အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
အပိုင်း -၁၉၃ ချူးယွင်ဖန်းက စိတ်မပျက်စေခဲ့ပေ…
ချူးယွင်ဖန်းသည် ဘက်ပေါင်းစုံမှလာသော ထိုးနှက်ချက်များကို မမှုပေ။ သူက
ထိုင်ခုံမှာပြန်ထိုင်သည်။ ထို့နောက် သူ့ကို တစ်ယောက်ပြီး တစ်ယောက် စိုက်ကြည့်နေသည်ကို ခံစားမိသည်။
အချိန်တစ်ခုကြာသောအခါမှ ကြည့်တာရပ်တော့သည်။ သာမန်ကျောင်းက
လူတစ်ဦးဖြစ်သောသူက ချန်ပီယံဆုကို စိန်ခေါ်ရဲသည်ဆိုတာ ရဲတင်းလှသည်ဟု
ထင်မြင်ကြသည်။ နာမည်ကြီးကျောင်းများမှ ကျောင်းသားများက
မာနလည်းကြီးပြီး ယုံကြည်ချက်လည်း အပြည့်ရှိကြသည်။
နေရာတိုင်းမှာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများရှိသည်!
နာမည်ကြီးကျောင်းများက စည်းကမ်းများကို လိုသလိုခြယ်လှယ်နိုင်တာ
နိယာမသဘောတရားပင်ဖြစ်သည်။ သာမန်ကျောင်းက လူတစ်ဦးက သူတို့ရနေကျ
အရာတစ်ခုကို ထိပါးလာခြင်းသည် ရိုင်းပျသည်ဟုဆိုနိုင်သည်။ ထိုအရာကို
ဘယ်လိုလုပ်ပြီး လက်ပိုက်ကြည့်နေဝံ့မည်နည်း။
သို့သော်ငြား ချူးယွင်ဖန်းက မမှုချေ။ အခြားကျောင်းက လူများက အမှတ်-၁၃
ကျောင်းသားများကို စူးစိုက်ကြည့်သောအခါ သူတို့ကလည်းတစ်ဖန်ပြန်ပြီး
စိုက်ကြည့်ကြသည်။ ယခုတော့ သူတို့အတန်းဖော်က သူတို့ကို
ဂုဏ်တက်အောင်လုပ်သဖြင့် သိမ်ငယ်နေလို့မရပေ။
သူတို့အကုန်လုံးသည် ကျောင်းအသီးသီး၏ လက်ရွေးစင်ဖြစ်တာမို့မည်သူ့ကိုမှ
နှိမ့်ချနေဖို့မလိုပေ။
“မင်းက ချန်ပီယံဖြစ်ချင်တယ်ဟုတ်လား။ မင်းအိမ်မက်မက်လွန်းအားကြီးတယ်။
ချူးယွင်ဖန်း မင်းဆင်းလာပြီး ငါ့ကို စိန်ခေါ်ရဲလား” ဟု အမှတ်-၅
ကျောင်းသားတစ်ဦးက ကြိုးဝိုင်းထဲ ခုန်ဝင်လာပြီး စိန်ခေါ်သည်။
ချူးယွင်ဖန်းက သူ့ကိုတစ်ချက်ကြည့်ပြီး အရေးမစိုက်တော့ပေ။ သူက
ချန်ပီယံပြိုင်ပွဲကို ယှဉ်ပြိုင်ချင်သည်ဟု ပြောခဲ့ပြီးသားဆိုသော်ငြား ထိုလူက
သူ့ကိုစိန်ခေါ်ရဲသည်။
ချူးယွင်ဖန်း၏ ဘေးနားမှာ ထိုင်နေသော အို့ရန်က သူ့ကိုတစ်ချက်ကြည့်ကာ
မတ်တပ်ထရပ်ပြီး လက်မြှောက်ပြသည်။
“ငါ မင်းနဲ့တိုက်ခိုက်မယ်” ဟု အို့ရန်ကပြောက ကြိုးဝိုင်းထဲဝင်လာသည်။
“ထွက်သွားစမ်း အို့ရန်ငါက ချူးယွင်ဖန်းနဲ့ တိုက်ခိုက်ချင်တာ” ဟု
ထိုကျောင်းသားက စိတ်မရှည်သောလေသံဖြင့် ဆိုသည်။
အို့ရန်ကချက်ချင်းဆိုသလိုမျက်နှာပျက်သွားသည်။ သူ့ကို ဘယ်အချိန်ကစပြီး
ဒီလိုအထင်သေးသွားကြသလဲ! သူက အမှတ်-၁၃ကျောင်း၏
နံပါတ်တစ်ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါမှာတော့
ကြိုးဝိုင်းထဲဝင်လာချိန်မှာတောင် နှင်ထုတ်ခံရသည်။ သူက
အရည်အချင်းမရှိဘူးဟု ထိုသူက ထင်နေပုံရသည်။
“မင်းက ချူးယွင်ဖန်းနဲ့ တိုက်ခိုက်ချင်တာဆို ငါ့ကိုအရင်ဖြတ်ကျော်ရမယ်။
မင်းငါ့ကိုတောင် မနိုင်လျှင် ချူးယွင်ဖန်းကို အနိုင်ရဖို့ မစဉ်းစားနဲ့” ဟု အူရန်က
ပြောသည်။ ထိုအချိန်မှာ ချူးယွင်ဖန်းက သူ့ထက် သာလွန်သည်ဟူသော
အမှန်တရားကို လက်ခံရတော့သည်။
ရှောင်လွှဲလို့မရသောအနေအထားဟုသိမြင်ပြီးနောက် “ဒါဆိုလည်း ငါမင်းကို
အနိုင်ယူမယ်။ ပြီးကျရင် သူနဲ့ပြိုင်မယ်” ဟု ထိုကျောင်းသားက ဆိုသည်။
နဂါးနှင့်ကျားကြားက ပြင်းထန်သောပြိုင်ပွဲ စတင်တော့သည်။
ချူးယွင်ဖန်းကို စိန်ခေါ်သည်ဆိုတည်းက ထိုကျောင်းသားမှာ
အရည်အချင်းအချို့ရှိကိုရှိရမည်။ သူသည် ချီပင်လယ်အဌမအဆင့်ကို
တက်လှမ်းနိုင်တာ ကြာပြီဖြစ်တာမို့ လုရှုရန်ထက် သာလွန်သည်။ ထို့ပြင် အမှတ်-၅
ကျောင်းသည် နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်ပြီး ထိပ်တန်း
၁၀ကျောင်းထဲပါသည့်အပြင် ယုချိုင်ကျောင်းထက် သာလွန်သည်။
သို့သော် ထိုကျောင်းသားက အို့ရန်ကို ဒေါသတကြီး ပြောဆိုသည်။
အို့ရန်ကသန်မာပြီး ထိပ်သီးကျောင်းသုံးကျောင်းမှ ပြိုင်ဘက်များကို အနိုင်ယူကာ
ထိပ်တန်း ၁၀ဦးထဲတက်လှမ်းနိုင်ခဲ့သည်။ သူက ချီပင်လယ်အဆင့်ရှစ်စွမ်းအားကို
ထုတ်ပြကာ ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူခဲ့သည်။သူ့ကို လူအများက
လျစ်လျူရှုခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသကို ခွန်အားအသွင်ကူးပြောင်းကာ
ပြိုင်ဘက်ကို တခဏလေးအတွင်းမှာ အလဲထိုးနိုင်ခဲ့သည်။ ထိုအခါမှသာ
လက်ရွေးစင် ကျောင်းသားများက အို့ရန်ကို မတူညီသောအမြင်ဖြင့် ကြည့်ကြသည်။
အို့ရန်သည် အမှတ်-၁၃ ကျောင်း၏ ကိုယ်စားပြုကျောင်းသားတစ်ဦးအဖြစ်
နှစ်ပေါင်းများစွာရပ်တည်ခဲ့သည်။ ယခုမှလူသိများလာသော ချူးယွင်ဖန်းထက်
သူကပိုမိုပြီး နာမည်ကြီးသည်။ သို့သော် ချူးယွင်ဖန်း၏ လက်ထဲမှာ သူက
မရှုမလှရှုံးနိမ့်ခဲ့ရသည်။ ထိုအရာကြောင့်ပင် လူများက သူ့ကို
အထင်မကြီးကြတော့ပေ။ လူမသိသူမသိ ချူးယွင်ဖန်း၏ လက်ထဲမှာ သူက
ဘာကြောင့် ရှုံးနိမ့်ခဲ့ရသနည်း။
မမျှော်လင့်ဘဲ သူ့မှာထိုကဲ့သို့ ခွန်အားရှိနေသည်။ အို့ရန်က
အားနည်းသောကြောင့်ရှုံးနိမ့် ရခြင်းမဟုတ်ဘဲ ချူးယွင်ဖန်းက
အလွန်သန်မာနေသောကြောင့်ဖြစ်သည်။ ထိုအင်အားနှင့်ဆို အို့ရန်သည်
ဒုတိယနေရာကို အလိုလိုရောက်သွားရတော့သည်။
လူအများစုက ချူးယွင်ဖန်းကို အသာလေး အကဲခတ်နေကြသည်။
ထို့နောက် အို့ရန်က ပြိုင်ပွဲအချို့ကိုယှဉ်ပြိုင်သည်။ သူ့ပြိုင်ဘက်သည် အမှတ်၅၊
အမှတ်-၇ နှင့် ယုချိုင်ကျောင်းက လက်ရွေးစင်များပါဝင်သည်။ ထိုအရာကပင်
အမှတ်-၁၃ကျောင်း ၏ အဆင့်၂ က မည်မျှ အင်အားကြီးမာကြောင်း
ပြသနေသည်။
သူက မောပန်းနွမ်းနယ်လာသဖြင့် ထိုင်ခုံနေရာမှာပြန်ထိုင်နေလိုက်တော့သည်။ သူ၏ရလဒ်နှင့် ပတ်သက်ပြီး ဘာမှ မပြောကြပေ။ အို့ရန်သည် အင်အားကြီးပြိုင်ဘက်များစွာ နှင့်ရင်ဆိုင် ခဲ့ရသည်။ သူက နိုင်လည်းနိုင်သလို သရေလည်းကျပြီး ရှုံးတော့မရှုံးပေ။ သာမန်ကျောင်း ၏
လက်ရွေးစင်တစ်ဦးအနေဖြင့် သူ့လုပ်ဆောင်ချက်များက အံ့မခန်းဖြစ်သည်။
ထို့ကြောင့်ပင် အမှတ်-၁၃ ကျောင်းက ဆရာများက သူ့အပေါ်မျှော်လင့်ချက်ကြီးစွာ ထားကြခြင်းဖြစ်သည်။
အို့ရန်က ကြိုးဝိုင်းမှထွက်လာပြီးနောက် နာမည်ကြီးကျောင်းသုံးကျောင်းမှ လက်ရွေးစင်များက ကြိုးဝိုင်းထဲကို ဝင်လာကြပြန်သည်။ သူတို့က ချူးယွင်ဖန်းကို တစ်ဖန်စိန်ခေါ်ရန် ကြိုးပမ်းကြသည်။ ထိုလူများသည် နာမည်ကြီးကျောင်းသုံးကျောင်း၏
အတော်ဆုံးငါးယောက်စာရင်းဝင်ဖြစ်ကြသည်။ ချူးယွင်ဖန်းကတော့ တုတ်တုတ်မျှ မလှုပ်ပေ။ ဒီတစ်ကြိမ်တွင် ကြိုးဝိုင်းထဲဝင်လာသူက တန်စီယုဖြစ်နေသည်။ တန်စီယုသည် လက်ထဲမှာ ရှေးဟောင်းဓားရှည်တစ်ချောင်းကိုင်ထားပြီး
ယုချိုင်ကျောင်း၏ ချီပင်လယ်အဆင့်ရှစ်မှာရှိသော ကျောင်းသားတစ်ဦးကို
တစ်ခဏလေးအတွင်းမှာအနိုင်ပိုင်းခဲ့သည်။
“သူတို့ကဘာလို့ ဒီလောက် သန်မာကြတာလဲ”
ထိုအရာသည် တကယ့်ကိုအံ့ဖွယ်ဖြစ်နေတော့သည်။
“ဒီနှစ်မှာ အမှတ် ၁၃ ကျောင်းက လူတွေက ဘာလို့ ဒီလောက်တော်နေရတာလဲ။
ချူးယွင်ဖန်းကိုထားလိုက်ဦးတော့။ အို့ရန်ကလည်း သန်မာဆဲပဲ။
နောက်ထပ်သုံးနေရာရှိသေးတဲ့အပြင် ဒီကောင်မလေးကလည်း
ယုချိုင်ကျောင်းကလူကို ခပ်မြန်မြန်ပဲ အနိုင်ယူခဲ့တယ်။ သူမက အို့ရန်ထက်
ပိုတော်တာပဲ”
သူတို့က အမှတ်-၁၃ ကျောင်းကို အသိအမှတ် မပြုလို့မရတော့ဘူးဆိုတာ
သိလိုက်ကြသည်။ သူတို့မှန်းထားသည်နှင့် တလွဲဖြစ်နေသည်။ သူတို့တင်မကဘဲ
အမှတ်-၁၃ ကျောင်းသားများကိုယ်တိုင် မယုံကြည်နိုင်အောင်ဖြစ်နေရသည်။
ဒီလူတွေက တကယ်ပဲ ငါတို့ကျောင်းကလား!
ခုထိ သူတို့မှာ တိုက်ခိုက်နိုင်သော စွမ်းရည်ကျန်သေးသည်။ ယခုချိန်ထိ
မလှုပ်ရှားရသေးသော ချူးယွင်ဖန်းရှိသေးသည်။
အကဲခတ်ကြည့်ရသလောက်တော့ အမှတ် -၁၃ ကျောင်းသည်
အောက်နားမှာရှိမည်မဟုတ်တော့ဘဲ အလယ်အလတ်အဆင့်နှင့်
ထိပ်ဆုံးနားလောက်မှာရှိနိုင်သည်။
သူတို့က တအံ့တဩဖြစ်နေချိန်တွင် တန်စီယုက ကွင်းထဲမှာ တိုက်ခိုက်တာကို
မရပ်တန့်ပေ။ သူမက တစ်ယောက်ပြီးတစ်ယောက် အနိုင်ပိုင်းသည်။
တစ်
နှစ်
သုံး
လေး
တန်စီယုသည် ဆက်တိုက်ဆိုသလို ချီပင်လယ်အဆင့်ရှစ် ကျောင်းသား ငါးဦးကို
အနိုင်ယူသည်။ သူမ၏ အစွမ်းက ကြောက်စရာကောင်းလှသဖြင့်
နာမည်ကြီးကျောင်းသုံးကျောင်း၏လက်ရွေးစင်များက သူမ၏ အစွမ်းကို
လက်ခံရတော့သည်။ သူတို့၏ မျက်နှာပေါ်တွင် လေးစားသော
အရိပ်အယောင်များပေါ်လာသည်။
သူမတစ်ဦးတည်းနှင့် ထိုလူများကို အနိုင်ယူခဲ့သည်။ သူမက
အလွန်တရာလှပသည်။ ပြင်းထန်သောတိုက်ပွဲများပြီးနောက် သူမ၏
ပါးလေးသည် ပန်းရောင်သမ်းလာပြီး ပိုမိုလှပလာသည်။
တန်စီယုက ထိုကဲ့သို့ အနိုင်ယူပြီးနောက် အဝေးမှလှမ်းကြည့်နေသော
ယုချိုင်ကျောင်း၏ အကြီးအကဲများသည် မျက်စိမျက်နှာပျက်နေကြသည်။
ယုချိုင်ကျောင်း၏ နံပါတ်တစ်ဖြစ်သူ ရန်ဂျွန်က ကြိုးဝိုင်းထဲဝင်လာပြီး
ခံနိုင်ရည်ကုန်ဆုံးနေသော တန်စီယုကို တစ်ချက်တည်းနှင့် အနိုင်ရခဲ့သည်။
ထို့နောက် ရန်ဂျွန်သည် ချူးယွင်ဖန်းကို စိုက်ကြည့်သည်။
“ချူးယွင်ဖန်း…ချန်ပီယံပြိုင်ပွဲမှာ ထည့်ပေးပါလို့ ပြောခဲ့တယ်မလား။ ဆင်းလာပြီး
မင်းရဲ့အစွမ်းတွေလာပြပါဦး။ အချိန်မဖြုန်းနဲ့တော့”
အပိုင်း (၁၉၄)- အားဖြည့်ဆေး…
ရန်ဂျွန်၏ စကားလုံးများက ရှိနေသောလူအားလုံးကို ချက်ချင်းဆိုသလို လှုပ်လှုပ်ရွရွဖြစ် စေသည်။
“စပြီ။ ချန်ပီယံပြိုင်ပွဲစတင်ပြီ။ ရှေ့ကလက်ရွေးစင်ပြိုင်ပွဲကတော့ သာမန်ကျောင်းကလက်ရွေးစင်တစ်ဦးက အနိုင်ရတယ်လို့ဆိုနိုင်တယ်။ ရှက်စရာကောင်းလိုက်တာ”
“ဒီ အမှတ် ၁၃ ကျောင်းက ဘာဖြစ်တာလဲ။ သူတို့က မွန်းစတားတစ်ကောင်ပြီးတစ်ကောင်မွေးထုတ်ပေးနေတာ”
“ဒါပေမဲ့ သူတို့ဘယ်လောက်ပဲတော်နေပါစေ သူတို့က သာမန်အဆင့်ပဲ။ သူတို့က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ ပြိုင်ဘက်နှစ်ဦးက စမှတ်တူနေရင်တောင်မှ သူတို့ရဲ့ အရည်အချင်းက အတူတူပဲ။ အမှတ်-၁၃ ကျောင်းက ရတဲ့ အရင်းအမြစ်နဲ့ယုချိုင်ကျောင်းက ရတဲ့အရင်းအမြစ် ယှဉ်ပါက သမုဒ္ဓရာတစ်မျှ ကျယ်ဝန်းတယ်”
ကျောင်းသားအများစုက ထိုအချက်ကိုထောက်ခံကြသည်။ အင်အားချင်းတူနေလျှင် တောင်မှ အလွန်ကွာခြားလှသောပညာရေး စနစ်ကိုရခဲ့သူများမို့ ဘဝချင်းကွာခြား လောက်သည်။ ထိုအရာကပင် ပြည်ထောင်စု၏ ထိပ်တန်းတက္ကသိုလ် ဆယ်ခုထဲကို ဝင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြခြင်းဖြစ်သည်။
အထူးတက္ကသိုလ်နှင့် ဖက်ဒရယ်တက္ကသိုလ်များကြားတွင် အဆင့်သတ်မှတ်ချက် အနည်းငယ်သာကွာခြားသည်။ သို့သော် လေးနှစ်ကြာပြီးနောက် ထိုသေးငယ်သောကွာ ခြားမှုသည် တခြားကျောင်းများမှလူများ၏ ဘဝတစ်လျှောက်လုံးအတွက် ကံကြမ္မာအဆုံးဖြတ်ပေးနိုင်သည်အထိ မြင့်မားလာတော့မည်။ သိုင်းပညာလေ့လာခြင်း သည် စာပေလေ့လာခြင်းနှင့် ကွဲပြားသည်။ ဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ အထောက်အပံ့များ၏ ကွာခြားမှုကရှိသေးသည်။
“ရန်ဂျွန်ထွက်လာတာက အခြားသာမန်ကျောင်းများက လက်ရွေးစင်တွေကို အဆုံးသတ်ပေးလိုက်တာပဲ။ ပြီးတော့ သာမန်ကျောင်းက သာမန်ပါပဲ။ သူတို့ဒီအနေအထားထိ ရောက်လာနိုင်တယ်ဆိုကတည်းက တကယ့်ကို အံ့ဖွယ်ဖြစ်နေပါပြီ” ဟု ယုချိုင်ကျောင်းသားတစ်ဦးက မှတ်ချက်ချသည်။
“ဒီကောင်လေးက ခင်ဗျားတို့ကျောင်းက ပြုစုပျိုးထောင်ထားတဲ့ အတော်ဆုံးကျောင်းသားမလား” ဟု မစ္စတာလင်းက ပြုံးပြီးမေးသည်။
“ဟုတ်ပါတယ်။ ဒီကလေးကို သုံးနှစ်လောက်ပြုစုပျိုးထောင်ခဲ့ရတာပါ။ အမှတ် ၅ နဲ့ အမှတ် ၇ က ပညာရှင်များနဲ့ယှဉ်ရင်တောင် သူက တစ်စက်လေးတောင် မနိမ့်ကျပါဘူး။” ဟု ယုချိုင်ကျောင်းအုပ်ကြီးကဖြေသည်။
“သူက ဒီနှစ်မှာ ချန်ပီယံဆုရဖို့ မျှော်မှန်းထားတာပါ”
“ဒီလိုကိုး..ဒါဆိုလည်း ကြည့်ကြတာပေါ့လေ”
ပညာရေးအဖွဲ့ချုပ်သည် ထူးချွန်ကျောင်းသားများကို တတ်နိုင်သလောက် ထောက်ပံ့ရန် ကြိုးပမ်းနေသည်။ သုန့်ဟွာမြို့နှင့် ယှဉ်ပါက တည်ငြိမ်သမုဒ္ဓရာမြို့၏ ပညာရေးအထောက်အပံ့များက လစ်လပ်နေဆဲဖြစ်သည်။ တည်ငြိမ်သမုဒ္ဓရာမြို့၏ ထူးချွန်ကျောင်းသားများကို သုန့်ဟွာမြို့က လုယူနေဆဲဖြစ်သည်။
“ဒါက ငါတို့လို ပညာရေးနယ်ပယ်မှာ လုပ်ကိုင်နေတဲ့လူတွေအတွက် သတိပေးချက် တစ်ခုပဲ” ဟု မစ္စတာလင်းက သက်ပြင်းတစ်ချက်ချကာပြောသည်။
“မှန်ပါတယ်..မစ္စတာလင်း…ဒါတွေက ဟိုးအရင်ထဲက ဖြစ်ခဲ့တဲ့ ပြသနာတွေပါ။ ဒီပြသနာတွေကို တစ်ခုချင်းစီ ရှင်းဖို့လိုပါတယ်။ ကံကောင်းချင်တော့ ပညာရေးအရင်းအမြစ်တွေက ယခင်ကထက်စာရင် ခုက အများကြီးတိုးတက် လာပါတယ်” ဟု ယုချိုင်ကျောင်း၏ ပညာရေးဌာနအကြီးအကဲက ဖြေသည်။
မစ္စတာလင်းက စကားပြောတာကို ထိုနေရာမှာရပ်လိုက်သည်။ သူက ကွင်းအတွင်းသို့ တစ်ချက်လှည့်ကြည့်သည်။ချူးယွင်ဖန်းက မတ်တပ်ရပ်လိုက်သည်။
“ယွင်ဖန်း..သွားတော့ မင်းနိုင်မှရမယ်။” ဟု ဂေါင်ဟုန်ချီက သူ့ကိုအားပေးစကားပြောသည်။
“ချူးယွင်ဖန်း ငါတို့ကျောင်းအတွက် ကြိုးစားခဲ့” ဟု အို့ရန်က ဆိုသည်။
သူက ကွင်းအလယ်သို့ လျှောက်လှမ်းလာပြီး ဆုတ်ခွါလာသော တန်စီယုအနားမှ ဖြတ်သွားသည်။သူက စိုးရိမ်တကြီးနှင့် “မင်းအဆင်ပြေလား” ဟုမေးသည်။
“ငါ အဆင်ပြေတယ်။ ငါမောပန်းနေတာပါ” တန်စီယု၏ နဖူးမှာ ချွေးထွက်နေပြီး မောဟိုက်နေသည်။ သူက တိုက်ပွဲပေါင်းများစွာယှဉ်ပြိုင်ပြီးနောက် မောပန်းနွမ်းနယ်သွားခဲ့သည်။ ထိုမှလွဲပြီး ကျန်သောပြသနာများမရှိပေ။
“ကောင်းတယ်။ ဒါဆိုလည်း သွားနားတော့လေ။ ငါ နင့်အတွက် လက်စားချေပေးမယ်” ဟု ချူးယွင်ဖန်းက ဆိုသည်။
“ကောင်းပါပြီ”
တန်စီယုက စကားဆုံးသည်နှင့် သူမကနေရာကိုပြန်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူမသည် အသက်ကိုခပ်ဖြေးဖြေးရှုမှတ်ကာ တရားထိုင်ပြီးနောက် အားပြန်ဖြည့်ရန် အားဆေးတချို့ကို သောက်သုံးသည်။
ချူးယွင်ဖန်းက ကြိုးဝိုင်းထဲကို ဝင်လာသည်။ သူ၏ မျက်နှာချင်းဆိုင်နေရာတွင် ရန်ဂျွန်က ရယ်မောရင်း “သူ့အတွက်လက်စားချေပေးမယ် ဟုတ်လား။ မင်းက စကားကြီး စကားကျယ်တွေ တအားပြောတာပဲ။ ပွဲမပြီးသေးဘဲ အပြောမစောနဲ့”
“ငါ လေကြီးတာဟုတ်မဟုတ် မင်းမကြာခင်သိလာရမှာပဲ” ဟု ချူးယွင်ဖန်းက ပြုံးပြီးပြန်ဖြေသည်။
“ကိစ္စရပ်တွေက စိတ်ဝင်စားစရာကောင်းလာတော့မယ်။ ဒီချူးယွင်ဖန်းက လျှို့ဝှက်ဆန်းကြယ်တယ်။ ရန်ဂျွန်ရဲ့ အစွမ်းအစကို ဘယ်လောက်ဆွဲထုတ်နိုင်မလဲဆိုတာ ငါ သိချင်တယ်” ဟု ယုရှင်းယွမ်က အဝေးမှလှမ်းကြည့်ပြီးအကဲခတ်သည်။
အမှတ်၅ ကျောင်း၏ ခုံနေရာတွင် တုံရှင်းရန်က တိတ်ဆိတ်နေရာမှ ကွင်းအတွင်းသို့ တချက်လှမ်းကြည့်သည်။ ထို့နောက် သူမ၏ အမူအရာများက ပြန်ပြီး တင်းမာလာပြီး ယခင်ပုံစံအတိုင်းပြန်ဖြစ်သွားသည်။
“မင်းခုလေးတင် တိုက်ခိုက်ပြီးတာ။ နားချင်သေးလား။ တော်နေကြာ ငါအနိုင်ရခဲ့လျှင် မတရားဘူးလို့ ပြောနေကြဦးမယ်” ဟု ချူးယွင်ဖန်းက ရန်ဂျွန်ကို တစ်ချက်ကြည့်ရင်းပြောသည်။ ရန်ဂျွန်က ရယ်စရာအကောင်းဆုံးဟာသများကို နားထောင်ရသဖွယ်ခံစားရပြီး “မဖြစ်စလောက်ပြိုင်ပွဲက ငါ့အင်အားတွေကို သုံးဖြုန်းပစ်တယ်လို့ မပြောပါနဲ့ကွာ။ ဒီမမျှတတဲ့ အနိုင်ရမှုဆိုတာကိုပဲ ပြောကြစို့။ မင်းငါ့ကို အနိုင်ရမယ်ထင်လား”
ရန်ဂျွန်က ပြောရင်းဆိုရင်း သူ့နောက်ကျောဘက်က လက်နက်ကိုထုတ်သည်။ ထိုအရာသည် ငွေရောင်ရှိပြီးလေးပေရှည်လျားသော လှံတံတစ်ချောင်းဖြစ်သည်။
“မင်းက လှံတံတစ်ချောင်းကို သုံးမယ်လို့ ငါမတွေးထားမိဘူး” ချူးယွင်ဖန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်သောပုံရိပ်များ ပေါ်လာသည်။
ရန်ဂျွန်၏ ပုံစံကိုကြည့်ခြင်းဖြင့် သူက လှံတံအသုံးပြုမည့်တစ်စုံတစ်ဦး မဟုတ်လောက်ဘူးဟု တွေးမိကြလိမ့်မည်။ လှံတံကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သောလူသည် အဆုံးအဆမဲ့ အင်အားရှိသူတစ်ဦးဖြစ်သည်။ အကြောင်ရင်းမှာ လှံတံတွင် အစွန်းဟူ၍ မရှိပေ။ ပြိုင်ဘက်ကို အသေထိုးသတ် ရန်သာရည်ရွယ်သည်။ အင်အားမကြီးမားသောလူက ထိုကဲ့သို့လက်နက်ကို အသုံးပြုနိုင်မည်မဟုတ်ချေ။
သူ၏ လှံတံအသုံးပြုမှုအပေါ် ချူးယွင်ဖန်း၏ တစ်စုံတစ်ရာကောက်ချက်ချမှုအပေါ် ရန်ဂျွန်က အံ့အားသင့်မိသည်။ ချူးယွင်ဖန်းမှာ ထိုကဲ့သို့ အရည်အချင်းမျိုးရှိနေသည်။
“အရင်တုန်းက မင်းက ဖန်ကျိရန်ကို တစ်ချက်တည်းနဲ့ လွင့်ထွက်စေပြီး လုရှုရန်ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ရခဲ့တယ်။ သေချာတာတော့ မင်းလည်း အင်အားကြီးတဲ့လူပဲ။ ကံဆိုးစွာနဲ့ ငါလည်း မင်းလိုပဲ။ ခုတော့ မင်းငါ့ကို အနိုင်ယူနိင်မလားဆိုတာ ကြည့်ကြသေးတာပေါ့” ဟုရန်ဂျွန်ကဆိုသည်။
“မုန်းစရာမကောင်းပေဘူးလား။ သူက ယွင်ဖန်းကို သူ့အားသာချက်တွေအပေါ် လက်လျော့ဖို့ တွန်းအားပေးနေတာမဟုတ်လား။ သူနဲ့ အင်အားချင်းယှဉ်ခိုင်း နေတာလား” ဟု ဂေါင်ဟုန်ချီက စိတ်ပျက်လက်ပျက်ပြောသည်။
ရန်ဂျွန်က ဘာကိုဆိုလိုတာလဲဆိုတာ တခြားသူများက ကောင်းမွန်စွာနားလည်ကြသည်။ ရန်ဂျွန်က လှံတံအသုံးပြုနိုင်ခြင်းသည် သိုင်းပညာကျွမ်းကျင်မှုကိုပြသနေသည်။ ချူးယွင်ဖန်းက သူနှင့် မတူဘဲ ဓားကိုသုံးသဖြင့် အင်အားကြီးမားရုံနှင့် မလုံလောက်ပေ။
ရန်ဂျွန်က ချူးယွင်ဖန်း၏ လှုပ်ရှားမှုများကို စကားလုံးများဖြင့် နှောင့်ယှက်ရန်ကြိုး ပမ်းနေသည်။ သူအသုံးပြုသော စကားလုံးတစ်လုံးချင်းက ထိရှသည်။
“စိတ်ရှည်ပါ။ ဘာမှမထူးဆန်းပါဘူး။ ဒါက အင်အားချင်းယှဉ်နေတာမှ မဟုတ်တာ။ မဟုတ်လျှင် အားလုံးက သူတို့ရဲ့ အင်အားနဲ့ ကျင့်ကြံခြင်းအဆင့်တွေကိုပဲ ယှဉ်ပြိုင်တော့မှာပေါ့။ ဘာလို့ ရှေ့ကိုထွက်လာပြီး ယှဉ်ပြိုင်ဖို့ လိုတော့မှာလဲ” ဟု တန်စီယုကပြောသည်။
“ပြီးတော့ ရန်ဂျွန်က အရာတိုင်းမှာ အနိုင်ရမယ်လို့ ထင်နေပုံပဲ။ ဒါပေမဲ့ အဲ့လိုလည်းမဖြစ်နိုင်ပါဘူး။”
“မှန်တယ်” ဂေါင်ဟုန်ချီက တစ်စုံတစ်ရာကိုစဉ်းစားနေဟန်ဖြင့် ချက်ချင်းအသံတိတ် သွားတော့သည်။ ချူးယွင်ဖန်းက တခဏကြာတွေးပြီးနောက် ရန်ဂျွန်က ဘာကိုဆိုလိုချင်လဲဆိုတာ သိသွားတော့သည်။
“မင်းက ငါနဲ့ အင်အားချင်းယှဉ်ချင်တာ။ ပထမဆုံးနေရာမှာ ငါမင်းနဲ့မပြိုင်သင့်ဘူး။ ဒါပေမဲ့ ထမင်းမစားခင်မှာ အချိုပွဲလေးစားတာလည်း ကောင်းပါတယ်”
“အချိုပွဲဟုတ်လား..ရိုင်းလိုက်တာ” ရန်ဂျွန်က ရှေ့ထွက်လာပြီးကြိမ်းမောင်းသည်။
“ဒါဆိုလည်း ငါ့လှံတံကို အရင်ဆုံးမြည်းစမ်းကြည့်ပါတော့”
ရန်ဂျွန်က မြန်ဆန်ပြီး တစ်ချိန်တည်းမှာပဲ သူ၏ လှုပ်ရှားမှုများသည် အလွန်ပြင်းထန်လှ သည်။ လှံတံကို လွှမ်းခြုံထားသော စစ်မှန်စွမ်းအင်သည် လေထုကိုဖြတ်ပြီး ချူးယွင်ဖန်း၏ မျက်နှာဆီသို့ တိုးဝင်လာသည်။
“ငါ့ရဲ့ လှဲတံကို မိုးမြေဖြိုခွင်းသူ လို့ခေါ်တယ်”
တစ်ချိန်တည်းမှာချူးယွင်ဖန်းက တန်ပြန်တိုက်ခိုက်သောအခါ အနက်ရောင်အလင်းတန်း သည်ထွက်ပေါ်လာပြီး လှံတံနှင့် တွေ့ဆုံသည်။
ချွမ်း!
ကျယ်လောင်သော အသံကြီးထွက်ပေါ်လာသည်။ စစ်မှန်စွမ်းအင်အချင်းချင်းပွတ်တိုက် မှုသည် ကြောက်မက်ဖွယ်လေလှိုင်းတစ်ခုကိုဖြစ်စေသည်။
အပိုင်း (၁၉၅)- အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးပြီ!
လက်ရွေးစင်ကျောင်းသားများအုပ်စုသည် ထိတ်လန့်ကုန်ကြသည်။ ထိုကဲ့သို့ လက်သီးထိုးချက်များ ဖလှယ်ရုံဖြင့် ကြောက်မက်ဖွယ်ဖျက်စီးနိုင်သော အစွမ်းကို ယူဆောင်လာပြီး စွမ်းအင်လှိုင်းလုံးကြီးတစ်ခုကိုဖြစ်စေသည်။ လက်နက်များမှာ ကပ်တွယ်နေသော စစ်မှန်စွမ်းအင်များက ဖန်ဆင်းသော ကြောက်မက်ဖွယ်စွမ်းအင်များ သည် လေထုကိုဖြိုခွင်းတော့သည်။
နှစ်ဖက်စလုံးက လက်တစ်ဖက်တည်းဖြင့် သူတို့၏ လက်နက်ကိုကိုင်ထားကြသည်။ သို့သော် သူတို့ပုံစံသည် လေးလံသောအရာဝတ္ထုများကို ကိုင်ထားသည့်အတိုင်းဖြစ် နေသည်။
“မင်းက ငါ့လှံတံရဲ့တိုက်ခိုက်မှုကို ခံနိုင်တာပဲ ။ ဒါက အရမ်းမိုက်တယ်။ မင်းက ငါ့ကိုဒီ့ထပ်ပိုကြမ်းစေချင်နေတာပဲ” ဟု ရန်ဂျွန်က ကြိမ်းဝါးသည်။ အားလုံးက သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကို အာရုံစိုက်နေချိန်တွင် သူသည် ချူးယွင်ဖန်းထံသို့တဖန် ပြန်တိုးဝင်လာသည်။ သူ့လက်ထဲမှာကိုင်ထားသော လှံတံဆီမှ ကျယ်လောင်သော အသံဗုံးထွက်ပေါ်လာသည်။
ထိုအသံသည် လှံတံကလေထုကိုဖြိုခွင်းသံဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာ ရန်ဂျွန်သည် လှံတံဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတိုင်းက အင်အားပြင်းထန်ပြီး တောင်ကိုတောင်ဖြိုခွင်းနိုင်သည်အထိ ကြောက်စရာကောင်း ပေသည်။
စစ်မှန်စွမ်းအင် အစုအဖွဲ့ကြီးတစ်ခုသည် စွမ်းအင်လှိုင်းများအသွင်ပြောင်းလဲလာပြီး အဝေးမှလှမ်းကြည့်လျှင်တောင်မှ ထိုစွမ်းအင်လှိုင်းက မည်မျှကြောက်စရာကောင်း လဲဆိုတာ သိနိုင်သည်။
ယခင်ပြိုင်ပွဲနှင့် ယှဉ်ပါက ရန်ဂျွန်၏တိုက်ခိုက်မှုသည် စစ်မှန်စွမ်းအင်ကို ပေါင်းစပ် အသုံးပြုထားသည်။ ထိုအရာသည် သန့်စင်ခြင်းအဆင့်ရောက်မှသာ အသုံးပြုနိုင်သည်။ ထို့ပြင် ရန်ဂျွန်သည် ထိုအဆင့်ကို ရောက်ခါနီးဖြစ်သည်။
“သေစမ်း..ရန်ဂျွန်ရဲ့ အစွမ်းက ကြောက်စရာကောင်းလိုက်တာ”ဂေါင်ဟုန်ချီသည် ထိတ်လန့်ပြီး ဆဲမိတော့သည်။ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကိုကြည့်ပြီး ထိုတိုက်ခိုက်မှုများသည် မည်မျှ ကြောက်စရာကောင်းသည်ဆိုတာ ခံစားမိသည်။ ထိုအရာသည် ထိပ်တန်းရုပ်ရှင်ကား၏ ဇာတ်ဝင်ခန်းထက်ပိုမိုသာလွန်နေသည်။
ရှိနေသော လူအားလုံးက မျက်လုံးများပြူးကျယ်ကုန်ကြပြီး ကြိုးဝိုင်းကိုစိုက်ကြည့် နေကြသည်။ချူးယွင်ဖန်းက မည်သို့ တုံ့ပြန်မလဲဆိုတာ သိချင်ကြသည်။
ဘွန်း!
နောက်ထပ်တစ်ခါ ထိရိုက်မိသောအသံထွက်ပေါ်လာသည်။ ချူးယွင်ဖန်းက ဓားကိုမြှောက်ပြီး တိုက်ခိုက်မှုသုံးချက်ကို ခုခံကာကွယ်သည်။ အရိပ်မဲ့ဓားသည် မရပ်မနားလှုပ်ရှားနေသည်။ ချူးယွင်ဖန်းက ဓားကို မြဲမြံစွာဆုပ်ကိုင်ထားပြီး သူ့လက်နက်ကို လာတိုက်ခိုက်သော တုန်ခါမှုများကို အသာလေးထိန်းချုပ်ထားသည်။
“မင်းက ငါထင်ထားတာထက် အနည်းငယ်ပိုပြီးအားကောင်းတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ မင်းက ငါ့ကိုလက်တစ်ဖက်တည်းသုံးပြီး တိုက်ခိုက်ရဲလျှင် မင်းလက်ကိုဖြတ်ပြမယ်” ဟု ရန်ဂျွန်က ဖြည်းဖြည်းချင်းပြောသည်။
“မင်းလည်း လက်တစ်ဖက်တည်းသုံးတာမလား။ မင်းရဲ့ အင်အားက ငါထင်ထားတာထက် နည်းနည်းလေးပိုမြင့်တယ်။ မင်းလည်း အားကုန်ထုတ်သုံးပါ။ ဒီလိုသာဆို မင်းသေချာပေါက်ရှုံးလိမ့်မယ်”ဟု ချူးယွင်ဖန်က ပြန်ချေပသည်။
“ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သွေးနားထင်ရောက်နေတဲ့ကောင်” ဟု ရန်ဂျွန်က အော်သည်။
ချက်ချင်းဆိုသလို သူသည် ချူးယွင်ဖန်း၏ရှေ့မှာ မတ်တပ်ရပ်လိုက်ပြန်သည်။ သူ့လက်ထဲမှာရှိသော လှံတံကို ပြင်းထန်စွာရိုက်ချပစ်သည်။
“ငါမင်းနဲ့ ရေကုန်ရေခမ်းတိုက်ခိုက်မှာ” ဟု ချူးယွင်ဖန်းက ပြောသည်။ သူ့လက်ထဲက ဓားသည် လှံတံနှင့် တဖန်ထိရိုက်မိပြန်သည်။
ဘန်း!
ဘန်း!
ဘန်း!
ဆက်တိုက်ဆိုသလို လက်နက်နှစ်ခုက ထိရိုက်မိနေသည်။ စစ်မှန်စွမ်းအင်လည်း တစ်ခုနဲ့တစ်ခု ထိရိုက်မိကာ စွမ်းအင်လှိုင်းများထွက်ပေါ်လာသည်။ သူတို့နှစ်ဦးက အလယ်မှာရှိနေပြီး စွမ်းအင်လှိုင်းများက နေရာအနှံ့ပျံ့နှံ့သွားသည်။
ကြိုးဝိုင်းနှင့် ဝေးသောနေရာမှာ ရှိနေသော ကျောင်းသားများက သူတို့၏ မျက်နှာထံသို့ ထိုလှိုင်းများ ထိရိုက်လာသည်ကိုခံစားမိပြီးနောက် သူတို့၏မျက်နှာပေါ်တွင် အံ့အားသင့်မှု များကို အတိုင်းသားမြင်နေရသည်။သူတို့သည် ကြိုးဝိုင်းထဲတွင် မရပ်မနားတိုက်ခိုက် နေသောထိုလူနှစ်ဦးကို ကြည့်နေကြသည်။
အားလုံးက အလွန်တရာ ထိတ်လန့်ကုန်ကြသည်။
“သူတို့နှစ်ဦးမှာ ဘာကြောင့် ဒီလောက်များတဲ့စွမ်းအင်တွေရှိနေရတာလဲ”
ထိုနေရာမှာရှိနေသူများသည် ကျောင်းအသီးသီး၏ လက်ရွေးစင်များဖြစ်ကြသည်။ သူတို့ကို အံ့အားသင့်စေဖို့ဆိုသည်မှာ မလွယ်ကူပေ။သို့သော် ထိုအရာသည် စစ်မှန်စွမ်းအင်များကို ဖြုန်းတီးနေခြင်းဖြစ်သည်။ အနည်းငယ်တိုက်ခိုက်ပြီးနောက် သူတို့၏ ကိုယ်ထဲမှာရှိနေသော စစ်မှန်စွမ်းအင်သည် လုံးဝကုန်ဆုံးသွားလိမ့်မည်။ ချီပင်လယ်အဆင့်မှာရှိနေသော လူများကသာ စွမ်းအင်အနည်းငယ်ကို ပိုင်ဆိုင် နေဆဲဖြစ်မည်။
သို့သော် ကြိုးဝိုင်းထဲမှာ တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်နေသော သူတို့နှစ်ဦးကြည့် ရတာ စစ်မှန်စွမ်းအင်များ မကုန်ဆုံးနေသလိုခံစားမိသည်။
“ဒီပွဲမှာ နည်းပညာပိုင်းဆိုင်ရာက ဘာမှ မဟုတ်ဘူး။ ဒါက အင်အားနဲ့ စစ်မှန်စွမ်းအင် အဆင့်အတန်းကို ယှဉ်ပြိုင်ခြင်းသက်သက်သာဖြစ်တယ်။ ဒါလေးနဲ့တင် အရမ်းပြင်းထန်တဲ့ အဖျက်စွမ်းအားကို ထုတ်ပေးနိုင်တယ်” ကျောင်းသားတစ်ဦးက ထိတ်ထိတ်ပျာပျာပြောသည်။
“နှစ်ဦးလုံးက အရည်အချင်းတူနေတာ။ ချူးယွင်ဖန်းဆိုတာဘယ်သူလဲ။ သူက ယွမ်နင်း ခရိုင်ရဲ့ ထိပ်သီးသုံးဦးထဲက ရန်ဂျွန်ကို ယှဉ်ပြီးတိုက်ခိုက်နိုင်တယ်။ ဘယ်သူက အနိုင်ရမလဲဆိုတာဆုံးဖြတ်ရခက်တယ်”
ကျောင်းသားများက အလွန်အံ့အားသင့်ကြရသည်။
“အနိုင်ရသူကို ဆုံးဖြတ်ဖို့ခဲယဉ်းမယ်။ မဟုတ်ဘူး…အနိုင်ရမယ့်သူကို အစတည်းက ဆုံးဖြတ်ထားပြီးသားပါ” ယုရှင်းယွမ်က တည်ငြိမ်စွာပြောသည်။ သူ့ကို ကျောင်းသားအနည်းငယ်က နားမလည်သလို ကြည့်နေသည်။
“ချူးယွင်ဖန်းသုံးတဲ့ဓားကိုကြည့်ပါဦး။ ဒါကအရိပ်မဲ့ဓားလေ။ ဒါကမွန်းစတားမုဆိုးများ နှစ်သက်တဲ့ ဓားဖြစ်ပေမဲ့ အရမ်းလေးတဲ့ဓားတစ်ချောင်းအဖြစ် မလုပ်ထားဘူး။ ဒါက အတော်အသင့်ပဲလေးတဲ့ လက်နက်ဖြစ်တယ်။ သာမန်ပွဲမှာဆို အကြောင်းမဟုတ်ပေမဲ့ အင်အားချင်းပြိုင်တဲ့ပွဲမှာတော့ အရိပ်မဲ့ဓားက တကယ့်ကို အားနည်းချက်ရှိတယ်” ဟု ယုရှင်းယွမ်က ရှင်းပြသည်။
“တစ်ဖက်မှာက ရန်ဂျွန်သုံးတဲ့ လှံတံက အရမ်းအစွမ်းထက်တယ်။ ဒါကြောင့်မို့ လက်နက်ချင်းယှဉ်လျှင် ချူးယွင်ဖန်းက လုံးဝ အရေးနိမ့်မယ်။ ဒါပေမဲ့ ပြိုင်ပွဲက ခုချိန်မှာ သရေကျနေတာမို့ သူတို့ကြားက ကွာခြားချက်က သိသာတယ်”
ထိုမှသာ အားလုံးက နားလည်သဘောပေါက်ကြသည်။ ချူးယွင်ဖန်းက အားနည်းချက်ရှိသောလက်နက်ကို သုံးခဲ့သော်ငြား ရန်ဂျွန်ကို သရေကျအောင် ကစားနိုင်သဖြင့် အရာအားလုံးသာလွန်နေတာကို သက်သေပြနေသည်။
ယုချိုင်ကျောင်းသားများက သူတို့မျက်စိကိုယ်သူတို့ကိုယ်တိုင်မယုံနိုင်အောင် ဖြစ်နေရသည်။ သို့သော် သူတို့မည်မျှပင် ဆန္ဒမရှိနေပါစေ အမှန်တရားက ရှိနှင့်ပြီးဖြစ် သည်။ ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည့်နည်းလမ်းကို ရန်ဂျွန်စဉ်းစားမိပါ စေဟုသာ သူတို့မျှော်လင့်နေကြသည်။ ထိုအချိန်တွင် နှစ်ဖက်စလုံးသည် ခပ်လှမ်းလှမ်းမှာ မျက်နှာချင်းဆိုင်ရှိနေကြသည်။
ရန်ဂျွန်က ချူးယွင်ဖန်းကို အေးတိအေးစက်ကြည့်ကာ “ငါ့တိုက်ကွက်တွေကို မင်းဒီလောက်အများကြီး ခုခံနိုင်မယ်လို့ မထင်မိဘူး။ မင်းက ဖန်ကျိရန်ကိုတစ် ချက်တည်းနဲ့ လွင့်ထွက်စေပြီး လုရှုရန်ကိုလည်း တစ်ဖက်တည်းနဲ့ အနိုင်ရခဲ့တယ်။ ဒါကတကယ့်ကို ကံကောင်းလို့မဟုတ်ဘူးပဲ”ဟုပြောသည်။
ချူးယွင်ဖန်းက ရန်ဂျွန်ကိုကြည့်ပြီးပြောသည်။ “ဒါပေမဲ့ မင်းက ငါ့ကိုစိတ်ပျက်စေတယ်။ ဒါက ယွမ်နင်းခရိုင်ရဲ့ အတော်ဆုံးကျောင်းသားသုံးဦးထဲက တစ်ဦးရဲ့ အစွမ်းလား”
ဟုမေးသည်။
ရန်ဂျွန်က ရယ်မောပြီး သူ့မျက်နှာပေါ်တွင် စိတ်တိုသောအရိပ်အယောင်များ မြင်နေကြသည်။ သူက ပြိုင်ဘက်ကို အထင်မသေးခဲ့သော်လည်း ပြိုင်ဘက်က သူ့ကိုအထင်သေးခဲ့သည်။
“မင်းက တကယ့်ကို အင်အားကြီးပါတယ်။ ငါ့ထက် အနည်းငယ်အားသာတာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့ သိုင်းသမားချင်းယှဉ်ရင် အင်အားယှဉ်ပြိုင်မှု သပ်သပ်ပဲ မဟုတ်ဘူး။ ငါက ဒါကို တုံရှင်းရန် သို့ ယုရှင်းယွမ်နဲ့ ရင်ဆိုင်မှ ထုတ်သုံးဖို့ ကြံရွယ်ထားတာ။ ဒါပေမဲ့ မင်းနဲ့ပတ်သက်ပြီး သုံးတာလည်း အလဟသမဖြစ်ပါဘူးလေ”
ရန်ဂျွန်က ပြုံးပြသည်။ သူ့ကိုယ်ထဲမှာ ကိုယ်ယောင်ကိုယ်ဝါတစ်ခုကို ထုတ်လွှတ်သည်။ ချက်ချင်းဆိုသလို သူ့ကိုယ်ထဲမှာ ကြောက်မက်ဖွယ်ကောင်းသောစစ်မှန်စွမ်းအင်များစွာ ပေါ်ထွက်လာသည်။
“ချီပင်လယ်နဝမအဆင့်”ဟု ကျောင်းသားတစ်ဦးက အလန့်တကြားထရွတ်သည်။
တွေ့ဆုံပွဲမှာ သူတို့သည် တန်စီယုက ထုတ်ပြသောချီပင်လယ်အဌမအဆင့်ကိုသာ အမြင့်ဆုံးအနေအထားမှာမြင်ဖူးသည်။ သူမလို အနေအထားတောင်မှ ချီပင်လယ်အဌမအဆင့်နှင့်ပင် ပြိုင်ဘက်များအားလုံးကို အလဲထိုးနိုင်သည်။ ရန်ဂျွန်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်သော ချူးယွင်ဖန်းတောင်မှ အဌမအဆင့်မှာပဲရှိသေးသည်။
ဒီကနေ့မှာ ချီပင်လယ်နဝမအဆင့်ကို ပထမဆုံးထုတ်ပြသူသည် ရန်ဂျွန်ဖြစ်သည်။
သူက တစ်လျှောက်လုံးမှာ အောင့်အည်းသည်းခံခဲ့ပြီး ထုံရှင်းရန် နှင့် ယုရှင်းယွမ် တို့အတွက်သုံးမည့် ဝှက်ဖဲကို သုံးချင်ခဲ့တာသိသာသည်။
“ဒါက ချီပင်လယ်ရဲ့ ကိုးဆင့်မြောက်ပဲ။ ယနေ့ရလဒ်ကို ဆုံးဖြတ်ပြီးဖြစ်တယ်။ ချူးယွင်ဖန်းက သူ့ထက်တစ်ဆင့်မြင့်တဲ့ ရန်ဂျွန်ကို အနိုင်မရနိုင်ဘူး” ဟု ကျောင်းသားတစ်ဦးက ပြောသည်။
အမှတ်-၇ ကျောင်း၏ခုံတွင် ထိုင်နေသောယုရှင်းယွမ်က ထိုမြင်ကွင်းကို မအံ့ဩပေ။ သူက “ ပြိုင်ပွဲက မကြာခင်ပြီးဆုံးတော့မယ်။ ပျင်းစရာကြီး။ ဒါပေမဲ့ ချူးယွင်ဖန်းက ရန်ဂျွန်ရဲ့ ဝှက်ဖဲကို ဆွဲထုတ်နိုင်တယ်။ မဆိုးပါဘူး”