပ်လိုချင်သေးလဲ” ဟု ဂေါင်ဟုန်ချီက သူ၏
လှံတံကိုမြှောက်ပြရင်းပြောသည်။
“သွားကြစို့” ယင်ချန်းသည် ရှက်လွန်းသဖြင့် ထိုနေရာမှာ
ဆက်လက်ပြီးမနေလိုတော့ပေ။ သူ့ကို ထိုနေရာကိုခေါ်ဆောင်လာသော သူ၏
အဖွဲ့သားများကို တစ်ချက်စူးစိုက်ကြည့်သည်။
အမှတ်-၂၅က ကျောင်းသားများသည် တစ်ဦးပြီးတစ်ဦးပြန်ထွက်သွားကြသည်။
သူတို့အခန်းထဲဝင်လာတုန်းက ဒေါသတကြီးအမူအရာများနှင့်ယှဉ်ပါက ယခုအခါ
အမြီးကုပ်ပြီးပြန်ထွက်သွားကြသည်။
“ဟားဟား…ငါဒီနေ့အရမ်းပျော်တယ်။ သူတို့က
ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတယ်”
“ငါတို့ ဒီနေ့ကို ဂုဏ်ယူသင့်တယ်။အမှတ် -၂၅ ကျောင်းက လူတွေကို ငါတို့ကိုဆို
အမြဲလိုက်ပြီး ယှဉ်ပြိုင်နေတယ်။ သူတို့ဒုက္ခသူတို့ရှာတာပဲ။
သူတို့အရှက်တကွဲဖြစ်ကုန်ကြတာက သနားဖို့မလိုဘူး”
“သနားဖို့ လုံးဝကိုမလိုတာ”
အမှတ်-၁၃ကျောင်းသားများက အောင်ပွဲခံနေကြသည်။ သူတို့က ချူးယွင်ဖန်းကို
အားကိုးတကြီးနှင့် တလေးတစားအကြည့်များဖြင့် လှမ်းကြည့်ကြသည်။
သိပ်မကြာခင်မှာပဲ တံခါးက ထပ်ပြီးပွင့်လာပြန်သည်။ အို့ရန်က တံခါးနားမှာ
ထွက်ပေါ်လာသည်။ သူက နားနေခန်းထဲသို့ဝင်လာပြီးနောက် ချူးယွင်ဖန်းဆီသို့
တည့်တည့်မတ်မတ်လျှောက်သွားကာ “မင်းက ဖန်ကျိရန်ကို တစ်ချက်တည်းနဲ့
လွင့်ထွက်သွားစေခဲ့တာဆို..ဟဟ ဒီစကားက နေရာတိုင်းမှာ
ဟိုးလေးတကျော်ဖြစ်နေတာ” ဟုဆိုသည်။
ချူးယွင်ဖန်းက ထိုကဲ့သို့ အံ့ဖွယ်ကိစ္စရပ်ကို ပြုလုပ်ခဲ့သည်ဆိုတာကို ယခုမှသာ
အမှတ်-၁၃ကျောင်းသားများက နားလည်သဘောပေါက်တော့သည်။ ဖန်ကျိရန်နှင့်
အခြားသူများသည် ချူးယွင်ဖန်းနှင့် မျက်မှန်းတန်းမိကြသည်။ သူတို့က
လွန်ခဲ့သောနှစ်က အမှတ်-၁၃ကျောင်းတွင် ပြသနာလာရှာတုန်းက ချူးယွင်ဖန်းက
သူ၏ အစွမ်းအစများကိုထုတ်ပြခဲ့သည်။ အဆင့်ရှစ်ရခဲ့သော ဂေါင်ဟုန်ချီကတော့
အရေးနိမ့်ခဲ့ရသည်။ နောက်ဆုံးတွင် ထိုပြသနာကို အဆုံးသတ်ပေးသောလူသည်
ချူးယွင်ဖန်းဖြစ်သည်။
ယခုအခါမှာတော့ နှစ်ဖက်စလုံးတွင် နောက်ထပ်ပဋိပက္ခတစ်ခုရှိနေသည်။ ထို့ပြင်
ဖန်ကျိရန်သည် ချူးယွင်ဖန်း၏ တိုက်ကွက်ကြောင့် လွင့်ထွက်ခဲ့ရသည်။
ထိုအရာသည် ဆောင်းတွင်းပိတ်ရက်ပြီးနောက် ဖန်ကျိရန်နှင့် ချူးယွင်ဖန်းကြားက
ကွာဟချက်သည် မလျော့လာသည့်အပြင် ပိုမိုပြီး ကျယ်လာသည်။
ထိုအချိန်မှာ အားလုံးသည် ချူးယွင်ဖန်းကို
မယုံကြည်နိုင်သောအကြည့်ဖြင့်ကြည့်ကြသည်။ ထို့နောက် တန်စီယုက
ယင်ချန်းကိုအနိုင်ယူသည့် အကြောင်းကို အို့ရန်သည် တခြားသူများဆီမှ
သိခဲ့ရသည်။ သူက တန်စီယုကို တအံ့တဩကြည့်လိုက်သည်။
သူသည် ယင်ချန်းနှင့် အကြိမ်ပေါင်းများစွာတိုက်ခိုက်ဖူးပြီး ယင်ချန်းကို အနိုင်ရရန်
ထိခိုက်ဒဏ်ရာများစွာရခဲ့ရသည်။ သို့သော် တန်စီယုက သူ့ကို အသာလေး
အနိုင်ရခဲ့သည်။ ထိုအရာကို ကြည့်ခြင်းဖြင့် တန်စီယုက မည်မျှ
အစွမ်းထက်ကြောင်း မှန်းဆနိုင်သည်။
ယခုမှ သူသတိထားမိသည်မှာ ချူးယွင်ဖန်းတို့သုံးဦး၏ ပုံစံသည်
ယခင်နှစ်ကထက် များစွာတိုးတက်လာကြောင်းတွေ့ရသည်။ သူတို့က
လွန်စွာတိုးတက်ခဲ့သည်မှာ သိသာထင်ရှားသည်။ သူတို့က
သတ်ဖြတ်ခြင်းများစွာကို အတွေ့အကြုံရှိသော လူများအလား သူတို့၏
ခန္ဓာကိုယ်ထဲတွင် သတ်ဖြတ်ချင်စိတ်များကို ဝိုးတိုးဝါးတားမြင်နေရသည်။
ပြီးတော့ ထိုသတ်ဖြတ်ချင်စိတ်များသည် ဂေါင်ဟုန်ချီထံတွင်အသိသာဆုံးဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းမှာတော့ ထိုသတ်ဖြတ်ချင်စိတ်အနည်းငယ် သာတွေ့ရသည်။ သို့သော် ချူးယွင်ဖန်းက အန္တရာယ်အနည်းဆုံးဟု မထင်မိချေ။ ချူးယွင်ဖန်းက အင်အားအကြီးဆုံးဆိုသောခံစားချက်ကိုရသည်။ သူသည်
သားရဲတိရစ္ဆာန်တစ်ကောင်နှင့် ရင်ဆိုင်နေရသည်ဟု အူရန်ကထင်မြင်မိသည်။
သူ၏ ဆံပင်မွှေးများက ထောင်နေသလိုခံစားမိသည်။ ထိုအချိန်မှာ လွန်ခဲ့သောနှစ်က ချူးယွင်ဖန်းပြောခဲ့သည်များကို အူရန်က အမှတ်ရမိသည်။ သူက ချန်ပီယံဆုကိုမရခဲ့ လျှင် အဓိပ္ပါယ်မရှိဘူးဆိုပြီးပြောခဲ့သည်။ သူက ထိုစံနှုန်းအတိုင်းလေ့ကျင့်ခဲ့ပုံရသည်။
“အို့ရန်မတွေ့ရတာကြာပြီ” ဟု ချူးယွင်ဖန်းက ပြောသည်။
“ဟုတ်တယ်..မတွေ့ရတာကြာပြီ။ မင်းပိုပြီး တော်လာတယ်..ဒီတစ်ကြိမ်မှာ
မင်းရဲ့အစွမ်းကို အားလုံးက အံ့အားသင့်ကြရတယ်”ဟု အို့ရန်က ဆိုသည်။
“ငါတစ်ယောက်တည်းမဟုတ်ပါဘူး။ ငါတို့အားလုံးပါ” ဟု ချူးယွင်ဖန်းက
လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ ပြောသည်။
“မင်းအဆင်သင့်ပဲလား။ ယွမ်နင်းခရိုင်က ကျောင်းတွေရဲ့ လက်ရွေးစင်တွေကို
ငါတို့ကျောင်းရဲ့အစွမ်းကို ပြကြတာပေါ့။ ငါတို့ကို သူတို့အားလုံးက အမြင်သစ်နဲ့
ကြည့်စေရမယ်။ အထူးကျောင်းများကသာ အရည်ချင်းရှိသူများကို
မွေးထုတ်နိုင်တာ မဟုတ်ဘူး”
“ဟုတ်တယ်..ငါလည်း မစောင့်နိုင်တော့ဘူး။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲက
ငါ့အစွမ်းတွေကိုထုတ်ပြဖို့ စင်မြင့်ဖြစ်ရမယ်” ဟု ဂေါင်ဟုန်ချီက
ချူးယွင်ဖန်းကိုပြန်ဖြေသည်။ ချူးယွင်ဖန်း၏ စကားလုံးများက အမှတ်-
၁၃ကျောင်းသားများ၏ စိတ်ဓာတ်ကိုတက်ကြွစေသည်။ သူတို့က လူငယ်လူရွယ်
အရည်အချင်းရှိသူများဖြစ်ကြသည်။ မည်သူကများ နာမည်မကြီးချင်ဘဲ
နေပါ့မည်နည်း။
“ကောင်းတယ်..အရမ်းမိုက်တယ်” အို့ရန်က အားပါးတရရယ်မောရင်း
ပြောသည်။ ရုတ်တရက်ဆိုသလို တံခါးထပ်ပွင့်လာပြီးနောက် ကျန်းထန်ဝင်လာပြီး
စိတ်ဓာတ်တက်ကြွနေသော အုပ်စုကို နားမလည်သောအကြည့်ဖြင့်ကြည့်သည်။
ဘာတွေဖြစ်ပျက်နေတာလဲ!
အမှတ်-၁၃ ကျောင်းသားအုပ်စုသည် အကြာကြီးစောင့်စရာမလိုလိုက်ဘဲနှင့်
ခဏအကြာတွင် ယုချိုင်ကျောင်း၏ ဆရာက သူတို့ဆီလာပြီး
ကျောင်းပေါင်းစုံတွေ့စုံပွဲ မကြာမီစတင် တော့မည်ဖြစ်ကြောင်း အသိပေးသည်။
အပိုင်း-၁၈၉ ခေါင်းဆောင်ဖြစ်သူ ချူးယွင်ဖန်း
ဆောင်းကုန်ခါနီးအချိန်ကိုရောက်လာပြီး မြို့ထဲမှာနွေဦးအချိန်အခါ
ကျရောက်နေသည်။ သစ်ရွက်များမှတစ်ဆင့် နေရောင်များဖြာကျနေပြီးနောက်
အလင်းရောင်နှင့် အရိပ်များကို လှစ်ဟပြသည်။ ယုချိုင်ကျောင်း၏ အားကစားကွင်း ထဲတွင် ကျောင်းသားများစုဝေးနေကြသည်။ သူတို့အားလုံးသည် ယုချိုင်ကျောင်းသား များ ဖြစ်ကြပြီး အလွန်တရာ ဆူညံပွက်လောရိုက်နေကြသည်။ ကွင်း၏ အစွန်တွင် စားပွဲ၊ကုလားထိုင်နှင့် ဆက်တီခုံများကို နေရာချထားသည်။ ထိုအရာများသည် ကျောင်း အသီးသီး၏ ကိုယ်စားပြုလက်ရွေးစင်ကျောင်းသားများအတွက် နေရာချထား ခြင်းဖြစ်သည်။
ချူးယွင်ဖန်းနှင့် သူ၏အတန်းဖော်များသည် ကွင်းအတွင်းသို့ရောက်လာချိန်တွင်
ကျောင်းသားအများစုက ရောက်နှင့်နေပြီးဖြစ်သည်။ သူတို့နှင့် အမှတ်-
၂၅ကျောင်းသားများသာ ကျန်နေတော့သည်။ သူတို့က နောက်ဆုံးမှ
ကြေညာခံရမည့်လူများဖြစ်သည်။ သူတို့၏ ထိုင်ခုံများသည်
နောက်ဆုံးနေရာမှာရှိနေပြီး အမှတ်-၂၅ကျောင်းကလူများနှင့်
မျက်နှာချင်းဆိုင်နေရာမှာတည်ရှိနေသည်။
လွန်ခဲ့သောနှစ်က အဆင့်များအတိုင်း နေရာချထားခြင်းဖြစ်သည်။ ကွင်း၏တစ်ဖက်ခြမ်းတွင် ယုချိုင်ကျောင်းသားများက နေရာယူထားကြသည်။ ပွဲစီစဉ်သူများအနေဖြင့် သူတို့ကို အဓိကနေရာမှာနေရာ ပေးထားကြသည်။ သူတို့၏ တစ်ဖက်ခြမ်းတွင် အမှတ် ၅နှင့် အမှတ်၇ ကျောင်းက ကျောင်းသားများသည် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
ထို့နောက်တွင် အထူးကျောင်းများနှင့် သာမန်အလယ်တန်းကျောင်းများစသဖြင့်
တည်ရှိသည်။ ထိုအစီအစဉ်အတိုင်းဆက်သွားပါက နောက်ဆုံးနေရာတွင်
တည်ရှိနေသော အမှတ်-၁၃ နှင့် အမှတ်-၂၅ ကျောင်းများဆီ ရောက်ရှိလာသည်။
ကွင်းအလယ်တွင် ကြီးမားသောကြိုးဝိုင်းကြီးတစ်ခုတည်ရှိသည်။ ထိုနေရာသည်
ကျောင်းအသီးသီး၏လက်ရွေးစင်များက အမှတ်များဖလှယ်ကြပြီး ဆရာများက
ဝင်ပါလေ့မရှိပေ။
ဆရာများက အဝေးတစ်နေရာမှလှမ်းကြည့်ပြီး မမျှော်လင့်သော ကိစ္စရပ်များပေါ်လာမှသာ ဝင်ရောက်ဖျန်ဖြေကြသည်။ ကျောင်းအသီးသီး ၏ ကျောင်းသားများက ကိုယ့်ဘာသာဖြေရှင်းကြရသည်။ ချူးယွင်ဖန်းသည် ခုံပေါ်တွင် ခြေထောက်ချိတ်ထိုင်နေပြီး သူ့ဘေးနားတွင် အို့ရန်၊ တန်စီယု ပြီးတော့ ကျန်းထျန်စသဖြင့်
မနှစ်ကစာမေးပွဲအဆင့်အတိုင်းထိုင်နေကြသည်။
“သူတို့အားလုံးက အင်အားကြီးမားတယ်။ အထူးသဖြင့် အမှတ်-၅ နဲ့ အမှတ်-၇
ပြီးတော့ ယုချိုင်ကျောင်းပေါ့..သူတို့အင်အားက ထင်းခနဲဖြစ်နေတာ” ဟု
အမှတ်-၁၃ ကျောင်းသားတစ်ဦးက ပြောသည်။
ထိုနေရာမှာရှိနေသော ကျောင်းသားများသည် ယုချိုင်ခရိုင်တစ်ခုလုံးမှာ အတော်ဆုံး လက်ရွေးစင်များဖြစ်ကြသည်။ သို့သော် ကျောင်းတစ်ကျောင်းနှင့် တစ်ကျောင်း တွင် ကွာခြားချက် အနည်းငယ်တော့ရှိကြသည်။ သူတို့အားလုံးထဲတွင် အမှတ်-၅၊ အမှတ်-၇ နှင့် ယုချိုင်ကျောင်းသားများက အင်အားအကြီးဆုံးဖြစ်ကြသည်။ သာမန်မျက်စိဖြင့် ကြည့်ရုံဖြင့်ကျောင်းသားတစ်ဦးချင်းစီ၏ အင်အားကို မြင်နိုင်သည်။
“အားလုံးပဲ..ယုချိုင်ကျောင်းက ကြိုဆိုပါတယ်။ အားလုံးက ကိုယ့်ရဲ့ကိုယ်ပိုင်
အစွမ်းအစ၊ အရည်အချင်း၊ ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်စံနှုန်းတွေကို
ယနေ့ကျောင်းပေါင်း စုံတွေ့ဆုံပွဲမှာ ထုတ်ဖော်ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု
ယုချိုင်ကျောင်းသားတစ်ဦးက ရှေ့ကိုတက်လှမ်းလာပြီးဆိုသည်။
သူက အင်အားအများကြီးမစိုက်ထုတ်သော်ငြား သူ့အသံသည် ကျယ်လောင်စွာ
ပဲ့တင်ထွက်နေပြီး တစ်ကွင်းလုံးက အတိုင်းသားကြားနေရသည်။
ဘာတွေဆက်ဖြစ်လာတော့မယ်ဆိုတာ ကောင်းမွန်စွာသိနေကြသော
ကျောင်းသားများ၏ မျက်နှာအမူအရာများပြောင်းလဲလာကြသည်။
“ပြင်းလိုက်တဲ့ စစ်မှန်အစွမ်း..အဲ့အစွမ်းရဲ့ ပဲ့တင်သံကိုသုံးပြီး
သူ့အသံကိုတစ်ကွင်းလုံးက ကြားအောင်လုပ်နိုင်တယ်။ ယုချိုင်ကျောင်းရဲ့
ပါရမီရှင် ရန်ဂျွန်ဆိုတဲ့နာမည်အတိုင်းပါ ပဲလား” ဟု ကျန်းထျန်က ပြောသည်။
ရန်ဂျွန်၏ လှုပ်ရှားမှုနောက်ကွယ်က အကြောင်းအရာကိုသိနေကြသော
လူအများစုလိုပင်
“သူက အရင်နှစ်ကထက် ပိုပြီးသန်မာလာတာပဲ” ဟု အို့ရန်က
အံ့အားသင့်နေသောမျက်နှာဖြင့်ပြောသည်။
“ရန်ဂျွန်ဟုတ်လား” ဟု ချူးယွင်ဖန်းက မေးသည်။
“ဟုတ်တယ်”ဟု အို့ရန်က ပြန်ဖြေသည်။
“ငါရှင်းပြမယ်။ ငါ့ကိုလူတွေက အမှတ်-
၁၃ကျောင်းရဲ့ ဦးဆောင်သူတစ်ဦးလို့ သတ်မှတ်ထားပေမဲ့
တကယ့်လက်တွေ့မှာတော့ ငါက ယွမ်နင်းခရိုင်ထဲမှာတောင်
သတ်မှတ်ချက်မပြည့်မီဘူး။ ထိပ်ဆုံးဆယ်ဦးထဲကိုတောင် မဝင်နိုင်ဘူး။
ယွမ်နင်းကျောင်းသားအားလုံးထဲမှာ အတော်ဆုံးသုံးဦးရှိတယ်”
“တစ်ဦးက ယုချိုင်ကျောင်းက ရန်ဂျွန်၊ နောက်တစ်ဦးက အမှတ်-၅ကျောင်းရဲ့
အလှဆုံးမိန်းကလေးဖြစ်တဲ့ တုံရှင်းရန်”
ချူးယွင်ဖန်းက ထိုစကားကိုကြားသောအခါလှမ်းကြည့်မိသည်။ အမှတ်-၅
ကျောင်းသားများအလယ်တွင် ကျောင်းသူတစ်ဦးက
တည်တည်ငြိမ်ငြိမ်ထိုင်နေသည်။ အဝေးကလှမ်းကြည့်ရုံဖြင့် သူမသည်
တည်ငြိမ်အေးချမ်းသော ပုံစံရှိတာသိသာသည်။ သို့သော် သူမ၏
အေးချမ်းလှသောအပြင်ပန်းအနေအထားနောက်ကွယ်တွင်
ဖုံးကွယ်ထားသောအစွမ်းရှိရမည်ဟု ချူးယွင်ဖန်းခံစားမိသည်။ သို့သော်
သူမကလျှို့ဝှက်နက်နဲစွာ ဖုံးကွယ်ထားတာမို့ သာမန်လူများအဖို့ မြင်နိုင်မည်
မဟုတ်ပေ။
“အမှတ်-၇ ကျောင်းရဲ့ နံပါတ်တစ်ဖြစ်တဲ့ ယုရှင်းယွမ် ကျန်သေးတယ်။ သူက
ဟိုးနားက အကြမ်းတမ်းဆုံးလို့ ထင်ရတဲ့သူပဲ” ဟု အို့ရန်က အမှတ်-၇ ဘက်ကို
ညွှန်ပြရင်း ရှင်းပြသည်။ ချူးယွင်ဖန်းက အမှတ်-၇
ကျောင်းသားများဘက်ကိုလှမ်းကြည့်သောအခါ အမှတ်-၇ ကျောင်း၏
ခေါင်းဆောင်နေရာမှာရှိနေသောလူသည် ကြမ်းတမ်းခက်ထန် သောပုံရှိပြီး
သာမန်လူများထက် ခေါင်းတစ်လုံးပိုမြင့်နေသည်။
“ဒါက ယွမ်နင်းခရိုင်ရဲ့ ထိပ်သီးသုံးဦးပါ။ သူတို့အားလုံးက
ပြည်ထောင်စုတက္ကသိုလ်ဆီကို သေချာပေါက်ဝင်ကြမယ့်လူတွေပေါ့။
သူတို့စာမေးပွဲမဖြေခင်တည်းက ပြည်ထောင်စုတက္ကသိုလ်က ပါမောက္ခက သူတို့ကို
မျက်စိကျနေကြတာ။ သူတို့ဝင်ခွင့်ဖြေပြီးတာနဲ့ ပါမောက္ခတွေ ဆရာတွေက
သူတို့ကို ခေါ်သွားတော့မှာ” ဟု အို့ရန်က အားကျသောပုံစံဖြင့်ဆိုသည်။
စာပေအနုပညာပဲဖြစ်စေ သိုင်းပညာပဲဖြစ်စေ ပြည်ထောင်စုတက္ကသိုလ်က
ဆရာများမှာ ဂုဏ်သိက္ခာကြီးမားသောရာထူးအဆင့်အတန်းရှိကြသည်။
သူတို့သည် တည်ငြိမ်သမုဒ္ဓရာမြို့၏ ခေါင်းဆောင်များကို
တူညီသောအနေအထားဖြင့် ပြောဆိုနိုင်ကြသည်။ လူ့အသိုင်းအဝိုင်း၏
ထိပ်သီးပုဂ္ဂိုလ်များသည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းဆင်းများဖြစ်ကြပြီး
ထိုသူများသည် ပါမောက္ခများ၊ ဆရာများ၏ ကျောင်းသားဟောင်းများဖြစ်ကြသည်။
ထို့အပြင် ဆရာများကို ရိုသေလေးစားမှုရှိခြင်းသည် တရုတ်လူမျိုးများ၏
ယဉ်ကျေးမှုဖြစ်သည်။ ထိုပါမောက္ခများ၊ ဆရာများ၏ အချိတ်အဆက်ရှိမှုကို
သိရှိနိုင်သည်။ ပါမောက္ခများ၏ အလေးပေးခြင်းခံရပါက တောက်ပသောအနာဂတ် ရှိသည်ဟု ဆိုနိင်သည်။ထို့ကြောင့် အို့ရန်က အားကျနေခြင်း ဖြစ်သည်။ သူ့မှာ စာမေးပွဲအောင်နိုင်သောအခွင့်အရေးသာရှိနေချိန်တွင် ထိုသုံးဦးကတော့
လုံးဝအောင်မြင်နိုင်မည့်အခွင့်အလမ်းရှိနေသည်။
ချူးယွင်ဖန်းသည် မဆုံရတာကြာပြီဖြစ်သော သူ့ဝမ်းကွဲညီကိုဖြစ်သူ ချူးယွင်ရှင်း အကြောင်း တွေးမိသည်။ ချူးယွင်ရှင်းကိုလည်း ပြည်ထောင်စုတက္ကသိုလ် တက်ရောက် နိုင်ရန် ထောက်ခံပေးခဲ့သဖြင့် သူ့မှာ ဘယ်လိုအစွမ်းအစမျိုးရှိနေလဲဆိုတာ သူသိချင်သည်။ ယခင်တုန်းကတော့သူသည်ချူးယွင်ရှင်း၏ နောက်ကျောကိုတောင် ကြည့်နိုင်သည့် အခွင့်အရေးမရှိခဲ့သော်လည်း ယခုတော့ အရာအားလုံးပြောင်းလဲခဲ့ ရသည်။
“တခြားဟာတွေအပြင် တဖက်ကျောင်းက လူတွေကိုလည်း လျှော့မတွက်ကြနဲ့ဦး။
သူတို့သုံးဦးလောက်တော့ မတော်ကြပေမဲ့ အမှတ်-၅၊ အမှတ်-၇ နဲ့
ယုချိုင်ကျောင်းသားများကလည်း တော်ကြပါတယ်”
ရုတ်တရက်ဆိုသလို ကျန်းထျန်ဘက်က အသံထွက်လာသည်။
“မနက်ကမှ ငါ စစ်ကြည့်ခဲ့သေးတယ်။ ဒီသုံးကျောင်းက ထိပ်သီးကျောင်းသား
၂၀က ချီပင်လယ်အဆင့်ရဲ့ အဆင့်-၇ အနေအထားနဲ့
အထက်လောက်မှာရှိကြတယ်။ ထိပ်သီး ၁၀ဦးကတော့ အဆင့်ရှစ်မှာ
အများဆုံးရှိကြတယ်”
ထိုမှသာ စောနတုန်းက ကျန်းထျန်သည် သူ့သူငယ်ချင်းဖြစ်သူနှင့်
ဘာကြောင့်ဆုံတွေ့ လဲဆိုတာကို အားလုံးက ကွဲကွဲပြားပြားသိကြတော့သည်။
သူက သတင်းရဖို့အတွက် စုံစမ်းနေခြင်းဖြစ်သည်။ ကျန်းထျန်မှာ ထိုကဲ့သို့
ထက်မြက်သည့်အရည်အချင်းရှိ ခြင်းကြောင့်သာ ကျောင်းမှာနှစ်ပေါင်းများစွာ
နာမည်ကြီးသည်ဆိုတာ နားလည်ကြတော့သည်။
“တခြားကျောင်းတွေအတွက်ကတော့ ပြသနာမဟုတ်ဘူး။ ထိပ်သီး ၂၀ က
အဆင့်-၆ မှာပဲရှိပြီး တချို့ကကျ အဆင့်-၅ ရဲ့
အမြင့်ဆုံးအနေအထားမှာရှိကြတယ်။ ထိပ်သီးအနည်းစုကသာ အဆင့်၇
မှာရှိတာမို့ ငါတို့အစွမ်းနဲ့ဆို ကြောက်စရာမလိုဘူး” ဟု ကျန်းထျန်က
ဆက်ပြောသည်။
သူ့စကားများအရဆို အမှတ်-၅ နှင့် ၇ ကျောင်းကသာ တခြားကျောင်းများထက်
သိသိသာသာ အင်အားကြီးနေခြင်းဖြစ်သည်။ရုတ်တရက်ဆိုသလို
သူ့ကိုအားလုံးက ဝိုင်းကြည့်နေကြသည်ဟု ချူးယွင်ဖန်းခံစားမိသည်။ အမှတ်-၇
ကျောင်းသားများထံမှ လူတစ်ဦးသည် စူးစူးစိုက်စိုက်ကြည့်နေသည်။ ထိုသူသည်
အို့ရန်ပြောပြသော ယုရှင်းယွမ်ဖြစ်သည်။
ချူးယွင်ဖန်းက တစ်ဖက်အဖွဲ့ကို ပြန်ပြုံးပြသည်။ တစ်ဖက်ခုံမှာထိုင်နေသာ
ချူးယွင်ဖန်းက သူ့ကိုကြောက်စိတ်တစ်စက်လေးမှ မရှိသည်ကို ယုရှင်းယွမ်က
မြင်ရသောအခါ “ စိတ်ဝင်စားစရာပဲ” ဟု ရေရွတ်မိတော့သည်။