← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 14 Ch. 196-198

အပိုင်း (၁၉၆)- မင်းရဲ့အကျွမ်းကျင်ဆုံးနေရာမှာ မင်းကိုအနိုင်ပိုင်းမှာ…

ရန်ဂျွန်က ချီပင်လယ်အဆင့်ကိုးကို ထုတ်ပြပြီးနောက် အရာအားလုံးပြီးဆုံးပြီဟု အားလုံးက ထင်မြင်ကြသည်။ ထို့ပြင် နာမည်ကြီးကျောင်းများကသာ ချန်ပီယံပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ချူးယွင်ဖန်းက ဒီအနေအထားထိတက်လှမ်းနိုင်တာကပဲ တော်သင့်ပြီဟု ထင်သည်။

“ချီပင်လယ် နဝမအဆင့်..ဒီနှစ်ပြိုင်ပွဲမှာ တော်တဲ့ကျောင်းသားတွေများတာပဲ” ဟု မစ္စတာလင်းက ပြုံးပြီးပြောသည်။

“ကျောင်းသားတွေရဲ့ အရည်အချင်းက တဖြည်းဖြည်းပိုမိုပြီး ကောင်းမွန်လာကြတယ်။ သုန့်ဟွာမြို့က အထူးကျောင်းတွေမှာတောင် ဒီလိုကျောင်းသားမျိုးက ရှားပါးတယ်”

“မှန်တယ်..ဒီဘက်ခေတ်ကျောင်းသားတွေက ကောင်းကောင်းလည်းစားတယ် ကောင်းကောင်းလည်း လေ့ကျင့်ကြတယ်။ သူတို့က အများကြီး အားကောင်းလာကြ တယ်”ဟု ကျောင်းအုပ်ကြီးတန်က ပြုံးပြီးဖြေသည်။

“ဒီပြိုင်ပွဲပြီးပြီလို့ မင်းထင်နေလား”

ချူးယွင်ဖန်းရှုံးနိမ့်မည်ဟု အားလုံးက တထစ်ချ ယုံကြည်ကြချိန်တွင် သူ့ကို ယုံကြည်သော လူနှစ်ဦးလည်းရှိနေသည်။ ထိုသူများသည် ဂေါင်ဟုန်ချီ နှင့် တန်စီယုတို့ဖြစ်ကြသည်။ ချီပင်လယ်အမြင့်ဆုံးအဆင့်မှာရှိနေသော မဟူရာမြေခွေး အုပ်စုခေါင်းဆောင်ကို ချူးယွင်ဖန်းက ဘယ်လိုအနိုင်ရခဲ့သည်ဆိုတာ

ဂေါင်ဟုန်ချီက မှတ်မိနေသည်။

“ရှုံးမယ်ဆိုတာ ဝန်ခံလိုက်စမ်းပါ။ မင်း ခုချိန်ထိ ငါ့ကိုတိုက်ခိုက်နိုင်တယ်ဆိုတာ တော်နေပါပြီ။ ဆက်ပြီးတိုက်ခိုက်နေမယ်ဆို အချိန်ဖြုန်းသလိုပဲ”

ရန်ဂျွန်က သူ၏ အင်အားအပြည့်ကို ထုတ်ပြပြီးနောက် သူ၏ အင်အားနှင့် ယုံကြည်ချက်များက တစ်ဆင့်ထပ်မြင့်လာသည်။ထိုကဲ့သို့ ယုံကြည်ချက်ရှိသဖြင့် ချူးယွင်ဖန်းကိုတောင် ခြိမ်းခြောက်ဝံ့သည်။

“ပိုတောင်ကြိုက်သေးတယ်။ မင်းရဲ့ အရင်က လှည့်ကွက်တွေကို မရပ်ဘူးဆို ငါတော်တော်လေးစိတ်ပျက်မိမှာ” ဟု ချူးယွင်ဖန်းက ပြုံးရင်းပြောသည်။

သူက လူအုပ်ကြီးဘက်ကိုတစ်ချက်ကြည့်ကာ “ငါရှုံးနိမ့်မယ်လို့ မင်းတို့ထင်နေကြတာလား”

လူအုပ်ကြီးက ချူးယွင်ဖန်း၏ စကားသံကိုကြားသောအခါ သူတို့က အနည်းငယ် စိတ်ဝင်စားလာကြသည်။ ဒါက အပြီးသတ်မဟုတ်သေးဘူးလား!

“မင်းက အရှုံးပေးဖို့ စိတ်မကူးမှတော့ ငါမင်းကို အနိုင်ယူပြရတာပေါ့”

ရန်ဂျွန်က ကြိမ်းမောင်းသော်ငြား ချူးယွင်ဖန်းက မတုန်လှုပ်ပေ။ ရန်ဂျွန်၏ စကားကိုကြားသည်နှင့် သူသည်သားရဲကောင်တစ်ကောင်အလားပြေးထွက်လာသည်။

သူက ယခင်ကထက် ပိုမိုပြီး မြန်ဆန်လာသည်။ ယခုတော့ သူသည် အင်အားကို မလျှိုထားတော့သဖြင့် ယခင်ကထက်ပိုပြီးကြောက်စရာကောင်းလာသည်။

ဘန်း!

ချူးယွင်ဖန်းက ခြေကိုစောင့်ကာ သူ့ကိုယ်ထဲက အင်အားကို ချက်ချင်းထုတ်ပစ်သည်။ ထိုစစ်မှန်စွမ်းအင်သည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားကာ ယခုပိုပြီးအားကောင်းလာသော ရန်ဂျွန်ကို ရင်ဆိုင်တော့သည်။ သူ၏အင်အားသည် နည်းနည်းလေးတောင် မလျော့နေပေ။

ချွမ်း!

ဓားနှင့် လှံတံသည် ထိရိုက်မိပြန်သည်။ ကြောက်စရာကောင်းသော စစ်မှန်စွမ်းအင်သည် ထွက်ပေါ်လာပြီး နေရာအနှံ့ပျံ့သွားသော စွမ်းအင်လှိုင်းတစ်ခုသဖွယ် ချက်ချင်းပြောင်းလဲသွားသည်။

“သူတို့ကအရည်အချင်းတူနေတာ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” အားလုံးလည်း မယုံကြည်နိုင်အောင်ဖြစ်ကြရသည်။ အစတုန်းက ထိုတိုက်ပွဲသည် တစ်ဖက်သတ်တိုက်ပွဲတစ်ခုဟု ယူဆခဲ့သည်။ အမှန်တော့ တကယ့်လက်တွေ့မှာတော့ စတင်တိုက်ခိုက်သောအခါ လက်ရည်တူနေတာကို တွေ့ကြသည်။ ရန်ဂျွန်က အားလုံးထင်မြင်ထားသလို တစ်ဖက်သတ် အသာစီးရမည့် အနေအထားမဟုတ်ပေ။

ချူးယွင်ဖန်းက ရေကုန်ရေခမ်းတိုက်ခိုက်နေတာကို မြင်ရသောအခါ ယုရှင်းယွမ်တောင်မှ မျက်လုံးများပြူးကျယ်လာသည်။

“သူဘယ်လိုတွေလုပ်နေတာလဲ” အို့ရန်ကလည်း သူ့ဘေးမှာထိုင်နေသော တန်စီယုကို ထိတ်ထိတ်ပျာပျာမေးသည်။တန်စီယုက ပြုံးပြပြီးပြန်မဖြေပေ။

ဂေါင်ဟုန်ချီက ရယ်မောရင်း “ ဒါက သူလုပ်နိုင်တာ အကုန်မဟုတ်သေးဘူး။ သူကတကယ့်ကို စစ်မှန်တဲ့ပါရမီရှင်တစ်ဦး။ ဒါက အစပဲရှိသေးတယ်”

“အားလုံးပဲ မျက်စိဖွင့်ထားပြီး ကြည့်ကြပါ”

ကြိုးဝိုင်းထဲတွင် ရန်ဂျွန်က သူမျှော်လင့်ထားသလို မဖြစ်လာသဖြင့် ဟန်ချက်ပျက် နေသည်။ သူနှင့် ပြိုင်ဘက်ဖြစ်သော ချူးယွင်ဖန်းက သူ၏တိုက်ခိုက်မှုများကို ပိတ်ဆို့နိုင် သည်။

“ငါ့ဘက်က အင်အားကုန်ထုတ်သုံးပြီးတာတောင် မင်းက ငါ့ကိုပိတ်ဆို့နိုင်သေးတယ်။ မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်” ဟုရန်ဂျွန်က ဆိုသည်။ သူက ရှေ့ကိုတစ်လှမ်းတက်လာပြီး ဟန်ချက်ပြန်ထိန်းသည်။

“ဒါပေမဲ့ပြိုင်ပွဲမှာ အနိုင်အရှုံးဆိုတာက လှည့်ကွက်တွေပေါ်မှာပဲ မူတည်ပြီး အဆုံးအဖြတ်ပေးနိုင်တာမဟုတ်ဘူး”

“ကြည့်ကြသေးတာပေါ့” ဟု ချူးယွင်ဖန်းက ပြန်ဖြေသည်။

“မင်းကများ” ရန်ဂျွန်က တစ်ဖန်တိုက်ခိုက်ပြန်သည်။ ဒီတစ်ကြိမ်မှာ သူ့ခန္ဓာကိုယ်၏ အပေါက်တိုင်းဆီမှ စစ်မှန်စွမ်းအင်ထွက်လာသည်။ သူ့အစွမ်းက လူတိုင်းကို သက်ရောက်စေသည်။ ထိုအစွမ်းသည် ပြင်းထန်လှသဖြင့် သာမန်မျက်စိဖြင့်ကြည့်ရုံနှင့်ပင် မြင်နိုင်သည်။

ဘွန်း!

ရန်ဂျွန်က ရှေ့ကိုတစ်လှမ်းတက်လှမ်းလာသည်။ တောင်တစ်လုံးကို သူ့ကို ဖိထားသလို ခံစားရသည်။

“မိုးမြေဖြိုခွင်းသိုင်း” သူ့လက်ထဲမှာရှိသောလှံတံကိုရိုက်ချပစ်သည်။ ကျယ်လောင်သော အသံကိုကြားရုံဖြင့် မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်သည်။

ထိုမြင်ကွင်းကိုမြင်ပြီး ယုရှင်းယွမ်လို လူမျိုး၏ အမူအရာတောင်ပြောင်းလဲလာသည်။

“ရန်ဂျွန်မှာ လှည့်ကွက်တွေ အတော်များသကိုး”

အမှတ်-၅ ကျောင်းကလူများ၏ အမူအရာများလည်း ပြောင်းလဲလာသည် ။တုံရှင်းရန်တစ်ဦးထဲသာ တည်ငြိမ်သောပုံစံရှိသော်ငြား သူ၏အကြည့်များက ယခင်ကထက် စူးရှထက်မြက်လာသည်။

“မင်း ဂုဏ်အယူရဆုံးက မင်းရဲ့အင်အား ဟုတ်တယ်မလား။ ဒါဆို မင်းရဲ့ အဲ့နေရာမှာယုံကြည်ချက်ရှိတာတွေကို ငါရိုက်ချိုးပြမယ်” ချူးယွင်ဖန်းက ယခုထိမတုန် လှုပ်ပေ။သို့သော် သူ့စကားသံထဲတွင် တစ်ခါမှမကြားဖူးသော စွမ်းအင်ပုံရိပ်အရိပ်အယောင်များပါဝင်နေသည်။

“မိုးမြေကိုဖြိုပစ်မဲ့ဓားချက်”

ချူးယွင်ဖန်းက တကယ့်ကိုကြောက်စရာကောင်းလှသည်။ တလိမ့်လိမ့်တက်လာသော အနက်ရောင်လှိုင်းလုံးကြီးသည် လှံတဲရှည်ကြီးကိုပိုင်းဖြတ်သောအချိန်တွင် များပြားလှ စွာသော စစ်မှန်စွမ်းအင်ကို သယ်ဆောင်ထားသည်။

ချွမ်း!

ကျယ်လောင်သော အသံကြီးတစ်ခုနှင့်အတူ ဓားနှင့် လှံတံသည် ထပ်မံပြီး ထိရိုက်မိပြန် သည်။

ဗွမ်း!!!

ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်စွမ်းအင်ထွက်လာသည်။ စစ်မှန်စွမ်းအင်များကိုနှစ်ဖက်စလုံးမှ ထုတ်လွှတ်သောအခါ လူအုပ်ကြီးတစ်ခုလုံးသည် ကြက်သီးမွေးညင်းများပင် ထလာတော့သည်။

“ရန်ဂျွန်မှာ ဒီလိုစစ်မှန်စွမ်းအင် အနေအထားမျိုးရှိတာကို ငါလက်ခံလို့ရတယ်။ ဒါပေမဲ့ ချုးယွင်ဖန်းမှာလည်း ဒီလိုအနေအထားမျိုးရှိနေတာလား။ သူက ချီပင်လယ် အဌမအဆင့်မှာပဲရှိနေသေးတာ။ သူနဲ့ ရန်ဂျွန်ကြားမှာ ကွာခြားချက်ကြီးကြီးမားမား တစ်ခုရှိနေသင့်တယ်။”

ပွဲကြည့်ပရိတ်သတ်ဖြစ်နေသော လူအုပ်စုကြီးက ချူးယွင်ဖန်းကို မယုံကြည်နိုင်သော အကြည့်ဖြင့်ကြည့်ကြသည်။ ချူးယွင်ဖန်းက စစ်မှန်စွမ်းအင်ကုန်ဆုံးသွားသည့် အရိပ်အယောင်တောင်မပြပေ။ စစ်မှန်စွမ်းအင်ပမာဏ သို့ ပြန်လည်ပြည့်စွမ်းသည့် အလျင်ပဲဖြစ်စေ ချူးယွင်ဖန်းသည် လူအများစု မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေသည်။

“ဒါက ပထမဆုံးဓားချက်ပဲ…ဒုတိယတစ်ချက်လာဦးမယ်”

လူအုပ်စုကြီးသည် လက်နက်အချင်းချင်း ထိရိုက်မိသံအပေါ်ကို အတွေး နစ်မြုပ်နေဆဲဖြစ်သည်။ သူတို့ဘာမှမတုံ့ပြန်ရသေးခင်မှာ ချူးယွင်ဖန်း၏ အသံက ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ အနက်ရောင်အလင်းတန်းလည်း ပါလာပြီး ရန်ဂျွန်ကို ပိုင်းချပစ်သည်။

ချွမ်း!

နောက်ထပ် တိုက်ခိုက်မှုတစ်ခုနှင့် နောက်ထပ်ကြောက်မက်ဖွယ်ထိရိုက်သံတစ် ခုထွက်ပေါ်လာပြန်သည်။ သို့သော် လက်ရွေးစင်ကျောင်းသားများသည် အခြေအနေက သူတို့မျက်စိရှေ့မှောက်တွင် ပြောင်းလဲသွားတာကို တွေ့ကြရသည်။ တိုက်ခိုက်ရန် နှင့် ခုခံကာကွယ်ရန် လွယ်ကူသည်။

သို့သော် တိုက်ခိုက်ခြင်းကို စတင် သောအနေအထားသည်ရန်ဂျွန်၏ လက်ထဲမှ ချူးယွင် ဖန်းဆီသို့ ရောက်ရှိသွားသည်။

“တတိယဓားချက်”ချူးယွင်ဖန်း၏ အသံကထပ်မံပြီးထွက်ပေါ်လာသည်။ သူ၏ အနက်ရောင်တိုက်ခိုက်မှုနောက်မှာ နောက်ထပ်အရိပ်တစ်ခုသည် ခုတ်ချပစ်ပြန်သည်။

ချွမ်း!

ထိုဓားချက်ပြီးနောက် ရင်သပ်ရှုမောဖွယ်ကောင်းသောပုံစံနှင့် ကြောက်မက်ဖွယ်ကောင်း သော လုပ်ဆောင်ချက်များကို ပြသနိုင်ခဲ့သော ရန်ဂျွန်သည် အားနည်းချက်များကို စတင် ပြီးပြသတော့သည်။ သူက နောက်ကိုတဖြည်းဖြည်းဆုတ်ခွါလာပြီး ချူးယွင်ဖန်း၏ သတ်ဖြတ်တော့မည့်အလား ဓားချက်များက သူ့အား ဖိအားပေးနိုင်ပြီး အနောက်ဘက်ကိုဆုတ်ခွါစေခဲ့သည်။

“စတုတ္တဓားချက်”

“ပဥ္စမဓားချက်”

“ဆဌမဓားချက်”

ချူးယွင်ဖန်း၏ အသံသည် ပီပီပြင်ပြင်ထွက်ပေါ်လာပြီးနောက် ရန်ဂျွန်ကိုကြိုးဝိုင်း၏ အစွန်ဘက်ကို တွန်းပို့လိုက်တော့သည်။

အပိုင်း (၁၉၇)- အားလုံး၏ တုံ့ပြန်မှု…

ချူးယွင်ဖန်း၏ အသံကိုအံ့အားသင့်နေကြချိန်တွင် ရန်ဂျွန်သည် ကြိုးဝိုင်းအစွန်းဘက်ကို တွန်းပို့ခံရသည်ကို တွေ့ကြရသည်။ ကြောက်စရာကောင်းတဲ့မြင်ကွင်းပါလား!

ဤနေရာသည် ယုချိုင်ကျောင်းနယ်မြေဖြစ်ပြီး ယုချိုင်ကျောင်းသားများက ရန်ဂျွန်ကို နတ်ဘုရားတစ်ဦးသဖွယ်မှတ်ယူကြသည်။ တစ်ယောက်ယောက်က ရန်ဂျွန်ကို အနိုင် ရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးကြပေ။ ပြောရမည်ဆို သူတို့မျက်စိရှေ့တွင် သူ့ကို မည်သူကမှအနိုင်မရခဲ့ပေ။

သူတို့ထိုအကြောင်းကိုတွေးမိလျှင်တောင်မှ အနိုင်ယူနိုင်သောလူသည် အမှတ်-၅ ကျောင်းမှ တုံရှင်းရန်နှင့် အမှတ်-၇ ကျောင်းမှ ယုရှင်းယွမ်တို့သာ ဖြစ်နိုင်သည်။ သူတို့ဘယ်လိုပဲတွေးတွေး ထိုကဲ့သို့ အနိုင်ယူမည့် ပုဂ္ဂိုလ်မျိုးသည် ချူးယွင်ဖန်း မဖြစ်နိုင်ပေ။ ထိုကဲ့သို့ လူမသိသူမသိပုဂ္ဂိုလ်က အနိုင်ယူမည်ဟု မထင်ဘူးချေ။

သို့သ်ောငြား အမှန်တရားက သူတို့၏ မျက်စိရှေ့မှာရောက်နေသည်။ မည်သူမှ အနိုင်မယူနိုင်ခဲ့သော ပြိုင်ဘက်ကင်း ရန်ဂျွန်ကို ကြိုးဝိုင်းအစွန်ဆုံးကို တွန်းပို့လိုက်သည်။

ချူးယွင်ဖန်းက ဓားချက်တစ်ချက် ပိုင်းဖြတ်လေတိုင်း ခြေလှမ်းတစ်လှမ်း ရှေ့ကိုတက် လာခဲ့သည်။သူက ရှေ့တစ်လှမ်းတိုးလေလေ ရန်ဂျွန်က နောက်တစ်လှမ်းဆုတ်လေလေ ဖြစ်သည်။ ထိုသို့ဆုတ်ခွါရင်းနှင့်ပင် ကြိုးဝိုင်းအစွန်ဆုံးနားကိုရောက်ရှိလာသည်။

ထိုအချိန်မှာ ရန်ဂျွန်သည် အရင်လို မတည်ငြိမ်နိုင်တော့ပေ။တကယ်တော့ သူသည် စိတ်ဓာတ်ပျက်ပြားနေသော အနေအထားမှာရှိနေသည်ဟု ဆိုနိုင်သည်။ သူ့ပါးစပ်ထောင့် စွန်းမှ သွေးများစီးကျနေသည်။ ချူးယွင်ဖန်း၏ အဆက်မပြတ်ဓားချက်များအောက်မှာ သူ၏ကိုယ်တွင်းကလီစာများ ဒဏ်ရာရခဲ့သည်။ သူ့လက်ဖဝါးသည် လုံးဝကွဲထွက် နေသည်။ ထိုအနေအထားသည် ချူးယွင်ဖန်းက လုရှုရန်ကို အနိုင် ယူခဲ့သောပုံစံ

ဖြစ်သည်။ သို့သော် ဒီတစ်ကြိမ်မှာတော့တစ်ဖက်လူက ရန်ဂျွန်ဖြစ်နေသည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..မင်းက ငါ့ကိုခုအနေအထားထိရောက်အောင် တွန်းအားပေးတယ်” ဟု ရန်ဂျွန်သည် မယုံကြည်နိုင်သော ပုံစံဖြင့် ကြုံးဝါးသည်။

ထိုအချိန်မှာ သူ့ကိုယ်ထဲရှိ စစ်မှန်စွမ်းအင်က မြင့်တက်လာသည်။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် လှံတံရှည်ကိုကိုင်ပြီး ချူးယွင်ဖန်းဆီသို့ တိုးဝင်လာပြန်သည်။ ဒီတစ်ကြိမ်က နောက်ဆုံးအခွင့်အရေးပဲဆိုတာ သူနားလည်သည်။ ဒီတစ်ကြိမ်ပြီးလျှင် နောက်ထပ်အခွင့်အရေးက ရှိချင်မှလည်းရှိတော့မည်။

ချူးယွင်ဖန်းက သူ့အား ကြိုးဝိုင်းထောင့်စွန်းထိ တွန်းပို့ပြီးတာမို့ သူအားကုန်မတိုက်ခိုက်လျှင် အနိုင်ရမည့်အခွင့်အလမ်းမရှိတော့ပေ။ သူ့ကိုကြိုးဝိုင်းထဲမှ အတင်းအကြပ်တွန်းထုတ်လိမ့်မည်။သို့သော် ချူးယွင်ဖန်း၏ တုံ့ပြန်မှုက ပိုမိုမြန်ဆန် သည်။ အနက်ရောင်ဓားအလင်းရောင်တစ်ခုက သူ့ကိုဦးတည်လာနေသော ကြေးနီရောင် လှံတံကြီးကို တိုက်ရိုက်ရိုက်ချပစ်သည်။

ချွမ်း!

ကြေးနီရောင် လှံတံတစ်ချောင်းသည် လွင့်ထွက်သွားရသည်။ ရန်ဂျွန်သည်လည်း ကန်ချက်ကြောင့် အနောက်ဘက်ကိုလွင့်ထွက်ပြီးနောက် မြေပြင်ပေါ်သို့ပြင်း ပြင်းထန်ထန် လဲကျသွားသည်။ ခဏတာမူးဝေပြီးနောက် ကောင်းကင်ပြာပြာ ကိုမြင်တွေ့လိုက်ရသည်။ ထိုအရာက သူရှုံးနိမ့်ပြီဟူသော အဓိပ္ပါယ်ဖြစ်သည်။

“ငါရှုံးပြီ..ငါဆိုတဲ့ ရန်ဂျွန် ရှုံးနိမ့်ပြီ”

ဒီတစ်ကြိမ်သည် သူ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ အထူးသဖြင့် ယွမ်နင်ခရိုင်၏ ထိပ်သီးသုံးဦးအဖြစ် နာမည်တပ်ခံရပြီးနောက် ပထမဆုံးအကြိမ်ရှုံး နိမ့်ခဲ့ဖူးခြင်းဖြစ် သည်။ သူသည် ယုရှင်းယွမ် နှင့် တုံရှင်းရန်မှ လွဲပြီး တစ်ယောက်ယောက်က်ု ရှုံးနိမ့်လိမ့် မည်ဟု မတွေးဖူးပေ။

“ဟုတ်တယ်..မင်းရှုံးပြီ” ဟု ချူးယွင်ဖန်းက ပြောသည်။

ဗွမ်း!

လူအားလုံးသည် အံ့ဩမှင်သက်ကြရသည်။ စိတ်ကူးအယဉ်နိုင်ဆုံး လူသားတောင်မှ ထိုကိစ္စလိုမျိုး ဖြစ်လာမည်ဟု တွေးဖူးကြမည်မဟုတ်ပေ။ ရန်ဂျွန်က ရှုံးတာတင်မဟုတ်ဘဲ သူကျွမ်းကျင်ရာနယ်ပယ်တွင် ချူးယွင်ဖန်းကို မရှုမလှအရေးနိမ့်ခဲ့ရသည်။ ထိုရှုံးနိမ့်မှုသည် သာမန်ရှုံးနိမ့်မှုထက် များစွာဆိုးရွားသည်။

“မဖြစ်နိုင်ဘူး..ရန်ဂျွန်ရှုံးပြီ”

“ငါ မျက်စိများမှားနေလား။ ရန်ဂျွန်က ချန်ပီယံဖြစ်ဖို့ မတိုက်ခိုက်ချင်ဘူးလား။ သူက ဘာလို့ ပထမတစ်ချီမှာတင် ရှုံးနိမ့်ခဲ့ရတာလဲ”

“ချူးယွင်ဖန်း နိုင်သွားပြီ။ သူသာ အနိုင်ရင် အလကားပဲလို့ ပြောခဲ့တာကို အရင်တုန်းကတော့ အဓိပ္ပါယ်မရှိဘူးလို့ ထင်မိခဲ့တယ်။ ခုတော့ ဒါက ပေါ့ပေါ့တန်တန်ပြောဆိုမှုမဟုတ်ဘူးပဲ”

“ယွမ်နင်းခရိုင်ရဲ့ အနာဂတ်အဆင့်တွေက ပြောင်းလဲတော့မယ်နဲ့ တူပါရဲ့။ ထိပ်သီးသုံးဦးမဟုတ်တော့ဘဲ လေးဦးဖြစ်လာတော့မယ်”

“သာမန်ကျောင်းလေးက ဒီလိုတော်တဲ့သူကို မွေးထုတ်ပေးနိုင်တယ်”

ထိုရလဒ်ကို အားလုံး အကြိတ်အနယ်ဆွေးနွေးနေကြသည်။

အမှတ်-၁၃ ကျောင်းသားများလည်း မနှစ်ကစာမေးပွဲတုန်းက ချူးယွင်ဖန်းပြောခဲ့တာကို သတိရနေသေးသည်။ ထိုအချိန်တုန်းက သူတို့အားတက်စေရန် ပြောသည်ဟု ထင်မိခဲ့သည်။ ယခုတော့ ဖြစ်နိုင်ချေရှိသည့်အရာတစ်ခု ဖြစ်လာသည်။

“ဒါ..ဒါက မုသားပြောဆိုတာမျိုးဖြစ်ရမှာလေ။ သူက ဘယ်လိုလုပ်လိုက်တာပါလိမ့်”

ကျန်းထျန်က ထိုအရာပဲပြောနိုင်တော့သည်။ သူ၏ အတွေးအမြင်များကို တစ်စုံတစ်ဦးက ချက်ချင်းဆိုသလို ပြောင်းပြန်လှန်လိုက်သဖြင့် သူမယုံကြည်နိုင်အောင် ဖြစ်ရသည်။

“သူလုပ်နိုင်ခဲ့ပြီ။ ငါတို့ကျောင်းက လူတော်တစ်ဦးထွက်လာပြီကွ” ဟု အို့ရန်က တီးတိုးရေရွတ်နေမိသည်။

ဂေါင်ဟုန်ချီက “ ဒါက ဘာမှ မဟုတ်သေးဘူး။ မင်းတို့တွေ ချူးယွင်ဖန်းက ချီပင်လယ် အမြင့်ဆုံးအဆင့်မှာရှိနေတဲ့မွန်းစတားကို အနိုင်ယူခဲ့တာကို မြင်လိုက်ရရင် ဒါက သူ့အတွက် ဘာမှ မဟုတ်သေးဘူးဆိုတာ သိလာရလိုက်မယ်”

တန်စီယုက ပြုံးမိသည်။ ထိုအပြုံးသည် အလွန်တရာနှစ်လိုဖွယ်ကောင်းပြီး သူမကို နွေဦးလေပြေလေးဟုတောင် တင်စားနိုင်သည်။

ပွဲကြည့်စင်မှာရှိနေသော ယုချိုင်ကျောင်း၏ ဆရာများလည်း မယုံနိုင်အောင်ဖြစ် နေသည်။ ယခုနှစ် တွေ့ဆုံပွဲကို သူတို့ကျောင်းမှာကျင်းပတည်းက သူတို့ကျောင်းက ချန်ပီယံဆုရပြီး မြို့၏ ထိပ်သီးကျောင်းတစ်ကျောင်းဖြစ်ချင်ခဲ့သည်။ သူတို့သည် ပညာရေးအဖွဲ့ချုပ်၏ ခေါင်းဆောင်ကိုတောင် ပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့သည်။ သူတို့ကျောင်းက ချန်ပီယံဆုမရဘဲနှင့် ယခုလိုမျိုး မရှုမလှ ရှုံးနိမ့်မှုကို မြင်ရမည်ဟု မည်သူတွေးထားမည်နည်း။

“ချူးယွင်ဖန်းရဲ့ နောက်ကွယ်မှာရှိတဲ့ မိသားစု အသိုင်းအဝိုင်းက ဘယ်လိုမျိုးလဲ”

ဟု ယုချိုင်ကျောင်း၏ ဆရာတစ်ဦးက မေးသည်။

ယခုအခါမှာ ချူးယွင်ဖန်း၏ သရုပ်မှန်ကိုသိချင်လာသည်။

စောနတုန်းက ချူးယွင်ဖန်းဆိုတာရှုံးဖို့သေချာသောလူဟု မှတ်ယူကာ သူ့အကြောင်း သိဖို့ မလိုဖူးဟု ထင်ခဲ့ကြသည်။ ယခုတော့ ရှုံးနိမ့်သူက သူတို့ဖြစ်နေခဲ့သည်။

မစ္စတာလင်းက မျက်မှန်ကို ပင့်တင်ရင်း “ချူးယွင်ဖန်း”

ကွင်းအတွင်းမှာလဲကျနေသော ရန်ဂျွန်ကို ယုချိုင်ကျောင်းသားများက ဆွဲထုတ်သွားကြ သည်။ ထိုသူများက ပြန်လည်ထွက်ခွါချိန်တွင် သူတို့ကျောင်းကို အရေးနိမ့်စေသော ချူးယွင်ဖန်းကို မမေ့လျော့ဘဲ တစ်ချက်ကြည့်ကြသည်။ရန်ဂျွန်က ရှုံးနိမ့်ခဲ့ပြီမို့ ယုချိုင်ကျောင်းသည် ချန်ပီယံပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

ပရိတ်သက်ဘက်မှ လှုပ်လှုပ်ခတ်ခတ်အသံများ ကြားနေကြသည်။ခဏအကြာမှာ အားလုံးငြိမ်သက်ကုန်ကြသည်။ကြိုးဝိုင်းအတွင်းရပ်နေသော ချူးယွင်ဖန်းသည် ယခင်ချူးယွင်ဖန်းနှင့် မတူတော့ပေ။ သူ၏ အင်အားကြီးမားမှုကို အသိမှတ်ပြုကြသည်။

“နောက်ထပ် ဘယ်သူလာမှာလဲ”ဟု ချူးယွင်ဖန်းက ချန်ပီယံပြိုင်ပွဲ၏ နောက်ဆုံးပိတ် ပြိုင်ဘက်နှစ်ဦးဖြစ်သူ ယုရှင်းယွမ်နှင့် တုံရှင်းရန်ကို လှမ်းကြည့်ပြီးမေးသည်။

“ငါ မင်းနဲ့ရင်ဆိုင်မယ်”ယုရှင်းယွမ်က မတ်တပ်ထရပ်သည်။ သူသည် ရှေးဟောင်း လှံတံရှည်တစ်ချောင်းကို ယူလာသည်။ သူ၏ အရပ်ရှည်ရှည် ခပ်တောင့်တောင့် အနေအထားနှင့်ဆို အဝေးမှကြည့်လျှင်တောင်မှ ကြောက်စရာကောင်းလှသည်။

ဘန်း!

ယုရှင်းယွမ်က ရှေ့တစ်လှမ်းတိုးလာသည်။ သူသည် ကြိုးဝိုင်းထဲသို့ ဗုံးသီးတစ်လုံးအသွင် ဝင်ရောက်လာသည်။

အပိုင်း (၁၉၈)- ဘယ်သူရှိသေးလဲ…

“မင်းက ရန်ဂျွန်ကို အနိုင်ရမယ်လို့ ငါမထင်မိဘူး။ မင်းကို လျှော့တွက်ခဲ့မိတယ်” ဟု ယုရှင်းယွမ်က ပြောသည်။

“ကိစ္စမရှိပါဘူး..မင်းလျှော့တွက်တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နောက်ဆုံးရလဒ်က ပြောင်းလဲမှာမဟုတ်ပါဘူး” ဟု ချူးယွင်ဖန်းက ပုခုံးတွန့်ပြရင်း ပြောသည်။

ယုရှင်းယွမ်က အားပါးတရရယ်မောကာ “ ကောင်းပြီ။ မင်းရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတာကိုတော့ ကြိုက်သွားပြီ။ ဒါပေမဲ့ မင်းရဲ့ ယုံကြည်ချက်ရှိမှုတွေကို တွင် းနက်ကြီးတစ်ခုထဲကို ပစ်ချပစ်မယ်” ဟု ပြောသည်။

“မင်းလုပ်နိုင်တယ်ဆို ကြိုးစားကြည့်လေ”ဟု ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောသည်။

“ရန်ဂျွန်လည်း ဒီလိုတွေးခဲ့တာပဲ။ သူကလည်း အနိုင်ရမယ်ထင်ပြီး တကယ်တမ်းကျ သူလည်း အနိုင်မရခဲ့ပါဘူး..မင်းဘယ်လိုထင်လဲ”

“ကဲ..ဒါဆိုလည်း စကြတာပေါ့” ယုရှင်းယွမ်က မဲ့ပြုံးပြုံးသည်။ ထို့နောက် သူက မုန်တိုင်းတစ်ခုသဖွယ် စတင်တိုက်ခိုက်တော့သည်။ ထို့နောက် သူ့လက်ထဲက လှံတံကို ချူးယွင်ဖန်းဆီသို့ တည့်တည့်တိုးဝင်လာသည်။

မြန်ဆန်တယ်..

တိကျတယ်..

သက်ညှာမှုကင်းမဲ့တယ်…

ယုရှင်းယွမ်က မြန်ဆန်သည်။ အစကတည်းက သူသည် ချီပင်လယ်အဆင့်ကိုးမှာရှိသော အစွမ်းဖြင့်စတင်ခဲ့သည်။ ရန်ဂျွန်နှင့် ချူးယွင်ဖန်းတို့ကြားက တိုက်ပွဲကိုကြည့်ပြီး သူနားလည်ခဲ့သည်မှာ အစကတည်းက အင်အားချွေတာပြီး ချူးယွင်ဖန်းကို ရင်ဆိုင်ပါက ရှုံးနိမ့်နိုင်သည်ဆိုသောအချက်ဖြစ်သည်။

“ချီပင်လယ် နဝမအဆင့်..နောက်တစ်ယောက်လား! ဒီနှစ်ကျောင်းသားတွေက မနှစ်က ကျောင်းသားတွေထက် ပိုပြီး အစွမ်းထက်ကြတယ်။ ဒီနှစ်မှာ ချီပင်လယ်နဝမအဆင့် ကျွမ်းကျင်သူနှစ်ဦးထွက်လာခဲ့ပြီ”

“ဟုတ်တယ်..ချူးယွင်ဖန်းကို ဖယ်ထားလျှင် ဒီနှစ်မှာ ထိပ်တန်းကျောင်းသား၃ ဦးရှိတယ်။ ထုံရှင်းရန်က မစတင်ရသေးပေမဲ့ သူမကလည်း ကျန်နှစ်ဦးလိုပဲ နာမည်ကြီးတာမို့ အနေအထားက မလျော့လောက်ဘူးထင်တယ်”

“ဒီနှုန်းနဲ့ဆို နောက်ထပ်ဆယ်နှစ်နေလျှင် သန့်စင်ခြင်းအဆင့်မှာရှိနေတဲ့ကျွမ်းကျင်သူတွေ တောင်မှ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်။”

“ဒါလည်း ဖြစ်နိုင်တာပဲ”

“ချီပင်လယ် နဝမအဆင့်မှာမရှိဘဲနဲ့ ချန်ပီယံပြိုင်ပွဲကို ဝင်ပြိုင်ဖို့ရာက ရှက်စရာကောင်းနေမလား”

ယုရှင်းယွမ်၏ လှံတံက စတင်တိုက်ခိုက်သည်နှင့် ကြောက်မက်ဖွယ်အစွမ်းတစ်ခုကို လှစ်ဟပြသည်။ ထိုလက်နက်မှ ထွက်လာသော စစ်မှန်စွမ်းအင်ကို သာမန်မျက်စိဖြင့်ပင် အဝေးက မြင်နိုင်သည်။

ချူးယွင်ဖန်း၏ အမူအရာက မပြောင်းလဲသော်ငြား အလေးမထားသည့် သဘောတော့မဟုတ်နေပေ။ လူအနည်းစုက လှံတံကို လက်နက်အဖြစ် ရွေးချယ်မည်ဆိုတာ သူသိပြီးသားဖြစ်သည်။ ထိုလက်နက်က အစွမ်းထက်သော်ငြား အသုံးပြုနိုင်ရန် မြင့်မားသောလိုအပ်ချက်များစွာရှိသည်။ လှံတံအသုံးပြုသူသည် အလွန်အစွမ်းထက်ရမည့်အပြင် သိုင်းပညာမှာလည်း တဖက်ကမ်းကျွမ်းကျင်ဖို့ လိုအပ်သည်။ သို့တည်းမဟုတ်ပါက ထိုလှံတံ၏ အစွမ်းကို အကုန်ထုတ်သုံးနိုင်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာ ရန်ဂျွန်အသုံးပြုခဲ့သော လှံတံရှည်နှင့် ကွဲပြားသည်။ ယုရှင်းယွမ်၏ လက်နက်သည် အရှိန်ကြီးမားပြီး အသုံးပြုသော သိုင်းအပေါ်အခြေခံပြီး သုံးနိုင်သည်။ လိုက်လျောညီထွေရှိစွာသုံးနိုင်ပါက သူ့အစွမ်းသည် အံ့မခန်းဖြစ်သည်။

ရွှက်!

ချူးယွင်ဖန်းသည် သူ့နောက်မှာရှိသော ဓားကိုအနောက်မှထုတ်လိုက်ပြီး ချက်ချင်း ဆိုသလို တုံ့ပြန်သည်။ ချွမ်း!

ဓားသည် လှံတံနှင့် အရှိန်ပြင်းစွာ ထိရိုက်မိသွားသည်။ ကြီးမားသော ထိရိုက်သံကြီး တစ်ခု ထွက်ပေါ်လာကာ ပြင်းထန်သောစွမ်းအင်လှိုင်းတစ်ခုကို ဖန်တီးသည်။

ယုရှင်းယွမ်သည် လက်နှစ်ဖက်ဖြင့် လှံတံကိုကိုင်ထားသည်။ သူ၏ တိုက်ခိုက်မှုကို ဓားက ပိတ်ဆို့ထားပြီးနောက် ချက်ချင်းဆိုသလို ပေါ့ပါးပြီး ပြင်းထန်သော တိုက်ခိုက်မှုအသွင် ကူးပြောင်းကာ ချူးယွင်ဖန်းကို ထိုးစိုက်တော့သည်။

“ငါက ရန်ဂျွန်လို အင်အားသုံးဖို့ပဲ သိတဲ့လူမဟုတ်ဘူး” ဟု ယုရှင်းယွမ်က အော်သည်။ သူ၏ လှံတဲသည် နဂါးတစ်ကောင်အလား ချူးယွင်ဖန်းထံသို့ တည့်တည့် ထိုးစိုက်သည်။

ထိုတိုက်ခိုက်မှုသည် မြန်ဆန်တိကျသည်။ ရန်ဂျွန်၏ တိုက်ခိုက်မှုက အင်အားကို အခြေခံထားစဉ်တွင် ယုရှင်းယွမ်၏ တိုက်ခိုက်မှုသည် မြန်ဆန်မှုနှင့် အင်အားကို အခြေခံထားသည်။ ထိုနည်းလမ်းနှစ်ခုကြားမှာ ကွာခြားချက်မရှိပေ။ တစ်ခုတည်းသော ကွာခြားချက်က ထိုနည်းလမ်းကို အသုံးပြုသော လူများဖြစ်သည်။

ချူးယွင်ဖန်းသည် ယုရှင်းယွမ်၏ တိုက်ခိုက်မှုကြောင့် တွေဝေတုံ့ဆိုင်းခြင်း အလျဉ်းမရှိပေ။ ချွမ်း! ချွမ်း! ချွမ်း!

လက်နက်ချင်းထိရိုက်သံများက တစ်ချက်ပြီးတစ်ချက်ထွက်ပေါ်လာသည်။ ယုရှင်းယွမ်၏ လှံတံသည် နဂါးတစ်ကောင်နှင့် တူပြီး ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ဘက်ပေါင်းစုံမှ ခုခံထားသည်။

ရှည်လျားသောလက်နက်ကိုအသုံးပြုခြင်း၏ အားသာချက်ကို ထိုအချိန်မှာမြင် နေရသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုက မည်မျှပင် ပြင်းထန်နေပါစေ ထိုလက်နက်မှာ လည်း အဆုံးမဲ့အစွမ်းရှိနေသည်။ ချူးယွင်ဖန်းက ထိုလှံတံ၏ ခုခံမှုကို မထိုးဖောက်နိုင် ပါက သူ့အနေနှင့် အားသာချက် ပြည့်ပြည့်ဝဝရရှိမည်မဟုတ်ချေ။

သူ့ကို ပြင်ပအနေအထားမှ ကန့်သတ်ထားသဖြင့် ချူးယွင်ဖန်းက ထိုးနှက်ခံနေရပြီး သိပ်မကြာခင်မှာပင် ယုရှင်းယွမ်က သူ့ခုခံမှုကို ထိုးဖောက်နိုင်တော့မည်။

“အဲ့တာက အလကားပဲ။ မင်း ငါ့လှံတံကို မဖောက်နိုင်ပါဘူး။ ငါ့လက်နက်က တိုက်စစ် ရော ခံစစ်ရောနှစ်ခုလုံးအတွက် အသုံးဝင်တယ်။ ဘယ်သူမှ မဖြတ်ကျော်နိုင်ဘူး” ဟု ယုရှင်းယွမ်က ယုံကြည်ချက်ရှိစွာပြောသည်။

“တကယ်ပဲ ဘယ်သူမှ မထိုးဖောက်နိုင်ဘူးလား”

“ စီးဆင်းမှုကို ဖြတ်ပိုင်းခြင်း” ချူးယွင်ဖန်းက ဓားကို အားကုန်လွှဲပြီး အော်လိုက်တော့သည်။ သူ့ကိုယ်ထဲမှာရှိနေသော အစွမ်းများသည် ထိုဓားချက်မှာ စုဝေးထားပုံက မြစ်ပြင်ကျယ်ကိုပင် ချက်ချင်းပိုင်းဖြတ်နိုင်မည့် ပုံစံပေါက်နေသည်။

“စီးဆင်းမှုကို ဖြတ်ပိုင်းဓားချက်”

“လာပြီ..ဒါက အဲ့ဒါ ပဲ…” ဟု ဆိုတာ အို့ရန်၏ မျက်လုံးများပြူးကျယ်လာသည်။ သူက ထိုတိုက်ခိုက်မှုကိုမှတ်မိနေသည်။ ထိုအကွက်ကြောင့် သူက ချူးယွင်ဖန်းကို ရှုံးနိမ့်ခဲ့ရသည်။

ထိုအချိန်တုန်းက ချူးယွင်ဖန်းက ကံကောင်း၍ အနိုင်ရခဲ့သည်ဟု ထင်မြင်ကြသည်။ ထိုအကွက်ကြောင့် အို့ရန်သည် သူ၏ ချီပင်လယ်သတ္တမအဆင့် အစွမ်းကို အလုံးစုံထုတ်မပြနိုင်ပေ။ သို့သော် ယခုအနေအထားမှာတော့ ချူးယွင်ဖန်းသည် ထိုအကွက်ကို အသုံးချကာ အနိုင်ယူဖို့ မလိုကြောင်း သူသိသည်။

သို့သော် အို့ရန်က ထိုအကွက်ကိုမမေ့ချေ။ သူက ထိုသိုင်းအကွက်ဖြင့် ရှုံးနိမ့်ကတည်းက ထိုအကြောင်းကို နေ့ရောညပါ စဉ်းစားနေမိပြီး မည်သို့ ရင်ဆိုင်ရမည်ဆိုတာကို တွေးနေမိသည်။ အဆုံးသတ်မှာတော့ ထိုအရာက မဖြစ်နိုင်ကြောင်းကို လက်ခံလိုက်ရသည်။

ထိုအရာနှင့်ပတ်သက်ပြီးနှစ်လမ်းမရှိပေ။ သူက ချူးယွင်ဖန်းထက် ပိုပြီး အင်အားမကြီးမားပါက ထို သိုင်းကွက်ကိုရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

“ဒါက ဘာလဲ” ချူးယွင်ဖန်း၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ယုရှင်းယွမ်က ထိတ်လန့်သွားခဲ့ရသည်။ သို့သော် သူက အလိုအလျောက်ဆိုသလို လှံတံကိုမြှောက်ပြီး တိုက်ပွဲကိုလက်ခံလိုက်သည်။

ချွမ်း!

သံအချင်းချင်းပွတ်တိုက်မိသံထွက်လာသည်။ သူ၏ လှံတံကိုဆက်လက်ပြီး မထိန်းထားနိုင်တော့ဘူးဆိုတာကို ယုရှင်းယွမ်ခံစားမိသည်။ ထိုလှံတံသည် ကြိုးဝိုင်းပြင်ပကို လွင့်စင်ထွက်သွားပြီး သူ၏လက်ဖဝါးတစ်ခုလုံး ကွဲထွက်သွားသည်။ သူ၏ အမြင်များဝေဝါးကာ သူ့ရှေ့မှာ လူတစ်ဦးရပ်နေတာကို တွေ့ရသည်။

“သေစမ်း…ငါ့လက်ထဲမှာ လှံတံမရှိနေပေမဲ့ မင်းငါ့ကို အလွယ်တကူ အနိုင်မယူနိုင်ဘူး” ဟု ယုရှင်းယွမ်က ကြုံးဝါးသည်။

သူ၏ ကြီးမားသောလက်တစ်ဖက်သည် သူ့ပြိုင်ဘက်ကို ရုတ်တရက်ဆွဲယူလိုက်သည်။ လှံတံမရှိဘဲနှင့်တောင်မှ သူသည် ကြောက်စရာကောင်းနေဆဲဖြစ်သည်။

ယုရှင်းယွမ်၏ ရုတ်တရက်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ချူးယွင်ဖန်းက “တောဘုရင်” ဟု အော်ဟစ်လိုက်သည်။ ချူးယွင်ဖန်းသည် လက်သီးကို ဆုပ်လိုက်ပြီး လက်သီးတစ်ချက်ထိုးပစ်သည်။ဘန်း!

လက်သီးနှင့် လက်ဖဝါးဆုံတွေ့သောအခါ ယုရှင်းယွမ်က သူ၏လက်မောင်းတစ်ဖက် ထုံကျင်ကိုက်ခဲသွားတာကိုသိလိုက်ရသည်။

ထိုလက်သီးရဲ့ ပြင်းအားက တကယ့်ကို ကြောက်စရာပါလား!

ဘန်း! ဘန်း! ဘန်း!

ယုရှင်းယွမ်က လက်သီးတစ်ချက် အထိုးခံလိုက်ရသည်။ သူက တောင့်မခံနိုင်ဘဲ နောက်ကို တဖြည်းဖြည်းဆုတ်ခွါလာသည်။

ချူးယွင်ဖန်းက သူ့နောက်မှ ထပ်ကြပ်မခွါလိုက်လာသည်။ “တောဘုရင်” ဟု ချူးယွင်ဖန်းက ထပ်မံကြုံးဝါးပြန်သည်။

သူ၏ နောက်လက်သီးတစ်ချက်က ချူးယွင်ဖန်းဆီသို့ တည့်တည့်ကျရောက်လာသည်။ ယုရှင်းယွမ်က တုံ့ပြန်ဖို့ အချိန်မရှိဘဲ ရင်ဘတ်တည့်တည့်ကို အထိုးခံလိုက်ရသည်။ တခဏတာ ညဉ်းညူပြီးနောက် သူကမြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ကျလာသည်။

သူက ပြန်ထချင်သဖြင့် မည်မျှ ကြိုးစားနေကာမူ မလှုပ်ရှားနိုင်ပေ။ ထိုအရာသည် အရမ်းနာကျင်လွန်းလှသည်။

ထိုမှသာ လူအားလုံးက ယုရှင်းယွမ်ရှုံးနိမ့်တာကို သိကြသည်။ ချူးယွင်ဖန်းက ကြိုးဝိုင်းထဲတွင် မတ်တပ်ရပ်နေပြီး “နောက်ထပ်ဘယ်သူရှိသေးလဲ” ဟု မေးသည်။

All Chapters