← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း(၂၀၅) ကျောင်းအုပ်ကြီးနှင့် အတန်းပိုင်ဆရာတို့ ညပိုင်းအလည်လာခြင်း

ကျောင်းသားတစ်ယောက်ကိုလုကာ ရန်ဖြစ်ခဲ့ကြသော နာမည်ကြီး ကျောင်းသုံးကျောင်း၏ ဒရာမာသည် လူများစွာကို ဆွံ့အစေခဲ့သည်။

ကျော်ကြားသော ဂုဏ်များအဖြစ် ၎င်းတို့၏ ဂုဏ်သိက္ခာမှာ အဘယ်သို့ရောက်သွားသနည်း။

သူတို့၏ ကိုယ်ကျင့်သမာဓိများ ဘယ်သို့ရောက်သွားသနည်း။

၎င်းတို့၏ သီးခြားဆန်မှုများ ဘယ်သို့ရောက်သွားသနည်း။

လူတိုင်းသည် ဆွံ့အလျက်ရှိကြကာ ဤနာမည်ကြီးကျောင်းများ ရူးသွပ်သွားကြပြီဟု ထင်ကြသည်။ သို့သော် ဤသည်မှာ နာမည်ကြီးကျောင်းများအတွက်မူ သာမန်အခြေအနေတစ်ခုသာဖြစ်သည်။ ယုချိုင်အထက်တန်းကျောင်းကဲ့သို့ တည်ငြိမ်သမုဒ္ဒရာမြို့ရှိ နာမည်ကြီးကျောင်းများကိုမဆိုနှင့်၊ ထိပ်တန်းနာမည်ကြီးဆယ်ကျောင်းများကဲ့သို့ နာမည်ကြီးကျောင်းမျာပင်လျှင် ကျောင်းသားများအတွက် နှစ်စဥ်တိုက်ခိုက်လေ့ရှိကြသည်။ ယခု ဖြစ်ပျက်နေသောအရာများနှင့် ကွဲပြားခြားနားမှုမရှိဘဲ အတူတူပင်ဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်၏ အဆက်မပြတ်ဖိအားပေးမှုအောက်တွင်၊ သီးခြားဆန်သော နာမည်ကြီးကျောင်း သုံးကျောင်းကပင် ဤသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ ပြည်ထောင်စုတက္ကသိုလ်သို့ သေချာပေါက်ဝင်ခွင့်ရမည့်ကျောင်းသားတစ်ဦးကြောင့် မည်သို့ မတိုက်ခိုက်ကြဘဲနေလိမ့်မည်နည်း။

ဤသို့သော ခွန်အားဖြင့် အရည်အချင်းရှိသည့်ကျောင်းသားတစ်ယောက်ကို မည်သို့ အလေးအနက်မထားဘဲနေနိုင်ကြလိမ့်မည်နည်း။

ထိပ်တန်းနာမည်ကြီးကျောင်း သုံးကျောင်းအပြင် အခြား ကျောင်းများသည်လည်း ၎င်းတို့၏ ကမ်းလှမ်းချက်များကို ကြေညာခဲ့သည်။ ၎င်းတို့သည်လည်း သူတို့အတတ်နိုင်ဆုံး ကမ်းလှမ်းခဲ့ကြသည့်တိုင် ထိပ်တန်းကျောင်းသုံးခုနှင့် ယှဥ်လျှင် ၎င်းတို့၏ ကမ်းလှမ်းချက်သည် အလွန်ချို့တဲ့နေကြောင်း သိသာ၏။ ထို့ကြောင့် သူတို့ ကြေညာရုံ၊ အော်ဟစ်ရုံမျှသာ တတ်နိုင်မည်ဖြစ်သော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ဤသို့အော်ခြင်းသည် ၎င်းတို့ ၏ခွန်အားကို မကုန်ဆုံးစေပေ။ ကိတ်မုန့်တစ်ချပ်သည် ကောင်းကင်ဘုံမှ အလိုအလျောက်ကျလာလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ချူးယွင်ဖန်းအတွက် တိုက်ခိုက်ယှဥ်ပြိုင်နေကြသည့် ကမ္ဘာတစ်ခုသည် ဝိုးတိုးဝါးတား ဖြစ်ပေါ်လာသည်။

နာမည်ကြီး သုံးကျောင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာများကို အရှက်မဲ့စွာ စွန့်ပစ်ကာ ဤသို့ ကမ်းလှမ်းနေကြသည်ကို မြင်လိုက်‌ရသောအခါ အမှတ်(၁၃) အထက်တန်းကျောင်းအုပ် ဟွာချန်ရှန်သည် ဘာမှမဖြစ်သကဲ့သို့ ထိုင်မနေနိုင်တော့ပေ။ သူသည် ချူးယွင်ဖန်းအား စာသင်နှစ်အသစ်မှ သွားရောက်တွေ့ဆုံရန် စောင့်ဆိုင်းချင်ခဲ့ချင်သော်လည်း အခြားကျောင်းများမှ ကမ်းလှမ်းချက်များကို ကြေငြာလာကြသောအခါတွင်မူ ချူးယွင်ဖန်းကို ကျင်းဝူနှင့်အတူ ချက်ချင်းသွားရှာခြင်းသည်သာ အကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ခဲ့သည်။

သူတို့နှစ်ဦးသားသည် ချူးယွင်ဖန်းနောက်ဆုံးစာရင်းသွင်းထားခဲ့သောလိပ်စာဖြစ်သည့် လဝိဉာဥ်ရပ်ကွက်သို့ ရောက်ရှိသောအခါတွင် ကြက်သေသေသွားကြသည်။ ဤသည်မှာ သူတို့နှစ်ဦးသည် ဤသို့သော နေရာမျိုးသို့မရောက်ဖူးသောကြောင့်မဟုတ်ပေ။ အထူးသဖြင့် အမှတ်(၁၃) အထက်တန်းကျောင်းသည် သာမန်ကျောင်းတစ်ကျောင်းဖြစ်သော်လည်း ဟွာချန်ရှန်သည် ကျောင်းအုပ်ဖြစ်သဖြင့် ဤကဲ့သို့နေရာမျိုးသို့ ရောက်ဖူးသည်မှာသေချာ၏။ လက်ရှိလူ့အဖွဲ့အစည်းတွင် ပညာသင်ကြားပေးခြင်းသည် အရေးကြီးသောကြောင့် သူ၏ လူမှုရေးအဆင့်သည် မနိမ့်ကျပေ။ သူ့အား ပညာရှိဟုပင် ယူဆ၍ရနိုင်၏။

သို့သော် ချူးယွင်ဖန်း၏အချက်အလက်များအရ သူ၏ မိသားစုနောက်ခံသည် သာမန်ဖြစ်ကြောင်း နှစ်ဦးသားလုံးရှင်းရှင်းလင်းလင်း သိကြသည်။ ယခုအချိန်တွင်မူ သူတို့သည် ထိုအချက်အလက်များရေးထားသူ၏ မျက်နှာကိုပင် ဖနောင့်ဖြင့်တက်ပေါက်ချင်နေကြ၏။

‘ဒါက သာမန်မိသားစုလား’

‘ငါ့ဖင်ကြီးကို သာမန်’

ဤလူနှစ်ဦး တစ်သက်လုံးကျွန်ခံသွားလျင်ပင် ဤကဲ့သို့အိမ်တစ်လုံး ဝယ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အမှတ်တရားပင်ဖြစ်သည်။

ဟွာချန်ရှန်သည် ကျောင်းအုပ်တစ်ဦးဖြစ်သောကြောင့် သာမန်လူတစ်ယောက်တော့မဟုတ်ပေ။ သူသည် အနည်းငယ်ကြွယ်ဝသော်လည်း ဤနေရာသည်မူ ကွဲပြား၏။ ဤသည်မှာ စည်းစိမ်အနည်းငယ်ရှိရုံဖြင့် ဝယ်ယူ၍ရမည့်နေရာမျိုးမဟုတ်ပေ။

နှစ်ယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် စိုးရိမ်ပူပန်စွာကြည့်မိလိုက်ကြသည်။ သူတို့သည် ချူးယွင်ဖန်း ဆင်းရဲနေလိမ့်မည်ကို မစိုးရိမ်ကြပေ။ အကယ်၍ သူသာဆင်းရဲပါက ပို၍ပင်ကောင်းသေးသည်။ အမှတ်(၁၃) အထက်တန်းကျောင်းတွင် ဆက်နေရန် သူ့အားပိုက်ဆံဖြင့် ဆွဲဆောင်နိုင်၏။

ချူးယွင်ဖန်းနေထိုင်သောနေရာကို ကြည့်ရုံမျှဖြင့် သူသည် ငွေအလုံအလောက်ရှိကြောင်းနှင့် ငွေကြေးချို့တဲ့သူမဟုတ်ကြောင်း သေချာပေါက်သိလိုက်ရသည်။ ထို့ကြောင့် သူတို့၏ မူလအစီအစဥ်သည် အလုပ်ဖြစ်လိမ့်မည်မဟုတ်သဖြင့် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိကြသည်။ ငွေကြေးမချို့တဲ့သော လူချမ်းသာများကို သူတို့အမုန်းဆုံးဖြစ်ကြသည်။ ငွေကြေးမချို့တဲ့သောသူများကို မိမိသဘောအတိုင်းခန့်မှန်း၍မရသဖြင့် လာဘ်ထိုးရန် နည်းလမ်းမရှိပေ။

ရုတ်တရက် အလွန်ပင်ပန်းသွားသကဲ့သို့ခံစားလိုက်ရ၏။ သူတို့ကျောင်းမှ ပျိုးပင်ကောင်းထွက်ရန် မလွယ်ကူသော်လည်း နောက်ဆုံးတွင်မူ ထွက်လာသော ပျိုးပင်သည်လည်း ငွေကြေးမချို့တဲ့သော သူဌေးဖြစ်နေ၏။ ဤသည်ကို အရင်က သူတို့ မကြားခဲ့ဖူးပေ။

ချူးယွင်ဖန်းသည် ဤနှစ်များတစ်လျှောက်တွင် အလွန်သိုသိပ်စွာနေထိုင်ခဲ့သည်။ သူသည် မည်သည့် အရည်အချင်းမှမပိုင်ဆိုင်ထားသော သာမန်ကျောင်သားတစ်ယောက်နှင့်တူသည်။ ဤမျှအချိန်တိုလေးအတွင်းတွင် ယွင်နင်ခရိုင်၏ နံပါတ် (၁) ဖြစ်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမိကြလိမ့်မည်နည်း။ သူသည် နဂါးအဖြစ်သို့ပြောင်းလဲကာ ကောင်းကင်ဘုံသို့ပင် တက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ဤသည်မှာ ထူးဆန်းနေကြောင်းတွေ့ရှိခဲ့သူသည် ကျင်းဝူသာဖြစ်သည်။ ချူးယွင်ဖန်း၏ မိသားစုနောက်ခံသည် သာမန်ဖြစ်သည်ကို သူကောင်းစွာသိ၏။ ချူးယွင်ဖန်းသည် အနည်းငယ်မှ အဆင်မပြေသဖြင့် ယခင်ကလည်း ကျင်းဝူက အလုပ်အနည်းငယ်ပေးခဲ့ဖူးသည်။ ထိုအဖြစ်အပျက်များကို သူယနေ့တိုင်မှတ်မိလျက်ရှိသေး၏။ ယခုမူ သူမြင်ရသလောက်တွင် ချူးယွင်ဖန်း၏ မိသားစုအခြေအနေသည် သိပ်မဆိုးလှသည့်အပြင် ထိပ်တန်းအဆင့်အဖြစ်သတ်မှတ်၍ရနိုင်၏။

ကျင်းဝူသည် သူ၏ သူငယ်ချင်းဟောင်းလုဝေ့ကော်နေထိုင်သည့်နေရာဖြစ်သောကြောင့် လဝိဉာဥ်ရပ်ကွက်သို့ ယခင်က လာခဲ့ဖူးသည်။ သူတို့နှစ်ဦးလုံးသည် စစ်တပ်မှ အငြိမ်းစားများဖြစ်ကြ၏။ တစ်ဦးသည် ကျောင်းတွင် ဆရာဖြစ်လာကာ တစ်ဦးကမူ သူဌေးကြီးဖြစ်လာ၏။ သူတို့၏ အခြေအနေများသည် လွန်စွာကွဲပြားလျက်ရှိသည်။ ကျင်းဝူသည် ဆရာတစ်ဦးသာဖြစ်သော်လည်း လဝိဉာဥ်ရပ်ကွက်မှ အိမ်စျေးနှုန်းများ မည်မျှကြီးမားသည်ကို သူသိ၏။ ဤသည်မှာ သာမန်မိသားစုများ တစ်သက်လုံးကျွန်ခံလျှင်ပင် ဝယ်ယူနိုင်မည့် ပမာဏမဟုတ်ပေ။

လုံခြုံရေးတဲတွင် စစ်ဆေးပြီးနောက် လုံခြုံရေးများသည် သူတို့အား ရပ်ကွက်အလယ်ရှိ အိမ်ကြီးရခိုင်တစ်ခုဆီသို့ အမြန်ခေါ်ဆောင်သွားကြသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းနှင့် သူ့မိသားစုသည် ညစာစားပြီးကာစဖြစ်သဖြင့် အမှတ်(၁၃) အထက်တန်းကျောင်းအုပ်ကြီးနှင့် အတန်းပိုင်ဆရာတို့ လူကိုယ်တိုင်ရောက်လာကြလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

အားလုံးထိုင်ခုံတွင်ထိုင်ပြီးနောက်တွင် ဟွာချန်ရှန်ကစကားစ၏။

“ချူးယွင်ဖန်း၊ မင်း ကိစ္စတွေအများကြီးကို ဖုံးကွယ်ထားတာပဲ။ မင်းမိသားစုတွေကို သာမန်ပဲလို့ထင်ခဲ့တာ၊ ဒီလောက်ချမ်းသာမယ်လို့ ငါမမျှော်လင့်ထားဘူး”

ချူးယွင်ဖန်းသည် ရှင်းပြရန်မလိုအပ်သဖြင့် ပြုံးရုံသာပြုံးကာပြောလိုက်သည်။

“ဒီလောက်နောက်ကျနေမှ ကျောင်းအုပ်ဟွာနဲ့ နည်းပြဝူတို့ ဘာလို့ရောက်လာတာလဲ သိလို့ရမလား”

ဤသို့ပြောသောအခါ ဟွာချန်ရှန်သည် ဝိဉာဥ်လွင့်သွားသကဲ့သို့ခံစားလိုက်ရသည်။

“မင်းက အမှတ်(၁၃) အထက်တန်းကျောင်းကို ကိုယ်စားပြုပြီး ချန်ပီယံဆုကိုရခဲ့လို့ ကျောင်းကိုယ်စား မင်းအဆင်ပြေရဲ့လားဆိုတာ ကြည့်ဖို့ရောက်လာတာပဲ”

ချူးဝမ်ချန်း၊ ယန်ယယွင်နှင့် ချူးချင်းရွှမ်တို့သည် သူ ဤမျှကြီးများသော စွမ်းဆောင်ချက်ကို ပြုလုပ်နိုင်ခဲ့ကြောင်း ယခုအချိန်မှ သဘောပေါက်သွားကြခြင်းဖြစ်၏။ မကြာသေးခင်တွင် သူတို့သည် ချူးယွင်ဖန်းအား အာရုံမစိုက်နိုင်လောက်အောင်အထိ အလုပ်များနေခဲ့သောကြောင့် ချူးယွင်ဖန်းသည် လူအများ၏ အာရုံစိုက်စရာဖြစ်လာကြောင်းကို မသိခဲ့ကြပေ။

“စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးဟွာ” ချူးယွင်ဖန်းက ပြုံးလျက်ဖြေသည်။

ဟွာချန်ရှန်သည် ချူးယွင်ဖန်း၏ သာမန်ကာလျှံကာဖြစ်သောအမူအယာကို သတိပြုမိသဖြင့် စိတ်ဓာတ်ကျမိသွားသည်။ တစ်ကမ္ဘာလုံးပြိုပျက်လုမတက်ဖြစ်နေသော်လည်း အဓိကဇာတ်ကောင်သည် အနည်းငယ်မျှပင် စိတ်ပူပုံမပေါ်ပေ။

ဟွာချန်ရှန်၏ စကားကို ကြားပြီး‌နောက် ချူးယွင်ဖန်းသည် သူ၏ရည်ရွယ်ချက်ကို ချက်ချင်းပင် ခန့်မှန်းမိခဲ့သည်။ အိမ်မှမထွက်သည်မှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း ဤသည်မှာ ‘ဘာမှမသိဘူး’ဟူ၍တော့ ဆိုလိုခြင်းမဟုတ်ပေ။ အို့ယန်၊‌ ဂေါင်ဟုန်ချီနှင့် တန်စီယုပင် ရောက်လာခဲ့ကြသည်။ ကောင်းဟုန်ကျီသည်မူ လွန်စွာမနာလိုဖြစ်လျက်ရှိ၏။

နာမည်ကြီးကျောင်းသုံးကျောင်းအကြား ပြိုင်ဆိုင်မှုအကြောင်းသာဖြစ်သည်။ ထိုကျောင်းများ၏ လုပ်ရပ်များသည် အနည်းငယ်အရှက်မရှိသော်လည်း ဤသည်က ချူးယွင်ဖန်းမည်မျှနာမည်ကြီးသည်ကို ပြသလျက်ရှိသည်။ ယင်းမှာ မည်သူမျှ လက်မခံခဲ့ရဖူးသော အကျိုးခံစားခွင့်များသာဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ချူးဝမ်ချန်းနှင့် ယန်ယယွင်တို့သည် ထိုအကြောင်းကို ယခုမှသိရှိခဲ့ရသည်။ မိဘများဖြစ်သည့်အလျောက် ထိုသို့သော ကိစ္စများကို သဘာဝအလျောက်ပင် ဂရုစိုက်ကြသောကြောင့်

ကျောင်းပေါင်းစုံတွေ့ဆုံပွဲအကြောင်း ကြားခဲ့ကြဖူး၏။

မိမိတို့သား၏ စွမ်းဆောင်ရည်သည် လတ်တလောတွင် အလွန်တိုးတက်လာခဲ့ကာ ကျောင်းတစ်ခုလုံးတွင် ပထမရခဲ့သည်ကိုလည်းသိကြသည်။ သို့သော် မိမိတို့သားလေးသည် ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် ချန်ပီယံဆုရလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

အမှတ်(၁၃) အထက်တန်းကျောင်းတွင် ချန်ပီယံဆုရရှိရန် ခက်ခဲသည်ဟု ယူဆ၍ရလျှင် ကျောင်းပေါင်းစုံတွေ့ဆုံမှုတွင် ချန်ပီယံရရှိခြင်းသည်မူ ငရဲတမျှခက်ခဲမည်မှာ ရိုးရှင်း၏။

အခန်း(၂၀၆) စာသင်နှစ်အသစ်၊ လူအုပ်၏ အာရုံစိုက်မှုကိုရရှိခြင်း

သို့သော် ကျောင်းအုပ်ကြီးနှင့် ဆရာတို့ရှေ့တွင် သူတို့သည် ယင်းအကြောင်းမေးမြန်းခြင်းမပြုခဲ့ဘဲ မိမိတို့သားအတွက် ဂုဏ်ယူလျက်သာရှိကြသည်။

“ကျောင်းအုပ်ကြီးဟွာ၊ နည်းပြကျင်း၊ ကျွန်တော်တို့က ရိုးသားကြပါတယ်။ အကယ်၍ ဆရာတို့မှာ ပြောစရာများရှိရင် ပြောသာပြောချလိုက်ပါ။ ကျွန်တော့်မိဘတွေလည်းဒီမှာပဲဆိုတော့ ကျွန်တော်တို့ သေချာနားထောင်ပေးမှာပါ” ချူးယွင်ဖန်းသည် အပြုံးဖြင့်ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆို ငါ ဝေ့ဝိုက်မနေတော့ဘူး။ မစ္စတာကျင်းနဲ့ ကျုပ်တို့က ကျောင်းကိုယ်စား မင်းကို ကျေးဇူးတင်ဖို့ရောက်လာတာပါ။ ဒါ့ကြောင့် ကျောင်းက မင်းကို ယွမ်နှစ်သန်းဆုချဖို့ ဆုံးဖြတ်ထားပါတယ်”

သူက ဤသို့ပြောနေစဥ်တွင် ချူးယွင်ဖန်း၏ အမူအရာကို ဂရုတစိုက် အကဲခတ်လျက်ရှိသည်။ သေချာသည်မှာ ချူးယွင်ဖန်းသည် ဤအကြောင်းကို အလွန်အမင်းဂရုမစိုက်ပေ။ ယွမ်နှစ်သန်းသည် ချူးယွင်ဖန်း၏ အာရုံကို လုံလုံလောက်လောက်မဆွဲဆောင်နိုင်သည်မှာ သေချာသလောက်ရှိ၏။

ချူးဝမ်ချန်းနှင့် ယန်ယယွင်တို့သည်မူ အနည်းငယ် အံ့သြသွားကြသည်။ ကျောင်းမှ သူ့အတွက် ယွမ်နှစ်သန်းအကုန်အကျခံရန် ဆန္ဒရှိလောက်အောင် ချူးယွင်ဖန်းလုပ်ခဲ့သည့် လှိုင်းသည် မည်မျှကြီးသနည်း။ သို့သော် သူတို့နှစ်ဦးသည် နှောက်ယှက်ရန်မသင့်တော်ကြောင်းသိသဖြင့် ၎င်းကို ဝင်ရောက်စွက်ဖက်၊ တုန့်ပြန်ခြင်းမပြုပေ။

“ဒါ့အပြင် ငါတို့ ပေးနိုင်သလောက် အရင်းအမြစ်တွေကိုလည်း မင်းကို ထောက်ပံ့ပေးမယ်။ ကျောင်းရဲ့အကောင်းဆုံးဆရာတွေကို မင်းလိုချင်တဲ့အချိန်တိုင်း အသင့်ရှိနေစေရမယ်။ တကယ်လို့ အခြားတောင်းဆိုစရာတွေရှိနေသေးရင် လွတ်လွတ်လပ်လပ်ပြောပြပါ”

ဟွာချန်ရှန်းသည် တွန့်ဆုတ်ခြင်းအလျင်းမရှိဘဲ ဝှက်ဖဲအားလုံးကို ထုတ်ပြလိုက်သည်။ ဤအချိန်တွင် သူတွန့်ဆုတ်နေပါက၊ အခြေအနေသည် ပြောင်းပြန်ဖြစ်သွားနိုင်၏။

ချူးယွင်ဖန်းက ခဏတာလောက်စဥ်းစားကာ

“ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီးဟွာ၊ ဆရာ့ရဲ့စိုးရိမ်မှုတွေကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် လက်ရှိကျွန်တော့်မှာ ကျောင်းပြောင်းဖို့အစီအစဥ်မရှိပါဘူး။

နှစ်ဦးသားသည် ချူးယွင်ဖန်း၏ စကားကို ကြားသောအခါ သက်ပြင်းချလိုက်ကြသည်။ ကျင်းဝူကမူ ကမန်းကတန်းပြော၏။

“မင်းမှန်မှန်ကန်ကန် ရွေးချယ်လိုက်တာပဲ။ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေက အခုအရမ်းနီးနေပြီ။ ဒီအချိန်ကျောင်းပြောင်းတာ မင်းအတွက် ဘာအကျိုးကျေးဇူးမှမရှိပါဘူး။ ဒါ့အပြင် ငါတို့ကျောင်းကလည်း အဲ့နာမည်ကြီးကျောင်းတွေ ထောက်ပံ့ပေးတဲ့ အရာတွေမှန်သမျှကို ထောက်ပံ့ပေးနိုင်ပါတယ်”

“အင်းအင်း” ချူးယွင်ဖန်းက ‌ခေါင်းညိတ်လိုက်သည်။

လွန်ခဲ့သည့်နှစ်နှစ်ကသာဖြစ်လျှင် ဤကဲ့သို့ အခွင့်အရေးမျိုးကို လက်လွှတ်မခံသင့်သော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လအနည်းငယ်သာ ကျန်တော့သော အချိန်တွင် ကျောင်းများပြောင်းရန် အကြောင်းပြချက်မရှိပေ။ လက်ရှိကျောင်းသည် သူ့အား အခြေအနေကောင်းများကို ထောက်ပံ့ပေးနိုင်လျှင်ပင် လုံလောက်ပြီဖြစ်သည်။

ချူးယွင်ဖန်း၌ ကျောင်းပြောင်းရန် ရည်ရွယ်ချက်မရှိကြောင်း အတည်ပြုပြီးနောက်တွင် သူတို့နှစ်ဦးသည် ချက်ချင်းပင် စိတ်အေးလက်အေးဖြစ်သွားသည်။ ချူးဝမ်ချန်းနှင့် ယန်ယယွင်တို့သည် သူတို့နှင့် စကားစမြည်ဆက်ပြောကြကာ နောက်ထပ်နာရီဝက်ခန့်ကြာမှ ပြန်သွားကြ၏။

သူတို့ထွက်သွားသော အခိုက်အတန့်တွင် ချူးချင်းရွှမ်သည် ချူးယွင်ဖန်းအား

“ကိုကို၊ တကယ်ပဲ ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ ချန်ပီယံဖြစ်သွားတာလား။ အံ့သြစရာကြီး” ဟု ပြောလိုက်သည်။

သူမ၏ မျက်လုံးများ တောက်ပလာကာ သူမ၏ မျက်နှာသည် အံ့သြမှုနှင့် အတူ လေးစား၊ အထင်ကြီးမှုများလည်း သွယ်ယှက်လျက်ရှိ၏။

အစောပိုင်း၊ သူတို့စကားပြောနေစဥ်တွင် သူမသည် ကျောင်းပေါင်းစုံတွေ့ဆုံပွဲချန်ပီယံ၏ လွှမ်းမိုးမှုကို စုံစမ်းကြည့်ခဲ့သည်။ အချို့သောအသိုင်းအဝိုင်းများတွင် အင်တာနက်သည် ဤသတင်းဖြင့်ပြည့်နေသဖြင့် သူမအစ်ကိုသည် မည်မျှအံ့သြဖွယ်ကောင်းနေပြီဖြစ်ကြောင်းကို သူမနားလည်ရန် လုံလောက်ပြီဖြစ်၏။

“ဟုတ်တယ်။ ငါနိုင်ခဲ့တယ်” ချူးယွင်ဖန်းက ပြုံးပြုံးဖြင့်ပြောလိုက်သည်။

ထို့နောက် ချူးယွင်ဖန်းသည် လတ်တလောအဖြစ်အပျက်များအကြောင်း ပြန်ပြောပြလိုက်သည်။

“ယွင်ဖန်း၊ အခု မင်းကြီးပြင်းလာပြီမို့လို့ မင်းအမေနဲ့ ငါက မင်းရဲ့ ရွေးချယ်မှုတွေကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ မင်းရဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် အကျိုးရှိသရွေ့ ငါတို့က အဆင်ပြေမှာပါ” ချူးဝမ်ချန်းကပြောသည်။

“ဟုတ်တယ်။ သား ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်ဆုံးဖြတ်လို့ရတယ်” ယန်ယယွင်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

ဤကာလတွင် ချူးယွင်ဖန်းသည်သာ ပြောင်းလဲသွားခြင်းမဟုတ်ပေ။ ချူးဝမ်ချန်းနှင့် ယန်ယွင်တို့သည်လည်း ပြောင်းလဲသွား၏။ ချူးယွင်ဖန်းသည် ယခုကြီးပြင်းလာကာ ကိစ္စများတွင် သူကိုယ်ပိုင်ဆုံးဖြတ်နိုင်သည်ဟူသောအချက်ကို သူတို့ တဖြည်းဖြည်းရင်းနှီးလာခဲ့ကြသည်။

သူ့မိသားစုနှင့် ခဏတာမျှ စကားစမြည်ပြောပြီးသည့်နောက်တွင် ချူးယွင်ဖန်းသည် သူ့အခန်းထဲသို့ပြန်ကာ အနားယူခဲ့သည်။ ယခု စာသင်နှစ်အသစ်စတော့မည်ဖြစ်သဖြင့် သေချာစီစဥ်ထားရန်လိုအပ်သည်။ စာသင်နှစ်အသစ်စခြင်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကြီးနှင့် မဝေးတော့ကြောင်းဆိုလိုခြင်းပင်ဖြစ်သည်။

ထိပ်တန်းနာမည်ကြီးတက္ကသိုလ်ဆယ်ခုသို့ ဝင်ခွင့်ရရန် လက်ရှိ ဝင်ခွင့်သတ်မှတ်ချက်မှာ စွမ်းအင်သန့်စင်ခြင်းအဆင့်ဖြစ်သည်။ စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေကြသရွေ့ ထိုသူတို့သည် ထိပ်တန်း နာမည်ကြီးတက္ကသိုလ်များသို့ ဝင်ခွင့်ရကြလိမ့်မည်ဖြစ်၏။

သို့သော် ပြည်ထောင်စုတက္ကသိုလ်သည် ချွင်းချက်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်တွင်မူ စွမ်းအင်သန့်စင်ခြင်းအဆင့်သည် တက္ကသိုလ်ဝင်ခွင့်စားမေးပွဲတွင် ပါဝင်ရန်လိုအပ်သည့် အရည်အချင်းများထဲမှ တစ်ခုသာဖြစ်သည်။

တစ်နည်းဆိုရလျှင်၊ ချူးယွင်ဖန်း၏ လက်ရှိအခြေအနေအရ၊ ပြည်ထောင်စုတက္ကသိုလ်စာမေးပွဲတွင် ပါဝင်ရန်ပင် အရည်အချင်းမပြည့်မီပေ။ ထို့အပြင် ယင်းမှာ အနိမ့်ဆုံးလိုအပ်ချက်သာဖြစ်သဖြင့် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန် စွမ်းအင်သန့်စင်ခြင်းပထမအဆင့်ဖြင့် မလုံလောက်သည့်အပြင် စွမ်းအင်သန့်စင်ခြင်းဒုတိယအဆင့်ဖြင့်ပင် လျောက်ထားရန် စိတ်မချရပေ။ စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်တွင် ရှိကြမှသာ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ရန် လုံလောက်သော အခွင့်အရေးရှိသည်ဟု ယူဆ၍ရ၏။

ချူးယွင်ဖန်း၏ လက်ရှိအဆင့်ဖြင့် အချိန်ကန့်သတ်ချက်ရှိသော်လည်း ကံကောင်းစွာဖြင့် လအနည်းငယ်ကျန်သေးသည်။ ထို့ကြောင့် ရှေ့သို့ဆက်တိုးရန် ကြိုးစားချိန်ရှိသေး၏။

ယခု သူ၏ ထိပ်တန်းဦးစားပေးမှာ ချီပင်လယ် နဝမအဆင့်သို့ တက်လှမ်းရန်သာဖြစ်သည်။ ထိုအချိန်တွင် သူ၏ ခွန်အားသည် တစ်လှမ်းတိုးလာမည်ဖြစ်ကာ စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် အမှန်တကယ်ယှဥ်၍ရနိုင်မည်ဖြစ်သည်။

ညသည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားလျက် လသည် အနောက်ဘက်သို့‌ရွေ့လျားကာ နေသည် အရှေ့ဘက်မှ ပြန်လည်ပေါ်ထွက်လာ၏။

စာသင်နှစ်သစ်၏ ပထမနေ့တွင် ချူးယွင်ဖန်းသည် မနက်စောစောထသော်လည်း ချူးချင်ရွှမ်သည်မူ ပို၍စောစောထ၏။ ယနေ့သည် သူမ၏ ပထမဆုံးကျောင်းတက်ရက်ဖြစ်သဖြင့် သူမကိုယ်သူမမထိန်းနိုင်တော့ဘဲ အလွန်အမင်းစိတ်လှုပ်ရှားလျက်ရှိသည်။ ယခင်က ရောဂါကြောင့် ကျောင်းမတက်ခဲ့ရသဖြင့် အိမ်၌သာ ကိုယ်တိုင်စာလေ့လာခဲ့ရသည်။ သူမသည် အလယ်တန်းသင်ရိုးညွှန်းတမ်းအား လေ့လာပြီးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အလွန်အထီးကျန်ဆန်ခဲ့သည်။ ယနေ့သည် သူမ၏ ဘဝသစ်တစ်ခုအစသာဖြစ်သည်။

ချူးဝမ်ချန်းနှင့် ယန်ယယွင်တို့သည် ဤကိစ္စကိုအလေးအနက်ထားကြကာ လုပ်ထုံးလုပ်နည်းအချို့ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေးရန် ကျောင်းသို့ လိုက်သွားရန်စီစဥ်ထားကြသည်။

တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် နံနက်စာကို အေးအေးဆေးဆေးစားပြီးနောက် အနက်ရောင် သိုင်းဝတ်စုံကို လဲဝတ်လိုက်သည်။ ထို့နောက် ပခုံးပေါ်တွင် အရိပ်မဲ့ဓားကိုလွယ်လျက် ကျောင်းသို့သွား၏။

ခေတ္တအနားယူပြီးနောက်တွင် ကျောင်းသားများစွာသည် ကျောင်းသို့ စိတ်အားထက်သန်စွာဖြင့်လာကြပြန်သည်။ အတန်းချိန်များတက်ပြီးလျှင် အနားယူချင်ကြသော်လည်း၊ အနားယူရသည့်အခါတွင်မူ ကျောင်းကို လွမ်းကြပြန်သည်။ ကျောင်းသားများသည် ထူးဆန်းသော သတ္တဝါများသာဖြစ်၏။

ချူးယွင်ဖန်းပေါ်ပေါက်လာမှုကြောင့် လူအများသည် ချက်ချင်းပင် အုတ်အော် သောင်းတင်းဖြစ်ကုန်ကြသည်။

“အာ၊ အဲ့တာ နတ်ဘုရားချူး”

“ငါနတ်ဘုရားချူးကိုတွေ့ခဲ့တယ်။ သူကအရမ်းခံ့ညားတာပဲ”

“မင်းကြားပြီးပြီလား၊ နတ်ဘုရားချူးက အမှတ်(၁၃) အထက်တန်းကျောင်းကိုယ်စားပြုဝင်ပြိုင်ပြီး ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ အနိုင်ရခဲ့တယ်”

“ငါ ဘယ်လိုလုပ်မကြားဘဲနေမှာလဲ။ ကျောင်းဖိုရမ် တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်တာကို”

“မျှော်လင့်ထားတဲ့အတိုင်းပဲ နတ်ဘုရားချူးက ငါတို့ကျောင်းရဲ့ နံပါတ်တစ်တင်မဟုတ်ဘဲ ယွင်နင်ခရိုင်တစ်ခုလုံးရဲ့ နံပါတ်တစ်လည်းဖြစ်နေပြီ”

ကျောင်းသားများစွာသည် ချူးယွင်ဖန်းကို စိတ်လှုပ်ရှားစွာကြည့်လျက်ရှိသည်။ အထူးသဖြင့် ဂျူနီယာများသည် လေးစားအားကျမှုများပြည့်လျှံကာ စိတ်လှုပ်ရှားနေကြသည်။ သာမန်ကျောင်းမှဖြစ်သော်လည်း ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် အနိုင်ရကာ ချန်ပီယံဖြစ်လာခဲ့သည်မှာ အံ့သြဖွယ်ရာပင်ဖြစ်သည်။ ယခု လူအများသည် ချူးယွင်ဖန်းအား ယွင်နင်ခရိုင်၏ နံပါတ်တစ်ဟု သတ်မှတ်ကြသည်။

သားသမီးများကို လိုက်ပို့သော မိဘများသည်လည်း ချူးယွင်ဖန်းကို သတိထားမိကြ၏။

“ဒါက ချူးယွင်ဖန်းလား၊ သူက တကယ်ကို ခံ့ညားချောမောတဲ့သူပဲ”

“သာမန်ကျောင်းက ဒီလိုလူကို မွေးထုတ်နိုင်ခဲ့တာ အမှန်ပဲနော်”

“ဟူး၊ လူအချင်းချင်းနှိုင်းယှဥ်နေကြတာ စိတ်တိုစရာပဲ။ သူတို့က ကျောင်းတစ်ခုတည်းမှာ အတူတူတက်နေကြတာပဲကို ဒီ‌လောက်ကြီးကြီးမားမားကွာခြားချက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

အပြန်အလှန်ဆွေးနွေးသံများ လေထဲတွင် ပျံ့နှံနေစဥ်၌ ချူးယွင်ဖန်းသည် အမှတ်(၁၃) အထက်တန်းကျောင်းအတွင်းသို့ လမ်းလျှောက်ဝင်လာ၏။

အခန်း(၂၀၇) ပြင်းထန်တဲ့ စခန်းချလေ့ကျင့်မှု

ချူးယွင်ဖန်းသည် စာသင်နှစ်သစ်၏အစတွင် ဤမျှကြီးမားသော လှိုင်းဂယက်တစ်ခုကို ဖန်တီးလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

ကျောင်းပေါင်းစုံတွေ့ဆုံပွဲသည် ကျောင်းအဆင့်သတ်မှတ်သည့်နည်းလမ်းတစ်ခုမဟုတ်သကဲ့သို့ တရားဝင်ပြိုင်ဆိုင်မှုမျိုးလည်းမဟုတ်ပေ။ သို့သော် လူများသည် ချန်ပီယံမှတပါးမည်သည့်အဆင့်ကိုမျှ ဂရုမစိုက်ပေ။ ထို့ကြောင့် ဤပွဲတွင် ချန်ပီယံရခြင်းသည် လူတိုင်းကို လှုပ်ခတ်သွားစေခြင်းဖြစ်၏။

မည်သူချန်ပီယံဖြစ်ပါစေ လူတိုင်း၏ အာရုံစိုက်မှုကိုခံရလိမ့်မည်ဖြစ်သည်။ အခြားကျောင်းများတွင်ပင် ချူးယွင်ဖန်း၏အကြောင်းသည် လူများစွာ၏ စကားဝိုင်းထဲတွင် ပါဝင်လာ၏။

အမှတ်(၁၃) အထက်တန်းကျောင်း ဖိုရမ်တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ တစ်ကျောင်းလုံးတွင် ပထမနေရာကိုရခဲ့ခြင်းသည် ဤကျောင်းသာများကို ရူးသွပ်သွားစေရန်မလုံလောက်ပေ။ နှစ်စဥ်နှစ်တိုင်းတွင် ကျောင်း၏ အဆင့်တစ်ရှိမည်ဖြစ်၏။ သို့သော် ကျောင်းပေါင်းစုံတွေ့ဆုံပွဲတွင် ချန်ပီယံဖြစ်လာခြင်းသည်မူ ယွင်နင်ခရိုင်တွင် နံပါတ်တစ်ဖြစ်လာခြင်းဖြစ်၏။ အမှတ်(၁၃) အထက်တန်းကျောင်းကဲ့သို့ သာမန်ကျောင်းတစ်ခုသည် ချန်ပီယံကျောင်းဖြစ်လာခြင်းမှာမူ မကြုံစဖူးဖြစ်ရုံတင်မက နောက်ဆုံးအကြိမ်ပင်ဖြစ်နိုင်၏။

ချူးယွင်ဖန်းသည် အမှတ်(၁၃) အထက်တန်းကျောင်း၏ သမိုင်းတွင်ပါဝင်ရန် ကံကြမ္မာပါလာခြင်းဖြစ်သည်။ အနာဂတ်တွင် အမှတ်(၁၃) အထက်တန်းကျောင်းမှ ကျောင်းသားများကို ထပ်ခေါ်ဦးမည်ဆိုလျှင်ပင် သူသည် အတောက်ပဆုံးဖြစ်လိမ့်မည်မှာ သေချာ၏။

ချူးယွင်ဖန်း ကျောင်းဝင်းထဲသို့ဝင်လာလိုက်သည်နှင့် သူ့အား အချိန်ကြာမြင့်စွာစောင့်မျှော်နေခဲ့သော ကျင်းဝူသည် သူ့အားဆက်ခနဲဆွဲခေါ်သွား၏။ ချူးယွင်ဖန်းသည် ကျင်းဝူ၏ ဦးဆောင်မှုဖြင့် ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ လိုက်သွား၏။ ချူးယွင်ဖန်းသာမက အခြား ထိပ်တန်းကျောင်းသားအယောက်နှစ်ဆယ်သည်လည်း ရုံးခန်းထဲတွင်ရှိနေ၏။

ကျောာင်းအုပ်ကြီး၏ ရုံးခန်းထဲတွင် ချူးချန်ရှန်သာမက အခန်(၁) ရှိ အတန်းပိုင်ဆရာ ချင်ဖုန်းလည်းရှိသည်။ ထို့အတူ ချူးယွင်ဖန်း၏ မိတ်ဆွေဖြစ်သော ဗိုလ်မှုးချုပ်ရာထူးသို့ တိုးမြှင့်ခံထားရသည့် ရွှယ်ပိုင်လုံသည်လည်း ရုံးခန်းထဲတွင်ရပ်နေ၏။

ချူးယွင်ဖန်း ရောက်ရှိလာပြီးနောက် အို့ယန်၊ ကျန်းထန်၊ တန်စီယု၊ ဟုန်ချီနှင့် အခြားကျောင်သားများအားလုံးသည် သူ၏ ဦးဆောင်မှုနောက်သို့ အလိုအလျောက်လိုက်ကြ၏။ အကယ်၍ သူတို့၏ ခွန်အားများသာ တူညီနေလိမ့်မည်ဆိုပါက ချူးယွင်ဖန်းနှင့် ယှဥ်ပြိုင်ရန် ကြိုးစားကြလောက်ဦးမည်ဖြစ်သော်လည်း သူတို့၏ ခွန်အားသည် ချူးယွင်ဖန်းထက် များစွာနိမ့်ကျနေသဖြင့် ခေါင်းဆောင်ရာထူးအတွက် ယှဥ်ပြိုင်ရန် ရည်ရွယ်ချက်များလုံးဝ‌ပျောက်ဆုံးနေပြီဖြစ်သည်။ သာမန်ကျောင်းတစ်ကျောင်း၏ ကျောထောက်နောက်ခံဖြင့် ကျောင်းပေါင်းစုံတွေ့ဆုံပွဲ၏ ချန်ပီယံဖြစ်သော ချူးယွင်ဖန်းသည် သူတို့၏ ယှဥ်ပြိုင်လိုစိတ်များအားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပြီဖြစ်၏။

ဤအရာများအားလုံးကို ရွှယ်ပိုင်လုံစစ်ဆေးကြည့်ပြီးနောက်တွင် သူအနည်းငယ်အံ့သြသွားခဲ့သည်။ ယခင် သူသိခဲ့သော ချူးယွင်ဖန်းသည် သာမန် အထက်တန်း လက်ရွေးစင် ကျောင်းသားတစ်ယောက်သာဖြစ်သော်လည်း ယခုမူ အမှတ်(၁၃) အထက်တန်းကျောင်းသားများ၏ ခေါင်းဆောင်ဖြစ်လာပြီဖြစ်သည်။ ဤသို့တိုးတက်မှုနှုန်းသည် သူ့အတွက် အလွန်အံ့သြဖွယ်ဖြစ်နေ၏။

“မင်္ဂလာနံနက်ခင်းပါ ကျောင်းအုပ်ကြီးဟွာ၊ ဆရာချင်၊ မင်္ဂလာနံနက်ခင်းပါ။ ဒုဗိုလ်ကြီးရွှယ်၊ ကျွန်တော်တို့ မတွေ့တာကြာပြီနော်” ချူးယွင်ဖန်းသည် ရွှယ်ပိုင်လုံအား စတင်နှုတ်ဆက်လိုက်သည်။

“တကယ်ပဲ၊ အတော်ကြာခဲ့ပြီနော်၊ မင်းက ယွမ်နင်ခရိုင်မှာ နံပါတ်တစ်ဖြစ်နေပြီလို့ သတင်းကြားတယ်။ ဂုဏ်ယူပါတယ် ငါ့ကောင်” ရွှယ်ပိုင်လုံက ပြောလိုက်သည်။

ချူးယွင်ဖန်းအား ကြည့်လျက် ရွှယ်ပိုင်လုံ၏ မျက်လုံးများတောက်ပလာသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှု ပို၍ ထူးချွန်လာလေလေ ချူးယွင်ဖန်းအား စစ်ထဲသို့ခေါ်ယူလိုစိတ်များ ပြင်းပျလာလေလေဖြစ်နေသည်။

‘စစ်တပ်ထဲဝင်တာဘာမှားလို့လဲ၊ တိုင်းပြည်ကို အကျိုးပြုပြီး လူသားမျိုးနွယ်တိုးတက်ဖို့ ကြိုးစားရတာပဲလေ’ ရွှယ်ပိုင်လုံက စိတ်ထဲမှ တွေးလိုက်မိသည်။

“ဒါ နည်းနည်းကံကောင်းသွားရုံပါပဲ” ချူးယွင်ဖန်းသည် မနိမ့်ချလွန်းမပိုလွန်းသော အမူအရာဖြင့်ပြောသည်။

“ကောင်းပြီ။ လူတိုင်း ဒီရောက်နေကြပြီဆိုတော့။ ပြောစရာရှိတာကို စပြောတော့မယ်” ဟွာချန်ရှန်က အသံခပ်သြသြဖြင့် ပြောလိုက်၏။

ရွှယ်ပိုင်လုံ၏ အမူအရာကို သူမြင်လိုက်သည်နှင့် ရွှယ်ပိုင်လုံသည် ချူးယွင်ဖန်းအား စစ်တပ်ထဲသို့ခေါ်ယူလိုကြောင်း သူသိလိုက်သည်။ ဤသည်မှာ အတိတ်သာဖြစ်လျှင် အဆင်ပြေ၏။ ချူးယွင်ဖန်းအား ကျောင်းထွက်ကာစစ်တပ်ထဲသို့ ဝင်ခြင်းမှ တားဆီးရန်သာလိုအပ်၏။ ယခုမူ ကိစ္စများသည် ကွဲပြားသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန် သေချာလုနီးပါးဖြစ်သည့်အပြင် အလွန်ကာကွယ်ထားရသော ပါရမီရှင်ဖြစ်သဖြင့် ရွှယ်ပိုင်လုံမှ သူ့အား လုယူရန်မည်သို့ခွင့်ပြုနိုင်မည်နည်း။

ဟွာချန်ရှန်၏ စကားလုံးများသည် လူတိုင်း၏ အာရုံကိုဆွဲခေါ်လိုက်သည်။

“စာသင်နှစ်အသစ်စပါပြီ။ ပထမဆုံးအနေနဲ့ အားလုံးကို ချီးကျူးပါရစေ။ ကျောင်းပေါင်းစုံတွေ့ဆုံပွဲမှာ မင်းတို့ရဲ့ စွမ်းဆောင်မှုက ငါတို့ကျောင်းအတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်” ဟွာချန်ရှန်ကပြောသည်။

အခြားကျောင်းသားများအားလုံးသည် ချူးယွင်ဖန်းအား ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် အလွန်ကောင်းမွန်ကာ အမှတ်(၁၃) အတွက် ဂုဏ်သရေကို ယူဆောင်နိုင်ခဲ့ကြသော်လည်း “ဂုဏ်”ဟူသော စကားလုံးသည် ချူးယွင်ဖန်း၏ ပခုံးပေါ်တွင် လေးလံစွာတည်ရှိနေဆဲဖြစ်သည်။

“ဒါပေမယ့် ဒါက အစပဲရှိပါသေးတယ်။ ကောလိပ်ဝင်ခွင့်စာမေးပွဲမပြီးသရွေ့ ငါတို့ အေးအေးဆေးဆေးနေလို့မရဘူး” ထုံးစံအတိုင်းပင် ဟွာချန်ရှန်သည် စကား အနည်းငယ်ပြောပြီးနောက်တွင် ခေါင်းစဥ်ပြောင်းလိုက်၏။

“မင်းတို့ဆီက နောက်ထပ်သဘောတူညီချက်တစ်ခုရှိလို့ ဒီနေ့ မင်းတို့ကို ဒီနေရာကိုခေါ်ရတာပဲ”

“အဲ့အကြောင်း ကျုပ်ပြောပါရစေ” ရွှယ်ပိုင်လုံကပြောသည်။

“ကောလိပ်ဝင်ခွင့်စာမေးပွဲတွေက လာနေပြီ။ မင်းတို့ကို စာမေးပွဲမှာ သေချာဖြေနိုင်ဖို့အတွက် ပညာရေးဗျူရိုက ပြင်းထန်တဲ့လေ့ကျင့်ရေးစခန်းတစ်ခု စီစဥ်ဖို့ တပ်မတော်ကို အကူအညီတောင်းထားတယ်”

“ပြင်းထန်တဲ့ လေ့ကျင့်ရေးစခန်း၊ ဟုတ်လား” ကျောင်းသားများက စိတ်လှုပ်ရှားစွာမေးလိုက်သည်။

“မနှစ်က အလားတူ လေ့ကျင့်ရေးစခန်းရှိခဲ့တာ ငါမှတ်မိသေးတယ်”

ရွှယ်ပိုင်လုံသည် လူအုပ်ကို တစ်ချက်ကြည့်လိုက်ကာ

“အားလုံးပဲ ခဏလေး တိတ်တိတ်နေပေးကြပါ။ ငါဆက်ပြောပါရစေ။ ဒီလေ့ကျင့်ရေးစခန်းကို စစ်တပ်ရဲ့ လေ့ကျင့်ရေးမြေပြင်လည်းဖြစ်တဲ့ တောထဲမှာ လုပ်ဖို့စီစဥ်ထားတယ်။ အခု အဲ့တာကို မင်းတို့အတွက် လေ့ကျင့်‌ရေးစင်တာအဖြစ်ပြောင်းလဲဖွင့်လှစ်ထားလိုက်ပြီ”

“တောထဲမှာ ဟုတ်လား”

ဤစကားများကိုကြားသောအခါ ကျောင်းသာအးများသည် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။ ယခင်၊ ကျောင်းမှ စီစဥ်ပေးသော အပြင်းအထန်‌လေ့ကျင့်ရေးစခန်းများသည် သူတို့အား တောတွင်း၏ အန္တရာယ်ကို နားလည်စေခဲ့ပြီးဖြစ်သည်။ ထို့အပြင် ယခုတစ်ကြိမ် လေ့ကျင့်ရေးနေရာသည်လည်း တောတွင်းထဲတွင်ဖြစ်သဖြင့် ဆိုလိုသည်မှာ ၎င်းတို့ကို သားရဲများဖြင့် ဝန်းရံခံထားရမည်ပင်ဖြစ်သည်။

“ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူးမလား”

“ဘာလို့အရမ်း အန္တရာယ်ကြီးပုံ‌ပေါက်နေတာလဲ”

ရွှယ်ပိုင်လုံက ဆက်ပြောသည်။

“အန္တရာယ်ကတော့ သိပ်မရှိပါဘူ။ တကယ်တော့ ဒီလိုလေ့ကျင့်‌ရေးစခန်းတွေ စီစဥ်တာ ပထမဆုံးအကြိမ်လည်းမဟုတ်ပါဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေကို အမြန်ရောက်သွားမယ့်သဘောပဲ ဖြစ်လိမ့်မယ်။ မင်းတို့ စာပေဘာသာရပ်တွေအတွက် မေးခွန်းတွေအများကြီး လေ့လာနိုင်ပေမယ့်၊ မင်းတို့ရဲ့ သိုင်းပညာကို မြှင့်တင်ဖို့ကတော့ လေ့ကျင့်ရေးစခန်းတွေကိုပဲအားကိုးနိုင်မယ်။ မင်းတို့အားလုံးက လက်ရွေးစင်တွေ၊ ထူးချွန်တဲ့လူတွေဖြစ်တဲ့အတွက် အနာဂတ်မှာ မင်းတို့က လူ့အသိုင်းအဝိုင်းရဲ့ မဏ္ဍိုင်တွေဖြစ်လာကြလိမ့်မယ်။ ဒီလိုအသေးအမွှားအန္တရာယ်လောက်ကို မင်းတို့ လက်မခံနိုင်ကြဘူးလား”

ရွှယ်ပိုင်လုံသည် စိတ်ပျက်နေသော မျက်လုံးများဖြင့်ကြည့်လျက်ပြောလိုက်၏။ ချက်ချင်းဆိုသလိုပင် ကျောင်းသားအများသည် သူတို့၏ မျက်နာများ နီမြန်းလာသကဲ့သို့ ခံစားလိုက်ရသည်။

“ဟုတ်တယ်။ ပါမယ်မပါဘူးဆိုတာက မင်းတို့ဆုံးဖြတ်ချက်ပါပဲ။ မပါချင်တဲ့သူက မပါဖို့ရွေးချယ်နိုင်ပါတယ်။ ဘယ်သူကမှ အတင်းအကြပ်ပါခိုင်းမှာ မဟုတ်ဘူး” ဟွာချန်ရှန်က ဖြည့်စွက်ပြောလိုက်သည်။

ကျောင်းသားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသော်လည်း ဤအခွင့်အရေးကို လက်လွှတ်ခံရန် မည်သူမှ ရွေးချယ်ခြင်းမရှိပေ။ အန္တရာယ်ရှိသော်လည်း ဤသည်မှာ အမြန်လေ့ကျင့်နိုင်သည့်အခွင့်အရေးတစ်ခုဖြစ်သည်။ အကယ်၍ သူတို့သာ မပါဝင်ခဲ့လျှင် အခြားပါဝင်သူများနှင့် မိမိတို့ကြားရှိ ကွာဟချက်သည် လွန်စွာကြီးမားလာပေလိမ့်မည်။ အချိန်ကျလာသည့်အခါတွင် ဆုံးရှုံးမှုများသည် ကျော်လွှားနိုင်ရန် အလွန်ကြီးမားနေပေလိမ့်မည်ဖြစ်၏။

“နောက်ဆုတ်ချင်တဲ့သူရှိလား”

ဟွာချန်ရှန်သည် သူတို့အား တစ်ချက်ကြည့်ကာမေးလိုက်သော်လည်း မည်သူမျှ ပြန်ဖြေခြင်းမရှိပေ။

“ဒါဆိုရင် သေဆုံးခြင်းစာချုပ်ကို မင်းတို့မိဘတွေဆီယူသွားပါ။ ပြီးရင် လက်မှတ်ထိုးခိုင်းခဲ့။ နောက်ဆုံးတော့လည်း ဒါက သိပ်အန္တရာယ်မကြီးလောက်ဘူးဆိုပေမယ့် ငါတို့ အာမခံနိုင်တဲ့အရာတော့မဟုတ်ဘူး”

လူတိုင်းသည် ဤသို့သော စာချုပ်မျိုးနှင့် အသားကျနေပြီဖြစ်သဖြင့် ခေါင်းညိတ်ရုံသာညိတ်လိုက်ကြသည်။

“ကျောင်းအုပ်ကြီးဟွာ၊ အပြင်းအထန်လေ့ကျင့်ရေးစခန်းက ဘယ်တော့စမှာလဲ။ အခုချက်ချင်းလား” ချူးယွင်ဖန်းက မေးလိုက်သည်။

“အခုချက်ချင်းတော့ မဟုတ်ပါဘူး။ ဒီတစ်လခွဲလောက်အတွင်းစမယ်။ စခန်းက နှစ်လလောက်တော့ကြာမယ်”

All Chapters