← Chapters

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း (၂၀၂-၂၀၄)

Vol. 14 Ch. 202-204

အခန်း(၂၀၂) ချန်ပီယံဆုကို အနိုင်ရပြီးနောက်

ဤစကားကို မည်သူမျှအလေးအနက်မထားခဲ့ကြသော်လည်း နောက်ဆုံးရလဒ်သည် ချူးယွင်ဖန်း၏ ယုံကြည်ချက်ပြင်းထန်လွန်းသော စကားများကို ပို၍ခိုင်မာစေခဲ့သည်။ ချန်ပီယံဆုအားအနိုင်ရရှိခဲ့သူသည် နာမည်ကြီး ကျောင်းသုံးကျောင်းမှမဟုတ်သော်လည်း လူမသိ၊ သူမသိ ကောင်လေးတစ်ဦးသာလျှင်ဖြစ်သည်။

မှန်သည်။ “လူမသိ၊ သူမသိ” ဟုသည် ယခု အတိတ်သာဖြစ်ခဲ့ပြီ။ ယနေ့မှစ၍ ချူးယွင်ဖန်းသည် လူမသိ၊ သူမသိဘဝတွင် ဆက်လက်တည်ရှိတော့မည်မဟုတ်ပေ။

ယနေ့မှစ၍ ယွင်နင်ခရိုင်ရှိ‌ ကျောင်းများအားလုံးသို့ သူ၏ ဂုဏ်သတင်းပျံ့နှံ့၍ တည်ငြိမ်သမုဒ္ဒရာမြို့၏ ကျော်ကြားသော ကျောင်းများရှိ လက်ရွေးစင်များ၏နားထဲသို့ အလျင်အမြန်ပင် ရောက်ရှိသွားမည်ဖြစ်သည်။ နာမည်ကြီးကျောင်းများမှ လက်ရွေးစင်များသည် မထုံအကြပေ။ ခရိုင်တစ်ခုအားအုပ်စိုးမည့်သူတစ်ယောက်သည် ဤမျှလောက် မည်သို့ရိုးရှင်းလိမ့်မည်နည်း။

တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက်တွင် ကွင်းတစ်ခုလုံးသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံးကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ အားလုံးသည် ရလဒ်ကို ချက်ချင်းပင် စတင်တုံ့ပြန်လာကြ၏။

“ဘုရားရေ၊ သူတကယ်လုပ်နိုင်ခဲ့တာပဲ။ ဒါတကယ့်ကို အံ့သြစရာမဟုတ်ဘူးလား”

“ဒါက မနက်ဖြန်ရဲ့ ထိပ်တန်းသတင်းတစ်ပုဒ်ဖြစ်လာတော့မယ်”

လူအများအပြားသည် တုန်လှုပ်နေဆဲဖြစ်ကြကာ သာမန်ကျောင်းမှလာသော မြင်းနက်တစ်ကောင်သည် ထိုအဆင့်သို့ရောက်ရှိနိုင်သည်ကို လက်မခံနိုင်ကြပေ။ ဤသည်မှာ သမိုင်းအသစ်ထွင်းခဲ့ခြင်းဖြစ်သည့်အပြင် မှတ်တမ်းသစ်တစ်ခုကိုလည်းဖန်တီးခဲ့ခြင်းဖြစ်သည်။

“ချန်ပီယံဆုဆွတ်ခူးဖို့ ကြုံးဝါးထားကြတဲ့ ကျောင်းသုံးခုလုံးကျရှုံးခဲ့လိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ထားမိဘူး။ အောင်မြင်တဲ့လူက အမှတ်(၁၃) အထက်တန်းကျောင်းကပါပဲ”

“အမှတ် (၁၃) အထက်တန်းကျောင်း။ ဒီနေ့ကိစ္စသာမဖြစ်ခဲ့ရင် ယွင်နင်ခရိုင်မှာ ဒီလိုအထက်တန်းကျောင်းတစ်ကျောင်းရှိမှန်း သိလိုက်မှာတောင်မဟုတ်ဘူး”

“တံုရှင်းရန်တောင် ကျရှုံးသွားတယ်။ တကယ့်ကို ကြေကွဲစရာအရှုံးပဲ။ သူက တကယ်ပဲ အဲ့လောက်ထိကြီးသန်မာနေတာလား”

“သူက နတ်ဆိုးပဲ၊ တကယ်ကို နတ်ဆိုးတစ်ကောင်ပဲ”

အခြားကျောင်းမှ အံ့သြနေကြသောကျောင်းသားများနှင့် နှိုင်းယှဥ်ပါက အမှတ်(၁၃) အထက်တန်းကျောင်းမှ ကျောင်းသားများသည် စိတ်လှုပ်ရှားကာ ဂုဏ်ယူလျက်ရှိကြသည်။

“ဟား ဟား ဟား ငါတို့ အောင်မြင်သွားပြီ။ ငါတို့နိုင်ပြီကွ”

“ငါတို့က ချန်ပီယံတွေပဲ”

“ဘုရားရေ တကယ်ကို အိပ်မက်မက်နေသလိုပဲ မိုက်လိုက်တာ”

မကြာမီ ချူးယွင်ဖန်းသည် အမှတ်(၁၃) အထက်တန်းကျောင်းမှ ကျောင်းသားများ၏ ဝန်းရံချီးမြှောက်ခြင်းကို ခံလိုက်ရသည်။ မျှော်လင့်ထားနှင့်ပြီးဖြစ်သဖြင့် သူတို့အားလုံးပလုံးပထွေးဖြစ်နေကြသည့်တိုင် အလွန်အမင်းစိတ်လှုပ်ရှားလျက်ရှိကြသည်။ ယခုနှစ်သည် ယခင်ကမရှိခဲ့ဖူးသည့်အပြင်၊ မည်သည့်အခါမှ ရှိမလာနိုင်တော့မည့် သမိုင်းကြောင်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဤနှစ်ကို လူအတော်များများ အချိန်အတော်ကြာအောင် အမှတ်ရနေကြလိမ့်မည်ဖြစ်ကာ မှတ်ကျောက်တင်ခံရလောက်မည်ဖြစ်သည်။

ပရိတ်သတ်အာရုံကိုရရှိကာ အောင်မြင်ခဲ့သူသည် ချူးယွင်ဖန်းဖြစ်သော်လည်း ကျောင်းသားများသည် သူ့အား ဂုဏ်ပြုပေးလျက်ရှိသည်။ ဤနေရာမှစတင်၍ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သည် သူတို့၏ အနီးနားတွင် တဖြည်းဖြည်းကြီးထွားလာပေလိမ့်မည်။

“ဟားဟားဟား ယွင်ဖန်း၊ မင်းလုပ်နိုင်မယ်ဆိုတာ ငါသိပြီးသားကွ၊ ငါတို့တကယ်အနိုင်ရခဲ့တာပဲ” သူ့အချစ်ဆုံးသူငယ်ချင်းမှ ချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်သဖြင့် ဂေါင်းဟုန်ချီသည် ချူးယွင်ဖန်းထက်ပင် ပို၍ပျော်ရွှင်နေခဲ့သည်။

“ဂုဏ်ယူပါတယ်” တန်စီယုသည် ပြုံးလျက်ပြောလိုက်သည်။

ချူးယွင်ဖန်းသည်လည်း ပြုံးရွှင်ကာ

“ဟုတ်တယ်၊ နင့်ရဲ့ ကူညီပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်” ဟုပြော၏။

ကျန်းထန်သည် ချူးယွင်ဖန်းအား နားလည်ရခက်သောအမူအယာဖြင့်ကြည့်၍ ရှေ့သို့တိုးသွားကာ ပြောလိုက်သည်။

“ချူးယွင်ဖန်း၊ ငါဆိုတဲ့ ကျန်းထန်က ဘယ်သူ့ကိုမှ အညံ့မခံဖူးဘူးကွ၊ ဒါပေမယ့်အခု ငါ အရှုံးပေးအညံ့ခံလိုက်မယ်”

ကျန်းထန်သည် ယခင်က အို့ယန်နှင့် ယှဥ်ပြိုင်ဖူးခဲ့သည်။ သူသည် အို့ယန်‌လောက် မတော်သော်လည်း ကွာဟချက်သည် သိပ်မကြီးပေ။ သူအနည်းငယ်မျှသာ အဆင့်နိမ့်နေခြင်းဖြစ်သဖြင့် ယှဥ်ပြိုင်အမှီလိုက်ရန် စိတ်ဓာတ်ကြံခိုင်ခဲ့၏။ သို့သော် ချူးယွင်ဖန်းနှင့် နှစ်ဦးကြား ကွာဟချက်ကြီးမားလာသောအခါ ယှဥ်ပြိုင်ရန်၊ သို့မဟုတ် အမှီလိုက်ရန်အကြောင်းများပြောနေခြင်းသည် ရယ်စရာကောင်းလှသည်။ သူဤသို့ ဆက်လက်၍ လုပ်ချင်စိတ်မရှိတော့ပေ။

“မင်း တော်တော်ယဥ်ကျေးလာပြီပဲ” ချူးယွင်ဖန်းက ခပ်ပြုံးပြုံးပြောလိုက်၏။

ဤအခိုက်အတန့်တွင် တုံရှင်းရန်၊ ယုရှင်းယွမ်နှင့် ရန်ဂျွန်တို့သည် ချူးယွင်ဖန်း၏ရှေ့သို့‌ရောက်လာကြသည်။

“မင်းအရမ်းသန်မာတယ်။ ငါထင်ထားတဲ့အတိုင်းအတာကို ကျော်သွားပြီကွ၊ အချိန်ရရင် အဆက်အသွယ်လုပ်ကြရအောင်” ရန်ဂျွန်ကပြောသည်။

သူ့အမူအရာသည် အနည်းငယ်ရှုပ်ထွေး၏။ သူသည် တိုက်ပွဲတွင်ရှုံးခဲ့သော်လည်း ချူးယွင်ဖန်းသည် သိသိသာသာအနိုင်ရခဲ့ခြင်းဖြစ်ကြောင်းဝန်ခံရမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် သူတို့၏ ကျွမ်းကျင်မှုနယ်ပယ်အသီးသီးတွင် အနိုင်ယူနိုင်ခဲ့သဖြင့် သူတို့အားလုံးသည် ချူးယွင်ဖန်း၏ အဆင့်ကို အသိအမှတ်ပြုကြသည်။ သာမန်လူများသည်မူ ယခုအချိန်တွင် ချူးယွင်ဖန်းအား မည်သို့မျှ ဆန့်ကျင်၍ပြောပိုင်ခွင့်မရှိပေ။

“မှန်တယ်။ မင်းကို ဒီလိုမျိုးပေါက်ကွဲနိုင်တဲ့စွမ်းအားရှိလိမ့်မယ်လို့ ငါမထင်ထားဘူး။ အနာဂတ်မှာ ငါတို့တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ထပ်ပြီး လေ့ကျင့်တိုက်ခိုက်ကြတာပေါ့။ ဒါက ငါတို့နှစ်ယောက်လုံးအတွက် အကျိုးမယုတ်ပါဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲလည်းနီးပြီဆိုတော့ ငါနဲ့တိုက်ခိုက်နိုင်တဲ့လူကိုလည်းရှာတွေ့ဖို့မလွယ်ဘူး” ယုရှင်းယွမ်က ပြောလိုက်သည်။

အခြားလူများသည် သူနှင့်တိုက်ခိုက်ရန်အခွင့်အရေးပင်မရှိဟုဆိုလိုခြင်းဖြစ်၏။ အခြားကျောင်းများ၏ ထိပ်တန်းကျောင်းသားများသည် မကျေမနပ်ဖြစ်လျက်ရှိကြသော်လည်း သူတို့တွင် ပြောစရာစကားမရှိကြပေ။ တကယ့်ကိုပင် ထိုလေးဦးနှင့် သူတို့ကြားတွင် ရှင်းလင်းသော ကွာဟချက်ရှိနေ၏။

တုံရှင်းရန်သည် ရှေ့သို့တစ်လှမ်းတိုးကာ

“အဆုံးမှာ သက်ညှာပေးလိုက်လို့ ကျေးဇူးတင်ပါတယ်”

ချူးယွင်ဖန်းသည် သူမအား သက်ညှာပေးခဲ့သည်ကို သိရှိခဲ့သည်။ မဟုတ်လျှင် သူမ စင်ပေါ်မှ လွင့်ထွက်သွားလောက်မည်မှာ အသေအချာပင်ဖြစ်၏။

“အဲ့တာဘာမှမဟုတ်ပါဘူး။ လေ့ကျင့်တိုက်ခိုက်ရုံပဲဆိုတော့ အစွမ်းကုန်ထုတ်သုံးစရာမှမလိုတာ” ချူးယွင်ဖန်းက ခေါင်းခါလျက်ဆိုသည်။

“ချူးယွင်ဖန်း ဟုတ်လား။ မဆိုးပါဘူး။ မင်းရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတယ်”

ထိုင်ခုံတွင်ထိုင်နေသော မစ္စတာလင်းသည် ချူးယွင်ဖန်း၏ရှေ့တွင် ရုတ်တရက်ပေါ်လာ၏။ သူ၏မျက်နှာတွင် စိတ်အားထက်သန်မှုအပြည့်ရှိသော်လည်း ထိုအပြုံး၏နောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်တစ်ခုရှိကြောင်းအလွန်သိသာ၏။

သူ့အနားတွင် ယုချိုင်အထက်တန်းကျောင်း၏ ပညာရေးဒါရိုက်တာလည်းရှိသည်။ ယုချိုင်အထက်တန်းကျောင်းအုပ်နှင့် အခြားသူများသည် ပြန်သွားနှင့်ကြသည်မှာ ကြာခဲ့ပြီဖြစ်၏။ ယခုတစ်ကြိမ်တွင် ယုချိုင်အတွက် နာမည်ကောင်းရရန် ပွဲစီစဥ်ခွင့်ကို ခက်ခက်ခဲခဲရယူထားခဲ့ကာ အခမ်းအနားကို စီစဥ်ခဲ့သော်လည်း ယင်းသည် အခြားလူတစ်ဦးအတွက် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းမည်သူက သိလိမ့်မည်နည်း။ ထို့ကြောင့် အလိုအလျောက်ပင် စိတ်ညစ်နေကြသည်။

“ချူးယွင်ဖန်း၊ ဒါက ပညာရေးဗျူရိုက မစ္စတာလင်း” ဒါရိုက်တာက အလျင်စလိုပင် မိတ်ဆက်ပေးလိုက်သည်။

“ဒါဆို မစ္စတာလင်းပေါ့။ ရိုင်းစိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်” ချူးယွင်ဖန်းသည် မနှိမ့်ချလွန်း၊ မပိုလွန်းသော အမူအရာဖြင့်ပြောလိုက်သည်။။

ပညာရေးဗျူရိုသည် ကျောင်းသားအားလုံးနှင့် သက်ဆိုင်သောအထက်လူကြီးဖြစ်သော်လည်း ဒါရိုက်တာတစ်ဦးကြောင့်တော့ စိတ်ပူစေရန်မလုံလောက်ပေ။

“ငါတို့လူသားတွေမှာ မင်းလိုလူတွေ သိပ်မရှိဘူး။ ကြိုးစားရမယ်နော်၊ အချိန်ကျလာတဲ့အခါ မင်းက တက္ကသိုလ်ကောင်းကောင်းတက်ပြီးကိုယ့်အရည်အချင်းကိုယ် မြှင့်တင်ရမယ်။ အဲ့နောက်ကျရင် လူသားမျိုးနွယ်အတွက် နတ်ဆိုးတွေကို သတ်ပေးပြီး ကူညီပေးနိုင်ပြီ” မစ္စတာလင်းက စိတ်အားထက်သန်စွာပြောလိုက်သော်လည်း ချူးယွင်ဖန်းအား ထူးဆန်းသော အကြည့်ဖြင့်ကြည့်လျက်ရှိသည်။

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာလင်း၊ ကျွန်တော် သေချာပေါက် ကြိုးစားပါမယ်” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သော်လည်း မစ္စတာလင်းနှင့် ပတ်သက်၍ ထူးဆန်းမှုတစ်ခုခုရှိနေသည်ဟု အလိုလိုခံစားမိသည်။ မည်သည့်အရာမှန်းမသိသော်လည်း တစ်စုံတစ်ခုရှိနေသည်ဟု အလွန်ယုံကြည်၏။

သူ၏ ပင်ကိုယ်သိစိတ်သည် သူ့အား အကြိမ်ပေါင်းများစွာကယ်တင်ခဲ့သည်။ သို့သော် မည်သည်ကလွဲမှားနေသည်ကို မပြောနိုင်သောကြောင့် ယခုအကြိမ်တော့ လက်လျှော့လိုက်ရသည်။

“ကောင်းပါပြီ။ ငါက အရမ်းအလုပ်များတဲ့လူဆိုတော့ ဒီကိစ္စကို အခုဆက်မပြောတော့ဘူး။ မင်း အခုတော့ အောင်ပွဲခံသင့်တယ်။ မင်းလိုမျိုး ထူးချွန်တဲ့ကျောင်းသားတစ်ယောက်က ငါနဲ့ပြန်တွေ့ခွင့်ရမှာပါ” မစ္စတာလင်းက အနည်းငယ်ပြုံးကာပြောလိုက်သည်။

အဓိပ္ပါယ်များစွာကိန်းအောင်းနေသည့် ဤစကားအပြီးတွင် သူထွက်သွား၏။

အခန်း(၂၀၃) ကျောင်းအမျိုးမျိုးမှ လုယူခြင်း

ကျောင်းပေါင်းစုံတွေ့ဆုံပွဲ၏ ရလဒ်ကို ကျောင်းအားလုံးသို့ ချက်ချင်းပင် ပြန်လည်ပေးပို့ခဲ့သည်။ ကျရှုံးခဲ့သော ကျောင်းများသည် သာမန်ကျောင်းများဖြစ်သဖြင့် အဆင်ပြေသည်။ တကယ်တမ်းတွင် ချန်ပီယံဆုသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်ပေ။

ယုချိုင်အထက်တန်းကျောင်းသည် ရလဒ်ကို သိရှိကြပြီးဖြစ်သဖြင့် အမှတ်(၅) အထက်တန်းကျောင်းမှ ဆရာများနှင့် ခေါင်းဆောင်များသည်သာ နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြသည်။။ သူတို့သည် ယုချိုင်အထက်တန်းကျောင်း သို့မဟုတ် အမှတ်(၅) အထက်တန်းကျောင်းမှ ချန်ပီယံဆုကို အနိုင်ရမည်ဟု မျှော်မှန်းထားကြသည်။ ယုချိုင်အထက်တန်းကျောင်းသည် အံ့ဖွယ်ကောင်းသော်လည်း သူတို့တွင် အခွင့်အရေးအနည်းငယ်သာရှိ၏။

ထိုအချိန်တွင် အမှတ်(၁၃) အထက်တန်းကျောင်းမှ ကျောင်းအုပ် ဟွာချန်ရှန်၊ သိုင်းပညာတန်း အဆင့်(၃) အတန်း(၁) ၏ အတန်းပိုင် ချင်ဖုန်းနှင့် အတန်း(၂)၏ အတန်းပိုင်ကျင်းဝူတို့သည် နောက်ဆုံးရလဒ်ကို စောင့်မျှော်လျက်ရှိကြသည်။ သူတို့သုံးဦးသည် နေ့လယ်ပိုင်းကတည်းက စောင့်ဆိုင်းလျက်ရှိသဖြင့် ရလဒ်များထွက်ရမည့်အချိန်ကို ရောက်နေပြီဖြစ်သည်။

“ဒီတစ်ကြိမ်တော့ ငါတို့ ကျောင်းက နောက်ဆုံးအဆင့်မဖြစ်သင့်တော့ဘူး။ အို့ယန်နဲ့ ကျန်းထန်အပြင် တန်စီယုနဲ့ ချူးယွင်ဖန်းကိုပါ လွှတ်ခဲ့တာ၊ ဒီလေးယောက်နဲ့ဆို ဘယ်လိုပဲဖြစ်ဖြစ် အမှတ်(၂၅) အထက်တန်းကျောင်းကိုတော့ အနိုင်ယူနိုင်ပါတယ်” ကျင်းဝူက ခန့်မှန်းကာ ရလဒ်များထွက်ရန် အချိန်တန်ပြီဟု ခံစားမိသည်။

“ရလဒ်တွေက အခုထွက်သင့်နေပြီ”

“ကျုပ်ကတော့ ဆရာကျင်းရဲ့ အမြင်ကို ထောက်ခံတယ်ဗျာ၊ အမှတ်(၂၅) အထက်တန်းကျောင်းကို စောစောစီးစီးတည်းက ကျုပ်ကြည့်ပြီးသွားပြီ။ သူတို့က ဒီနှစ်ငါတို့ကျောင်းထက် အခြေအနေပိုဆိုးတယ်” ချင်ဖုန်းက ပြော၏။

ဟွာချန်ရှန်သည် သူ့ရုံးခန်းရှိသား‌ရေကုလားထိုင်ပေါ်တွင်ထိုင်လျက်ရှိနေကာ သက်ပြင်းချလိုက်မိသည်။ အမှတ်(၁၃) အထက်တန်းကျောင်းသည် အမှတ်(၂၅) အထက်တန်းကျောင်းနှင့် ဆင်တူသည်။ ယင်းကျောင်းများသည် အလွန်ဆိုးရွားသော သံသရာတွင် လည်လျက်ရှိကြကာ မိမိတို့၏ ကျောင်းဂုဏ်ကို မဆောင်နိုင်ကြပေ။ ထို့ကြောင့် သူတို့သည် အမှန်တကယ်အရည်အချင်းရှိသော ကျောင်းသားများကို မဆွဲဆောင်နိုင်ကြဘဲ၊ နှစ်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ အခြေအနေများသည် ပိုဆိုးလာ၏။

ဤသည်မှာ ကူညီ၍မရနိုင်သောအရာတစ်ခုပင်ဖြစ်၍ ကံမကောင်းစွာဖြင့်ပင် သူတို့သည် ပုဂ္ဂလိက၊ ကိုယ်ပိုင်ကျောင်းများမဟုတ်နေခဲ့ပေ။ သူတို့သုံးသည့်ငွေတိုင်းကို စီစစ်ရသည်။ ပုဂ္ဂလိကကျောင်းများကဲ့သို့ ကျောင်းသားများကို ပိုမိုဆွဲဆောင်ရန် လူတိုင်းကို သူဌေးများနှယ် ပိုက်ဆံဖြင့်မပစ်ပေါက်နိုင်ကြပေ။

ရုတ်တရက် ရုံးခန်းမှ ဖုန်းမြည်လာသဖြင့် ဟွာချန်ရှန်သည် ဖုန်းကို နားထောင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူတအံ့တသြောမေးလိုက်၏။

“ဘာ၊ ချန်ပီယံဆုကို အနိုင်ရခဲ့တာလား။ ချူးယွင်ဖန်းက ချန်ပီယံဆုရခဲ့တာလား”

ကျင်းဝူနှင့် ချင်ဖုန်းတို့သည် ထိုင်ခုံမှထကာ တစ်ယောက်ကိုတစ်ယောက် အလန့်တကြားကြည့်နေကြသည်။ ဟွာချန်ရှန်သည် စကားအနည်းငယ်သာပြောခဲ့သော်လည်း အဓိကအချက်ကို သူတို့နားလည်ရန် လုံလောက်၏။

ချူးယွင်ဖန်းသည် ချန်ပီယံဆုကို အနိုင်ရခဲ့ခြင်းဖြစ်သည်။

အကယ်၍ သူတို့သည် အခြားတစ်ဦးတစ်ယောက်ထံမှသာကြားသိရလျှင် ၎င်းကို အဓိပ္ပါယ်မရှိသော ဟာသတစ်ခုအဖြစ်ထင်မြင်မိကြမည်ဖြစ်သော်လည်း ကျောင်းအုပ်ကြီး၏ နှုတ်ဖျားမှ ကြားလိုက်ရရာတွင်မူ ဤသည်မှာ ဟာသမဟုတ်ကြောင်းသေချာ၏။

ဟွာချန်ရှန်က ဖုန်းကိုချလိုက်ပြီးနောက် မျက်နှာထက်တွင် အပြုံးကြီးတစ်ခုပေါ်လာသည်။ ထို့နောက် သူ့စိတ်သူပြင်ဆင်ကာ လေးနက်သောအသံဖြင့် ဆို၏။

“ကျုပ် သတင်းကောင်းရထားတယ်။ အတန်း(၂)က ကျောင်းသား ချုးယွင်ဖန်းက ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ချန်ပီယံဆုကို ရခဲ့တယ်။ အမှတ်(၁၃) အထက်တန်းကျောင်း ရွှေထီးဆောင်းရပြီကွ”

“ကျောင်းအုပ်ကြီး၊ ဒါအရမ်းကောင်းတယ်” ကျင်းဝူက ပျော်ရွှင်စွာပြောသည်။

“ဒါက တကယ်ကို ကြီးကျယ်ခမ်းနားနေပေမယ့် ကျွန်တော်တို့အတွက်ကြီးမားတဲ့ စမ်းသပ်ချက်လည်းဖြစ်တယ်။ အမှတ်(၅) နဲ့ အမှတ်(၇) အထက်တန်းကျောင်းတွေနဲ့၊ အဲ့ဒီ့ အရှက်မရှိတဲ့ ယုချိုင်ရဲ့ သဘောထားကို ကျွန်တော်ကောင်းကောင်းသိတယ်။ သူတို့ သေချာပေါက် သူ့ကို လိုချင်ကြမှာပဲ။ ကျွန်တော်တို့ ချူးယွင်ဖန်းကို ကာကွယ်ကြရမယ်။ ဒီလိုပျိုးပင်ကောင်းကို သူတို့လုယူခွင့်မပြုနိုင်ဘူး”

ဟွာချန်ရှန်က သူ့စားပွဲကို ရိုက်ကာပြောသည်။

“မဟုတ်သေးဘူး။ ငါဒါကို ကိုယ်တိုင်တွေ့မှရမယ်”

တစ်ချိန်တည်းတွင်ပင် အမှတ်(၅) အထက်တန်းကျောင်း၏ ကျောင်းအုပ်ရုံးခန်းမှ အော်ဟစ်သံတစ်ခုလည်းထွက်လာ၏။

“ဘာ၊ တုံရှင်းရန် ချန်ပီယံဆုကို မနိုင်ဘူးလား။ ဘယ်သူက ချန်ပီယံဆုရခဲ့တာလဲ။ အမှတ်(၁၃) အထက်တန်းကျောင်းလား။ အဲဒီ မဖြစ်စလောက် ညံ့ဖျင်းနေတဲ့ကျောင်းက ဘယ်လိုလုပ် ချန်ပီယံတစ်ယောက်ကို မွေးထုတ်နိုင်မှာလဲ။ ဒါပေမယ့် အမှတ်(၇) ရော ယုချိုင်အထက်တန်းကျောင်းကရောမဟုတ်ဘူးဆိုတော့ ကိစ္စတွေက ပိုလွယ်မှာပါ။

နားထောင်စမ်း၊ မင်းသေချာပေါက် သူ့ကို လုယူရမယ်။ သူက ပြည်ထောင်စုတက္ကသိုလ်ကိုဝင်ခွင့်ရမယ့် အရမ်းကောင်းတဲ့ပျိုးပင်ကောင်းပဲ။ ဘယ်လောက်ကုန်ကုန် သူ့ကို ငါတို့ကျောင်းရောက်အောင်ခေါ်ခဲ့”

အမှတ်(၇) အထက်တန်းကျောင်း၏ ရုံးခန်းတွင်လည်း တူညီသော အခြေအနေများဖြစ်လျက်ရှိသည်။ ယုရှင်းယွမ်အနိုင်မရခဲ့ကြောင်းကြားသောအခါ သူတို့တွင် လုပ်ရန်တစ်ခုသာကျန်တော့၏။

“ငါတို့ သူ့ကို လုယူရမယ်။ ဘယ်လောက်ကုန်ကုန် ငါတို့သူ့ကို လုယူရမယ်”

ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်ချေရှိသည့် ပျိုးပင်ကောင်းသည် ၎င်းတို့ကဲ့သို့ကျောင်းအတွက်ပင် အလွန်ရှားပါးသည်။

ယုချိုင်အထက်တန်းကျောင်း၏ ကျောင်းအုပ်ထန်သည် ဒေါသတကြီးဖြင့် သူ၏အင်္ကျီလက်များကိုခါကာ ထွက်ခွာသွားပြီးနောက်တွင် အကြံဉာဏ်တစ်ခုရလာ၏။ ယုချိုင်အထက်တန်းကျောင်းသည် ချန်ပီယံဆုကို မဆွတ်ခူးနိုင်ခဲ့ခြင်းမှာ အမှန်တရားပင်ဖြစ်သည်။ သို့သော် ဤအခြေအနေကို ကယ်တင်နိုင်မည့် နည်းလမ်းရှိသေးသည်။ လူကို သူတို့ လုယူနိုင်သေး၏။ ချူးယွင်ဖန်းကို ဖမ်းဆုပ်လုယူထားနိုင်လျှင် ယုချိုင်အထက်တန်းကျောင်းသည် ချန်ပီယံမဖြစ်ဘူးဟု ပြောနိုင်တော့မည်မဟုတ်ပေ။

နှစ်အနည်းငယ်အကြာတွင် ထိုချန်ပီယံကို လုယူခံခဲ့ရကြောင်းမည်သူက မှတ်မိလိမ့်မည်နည်း။

မြို့၏ ထိပ်တန်းတွင်နေရာတစ်နေရာရရန် သူတို့သည် ဘွဲ့ရနှုန်းကို ကြည့်ရန်မလို‌ပေ။ ပြည်ထောင်စုတက္ကသိုလ်သို့ကျောင်းသားမည်မျှ ဝင်ခွင့်ရသည်ကသာ အဓိကရည်မှန်းချက်ဖြစ်သည်။ ချူးယွင်ဖန်းအား လုယုခြင်းသည် သူတို့၏ ဂုဏ်သိက္ခာကို ကယ်တင်ရုံသာမက ယုချိုင်အထက်တန်းကျောင်းမှလည်း ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ခွင့်တစ်ခု ကျိန်းသေရနိုင်မည်ဖြစ်သည်။

ဤသို့ သူစဥ်းစားပြီးနောက်တွင် ကျောင်းရေးရာဒါရိုက်တာအား ချူးယွင်ဖန်းကို စောင့်ကြည့်ရန်နှင့် လုယူရန်နည်းလမ်းတစ်ခုကို စဥ်းစားရန်ညွှန်ကြားထားလိုက်သည်။ အမှတ်(၁၃) အထက်တန်းကျောင်းကဲ့သို့ ဆင်းရဲနွမ်းပါးကာ နိမ့်ကျသော ကျောင်းသည် ယုချိုင် အထက်တန်းကျောင်းနှင့် မည်သို့ယှဥ်နိုင်လိမ့်မည်နည်း။ ဤသည်မှာ အလွန်လွယ်ကူလိမ့်မည်ဖြစ်သည်။ တစ်ခုတည်းသော ပြဿနာမှာ အမှတ်(၅) နှင့် အမှတ်(၇) အထက်တန်းကျောင်းတို့ ပါဝင်ပတ်သက်လာနိုင်ချေရှိခြင်းသာဖြစ်သည်။ ပွဲစီစဥ်သူသည် ယုချိုင်အထက်တန်းကျောင်းဖြစ်သဖြင့် ၎င်းတို့သည် ကျန်နှစ်ကျောင်းထက် အားသာချက်ပိုရှိသည်။

သို့သော် ကျောင်းအုပ်ထန် ဤသည်ကိုသဘောပေါက်လိုက်သောအခါတွင်မူ ချူးယွင်ဖန်းသည် ယုချိုင်အထက်တန်းကျောင်းမှ လှည့်ပြန်သွားခဲ့ပြီဖြစ်သဖြင့် ယူကျုံးမရဖြစ်ရုံသာတတ်နိုင်တော့သည်။ ဤသည်ကို ခပ်စောစောစဥ်းစားမိလျှင် ပို၍ ကောင်းပေလိမ့်မည်။ ထိုသို့သာဆိုလျှင် ဝတ်ရုံများနှင့် ဓားမြှောင်များအပိုလိုအပ်လိမ့်မည်မဟုတ်ပေ။

ကျောင်းအုပ်ထန်က “ငါတို့ သူ့ကို လုယူရမယ်” ဟု အမိန့်ထုတ်လိုက်သည်။

မည်သူမျှသတိမထားမိလိုက်ခင်တွင် နွေဦးရောက်လာခဲ့သည်။ တစ်နှစ်ပတ်လုံးနွေဦးကျလျက်ရှိသော မြို့တစ်မြို့၌ ပြည်သူလူထုသည် ဤရာသီဥတုအပြောင်းအလဲကို ယခင်ခေတ်များကကဲ့သို့ သတိမပြုမိကြတော့ပေ။ သို့သော်လည်း စာသင်နှစ်တစ်နှစ်စတင်ချိန်သည်မူ အချိန်ဇယားအတိုင်းရောက်ရှိလာဆဲဖြစ်သည်။ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စာသင်နှစ်အသစ်သို့ကူးပြောင်းပြီဖြစ်၏။

ခါတိုင်းနှင့် မတူညီစွာဖြင့်၊ သတင်းတစ်ပုဒ်သည် ယွင်နင်ခရိုင်ရှိစာသင်ကျောင်းများကြားတွင် လျင်မြန်စွာပျံ့နှံ့လျက်ရှိသည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲပြီးဆုံးသွားသော်လည်း ချန်ပီယံသည် အမှတ်(၅) အထက်တန်းကျောင်းမှ တုံရှင်းရန် သို့မဟုတ် အမှတ်(၇) အထက်တန်းကျောင်းမှ ယုရှင်းယွမ်း သို့မဟုတ် ယုချိုင်အထက်တန်းကျောင်းမှ ရန်ဂျွန်တို့ မဟုတ်ခဲ့ပေ။

၎င်းတို့အစား ထိုသူမှာ ချူးယွင်ဖန်း အမည်ရှိ လူမသိ၊ သူမသိ‌ ကျောင်းသားတစ်ယောက်ဖြစ်သည်။

မှန်သည်။ သူသည် ယခင်ကသာ လူမသိ၊ သူမသိဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲပြီးဆုံးသွားသောအခါတွင် ဤအမည်သည် လူတိုင်း၏ နှုတ်ဖျားမှ စကားဝိုင်းများတွင် ထည့်သွင်းပြောဆိုစရာ ခေါင်းစီးတစ်ခုဖြစ်လာ၏။

“ချူးယွင်ဖန်း ဟုတ်လား၊ ဒီနာမည်ကို ငါတစ်ခါမှမကြားဖူးဘူး။ သူကဘယ်သူလဲ။ ဒီကောင်က ကြက်ကန်းဆန်အိုးတိုးလာတာလား”

“ဘုရားရေ၊ ငါတို့ကျောင်းရဲ့ ထိပ်တန်းအယောက်(၂၀)ကသာ ပြောနေတာမဟုတ်ရင် အဓိပ္ပါယ်မရှိဘူးလို့ထင်မိလိမ့်မယ်။ သာမန်ကျောင်းက ကျောင်းက ကျောင်းသားကနိုင်သွားတယ်၊ မဖြစ်နိုင်တာ”

“မင်းယုံချင်ယုံမယုံချင်နေ။ ချူးယွင်ဖန်းက တကယ့်အံ့သြဖို့ကောင်းတာတွေကို ဖန်တီးခဲ့တာကွ”

ကနဦးမယုံကြည်မှုများပြီး‌နောက်တွင် လူများစွာသည် ချူးယွင်ဖန်းအား စတင်စူးစမ်းလာကြသည်။

အခန်း(၂၀၄) ကျောင်းသားတစ်ယောက်အတွက် နာမည်ကြီးကျောင်းသုံးခု တိုက်ခိုက်ကြရာဝယ်

“ချူးယွင်ဖန်းက ကြက်ကန်းဆန်အိုးတိုးတာမဟုတ်ပေမယ့် တကယ်ပဲအဲ့အဆင့်လောက်ပဲရှိခဲ့တာ။ အမှတ်(၁၃)အထက်တန်းကျောင်းက ထုတ်ပြန်တဲ့အချက်အလက်တွေကို ကြည့်ရင် အထက်တန်း တတိယနှစ်မတိုင်ခင်အထိ သူကအလယ်အလတ်အဆင့်ပဲရှိသေးတာ။ ဒါပေမယ့် တတိယနှစ်မှာတော့ ဉာဏ်အလင်းပေါက်သွားသလိုကြီး ချက်ချင်းအံ့မခန်းဖြစ်လာတာပဲ”

“သေစမ်း၊ ဒီတိုးတက်နှုန်းက အရမ်းအံ့သြဖို့ကောင်းလွန်တယ်။ ဒီနှစ် ငါတို့ခရိုင်က ကျောင်းသားတစ်ယောက်တည်းကပဲ ပြည်ထောင်စုတက္ကသိုလ်ကိုဝင်ခွင့်ရမှာ။ အခုအချိန်မှာ ဒီလောက်ထိတိုးတက်နေပြီဆိုရင် အခြေအနေမဆိုးဘူး”

“အဲ့တာနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခုခုရှိမလား။ မနေ့က ငါ ဒီကိစ္စကို ပညာရေးဗျူရိုဝဘ်ဆိုဒ်ရဲ့ ခေါင်းကြီးပိုင်းမှာတွေ့လိုက်ရတယ်”

လူအများသည် မယုံကြည်ကြသဖြင့် ထိုနေ့တိုက်ပွဲ ဗီဒီယိုများကို တူးဖော်ကြည့်ရှု့လျက်ရှိသည်။ လူများစွာသည် တိုက်ပွဲကို မှတ်တမ်းတင်ထားခဲ့ကြရာ ယုချိုင်အထက်တန်းကျောင်းမှ တရားဝင်ရိုက်ကူးထားသော ဗီဒီယိုများပင်ရှိ၏။

ယုချိုင်အထက်တန်းကျောင်း၏ မူလရည်ရွယ်ချက်မှာ ယုချိုင်၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် ရိုက်ကူးထားခြင်းဖြစ်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းအား အကူအညီဖြစ်လိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။

“သေစမ်း၊ ဘယ်လောက်‌တောင်ပြင်းထန်တဲ့ တိုက်ပွဲပုံစံလဲ။ ခွန်အားဖြစ်ဖြစ်၊ သိုင်းဖြစ်ဖြစ် အရှိန်ဖြစ်ဖြစ် သူက ဘာကိုမှမကြောက်ဘူး”

“သူရဲကောင်းဆိုတာ ဒီလိုမျိုး ဖြစ်ရမယ်။ ကြောက်မနေနဲ့ လုပ်လိုက်စမ်းပါ”

“စောက်ရမ်းမိုက်တယ်။ လေဟုန်တိုက်ခွင်းဓားသိုင်းက သူ့လက်ထဲမှာ နတ်သိုင်းလိုဖြစ်နေတာ။ ငါ သူ့ပရိတ်သတ်ဖြစ်တော့မယ်ထင်တယ်” ဤသို့ပြောသူသည် သေချာပေါက်ပင် ချူးယွင်ဖန်းအား ထောက်ခံသူဖြစ်သည်မှာ ထင်ရှား၏။

“ငါ ချူးယွင်ဖန်းအတွက် ဖန်ကလပ်တစ်ခုဖွဲ့ထားတယ်။ နတ်ဘုရားချူးကို အတူတူအားပေးကြရအောင်”

“ဒါက အဓိပ္ပါယ်မရှိဘူး အမှတ်(၁၃) အထက်တန်းကျောင်းမှာ ဒီလိုလူမျိုးဘယ်လိုလုပ်ရှိနိုင်မှာလဲ”

ချူးယွင်ဖန်းဟူသော အမည်သည် ယွင်နင်ခရိုင်ရှိ စာသင်ကျောင်းများတွင် ကျော်ကြားသောနာမည်တစ်ခုဖြစ်လာခဲ့သည်။ ပုံမှန်ထိပ်တန်းသုံးယောက်အပြင် ခရိုင်အတွင်းအခြားလူတစ်ဦးပါတိုးလာကြောင်း လူတိုင်းကသိကြသည်။ ဤကိစ္စသည် သားသမီးများအတွက် ကျောင်းရွေးချယ်လျက်ရှိကြသည့် မိဘများကိုပင် အကျိုးသက်ရောက်ခဲ့သည်။ မူလတွင် အမှတ်(၁၃) အထက်တန်းကျောင်းသည် သူတို့၏ ရည်ရွယ်ရာမဟုတ်ခဲ့ပေ။ ကျောင်း၏အနီးအနားတွင် နေထိုင်ကြသော ကျောင်းသားအများစုသည်သာ ဤကျောင်းကို ရွေးချယ်ခဲ့ကြသည်။

သို့သော် ယခုမူ အရာရာကွဲပြားသွားပြီဖြစ်သည်။ မိဘအတော်များများသည် အမှတ်(၁၃) အထက်တန်းကျောင်းကို သူတို့၏ စာရင်းထဲသို့ထည့်သွင်းလာကြသည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှ ချန်ပီယံတစ်ဦးအား မွေးထုတ်ပေးခဲ့သည့် အမှတ် (၁၃) အထက်တန်းကျောင်းသည် ၎င်းတို့အတွက်စောင့်ကြည့်စရာနေရာတစ်ခုဖြစ်လာခဲ့သည်။ တကယ်တမ်းတွင်မူ မိဘအတော်များများသည် ထိုနာမည်ကြီးသော ကျောင်းများအကြောင်း သေချာစွာမသိကြသည့်အပြင် အသေးစိတ်သိသူလည်းနည်းပါး၏။ မိဘများသည် တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းအားကြီးမှုအပေါ်တွင်မူတည်၍ ကျောင်းရွေးချယ်လေ့ရှိကြ၏။

ခရိုင်၏ နံပါတ်တစ်ကျောင်းသားကို မွေးထုတ်ပေးနိုင်သော ကျောင်းသည် မည်သို့မကောင်းဘဲနေလိမ့်မည်နည်း။

မျက်မှောက်ခေတ်တွင် မိဘအများစုသည် မည်သည့်ကျောင်းက အမှတ်အများဆုံးကျောင်းသားကို မွေးထုတ်ပေးခဲ့သည်ကို ကြည့်ရှု့ကြလိမ့်မည်ဖြစ်သကဲ့သို့ ခွန်းလွန်ခေတ်တွင်လည်း ဤသို့ပင်ဖြစ်၏။ မိဘများသည် ၎င်းတို့၏ သားသမီးများ လူ့အသိုင်းအဝိုင်းတွင် ကြီးကျယ်သော ပုဂ္ဂိုလ်များဖြစ်လာစေရန် မျှော်လင့်ထားကြသည်။ ဤသည်မှာ ရာစုနှစ်ကြာအောင် မပြောင်းလဲခဲ့သော အမှန်တရားတစ်ခုပင်ဖြစ်၏။

ဤသည်ကြောင့်လည်း ကျောင်းတိုင်းသည် ကျောင်းပေါင်းစုံတွေ့ဆုံပွဲကို စိုးရိမ်ကြခြင်းဖြစ်သည်။ ၎င်းသည် သူတို့၏ အဆင့်များကို မှတ်တမ်းတင်ထားခြင်းမရှိသော ကျောင်းအသီးသီး၏ အကြား တွေ့ဆုံပွဲဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ ဆရာများနှင့် ကျောင်းအုပ်များသာမက၊ ဘွဲ့ယူခါနီးကျောင်းသားများ၏ မိဘများနှင့် တက္ကသိုလ်အသီးသီးမှ ဆရာမများကပါ ဤတွေ့ဆုံပွဲကို အာရုံစိုက်ကြသည်။

ပြည်ထောင်စုတက္ကသိုလ်သည် သဘာဝအတိုင်းပင် ပျိုးပင်ကောင်းများ၏ ဦးစားပေးရွေးချယ်မှုဖြစ်ကာ ယင်းနောက်မှ ထိပ်တန်းအထူးတက္ကသိုလ်ဆယ်ခုကို ရွေးချယ်ကြသည်။ ထို့နောက် အခြား အထူးတက္ကသိုလ်များစွာနှင့် သာမန်တက္ကသိုလ်များလည်းရှိသေး၏။ အကယ်၍ ဤသာမန်ကျောင်းများနှင့် အထူးတက္ကသိုလ်များသည် ကျောင်းသားကောင်းများကို ခေါ်ယူလိုသည်ဆိုလျှင် ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သဖြင့် အလွန်နောက်ကျပေလိမ့်မည်။ ထို့ကြောင့် ထိုသူတို့သည် ရှေ့သို့မျှော်ကြည့်ကာ ထိုကျောင်းသားများကို ကြိုတင်စုဆောင်းထားရသည်။ ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်များကဲ့သို့ ကြီးမြတ်ကောင်းမွန်နေလျှင်ပင် ယင်းတို့သည် ဝင်ခွင့်အာမခံချက်ပေးထားကြ၏။

အကယ်၍ သူတို့သာ ကြိုတင်ဂရုမစိုက်ပါက ဝင်ခွင့်အာမခံချက်မည်သို့ရှိနိုင်လိမ့်မည်နည်း။ ဤသည်များအားလုံးသည် စားပွဲပေါ်တွင်ရှိသည့် စည်းမျဥ်းများမဟုတ်ဘဲ၊ လူတိုင်း အလိုအလျောက်သိကြသည့် စည်းမျဥ်းများပင်ဖြစ်သည်။။

ဤအချက်ကို ကျောင်းသားမိဘများ အာရုံစိုက်ထားသော်လည်း နောက်ဆက်တွဲဖြစ်လာမည့်အဖြစ်အပျက်သည် ကျောင်းသားအားလုံးကို ပို၍တုန်လှုပ်သွားစေသည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲအပြီးနောက်ရက်တွင်၊ အမှတ်(၅) အထက်တန်းကျောင်းအုပ်သည် ချူးယွင်ဖန်းအား သူတို့ကျောင်းကို ရွှေ့ပြောင်းလိုပါက ထိပ်တန်းကျောင်းသားအဖြစ်ဆက်ဆံမည်ဖြစ်ကာ သူ့အချိန်အားလုံးကို လေ့ကျင့်ခွင့်ပေးမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

ဤသည်မှာ ကမ္ဘာကို ဖြိုခွဲနိုင်လောက်သည့် အကျိုးခံစားခွင့်မျိုးပင်ဖြစ်သည်။ အမှတ်(၅)အထက်တန်းကျောင်းသားများ၏ အကျိုးခံစားခွင့်သည် အများပြည်သူအား ချပြထားခြင်းဖြစ်သည်။ ထိုကျောင်းသားများသည် အရင်းအမြစ်အမျိုးစုံကို ရယူနိုင်မည်ဖြစ်သဖြင့် အတိုချုံးဆိုရလျှင် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်တွင် သူ့နေရာခိုင်မာစေရန် အာမခံချက်မျိုးရရှိခြင်းဖြစ်၏။

တစ်နည်းအားဖြင့် ချူးယွင်ဖန်းသွားရန် ဆန္ဒရှိနေသရွေ့ သူ့အနာဂတ်တွင် ပြည်ထောင်စုတက္ကသိုလ်သို့ရောက်ရန် စိတ်ချရလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် မုန်တိုင်းတိုက်ခိုက်လာခြင်းဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်နှင့် လူ့အသိုင်းအဝိုင်းရှိ အမြင်များသည် ချိတ်ဆက်လျက်ရှိသည်။ ပြည်ထောင်စုတက္ကသိုလ်မှဘွဲ့ရထားပါက၊ ၎င်းတို့ထဲမှ အဆိုးဆုံး၊ အညံ့ဖျင်းဆုံးသူများကိုပင်လျှင် အထင်ကြီးကြမည်ဖြစ်ကာ အကောင်းဆုံးများအဖြစ် သတ်မှတ်ကြလိမ့်မည်ဖြစ်၏။

အများအားဖြင့် အမှတ်(၅) အထက်တန်းကျောင်းသည် အခြားကျောင်းများမှ ကျောင်းသားများရွှေ့ပြောင်းလိုသည့်အခါတွင် စည်းမျဥ်းများနှင့် သင့်လျော်သောလုပ်ထုံးလုပ်နည်းများကို လိုက်နာလေ့ရှိကြသည်။ ၎င်းတို့ဘက်မှ အလျော့ပေးရန်၊ လမ်းဖွင့်ပေးရန် လိုအပ်မည်ဟု မည်သည့်အချိန်တုန်းကမှ မခံစားခဲ့ကြရပေ။ သို့သော် ယခုမူ ချူးယွင်ဖန်းနှင့်ပတ်သက်၍ အလွန်ကွဲပြားသော အကျိုးခံစားခွင့်များကို ပေးလျက်ရှိသည်။ ကျောင်းကို တိုက်ရိုက်ဝင်ခွင့်ရခြင်းသည် ထိပ်တန်းကျောင်းသားအဖြစ် ဆက်ဆံခံရခြင်းကို ဆိုလိုကာ၊ ဤသည်မှာ တုံရှင်းရန်နှင့် အဆင့်တူညီသော အကျိုးခံစားခွင့်များဖြင့် ဆက်ဆံခံရမည်ဖြစ်၏။

တုံရှင်းရန်သည် အမှတ်(၅) အထက်တန်းကျောင်းသို့ရောက်ခဲ့သည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း ချူးယွင်ဖန်းသည် ယခုမှ ဝင်ရောက်လာခြင်းဖြစ်သည်။ ဤဖြစ်တည်မှုအဆင့်အတန်းချင်း နှိုင်းယှဥ်၍မရနိုင်ပေ။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ထိုသို့သော အကျိုးခံစားခွင့်မျိုးကိုရရှိခြင်းဖြစ်၏။

မှန်သည်။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် သာမန်အထက်တန်းကျောင်းမှ ချန်ပီယံဆုရခဲ့သူ တစ်ယောက်တစ်လေမှ မရှိခဲ့ဖူးပေ။ ဤကဲ့သို့ ဉာဏ်အလင်းပေါက်ကာ ထူးချွန်နေသူသည် ပထမဆုံးအကြိမ်ဖြစ်၏။

အရွယ်ရောက်ပြီးသားလူကြီးများထဲတွင် ရုတ်တရက် ဉာဏ်အလင်းပွင့်လန်းသွားသူမျိုးရှိသော်လည်း အလွန်နည်းပါသည်။ ထို့အပြင် ထိုသူများ ဉာဏ်အလင်းရရှိခဲ့လျှင်ပင် ငယ်စဥ်တည်းက ပါရမီပါခဲ့သူများနှင့် နှိုင်းယှဥ်၍ရနိုင်မည်မဟုတ်ပေ။ ထိုသို့ ပါရမီပါသူများသည် ငယ်စဥ်တည်းက အကောင်းဆုံးအရင်းအမြစ်များကိုသာရရှိခဲ့ကာ ဉာဏ်အလင်းပွင့်သွားရုံဖြင့် အကောင်းဆုံးပညာရေးရရှိထားသူများနှင့် ယှဥ်ပြိုင်ရန်မဖြစ်နိုင်ပေ။ သိုင်းပညာသင်ယူခြင်းသည် နေ့ချင်းညချင်းအောင်မြင်နိုင်သော အရာတစ်ခုမဟုတ်ပေ။

ထို့ကြောင့် ချူးယွင်ဖန်းသည် ဤသို့ ပြိုင်စံရှားပုဂ္ဂိုလ်မျိုးဖြစ်လာခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ယွင်နင်ခရိုင်၏ ရာစုနှစ်ချီနေသော သမိုင်းကြောင်းတွင် အဦးဆုံးအကြိမ်ပါလာခဲ့ခြင်းဖြစ်သည်။

အမှတ်(၇) အထက်တန်းကျောင်းသည်လည်း အလားတူအကျိုးခံစားခွင့်မျိုးပေးခဲ့သည်။ အကယ်၍သူသာ အမှတ်(၇) အထက်တန်းကျောင်းဆီသို့ ပြောင်းရွှေ့ခဲ့ပါက သူ့အား ပျိုးထောင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ကတိပြု၍ ‌ယွမ်တစ်သန်းကို ဆုငွေအဖြစ်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ အမှတ်(၇) အထက်တန်းကျောင်းသည် ချူးယွင်ဖန်း၏ မိသားစုအား ပိုမိုစုံစမ်းထားခြင်းဖြစ်၏။ ချူးယွင်ဖန်းသည် သာမန်မိသားစုမှ ဆင်းသက်လာကြောင်း သိသဖြင့် ဤသို့ ကမ်းလှမ်းခြင်းဖြစ်သည်။ အပိုဆုကြေးယွမ်တစ်သန်းသည် သူ၏မိဘများ စုဆောင်းလျှင်ပင် နှစ်နှစ်ဆယ်၊ နှစ်သုံးဆယ်ကြာလောက် ချွေတာသည်ထက် ချွေတာမှသာ ရနိုင်မည့်ပမာဏဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် ယုချိုင်အထက်တန်းကျောင်းသို့ပြောင်းရန် ရွေးချယ်ပါက ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန် နည်းလမ်းတစ်ခုကို ဖန်တီးပေးမည်ဟု ကြေငြာခဲ့သည်။ ဤသည်မှာ ပို၍ကြီးမားသော သဘောတူညီမှုတစ်ခုဖြစ်၏။

နှစ်များတစ်လျှောက်တွင် ပြည်ထောင်စုတက္ကသိုလ်သည် ကျောင်းသားအသစ်များကိုလက်ခံရန် အကြိမ်ပေါင်းများစွာငြင်းဆိုခဲ့ကြသည်။ တက္ကသိုလ်တွင်နေရာတစ်ခုရရန်မှာ အလွန်ရှားပါးသည်ဟု ယူဆ၍ရ၏။ အကယ်၍ အခြားလူတစ်ယောက်ကိုသာ ဤအခွင့်အရေးပေးခဲ့လျှင် ညစ်ပတ်ယုတ်ညံ့သည်ဟု လူများစွာပြောကြမည်မှာ သေချာသော်လည်း ဤကမ်းလှမ်းချက်ကို ခံရသူမှာ ချူးယွင်ဖန်းဖြစ်သဖြင့် မည်သူကမျှ မဆန့်ကျင်ကြပေ။

သူသည် ယွင်နင်ခရိုင်၏ နံပါတ်တစ်ဖြစ်နှင့်နေပြီဖြစ်သဖြင့် ပြည်ထောင်စုတက္ကသိုလ်သို့ သူသာဝင်ခွင့်မရလျှင် မည်သူကရနိုင်လိမ့်မည်နည်း။

သို့ဖြစ်၍ ၎င်းသည် အာမခံချက်ဟုခေါ်သော်လည်း ဤသည်မှာ အပိုအာမခံတစ်ခုမျှသာဖြစ်သည်။ သို့သော် ဤသို့ဆိုလျှင်ပင် ကျောင်းသားတစ်ဦးနှင့်ပတ်သက်၍ နာမည်ကြီးကျောင်းသုံးကျောင်း၏ ဒရာမာများသည် လူများစွာကို ဆွံ့အစေခဲ့သည်။

All Chapters