အခန်း (၁၉၉-၂၀၁)
Vol. 14 Ch. 199-201
အပိုင်း (၁၉၉)- မြန်ဆန်သောအရှိန်နှုန်းကို ဆန့်ကျင်သည့် ပြိုင်ပွဲ
“ဘာ..ယုရှင်းယွမ်လည်း ရှုံးနိမ့်တယ်”
“မြန်လွန်းတယ်။ ယုရှင်းယွမ်က အမှတ်-၇ ကျောင်းရဲ့ နံပါတ်တစ်မလား”
“ဒါက အမှတ်၇ ကျောင်းကလူက အမှတ်၅ ကျောင်းကလူမဟုတ်ဘဲနဲ့ တခြားကျောင်းသား တစ်ဦးကို ပထမဆုံးအကြိမ်ရှုံးနိမ့်ဖူးခြင်းပဲ”
“သူက တော်လွန်းတယ်။ ဘယ်လိုကြောင့် ဒီလိုမျိုးတော်လာရတာလဲ”
“ဒီလိုလူမျိုးက အထူးကျောင်းကိုမသွားဘဲ ဘာကြောင့်မို့လို့ သာမန်ကျောင်းကို ရောက်လာခဲ့ရတာလဲ”
ပွဲကြည့်ပရိတ်သက်ဘက်မှ ဆူညံသံများထွက်လာကြသည်။ ချူးယွင်ဖန်းက ရန်ဂျွန်ကို အနိုင်ရတုန်းက ကံကောင်းလို့အနိုင်ရသည်ဟု ထင်မြင်ကြသည်။ သို့သော် ယခုအခါ ချူးယွင်ဖန်းက ယုရှင်းယွမ်ကိုလည်းပဲ အနိုင်ရသောအခါ ကံကောင်းလို့နိုင်ခြင်းမဟုတ်ဘဲ အလွန်တရာအားကောင်းသောကြောင့် အနိုင်ရသည်ဆိုတာ သိခဲ့ရသည်။
ဆွေးနွေးငြင်းခုံသံများ အစီအရီထွက်လာကြသည်။
ချူးယွင်ဖန်းက ထိုစကားကိုပြောချိန်တွင် သူ့တစ်ကိုယ်လုံးတွင် ချွေးများရွှဲနစ်နေသည်။ သူက ရုတ်တရက်ဆိုသလို စီးဆင်းမှုကို ဖြတ်တောက်ခြင်းဓားးသိုင်းကိုသုံးသောကြောင့် ယုရှင်းယွမ်ကို မြန်မြန်ဆန်ဆန် အနိုင်ရခြင်းဖြစ်သည်။သို့သော် ထိုအကွက်က သူ၏အင်အားများစွာကို ကုန်ဆုံးစေသည်။ ထို့ပြင် သူက နှစ်ပွဲဆက်တိုက်လည်း တိုက်ခိုက်လာသူဖြစ်သဖြင့် သူ့အင်အားများ ကုန်ခမ်းနေတော့သည်။
လှပသောလူတစ်ဦးက ကြိုးဝိုင်းထဲသို့ ကျက်သရေရှိစွာလှမ်းဝင်လာသည်။ သူမ၏ ဖြူလျသောလက်တစ်စုံက ချူးယွင်ဖန်းကို အားဖြည့်ဆေးတစ်ဘူးကိုလှမ်းပေးသည်။ သူက ဆေးဘူးကိုလှမ်းယူပြီးမော့ကြည့်သောအခါ တခြားသူမဟုတ်ဘဲ တန်စီယု ဖြစ်နေသည်။
“မြန်မြန်အားပြည့်အောင် သောက်လိုက်”
ချူးယွင်ဖန်းလည်း နှစ်ခါပြောစရာပင်မလိုတော့ပေ။ ဆေးသောက်လိုက်ပြီးနောက် သူ၏ အားအင်များ ပြန်လည်ပြည့်ဖြိုးလာတော့သည်။ သူ့ကိုယ်ထဲမှာရှိသော မောပန်းနွမ်းနယ် မှုများအားလုံး ပျောက်ကွယ်သွားတော့သည်။ သူက အားကုန်သုံးပြီးသည့်တိုင်အောင် သူ၏ အင်အားများ အနည်းငယ်ပြည်လည်ပြည့်တင်းလာသည်ဟု ခံစားမိသည်။ သူက စစ်နတ်ဘုရားသိုင်းကို စတင်ပြီး အသက်သွင်းသည်။တခဏအတွင်းမှာ သူ့အင်အား တစ်ဝက်လောက်ကို ပြန်လည်ဖြည့်တင်းပြီးသကဲ့သို့ ခံစားမိသည်။ ထိုကဲ့သို့ ပြန်လည်ကောင်းမွန်လာသော နှုန်းသည် မြန်ဆန်လွန်းလှသည်။
အားလုံး၏ အကြည့်က ထုံရှင်းရန်ဆီသို့ ကျရောက်လာသည်။ ထိုအချိန်မှာ ချူးယွင်ဖန်းသည် ယွမ်နင်းခရိုင်၏ ထိပ်သီးသုံးဦးထဲမှ နှစ်ဦးကို အနိုင်ရနေပြီဖြစ်ပြီး ထုံရှင်းရန်သာကျန်နေသည်။ သူမသည် ချူးယွင်ဖန်းကို တားဆီးပြီး နာမည်ကြီးတက္ကသိုလ်များ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆည်ပေးနိုင်မည့် တစ်ဦးတည်းသောလူဖြစ်သည်။ သို့မဟုတ်ပါက ချူးယွင်ဖန်းသည် ဖျက်မြင်း တစ်ကောင်အဖြစ် သမိုင်းတွင်ကာ ဆုများကို သိမ်းပိုက်နိုင်တော့မည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲကို ကျင်းပကတည်းက ယခုအချိန်ထိ သာမန်ကျောင်းမှ ကျောင်းသားတစ်ဦးက ချန်ပီယံဆုကို ရယူနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“ဒီနှစ် ကျောင်းပေါင်းစုံတွေ့ဆုံပွဲက တကယ့်ကို မမျှော်လင့်တာတွေ ဖြစ်ပျက်နေတာပဲ”ဟု မစ္စတာလင်းကပြုံးပြီးပြောသည်။ထိုအချိန်တွင် ယုချိုင်ကျောင်း၏ ဆရာများမျက်နှာပျက်နေကြသည်။
သို့သော် ယုရှင်းယွမ်ရှုံးနိမ့်ပြီးနောက် သူတို့၏ အမူအရာများ ပိုပြီးကောင်းမွန်လာသည်။ ယုရှင်းယွမ်တောင်ရှုံးနိမ့်တာမို့ သူတို့က ရန်ဂျွန်ကို သေချာပျိုးထောင်ထားခြင်း မဟုတ် သောကြောင့်ဟူသော စွပ်စွဲချက်ကို ငြင်းဆန်နိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ချူးယွင်ဖန်း ကိုယ်တိုင်က တော်လွန်းနေသောကြောင့်ဖြစ်သည်။ သူက တုံရှင်းရန်ကို အနိုင်ရလျှင် ပိုလို့တောင် ကောင်းမွန်ပေဦးမည်။ သူက ဖျက်မြင်း တစ်ကောင်ဖြစ်ကတည်းက ဆက်လက်ပြီး ယှဉ်ပြိုင်နေဦးမှာဖြစ်သည်။
ထိုအချိန်မှာ တုံရှင်းရန်သည် နောက်ဆုံးမှာထွက်ပေါ်လာသည်။ သူမက ချူးယွင်ဖန်းကို ကြည့်ပြီး “ငါ နင်ပင်ပန်းနေတာကို အခွင့်အရေးမယူပါဘူး။ အရင်ဦးဆုံးနားလိုက်ပါ။ နင် အမောပြေပြီဆိုမှ ငါတို့တိုက်ခိုက်ကြတာပေါ့” ဟု ဆိုသည်။
သို့သော် ချူးယွင်ဖန်းက အင်အားပြန်ပြည့်နေပြီဖြစ်တာမို့ “မလိုပါဘူး။ ငါလည်း အင်အားပြန်ပြည့်နေပြီ။ တိုက်ခိုက်နိုင်ပါတယ်”
တုံရှင်းရန်၏ ခံစားချက်မဲ့သောမျက်နှာသည် ချက်ချင်းဆိုသလို အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ပြသည်။ ချူးယွင်ဖန်းက ယုရှင်းယွမ်ကို အနိုင်ရသောအချိန်နှင့် သူမကကြိုးဝိုင်းထဲဝင်လာသောအချိန်သည် သိပ်ပြီးမကွာလှပေ။
ထိုအချိန် ခဏလေးအတွင်းမှာ ချူးယွင်ဖန်းသည် အားဖြည့်ဆေးတစ်ဗူးကို သောက် သုံးပြီး ဆက်ပြီးယှဉ်ပြိုင်နိုင်သည်အထိ အင်အားပြည့်လာသည်။ ထိုအချက်ကိုကြည့် ခြင်းဖြင့် သူ့မှာ မြင့်မားသောကြံ့ခိုင်မှုစွမ်းရည် ရှိရုံသာမက စစ်မှန်စွမ်းအင်လည်း ပေါကြွယ်ဝပေသည်။ သို့သော် သူ၏ ပြန်လည်ကောင်းမွန်လာသော နှုန်းသည် အံ့အားသင့်ဖွယ်ကောင်းပေသည်။ ထိုအရာသည် သန့်စင်ခြင်းအဆင့်မှာရှိနေသော လူ၏ ပြန်လည်ကောင်းမွန်သောနှုန်းထက် လွန်စွာမြန်ဆန်နေသည်။
သူမက ချူးယွင်ဖန်းနှင့် အချိန်ကြာကြာယှဉ်ပြိုင်ဖို့ မဖြစ်နိုင်ကြောင်း ထုံရှင်းရန်လည်း နားလည်သည်။ ထိုသို့ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးနေသလို ဖြစ်နေလိမ့်မည်။ ရန်ဂျွန်နှင့် ချူးယွင်ဖန်းယှဉ်ပြိုင်တုန်းကလည်း သူ့ထက်တစ်ဆင့်နိမ့်သည်ထင်ရသော ချူးယွင်ဖန်းကို ရန်ဂျွန်က အနိုင်မယူခဲ့ပေ။ထိုအစား ရန်ဂျွန်ကရှုံးနိမ့်ခဲ့ရသည်။
သူမအတွက် ရွေးချယ်စရာနည်းလမ်းအများအပြားမရှိနေပေ။ ထိုပြိုင်ပွဲကိုမြန်မြန်အဆုံးသတ်ရန်သာ သူမလုပ်နိုင်သည်။ တစ်ဖက်မှာလည်း သူ အသက်တစ်ချက်ရှုလိုက်တိုင်း အားအင်အနည်းငယ်ပြန်ပြည့်လာတာ ချူးယွင်ဖန်းကသိလိုက်ရသည်။
သူ့ရှေ့မှာရှိသော တုံရှင်းရန်က ခေါင်းညိမ့်ပြသည်။ သူမကစတင်ပြီး လှုပ်ရှားရန် စောနေသည်ဟု ထင်ရသော်ငြား အမှတ်-၅ ကျောင်း၏ ဂုဏ်သိက္ခာက သူမကိုရှုံးနိမ့်ခွင့် မပြုချေ။ သူမက တစ်ဦးတည်းမဟုတ်ဘဲ သူမကျောင်း၏ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာသော ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသည်။
“ဒါဆိုလည်း ငါမစောင့်တော့ဘူး” ဟုတုံရှင်းရန်က ဆိုသည်။
သူမက ချူးယွင်ဖန်းနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသော်ငြား သူ၏ဆက်တိုက်အနိုင်ရရှိမှုများက သူမကို ဖိအားများစေသည်။
သူမကဆက်ပြီးမစောင့်လိုတော့ပေ။
တုံရှင်းရန်က အလွန်လျင်မြန်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမက ချူးယွင်ဖန်းနားကိုရောက်လာသည်။ သူမကချူးယွင်ဖန်းရှေ့မှာ မတ်တပ်ရပ်နေသည့်တိုက်အောင် စတင်မလှုပ်ရှားသေးပေ။ သို့သ်ော သူမ၏ အလျင်က မြန်ဆန်လွန်းလှသဖြင့် တွေးကြည့်ဖို့တောင်ခဲယဉ်းလှသည်။
သူမကလျှပ်စီးတစ်ခုသဖွယ် ဖြာစင်းလာသည်။ တန်စီယုသုံးသော ဓားနှင့်ယှဉ်ပါက သူမ၏ဓားက သုံးပုံတစ်ပုံခန့် ပိုပါးလွှာသည်။ ထို့ကြောင့်ပင် သာမန်မျက်စိနှင့် မြင်ဖို့ခဲယဉ်းလှသည်အထိ ဓားကမြန်ဆန်သည်။
မြန်လိုက်တာ!
မြန်လိုက်တာ!
မြန်လိုက်တာ!
နီးနေပြီ!
နီးနေပြီ!
နီးနေပြီ!
တုံရှင်းရန်၏ တိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ ရှေ့မှောက်ကို ရောက်လာချိန်တွင် ဖျက်ခနဲလင်းသော အလင်းတန်းတစ်ခုအဖြစ်သာ မြင်တွေ့ရသည်။ ချူးယွင်ဖန်းလည်း ချက်ချင်းဆိုသလို နားလည်လိုက်သည်။ ထိုသုံးဦးထဲတွင် ရန်ဂျွန်က အင်အားကိုသုံးပြီး ယုရှင်းယွမ်က အမြန်နှုန်းနှင့် အင်အားကို မျှတစွာအသုံးပြုချိန်တွင် တုံရှင်းရန်က ပြိုင်ဘက်ကို အလဲထိုးရန် အမြန်နှုန်းကိုသုံးသည်။
ထိုနည်းလမ်းသုံးခုက တစ်ခုနှင့်တစ်ခုမကွာပေ။ ပရိတ်သက်၏ အမြင်မှာတော့ချူးယွင်ဖန်းသည် တုံရှင်းရန်၏ အလွန်လျင်မြန်သော တိုက်ခိုက်မှုကို လုံးဝမမှုချေ။ သူက ထူးဆန်းသောအခြေအနေတစ်ခုမှာရှိပုံရသည်။ ထိုဓားချက်၏ လှုပ်ရှားမှုသည် သာမန်လူတွေအဖို့မြင်နိုင်ရန် ခဲယဉ်းလှသော်လည်း သူ့မျက်လုံးထဲမှာတော့ နေ့ဘက်အခါကဲ့သို့ ကြည်လင်နေသည်။
ရွှက်!
ချူးယွင်ဖန်းက သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုကလည်း မြန်ဆန်ပြီး လွန်စွာမှ တည်ငြိမ်သည်။ သူက ဓားကိုမြှောက်ပြီး ထုံရှင်းရန်၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။ချွမ်း!
ပွဲကြည့်ပရိတ်သက်က ဘာမှမတုံ့ပြန်နိုင်သေးခင်မှာ လက်နက်နှစ်ခု ထိရိုက်မိသံကို ပီပီပြင်ပြင်ကြားလိုက်ရသည်။ တစ်ခဏလေးအတွင်းမှာ နှစ်ဖက်လုံးက အပြန်အလှန်ချနေကြသည်။ တုံရှင်းရန်၏ တိုက်ခိုက်မှုကို ချူးယွင်ဖန်းက ခုခံသည်။
လူအုပ်ကြီးက မြင်အောင်လိုက်မကြည့်နိုင်တော့ဘဲ မူးဝေလာသည်။
ချူးယွင်ဖန်းနှင့် ရန်ဂျွန်၏ တိုက်ခိုက်မှုက သားရဲကောင်နှစ်ကောင်ကြားက ကြောက်မက်ဖွယ်ထိခိုက်မှုနှင့်တူပြီး ကြီးမားသောစွမ်းအင်လှိုင်းတစ်ခုကို ဖြစ်စေသည်။ ချူးယွင်ဖန်းနှင့် တုံရှင်းရန်ကတော့ အရည်အချင်းနှင့် အမြန်နှုန်းကို စမ်းသပ် နေကြခြင်းဖြစ်သည်။ တုံရှင်းရန်က အလွန်လျင်မြန်သည်။ သူမ၏ ကိုယ်ဟန်အနေအထားက အမြဲလိုလိုပြောင်းလဲနေပြီး သူမပြုလုပ်သော တိုက်ခိုက်မှုတိုင်းသည် အသင့်တော်ဆုံးသော ကိုယ်ဟန်အနေအထားကိုပြသနေသည်။
ထိုအချိန်မှာ ချူးယွင်ဖန်း၏ဓားကလည်း အကောင်းမွန်ဆုံးခုခံကာကွယ်နိုင် နေသည်။
“အရမ်း…မြန်လွန်းတယ်”
အပိုင်း ၂၀၀- ရိုးရှင်းသောသိုင်းပညာ၏ ကြောက်မက်ဖွယ်အစွမ်း
ယုချိုင်ကျောင်းသားများသည် စိတ်လှုပ်ရှားဖွယ်တိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ကြရသည်။ သူတို့သည် ယုချိုင်ကျောင်းကဲ့သို့ ဂုဏ်သိက္ခာရှိသောကျောင်းမှ ကျောင်းသားများဖြစ်ကြသော်လည်း သူတို့ထဲမှ အများစုသည် ကျောင်းအသီးသီး၏ ထိပ်သီးကျောင်းသား နှစ်ဆယ်နှင့် အလှမ်းကွာဝေးနေဆဲဖြစ်သည်။ ချူးယွင်ဖန်း၊ တုံရှင်းရန်၊ ယုရှင်းယွမ်နှင့် ရန်ဂျွန်တို့ကြားက ပြိုင်ပွဲသည် ထိပ်သီးကျောင်းသားများနှင့် သာမန်ကျောင်းသားများအကြားကွာဟမှုကို နားလည်စေသည်။
သူတို့၏ အဆင့်အတန်းကြားမှာသာ ကွာဟချက်ရှိတာ မဟုတ်နေပေ။ သူတို့၏ တိုက်ပွဲအတွေ့အကြုံ၊ တိုက်ပွဲဝင်အနေအထား နှင့် သိုင်းကွက်အမျိုးမျိုးမှာ လုံးဝကွဲပြားနေသည်။ထိုအရာများအားလုံး ပေါင်းစည်းပါက ဘက်ပေါင်းစုံမှာ ကြီးမားသော ကွာဟချက်တစ်ခုဖြစ်နိုင်သည်။ သူတို့သည် နှစ်ယောက်စလုံး၏ အပြန်အလှန်တိုက်ကွက်များကို ကြည့်ရုံသာသက်နိုင်သည်။ အလွန်ထိတ်လန့်စရာကောင်းသည်။
ထိုအရာသည် အထူးသဖြင့် တုံရှင်းရန် အတွက် မှန်ကန်သည်။ သူမသည် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသောနတ်သမီးတစ်ပါးသဖွယ် တိတ်ဆိတ်စွာထိုင်နေတာကို အများစုက မြင်ကြရသည်။ သူမက ထိုမျှလောက် အင်အားပြင်းထန်မည်ဟု မည်သူက တွေးမိမည်နည်း။ သူမ၏ ပုံစံက အသက်တစ်ခါရှုတိုင်းမှာ ပြောင်းလဲနေပြီး သူမ၏ တိုက်ခိုက်မှုများက ပြင်းထန်ပြီး လျှို့ဝှက်ဆန်းကြယ်သည်။
တစ်ဖက်မှာတော့ ချူးယွင်ဖန်းက တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နေသည်။
“သူက တောင်တစ်လုံးကဲ့သို့ တည်ငြိမ်တယ်။ တုံရှင်းရန်က ဘယ်လောက်ပဲတိုက်ခိုက်နေပါစေ သူမကို ကာကွယ်နိုင်တယ်။ သူ၏ ကာကွယ်မှုက တိကျပြီး တုံရှင်းရန်က တိုက်ခိုက်ဖို့ အခွင့်မသာခဲ့ပေ”
“တုံရှင်းရန်လည်း စိတ်မရှည်တော့ဘူး။ ဒီနည်းလမ်းက သူမရဲ့အင်အားကို များစွာကုန်ဆုံးစေတယ်။ ဒါပေမဲ့ ချူးယွင်ဖန်းကတော့ လှုပ်တောင်မလှုပ်ဘူး။ သူက မတ်တပ်ပဲရပ်နေပြီး တုံရှင်းရန်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်တယ်”ဟု ယုချိုင်ကျောင်းသားတစ်ဦးက မှတ်ချက်ပြုသည်။
တုံရှင်းရန်က နည်းလမ်းမှားပြီးရွေးချယ်မိပြီဟု ထိုကျောင်းသားက ခံစားမိသည်။ ထိုအချိန်မှာ ဆေးကုသခံပြီးနောက် ပြန်ကောင်းလာသောချူးယွင်ဖန်းက ထိုင်ခုံပေါ်မှာ ပြန်လာထိုင်သည်။
သူက “မင်းတော့မှားပြီ။ ချူးယွင်ဖန်းက ပါရမီပါတာပဲလား သို့ သူသုံးတဲ့ ကျင့်ကြံခြင်းသိုင်းကရော အရမ်းကောင်းနေတာလားတော့ ငါမသိဘူး။ သူ့ရဲ့ စွမ်းအင်ဖြည့်တင်းနိုင်စွမ်းက ကြောက်မက်ဖွယ် ကောင်းလှတယ်။ သူက သန့်စင်ခြင်းအဆင့်မှာရှိတဲ့ ကျွမ်းကျင်သူထက် ပိုပြီးမြန်ဆန်တယ်။ ပြိုင်ပွဲက ဒီအတိုင်းသာဆက်သွားလျှင် တုံရှင်းရန်က သေချာပေါက်ရှုံးမှာ။ သူမမှာ နိုင်ဖို့အခွင့်အလမ်းမရှိဘူး”
“မင်း အနိုင်ရလိုလျှင် တစ်နည်းပဲရှိတယ်။ အဲ့နည်းက ပွဲစကတည်းက ချူးယွင်ဖန်းကို လျှပ်စီးအလျင်နဲ့ အနိုင်ယူဖို့ပဲဖြစ်တယ်” ဟုရန်ဂျွန်ကဆိုသည်။
“တုံရှင်းရန်ရဲ့ခံနိုင်ရည်က အစပိုင်းမှာအမြင့်ဆုံးဖြစ်တယ်။ သူမက အနိုင်ရချင်လျှင် ခုချိန်မှာ အနိုင်ယူသင့်တယ်။ နောက်ဆုံးအဆုံးအဖြတ်က လာတော့မယ်”
ရန်ဂျွန်က ကြိုးဝိုင်းထဲက လူနှစ်ဦးကို စူးစိုက်ကြည့်သည်။ မည်သူအနိုင်ရမည်ဆိုတာ မသိသောကြောင့် သူ၏ခံစားချက်များရောထွေးနေသည်။ သူ့အတွက် ယခုအကြိမ်ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ရှုံးနိမ့်ခဲ့ရသည်။ သူက ချန်ပီယံဆုကိုရချင်ခဲ့သော်ငြား ချူးယွင်ဖန်းကို အရေးနိမ့်ခဲ့ရသည်။ ထို့ကြောင့် မည်သူပဲအနိုင်ရပါစေ သူ့အတွက် ဘာမှအရေးမပါတော့ပေ။
တစ်ဖက်မှာတော့သူသည် နာမည်ကြီးကျောင်းများ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အလို့ငှါ တုံရှင်းရန်ကို အနိုင်ရလိုသည်။တစ်ဖက်မှာတော့ သူကိုယ်တိုင်လည်း မရှုံးနိမ့်လိုပေ။ ထိုသို့ရှုံးခဲ့ပါက ထိပ်သီးသုံးဦးစလုံးအတူတကွ ရှုံးနိမ့်ပြီး စမှတ်ကိုပြန်သွားရတော့မည်။
ထိုကဲ့သို့ ရှုပ်ထွေးလှသောခံစားချက်ကြောင့် သူဆုံးဖြတ်ချက်မချနိုင်ပေ။ ထို့ပြင် သူတို့နှစ်ဦးလုံးထဲမှ မည်သူ့ကိုမှ ချန်ပီယံဆု မရစေလိုပေ။
သူတို့အသက်ရှုဖို့ မေ့သည်အထိ အားလုံးသည် ရင်သပ်ရှုမောနေရသည်။ နောက်ဆုံး အဆုံးအဖြတ်ပွဲဖြစ်တာမို့ အနိုင်ရရှိသူသည် ယခုနှစ်၏ ချန်ပီယံဖြစ်လာတော့မည်။ ယုချိုုင်ကျောင်းက အထုတ်ခံလိုက်ရသော်လည်း ယုချိုင်ကျောင်းသားများသည် ပြိုင်ပွဲကိုကြည့်နေစဉ်မှာ အသက်ရှုဖို့တောင်မေ့နေရသည်။
အမှတ်-၁၃ ကျောင်းသားများက လက်ချင်းချိတ်ထားကြပြီး အသက်ရှုဖို့လေးလံနေကြသည်။ ထိုအခိုက်တန့်သည် သမိုင်းဝင်တော့မည်။
အမှတ် -၁၃ ကျောင်း၏ သမိုင်းမှာ ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်သော ကျောင်းသားဟူ၍ မရှိပေ။ ချန်ပီယံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်း မပြည့်မီဘူးဟု ဆိုနိုင်သည်။ နောက်ဆုံးပြိုင်ပွဲ ကိုယှဉ်ပြိုင်ရန် အရည်အချင်းမကန့်သတ်ထားသော်ငြား သူတို့မှာ ထူးချွန်သောကျောင်းသားဟူ၍ မရှိဖူးခဲ့ပေ။ သူတို့ဝင်ရောက်ယှဉ်ပြိုင်ပါက ဂုဏ်သိက္ခာချနေသလိုဖြစ်မည်။
ချူးယွင်ဖန်းက ချန်ပီယံပြိုင်ပွဲကို တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းပုံကို ရင်သပ်ရှုမောဖွယ်ကြည့်ရသည်။ သူသည် ချန်ပီယံဆုကို အမြဲလိုလို သိမ်းပိုက်ထားသော ယွမ်နင်းခရိုင်၏ ထိပ်သီးကျောင်းသားနှစ်ဦးကို ဆက်တိုက်ဆိုသလို အနိုင်ရခဲ့သည်။
ပြီးတော့ ဤပြိုင်ပွဲသည် နောက်ဆုံးအဆင့်ဖြစ်သည်။
သူတို့သည် ယွမ်နင်းခရိုင်၏ ချန်ပီယံဆုကို တစ်ခါမှ အိမ်မက်မမက်ဖူးခဲ့ပေ။ ယခုတော့ ထိုအိမ်မက်သည် သူတို့၏ မျက်စိရှေ့တစ်ကမ်းကိုရောက်လာသည်။ ထိုအချိန်မှာ ချူးယွင်ဖန်းနှင့် ဆက်ဆံရေးကောင်းမွန်သော အို့ရန်ဖြစ်စေ ချူးယွင်ဖန်းနှင့် ဆက်ဆံရေးမပြေလည်သော ကျန်းထျန်ဖြစ်စေ နှစ်ဦးလုံးသည် ကြိုးဝိုင်းထဲကိုကြည့်ပြီး ချူးယွင်ဖန်းအနိုင်ရဖို့ကိုသာ ဆုတောင်းနေသည်။
အမှတ်-၁၃ ကျောင်းကဲ့သို့ သာမန်ကျောင်း၏ ကျောင်းသားမဟုတ်ပါက ချန်ပီယံဆုကို အနိုင်ရလိုသည့် စိတ်ဆန္ဒကို နားလည်ပေးနိုင်မည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဆုသည် အလွန်တရာကောင်း မွန်လှသော မျှော်လင့်ချက်ဖြစ်သည်။ ပြီးတော့ တစ်ချိန်တည်းဆိုစလို သာမန်ကျောင်း၏ ကျောင်းသားများသည် နာမည်ကြီးကျောင်း၏ ကျောင်းသားများထက် မညံ့ကြောင်းလည်း သက်သေပြလိုသည်။
ဤအရာသည် သူတို့၏ နှလုံးသားထဲမှာရှိသော နောက်ဆုံးခုခံမှုဖြစ်သည်။
ရုတ်တရက်ဆိုသလို တုံရှင်းရန်က ရပ်လိုက်သည်။ အားလုံး၏ စိတ်များလှုပ်ရှားနေကြသည်။ အထူးသဖြင့် ကျွမ်းကျင်သူများသည် မကြာမီအချိန်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချတော့မည်ဆိုတာ သိကြသည်။
“သက်တံ့ရောင်ခြည်ဓားသိုင်း ”
တုံရှင်းရန်က အားပါးတရအော်ဟစ်ပြီး ရှေ့ကိုတိုးလာသည်။ သူမ၏ ဓားချက်သည် ချူးယွင်ဖန်းဆီသို့ တိုက်ရိုက်ဦးတည်လာနေသည်။
ထိုတိုက်ခိုက်မှုနှုန်းသည် မြန်ဆန်လှသည်။ သူမ၏ ယခင်တိုက်ခိုက်မှုနှင့် ယှဉ်ပါက ၃၀% ပိုပြီး မြန်ဆန်သည်။
တုံရှင်းရန်၏ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပေါ်လာသည်။ သူမကချူးယွင်ဖန်းကို အငိုက်ဖမ်းရန် သူမ၏ တိုက်ခိုက်မှုနှုန်းကို လျှိုထားခဲ့သည်။ ထိုအရာက သူမ၏ မဟာဗျူဟာဖြစ်သည်။ သို့တည်းမဟုတ်ပါက သူတို့နှစ်ဦးကြားမှာရှိသောပြိုင်ပွဲသည် အချိန်ကြာနေရော့မည်။ သို့သော် သူမက မခန့်မှန်းနိုင်ခဲ့သည်မှာ သူမက အရှိန်မြှင့်တင်သလို ချူးယွင်ဖန်းကလည်း အရှိန်လိုက်မြှင့်နိုင်ခဲ့သည်။
ချွမ်း!
ချူးယွင်ဖန်းက ချက်ချင်းဆိုသလို သူမ၏တိုက်ခိုက်မှုကို ကာဆီးလိုက်သည်။ ထိုတိုက်ကွက်သည် ပြိုင်ပွဲကို အဆုံးသတ်ရန် ထုတ်သုံးသောအကွက်ဖြစ်သော်ငြား ချူးယွင်ဖန်းက ကာကွယ်လိုက်နိုင်သည်။
“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟု တုံရှင်းရန်က တအံ့တဩဖြစ်နေပြီး သွေးပျက်ခြောက်ခြားနေသည်။
“နင်ကလည်း နင့်အစွမ်းတွေကို အကုန်ထုတ်မသုံးခဲ့ဖူးပဲ””
“ဟုတ်တယ်..ငါက နင့်ကိုစမ်းသပ်နေတာ။ ခုငါ့ဘက်ကပြန်တိုက်ခိုက်ဖို့ အချိန်ရောက်ပြီ”
ချူးယွင်ဖန်းက ပြောရင်းဆိုရင်း သူ့လက်ထဲကဓားကို ထုတ်လိုက်သည်။
မြန်ဆန်တယ်..
မြန်တယ်..
မြန်လိုက်တာ..
ချူးယွင်ဖန်းက ခံစစ်အနေအထားမှာ တုံရှင်းရန်၏တိုက်ခိုက်မှုကို ခုခံနေတုန်းက သူ၏ အမြန်နှုန်းကို အပြည့်အဝမပြနိုင်ပေ။ ယခုအခါမှာ သူက ခံစစ်အနေအထားမှ တိုက်စစ်အနေအထားသို့ပြောင်းလဲချိန်တွင် သူ၏အမြန်နှုန်းအားသာချက်က ပေါက်ကွဲထွက်လာသည်။
လေဟုန်တိုက်ခွင်းဓားသိုင်း
ချူးယွင်ဖန်းက သူ၏လက်ရှိအင်အားကို ပြသချိန်တွင် အားပြင်းသောမုန်တိုင်းတစ်ခုဖြတ်တိုက် သွားသလိုဖြစ်နေသည်။ စစ်မှန်စွမ်းအင်၏ ကြီးမားသောပမာဏကို ဖြန့်ကျက်ထားသောအခါ ကောင်းကင်တစ်ခုလုံးသည် အရိပ်များနှင့်ပြည့်နှက်နေသည်။
“ဒါက အရမ်းရိုးရှင်းတဲ့သိုင်းပညာရပ်နည်းလမ်းတစ်ခုဆိုတာ ငါ မှတ်မိတယ်။ ဒါပေမဲ့ သူ့လက်ထဲရောက်တော့ ဒီသိုင်းက ဘာကြောင့် အရမ်းပြင်းထန်သွားရတာလဲ” ဟု ချူးယွင်ဖန်း၏ အံ့အားသင့်ဖွယ်ဓားသိုင်းကို မျက်ဝါးထင်ထင်ကြုံ တွေ့ရသော ယုရှင်းယွမ်က မေးသည်။
အခန်း(၂၀၁) ကျောင်းပေါင်းစုံတွေ့ဆုံပွဲ ချန်ပီယံ
ဤဓားသိုင်းကွက်များသည် လေဟုန်တိုက်ခွင်းဓားသိုင်းဖြစ်ကြောင်း ယုရှင်းယွမ် ချက်ချင်းပင် သိလိုက်သည်။ အထက်တန်းကျောင်းခုနှစ်ကျောင်းအနက်တွင် လေဟုန်တိုက်ခွင်းဓားသိုင်းအား ရွေးချယ်ခဲ့ကြသည့် ကျောင်းသားများစွာရှိသော်လည်း အခြေခံဓားသိုင်းတစ်ခုသည် အခြေခံဓားသိုင်းတစ်ခုအဆင့်သာရှိသဖြင့် မည်မျှ အစွမ်းထက်နိုင်လိမ့်မည်နည်း။
သို့သော် ချူးယွင်ဖန်း၏စွမ်းဆောင်မှုသည် ယုရှင်းယွမ်၏ ခံယူချက်ကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်သည်။ ယင်းသည် အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံးဓားသိုင်းတစ်ခုဖြစ်သော်လည်း ချူးယွင်ဖန်းလက်ထဲတွင် စိတ်ကူး၍ပင်မရလောက်သော ကြောက်မက်ဖွယ်စွမ်းအားကို ပြသလျက်ရှိသည်။
အသုံးမဝင်သောအရာတစ်ခုကို အံ့ဖွယ်တစ်ခုအဖြစ် မှော်ဆန်စွာပြောင်းလဲပစ်ခြင်း၏ အဓိပ္ပါယ်မှာ အဘယ်နည်း။
ဤသည်မှာ အသုံးမဝင်သောအရာအား အံ့ဖွယ်အဖြစ်ပြောင်းလဲပစ်လိုက်ခြင်းပင်ဖြစ်သည်။
လေဟုန်တိုက်ခွင်းဓားသိုင်းသည် လျင်မြန်မှုကို အခြေခံထားသော်လည်း ချူးယွင်ဖန်း၏ လက်ထဲတွင်မူ ထူးကဲကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကို ပြသလျက်ရှိသည်။
ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်လျက်ရှိကာ တိုက်ခိုက်သံများဆက်တိုက်ပေါ်ထွက်လာ၏။ သူ၏သိုင်းသည် မြန်ဆန်ကာ အညှာအတာမဲ့၍ ပြင်းထန်လွန်းသည်။ ထုန်ရှင်းရန်သည် မြန်သော်လည်း ကြံခိုင်မှုအပိုင်းတွင်မူ သူမသည် အားသာခြင်းမရှိပေ။ ချူးယွင်ဖန်းသည်မူ ကွဲပြား၏။ သူသည် လျင်မြန်သည့်အပြင် သိုင်းကွက်တိုင်းတွင်လည်း အားအင်အပြည့်ပါဝင်နေ၏။ ဤသည်က သူနှင့် တုံရှင်းရန်တို့ကြား ကွာခြားချက်သာဖြစ်သည်။
တုံရှင်းရန်သည် ဤခြားနားချက်ကို ချက်ချင်းသတိပြုမိသဖြင့် ဓားချက်များကိုဟန့်တားရန်ကြိုးပမ်းသော်လည်း စွမ်းအင်ကွာဟချက်သည် သူမအပေါ်သို့ လွန်စွာလွှမ်းမိုးနေသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် ဓားရှည်သည် သူမလက်ထဲမှ လွတ်ကျလုမတတ်ပင် ဖြစ်သွား၏။
ချူးယွင်ဖန်းနှင့် ရန်ဂျွန် တို့၏ အစောပိုင်းမှ တိုက်ခိုက်မှုတွင် လှုပ်ရှားမှုတိုင်း၊ သိုင်းကွက်တိုင်းသည် အရှိန်ပြင်းလွန်းသဖြင့် လူတိုင်း ယင်းကို ဂရုစိုက်နေခဲ့ရသည်။ သို့သော် ထိုအချိန်က သူမသည် တိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျမပါဝင်ခဲ့သဖြင့် ချူးယွင်ဖန်း မည်မျှအစွမ်းထက်မည်ကို မသိခဲ့ပေ။
ယခုမူ ကိုယ်တိုင်ကြုံတွေ့နေရပြီဖြစ်သဖြင့် သူမပို၍ပင် ကြောက်ရွံလျက်ရှိသည်။
အစပိုင်းတွင် ချူးယွင်ဖန်း၏ ဓားချက်များကို ခံနိုင်ရည်ရှိသော်လည်း နောက်ဆုံးတွင်မူ သူမ၏လက်များ စတင်ထုံကျင်လာသည်။ သူမမည်မျှပင် စွမ်းအင်များကို အသုံးပြုနေသော်လည်း ထိုထုံကျင်မှုမှာ မသက်သာသွားခဲ့ပေ။ ခံနိုင်ရည်အားသည် တဖြည်းဖြည်းလျော့ကျလာသဖြင့် သူမတွင် ချို့ယွင်းချက်တစ်ခု စတင်ပေါ်လာ၏။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ” ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် ၎င်းအား အနိုင်မယူနိုင်လောက်တော့ဟု တုံရှင်းရန် ထင်မြင်လျက်ရှိသည်။
ချူးယွင်ဖန်း၏အမြန်နှုန်း၊ ခွန်အားနှင့် သိုင်းပညာတို့သည် အထွတ်အထိပ်သို့ရောက်ရှိလျက်ရှိသဖြင့် သူမပြန်လည်တိုက်ခိုက်ရန်ပင် မတွေးနိုင်လောက်အောင်ဖြစ်လျက်ရှိ၏။ တဖြည်းဖြည်းနှင့် ကွင်း၏ အစွန်းဘက်သို့ တွန်းပို့ခံနေရလျက်ရှိကာ နောက်သို့သာ ထပ်မံဆုတ်သွားခဲ့လျှင် တုံရှင်းရန် စင်ပေါ်မှ ပြုတ်ကျသွားရန်သာကျန်တော့၏။
“သက်တံ့ရောင်ခြည်ဓား”တံုရှင်းရန်က အော်လိုက်သည်။
သူမ ယခုအသုံးပြုလိုက်သော ဓားသိုင်းသည် သက်တံ့ရောင်ခြည်ဓားသိုင်း ဖြစ်သည်။ ဤသိုင်းပညာတွင် အရှိန်အဟုန်ကို အလွန်အမင်း အထူးပြုထားသည့်အပြင် ၎င်းသည် သက်တန့်ရှည်တစ်ခုနှင့်ပင်တူ၏။ သူမသည် နောက်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့သာဆက်တိုးလျက်ရှိသည်။ သူမသည် အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်ဖြင့် ချူးယွင်ဖန်းအားအကြင်အနာကင်းစွာ တိုက်ခိုက်လျက်ရှိသည်။ တိုက်ခိုက်လိုက်တိုင်းတွင် ဓားသည် သက်တံ့ရောင်စင်များထွက်လာ၏။ နောက်ဆုံးအခွင့်အရေးကို ဆုတ်ကိုင်ကာ ကောင်းကင်၌ပြည့်နှက်နေသော အရိပ်မဲများကို ဤဓားချက်များဖြင့် ဖယ်ထုတ်ပစ်လိုက်သည်။
သို့သော် သက်တံ့ရောင်ခြည်များ ဖျာထွက်လျက်ရှိသည့် ဤဓား၏ ရှေ့မှောက်တွင်ပင် ချူးယွင်ဖန်းသည် အနည်းငယ်မျှ ထိတ်လန့်သွားခြင်းမရှိပေ။ သူသည် ခပ်အေးအေးပင် ခြေတစ်လှမ်းဆုတ်ကာ သူ၏ ဓားကို အသုံးပြုနိုင်ရန် နေရာအလုံအလောက်ချန်ထားလိုက်၏။
ထို့နောက်တွင် သူ၏ ဓားသည် တောင်တစ်လုံး၏ အားမာန်ဖြင့် တုံရှင်းရန်၏ ဓားချက်ကို တားဆီးလိုက်သည်။
ကျယ်လောင်သော ဓားချင်းတိုက်မိသံနှင့်အတူ တုံရှင်းရန်၏ လက်ထဲမှ ဓားသည် အရှိန်ပြင်းစွာတုန်ခါသွား၏။ နောက်ဆုံးတွင်မူ သူမ ဆက်လက်၍ မထိန်းနိုင်တော့ပေ။ သူမ၏ လက်ထဲတွင်ရှိသော ဓားရှည်သည် သက်တံ့တစ်စင်းလွင့်ထွက်သွားသကဲ့သို့ ကွင်းအပြင်ဘက်ရှိမြေကြီးပေါ်သို့ကျသွား၏။
ချူးယွင်ဖန်းသည် အလွန်အစွမ်းထက်သဖြင့် တုံရှင်းရန်သည် သူနှင့် ဆက်လက်မတိုက်ခိုက်နိုင်တော့ပေ။ ခွန်အားပိုင်းတွင် အလွန်သန်မာသည့် ရန်ဂျွန်ပင်လျှင် ချူးယွင်ဖန်းအားရှုံးနိမ့်ခဲ့သည်။ ထုန်ရှုင်းရန် အနိုင်ရရန် မည်သို့မျှော်လင့်၍ရလိမ့်မည်နည်း။
နှစ်ပေါင်းများစွာ ယွင်နင်ခရိုင်အားစိုးမိုးခဲ့သော ထိပ်တန်းသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သဖြင့် ရှုံးနိမ့်တော့မည့်အရိပ်အယောင်မြင်သော်လည်း တုံရှင်းရန်သည် အရှုံးမပေးချင်သေးပေ။
အကယ်၍ သူမ၏တိုက်ခိုက်မှုသာမအောင်မြင်ပါက လက်ထဲမှ ဓားရှည်ကို ဆက်လက်ကိုင်ထားနိုင်တော့မည်မဟုတ်ကြောင်း သိနေ၏။ သူမ၏ ခန္ဓာကိုယ်အကြောင်းကောင်းစွာသိသဖြင့် မိမိ၏လုပ်နိုင်စွမ်းထက်များစွာ ကျော်လွန်နေကြောင်း အလွန်ရှင်းလင်းစွာသိသည်။
ထို့ကြောင့် ၎င်းကိုလျစ်လျူရှု့လိုက်ကာ သူမ၏ ဖွေးဖွေးဖြူနေသည့် ကျန်လက်တစ်ဖက်ဖြင့် ချူးယွင်ဖန်း၏ ရင်ဘက်သို့ ရိုက်လိုက်သည်။
“တိမ်ပြိုလက်ဝါးသိုင်း”
သူမသည် အနိုင်မခံအရှုံးမပေးသော အရောင်အဝါဖြင့် အော်ဟစ်ကာ လက်ဝါးဖြင့် ရိုက်လိုက်သည်။
ဤသည်မှာ အလွန်ထက်မြတ်သော ဆန်းရှု့ သိုင်းပညာတစ်ခုဖြစ်သည်။ သူမအသုံးမပြုခဲ့လျှင် ကိစ္စမရှိသော်လည်း အသုံးပြုလိုက်သောအခါတွင် ထိုသိုင်း၏ စွမ်းအားသည် အမှန်တကယ်ပင် အလွန်အံ့အားသင့်ဖွယ်ကောင်း၏။ ယင်းသည် တစ်ဖက်လူ၏ အတွင်းအင်္ဂါများကိုပင် ချက်ချင်း ဖြိုခွဲဖျက်စီးဖြစ်နိုင်သည့် ကြောက်မက်ဖွယ် သိုင်းပညာတစ်ခုဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည်မူ အလွန်တည်ငြိမ်လျက်ရှိသေး၏။ သူသည် တုံရှင်းရန် တန်ပြန်တိုက်ခိုက်လာနိုင်ချေရှိသည်ကို ကြိုတင်ခန့်မှန်းထားနှင့်ပြီးသားဖြစ်၏။
“ကျားနတ်ဆိုး လက်သီးသိုင်း တောဘုရင်” ချူးယွင်ဖန်းက အော်လိုက်သည်။
ချူးယွင်ဖန်းသည် လက်သီးဆုပ်လိုက်ကာ တည့်တည့်ထိုးလိုက်၏။
ဘမ်း
သူ၏လက်သီးနှင့် ထိုဖြူဖွေးသော လက်ဝါးတို့ ထိတိုက်မိကြသောအခါတွင် နှစ်ဦးနှစ်ဘက်ကြား ကိုယ်ခံအား ကွာခြားချက်သည် ချက်ချင်းပင် သိသာထင်ရှားလာ၏။
ဘမ်း ဘမ်း ဘမ်း
တုံရှင်းရန်သည် လက်သီးကြောင့် နောက်သို့ဆုတ်လိုက်ရ၏။ သူမ၏ လက်များသည် အလွန်တုန်လျက်ရှိကာ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ခွန်အားကို မခံနိုင်တော့ပေ။
ထို့နောက် သူမပြန်လည်မတုံ့ပြန်နိုင်စဥ်တွင်ပင် အနက်ရောင်အရိပ်တစ်ခု သူမထံသို့ ဦးတည်လျက်ရှိသည်ကို မြင်လိုက်ရ၏။
“မကောင်းတော့ဘူး” တုံရှင်းရန်ကအော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။ အရိပ်တစ်ခုသည် လေကိုခွင်းကာအချိန်တိုအတွင်းတွင်ပင် သူမ၏ လည်ပင်းထံသို့ တစ်ဟုန်ထိုး ရောက်ရှိလာ၏။
တုံရှင်းရန်သည် လည်ပင်းမှ အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည့်အချိန်တွင် သက်ပြင်းချကာ ပြောလိုက်သည်။
“ငါရှုံးတယ်”
ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို တုံရှင်းရန်၏ လည်ပင်းထက်သို့ တင်ထား၍ ဓား၏ ချွန်ထက်မှုကြောင့် သူမ၏ နူးညံ့သော အရေပြားသည် နာကျင်လျက်ရှိ၏။
တုံရှင်းရန်ရှုံးသွားခဲ့ပြီဖြစ်သော်လည်း မျှော်လင့်ထားနှင့်ပြီးဖြစ်သဖြင့် စိတ်ပျက်သွားခြင်းမရှိခဲ့ပေ။
ရန်ဂျွန်၊ ယုရှင်းယွမ်နှင့် သူမတို့သည် မတူညီသော နယ်ပယ်သုံးခုတွင် ထူးချွန်ကြသည်။ သို့သော် ချူးယွင်ဖန်းသည် ကဏ္ဍတိုင်းတွင် ထူးချွန်သူဖြစ်သည့်အလျောက် ထိုနယ်ပယ်သုံးခုလုံးတွင် ကျွမ်းကျင်၏။
ချူးယွင်ဖန်းထံတွင် သူမအသာစီးရနိုင်လောက်မည့် အားနည်းချက်မျိုး တစ်ခုတစ်လေပင်ရှိမနေသဖြင့် အရှုံးသည် ကြာချိန်ပေါ်တွင်သာမူတည်မည်ဖြစ်ကာ ယခု ထိုအချိန်ရောက်လာခဲ့ပြီဖြစ်သည်။ သူမ သက်ပြင်းတစ်ချက်ချ၍ အရှုံးကို လက်ခံလိုက်ရသည်။ တန်ပြန်တိုက်ခိုက်ရန် မည့်သည့်နည်းလမ်းကိုမှ စဥ်းစားရန်မလိုအပ်တော့ပေ။
“ငါနိုင်တယ်” ချူးယွင်ဖန်က သူ၏ ဓားကို ပြန်သိမ်းလိုက်ကာ တည်ငြိမ်စွာအသက်ရှုလိုက်သည်။ ထိုအခါမှ ကုန်ဆုံးသွားသော စွမ်းအင်များနှင့် ခွန်အားများပြန်လည်ရရှိလာ၏။
ဤရလဒ်ထွက်လာမည်ဟု ကြိုတင်ခန့်မှန်းထားကြသော်လည်း တကယ်တမ်း ထိုအချိန်ရောက်လာသည့်အခါတွင် ကွင်းပြင်ရှိလူတိုင်းသည် ကြက်သေသေလျက်ရှိကြသည်။
‘ဒါကဘယ်လို ဖြစ်နိုင်မှာလဲ’
ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ဤသို့လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သာမန်ကျောင်းမှ ကျောင်းသားတစ်ဦးသည် အထူးဂုဏ်သိက္ခာရှိကျောင်းများ၏ ပထမအဆင့်ကျောင်းသားများကို အနိုင်ယူကာ ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် ချန်ပီယံဆုရခဲ့ပြီဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်းသည် ချူးယွင်ဖန်း၏ ယခင်ကစကားများကို တွေးမိလျက်ရှိကြ၏။
‘အကယ်၍ ငါသာ ချန်ပီယံဆုကိုမဆွတ်ခူးနိုင်ခဲ့ရင် အဓိပ္ပါယ်မရှိဘူးမဟုတ်လား။’